ကွမ်ဖူ
Vol. 11 Ch. 108
ချန်ဟယ်သည် အပြစ်ရှိသလို ခံစားရပြီး သူ၏ နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်။
“ခင်ဗျား အရမ်း တွေးနေပါပြီ... ကျွန်တော်က အဲ့လိုကိစ္စမျိုး ဘယ်လုပ်ပါ့မလဲ... လမ်းပေါ်မှာ မတော်တဆ ဆုံကြတာ သက်သက်ပါ...”
လျူရှောင်ရူက ထပ်ပြောလိုက်သည်။
“ပိုတိုက်ဆိုင်တာက... တို့တွေ ဈေးဝယ်လို့ ပြီးသွားမှ မတော်တဆ လာဆုံတာပဲ...”
ချန်ဟယ်က ကျန်းယွင်နန် လက်ထဲရှိ အိတ်ကြီးအိတ်ငယ်များကို တစ်ချက် ကြည့်လိုက်သည်။ သူတို့က အဝတ်အစားများနှင့် ရွှေငွေများကို ဝယ်ထားကြရာ လူအများစု တတ်နိုင်မည့် အရာများ မဟုတ်ပေ။
“ရှောင်ရူ... စိတ်ကြိုက် ပစ္စည်းတွေ ဝယ်လို့ ရပြီလား... မရသေးရင် ကျွန်တော် အဖော်လိုက်ခဲ့ပေးမယ်လေ...”
ချန်ဟယ်က အပြောချိုစွာဖြင့် ပြောလိုက်သည်။
လျူရှောင်ရူသည် မိန်းကလေးငယ် တစ်ယောက် မဟုတ်တော့ပေ။ ယခု ဤလူကို မြင်သည်နှင့် သူမ စိတ်အနှောင့်အယှက် ဖြစ်နေသည်။ ချန်ဟယ်သည် ခရိုင်အတွင်း အာဏာအနည်းငယ် မရှိခဲ့လျှင် သူမ ချက်ချင်း ပြဿနာရှာမိမည်ပင်။
ထိုအချိန်တွင် ဘေးနားရှိ ဆိုင်ခန်းမှ ဆိုင်ရှင်က ရုတ်တရက် အော်ဟစ်လိုက်သည်။
“လာကြည့်ကြပါဦး... လာကြည့်ကြပါဦး... သေတ္တာအောက်ခြေက အကောင်းဆုံး ရတနာတွေကို ထုတ်လာပြီ... ရွှေယုန်... ဆယ်ပြား... ဆယ်ပြားတည်းနဲ့ ဒီရွှေယုန်ကို ယူသွားနိုင်မယ့် အခွင့်အရေး ရမယ်...”
ဆိုင်ရှင် အထက်သို့ မြှောက်ပြထားသော ရွှေယုန်သည် လက်သန်းတစ်ချောင်းစာခန့် အရွယ်အစား ရှိသည်။ သာမန် မျက်စိဖြင့် ခန့်မှန်းကြည့်လျှင် ရွှေ ၀.၂ ကျပ်သားခန့်သာ ရှိမည်ဟု ထင်ရသည်။ တွက်ချက်ကြည့်လျှင် ငွေ နှစ်တုံးခန့် တန်ဖိုးရှိသည်။
ကွမ်ဖူ ကစားရာတွင် အများအားဖြင့် ဆယ်ပြားလောင်းပြီး ပြားရာချီ တန်ဖိုးရှိသော ဆုများကို ရရှိနိုင်ရန် ကြိုးစားကြသည်။ ဆိုင်ရှင်က ငွေ နှစ်တုံး တန်ဖိုးရှိသော ဆုကြီးကို ထုတ်ပေးခြင်းက တကယ်ကို ကြီးမားသော ငွေပမာဏပင်။
သေချာသည်မှာ ထိုကဲ့သို့သော ဆုကြီး တစ်ခုတည်းသာ ရှိပြီး ရရှိရန် အခွင့်အလမ်းကလည်း အလွန် နည်းပါးသည်။
နျိုနျိုသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။
“မေမေ... သမီး ဒါလေး ကစားချင်တယ်...”
