သစ်ပင်အိမ်လေးအတွင်း အချိန်နှင့်လေဟာနယ် ထပ်တူကျကာ အဆင့်မြင့် ကျင့်ကြံခြင်းနယ်မြေ ခဏတာဖြစ်တည်လာခြင်း
Vol. 8 Ch. 80
သစ်ပင်အိမ်လေးထဲတွင် လေထုသည် လေးလံနေကာ ရေများအေးခဲသွားပြီး အသက်ရှူရ ခက်ခဲလာသကဲ့သို့ ဖြစ်နေလေသည်။ အားနည်းသော်လည်း မြန်ဆန်နေသော အသက်ရှူသံ နှစ်ခုကသာ ဤနေရာသည် လူမနေသည့်နေရာမဟုတ်ကြောင်း ဖော်ပြနေသည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့သည် နီးနီးကပ်ကပ် ထိုင်နေကြပြီး သူတို့၏ မျက်နှာငယ်လေးများမှာလည်း ဖြူရော်နေလေသည်။
တံခါးအက်ကွဲကြောင်း ပါးပါးလေးမှတစ်ဆင့် သူတို့သည် ယင်းဖုန်း စိတ်ချင်းဆက်သွယ်မှုဖြင့် ပြန်လည်ပေးပို့လိုက်သော ရှင်းလင်းအေးစက်သည့် စကားလုံးတိုင်းကို ကြားလိုက်ရုံသာမက၊ အပြင်ဘက်ရှိ ဝံပုလွေဖေဖေ၊ လင်းထျန်းလုံထံမှ ထွက်ပေါ်လာသည့် ပတ်ဝန်းကျင် လေထုကိုပင် အေးခဲသွားစေနိုင်လောက်အောင် ကြက်သီးထဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များကိုလည်း ရှင်းလင်းစွာ ခံစားလိုက်ကြရသည်။
“လူသား ဆယ့်သုံးယောက်... လက်နက် အပြည့်အစုံ... လေ့ကျင့်မှု ကောင်းကောင်းရှိထားတယ်... ရှင်းလင်းတဲ့ ရည်ရွယ်ချက် ရှိတယ်... စနစ်တကျ ရှာဖွေနေကြတယ်လား...” ရှောင်လန်သည် သူမ၏ အောက်နှုတ်ခမ်းကို အလိုအလျောက် ကိုက်ထားမိပြီး တစ်ဦးတည်း ရေရွတ်နေသည်။
သူမ၏ ရေခဲပြာရောင် မျက်ဝန်းများထဲတွင် ကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်မှုများ မရှိတော့ဘဲ၊ သူမ၏ အသက်အရွယ်နှင့် လုံးဝမလိုက်ဖက်လှသော လေးနက်တည်ကြည်မှုနှင့် ထက်မြက်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။ “ဒီလို ပြင်ဆင်မှုမျိုးက... သေချာလေ့ကျင့်ထားတဲ့ အထူးကင်းထောက်အဖွဲ့တစ်ခု၊ ဒါမှမဟုတ် အဲဒီထက်တောင် ပိုအားကောင်းနေနိုင်သေးတယ်... အရင်က ငါတို့ ကြုံခဲ့ရတဲ့ အဲဒီ ပရမ်းပတာ တရားမဝင် အမဲလိုက်သူတွေနဲ့ လုံးဝမတူဘူး...”
“ပြဿနာပဲ... တကယ့် ပြဿနာပဲ...” ရှောင်ယင်း မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
ခရမ်းရောင်ရင့်ရင့် မျက်ဝန်းများ၏ အနက်ထဲတွင် အတိတ်ဘဝက မိစ္ဆာဧကရီ တစ်ပါး၏ ရက်စက်ကြမ်းတမ်းမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် တောက်ပသွားခဲ့သော်လည်း၊ အတင်းအကြပ် ဖိနှိပ်ခံလိုက်ရသကဲ့သို့ ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော စိုးရိမ်ပူပန်မှုများဖြင့် အစားထိုးခံလိုက်ရလေသည်။
“ဒီလူတွေ... သူတို့က သေချာပြင်ဆင်ပြီးမှ လာကြတာပဲ... သူတို့ သယ်လာတဲ့ လက်နက်တွေက လက်ရှိ နှင်းဝံပုလွေအုပ်စုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ၊ အသက်အန္တရာယ်ဖြစ်စေဖို့ လုံလောက်တယ်...”
