စာချုပ်
Vol. 11 Ch. 106
ထိုစကားကို ကြားပြီးနောက် ကျန်းယွင်နန်သည် သူမ မျက်စိလျှမ်းသွားမှန်း သိလိုက်သည်။
“အစ်မ... အရင်တုန်းက သူက ကျွန်မကို စာချုပ် လက်မှတ်ထိုးခိုင်းသေးတယ်... အစ်မက မရှိတော့ ကျွန်မလည်း ဒီလို ကိစ္စကြီးကို ဆုံးဖြတ်ချက် မချရဲလို့ မထိုးခဲ့ဘူး...”
လျူရှောင်ရူက ပြောလိုက်သည်။
ချန်ဟယ်သည် အရင်က လျူရှောင်ရူနှင့် စာချုပ်ချုပ်ဆိုရန် ကြိုးစားခဲ့ဖူးသည်။ ပစ္စည်းထောက်ပံ့ရန် သဘောတူညီချက်အပြင် ဆိုင်ရှိ နှပ်ဟင်းများကို ခရိုင်အတွင်းရှိ အခြားစားသောက်ဆိုင်များသို့ မရောင်းချရန်လည်း ပါဝင်သည်။ သီးသန့်ရောင်းချခွင့် ဖြစ်သည့်အတွက် ဈေးနှုန်းကို အနည်းငယ် တိုးပေးမည်ဟု ဆိုသည်။
ချန်ဟယ်သည် သူ၏ ကောလာဟလဖြန့်သည့် ဗျူဟာ အောင်မြင်နေပြီဟု ထင်ကောင်းထင်မည် သို့မဟုတ် သူ၏စားသောက်ဆိုင်မှ အတုခိုးထားသော အရသာက ဖောက်သည်များကို ဆွဲဆောင်နိုင်မည်ဟု ယုံကြည်နေပုံရသည်။ ထို့ကြောင့် သူက စာချုပ်ချုပ်ရန် ထပ်မံ ဖိအားမပေးတော့ခြင်း ဖြစ်သည်။
“ခရိုင်ထဲက တခြားစားသောက်ဆိုင်တော်တော်များများက တို့ဆိုင်ကို သိကြပြီး နှပ်ဟင်းလာဝယ်ချင်ကြတယ်... အရင်က သူ့စကားတွေကို ယုံပြီး အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်တွေကို လျစ်လျူရှုခဲ့မိတာ...”
လျူရှောင်ရူက ပြောလိုက်သည်။
“ပြန်သွားတဲ့အခါ... သူတို့ကို အတူတူ သွားရှာကြတာပေါ့...”
ကျန်းယွင်နန်က ချက်ချင်း ပြောလိုက်သည်။
“အရင်တုန်းကတော့ သူတို့က ဝယ်ပါရစေဆိုပြီး လာတောင်းဆိုကြတာ... အခုကျတော့ ကျွန်မတို့က သွားတောင်းဆိုရမလို ဖြစ်နေပြီ... သူတို့က အခွင့်အရေးယူပြီး ဈေးနှိမ်ကြမလား မသိဘူး...”
လျူရှောင်ရူက ပြောလိုက်သည်။
ဒီလိုလုပ်ရတာ အတော်လေး ရှက်စရာကောင်းသည်ဟု လျူရှောင်ရူ ခံစားနေရသည်။ အကြောင်းမဲ့ သူများထက် နိမ့်ကျသွားသလို ဖြစ်နေ၏။ သူမ၏ဆိုင် ဖွင့်ထားသည့်အချိန် တိုတောင်းလွန်းပြီး နာမည်ကလည်း ဒီပတ်ဝန်းကျင် အနည်းငယ်မှာပဲ ကျော်ကြားကာ အခြားနေရာများသို့ မပြန့်နှံ့သေးသည်ကိုသာ လျူရှောင်ရူ နောင်တရမိတော့သည်။
ထိုအချိန်တွင် ကျန်းယွင်နန်လည်း အနည်းငယ် တွေဝေသွားသည်။
နျိုနျိုသည် သူတို့၏ ဆွေးနွေးမှုကို နားထောင်ရင်း ဝင်ပြောလိုက်သည်။
“ဘာလို့ ဈေးနှိမ်ခံရမှာလဲ... သူတို့က အရင်က မဝယ်ဖူးဘူးလေ... သူတို့ ဈေးနှိမ်ရင် သမီးတို့က မရောင်းဘဲ နေလိုက်လို့ ရတာပဲ...”