ကျန်းယွင်နန် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ တခြားသူတွေ ဘယ်လိုပဲပြောပြော သူမ မျက်စိထဲတွင် ကွမ်ဖူသည် လောင်းကစားတစ်မျိုးသာ ဖြစ်သည်။
“သမီးလေး... ဒါက လူကြီးတွေ ကစားတာ... ကလေးတွေ ကစားလို့ မရဘူး...”
နျိုနျို မျက်နှာလေး ငုံ့သွားသည်။
ချန်ဟယ်သည် ငွေအများကြီး သုံးရမည်ကို နှမြောသော်လည်း ဤကဲ့သို့ ငွေအနည်းငယ် သုံးရခြင်းကို အလွန် ပျော်ရွှင်သည်။ သူက နျိုနျိုကို ပြောလိုက်သည်။
“နျိုနျို... ဦးလေးကို ဦးလေးလို့ ခေါ်လိုက်... ဦးလေး ပိုက်ဆံပေးပြီး ကွမ်ဖူ ကစားခိုင်းမယ်... ကောင်းလား...”
ထိုစကားကို ကြားသောအခါ ကလေးမလေး၏ သေးသွယ်သော မျက်ခုံးလေးများ တွန့်ချိုးသွားပြီး ပြောလိုက်သည်။
“ဘာလို့ ဦးလေးလို့ ခေါ်ရမှာလဲ...”
လျူရှောင်ရူက မပျော်မရွှင်ဖြင့် ဝင်ပြောလိုက်သည်။
“ဘာလို့ ကလေးကို လျှောက်ပြောနေတာလဲ... ကလေး နားညစ်ပတ်သွားမှာ မကြောက်ဘူးလား...”
သို့သော် ချန်ဟယ်က သူမ၏ မကျေနပ်မှုကို ရှက်ရွံ့နေသည်ဟု နားလည်ပြီး ပြောလိုက်သည်။
“ဒါတွေက အချိန်ကိစ္စပါပဲ... အချိန်ကျရင် နျိုနျိုလည်း စိတ်ပြောင်းသွားမှာပါ...”
လျူရှောင်ရူ သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး ပြောလိုက်သည်။
“ကျွန်မရဲ့ နာမည်ကို ဒီလို ဖျက်ဆီးနေမယ်ဆိုရင်... ရုံးတော်ကို သွားတိုင်မယ်နော်...”
ချန်ဟယ်က သူမ နောက်ပြောင်နေသည်ဟု ထင်ပြီး ပြောလိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ... မပြောတော့ဘူး... စိတ်မဆိုးပါနဲ့... ကျွန်တော့် အမှားပါ...”
လျူရှောင်ရူသည် အရင်က ချန်ဟယ်ကို ချိုသာသည်ဟု ထင်ခဲ့သော်လည်း ယခု သူ့အပြုအမူကို ကြည့်ပြီး ချက်ချင်း အန်ချင်စိတ် ပေါက်သွားသည်။
အရင်က ဘာကြောင့် ဒီလိုလူကို သဘောကျခဲ့မိလဲ ဆိုတာကို သူမကိုယ်တိုင်ပင် နားမလည်နိုင်တော့ပေ။
“နျိုနျို သူ့ကို ဂရုစိုက်စရာ မလိုဘူး... သမီး ကွမ်ဖူ ကစားချင်ရင် အဒေါ် ပိုက်ဆံပေးမယ်...”
လျူရှောင်ရူက နျိုနျိုကို ဆွဲကာ ပြောလိုက်သည်။
နျိုနျို သက်ပြင်းချလိုက်ပြီး လူကြီးတစ်ယောက်လို ပြောလိုက်သည်။
“ဘာလို့ လူတိုင်းက သမီးမှာ ပိုက်ဆံမရှိဘူးလို့ ထင်နေကြတာလဲ...”
