ထျန်းစန်းတောအုပ်ကြီးအတွင်းရှိ ထိတ်လန့်ဖွယ် အပြောင်းအလဲများ၊ လူသားများ ရောက်ရှိလာကြခြင်း(၂)
Vol. 8 Ch. 78
ခြေလှမ်းဝက်ပါရမီရှင်အဆင့်ရှိ ဦးလေးထျန်းပင်းနှင့် တန်းတူ တိုက်ခိုက်နိုင်ခြင်းကြောင့် သူသည်လည်း သူ၏ ကန့်သတ်ချက်များကို စမ်းသပ်လိုစိတ်များ ပြင်းပြလာခဲ့လေသည်။
လင်းထျန်းလုံသည် ငွေပြာရောင် အစောင့်အရှောက် ရုပ်တုကြီးတစ်ခုကဲ့သို့ မလှမ်းမကမ်းတွင် ရပ်နေပြီး သူ၏ ရေခဲပြာရောင် မျက်လုံးများသည် ပိုမိုပြင်းထန်လာသော ပြိုင်ဆိုင်မှုကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။
ယင်းဖုန်း၏ ထိတ်လန့်ဖွယ် စွမ်းဆောင်ရည်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ လက်အောက်ငယ်သားအတွက် သူ ခံစားရသော ကျေနပ်အားရမှုနှင့် အံ့အားသင့်မှုတို့သည် ဖုံးကွယ်ထား၍မရအောင်ပင် ဖြစ်နေခဲ့တော့သည်။
“အရင်းအမြစ်တွေဆိုတာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုက်ခိုက်ရေးစွမ်းအားအဖြစ် ပြောင်းလဲနိုင်မှ တကယ် တန်ဖိုးရှိတာလေ... အရိပ်မီးတောက်ကျားသစ်ဘုရင်ရဲ့ အလောင်းကို ရင်းနှီးမြှုပ်နှံလိုက်ရတာ တကယ်ကို တန်လွန်းတယ်...” သူ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
“ယင်းဖုန်းရဲ့ လက်ရှိအမြန်နှုန်း၊ ပုန်းကွယ်နိုင်စွမ်းနဲ့ ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ စွမ်းအားတွေက သူ့ကို ဝံပုလွေအုပ်စုရဲ့ သွေးစွန်းဓားမြှောင်၊ သားရဲတွေ ကာကွယ်ရအခက်ဆုံး လုပ်ကြံသတ်ဖြတ်သူ တစ်ကောင် ဖြစ်လာစေဖို့ လုံလောက်တယ်... ဒီရင်းနှီးမြှုပ်နှံမှုကနေ ရလိုက်တဲ့ အကျိုးအမြတ်က တကယ်ကို များလွန်းတယ်...”
ဤအခိုက်အတန့်တွင် သူ၏ အတွေးများ လှုပ်ရှားသွားပြီး မျက်လုံးများထဲတွင်မူ ပိုမိုအသေးစိတ်ကျသော ယင်းဖုန်း၏ အချက်အလက်ပြ စနစ်မျက်နှာပြင်က ရောင်ပြန်ဟပ်နေခဲ့လေသည်။
[မျိုးနွယ်] ။ ။ အရိပ်လေဝံပုလွေ (ယင်းဖုန်း)
[အဆင့်] ။ ။ အဆင့် ၁၈ (ထူးချွန်အဆင့်)
[ပင်ကိုစွမ်းရည်များ] ။ ။ အရိပ်ပြေးလွှားခြင်း (ခရမ်းရောင် · ပါရမီရှင်အဆင့်)၊ လေစီးကြောင်း အမြန်နှုန်းမြှင့်တင်ခြင်း (ခရမ်းရောင် · ပါရမီရှင်အဆင့်)၊ အာရုံခံစားမှုကောင်းမွန်ခြင်း (စိမ်းပြာရောင် · ကြေးအဆင့်)
