အခန်း (၂၂၁)
Vol. 23 Ch. 221
ကယ်တော်မူပါ ဘိုးဘေးရေ…
ဘာသာပြန်သူ-Chang’e
Book 23 Chapter 221 to 230
အပိုင်း (၂၂၁)
"ဒီ ပင်-၀၆၈၈ က ငါတို့နဲ့ ရန်ငြိုးရှိလို့များလား..."
"သူတော်စင်အဆင့် မိစ္ဆာလက်နက်တစ်လက်ကို အထက်တန်းစား မိစ္ဆာကျောက်တုံး ၁ သန်း ၅ သိန်း ပေးဝယ်ရလောက်အောင် တန်လို့လား..."
လီလီဗီသည် အခြေအနေ မူမမှန်ကြောင်း လျင်မြန်စွာ သတိထားမိလိုက်သည်။
ရှီမင်သည်လည်း ထိုနည်းတူ ခံစားရသည်။တစ်ဖက်လူသည် သူတို့နှင့် တမင်တကာ ရန်စနေခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် စတုတ္ထအထပ် ကုန်းမြေတိုက်၌ သူတို့ ရန်စမိခဲ့သူမှာ အမှောင်နတ်ဘုရားငယ် တစ်ဦးသာ ရှိသည်။
'ဟမ့်... သခင့်ရဲ့ ကြွယ်ဝမှုကို လာယှဉ်ချင်နေတာလား... ကိုယ့်အင်အားကိုယ် မသိတဲ့ကောင်ပဲ...'
'ဒီလောက် ကုန်ကျစရိတ်လေးက ပြောပလောက်တာ မဟုတ်ဘူး...'
ရှီမင်သည် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ပြီး ဈေးထပ်တိုးလိုက်သည်။
"တင်း-၀၇၀ ၂ သန်း..."
နံပါတ် ၀၆၈၈ လေပျံမိစ္ဆာအိမ်ထဲတွင် အမှောင်နတ်ဘုရားငယ်၏ မျက်နှာပေါ်၌ လက်စားချေလိုက်ရသည့်အတွက် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဟားဟား... မင်းက သူတော်စင်အဆင့် လက်နက်တစ်လက်အတွက် ဘယ်လောက်အထိ ပေးနိုင်မလဲ ကြည့်ရသေးတာပေါ့..."
"ထပ်တိုးလိုက်..."
ဖန်သားပြင်ပေါ်မှ လေလံဈေးနှုန်းသည် တည်ငြိမ်ခြင်း မရှိသေးခင်မှာပင် ထပ်မံ ပြောင်းလဲသွားပြန်သည်။
"ပင်-၀၆၈၈ ၃ သန်း..."
"ဝိုး..."
လေလံကွင်းတစ်ခုလုံး ပွက်လောရိုက်သွားသည်။
အထက်တန်းစား မိစ္ဆာကျောက်တုံး ၃ သန်း ဆိုသည်မှာ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၃ တုံးနှင့် ညီမျှသည်။
သာမန် ပေါက်ဈေးအရဆိုလျှင် သူတော်စင်အဆင့် မိစ္ဆာလက်နက် ၃ ခုကိုပင် ဝယ်ယူနိုင်၏။
ဝတ်ရုံနက် ဝတ်ဆင်ထားသော ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးကမူ ဤအခြေအနေကို လျစ်လျူရှုထားသည်။ လေလံအိမ်၏ ပိုင်ရှင်ဖြစ်သဖြင့် ယှဉ်ပြိုင်နေသူများ မည်သူမည်ဝါ ဖြစ်ကြောင်း သူကောင်းစွာ သိရှိထားရာ အမှောင်နတ်ဘုရားငယ်နှင့် ရှီမင်တို့ ဝင်ခွင့်လက်မှတ်ကိစ္စတွင် ပြဿနာတက်ခဲ့သည်ကိုလည်း သိထားသည်။
သူ့အနေဖြင့် နှစ်ဖက်စလုံး အပြိုင်အဆိုင် ဖြစ်နေခြင်းကို ပို၍ပင် နှစ်သက်သဘောကျသည်။
သို့မှသာ လေလံအိမ်အနေဖြင့် ကော်မရှင်ခ အများအပြား ရရှိမည် မဟုတ်ပါလော။
နံပါတ် ၀၇၀ ဘုံကမ္ဘာထဲတွင် ဆိတ်ချိုမိစ္ဆာအသွင် ယူထားသော ကျုံးရှန်သည် စားပွဲပေါ်မှ အစားအစာများကို အေးအေးလူလူ စားသောက်ရင်း သစ်ပင်မိစ္ဆာလေး ဂရုခ်နှင့် စကားစမြည် ပြောဆိုနေသည်။
စိတ်ထဲတွင်မူ ရှီမင်နှင့် ဆက်သွယ်နေ၏။
'၅ သန်းအထိ တိုးလိုက်... အဲဒီထက်ကျော်ရင် လက်လျှော့လိုက်တော့...'