လျူရှောင်ရူ အံ့သြသွားသည်။ နျိုနျိုက ကျန်းယွင်နန်ကို ခုနက တောင်းဆိုနေသော်လည်း သူမပုံစံက ပိုက်ဆံရှိပုံ မရပေ။
ကျန်းယွင်နန်က ရှင်းပြလိုက်သည်။
“သူက ငါ့ခွင့်ပြုချက် ရချင်လို့ပါ...”
လျူရှောင်ရူ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ပြောလိုက်သည်။
“တို့နျိုနျိုက တကယ် လိမ္မာတဲ့ ကလေးလေးပဲ... သမီး ဆိုင်ပေါ်က ပစ္စည်းတစ်ခုခုကို သဘောကျရင် အဒေါ် ယူပေးမယ်...”
ချန်ဟယ်ကလည်း ဘေးမှ ဝင်ပြောလိုက်သည်။
“ဦးလေးလည်း ကူယူပေးနိုင်တယ်... ဦးလေးက ကွမ်ဖူ ကစားတာ တော်တယ်... ဆယ်ခါပစ်ရင် ရှစ်ခါလောက် မှန်တယ်...”
နျိုနျို ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“သမီး လိုချင်တဲ့ဟာကို ကိုယ်တိုင် ယူတာ ပိုကောင်းပါတယ်...”
လျူရှောင်ရူက လက်ဆန့်ပြီး ကလေးမလေး၏ ဖြူဖွေးနူးညံ့သော ပါးလေးကို ညှစ်ကာ မေးလိုက်သည်။
“လူသေးသေးလေးနဲ့ အတွေးတွေ ကြီးနေပါလား... သမီး ဘာလိုချင်လို့လဲ... ဘာလို့ ကိုယ်တိုင် ယူချင်ရတာလဲ...”
နျိုနျို ခေါင်းလေးစောင်းကာ ဆိုင်ရှင် လက်ထဲရှိ ရွှေယုန်ကို လက်ညှိုးထိုးပြလိုက်သည်။
“သမီး အဲ့ဒါ လိုချင်တယ်...”
လျူရှောင်ရူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“မိန်းကလေး... သမီးက သိပ်မစဉ်းစားတတ်သေးဘူးပဲ... သူများဆိုင်က အတန်ဆုံး ပစ္စည်းဆီကို တန်းသွားတာကိုး...”
နျိုနျိုက ရှင်းပြလိုက်သည်။
“သမီးက ယုန်နှစ်ဖွားလေ... အဒေါ်လျူက သမီးအတွက် ရွှေယုန်လေး ဝယ်ပေးတယ်မလား... အဒေါ်လျူက ယုန်နှစ်ဖွား ဆိုတော့... သမီးကလည်း အဒေါ်လျူကို ဆုတောင်းပေးဖို့ ရွှေယုန်လေး ပြန်ပေးချင်လို့ပါ...”
ထိုစကားကို ကြားသောအခါ လျူရှောင်ရူ၏ ရင်ထဲတွင် တစ်စုံတစ်ခု လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။
ကလေးမလေး၏ မျက်လုံးများက ဖြူစင်နေသော်လည်း သူမက ညည်းတွားသလို ပြောလိုက်သည်။
“တခြား ရာသီခွင် အရုပ်တွေ မရှိတာ နှမြောစရာပဲ... မဟုတ်ရင် ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားနဲ့ ကိုကိုတွေအတွက်ပါ တစ်ခုစီ ယူပေးလို့ ရတယ်...”
နျိုနျိုက စိတ်ထားကောင်းနေလေရာ ကျန်းယွင်နန်က စည်းကမ်း အရမ်း တင်းကျပ်လို့ မရဘူးဟု ခံစားလိုက်ရပြီး ပြောလိုက်သည်။
“ဒီတစ်ခါတော့ ခွင့်ပြုလိုက်မယ်... သုံးခါ ပစ်ခွင့်ပေးမယ်... နောက်တစ်ခါ မရဘူးနော်...”