[စွမ်းရည်များ] ။ ။ [အရိပ်ပုန်းအောင်းခြင်း (စိမ်းပြာရောင် · ကြေးအတင့်)]၊ [လေဓားလက်သည်း (အဖြူရောင် · ငွေအဆင့်)]
[အခြေအနေ] ။ ။ စိတ်လှုပ်ရှားနေ၊ အာရုံစူးစိုက်ထား၊ သစ္စာစောင့်သိမှု ၁၀၀ ရာခိုင်နှုန်း။
· [အရိပ်ပြေးလွှားခြင်း] ။ ။ အလွန်မြန်ဆန်စွာ လှုပ်ရှားရန် သို့မဟုတ် ပုန်းကွယ်ရန်အတွက် အချိန်တိုအတွင်း အရိပ်များထဲသို့ ပေါင်းစပ်ဝင်ရောက်သွားနိုင်ပြီး၊ တိုက်ခိုက်မှု စတင်ချိန်တွင် အမြန်နှုန်းနှင့် လျှပ်တပြက်တိုက်ခိုက်မှုများကြောင့် ရန်သူ၏ ပျက်စီးဆုံးရှုံးမှုများကို များစွာတိုးစေနိုင်သည်။
· [လေစီးကြောင်း အမြန်နှုန်းမြှင့်တင်ခြင်း] ။ ။ လှုပ်ရှားမှုအမြန်နှုန်း၊ တိုက်ခိုက်မှုအမြန်နှုန်းနှင့် ရှောင်တိမ်းနိုင်စွမ်းတို့ကို များစွာ တိုးစေပြီး လှုပ်ရှားနေစဉ်အတွင်း ဖမ်းမိရန် ပိုမိုခက်ခဲစေသည်။
· [လေဓားလက်သည်း] ။ ။ ထက်ရှသော လက်သည်းများကို လေစွမ်းအားများ ရစ်ပတ်လာပြီး၊ တိုက်ခိုက်မှုများတွင် ပိုင်းဖြတ်ခြင်း အကျိုးသက်ရောက်မှု ပါဝင်လာကာ ရုပ်ပိုင်းဆိုင်ရာ ခုခံမှု တစ်စိတ်တစ်ပိုင်းကို လျစ်လျူရှုနိုင်မည့် အခွင့်အရေး အနည်းငယ်ရှိသည်။
“ထူးချွန်အဆင့် အဆင့် ၁၈ ပဲ ရှိသေးပေမဲ့ ဒီခရမ်းရောင် ပင်ကိုစွမ်းရည် နှစ်ခုနဲ့တင် သူက ပုံမှန်အခြေအနေမှာရှိနေတဲ့ ထျန်းပင်းကို အမြန်နှုန်းပိုင်းမှာ လုံးဝဖိနှိပ်ထားနိုင်ပြီး တိုက်ပွဲ စည်းချက်ကိုတောင် အလွယ်တကူ ထိန်းချုပ်ထားနိုင်တယ်”
“ဒီအလားအလာနဲ့ သူ့ရဲ့ ထူးခြားတဲ့ တိုက်ခိုက်ရေးဟန်က အနာဂတ်မှာ ဝံပုလွေအုပ်စုရဲ့ နည်းဗျူဟာစနစ်မှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်...” လင်းထျန်းလုံ သေချာကြည့်လေလေ ပို၍ကျေနပ်လာလေလေ ဖြစ်သည်။
ထို့အပြင် သစ်ပင်အိမ်လေး၏ အဝင်ဝတွင် ပုံရိပ်သေးသေးလေး နှစ်ခုသည် တံခါးခန်းဆီး၏ အက်ကွဲကြောင်းလေးမှတစ်ဆင့် မျက်လုံးပြူးကြီးများဖြင့် အပြင်ဘက်ရှိ တိုက်ပွဲကို စိတ်လှုပ်ရှားစွာ စိုးရိမ်တကြီး ကြည့်ရှုနေကြသည်။ သူတို့မှာ ရှောင်လန်နှင့် ရှောင်ယင်းတို့ပင် ဖြစ်လေသည်။
“ဝါး... ဦးလေးယင်းဖုန်းက အရမ်းအံ့သြစရာကောင်းတာပဲ...” ရှောင်လန်သည် အံ့သြချီးကျူးမှုများ ပြည့်နှက်နေသော မျက်နှာလေးဖြင့် ရှောင်ယင်းကို ပြောလိုက်သည်။
“ဦးလေးထျန်းပင်းရဲ့ အစွမ်းထက်တဲ့ လက်သည်းကြီးတွေကတောင် သူ့ကိုမထိနိုင်ဘူး...”