လောက၏ ထိပ်ခေါင်တွင် ရပ်တည်ခဲ့ဖူးသော သူတစ်ယောက်အနေဖြင့်၊ ဤကဲ့သို့သော သေသပ်၊ သပ်ရက်ပြီး စနစ်တကျ လှုပ်ရှားတတ်သော လက်နက်ကိုင်အဖွဲ့များ ပိုင်ဆိုင်ထားသည့် ဖျက်ဆီးနိုင်စွမ်းကို သူတို့ ကောင်းစွာ သိရှိထားကြသည်။
သာမန် အဆင့်နိမ့် မိစ္ဆာသားရဲများ၊ ထူးချွန်အဆင့်အောက်ရှိ သားရဲများမှာ အပြတ်အသတ်သာလွန်သော အရေအတွက် အားသာချက်မရှိဘဲ အဆင့်မြင့် သေနတ်များနှင့် ပေါက်ကွဲစေတတ်သည့် အရာများ တပ်ဆင်ထားသည့် အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ပြေးဝင်တိုက်ခိုက်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင်။
စနိုက်ပါများ၏ ပစ်မှတ်ထားခြင်းကို ခံရလျှင်ဖြစ်စေ၊ သို့မဟုတ် လောင်ချာများနှင့် ပြင်းထန်သော လက်ပစ်ဗုံးများ၏ ပစ်ခတ်မှုကြားတွင် ပိတ်မိသွားလျှင်ဖြစ်စေ ထူးချွန်အဆင့် မိစ္ဆာသားရဲတစ်ကောင်ပင်လျှင် ချက်ချင်း ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်ပြီး၊ သေဆုံးသွားနိုင်လေသည်။
“ရှောင်ယင်း... နင်မှတ်မိသေးလား...” ရှောင်လန်သည် အတွေးမှတစ်ဆင့် ရှောင်ယင်းကို ပြောလိုက်ပြီး သူမ ပေးပို့လာသော အတွေးထဲတွင် သိပ်မသိသာသော တုန်ယင်မှု အနည်းငယ် ပါဝင်နေလေသည်။
“ပြီးခဲ့တဲ့ အကြိမ်... အဆင့်နိမ့် အမဲလိုက်သေနတ်တွေနဲ့ လက်နက်ကြီးတစ်ခုတည်းကိုပဲ ကိုင်ဆောင်ထားတဲ့ အဲဒီ တရားမဝင် အမဲလိုက်သူတွေနဲ့တောင်မှ.....”
“သူတို့ ဖြစ်ပေါ်စေခဲ့တဲ့ ကစဉ့်ကလျား အခြေအနေတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုလေ... နင်မှတ်မိတယ်မလား၊ တကယ်လို့ အပြင်ဘက်က အဖွဲ့သာဆိုရင်၊ ပိုအားကောင်းတဲ့ လက်နက်တွေနဲ့ အဆပေါင်းများစွာ သာလွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေသာ ရှိနေရင်...”
“ကျစ်...” ရှောင်ယင်းသည် စိတ်ထဲမှ စုပ်သပ်လိုက်မိပြီး၊ ပြန့်နှံ့နေသော ကြောက်ရွံ့နေသည့် အတွေးများကို အတင်းအဓမ္မ ဖြတ်တောက်လိုက်သည်။
“ဒီလို အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်နေလို့ ဘာအကျိုးရှိမှာလဲ... ဝံပုလွေဖေဖေကလည်း အရင်တုန်းကလို မဟုတ်တော့ဘူး... ဦးလေးရန့်မြဲ့နဲ့ ဦးလေးထျန်းပင်းလည်း ပိုသန်မာလာကြပြီပဲ... ပြီးတော့ အခု ငါတို့ဆီမှာ ဦးလေးယင်းဖုန်းလည်း ရှိနေပြီလေ... ဒါ့အပြင် အရင်တစ်ခေါက်ကလည်း နောက်ဆုံးမှာ ငါတို့ပဲ အနိုင်ရခဲ့တာ မဟုတ်ဘူးလား...”
