← Chapters

အဆင့်ကိုး

Vol. 8 Ch. 750

အဆင့်ကိုး

Vol. 8 Ch. 750

ဗဟိုဧကရာဇ်မြို့မှာ ယနေ့ညတွင် မည်သည့်နည်းနှင့်မျှ တည်ငြိမ်အေးချမ်းနိုင်တော့မည်မဟုတ်ပေ။

မြို့နယ်အမှတ်ရှစ်ဆယ့်ကိုးမှာ ရှုပ်ယှက်အခက်ဆုံးဖြစ်နေပြီး ယခုတွင် မီးရောင်များ လင်းလက်စွာတောက်ပကာ ကွဲအက်နေသည့်အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။ ပိုင်ရှောင်ချန်းမှာ နီမြန်းနေသော မျက်ဝန်းများဖြင့် ဘေးဘီဝဲယာကို ကြည့်နေသည်။ ဒါဇင်များစွာပါသည့် ပထမလက်ရွေးစင်အဖွဲ့မှာ သေသည့်သူကသေ၊ မသေလျှင်လည်း သက်စောင့်အားများစုပ်ယူခံထားရသဖြင့် အလွန်အမင်း ဒဏ်ရာရထားကြပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ တဖျတ်ဖျတ်လက်နေသည့် မီးရောင်အောက်တွင် အလွန်အမင်းကြောက်မက်ဖွယ် ကောင်းနေတော့သည်။

အစပိုင်းတွင် သူသည် မည်သူ့ကိုမှ မသတ်လိုပါသော်လည်း သူတို့မှာ တရားလွန်လာသဖြင့် သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

သူသည် ပြဿနာမရှာချင်ပါသော်လည်း ပြဿနာကိုယ်တိုင်က ခြေပေါက်ကာ သူ့ဆီသို့ရောက်လာခဲ့သည်နှင့်တူနေသည်။ ထိုသို့ဖြစ်ရသည်မှာလည်း တစ်ကြိမ်ထဲမဟုတ်ပေ။

သူသည် တိုက်ခိုက်ရာတွင်လည်း စိတ်ဝင်စားသူမဟုတ်ပေ။ သို့သော် သူတို့က သူ့ကိုဝန်းရံထားသည်ဖြစ်ပြီး သူ့ဆီချဥ်းကပ်လာနေသည့် ရန်သူများမှာ အချိန်နှင့်အမျှ ပိုမိုများပြားလာနေသည်ဖြစ်၍ ထွက်ပြေးရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။ ထို့အပြင် သူသည် ဗဟိုဧကရာဇ်မြို့နှင့် မရင်းနှီးသဖြင့် ဤတိုက်ပွဲမှ ဖောက်ထွက်နိုင်လျှင်တောင် လွတ်မြောက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

" ငါ့ကို အနိုင်လည်းကျင့်သေး၊ ချောင်ပိတ်အောင်လည်းလုပ်သေးတယ် "

သူ၏ စိတ်နှလုံးထဲတွင် ဒေါသနှင့်ကြောက်ရွံ့မှုများ ရောယှက်နေသဖြင့် အသားများ တုန်ရီနေတော့သည်။ သို့သော် ယခုတွင်မူ သရဲကြီးဘုရင်က သူ့အားကယ်တင်နိုင်ရန် ဆုတောင်းရုံမှတစ်ပါး သူ့အတွက်အခြားရွေးချယ်စရာမရှိပေ။ အဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေသည် မဟုတ်ပါလော။