ကလေးတစ်ယောက်၏ စဉ်းစားပုံက အမြဲတမ်း ရိုးရှင်းပြီး ဖြောင့်မတ်သည်။
မင်းက ဈေးနှိမ်မယ်ဆိုရင် ငါက မရောင်းဘူးပေါ့။
ကျန်းယွင်နန် သက်ပြင်းချလိုက်ပြီး ရှင်းပြလိုက်သည်။
“ဈေးနှိမ်ရင်တောင် တို့တွေ ပိုက်ဆံနည်းနည်းတော့ ရသေးတယ်လေ... မရောင်းဘူးဆိုရင် ဒီအချိန်မှာ ပိုက်ဆံ တစ်ပြားမှ မရတော့ဘူးပေါ့...”
ထိုစကားကို ကြားသောအခါ နျိုနျို သက်ပြင်းကြီးကြီး ချလိုက်သည်။
“ပိုက်ဆံရှာရတာ အရမ်း ခက်တာပဲ...”
“တို့ဆိုင် စီးပွားရေး ကောင်းနေသရွေ့တော့... သခင်ကြီးလော်ဆိုတဲ့ တစ်ယောက် ရှိတယ်... စီးပွားရေး ကောင်းတုန်းကဆို တစ်နေကုန် လာနှောင့်ယှက်နေတာ... ဒီရက်ပိုင်း ဆိုင်စီးပွားရေး ကျနေတာကို မြင်တော့ သူ ပေါ်မလာတော့ဘူး... တို့ဆိုင် စီးပွားရေး ပြန်ကောင်းလာမှန်း သိရင် သူ သေချာပေါက် ပြန်လာလိမ့်မယ်... အဲ့ဒီလူက အထက်ဖားအောက်ဖိလုပ်တတ်တဲ့လူပဲ...”
လျူရှောင်ရူက ပြောလိုက်သည်။
လျူရှောင်ရူ စကားပြောပြီးသည်နှင့် ခပ်သွယ်သွယ် လူငယ်တစ်ယောက် တံခါးဝမှ ဝင်လာသည်။ သူက လျူရှောင်ရူကို ပြုံးကြည့်ပြီး ပြောလိုက်သည်။
“ဆိုင်ရှင်လျူ... ကျွန်တော့်ကို အဲ့လိုပြောတာ မတရားဘူးနော်... ဒီရက်ပိုင်း ကျွန်တော် ခရီးဝေး သွားနေရလို့ပါ... ဒီနေ့မှ ပြန်ရောက်တာ... ရောက်ရောက်ချင်း ခင်ဗျားဆီ အပြေးလာခဲ့တာပဲ...”
လျူရှောင်ရူသည် သခင်ကြီးလော်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိသည်။ ကွယ်ရာမှာ အတင်းပြောနေတုန်း ကာယကံရှင် ရောက်လာခြင်းက တကယ်ကို ရှက်စရာကောင်းသော ကိစ္စပင်။
သူမ ဘာပြောရမလဲ မသိဖြစ်နေစဉ် နျိုနျိုက ဦးစွာ မေးလိုက်သည်။
“ဦးဦးကရော စားသောက်ဆိုင်ပိုင်ရှင်လား...”
သခင်ကြီးလော်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“တကယ်တော့ စားသောက်ဆိုင် တစ်ဆိုင်ကို အခုမှ လွှဲယူထားတာပါ... ခင်ဗျားတို့ မိသားစုနဲ့ တကယ် စီးပွားရေး တွဲလုပ်ချင်လို့ပါ...”
နျိုနျို မျက်လုံးများ အရောင်တောက်လာပြီး လူကြီးတစ်ယောက်လို ပြောလိုက်သည်။
“ဒါ ဦးဦး ကိုယ်တိုင် ပြောတာနော်... သမီးတို့ နှပ်ဟင်းကို တကယ် ဝယ်ချင်တယ်ဆိုရင် ဈေးနှိမ်လို့ မရဘူး...”