“ဟွန့်... သူက သူ့ရဲ့အမြန်နှုန်းကို အားကိုးပြီး ဟိုရှောင်ဒီရှောင် လုပ်နေတာပါ...” ရှောင်ယင်းသည် မကျေမနပ်ဖြင့် ရေရွတ်လိုက်သော်လည်း၊ သူမ၏ ခရမ်းရောင်ရင့်ရင့် မျက်လုံးလေးများမှာ တစ္ဆေတစ်ကောင်ကဲ့သို့သော ယင်းဖုန်း၏ပုံရိပ်နောက်သို့ အနီးကပ် လိုက်ပါနေပြီး သူမ၏ နှလုံးသားသည်လည်း တူညီစွာ တုန်လှုပ်နေလေသည်။
“...ဒါပေမဲ့ ဒီအမည်းတုံးရဲ့ စွမ်းရည်တွေက ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာ၊ ကင်းထောက်တာနဲ့ ရန်သူ့တပ်ဖွဲ့ကို လုပ်ကြံဖျက်ဆီးဖို့ရာ နေရာတွေမှာ တကယ်ကောင်းတယ်... ဝံပုလွေအုပ်စုရဲ့ နည်းဗျူဟာတွေက အနာဂတ်မှာ အများကြီးပိုပြီး တိုးတက်လာတော့မှာပဲ...”
သူတို့ နှစ်ဦးလုံးသည် တန်ဖိုးကြီးမားလွန်းသော အရိပ်မီးတောက်ကျားသစ်ဘုရင်၏ အလောင်းကို ထုတ်ယူလိုက်ခြင်းက ‘အဖိုးတန် အရင်းအမြစ်များကို ဖြုန်းတီးပစ်နေခြင်း’ ဟု မနေ့က သူတို့ ထင်မြင်ခဲ့မိပုံကို တစ်ပြိုင်နက်တည်းနီးပါး ပြန်လည်အမှတ်ရသွားကြသည်။
ဤအခိုက်အတန့်တွင် သူတို့၏ မျက်နှာလေးများ မထိန်းနိုင်မချုပ်နိုင် အနည်းငယ် ပူထူလာခဲ့ကြပြီး သူတို့၏ နှလုံးသားများမှာလည်း တုန်လှုပ်သွားခဲ့ကြသည်။
“ဝံပုလွေဖေဖေ့ရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းက အဆင့်တစ်ခုကို ကျော်လွန်နေပြီ၊ ကိုယ်ပိုင် ခွန်အားအကြောင်းတင် မဟုတ်တော့ဘဲ၊ အုပ်စုတစ်ခုလုံးရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ နည်းဗျူဟာပိုင်း ပူးပေါင်းဆောင်ရွက်မှု အကြောင်းကိုပါ စဉ်းစားနေတာပဲ...”
ရှောင်လန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး၊ ဝံပုလွေဖေဖေ၏ ကြိုတင်တွေးတောနိုင်စွမ်းနှင့် ရဲရင့်မှုတို့အပေါ် ထားရှိသော အံ့သြချီးကျူးမှုမှာ ပိုမို နက်ရှိုင်းလာခဲ့သည်။
“ဒီလို ရင်းနှီးမြှုပ်နှံမှုမျိုးက ကာလတိုအတွင်းမှာ ခွန်အား ပေါက်ကွဲထွက်လာသလိုမျိုး တိုးတက်လာတာကို မပြသနိုင်ပေမဲ့၊ ဝံပုလွေအုပ်စုတစ်ခုလုံးရဲ့ ရေရှည်အကျိုးစီးပွား အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်လောက်အောင်ပဲ...”
“ကျစ်... အဲဒီ လူသားစွမ်းအားနိုးထသူ အခြေစိုက်စခန်းတွေက ခေါင်းဆောင်တွေကြားမှာဆိုရင် ဒီလောက်အဆင့်မြင့်တဲ့ အရင်းအမြစ်တွေကိုသာ ရခဲ့ရင် ဆယ်ယောက်မှာ ဆယ်ယောက်လုံးက သူတို့ကိုယ်တိုင် အသုံးချဖို့ပဲ ရွေးချယ်ကြမှာ... ယုံကြည်ရတဲ့ လက်အောက်ငယ်သား တစ်ယောက်ကို ဝိညာဉ်သလင်းကျောက် တစ်ခုလောက် ပေးခဲ့ရင်တောင် အဲဒါက သဘောကောင်းတဲ့ ခေါင်းဆောင်လို့ သတ်မှတ်ခံနေရပြီ...”