ထိုသို့ ပြောလိုက်သော်ငြားလည်း သူတို့၏ နှလုံးသားထဲရှိ တင်းမာမှုများသည် အနည်းငယ်မျှပင် လျော့ကျသွားခြင်း မရှိပေ။
ယုတ္တိကျကျဆိုရလျှင် အပြင်ဘက်တွင် ချဉ်းကပ်လာသော ခြိမ်းခြောက်မှုသည် သူတို့ ယခင်က ရင်ဆိုင်ခဲ့ဖူးသော မည်သည့်ရန်သူထပ်မဆို ကွဲပြားခြားနားနေပြီး ရင်ဆိုင်ရခက်မည်ဖြစ်ကြောင်း သူတို့၏အသိဉာဏ်က သူတို့ကို ရှင်းရှင်းလင်းလင်း ပြောပြနေလေသည်။
အကြွင်းမဲ့ယုံကြည်မှုနှင့် အသိဉာဏ်တို့ ယှဉ်ပြိုင်ရာမှ ပေါက်ဖွားလာသော ဤဖိအားသည် သူတို့၏ နှလုံးသားများကို ဆုပ်ကိုင်ထားသော မျက်စိဖြင့်မမြင်ရသည့် အေးစက်စက် လက်တစ်ဖက်ကဲ့သို့ ဖြစ်နေပြီး အသက်ရှူရ ခက်ခဲစေလေသည်။
“သေစမ်း...” ရှောင်ယင်းသည် စိတ်ထဲမှ မကျိန်ဆဲဘဲမနေနိုင်တော့ပေ။ “နင်းမြို့တော်နဲ့ ပတ်သက်တဲ့ ဝိညာဉ်ခေတ်ထဲက မှတ်တမ်းတွေက မှုန်ဝါးနေပြီး ယေဘုယျ အခြေအနေတွေကိုပဲ အဓိကထား ဖော်ပြထားတာ... ဒီအချိန်မှာ စနစ်တကျ ဖွဲ့စည်းထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ထျန်းစန်းတောအုပ်ကြီးရဲ့ အနက်ထဲထိ ဝင်ရောက်လာတယ်ဆိုတဲ့ အကြောင်းကို တစ်ခါမှ မဖော်ပြထားဘူးလေ... သူတို့က ဘယ်ကနေလာကြတာလဲ... ဘယ်အဖွဲ့အစည်းကလဲ...”
သူမနှင့် ရှောင်လန်တို့သည် သူတို့၏ အတိတ်ဘဝများတွင် နင်းမြို့တော်၏ မူလနေထိုင်သူများ မဟုတ်ခဲ့ကြပေ။ ဤမြို့နှင့် ပတ်သက်သော သူတို့၏ ဗဟုသုတများသည် ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာခြင်း ခေတ်ကြီး၏ ခမ်းနားထည်ဝါသော သမိုင်းကြောင်းများကို မှတ်တမ်းတင်ထားသည့် ဝိညာဉ်ခေတ်အကြောင်း မှတ်စုများထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
နင်းမြို့တော်” ဆိုသည့် အမည်ကို သူတို့ မှတ်မိနေရခြင်းမှာ အများအားဖြင့် ၎င်းသည် မြောက်ပိုင်းဒေသတွင် အကြီးစား သားရဲဒီရေလှိုင်းတစ်ခုကြောင့် လုံးဝဖျက်ဆီးခံလိုက်ရသည့် ပထမဆုံးသော ဒုတိယအဆင့် မြို့တော်အဖြစ် မှတ်တမ်းတင်ခံထားရပြီး၊ ၎င်း၏ ကံကြမ္မာသည် အစောပိုင်းခေတ်၏ အဖြစ်ဆိုး မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေသောကြောင့် ဖြစ်လေသည်။
ဝိညာဉ်ခေတ်မှတ်တမ်းကို သေချာ ဖတ်ရှုခဲ့ဖူးသဖြင့်၊ သူတို့နှစ်ဦးလုံးတွင် နင်းမြို့တော် ဧရိယာတစ်ဝိုက်တွင် ပေါ်ပေါက်လာခဲ့သော လူသားအင်အားစုများ၏ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ဝေဝါးဝါး မှတ်ဉာဏ်အချို့ ရှိနေသေးလေသည်။
“နင် ဟိုတစ်ခု မှတ်မိသေးလား...” ရှောင်လန်သည် သူမ၏ စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း သူမ၏ ကစဉ့်ကလျားဖြစ်နေသော မှတ်ဉာဏ်များကြားမှ နင်းမြို့တော်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ရှာဖွေကြည့်လိုက်သည်။
“ဝိညာဉ်ခေတ်ရဲ့ မြောက်ပိုင်းဒေသ မှတ်တမ်းတွေမှာ ဖော်ပြထားတာက နင်းမြို့တော် အပျက်အစီးပုံကြီး ဖြစ်သွားပြီးနောက်ပိုင်းမှာ၊ အဲဒီအပျက်အစီးတွေကြားက နောက်ဆုံး ကျန်ရစ်ခဲ့ပြီး တည်ငြိမ်သွားခဲ့ကြတဲ့ လူသားအင်အားစုတွေက အဓိကအားဖြင့် ကြီးမားတဲ့ အခြေစိုက်စခန်း သုံးခုကို အခြေခံထားပြီး၊ အဓိက အဖွဲ့အစည်း သုံးခုကို ဖွဲ့စည်းထားတယ်ဆိုတာလေ...”
