ထောပတ်ကိုလှီးဖြတ်နေသည့် ဓားတစ်လက်အလား
Vol. 8 Ch. 749
နတ်ဝံပုလွေလေး မြေပြင်ပေါ်သို့ ဆောင့်ကျသွားကာ အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ အက်ကွဲကြောင်းများ ပျံ့နှံ့သွားတော့သည်။ နတ်ဝံပုလွေလေးမှာ သွေးများစိုရွှဲကာ မလှုပ်မယှက် လဲနေစဥ် ထိုနေရာတစ်ဝိုက်ရှိ အခြားလက်ရွေးစင်များမှာ တအံ့တသြမှင်တက်နေကြတော့သည်။
သူတို့ လှုပ်ရှားမှုပင် မပြုလုပ်နိုင်ခင်မှာပင် ဒေါသထွက်နေသည့် ပိုင်ရှောင်ချန်းက သရဲတစ္ဆေတစ်ကောင်အလား ပျောက်ကွယ်သွားပြီး အခြားဝိညာဥ်ကျင့်ကြံသူနှစ်ယောက်၏ ရှေ့တွင် ပေါ်ထွက်လာတော့သည်။
" မင်းတို့နှစ်ယောက်လည်း မြေပြင်ပေါ်မှာ လှဲနေကြစမ်းကွာ "
သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုဝိညာဥ်ကျင့်ကြံသူ နှစ်ယောက်မှာ ပြန်တိုက်ခိုက်ရန် ပြင်လိုက်ပါသော်လည်း သူတို့၏ ယင်ယန်ဝိညာဥ်များမှာ မတည်မငြိမ် ဖြစ်နေပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ လျော့နည်းနေသည်ကို သတိထားမိလိုက်သည်။ သူတို့မှာ အလန့်တကြားအော်ဟစ်လိုက်စဥ်တွင် ပိုင်ရှောင်ချန်းက သူတို့၏ ပုခုံးများကို လက်သီးဖြင့်ထိုးနှက်လိုက်ရာ အုန်းခနဲမြည်သံများ ပေါ်ထွက်လာသည်။ မရေမတွက်နိုင်သော အရိုးပေါင်းများစွာ ကျိုးကြေကုန်သဖြင့် အက်ကွဲသံများ ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်မှာလည်း ငယ်သံပါအောင်အော်ရင်း နတ်ဝံပုလွေလေး၏ ဘေးဘက်ရှိ မြေပြင်ပေါ်သို့ ဘိုင်းကနဲ ကျသွားတော့သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ပိုင်ရှောင်ချန်း၏ ဒေါသမီးမှာ တဟုန်းဟုန်း လောင်ကျွမ်းနေပြီဖြစ်သည်။ သူတို့ ပင်ပန်းကြီးစွာ တည်ထောင်ခဲ့ရသည့် ဆိုင်ကလေးကို အုတ်အကျိုးအပဲ့များဖြစ်သည်အထိ ဖျက်စီးခဲ့သော လူများအားလုံး ထိုသို့ခံစားရမည်သာဖြစ်သည်။ ထို့အပြင် သူသည် သရဲကြီးဘုရင်၏ ခွင့်ပြုချက်ရထားပြီဖြစ်၍ မည်သည့်အရာကိုမှ ကြောက်ရွံ့မနေတော့ပေ။
သူသည် အဆုံးသတ်ရန် ဆန္ဒပင်မရှိသေးပေ။ နောက်တစ်ကြိမ်တွင် သူက မင်းစိုးရာဇာမျိုးနွယ်စုတစ်စုထံမှ သက်လတ်ပိုင်း လက်ရွေးစင်တစ်ယောက်၏ ရှေ့တွင် ပေါ်ပေါက်သွားတော့သည်။ ထိုလူကြီး၏မျက်နှာမှာ ချက်ချင်းပင် ဖြူဆုတ်သွားပြီး နောက်သို့ဆုတ်သွားတော့သည်။
" မင်းငါ့ကို သတ်ရဲလို့လား ပိုင်ဟောက် "
" မသတ်ရဲပါဘူး "
