← Chapters

အခန်း (၂၂၂)

Vol. 23 Ch. 222

အခန်း (၂၂၂)

Vol. 23 Ch. 222

အပိုင်း (၂၂၂)

ကျုံးရှန်၏ လက်ထဲတွင် မော်တျန်ပြောင်းလဲခြင်းဆေးလုံး အများအပြား ရှိနေသေးသည်။

ဤဆေးလုံးများသည် မိစ္ဆာတစ်ကောင်ကို မိစ္ဆာနတ်ဘုရား အတုအယောင်အဆင့်သို့ရောက်အောင် မြှင့်တင်ပေးနိုင်စွမ်းရှိ၏။ အာနိသင်ချင်း ယှဉ်ကြည့်လျှင် ယခုလေလံတင်နေသော ပျက်စီးနေသည့် မိစ္ဆာနတ်ဘုရားအမြုတေနှင့် မတိမ်းမယိမ်းပင် ဖြစ်သည်။

ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး ပြောကြားခဲ့သည့် နှစ်သန်းပေါင်းများစွာ ပြုစုပျိုးထောင်ပါက ဤပျက်စီးနေသော အမြုတေသည် ပြန်လည်ကောင်းမွန်လာနိုင်သည် ဆိုသည့် စကားနှင့် ပတ်သက်၍မူ ကျုံးရှန်က လေလုံးထွားခြင်း သက်သက်ဟုသာ မှတ်ယူထားလိုက်သည်။

ပျက်စီးနေသော မိစ္ဆာနတ်ဘုရားအမြုတေ ဖြစ်သည့်အတွက် အတွင်းပိုင်းရှိ ကောင်းကင်တာအို၏ အသိအမှတ်ပြုမှု စည်းမျဉ်းများသည်လည်း ပျက်စီးနေပြီးဖြစ်ရာ ကောင်းကင်တာအိုကိုယ်တိုင် လာရောက်ဖာထေးပေးမှသာလျှင် ပြန်လည်ကောင်းမွန်နိုင်မည် ဖြစ်သည်။

ယခင်က လေလံတင်ခဲ့သော သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ပစ္စည်းများကို ပြန်တွက်ကြည့်လျှင် အမှောင်နတ်ဘုရားငယ်ကြောင့် သူသည် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်ထောင်ကျော် အပိုသုံးစွဲခဲ့ရသည်။

ထို့ကြောင့် ကျုံးရှန်သည် ယခုတစ်ကြိမ်တွင် အဆပေါင်းများစွာ ပြန်လည်လက်စားချေရန်တေးထားလိုက်သည်။

အမှောင်နတ်ဘုရားငယ်သည် ကြွယ်ဝချမ်းသာသည် ဆိုစေဦးတော့ စနစ်ကို ပိုင်ဆိုင်ထားသော ကျုံးရှန်နှင့်မူ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

အကယ်၍ အမှောင်နတ်ဘုရားငယ်ကို ကျောက်တုံးထောင်ချီ အပိုသုံးစွဲအောင် လုပ်နိုင်ခဲ့လျှင် မွဲပြာကျသွားမည် မဟုတ်သော်လည်း အထိနာသွားမည်မှာ သေချာလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မဟာအမှောင်နတ်ဘုရား ချန်ထားရစ်ခဲ့သော အမွေအနှစ်အားလုံးကို ဆက်ခံရရှိခြင်း မရှိသေးသောကြောင့်ပင် ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ အမှောင်နတ်ဘုရားငယ်သည်လည်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားနေမိသည်။

တင်း- ၀၇၀ အခန်းပိုင်ရှင်သည် ပစ္စည်းတိုင်းကို သိမ်းကျုံးဝယ်ယူလိုသည့် ပုံစံရှိသော်လည်း ဤပျက်စီးနေသော မိစ္ဆာနတ်ဘုရားအမြုတေကိုမူ စိတ်ဝင်စားပုံ မရချေ။

ပျက်စီးနေသော မိစ္ဆာနတ်ဘုရားအမြုတေကိုယ်တိုင် အသုံးပြုရန် မလိုအပ်လျှင်ပင် လက်အောက်ငယ်သားများကို ပျိုးထောင်ပေးရန်အတွက် အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်သည်။

အမှောင်နတ်ဘုရားငယ် ကိုယ်တိုင်သည်လည်း ဤအမြုတေကို စိတ်ဝင်စားခြင်း မရှိပေ။ မတော်တဆမှု တစ်စုံတစ်ရာ မရှိခဲ့လျှင် သူသည် မဟာအမှောင်နတ်ဘုရား၏ အမြုတေကိုသာ ဆက်ခံရမည် ဖြစ်သည်။