သူ့နားသို့ ချည်းကပ်လာနေပြီဖြစ်သည့် မရေမတွက်နိုင်သော နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များသာမက စူးရှတောက်ပသော မှော်ပစ္စည်းများမှာ ရေတွက်၍ပင် မရနိုင်ပေ။ လက်ရွေးစင် ဒုတိယအဖွဲ့မှာ အနီးသို့ရောက်လာနေပြီဖြစ်ပြီး အနောက်ဘက်တွင် အမြုတေအဆင့်ကျင့်ကြံသူများပါကာ အရှေ့ဘက်တွင်မူ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများက နေရာယူထားသည်။ ပိုင်ရှောင်ချန်းမှာ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်ကြောင်းကို သူတို့က သိထားပြီးဖြစ်သော်လည်း လက်ရှိအခြေအနေမှာ အလွန်အရေးကြီးနေပြီဖြစ်၍ သူတို့မှာ ထွက်ပြေးရန် ဆန္ဒမရှိကြတော့ပေ။

အရပ်မျက်နှာအားလုံးမှ ဝိညာဥ်ကျင့်ကြံသူအယောက်တစ်ရာကျော်မှာ ချဥ်းကပ်လာနေပြီး အများစုမှာ ပိုင်ရှောင်ချန်း မြင်ဖူးသည့်လူများဖြစ်ကြသည့် ကျောက်ဒုံရှန်၊ လီထျန်ရှန်နှင့် အခြားလူများ ဖြစ်ကြသည်။

ပိုင်ရှောင်ချန်းမှာ မည်သို့ဆက်၍လှုပ်ရှားရမှန်း မတွေးနိုင်လောက်အောင် ဤအခြေအနေကြီးမှာ အရေးကြီးလွန်းနေပြီဖြစ်သည်။ သူသည် သတ်ဖြတ်လိုသည့်စိတ်များ တောက်ပနေသော မျက်ဝန်းများဖြင့် ရှေ့သို့ပြေးထွက်သွားပြီး တိုက်ခိုက်ရန်အတွက် ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။

ဂျုန်းးးး

ပြင်းထန်လွန်းသည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားသွားသဖြင့် တအုန်းအုန်းမြည်သံများ ပေါ်ထွက်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ လုံးဝရပ်တန့်၍မရနိုင်ပဲ သူ၏ရှေ့တွင် မည်သူရှိနေပါစေကာမူ သူတို့အားလုံးမှာ နောက်သို့လွင့်ထွက်သွားကာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြရာ ပိုင်ရှောင်ချန်း၏ ခွန်အားနှင့် ရက်စက်မှုတို့ကြောင့် သူတို့ အံ့အားသင့်သွားကြတော့သည်။

" သူက ဝိညာဥ်ရေနွေးအိုးထဲမှာ ရှိတုံးကထက်တောင် ပိုပြီး စွမ်းအားကြီးလာပါလား "

" လက်ရွေးစင်အယောက်တစ်ရာကို အနိုင်ယူခဲ့တဲ့ ပိုင်ဟောက်ဆိုတာ ဒီကောင်ကိုး "

" သူ သန်မာတာ မှန်ပေမဲ့ ငါတို့ကအရေအတွက် အများကြီးသာတယ်။ ပြီးတော့ငါတို့က ဗဟိုဧကရာဇ်မြို့ထဲကိုရောက်နေတာကွ "

လူတိုင်းမှာ စိုးရိမ်ထိတ်လန့်စွာနှင့် တိုက်ခိုက်မှုအဟုန်ကို တိုးမြှင့်လိုက်ကြသဖြင့် ခဏအကြာတွင် ထိုမြင်ကွင်းကြီးမှာ ရှုပ်ထွေးပွေလီသွားတော့သည်။ လူအုပ်ထဲရှိ လီထျန်ရှန်မှာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး အဆိပ်ငွေ့တိမ်တိုက်များကို ဆင့်ခေါ်လိုက်သည်။ သူသည် ပိုင်ရှောင်ချန်းက အလွန်အံ့သြစရာကောင်းသည်ကို သိ၍ လိုအပ်သည့်အချိန်တွင် ထွက်ပြေးနိုင်ရန် နောက်ဘက်နားတွင် ရပ်နေသည်။