“အင်း...” ရှောင်ယင်းသည် ချက်ချင်း တုံ့ပြန်လိုက်ပြီး သူမ၏ အတွေးများမှာ လျင်မြန်စွာ အလုပ်လုပ်နေသည်။
“ငါ မှတ်မိတယ်... တစ်ခုက ခေတ်ဟောင်းက စစ်တပ်အခြေစိုက်စခန်းနဲ့ လက်နက်တိုက်ကို သိမ်းပိုက်ထားတဲ့ ‘သံမဏိဒိုင်းကာ ကင်းစခန်း’၊ မူလ မြို့စောင့်တပ်ဖွဲ့ရဲ့ အကြွင်းအကျန်တွေ၊ ကင်းစောင့်တွေနဲ့ အသက်ရှင်ကျန်ရစ်သူ အများအပြားက အဲ့ထဲမှာ အဓိကအင်အားစု၀င်တွေပဲ... သူတို့က တရားဝင် အဖွဲ့အစည်းပုံစံမျိုးပဲ၊ ကာကွယ်ရေးနဲ့ စည်းကမ်းပိုင်းကို အဓိကထားတယ်...”
“နောက်တစ်ခုက လူမိုက်အဖွဲ့အစည်းဟောင်းတွေ၊ ဂိုဏ်းဝင်တွေနဲ့ လူ့အဖွဲ့အစည်းရဲ့ အပယ်ခံတွေ အဓိကပါဝင်တဲ့ ‘သွေးစွန်းလက်သည်းဂိုဏ်း’၊ သူတို့က စပါးတွေနဲ့ ထောက်ပံ့ရေး စင်တာတချို့ကို ထိန်းချုပ်ထားတယ်... သူတို့ထဲက အများစုက ရက်စက်ကြမ်းကြုတ်ပြီး ရန်လိုကြတယ်...”
“နောက်ဆုံးတစ်ခုကတော့ ခေတ်ဟောင်းက ဇီဝဗေဒ သုတေသန အဖွဲ့အစည်းတစ်ခုရဲ့ နေရာမှာ အခြေစိုက်ထားတဲ့ ‘မီးပွား သုသေသနပညာရှင်အသင်း’၊ အစောပိုင်းမှာ စွမ်းအားနိုးထလာတဲ့ ပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ နည်းပညာရှင်တွေနဲ့ ဖွဲ့စည်းထားတယ်... သူတို့ရဲ့ အရေအတွက်က နည်းနိုင်ပေမဲ့၊ သူတို့ ပိုင်ဆိုင်ထားတဲ့ အသိပညာတွေနဲ့ အလားအလာရှိတဲ့ အဆင့်မြင့် နည်းပညာတွေကိုတော့ အထင်သေးလို့ မရဘူး...”