လက်ရှိအချိန်၌ အမြုတေ၏ ဈေးနှုန်းသည် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၁၀ အထိ ရောက်ရှိနေပြီး စတုတ္ထအဆင့် ဘုံကမ္ဘာမှ စစ်မှန်သောမိစ္ဆာနတ်ဘုရားတစ်ပါးက လေလံဝင်ဆွဲနေခြင်း ဖြစ်သည်။

အမှောင်နတ်ဘုရားငယ်သည် အခန်းနံပါတ် တင်း-၀၇၀ ပိုင်ရှင်ကို စိတ်ဒုက္ခပေးလိုသဖြင့် ငါးစာချရန် ဆုံးဖြတ်လိုက်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ကြီးမားသော ဈေးနှုန်းတစ်ခုဖြင့် လေလံဝင်ဆွဲလိုက်သည်။

"ပင်-၀၆၈၈ မှ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၂၀၀ ပေးပါတယ်"

မွှေနှောက်တတ်သော အခန်းနံပါတ် ပင-၀၆၈၈ မှ ဝင်ရောက်လေလံဆွဲသည်ကို မြင်သောအခါ အမြုတေကို စိတ်ဝင်စားနေကြသော အစစ်အမှန်မိစ္ဆာနတ်ဘုရားများသည် ချက်ချင်းပင် လက်လျှော့လိုက်ကြပြီး ဈေးပြိုင်ပေးခြင်းကို ရပ်တန့်လိုက်ကြသည်။

ဤကဲ့သို့သော မိစ္ဆာနတ်ဘုရားအမြုတေမျိုးသည် နှစ်သန်းပေါင်းများစွာ ကြာမှသာ တစ်ကြိမ်တစ်ခါ ပေါ်လာတတ်၏။ လွန်ခဲ့သော နှစ်ပေါင်းလေးသန်းခန့်က ငရဲဘုံ၏ အခြားနာမည်ကြီး လေလံအိမ်တစ်ခုဖြစ်သော ယွိတီလေလံအိမ်တွင်လည်း တစ်ကြိမ် ပေါ်ထွက်ခဲ့ဖူးလေသည်။

ထိုစဉ်က လေလံတင်ခဲ့သည်မှာ ရှေးဟောင်းခေတ်မှ ကူတင်းမိစ္ဆာနတ်ဘုရား၏ အကောင်းပကတိအတိုင်း ရှိနေသော အမြုတေတစ်ခု ဖြစ်သည်။

ထိုကဲ့သို့သော အမြုတေမျိုးကို ပေါင်းစပ်လိုက်ပါက ကောင်းကင်တာအို အသိအမှတ်ပြုခြင်းလောက် ပြည့်စုံမှုမရှိသော်လည်း လွတ်မြောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်မည့် အခွင့်အရေးရှိပေသည်။

ထိုစဉ်က အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၉၉၀ အထိ ပေါက်ဈေးရှိခဲ့သည်။

သို့သော်ယခုတစ်ကြိမ်၏ အမြုတေပိုင်ရှင်မှာမူ အားနည်းသော ခွေးနတ်ဘုရားဖြစ်သည့်အပြင် အမြုတေမှာလည်း ပျက်စီးနေသည်။

ထို့ကြောင့်လည်း ယခုနှစ်ပိုင်းအတွင်း ကျွန်ဈေးကွက်၌ ခွေးမျိုးနွယ်မိစ္ဆာများကိုသာ အဓိက ရောင်းချနေကြခြင်း ဖြစ်သည်။

ဤပျက်စီးနေသော အမြုတေ၏ တန်ဖိုးသည် အများဆုံးရှိမှ ကျောက်တုံး ၁၀၀၀ ခန့်သာ တန်ကြေးရှိပေလိမ့်မည်။

အမှောင်နတ်ဘုရားငယ်သည် ထိုအချက်ကို ကောင်းစွာ သိရှိထားသည်။ သို့သော် ဤတစ်ကြိမ်တွင် ဈေးနှုန်းကို ၄၀၀၀ သို့မဟုတ် ၅၀၀၀ အထိ မရောက်ရှိအောင် မဆွဲတင်နိုင်ပါက သူအရှုံးပေးလိုက်မည်ဟု ဆုံးဖြတ်ထားသည်။

အမှောင်နတ်ဘုရားငယ် လေလံဝင်ဆွဲပြီးနောက် ခေတ္တမျှ ငြိမ်သက်သွားသော်လည်း မကြာမီမှာပင် ဈေးနှုန်းများ ပြန်လည်လှုပ်ရှားလာသည်။

"တင်း-၀၇၀ ကျောက်တုံး ၃၀၀"