သို့သော် သူ မည်သည့်အရာများဖြစ်ပျက်နေသည်ကို မသိလိုက်ခင်မှာပင် ပိုင်ရှောင်ချန်းက လူအုပ်ကြီးကိုဖြတ်ကာ သူ၏မျက်လုံးများထဲသို့ စိုက်ကြည့်နေသည်။

ယခုပိုင်ရှောင်ချန်းက သူ့အားကြည့်နေသည့်ပုံစံမှာ ဝိညာဥ်ရေနွေးအိုးထဲတွင် ရှိခဲ့စဥ်က ကြည့်ခဲ့သည့်အကြည့်နှင့် တစ်ပုံစံထဲဖြစ်နေကြောင်း သူ ရိပ်မိလိုက်သဖြင့် ဦးရေခွံများပင် ထုံကျဥ်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာမူ လှစ်ခနဲလှုပ်ရှားလိုက်ပြီး အခြားကျင့်ကြံသူတစ်ယောက်ကို ရှောင်တိမ်းလိုက်ကာ အိပ်မက်ဆိုးထဲမှ သတ္တဝါကြီးတစ်ကောင်အလား လီထျန်ရှန်၏ ရှေ့နားတွင်ပေါ်လာတော့သည်။

လီထျန်ရှန်၏ နှလုံးသားမှာ လည်မျိုထဲသို့ရောက်လုမတတ် ခုန်သွားပြီး သူက ချက်ချင်းပင်နောက်လှည့်ကာ ထွက်ပြေးတော့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ရူးသွပ်စွာရယ်မောလိုက်ပြီး တောင်ဖြိုသိုင်းကိုသုံးကာ အပြင်ခန္ဓာကိုယ်စွမ်းအား အမြောက်အမြားကိုထုတ်၍ လူအုပ်ကြီးကို ဖြတ်ပြေးသွားတော့သည်။ နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များထံမှ ကာကွယ်ရန် ထာဝရထီးကိုသုံးကာ သူသည် လီထျန်ရှန်ကို လိုက်ဖမ်းနေတော့သည်။

လီထျန်ရှန်အတွက်မူ ပိုင်ရှောင်ချန်းမှာ အိပ်မက်ဆိုးကြီးတစ်ခု အသက်ဝင်လာသကဲ့သို့ဖြစ်နေသည်။ သူသည် သူ၏အိတ်ကို အလျင်အမြန်ပုတ်လိုက်ပြီး သွေးများစိုရွှဲနေသည့် လူ့နှလုံးသားတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ရက်စက်မှုအပြည့်ဖုံးလွှမ်းနေသည့် အပြုံးကြီးဖြင့် ထိုနှလုံးသားကို ချေမွလိုက်သောအခါ အမျိုးသမီးတစ်ယောက်၏ ရေမွှေးအနံ့နှင့်တူသော မွှေးရနံ့တစ်ခု ပျံ့လွင့်လာတော့သည်။ ထို့နောက် အမျိုးသမီးတစ်ယောက်၏ ပုံရိပ်တစ်ခုပေါ်ထွက်လာပြီး သူမသည် နာကျည်းမှုများ ပြည့်နှက်နေသည့် မျက်နှာအမူအရာကြီးဖြင့် ပိုင်ရှောင်ချန်းထံသို့ ဦးတည်သွားတော့သည်။

ထိုအခါ ပိုင်ရှောင်ချန်း၏အမူအရာပြောင်းလဲသွားတော့သည်။ လီထျန်ရှန်သုံးနေသည်မှာ သာမန်သိုင်းကွက်တစ်ခုမဟုတ်ကြောင်း သူကရိပ်မိလိုက်သည်။ ယခုလေးတင် သူ ချေမွလိုက်သည့် နှလုံးကြီးမှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းနေသည်။ ထို့အပြင် ပိုင်ရှောင်ချန်းထံသို့ ပြေးလာနေသည့် အရိပ်ပုံစံနှင့် အမျိုးသမီး၏ နှလုံးနေရာတွင် ဟောင်းလောင်းပေါက်ကြီးဖြစ်နေသည်ကို မြင်ရသည်။