“နျိုနျို...”
ကျန်းယွင်နန်သည် နျိုနျိုက သူတို့၏ အတွေးများကို တည့်တိုးကြီး ပြောချလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သခင်ကြီးလော်သည် ဒေါသမထွက်ဘဲ ကလေးကို စနေသကဲ့သို့ ပြောလိုက်သည်။
“မိန်းကလေး... မင်းတို့ဆိုင်က နှပ်ဟင်းကို စားလို့မဝနိုင်ဘူး... ဝယ်လို့ရသရွေ့ ငါ အရမ်းပျော်မှာပါ... ဘယ်လိုလုပ် ဈေးနှိမ်ရက်မှာလဲ...”
နျိုနျိုက သူနောက်ပြောင်နေသည်ဟု မထင်ဘဲ လေးနက်စွာ ပြောလိုက်သည်။
“ဦးဦးက လူကြီးပဲ... ကတိတည်ရမယ်နော်...”
သခင်ကြီးလော် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် လျူရှောင်ရူဘက်လှည့်ကာ မေးလိုက်သည်။
“ဆိုင်ရှင်လျူ... ခင်ဗျားရဲ့ ကလေးက ပစ္စည်းသွင်းပေးဖို့ သဘောတူလိုက်ပြီနော်... ခင်ဗျား နောင်တမရဘူးမလား...”
လျူရှောင်ရူသည် ဝယ်မည့်သူ ဘယ်လိုရှာရမလဲ စိတ်ပူနေချိန်တွင် ချက်ချင်း သဘောတူချင်သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် မေးစေ့ကို အနည်းငယ် မော့ကာ ပြောလိုက်သည်။
“ရှင့်ရဲ့ စေတနာကိုလည်း ကြည့်ရဦးမယ်လေ...”
သခင်ကြီးလော်က လက်ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“တစ်နေ့ကို အနည်းဆုံး နှပ်ဟင်းတစ်အိုး ဝယ်မယ်... ကျွန်တော့် စားသောက်ဆိုင်မှာ ရောင်းမယ့် ဈေးက ခင်ဗျားတို့ဆိုင်က ဈေးနဲ့ အတူတူပဲ... ဒီလောက်ဆို စေတနာ အလုံအလောက် ရှိပြီလား...”
လျူရှောင်ရူ အံ့အားသင့်သွားပြီး မေးလိုက်သည်။
“တစ်အိုးလုံး ဝယ်မယ်ဆိုရင်တောင်... ရှင့်ကို ဈေးလျှော့ရောင်းမှာ မဟုတ်ဘူးနော်... ဈေးတူတူဆိုရင် ရှင် ဘယ်လိုလုပ် အမြတ်ရမှာလဲ...”
သခင်ကြီးလော်က ပြုံးလျက် ပြောလိုက်သည်။
“နှပ်ဟင်းကနေ ကျွန်တော် အမြတ်မယူဘူး... နှပ်ဟင်းက ဘယ်လောက်ပဲ ကောင်းကောင်း ခင်ဗျားတို့ မိသားစု စီးပွားရေးပဲလေ... သဘာဝကျကျ ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်ငွေကိုပဲ ရှာမှာပေါ့...”
သူတို့အားလုံး ထိုစကားကို နားလည်သလိုလို နားမလည်သလိုလို ဖြစ်သွားကြသည်။
သခင်ကြီးလော်က ထပ်မရှင်းပြတော့ဘဲ ပြောလိုက်သည်။
“သဘောတူပြီးပြီ ဆိုတော့... နောင်တရခွင့် မရှိဘူးနော်...”
သူက ကလေးဆန်သည်ဟုပင် မထင်ဘဲ လက်ဆန့်ထုတ်ကာ နျိုနျိုနှင့် လက်သန်းချိတ်ရန် အတင်း တောင်းဆိုလေသည်။
နျိုနျိုသည် အတင်းအကြပ် လက်သန်းချိတ်ခံရပြီးနောက် မပျော်မရွှင်ဖြင့် ပြောလိုက်သည်။
“သမီးက ကတိဖျက်တတ်တဲ့သူ မဟုတ်ပါဘူးနော်...”