မျှော်လင့်ထားသည့်အတိုင်းပင် ထပ်မံဈေးခေါ်လိုက်သူမှာ အခန်းနံပါတ် ၇၀ ဖြစ်သည်။

'ဟဟ... စိတ်လှုပ်ရှားစရာပဲ... ငါက အရှိန်နည်းနည်း မြှင့်ပေးလိုက်မယ်'

"ပင်-၀၆၈၈ ကျောက်တုံး ၅၀၀"

ဤတစ်ကြိမ်တွင် အမှောင်နတ်ဘုရားငယ်သည် ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲလိုက်ပြီး မရမနေ ဈေးဆွဲတင်မည့် ပုံစံဖြင့် တက်ကြွစွာ ဈေးခေါ်လိုက်သည်။

'ရှီမင်... အားမနာဘဲ ရက်ရက်စက်စက်သာ ဈေးခေါ်လိုက်စမ်းပါ... ရပ်ရမယ့်အချိန်ကျရင် ငါပြောမယ်'

ကျုံးရှန်သည် နတ်ဘုရားသန္ဓေသားမှတစ်ဆင့် ရှီမင်ကို လှမ်းအမိန့်ပေးလိုက်သည်။

"တင်း-၀၇၀ ကျောက်တုံး ၈၀၀"

"ပင်-၀၆၈၈ ကျောက်တုံး ၁၁၀၀"

အပြန်အလှန် ဈေးခေါ်မှု နှစ်ကြိမ်သုံးကြိမ် အတွင်းမှာပင် အမြုတေ၏ ဈေးနှုန်းသည် မူလတန်ဖိုးထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ အခြားသော မိစ္ဆာအရှင်သခင်များလည်း ဝင်ရောက်ယှဉ်ပြိုင်လိုစိတ် ကုန်ဆုံးသွားကြသည်။

သို့သော် အခန်းနံပါတ် ပင်-၀၆၈၈ နှင့် တင်း-၀၇၀ တို့၏ တိုက်ပွဲမှာမူ ယခုမှ အစပြုခြင်း ဖြစ်သည်။

"တင်း-၀၇၀ မှ ၁၅၀၀..."

"ပင်-၀၆၈၈ မှ ၂၀၀၀..."

ရူးသွပ်စရာ ကောင်းလွန်းလှသည်။ တစ်ကြိမ်ဈေးတက်လိုက်တိုင်း ကျောက်တုံး ၅၀၀ စီ ခုန်တက်သွားခြင်း ဖြစ်သည်။

အထက်တန်းစား မိစ္ဆာကျောက်တုံးများဖြင့် တွက်ချက်ကြည့်ပါက မျိုးရိုးစဉ်ဆက် သုံးစွဲ၍ မကုန်နိုင်သော ပမာဏ ဖြစ်နေပြီဖြစ်သည်။ မိစ္ဆာများသည်လည်း ယနေ့တွင် မျက်စိပွင့်နားပွင့် ဖြစ်သွားကြရသည်။

"တင်း-၀၇၀ ကျောက်တုံး ၂၈၀၀..."

ထိုဈေးနှုန်းကို မြင်သောအခါ အမှောင်နတ်ဘုရားငယ် အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူ၏ စိတ်မှန်းထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်နေပြီ ဖြစ်ရာ အလွန်အန္တရာယ်များကြောင်း မသိစိတ်မှသတိပေးနေပြီဖြစ်သည်။

သို့သော် လေလံပွဲတစ်လျှောက် အဖြစ်အပျက်များက သူ့ကို မှားယွင်းသော အတွေးများ ဝင်ရောက်လာစေခဲ့သည်။ သူသည် နတ်ဘုရားအဆင့် ကျင့်ကြံသူဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်း အတွေးပေါင်းများစွာ တွေးတောနိုင်သော်လည်း လောင်းကစားဆန်သော စိတ်လှုပ်ရှားမှုကို မလွန်ဆန်နိုင်ခဲ့ပေ။

'နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက် ထပ်စွန့်စားကြည့်မယ်'

သူသည် သွားကိုတင်းတင်းစေ့ကာ နောက်ထပ် ကျောက်တုံး ၅၀၀ ထပ်တိုးလိုက်သည်။

"ပင်-၀၆၈၈ ကျောက်တုံး ၃၃၀၀..."

"..."