ပိုင်ရှောင်ချန်းမှာ ထိုအမျိုးသမီးကို ရှောင်တိမ်းရန် နောက်သို့ခုန်လိုက်ပြီး တချိန်ထဲမှာပင် သူ၏ရှေ့သို့ ထာဝရထီးကိုပစ်လွှတ်လိုက်သောအခါ ၎င်းသည် အလင်းတန်းတစ်ခုအသွင်ပြောင်းကာ လီထျန်ရှန်ဆီသို့ ဦးတည်သွားတော့သည်။

လီထျန်ရှန်မှာ တုံ့ပြန်ချိန်ပင်မရလိုက်ပဲ ထာဝရထီးမှာ သူ၏ရင်ဘတ်ထဲသို့ တည့်မတ်စွာစိုက်ဝင်သွားတော့သည်။

ထိုအခါ သက်စောင့်အားများမှာ အပြင်သို့ဖိတ်စင်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှုများက ဖုံးလွှမ်းသွားတော့သည်။ ပိုင်ရှောင်ချန်းမှာမူ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်ပြီး ထာဝရထီးကို သူ့ဆီသို့ ပြန်ခေါ်လိုက်တော့သည်။ ထို့နောက် သူ၏လက်ကို မြေပြင်ပေါ်သို့ရိုက်ချလိုက်သောအခါ မြေကြီးထဲမှ ဆူးချွန်အကာအရံတစ်ခု မြင့်တက်လာပြီး သူ့ဆီသို့ ဦးတည်လာနေသည့် နတ်ဘုရားစွမ်းရည်များထံမှ ကာကွယ်လိုက်တော့သည်။

ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်ထဲသို့ သက်စောင့်အားများစွာ စီးဝင်နေသည်ဖြစ်၍ သူ၏ ရောစပ်အရိုးများမှာ အဆင့်ကိုးသို့ လျင်မြန်စွာချဥ်းကပ်လာနေတော့သည်။

" နောက်ထပ်နည်းနည်းလေး ထပ်ရရင် အဆင့်တက်ပြီ "

သူကထိုသို့တွေးတောနေစဥ် သူ၏ပတ်ပတ်လည်ရှိ ဆူးချွန်များမှာ ကြေမွသွားပြီး ကျင့်ကြံသူဒါဇင်များစွာမှာ သူ့ထံသို့ ပြေးလာကြတော့သည်။ အရာရာတိုင်းမှာ ဝေဝါးနေသော်လည်း ပိုင်ရှောင်ချန်းအတွက်မူ သိပ်အရေးမကြီးပေ။ ဤနေရာတစ်ဝိုက်ရှိ လူတိုင်းမှာ သူ၏ရန်သူများဖြစ်သည်ဟု သူကသတ်မှတ်ထားသည်။

သူသည် တည်နေရာရွှေ့ပြောင်းခြင်းနီးပါး လျှင်မြန်သော အံ့သြဖွယ်အမြန်နှုန်းကိုသုံးလိုက်သဖြင့် တဂျုန်းဂျုန်းမြည်ဟည်းသံများ ပေါ်ထွက်လာတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို မသုံးသဖြင့် သူ၏စိတ်စွမ်းအင်ကို ချွေတာသလိုဖြစ်နေသောကြောင့် အချိန်ကြာကြာ ဆက်၍တိုက်ခိုက်နေနိုင်သည်။ ထို့အပြင် သူ၏အပြင်ခန္ဓာကိုယ်စွမ်းအားကို တိုးတက်အောင်လုပ်ပေးနိုင်သည့် လူများမှာ ဤနေရာတစ်ဝိုက်တွင် အများအပြားရှိနေသည်။