ပိုင်ရှောင်ချန်းက ဒေါသတကြီးပြန်အော်လိုက်သည်။ သူ၏စကားများကြောင့် ထိုသက်လတ်ပိုင်းလူကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ထို့နောက် ပိုင်ရှောင်ချန်းမှာ သူ၏အပေါ်သို့ရောက်ရှိလာပြီး ညာလက်ကို လျှပ်စီးတမျှ လျင်မြန်စွာလှုပ်ရှား၍ သူ့အားလည်ပင်းမှဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်တော့သည်။
ထိုအခါ အုန်းခနဲမြည်သံကြီးတစ်သံပေါ်ထွက်လာပြီး ထိုလူကြီး၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။ သူ၏ ယင်ယန်ဝိညာဥ်မှာ ကြေမွလုနီးပါးဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်ထဲမှ ချက်ချင်းပင် အပြင်သို့ လွင့်စင်သွားတော့သည်။ တချိန်ထဲမှာပင် သူ၏ ယင်ခန္ဓာကိုယ်အစိတ်အပိုင်း ငါးခုနှင့် ယန်ခန္ဓာကိုယ်အစိတ်အပိုင်း ခြောက်ခုတို့မှာ ကွဲအက်သွားပြီး သတိလစ်သွားရတော့သည်။
" မင်းကိုသတ်ရအောင် ငါ့ကို ငတုံးများမှတ်နေလားဟ။ မင်းကိုသတ်လိုက်ရင် အကောင်းစား သက်စောင့်အားတွေ အများကြီး ကုန်သွားမှာပေါ့ဟ "
ပိုင်ရှောင်ချန်းမှာ သူ၏စကားလုံးများက အလွန်အမင်း အံ့သြစရာကောင်းသည်ဟု ယုံကြည်နေပြီး သူ၏ အစွမ်းကြီးမားပုံကို ဆက်၍ပြသနေတော့သည်။ သူ နောက်တစ်ကြိမ်ထပ်လှုပ်ရှားရန် ပြင်လိုက်ချိန်တွင် ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကြောင့် အံ့အားသင့်နေခဲ့ရသည့် ထိုနေရာတစ်ဝိုက်ရှိ လူဒါဇင်များစွာမှာ သတိပြန်လည်လာတော့သည်။
ထိုလူများအားလုံးမှာ အံ့သြဖွယ်ကောင်းသည့် ကျင့်ကြံခြင်းအခြေခံများကို ပိုင်ဆိုင်ထားကြသည်။ အချို့မှာ အမြုတေအဆင့်တွင်သာ ရှိသေးသော်လည်း သူတို့၏မျိုးနွယ်စုထဲတွင်မူ ထိပ်တန်းလက်ရွေးစက်များဖြစ်ကြသဖြင့် ကျင့်ကြံခြင်းအခြေခံအဆင့်တူတွင်ရှိသည့် သာမန်လူများထက် များစွာ သာလွန်နေကြသူများဖြစ်သည်။ ပိုင်ရှောင်ချန်းစွမ်းအားကြီးမားသည်မှာ မှန်သော်လည်း တစ်ခဏအကြာတွင် လူအားလုံးမှာ စတင်အော်ဟစ်လိုက်ကြတော့သည်။
" အားလုံးပေါင်းပြီး တိုက်ကြဟေ့ "
" ဒီပိုင်ဟောက်ဆိုတဲ့ကောင် အခုထက်ပိုပြီး စွမ်းအားကြီးနေရင်တောင် သူက မဟာလူသားတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး "
" သူက အများပြည်သူကို အမျက်ထွက်အောင် လုပ်ခဲ့တဲ့အတွက် ငါတို့က သူ့ကို ထိုက်ထိုက်တန်တန် အပြစ်ပေးရမယ်ဟေ့ "
လူဒါဇင်များစွာမှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို လည်ပတ်စေလိုက်ပြီး မန္တန်လက်ကွက်များဖော်ကာ နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်လိုက်ကြတော့သည်။ ရောင်စုံအလင်းတန်းတစ်ခုမှာ လှိုင်းလုံးကြီးတစ်လုံးအသွင်ပြောင်းလဲကာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာတော့သည်။