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ ဖန်သားပြင်ပေါ်တွင်လည်း အပြောင်းအလဲ မရှိတော့ပေ။

အခန်းနံပါတ် တင်း-၀၇၀ သည် ထပ်မံဈေးခေါ်ခြင်း မပြုတော့ခြင်းဖြစ်သည်။ ပျက်စီးနေသော အမြုတေတစ်ခုအတွက် ကျောက်တုံး ၃၃၀၀ တောင် ပေးရတော့မည်ဖြစ်သည်။

ဤသည်မှာ အခန်းနံပါတ် တင်း-၀၇၀ ၏ ပြင်းထန်သော တန်ပြန်တိုက်စစ် ဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ ယခင်က အငြိုးအတေးများကို အရင်းရော အတိုးပါ ပြန်လည်ယူဆောင်သွားခြင်းပင် ဖြစ်သည်။

"ဘုန်း..."

အမှောင်နတ်ဘုရားငယ်သည် ဒေါသတကြီးဖြင့် သူ့ရှေ့ရှိ ကျောက်စိမ်းစားပွဲကို ရိုက်ခွဲပစ်လိုက်သည်။

ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး၏ သတိပေးချက်သာ မရှိပါက လေလံအိမ်တစ်ခုလုံးကို ဖျက်ဆီးပစ်ပြီး တင်း-အခန်းနံပါတ် ၇၀ မှ လူကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်စိတ် ပေါက်နေမိသည်။

"ကျောက်တုံး ၃၃၀၀ ပထမအကြိမ်..."

"၃၃၀၀ ဒုတိယအကြိမ်..."

"၃၃၀၀ တတိယအကြိမ်..."

"ရောင်းလိုက်ပါပြီ..."

ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီး၏ ကြေညာသံအဆုံးတွင် အမြုတေသည် စားပွဲပေါ်မှ ပျောက်ကွယ်သွားသည်။

သူ၏ ကိုယ်ပွားသည် အမြုတေကို ယူဆောင်လျက် အမှောင်နတ်ဘုရားငယ်၏ အခန်းထဲတွင်ပေါ်လာလေသည်။

"ကျောက်တုံးတွေ ဘယ်မှာလဲ..."

အမှောင်နတ်ဘုရားငယ်သည် အလွန်ပင် စိတ်ရှုပ်ထွေးနေသည်။ ကျောက်တုံး ၃၃၀၀ ကို ပေးချေနိုင်သော်လည်း သူ၏ ပိုင်ဆိုင်မှု ထက်ဝက်ကျော် ကုန်ဆုံးသွားမည် ဖြစ်သည်။ သူသည် ဖြုန်းတီးတတ်သူ ဖြစ်သော်လည်း ဤပမာဏကိုမူ လက်ခံနိုင်ရန် ခက်ခဲနေ၏။

သို့သော် ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးက သူ့ကို အချိန်ဆွဲခွင့်မပေးပေ။

"မင်းက ငြင်းချင်နေတာလား..."

"ဒီပစ္စည်းက စံချိန်တင်ဈေးနဲ့ ရောင်းထွက်ခဲ့တာ... မင်းသာ မယူဘူးဆိုရင် ဒီနေ့ ရွှံ့နွံမိစ္ဆာမြို့တော်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ် မထင်နဲ့..."

သူသည် ခြိမ်းခြောက်သော လေသံဖြင့် အေးစက်စွာ ပြောလိုက်သည်။

ဈေးနှုန်းမြင့်မားသော ပစ္စည်းများအတွက် လေလံအိမ်တွင် သတ်မှတ်ချက်များ ရှိသည်။ ယခုအမြုတေအတွက်မူ ရောင်းဈေးသည် ကျောက်တုံး ၉၀၀ အောက်ဖြစ်ပါက ၁၀ ရာခိုင်နှုန်း အကျိုးဆောင်ခ ယူမည်ဖြစ်သည်။

သို့သော် အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၉၀၀ ထက်ကျော်လွန်ပါက အမြတ်ငွေများကို ရောင်းချသူနှင့် လေလံအိမ်တို့ ၁:၉ ဖြင့် ခွဲဝေယူကြမည် ဖြစ်သည်။

မထင်မှတ်ဘဲ ယခုလေလံပွဲတွင် အရူးနှစ်ကောင် ပေါ်ထွက်လာခဲ့ကာ အမြတ်ငွေသည် ကျောက်တုံး ၂၄၀၀ အထိ ရှိခဲ့ပြီး လေလံအိမ်သည် ကျောက်တုံး ၂၁၆၀ အထိ အမြတ်ရရှိမည် ဖြစ်သည်။

သို့ဖြစ်ရာ ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးအနေဖြင့် အမှောင်နတ်ဘုရားငယ်ကို လွှတ်ပေးမည် မဟုတ်ပေ။

သူတစ်ပါးကို တွင်းတူးပြီး ချောက်ချလိုသူသည် နောက်ဆုံးတွင် ကိုယ်တိုင် ပြန်လည်ကျဆင်းသွားရခြင်းပင် ဖြစ်တော့သည်။

All Chapters