“ဒီအင်အားစုသုံးခုရဲ့ ခေါင်းဆောင်တွေအားလုံးက နောက်ပိုင်းမှာ သက်ဆိုင်ရာ ဧရိယာတွေကို လွှမ်းမိုးထားနိုင်တဲ့ ဘုရင်အဆင့် ကျင့်ကြံသူတွေ ဖြစ်လာခဲ့ကြတာပဲ...” ရှောင်လန်က ထပ်ဖြည့်ပြောလိုက်ပြီး ဤအချက်အလက်များမှတစ်ဆင့် သဲလွန်စများကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားလိုက်သည်။
“သံမဏိဒိုင်းကာ ကင်းစခန်းရဲ့ တပ်မှူး ‘မယိမ်းယိုင်သော ကျောက်ဆောင်ဘုရင်’ လိန့်ဟောင်... သူ့ရဲ့ အကာအကွယ်က ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူးလို့တောင် ဆိုကြတယ်"
“ပြီးတော့ သွေးစွန်းလက်သည်းဂိုဏ်းရဲ့ ခေါင်းဆောင် ‘မသေဆုံးနိုင်သော မီးတောက်ဘုရင်’ ဟော်ကျန်း... သူ့ရဲ့ မီးတောက်နဲ့ ပြန်လည်ကုသနိုင်စွမ်းက တစ်ဘက်သူကို အရမ်းအခက်တွေ့စေတယ်”
“ နောက်ဆုံးတစ်ယောက်က ‘မီးပွား သုသေသနပညာရှင်အသင်း’ ရဲ့ ဥက္ကဋ္ဌ ‘ဝိညာဉ်စက်ယန္တရားဘုရင်’ ယန်ချင်းယွမ်... သူက ရှုပ်ထွေးတဲ့ ဝိညာဉ်စွမ်းအင် လက်နက်တွေကို ထိန်းချုပ်နိုင်ပြီး သူဖန်တီးထားတဲ့ အရာတွေကိုတောင် အသက်သွင်းပေးနိုင်တယ်”
“ဒီသုံးယောက်က နောက်ပိုင်းကာလတွေမှာ ပျက်စီးနေတဲ့ နင်းမြို့တော်ကြီးရဲ့ စစ်မှန်တဲ့ အုပ်စိုးသူတွေ ဖြစ်ခဲ့ကြတယ်...”
“အထူးသဖြင့် အဲဒီ ‘မသေဆုံးနိုင်သော မီးတောက်ဘုရင်’ ဟော်ကျန်းပဲ...” ရှောင်ယင်းသည် ဤအမည်နှင့် ပတ်သက်၍ အထူးတလည် နက်နက်ရှိုင်းရှိုင်း မှတ်မိနေပြီး၊ သတိထားမှု အရိပ်အယောင်တစ်ခုပင် ပါဝင်နေလေသည်။
“သူနိုးထလာတဲ့ စွမ်းရည်က အရမ်းကို ထူးဆန်းပြီး အတော်လေး အားကောင်းတယ်လို့ ပြောကြတယ်၊ ပြီးတော့ သူ့ရဲ့ စိတ်နေစိတ်ထားကလည်း ရက်စက်ကြမ်းကြုတ်ပြီး အသေးအမွှားလေးက အစ ကလဲ့စားချေတတ်တယ်”
“သူက နောက်ပိုင်းကာလတွေမှာ နင်းမြို့တော်ရဲ့ ခေါင်းခဲစရာအကောင်းဆုံး ဗိုလ်ကျအုပ်စိုးသူတွေထဲက တစ်ယောက်တောင် ဖြစ်ခဲ့တာ... ကောလာဟလတွေအရ သူ မချမ်းသာခင်တုန်းက မှောင်ခိုစီးပွားရေး လုပ်ငန်းမျိုးစုံကို လုပ်ကိုင်ခဲ့ပြီး သေမှာမကြောက်တဲ့ ရာဇဝတ်ကောင် အများကြီးကိုလည်း သူ့လက်အောက်မှာ စုစည်းထားခဲ့တယ်လို့ ပြောကြတယ်”
တကယ်လို့ အပြင်ဘက်က လူတွေသာ သွေးစွန်းလက်သည်းဂိုဏ်းက လွှတ်လိုက်တဲ့သူတွေ ဆိုရင်တော့... သူတို့ရဲ့ ရည်ရွယ်ချက်က သာမန်မဖြစ်နိုင်ဘူး၊ အမဲလိုက်ဖို့ ဒါမှမဟုတ် အရင်းအမြစ်တွေ စုဆောင်းဖို့ထက် အများကြီး ပိုနိုင်တယ်...”
ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ ကလေးငယ်နှစ်ဦးလုံး၏ နှလုံးသားများ နစ်မြုပ်သွားပြီး သူတို့၏ ကျောရိုးတစ်လျှောက် အအေးဓာတ်များ စိမ့်တက်လာလေသည်။
သို့သော် သူတို့၏ အတွေးများသည် ဤနေရာတွင် ရပ်တန့်မသွားခဲ့ပေ။ သူတို့၏အတွေးများက လူသားအင်အားစုများ၏ အန္တရာယ်အပြင်၊ ဝိညာဉ်ခေတ်မှတ်တမ်းထဲတွင် မှတ်တမ်းတင်ထားသော နင်းမြို့တော် ဖျက်ဆီးခံရခြင်း၏ နောက်ထပ် အကြောင်းရင်းတစ်ခုဆီသို့ သူတို့ကို ခေါ်ဆောင်သွားခဲ့သည်။
၎င်းမှာ ပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲ နယ်မြေများမှ ပူးပေါင်းတိုက်ခိုက်မှုပင်။
“နေဦး...” ရှောင်လန်သည် ရုတ်တရက် အဓိကအချက်တစ်ခုကို ဖမ်းဆုပ်မိသွားသယောင်ရှိပြီး သူမ၏ ကျယ်ပြန့်လှသော မှတ်ဉာဏ် အပိုင်းအစများအား ရှာဖွေကြည့်နေခဲ့သည်။
“ဝိညာဉ်ခေတ် နင်းမြို့တော်ဖျက်ဆီးခံခဲ့ရတုန်းက အဲဒီ ကမ္ဘာတုန်ဟီးစေလောက်တဲ့ တိုက်ပွဲကြီးအကြောင်းကို ဖော်ပြတဲ့အချိန်မှာ... ထျန်းစန်းတောင်တန်းဘက်ကနေ လူသားတွေရဲ့ ပထမဆုံး ကာကွယ်ရေးလိုင်းကို နှင်းပြိုကျသလိုမျိုး အရင်ဆုံး ချေမှုန်းပစ်ခဲ့တာက အစွမ်းထက်တဲ့ သားရဲဘုရင် လေးကောင်ပဲလို့ အတည်အလင်း ဖော်ပြထားခဲ့တယ်... အဲ့သားရဲလေးကောင်က ‘အရိပ်မီးတောက်ကျားသစ်ဘုရင်’၊ ‘ရေခဲဝိညာဉ် သွေးဆိုးအိပ်မက်’၊ ‘မိုးကြိုးအကျဉ်းထောင် ဧကရာဇ်’... နဲ့... ပြီးတော့...”
“ပြီးတော့ ဘာလဲ...” ရှောင်ယင်းသည် အလျင်စလို မေးလိုက်ရာ ဤနေရာတွင် သူမ၏ မှတ်ဉာဏ်သည်လည်း အနည်းငယ် မှုန်ဝါးနေလေသည်။
“...ပြီးတော့ နောက်ဆုံတစ်ကောင်... အဲ့တစ်ကောင်ရဲ့ ဘွဲ့နာမည်က... ‘နှင်းဧကရာဇ်’ တဲ့...” ရှောင်လန်သည် နောက်ဆုံးတွင် ဤဘွဲ့နာမည်ကို သူမ၏ နက်ရှိုင်းစွာ မြှုပ်နှံထားသော မှတ်ဉာဏ်များထဲမှနေ၍ တူးဖော်ထုတ်ယူနိုင်ခဲ့လေသည်။
“နှင်းဧကရာဇ်လား...” ရှောင်ယင်းသည် အနည်းငယ် ကြက်သေသေသွားပြီး၊ ခမ်းနားထည်ဝါမှုနှင့် အေးစက်စက် အငွေ့အသက်များ ပြည့်နှက်နေသည့် ထိုအမည်အကြောင်းကို အလိုအလျောက် ပြန်လည် စဉ်းစားနေမိသည်။ “အဲဒီနာမည်က... နားထောင်ရတာ...”