ထိုမှော်အတတ်များထဲတွင် ဝိညာဥ်နဂါးသုံးကောင်နှင့် များစွာသော လေဆင်နှာမောင်းများ ပါဝင်နေသည်။ ဓားအလင်းတန်းစီးကြောင်းများ၊ ဓားပုံရိပ်များနှင့် တောက်ပနေသည့်ဓားစီးကြောင်းများအသွင် ပြောင်းလဲသွားသည့် အမြီးကိုပိုင်ဆိုင်ထားသော ဒေါင်းတစ်ကောင်ပင် ပါဝင်နေသေးသည်။
ခပ်လှမ်းလှမ်းတွင် ထိုတိုက်ပွဲထဲသို့ ရောက်မလာသေးသည့် လူအယောက်လေးဆယ်ငါးဆယ်ခန့် ရှိပြီး သူတို့မှာ မှော်ပစ္စည်းများကိုသုံး၍ ပိုင်ရှောင်ချန်းထံသို့ လျင်မြန်စွာ ပျံသန်းလာနေကြသည်။
သူတို့၏နောက်တွင် နောက်ထပ် လူများစွာထပ်ရှိနေပြီး အရပ်မျက်နှာတစ်ခုထဲသို့ ဦးတည်လာနေကြသည်။ ပိုင်ရှောင်ချန်းမှာ ထွက်ပေါက်မရှိလောက်အောင် ဝန်းရံခံထားရပြီဖြစ်သည်။
အသက်အန္တရာယ်ပင် ရှိစေနိုင်သည့် ထောင်ချောက်ကြီးတစ်ခုအလား ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ လက်ရှိအခြေအနေကို ကောင်းကောင်းရိပ်စားမိသဖြင့် သူ၏မျက်ဝန်းများမှာ ယခင်ကထက်ပင်ပို၍ နီမြန်းလာတော့သည်။ တွေးတောကြံဆနေရန် အချိန်မရှိတော့ပေ။ ဤအခြေအနေထဲမှ လွတ်မြောက်အောင် ထွက်ပြေးရန်ကြိုးစားလျှင်တောင် သူ့အားဝန်းရံထားသည့် လူအုပ်ကြီး၏ တားဆီးခြင်းကို ခံရမည်မှာ အမှန်ပင်။
ရွေးချယ်စရာတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ... တိုက်ခိုက်ရန်သာ ဖြစ်သည်။
သူသည် ယခုတွင် သူ၏ရောစပ်အရိုးများနှင့် အဆင့်မြင့် ခုခံစွမ်းအားများကို အားကိုး၍ လက်ရွေးစင်စစ်တပ်တစ်ခုနှင့် တူသော အဖွဲ့တစ်ဖွဲ့ကို တိုက်ခိုက်နေရသည်။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ညာလက်ကိုဆန့်ထုတ်သောအခါ ထာဝရထီး ပေါ်ထွက်လာသည်။ သူ၏မျက်နှာဖုံးအစွမ်းကြောင့် ထိုထီးမှာ အခြားအရာတစ်ခုပုံစံပေါက်နေသည်သာဖြစ်သည်။
သူက လုံးဝတွေဝေမနေပဲ ထီးကိုဖွင့်လိုက်ပြီး သူ့ဆီသို့ဦးတည်လာတော့သည့် မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များဆီသို့ ထိုးလိုက်လေသည်။ နဂါးများဖြစ်စေ၊ လေဆင်နှာမောင်းများဖြစ်စေ၊ ဓားအလင်းတန်းများဖြစ်စေ၊ ဓားပုံရိပ်များဖြစ်စေ၊ အခြား မည်သည့်အရာမဆိုဖြစ်စေ ၎င်းတို့အားလုံးမှာ ထာဝရထီး၏ စုပ်ယူခြင်းကိုခံလိုက်ရသည်။