ရှောင်ယင်းသည် ဤအရာကို သူမ၏ အတိတ်ဘဝက အတွေ့အကြုံများနှင့် နှိုင်းယှဉ်ရသည်ကို အကျင့်ဖြစ်လာခဲ့ပြီး နောက်ထပ် အေးစက်စက် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။
“ဝံပုလွေဖေဖေလိုမျိုး ခြေလှမ်း၀က်ဘုရင်အဆင့် မိစ္ဆာသားရဲကြီးရဲ့ အလောင်းကို သာမန် ထူးချွန်အဆင့် ဝံပုလွေတစ်ကောင်ကို တိုက်ရိုက် ကျွေးလိုက်တာမျိုးက... ဘယ်သူ့ကို သွားပြောပြော ယုံမှာမဟုတ်ဘူး၊ သူရူးနေပြီလို့ပဲ ထင်ကြမှာ...”
သို့သော် ဤရူးသွပ်မှု၏ နောက်ကွယ်ရှိ အမြော်အမြင်နှင့် သူ၏ ဝံပုလွေအုပ်စုအပေါ်ထားရှိသည့် ကိုယ်ကျိုးမဖက်သော အကြွင်းမဲ့ ဂရုစိုက်မှုတို့ကသာ သူတို့ကို ဖော်ပြ၍မရနိုင်သော လုံခြုံမှုနှင့် အံ့သြချီးကျူးမှုတို့ကို ပေးစွမ်းနေခြင်း ဖြစ်လေသည်။
အံဩဖွယ်ရာ လေ့ကျင့်ရေးတိုက်ပွဲသည် နောက်ဆုံးတွင် ထျန်းပင်းမှာ ပြင်းထန်သောရေခဲဝိညာဉ်ကို အပြည့်အဝ အသက်သွင်းလိုက်ပြီး လုံးဝသာလွန်သော ခွန်အားအားသာချက်ဖြင့် အနိုင်ရရှိသွားခဲ့သည်။
ရူးသွပ်သော အခြေအနေတွင် ထျန်းပင်း၏ အမြန်နှုန်း၊ ခွန်အားနှင့် တုံ့ပြန်မှုတို့ များစွာ တိုးတက်လာခဲ့သည်။ ၎င်းသည် ယင်းဖုန်း၏ ခံစစ်အခြေအနေတွင် သိမ်မွေ့သော အားနည်းချက်တစ်ခုကို ဖမ်းဆုပ်လိုက်မိပြီး လက်သည်းတစ်ချက်တည်းဖြင့် ရိုက်ချလိုက်ခြင်း ဖြစ်လေသည်။
သို့သော် ယင်းဖုန်းသည် ရှုံးနိမ့်သွားသော်လည်း ဂုဏ်ယူစရာကောင်းလှပေသည်။
သူ၏ စွမ်းဆောင်ရည်သည် ပတ်ဝန်းကျင်ရှိ နှင်းဝံပုလွေများအားလုံး၏ ရိုးသားပြီး ရိုသေလေးစားသော ဂုဏ်ပြုညီးတွားသံများကို ရရှိစေခဲ့ရုံသာမက၊ ထျန်းပင်းကိုလည်း သူ၏ အစောပိုင်းက အထင်အမြင်သေးမှုများအားလုံးကို ပြောင်းလဲသွားစေခဲ့ပြီး ဤအသစ်မွေးဖွားလာသော အပေါင်းအဖော်ကို လက်ရည်တူအဖြစ်၊ တစ်နည်းအားဖြင့် ယုံကြည်ရလောက်သော လေးစားရသည့် ရဲဘော်ရဲဘက်တစ်ဦးအဖြစ် အမှန်တကယ် ရှုမြင်သွားစေခဲ့သည်။
“အာဝူး...(တကယ်ကို ရင်ခုန်စရာပဲ... ယင်းဖုန်း၊ နောက်တစ်ခါ အားရင် ထပ်ပြီး လေ့ကျင့်ကြသေးတာပေါ့...)” ထျန်းပင်းသည် ယင်းဖုန်း၏ပခုံးကို သူ၏ ဧရာမလက်သည်းကြီးဖြင့် ပုတ်လိုက်ရာ ယင်းဖုန်းကို အနည်းငယ် ဟန်ချက်ပျက်သွားစေလုနီးပါး ဖြစ်သွားစေခဲ့သည်။
ထျန်းပင်း၏ လေသံထဲတွင် အသိအမှတ်ပြုမှုများ ပြည့်နှက်နေလေသည်။
“အချိန်မရွေးပဲ ဦးလေးထျန်းပင်း...” ယင်းဖုန်းသည် ဟန်ချက်ပြန်ထိန်းလိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်ရာ၊ ထိုက်တန်သော ပြိုင်ဘက်တစ်ဦးကို တွေ့ရှိလိုက်ရသဖြင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုက ထျန်းပင်း၏ မျက်လုံးများထဲတွင် ပေါ်လာခဲ့သည်။
ထျန်းပင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ဆူပွက်နေပြီး အစောပိုင်း လက်ရည်စမ်းပွဲတွင် ထိန်းချုပ်ထားရသောကြောင့် ခန္ဓာကိုယ်အတွင်း စွမ်းအင်များဖြင့် ပြည့်လျှံနေသဖြင့် ၎င်း၏ ဧရာမဝံပုလွေခေါင်းကြီးကို လှည့်ကာ တိတ်ဆိတ်စွာ ကြည့်ရှုနေသော ရန့်မြဲ့အား ‘ရေခဲနှင့် မီး’ အားပြိုင်မှုတစ်ခုအတွက် ထပ်မံ စိန်ခေါ်ရန် ပြင်လိုက်ချိန်တွင်...