“အဲဒီ နှင်းဧကရာဇ် ဆိုတာက... ဝံပုလွေဖေဖေများ ဖြစ်လာမလား၊ နင် ဘယ်လိုထင်လဲ...” ရှောင်လန်သည် မျှော်လင့်ချက်အနည်းငယ်နှင့်အတူ မသေချာမှုများဖြင့် ခန့်မှန်းလိုက်သည်။
“တကယ်လို့ ဝံပုလွေဖေဖေသာ အနာဂတ်မှာ အဲဒီ အစွမ်းထက်တဲ့ သားရဲဘုရင် လေးကောင်ထဲက တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင်၊ အနည်းဆုံးတော့ သူက အစောပိုင်း အကျပ်အတည်းတွေ အားလုံးကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး အစွမ်းထက်လာခဲ့တယ်ဆိုတာကို သက်သေပြနေတာပဲ”
သို့သော်လည်း ရှောင်ယင်း၏ တုံ့ပြန်မှုမှာ မျက်စိဖြင့်မမြင်ရသော အပ်တစ်ချောင်းဖြင့် အထိုးခံလိုက်ရသည့်အလား ခုန်ပေါက်လုနီးပါး ဖြစ်နေခဲ့သည်။
“ဘုရားရေ... ‘နှင်း’တဲ့လား... အဲဒီစကားလုံးကို သေချာ စဉ်းစားကြည့်စမ်း... အဲဒီ လွှမ်းမိုးနိုင်စွမ်း အားကောင်းတဲ့ အစွန်းရောက် အအေးဓာတ်နဲ့ အာဏာစက် ခံစားချက်ကြီးက... ဝံပုလွေဖေဖေ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအင် ခံစားချက်နဲ့ နည်းနည်း ကွာခြားနေတယ်... အဲဒီအစား... အဲဒီအစား ဦးလေးရန့်မြဲ့ရဲ့ ရေခဲဝိညာဉ်ပင်ကိုစွမ်းရည်ကနေ ထွက်ပေါ်လာတဲ့ သန့်စင်တဲ့ အအေးဓာတ်စွမ်းအင်ရဲ့ ခမ်းနားထည်ဝါမှုနဲ့ ပိုတူနေတယ်လေ...”
“ဟင်...”
ရှောင်လန်သည် သူမ၏ ခေါင်းထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး လုံးဝ ဗလာကျင်းသွားလေတော့သည်။
“နင်... နင် ဆိုလိုတာက...” သူမ ပေးပို့လာသော အတွေးများမှာ တုန်ရီလာပြီး ရှေ့နောက်မညီ ဖြစ်လာခဲ့သည်။
“အတိအကျပဲ... ငါ့ရဲ့ အလိုအလျောက် အသိစိတ်က အရမ်းအားကောင်းတယ်...” ရှောင်ယင်း၏ လေသံသည် ယခင်က တစ်ခါမှ မရှိခဲ့ဖူးသည့် လေးနက်တည်ကြည်မှု၊ အေးစက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“သေချာ စဉ်းစားကြည့်စမ်းပါ... လက်ရှိ နှင်းဝံပုလွေအုပ်စု တစ်ခုလုံးမှာ ဘယ်သူ့ရဲ့ စွမ်းအင် လက္ခဏာရပ်တွေက ‘နှင်း’ ဆိုတဲ့ စာလုံးရဲ့ အဓိကအယူအဆနဲ့ အနီးစပ်ဆုံး ဖြစ်နေတာလဲ... ဘယ်သူ့ရဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းက အစွန်းရောက် အအေးဓာတ်နဲ့ အေးခဲတိတ်ဆိတ်မှုဘက်ကို သီးသန့် ဦးတည်နေတာလဲ... ဝံပုလွေဖေဖေ့ရဲ့ လက်အောက်မှာ ဘယ်သူ့ရဲ့ ခွန်အားက တည်တည်ငြိမ်ငြိမ်ရှိနေပြီး ကျန်တဲ့ မျိုးနွယ်စုဝင်တွေထက် အများကြီး သာလွန်နေတာလဲ”
“ပြီးတော့ ခွန်အား၊ သြဇာလွှမ်းမိုးမှု ဒါမှမဟုတ် အလားအလာ၊ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် ဝံပုလွေဖေဖေပြီးရင် မျိုးနွယ်စုတစ်ခုလုံးကို ဦးဆောင်ရမယ့် ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အဖြစ်နိုင်ဆုံးနဲ့ အသင့်တော်ဆုံး သူက ဘယ်သူလဲ... ဦးလေးရန့်မြဲ့ပဲလေ...”
သူတို့၏ စိတ်များကို အထိန်းအကွပ်မဲ့စွာ တုန်ခါသွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော နားလည်သဘောပေါက်မှုတစ်ခု၊ ဧကရီနှစ်ပါး၏ စိတ်ထဲတွင် ရူးသွပ်စွာ ပေါက်ကွဲထွက်လာခဲ့သည်။
“ဖြစ်နိုင်တာက...” ရှောင်ယင်း၏ အသံထဲတွင် ခြောက်သွေ့မှု အရိပ်အယောင်တစ်ခုပင် ပါဝင်နေလေသည်။