ပိုင်ရှောင်ချန်းမှာ တုန်ရီသွားရပြီး ပို၍နီမြန်းလာသည့် မျက်ဝန်းများဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်မျှ အတွန်းခံလိုက်ရလေရာ နတ်ဝံပုလွေလေးနှင့် သူလေပေါ်တွင် သတိမေ့အောင်လုပ်ခဲ့သည့် ကျင့်ကြံသူသုံးယောက်၏ဘေးသို့ရောက်သွားတော့သည်။ ထိုအခါ သူသည် တစ်ခဏမျှပင် ရပ်တန့်မနေပဲ ထာဝရထီးကို သူတို့ခန္ဓာကိုယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ထိုးစိုက်လိုက်တော့သည်။
ထိုအခါ သူတို့မှာ သတိပြန်ရလာပြီး သူတို့၏ခန္ဓာကိုယ်များမှာ ခန်းခြောက်၍ သူတို့သက်စောင့်အားများမှာ ထာဝရထီးထဲသို့စီးဝင်သွားနေကြသည်ကို သိလိုက်ရ၍ သူတို့၏ပါးစပ်များထဲမှ သနားစဖွယ်အော်ဟစ်သံများ ထွက်လာကြသည်။ ထိုသက်စောင့်အားများမှာ ပိုင်ရှောင်ချန်းထံသို့ရောက်သွားသောအခါ အဆင့်ရှစ်တွင်ရှိနေသည့် ရောစပ်အရိုး မှာ ပို၍မြင့်မားလာတော့သည်။
နတ်ဝံပုလွေလေးမှာ ဤခံစားချက်ကြီးကို ယခင်က ကြုံဖူးသော်လည်း အခြားကျင့်ကြံသူများမှာ မကြုံဘူးချေ။ သူတို့မှာ ပိုင်ဟောက်၏ ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို ကြားသာကြားဖူးကြသည်။
နတ်ဝံပုလွေလေးမှာမူ ယခုသည် သူ၏ဒုတိယအကြိမ်ဖြစ်၍ အနည်းငယ် သက်သာသွားသည်။ ဝိညာဥ်ရေနွေးအိုးထဲမှ ဖြစ်ရပ်ကြီးပြီးနောက် သူ၏မျိုးနွယ်စုမှာ နည်းလမ်းပေါင်းစုံသုံး၍ သူ့ထံမှဆုံးရှုံးသွားရသော သက်စောင့်အားများကို ပြန်လည်ဖြည့်တင်းရာတွင် အကူအညီပေးခဲ့သည်။ သို့သော် ယခုတွင် ထိုဖြစ်ရပ်ကြီးတစ်ခုလုံးမှာ ပြန်ဖြစ်နေပြီဖြစ်သဖြင့် သူ၏နှလုံးသားထဲရှိ နားကျည်းမှုများနှင့်နောင်တများမှာ ဖော်ပြ၍မရနိုင်သည့်အဆင့်အထိ ရောက်နေရပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ ထာဝရထီးကိုသုံးကာ မှော်အတတ်တိုက်ကွက်များကို ခုခံ၍ နတ်ဝံပုလွေလေးနှင့် အခြားလူများထံမှ သက်စောင့်အားစုပ်ယူသည့် နည်းလမ်းမှာ အမှားအယွင်းလုံးဝမရှိပဲ အောင်မြင်သွားလေသည်။ သူသည် သက်စောင့်အားများကို ချောမွေ့စွာစုပ်ယူလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ် လှစ်ခနဲလှုပ်ရှားလိုက်တော့သည်။
တောင်ဖြိုသိုင်းကွက် ပေါ်ထွက်လာသဖြင့် သူသည် ပုံရိပ်ယောင်များအသွင်ပြောင်းလဲသွားကာ တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာတော့သည်။ ထို့နောက်သူသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူ တစ်ယောက်ကို ဝင်တိုက်လိုက်သောအခါ ထိုသူမှာ သွေးတစ်ပွက်အန်ထွက်လာပြီး နောက်သို့လွင့်စင်သွားသည်။ ထိုအချိန်တွင် ဘေးနားရှိ မိုက်ရူးရဲဆန်ပြီး ရူးသွပ်နေသည့် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မှာ သူ၏လက်ချောင်းကို ပိုင်ရှောင်ချန်းထံ ဝှေ့ယမ်းလိုက်လေသည်။ ချက်ချင်းပင် လက်သီးဆုပ်အရွယ်ရှိသော အစိမ်းရောင် ပုလဲလုံးတစ်လုံးမှာ လေကိုခွင်း၍ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာတော့သည်။