သခင်၏ ညွှန်ကြားချက်ကို ရရှိသည်နှင့် ရှီမင်သည် ချက်ချင်း ဈေးခေါ်လိုက်သည်။
"တင်း-၀၇၀ ၅ သန်း..."
ဤဈေးနှုန်း ပေါ်လာသည်နှင့် ဆူညံနေသော လေလံကွင်းကြီးသည် ချက်ချင်း တိတ်ဆိတ်သွားသည်။
မည်မျှ မောက်မာသော ပုဂ္ဂိုလ်မျိုးမှ ဤမျှ စိတ်ကြီးလက်ကြီး ဖြုန်းတီးနိုင်မည်နည်း။
ဤတစ်ကြိမ်တွင် ပင်-၀၆၈၈ သည် ထပ်မံ ဈေးလိုက်ခေါ်ခြင်း မရှိတော့ပေ။ မူလတန်ဖိုးထက် ၅ ဆ ၆ ဆ ပိုနေပြီ ဖြစ်ရာ လုံလောက်သွားပြီ ဖြစ်သည်။
အမှောင်နတ်ဘုရားငယ်သည် ကျေနပ်အားရစွာ ရယ်မောနေကာ သူ့ရင်ထဲမှ ဒေါသများ အနည်းငယ် လျော့ပါးသွားသလို ခံစားလိုက်ရသည်။
ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးသည် ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် မည်သူမျှ ထပ်မံ ဈေးမခေါ်တော့သဖြင့် ၃ ကြိမ် ကြေညာလိုက်ကာ နောက်ဆုံးတွင် သစ်သားတူကို ထုချလိုက်သည်။
"ဒီ အဆိပ် မိစ္ဆာဓားကို တင်း-၀၇၀ က ရရှိသွားပါပြီ..."
"မိစ္ဆာကျောက်တုံးများ အဆင်သင့် ပြင်ထားပါ... လွှဲပြောင်းရယူနိုင်ပါပြီ..."
ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်မှ မိစ္ဆာဓား ပျောက်ကွယ်သွားလျှင် နောက်တစ်ခဏ၌ သူ၏ ကိုယ်ပွားတစ်ခုသည် ဓားကို ကိုင်ဆောင်လျက် တင်း-၀၇၀ ဘုံကမ္ဘာထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။
ကျုံးရှန်သည် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၅ တုံးကို ကြိုတင် ထုတ်ထားပြီး ဖြစ်သည်။ ချက်ချင်းပင် လဲလှယ်လိုက်ကြပြီး မည်သည့်စကားမျှ ပြောဆိုခြင်း မရှိပေ။
ထို့နောက် လေလံကွင်းထဲတွင် ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီးသည် နောက်ထပ် လေလံပစ္စည်းကို မိတ်ဆက်လိုက်သည်။
"နောက်ထပ် ပစ္စည်းကတော့... သူတော်စင်အဆင့် ရူးသွပ်မိစ္ဆာဆေးလုံး တစ်ပုလင်းပါ..."