နျိုနျို ပျော်လွန်းသဖြင့် ခုန်ပေါက်မတတ် ဖြစ်သွားသည်။
ချန်ဟယ်သည် ဘေးမှနေ၍ လျူရှောင်ရူ၏ စိတ်ထိခိုက်သွားသော ပုံစံကို ကြည့်နေသည်။ ကလေးမလေး တစ်ယောက်က သူ့ထက်တောင် လူတွေကို ပိုချော့တတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“နျိုနျို... သမီးက ကလေးလေ... ဦးလေး အနားမှာ ရှိနေတာပဲ... ပိုက်ဆံပေးရမယ့် ကိစ္စဆို ဦးလေး အရင် ပေးပါရစေ... ဦးလေးလည်း သမီးရဲ့ အဒေါ်လျူအတွက် ဆုတောင်းပေးချင်လို့ပါ...”
ချန်ဟယ်က နျိုနျို ရှေ့တွင် ရွှေယုန်ကို အနိုင်ရအောင် ယူပေးနိုင်လျှင် လျူရှောင်ရူကို အသေအလဲ ဆွဲဆောင်နိုင်မည်ဟု ထင်နေသည်။
အရင်ကသာ ဆိုလျှင် ချန်ဟယ်သည် နားလည်မှုရှိပြီး နျိုနျို၏ ပိုက်ဆံစုဘူးလေးကို ကယ်တင်ပေးသည်ဟု လျူရှောင်ရူ ထင်မိကောင်း ထင်မိမည်။
သို့သော် ယခုအခါတွင်မူ ချန်ဟယ်က ကလေးများထံမှ ပစ္စည်းကို လုယူနေခြင်းသည် တကယ်ကို ရွံစရာကောင်းသည်ဟုသာ လျူရှောင်ရူ ခံစားနေရသည်။
"ရွှေယုန်" ဆိုသော ကြီးမားသည့် ကံစမ်းမဲကြောင့် ဆိုင်ရှင်သည် ကွမ်ဖူ လောင်းကြေးကို ဆယ်ပြားမှ နှစ်ဆယ်ပြားအထိ တိုးမြှင့်လိုက်သော်လည်း သူ၏ဆိုင်ရှေ့တွင် လူများ ကြိတ်ကြိတ်တိုး စည်ကားနေဆဲ ဖြစ်သည်။ လူအုပ်ကြီးသည် ဒီကံထူးရှင်က သူတို့ကိုယ်တိုင် ဖြစ်လာမည်ဟု တွေးကာ တိုးဝှေ့ဝင်ရောက်လာကြသည်။
သို့သော် အချိန်အတော်ကြာအောင် ဝိုင်းအုံနေပြီးနောက်တွင် အမျိုးမျိုးသော နောင်တရသည့် "အမယ်လေး" ဆိုသော အသံများသာ ထွက်ပေါ်လာပြီး "ဆိုင်ရှင်က ကံကောင်းနေတယ်... ရွှေယုန်က အခု ချက်ချင်း ထွက်လာနိုင်တယ်... နောက်တစ်ခါ လောင်းရင် သေချာပေါက် ရပြီ" ဟူသော စကားများသာ ကြားနေရသည်။
ချန်ဟယ်က အပြင်မှနေ၍ အော်ဟစ်လိုက်သည်။
“ကျွန်တော် ဆယ်ခါ ပစ်မယ်...”
ထိုစကားကို ကြားသောအခါ ဆိုင်ရှင်သည် ဝိုင်းအုံနေသူများကို အမြန် တွန်းဖယ်လိုက်သည်။
“မြန်မြန် ဖယ်ပေးကြပါ... ဖောက်သည်ကြီး လာပြီ...”