“ဝုတ်... အာဝူး...”
တိုတောင်းပြီး အလောတကြီးဖြစ်နေကာ အနည်းငယ် အလန့်တကြားဖြစ်နေပုံရသော ဝံပုလွေဟိန်းဟောက်သံတစ်ခုသည် တောအုပ်၏ အရှေ့တောင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး တဖြည်းဖြည်း ပိုမိုနီးကပ်လာခဲ့သည်။
ထိုအသံသည် ရွာအပြင်ဘက်ရှိ သက်ဝင်လှုပ်ရှား၊ တင်းမာနေသော လေထုကို ချက်ချင်းပင် ရိုက်ချိုးပစ်လိုက်လေသည်။
လင်းထျန်းလုံနှင့် အားအကြီးဆုံး နှင်းဝံပုလွေသုံးကောင် အပါအဝင် နှင်းဝံပုလွေများအားလုံးသည် အသံထွက်ပေါ်လာရာ အရပ်ဆီသို့ အကြည့်များကို ချက်ချင်း လွှဲလိုက်ကြသည်။
အပြင်ဘက်တွင် ကင်းလှည့်ရန်တာဝန်ကျသော မုဆိုးနှင်းဝံပုလွေ တစ်ကောင်သည် ရူးသွပ်နေသည့်အလား အရှိန်ဖြင့် အပြင်းအထန် ပြေးလာနေလေသည်။ ၎င်းတွင် ခြစ်ရာအချို့ ရှိနေပြီး အပြင်းအထန် အသက်ရှူနေကာ ၎င်း၏ မျက်လုံးများတွင် ပြင်းထန်သော ကြောက်ရွံ့မှုနှင့် သတိပေးချက်များ ပြည့်နှက်နေလေသည်။ ၎င်းသည် လင်းထျန်းလုံထံသို့ ခလုတ်တိုက်လုမတတ် အပြေးအလွှား ရောက်လာခဲ့ကာ၊ အသက်ရှူပင် မဝသေးဘဲ အလွန်အမင်း အရေးတကြီးဖြစ်နေသော ဟိန်းဟောက်သံနှင့် ကစဉ့်ကလျား အတွေးများကို ထုတ်လွှတ်လိုက်လေသည်။
“ဘုရင်ကြီး... မကောင်းတော့ဘူး... အရှေ့တောင်ဘက်... ကျွန်တော်တို့ရဲ့ ပုံမှန်အမဲလိုက်ကွင်းပြင် အစွန်အဖျားမှာ... ခြေနှစ်ချောင်းသားရဲတွေရဲ့ တည်ရှိမှုကို ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်... အများကြီးပဲ... အရမ်းကို များလွန်းတယ်... ပြီးတော့... ပြီးတော့ သူတို့က အရမ်း အန္တရာယ်များမယ့်ပုံပဲ...”
ရန်သူ တိုက်ခိုက်လာတယ်လား...
ဤစကားလုံးသည် နှင်းဝံပုလွေများအားလုံး၏ တိုက်ပွဲဝင်စိတ်ဓာတ်များကို ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ချက်ချင်း ငြိမ်းသတ်ပစ်လိုက်ပြီး၊ ရုတ်တရက် မြင့်တက်လာသော သတိဝီရိယနှင့် ထိတ်လန့်မှု အရိပ်အယောင်များ အစားထိုး ဝင်ရောက်လာခဲ့သည်။
အထူးသဖြင့် ပြီးခဲ့သည့်အကြိမ်က လူသား တရားမဝင် အမဲလိုက်သူများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရဖူးသော ဝံပုလွေများ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာခဲ့သည်။