သံသယဖြစ်စရာ မလိုလောက်အောင်ပင် နောက်ဆက်တွဲ လေလံပစ္စည်းများအားလုံးသည် တင်း-၀၇၀ နှင့် ပင်-၀၆၈၈ တို့၏ စစ်မြေပြင် ဖြစ်လာခဲ့သည်။
အခြား မိစ္ဆာအရှင်သခင်များ ဝင်ရောက်စွက်ဖက်ခွင့် မရတော့ပေ။
စတုတ္ထအဆင့် နေရာတွင် ထိုင်နေကြသော ဝါရင့် မဟာမိစ္ဆာအရှင်သခင်ကြီးများပင်လျှင် ဤအခြေအနေကို ရူးသွပ်မှုဟု ထင်မြင်မိကြသည်။ လေလံပစ္စည်းအားလုံး၏ ဈေးနှုန်းသည် ပေါက်ဈေးထက် အနည်းဆုံး ၅ ဆကျော် မြင့်တက်နေသည်။
သူတော်စင်အဆင့် ပစ္စည်း ၇၆ မျိုးလုံးကို တင်း-၀၇၀ က သိမ်းကျုံး ဝယ်ယူသွားခြင်းဖြစ်ပြီး စုစုပေါင်း အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ရာချီ၍ ကုန်ကျခဲ့သည်။
ထိုကုန်ကျစရိတ်၏ အဓိက တရားခံမှာ ပင်-၀၆၈၈ ၏ ဈေးကိုင်မှုကြောင့် ဖြစ်သည်။
ထို့နောက် နတ်ဘုရားအဆင့် ပစ္စည်းများ အလှည့် ရောက်လာ၏။
ဤပစ္စည်းများကို တတိယအဆင့်နှင့် စတုတ္ထအဆင့်မှ မဟာမိစ္ဆာအရှင်သခင်ကြီးများလည်း စိတ်ဝင်စားလာကြပြီဖြစ်သည်။
သို့သော် ဝင်ရောက် ယှဉ်ပြိုင်သူ များပြားလာသော်လည်း တင်း-၀၇၀ အတွက် ဈေးနှုန်းတိုးပေးသူများ သက်သက်သာ ဖြစ်လာသည်။
နတ်ဘုရားအဆင့် ပစ္စည်းများသည် သူတော်စင်အဆင့် ပစ္စည်းများထက် ၁၀ ဆကျော် ဈေးကြီးပြီး တင်း-၀၇၀ကအကုန် လေလံအောင်သွားပြန်သည်။။
ပွဲကြည့်ပရိသတ် မိစ္ဆာများသည် သူတို့၏ တုန်လှုပ်မှုကို ဖော်ပြရန် စကားလုံးပင် ရှာမရတော့ပေ။
နတ်ဘုရားအဆင့် ပစ္စည်း ၃၇ မျိုးလုံးကို စုစုပေါင်း အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၂၀၀၀ နီးပါး ပေး၍ ဝယ်ယူသွားခြင်းဖြစ်ရာ ဤသည်မှာ မကြုံစဖူး ထူးကဲသော ဖြစ်ရပ်ပင်ဖြစ်သည်။
လူတိုင်းသည် တင်း-၀၇၀ တွင် ရှိနေသော သူဌေးကြီး၏ နောက်ခံအကြောင်းကို ခန့်မှန်းနေကြသည်။
ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး ကိုယ်တိုင်ပင်လျှင် ရှီမင်၏ အကြောင်းကို တိတ်တဆိတ် စုံစမ်းနေ၏။
အမှောင်နတ်ဘုရားငယ်မှာမူ အစပိုင်းတွင် စိတ်လှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် ငြီးငွေ့လာသည်။
"ဒီကောင်ရဲ့ ပိုင်ဆိုင်မှုက..."