ကြမ်းကြုတ်သော တိုက်ခိုက်သံများ ပေါ်ထွက်လာပြီး တချိန်ထဲမှာပင် တိုက်ပွဲထဲသို့ နောက်ထပ်ဝိညာဥ်ကျင့်ကြံသူများ ထပ်၍ရောက်လာပြန်သည်။ သူ့ဆီသို့ ဦးတည်လာနေသည့် နတ်ဘုရားစွမ်းရည်များနှင့် မှော်လက်နက်များအားလုံးကို ထာဝရထီးကိုသာသုံး၍ ကာကွယ်ရန်မှာ ခက်ခဲလာသဖြင့် အချို့ သိုင်းကွက်များမှာ သူ့ကိုထိမှန်သွားတော့သည်။

သို့သော် သူ့အပေါ်သို့ကျရောက်လာသည့် တိုက်ကွက်များမှာ သူ့ကိုတစ်ခဏလေးပင် ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်ပေ။ သူသည် မသေမျိုးမိစ္ဆာတစ်ကောင် ဝင်စားထားသည့်လူနှင့်ပင် တူနေတော့သည်။ အမြုတေအဆင့်ကျင့်ကြံသူများထံမှ မှော်အတတ်များမှာ သူ့အတွက်မူ စာမဖွဲ့လောက်စရာများဖြစ်နေသဖြင့် လူအနည်းငယ်မှာ တအံ့တသြဖြစ်ကာ မှင်တက်နေကြတော့သည်။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများထံမှ မှော်အတတ်များနှင့် လက်နက်များပင် သူ့အပေါ် များစွာအကျိုးသက်ရောက်မှုမရှိပေ။ အလွန်ဆုံး သူ့အားမျက်မှောင်ကြုတ်သွားစေရန်လောက်သာ စွမ်းနိုင်သည်။

သူ့ထံသို့ဝင်လာနေသည့် တိုက်ကွက်ဒါဇင်အနည်းငယ်ခန့်ကိုသာ ရင်ဆိုင်နေသဖြင့် သူ၏ထာဝရထီးမှာ သူပြန်တိုက်ခိုက်ခွင့်ရစေရန်အတွက် အကာအကွယ်ကောင်းကောင်း ပေးနေသည်။ သူ လက်သီးချက်တစ်ချက် သုံးလိုက်တိုင်း တစ်စုံတစ်ယောက်မှာ လွင့်ထွက်သွားရသည်ဖြစ်ပြီး သူသည် ထိုလူများ၏ သက်စောင့်အားများကို စုပ်ယူနေတော့သည်။

ထိုအုပ်စုထဲမှ မည်သည့်လက်ရွေးစင်မဆို ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်မှာ ဤမျှ စွမ်းအားကြီးနေလိမ့်မည်ဟု မထင်ထားကြပေ။ ယုံကြည်နိုင်စရာ မရှိလောက်အောင် အဓိပ္ပါယ် ကင်းမဲ့နေပြီဖြစ်သည်။

သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ စိတ်ကူးနှင့်ပင် မတွေးနိုင်လောက်အောင် မြင့်မားလွန်းနေသဖြင့် သူတို့မှာ အလွန်အမင်းတုန်လှုပ်နေရတော့သည်။

" ဒီကောင်က ဘာတုံး။ သူ့ဆီမှာ အားနည်းချက်မရှိတာလား "

" သူ့ရဲ့ ဘယ်နေရာကို ငါတို့က တိုက်ရမှာတုံး။ သူ့ရဲ့ အမြန်နှုန်း၊ အပြင်ခန္ဓာကိုယ်၊ ခံနိုင်ရည်စွမ်းအား၊ ခုခံနိုင်စွမ်းတွေက အမြင့်ဆုံးအထိ ရောက်နေပြီလေ။ ငါတို့က ဒါကိုဘယ်လို တိုက်ခိုက်ရမှာလဲ "