သခင်ကြီးလော် ပြုံးလိုက်ပြီးနောက် လေတိုက်သလို လျင်မြန်စွာ ထွက်ခွာသွားလေသည်။
လူထွက်သွားသည်ကို ကြည့်ပြီးနောက် လျူရှောင်ရူ ရယ်မောလိုက်သည်။
“တို့နှပ်ဟင်းကို သူ့စားသောက်ဆိုင်မှာ မူရင်းဈေးအတိုင်း ဝယ်ပြီး ပြန်ရောင်းမယ်ဆိုတော့... အလကား ရောင်းပေးသလို ဖြစ်နေတာပေါ့... ဆိုင်လခတောင် ပေးစရာ မလိုတော့ဘူး...”
စားသောက်ဆိုင် လုပ်ငန်းတွင် နေရာက အရမ်း အရေးကြီးသည်။ သခင်ကြီးလော်၏ စားသောက်ဆိုင်သည် ချွန်းဖုန်းစားသောက်ဆိုင်ကဲ့သို့ပင် ခရိုင်အတွင်း လူစည်ကားသော နေရာတွင် တည်ရှိသည်။
“သူ့စားသောက်ဆိုင်က အသစ်ဖွင့်တာလား...”
ကျန်းယွင်နန်က မေးလိုက်သည်။
“မနှစ်က နှစ်ကုန်ပိုင်းလောက်မှ ဖွင့်တာ... တို့ဆိုင်ရဲ့ အရှေ့အနောက်နဲ့ ပတ်သက်ပြီး ချန်ဟယ်က သူ့အကြောင်း ပြောဖူးတယ်... သူက ဖူချန်မြို့က လာတာတဲ့... ချမ်းသာတဲ့ မိသားစုက သခင်လေးမို့ စီးပွားရေးအမြင် မရှိဘူး... ကြွားလုံးထုတ်ရုံ သက်သက်ပဲတဲ့...”
လျူရှောင်ရူက ဖြေလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ကျန်းယွင်နန် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ပြောလိုက်သည်။
“နင်ပြောတာ နားထောင်ရသလောက်... ချန်ဟယ်က သခင်ကြီးလော်ကို သိပ်ကြည့်ရပုံ မပေါ်ဘူးနော်...”
လျူရှောင်ရူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ဘယ်လိုလုပ် ကြည့်ရမှာလဲ... သခင်ကြီးလော်ရဲ့ တဲ့ရှန်စားသောက်ဆိုင်က ချွန်းဖုန်းစားသောက်ဆိုင်နဲ့ မျက်နှာချင်းဆိုင် ဖွင့်ထားတာလေ... သူတို့နှစ်ဆိုင်က စီးပွားရေး အပြိုင်အဆိုင် ဖြစ်နေကြတာ...”
ကျန်းယွင်နန်က ထပ်မေးလိုက်သည်။
“ဒါဆို သူ့ရဲ့ တဲ့ရှန်စားသောက်ဆိုင် စီးပွားရေး ကောင်းလား...”
လျူရှောင်ရူ ခေါင်းခါလိုက်ပြီး ဖြေလိုက်သည်။
“အခုမှ စဖွင့်တဲ့ စားသောက်ဆိုင်ဆိုတော့ စီးပွားရေး သိပ်မကောင်းသေးဘူး... ဒါပေမဲ့ အဲ့ဒီကို သွားဖူးတဲ့သူတွေကတော့ အစားအသောက် အရမ်းကောင်းတယ်လို့ ချီးမွမ်းကြတယ်...”
ကျန်းယွင်နန်၏ စိတ်ထဲတွင် တစ်ခုခုကို ဝေဝေဝါးဝါး ရိပ်မိသွားသည်။
ထို့နောက် လျူရှောင်ရူက မေးလိုက်သည်။
“အစ်မ... နောက်စားသောက်ဆိုင် ရပြီဆိုတော့... တခြားစားသောက်ဆိုင် ထပ်ရှာဖို့ လိုသေးလား... ချွန်းဖုန်းစားသောက်ဆိုင်နဲ့ရော ဆက်လုပ်ဦးမလား...”