"ရှေးဟောင်းမိစ္ဆာအရှင်သခင်ကြီးတွေရဲ့ ဘဏ္ဍာတိုက်တွေကိုများ ဖောက်လာတာလား..."
အမှောင်နတ်ဘုရားငယ်သည်လည်း တစ်ဖက်လူသည် လေလံဈေးတိုးလာမှုကို ဂရုမစိုက်ဘဲ ငွေဖြင့် သူ၏ မျက်နှာကို ရိုက်ပုတ်နေသကဲ့သို့ ခံစားလိုက်ရသဖြင့်ဆက်လက်ယှဥ်ပြိုင်ခြင်းမရှိဘဲလက်လျှော့လိုက်ရလေသည်။
သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ပစ္စည်းများအားလုံး ရောင်းချပြီးသွားပြီ ဖြစ်ရာ ယခုတွင် နောက်ဆုံး ပိတ်ပွဲ ပစ္စည်း ၃ မျိုး သာကျန်ရှိတော့သည်။
ပစ္စည်းတိုင်းသည် အလွန် ရှားပါးပြီး တန်ဖိုးကြီးသော အရာများ ဖြစ်ကြသည်။
"တင်း-၀၇၀ မဟာမိစ္ဆာအရှင်သခင်ကြီးက သူ့ရဲ့ ကြွယ်ဝမှုကို သက်သေပြသွားပါပြီ..."
"ဒါပေမဲ့ နောက်ထပ် လာမယ့် ပစ္စည်း ၃ မျိုးကိုတော့ လက်မလွှတ်ကြဖို့ မျှော်လင့်ပါတယ်..."
"ဒီတစ်ခါ လက်လွှတ်လိုက်ရင် နောက်ထပ် နှစ်သန်းပေါင်းများစွာ စောင့်ဆိုင်းရနိုင်ပါတယ်..."
ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး၏ စကားတွင် အရိပ်အမြွက်များ ပါဝင်နေသည်။
လေလံပွဲတစ်ခုလုံး တင်း-၀၇၀ တစ်ဦးတည်း၏ ပြပွဲ ဖြစ်သွားပါက ပျင်းစရာ ကောင်းလွန်းသည်။ အောင်မြင်သော လေလံပွဲတစ်ခု ဖြစ်လာစေရန် တက်ကြွလှုပ်ရှားမှု ရှိရမည်ဖြစ်သည်။
သူ၏စကားကြောင့် အားလုံး၏ စူးစမ်းလိုစိတ်များ ပြန်လည်နိုးကြားလာကာ ငိုက်မြည်းနေသော တတိယအဆင့်နှင့် စတုတ္ထအဆင့်မှ မဟာမိစ္ဆာအရှင်သခင်ကြီးများပင် ပြန်လည် လန်းဆန်းလာကြသည်။
"ကဲ... စကားရှည်မနေတော့ဘူး... နောက်ထပ် ပစ္စည်းကတော့... ပျက်စီးနေတဲ့ မိစ္ဆာနတ်ဘုရားအမြုတေ ပါ..."
"ဒီအမြုတေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ငရဲမီးမိစ္ဆာမျိုးနွယ် နဲ့ ခွေးမိစ္ဆာမျိုးနွယ် တို့ စစ်ဖြစ်တုန်းက ကျဆုံးသွားတဲ့ ခွေးနတ်ဘုရား ရဲ့ အမြုတေ ဖြစ်ပါတယ်..."
"အဲဒီတုန်းက ငရဲမီးမိစ္ဆာမျိုးနွယ်ရဲ့ အထွတ်အထိပ် ခေါင်းဆောင် ငရဲမီးမိစ္ဆာဘုရင် ကိုယ်တိုင် တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့အတွက်... ဒီအမြုတေက ပျက်စီးသွားခဲ့ရတယ်..."
"ဒါပေမဲ့ ပျက်စီးနေပေမယ့်လည်း ပြန်လည်သန့်စင်ပြီး အသုံးပြုလို့ ရပါသေးတယ်..."