ပိုင်ရှောင်ချန်း၏ အနားတွင် မတ်တတ်ရပ်နေကြသူများမှာ နည်းသထက်နည်းလာပြီး မြေရိုင်းသားများစွာတို့၏ မျက်နှာများပေါ်တွင် အသက်မဲ့နေသည့် အမူအရာများပေါ်လာတော့သည်။ မည်သူကမှ ဆက်၍တိုက်ကွက်မထုတ်ရဲကြတော့ပဲ အများစုမှာ နောက်သို့ပင်ဆုတ်ရန်ပြင်နေကြပြီဖြစ်သည်။ မြေပြင်ပေါ်ရှိ ကျောက်ဒုံရှန်မှာ နောင်တများ ပြည့်နှက်နေသည့် နှလုံးသားကြီးဖြင့် ပိုင်ရှောင်ချန်းက သူ့အားသတိထားမိသွားမည်စိုး၍ ထွက်ပြေးသွားတော့သည်။

" ဒီ မိစ္ဆာ လူသတ်ကောင်ကို ဘယ်လိုအတွေးနဲ့များ ငါပြဿနာလာရှာမိတာလဲ။ ငါ့ကို သတိမထားမိပါစေနဲ့ "

ကျောက်ဒုံရှန်မှာ ဤအခြေအနေမှလွတ်မြောက်နိုင်ရန် ဆုတောင်းနေစဥ် ကျိုးဟုန်ပါဝင်သည့် အခြားလက်ရွေးစင်အယောက်တစ်ရာကျော် အုပ်စုကြီး ချဥ်းကပ်လာပြန်သည်။

သူတို့မှာ အနီးသို့ရောက်သောအခါ ပတ်ပတ်လည်ရှိ အပျက်အစီးများ၊ ရက်စက်ကြမ်းကြုတ်ဖွယ်ရူးသွပ်မှုကြီးတစ်ခုကို ထုတ်လွှတ်နေပြီး သွေးကြောကြီးများ ထောင်ထနေသည့် ပိုင်ရှောင်ချန်းအနားရှိမြေပြင်ပေါ်တွင် ပျံ့ကျဲနေသော လက်ရွေးစင်များစွာ၏ ရုပ်အလောင်းများကို မြင်လိုက်ရတော့သည်။

ကျိုးဟုန်မှာ အံ့အားသင့်သွားသော်လည်း တချိန်ထဲမှာပင် ကျေနပ်သွားတော့သည်။

“ သူနောက်ဆုံးတော့ လူသတ်ပြီပဲ။ ဒီတစ်ခေါက်တော့ မင်းကိုဘယ်သူမှ မကယ်နိုင်တော့ဘူး ပိုင်ဟောက်ရေ "

ကျိုးဟုန်ရောက်လာသောအခါ ပိုင်ရှောင်ချန်းမှာ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ထာဝရထီးကို နှုတ်ယူလိုက်သည်။ သူယခု ရရှိလိုက်သည့် သက်စောင့်အားကြောင့် သူ၏ရောစပ်အရိုးများမှာ အဆင့်ရှစ်တွင်မဟုတ်တော့ဘဲ အဆင့်ကိုးအထိရောက်သွားပြီဖြစ်ကြောင်း သိလိုက်လေသည်။

ထို့ကြောင့် သူသည် ကျိုးဟုန်ကို ဖြေးညင်းစွာ မော့ကြည့်လိုက်လေသည်။

" ကျိုးဟုန် "

သူသည် သတ်ဖြတ်လိုသည့်စိတ်များတောက်ပနေသည့် မျက်ဝန်းများဖြင့် လှစ်ခနဲလှုပ်ရှားလိုက်တော့သည်။

ထိုစဥ် ဗဟိုဧကရာဇ်မြို့အပြင်ဘက်ရှိ သရဲကြီးတပ်ထဲတွင် သခင်မလေးဟုန်ချိန်မှာ တင်းမာသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်ကာ သူမ၏ အနီရောင် အမိန့်ပေးရွက်ဖျင်တဲထဲတွင် ထိုင်နေသည်။သူမ၏လက်ထဲရှိ သတင်းပို့ကျောက်စိမ်းပေလွှာကြောင့် သူမ၏အတွေးထဲတွင် သရဲကြီးဘုရင်၏ အသံမှာ ပဲ့တင်ထပ်နေတော့သည်။