လျူရှောင်ရူ၏ စိတ်ထဲတွင် ချွန်းဖုန်းစားသောက်ဆိုင်နှင့် အခုချက်ချင်း အဆက်အသွယ် ဖြတ်လိုက်ချင်နေလေပြီ။
“လုပ်ရမှာပေါ့... ဘာလို့ မလုပ်ရမှာလဲ...”
ကျန်းယွင်နန်က ပြောလိုက်သည်။
လျူရှောင်ရူ ခေါင်းညိတ်လိုက်ပြီး ထောက်ခံလိုက်သည်။
“အစ်မပြောတာ မှန်တယ်... သခင်ကြီးလော်က ဒီစီးပွားရေးမှာ အမြတ်မယူဘူးဆိုတော့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ မသိဘူး... တို့တွေ ကြက်ဥတွေကို ခြင်းတောင်းတစ်လုံးတည်းထဲ ထည့်ထားလို့ မဖြစ်ဘူးလေ...”
သူမ စကားပြောပြီးသည်နှင့် လူတစ်ယောက် လေပြင်းတိုက်သလို ပြေးဝင်လာသည်။
သခင်ကြီးလော်သည် လျူရှောင်ရူထံသို့ စာချုပ်တစ်ခု ယူလာပေးခြင်း ဖြစ်သည်။ သူက အမောတကောဖြင့် အသက်ရှူမှားနေသော်လည်း အတင်းပြောလိုက်သည်။
“ဆိုင်ရှင်လျူ... ခင်ဗျားကို အနှောင့်အယှက်ပေးရဦးမယ်... အမြတ်မရဘူး ဆိုရင်တောင် ဒီစီးပွားရေးကို ကျွန်တော် ဆက်လုပ်ချင်သေးတယ်...”
လျူရှောင်ရူသည် သခင်ကြီးလော်ကို ကွယ်ရာမှာ အတင်းပြောတိုင်း သူ့ရှေ့တည့်တည့် တိုးမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် လှောင်ပြောင်သလို ပြောလိုက်သည်။
“ရှင်က တကယ်ကို တစ်မျိုးပဲ... လမ်းလျှောက်ရင်လည်း အသံကို မကြားရဘူး...”
သခင်ကြီးလော်က စာချုပ်ကို ရှေ့သို့ တွန်းပို့လိုက်ပြီး နောက်ကျသွားလျှင် လျူရှောင်ရူ နောင်တရသွားမည်ကို စိုးရိမ်သကဲ့သို့ အမြန်လက်မှတ်ထိုးရန် တိုက်တွန်းလေသည်။
လျူရှောင်ရူသည် စာသိပ်မတတ်သဖြင့် စာချုပ်ကို ကြည့်ပြီး ဘာမှမပြောနိုင် ဖြစ်နေ၏။
နျိုနျိုသည် သူမ၏ ခေါင်းလေးကို တိုးဝင်ကာ အလေးအနက် ကြည့်နေလေသည်။
“အစ်မ... ဒီစာချုပ်ကို ကြည့်ပေးပါဦး...”
လျူရှောင်ရူက အသံတိုးတိုးဖြင့် အကူအညီ တောင်းလိုက်သည်။
ကျန်းယွင်နန် သေချာဖတ်ကြည့်လိုက်သည်။ စာချုပ်ပါ အကြောင်းအရာက အလွန်ရိုးရှင်းသည်။ သခင်ကြီးလော် တကယ်ပဲ ဒီစီးပွားရေးကို လုပ်ချင်နေကြောင်း မြင်သာသည်။
ကျန်းယွင်နန်၏ သဘောတူညီချက် ရပြီးနောက် လျူရှောင်ရူသည် စာချုပ်ပေါ်တွင် လက်ဗွေနှိပ်လိုက်သည်။
သခင်ကြီးလော် စိတ်အေးသွားလေသည်။ သူရရှိလာသော စာချုပ်ကို ဝှေ့ယမ်းပြလိုက်ပြီး ကျန်းယွင်နန်နှင့် လျူရှောင်ရူကို ကြည့်ကာ မေးလိုက်သည်။
“ဒီနေ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ မနက်ဖြန်ည တဲ့ရှန်စားသောက်ဆိုင်မှာ စားပွဲတစ်ခု တည်ခင်းပါရစေ... လာရောက် ချီးမြှင့်ပေးနိုင်မလား...”