"နှစ်သန်းပေါင်းများစွာ ပြန်လည်ပြုစုပျိုးထောင်လိုက်ရင် မူလအတိုင်း ပြန်ဖြစ်လာနိုင်ပြီး...ဒီနတ်ဘုရားအမြုတေ ကို ပိုင်ဆိုင်သူဟာ နတ်ဘုရားအမြုတေမရှိတဲ့ အဆင့်တူ မိစ္ဆာအရှင်သခင်တွေကို အလွယ်တကူ ဖိနှိပ်နိုင်မှာပဲ ဖြစ်ပါတယ်..."
"ဒီ ပျက်စီးနေတဲ့ မိစ္ဆာနတ်ဘုရားအမြုတေရဲ့ ကြမ်းခင်းဈေးကတော့ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၅၀ ပါ... ဈေးခေါ်တိုင်း အနည်းဆုံး ၃ တုံး တိုးပေးရပါမယ်... ဒါမဟုတ်...တန်ဖိုးညီမျှတဲ့ ရတနာပစ္စည်းတွေနဲ့လည်း လဲလှယ်ပေးချေနိုင်ပါတယ်... ကဲ...အခုပဲ..စတင်လိုက်ပါပြီ..."
ဤပစ္စည်းသည် မဟာမိစ္ဆာအရှင်သခင်ကြီးများအတွက် မဖြစ်မနေ ရယူရမည့် အရာဖြစ်သည်။
ငရဲကမ္ဘာကြီးတွင် နတ်ဘုရားအဆင့် သို့ ရောက်ရှိပြီး မိစ္ဆာအရှင်သခင် ဖြစ်လာသူများ မနည်းလှပေ။ သို့သော် မိစ္ဆာနတ်ဘုရားအမြုတေ ပိုင်ဆိုင်သော စစ်မှန်သော မိစ္ဆာနတ်ဘုရားမှာမူ အရေအတွက် အကန့်အသတ်ရှိပြီး ထိုအဆင့်နှစ်ခုကြား ကွာခြားချက်သည် မိုးနှင့်မြေပမာ ဖြစ်သည်။
ဤအမြုတေသည် ပျက်စီးနေသော်လည်း ပေါင်းစပ်လိုက်ပါက အဆင့်တူပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူနိုင်မည် ဖြစ်သည်။
လေလံကွင်းအတွင်း လေလံဈေးခေါ်နှုန်းသည် ရူးသွပ်စွာ ထိုးတက်လာသည်။
မဟာမိစ္ဆာအရှင်သခင်ကြီးများသည် မိမိတို့၏ ပိုင်ဆိုင်မှုများကို အသည်းအသန် စစ်ဆေးတွက်ချက်နေကြကာ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးများအပြင် ရှားပါးရတနာများကိုပါ ထည့်သွင်းစဉ်းစားလာကြပြီး အပြိုင်ဈေးခေါ်နေခြင်း ဖြစ်သည်။
"ပင်-၀၃၄၆ ၅၉ တုံး..."
"တင်း-၀၁၅ ၆၂ တုံး..."
"တင်း-၀၆၇ ၇၀တုံး..."
"ပင်-၀၁၁၆ ၇၃တုံး..."
လေလံကွင်းအတွင်း ရူးသွပ်မှုများ လျော့နည်းသွားသော်လည်း စိတ်အားထက်သန်မှုများ ပိုမို တိုးပွားလာသည်။
ကျုံးရှန်သည် ဤ မိစ္ဆာနတ်ဘုရားအမြုတေအတု ကို စိတ်ဝင်စားမှု မရှိပေ။
သို့သော် အမှောင်နတ်ဘုရားငယ် ဈေးခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေပြီး ထိုအချိန်ရောက်မှ ရှီမင်ကို ဝင်ရောက်ယှဉ်ပြိုင်ခိုင်းမည်ဟု ကြံရွယ်ထားလိုက်သည်။