" ဒီပိုင်ဟောက်ဆိုတဲ့ကောင်က တကယ့်ဂြိုလ်ဆိုးပါလား "

သူမက အံကြိတ်ကာ ရေရွတ်လိုက်သည်။ သူမ၏ အတွေးထဲတွင် သူမသည် သူ့အား တစ်ကြိမ်ကူညီပေးခဲ့ပြီးပြီဖြစ်သည်။ သူမသာ ဝင်မတားပါက ချန်မျိုးနွယ်စုမှ ကောင်းကင်နယ်စားကြီးမှာ ထိုကိစ္စကို စုံစမ်းစစ်ဆေးခဲ့မည်သာ ဖြစ်သည်။ ထိုအခြေအနေကြောင့် သူမမှာ အကျိုးဖြစ်ထွန်းသွားခဲ့ရသဖြင့် စိတ်နှလုံးလှုပ်ရှားခဲ့ရပါသော်လည်း ထိုခံစားချက်မှာ ကြာကြာမခံပဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ယခုတွင် သူမ၏ဖခင်မှာ ပိုင်ဟောက်ကို ထပ်မံကာကွယ်ပေးရန် တောင်းဆိုနေပြန်ပြီဖြစ်သည်။ သူမသည် နောက်တစ်ကြိမ် ထပ်မံမစဥ်းစားတော့ပဲ ငြင်းဆိုလိုက်လေသည်။

" သူသေချင်နေတာများ ပေးသေလိုက်မယ် "

ထို့နောက် သူမသည် အေးစက်စက်နှာမှုတ်ကာ ကျောက်စိမ်းပေလွှာကို ချရန်ပြင်လိုက်စဥ်မှာပင် သရဲကြီးဘုရင်ထံမှ နောက်ထပ်သတင်းတစ်ခု ထပ်ဝင်လာတော့သည်။ သူ၏ ဒေါသတကြီး ပြောဆိုနေသည့် စကားများကို သူမတစ်ယောက်သာ ကြားနိုင်သည်ဖြစ်ပြီး ထိုစကားများကြောင့် သူမမှာ တင်းမာနေသည့်မျက်နှာထားဖြင့် အချိန်အတော်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားရပြီးနောက် မတ်တတ်ထရပ်လိုက်တော့သည်။

" ဒီတစ်ခေါက်တော့ နောက်ဆုံး ကူညီလိုက်မယ် " ထိုသို့တွေးကာ သူမသည် အမိန့်ပေးရွက်ဖျင်တဲထဲမှ အပြင်သို့ထွက်သွားပြီး သရဲကြီးတပ်မှ ကျင့်ကြံသူ ဒါဇင်အနည်းငယ်ကို လှမ်းခေါ်ကာ ဗဟိုဧကရာဇ်မြို့ရှိ မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးဆီသို့ ဦးတည်သွားတော့သည်။

ယခုတွင် မင်းမျိုးမင်းနွယ်နှင့် မှူးမျိုးမတ်နွယ်မျိုးနွယ်စုများမှာ အင်အားကြီးလူများမှာ သူတို့၏ မင်းသား၊မင်းသမီးများနှင့် အခြား လူငယ်ကျင့်ကြံသူများထံမှ သတင်းများကို ရသွားကြပြီဖြစ်သည်။

" အတော်အတင့်ရဲလှပါလားကွ "

အသေအပျောက်များရှိသည် ဟူသော သတင်းများပါလာသောအခါ ပို၍ဆိုးဝါးသွားတော့သည်။ ထိုကိစ္စတွင် ပါဝင်ပတ်သတ်နေသည့် မျိုးနွယ်စုများမှာ လူများကို ချက်ချင်းစေလွှတ်လိုက်ကြပြီး အချို့သော စွမ်းအားကြီးကျင့်ကြံသူများမှာ သူတို့ကိုယ်တိုင် ထွက်လာကြတော့သည်။

All Chapters