ပိုင်ရှောင်ချန်း၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ဤပုလဲလုံး၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် သူ၏ နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ပေါ်ထွက်လာသည်။ ထိုပုလဲလုံးက သာမန်ပစ္စည်းမဟုတ်သည်မှာ အသေအချာပင်။ ၎င်းမှာသူ၏အနည်းသို့ရောက်လာသောအခါ သူက ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ ထိန်းချုပ်စွမ်းအားများမှာ ထိုပုလဲလုံး၏ ပတ်ပတ်လည်ကို လွှမ်းခြုံသွားပြီး ၎င်းလာရာလမ်းသို့ ပြန်၍ ပစ်လွှတ်လိုက်တော့သည်။
ထိုအမြုတေအဆင့် ကျင့်ကြံသူမှာ ထွက်ပြေးရန်အချိန်မရှိတော့ကြောင်းလိုက်ရသဖြင့် မျက်နှာပျက်သွားရတော့သည်။ ထိုပုလဲလုံးက သူ့ကိုဝင်တိုက်လိုက်သောအခါ ကွဲအက်သွားပြီး အန္တရာယ်ပြုနိုင်သည့် အစိမ်းရောင်အဆိပ်ဓာတ်ငွေ့တစ်ခုအသွင် ပြောင်းလဲသွားကာ ထိုကျင့်ကြံသူ၏ ပတ်ပတ်လည်နေရာတစ်ခုလုံးကို တွန့်လိမ်ကွေးကောက်သွားစေတော့သည်။ အသက်ရှူကြိမ်နှစ်ကြိမ်ခန့်အထိ သနားစဖွယ် အော်ဟစ်မြည်တမ်းသံများပေါ်ထွက်လာပြီးနောက် ထိုကျင့်ကြံသူမှာ သွေးစအသားစများအသွင် ပြောင်းလဲသွားတော့သည်။
သူသည် ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားရပြီ ဖြစ်သည်။
ဘေးနားရှိကျင့်ကြံသူများမှာ မှင်တက်နေကြပြီး မြေပြင်ပေါ်ရှိ နတ်ဝံပုလွေလေး၏ မျက်ဝန်းများမှာမူ တောက်ပစွာ လင်းလက်လာတော့သည်။
" သူလူတွေ စသတ်နေပြီပဲ "
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင်လည်း အရုပ်ဆိုးသော အမူအရာတစ်ခုကိုမြင်နိုင်သည်။ သူသည် မည်သူ့ကိုမှ သတ်ရန်ဆန္ဒရှိသည်မဟုတ်။ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်၏ ပေါက်ကွဲမှုကြောင့် လူအနည်းငယ်သေဆုံးသွားခဲ့ရပါသော်လည်း ဤလူအုပ်ကြီးမှာ သူ့ကိုအရင်အမဲဖျက်နေကြသည်မဟုတ်ပါလော။ ဤအခြေအနေအားလုံးမှာ သူ၏ အပြစ်မဟုတ်ပေ။ သို့သော် သူသတ်ခဲ့သည့်လူများ၏ မျိုးနွယ်စုများမှာ ထိုသို့သော ရှင်းပြချက်မျိုးကို လက်ခံမည်မဟုတ်ကြောင်းကိုလည်း သူကသိသည်။