လူအုပ်ကြီးသည် သူတို့ လေးယောက် ဝင်ရန် လမ်းဖယ်ပေးလိုက်ကြသည်။
ချန်ဟယ်သည် ငွေနှစ်ပြားသာ သုံးပြီး လူတိုင်း၏ အာရုံစိုက်မှုကို ခံရသဖြင့် သူ ဘာမှမရလျှင်တောင် ဒီငွေက တန်သည်ဟု ခံစားလိုက်ရသည်။
ထို့နောက် သူ တကယ်ပဲ ဘာမှ မရခဲ့ပေ။
ကွမ်ဖူ၏ ဆုကြီးမှာ ရွှေယုန် ဖြစ်သော်လည်း လူများ အရင်းပြန်ရစေရန် ကူညီပေးသည့် မုန့်၊ ယပ်တောင်၊ ခေါင်းစီးပုဝါ စသည့် ဆုအသေးလေးများလည်း ရှိသည်။
မုန့်ကို မပြောနှင့်၊ ချန်ဟယ် ဆယ်ခါ ပစ်ရာတွင် အပေါဆုံး ခေါင်းစီးကြိုးလေး တစ်ချောင်းတောင် မရခဲ့ပေ။
“အမယ်လေး... ဒီလူကြီးက တကယ် ကံဆိုးတာပဲ...”
“မပြောနဲ့... ခုနကတည်းက သူ့ကို အကြာကြီး ကြည့်နေတာ... သူ့ခေါင်းပေါ်မှာ တိမ်မည်းတွေ ဖုံးနေပြီး မျက်နှာက မည်းမှောင်နေတာ... ဒါကြောင့် သူ အရမ်း ကံဆိုးနေတာ...”
ဘေးပတ်ဝန်းကျင်မှ လူများ၏ စကားများကို နားထောင်ရင်း ချန်ဟယ် ပို၍ စိတ်လှုပ်ရှားလာပြီး ဘာမှမရနိုင်ဘူး ဆိုတာကို မယုံကြည်နိုင် ဖြစ်နေသည်။
“နောက်ထပ် ဆယ်ခါ ထပ်ပစ်မယ်...”
ချန်ဟယ်က အော်လိုက်သည်။
ဒီတစ်ကြိမ်တွင် ကစားနည်းက မြှားပစ်စက်ဝိုင်းဖြစ်သည်။ စက်ဝိုင်းပေါ်တွင် ပုံစံအမျိုးမျိုး ရေးဆွဲထားပြီး ဆိုင်ရှင်က စက်ဝိုင်းကို လှည့်ပေးကာ ကစားသူက မြှားကို ပစ်ရသည်။ မြှားစိုက်သည့် ပုံစံပေါ် မူတည်၍ ဆုများ ရရှိမည်။
ချန်ဟယ် ဒေါသထွက်နေပြီဖြစ်ကြောင်း မြင်သောအခါ ဆိုင်ရှင်က ပြုံးပြီး ခုနက ပစ်ထားသော မြှားကို စက်ဝိုင်းမှ ဆွဲနှုတ်ကာ ချန်ဟယ်ထံ ပေးလိုက်သည်။
စက်ဝိုင်း ပြန်လည် လည်ပတ်သွားသည်။
ချန်ဟယ် လက်ထဲရှိ မြှားဆယ်စင်းသည် မကြာမီပင် ထပ်မံ ကုန်ဆုံးသွားပြန်သည်။
“မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး...”
ချန်ဟယ်၏ မျက်လုံးများ နီရဲလာသည်။ သူ မြှားပစ်စက်ဝိုင်း ကစားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဒီနေ့လောက် ဘယ်တုန်းကမှ မဆိုးရွားခဲ့ဖူးပေ။
ချန်ဟယ် လှည့်ကြည့်လိုက်သည်နှင့် လျူရှောင်ရူက နျိုနျိုကို ပွေ့ချီကာ သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ပြောလိုက်သည်။
“နောက်ထပ် ဆယ်ခါ... မဟုတ်ဘူး... မြှား အစင်း နှစ်ဆယ် ပေး...”