သူ၏ လက်ရှိအခြေအနေမှာ ဝိညာဥ်ရေနွေးအိုးထဲတွင် ရှိနေခဲ့စဥ်ကနှင့် မတူပေ။ ထိုစဥ်က သူသာ ဆန္ဒရှိပါက မြူခိုးများထဲသို့ ထွက်ပြေးပျောက်ကွယ်သွားနိုင်သည်ဖြစ်သည်။ ထို့အပြင် ဝါရင့်မျိုးဆက်မှ မည်သည့်ဝိညာဥ်ကျင့်ကြံသူမှ ဝင်၍မတားဆီးနိုင်ခဲ့ပေ။
ယခုတွင်မူ သူသည် ဗဟိုဧကရာဇ်မြို့ထဲတွင် ရောက်နေသည်ဖြစ်၍ အရာရာတိုင်းမှာ မတူတော့ပေ။ ပုန်းရှောင်စရာနေရာလည်း မရှိသလို မကြာမီတွင် ဝါရင့်မျိုးဆက်မှ ကျင့်ကြံသူများလည်း ရောက်လာမည်သာဖြစ်သည်။ ထို့ကြောင့် သူက သရဲကြီးဘုရင်အား သတင်းပို့ကာ လူမသတ်မိစေရန် မနည်းထိန်းနေရသည်။
သို့သော်..ယခုတွင် သူ အကြံကုန်နေပြီဖြစ်သည်။
" အေးကွာ။ သတ်မယ်အဲဒါ ဆိုလည်း။ ဘာဖြစ်လဲ။ မင်းတို့က ကျားတစ်ကောင် မဟိန်းဘူးဆိုတာနဲ့ ကြောက်လို့ထင်နေကြတာလား၊ဟုတ်လား။ ငါကဘယ်သူ့မှမသတ်ချင်ပါဘူးဆို မင်းတို့က ငါ့ကို ရွေးချယ်စရာမရှိအောင် လုပ်နေကြတာပဲ "
ဤ ကျင့်ကြံသူအုပ်စုမှာ သူ၏နေအိမ်ကိုဖျက်ဆီးခဲ့သဖြင့် သူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာတော့သည်။ သူသည် ကောင်းကင်စစ်သည်တော်တစ်ယောက် သို့မဟုတ် ရှေးခေတ်ကသားရဲကြီးတစ်ကောင်နှင့်ပင်ဆင်တူနေပြီး အသက်ခြွေသိုင်းကွက်များကို ထုတ်နေတော့သည်။
မှော်အတတ်များစွာနှင့် နတ်ဘုရားစွမ်းရည်များမှာ ထပ်မံ နီးကပ်လာသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာသည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ သူ၏လက်ကိုဆုပ်ကာ အရပ်မျက်နှာအနှံ့သို့ အသံလှိုင်းတစ်လှိုင်းပျံ့နှံ့သွားစေနိုင်သည့် လက်သီးချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက အခြားဝိညာဥ်ကျင့်ကြံသူတစ်ယောက်၏ ရှေ့သို့ရောက်သွားပြီး ထိုသူအား သူ၏ထာဝရထီးဖြင့်ထိုးကာ သက်စောင့်အားများကို ကုန်ခန်းသွားသည်အထိ စုပ်ယူလိုက်တော့သည်။
ထို့နောက်သူသည် တစ်ခဏလေးပင် မရပ်ပေ။ လှစ်ခနဲ ထပ်မံလှုပ်ရှားလိုက်ပြန်ပြီး သက်စောင့်အားများကို ထပ်၍စုပ်ယူနေပြန်တော့သည်။ ထိုနေရာတစ်ဝိုက်ရှိ ဒါဇင်ပေါင်းများစွာရှိသော ကျင့်ကြံသူတိုင်းမှာ သူ့ကိုမယှဥ်နိုင်ပေ။ မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များ မည်မျှပင် များစေကာမူ သူ့ကိုဒဏ်ရာရအောင် မလုပ်နိုင်သလို ထာဝရထီး၏ ခုခံစွမ်းအားကိုလည်းမထိုးဖောက်နိုင်ပေ။
သူသည် မည်သည့်နေရာရောက်ရောက် ထောပတ်ခဲကို ဓားပူတစ်ချောင်းဖြင့် လှီးနေသည့်အလား သူ၏ရန်သူများကို ကွပ်မျက်နေတော့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်တွင် သွေးများမှာ မီးရောင်များကဲ့သို့ တဟုန်းဟုန်းတောက်ပနေတော့သည်။