အခန်း (၂၂၃)
Vol. 23 Ch. 223
အပိုင်း (၂၂၃)
ရွှံ့နွံ မဟာမိစ္ဆာအရှင်သခင်ကြီး ကိုယ်တိုင် ကိုယ်ပွားတစ်ခု လွှတ်ကာ ပင်-အခန်းနံပါတ် ၆၈၈ ရှိရာ လေပျံမိစ္ဆာအိမ်သို့ ပျက်စီးနေသော မိစ္ဆာနတ်ဘုရားအမြုတေကို လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ထို့ကြောင့် အမှောင်နတ်ဘုရားငယ်သည် မည်မျှပင်ဒေါသထွက်နေပါစေ လွန်ကဲသော အပြုအမူတစ်ခုမျှ ပြုလုပ်ရဲခြင်းမရှိပေ။
သူသည် ငရဲဘုံတွင် ကံတရားသားတော် ဖြစ်ပြီး ကံတရား၏ မျက်နှာသာပေးမှုကို ရရှိထားသူ ဖြစ်သည်။ သို့မဟုတ်ပါကလည်း မဟာအမှောင်နတ်ဘုရား၏ အမွေအနှစ်ကို ရရှိနိုင်မည် မဟုတ်ပေ။
သို့သော် ထိုအချက်က ဘာများအရေးပါသနည်း။
ကံတရားသားတော် ဖြစ်နေလျှင်ပင် အင်အားကြီးမားသော ပြိုင်ဘက်နှင့် တွေ့ကြုံရပါက ကျဆုံးသွားနိုင်သည်သာ ဖြစ်သည်။
အထူးသဖြင့် ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးသည် ရွှံ့နွံမိစ္ဆာမျိုးနွယ်စုတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ငရဲဘုံ၏ အထွတ်အထိပ် အဆင့်တွင် ရှိနေသူဖြစ်သည်။
မဟာအမှောင်နတ်ဘုရားတစ်ယောက် ကောင်းကင်တာအိုနှင့် မပေါင်းစည်းမီ အချိန်က ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူးပြီး အနိုင်အရှုံး မကွဲပြားခဲ့ခြင်းမရှိခဲ့ပေ။
ထို့ပြင် ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီး၌သာ အစွမ်းအစ မရှိပါက ငရဲဘုံ၏ ယမမင်းသည်လည်း သူနှင့်အတူ လေလံအိမ်၌ အကျိုးတူပူးပေါင်းဆောင်ရွက်မည် မဟုတ်ရာ အမှောင်နတ်ဘုရားငယ်အနေဖြင့် ရွေးချယ်စရာမရှိဖြစ်နေသည်။
"ဘာဖြစ်လို့လဲ... ကြီးမြတ်လှတဲ့ မဟာအမှောင်နတ်ဘုရားရဲ့ ဆက်ခံသူက ဒီကျောက်တုံး ၃၃၀၀ လေးတောင် မတတ်နိုင်ဘူးလား..."
ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီး၏ ကိုယ်ပွားက ရည်ရွယ်ချက်ရှိရှိဖြင့် မေးလိုက်ကာ ငွေပေးချေရန် တိုက်တွန်းလိုက်ခြင်းပင် ဖြစ်သည်။
အမှောင်နတ်ဘုရားငယ်၏ မျက်နှာထားသည် အကြိမ်ကြိမ် ပြောင်းလဲနေပြီး သူ၏ ရင်ထဲတွင် ဒေါသအိုး ပေါက်ကွဲလုမတတ် ဖြစ်နေ၏။
နတ်ဘုရားအဆင့် ကျင့်ကြံသူများသည် စိတ်အာရုံကို သန်းချီ ခွဲထုတ်နိုင်သူများ ဖြစ်ကြသည်။ သူတို့သည် ဉာဏ်နီဉာဏ်နက်များပြီး မျက်တောင်တစ်ခတ်အတွင်း၌ပင် လှည့်ကွက်ပေါင်းများစွာကို ကြံစည်နိုင်ကြသည်။
ထို့ကြောင့် သူတို့၏ ခံစားချက်ကို အပြင်ပန်းတွင် ထုတ်ဖော်ပြသလေ့ မရှိကြပေ။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အမှောင်နတ်ဘုရားငယ်သည် ဘဝတစ်လျှောက်လုံး အရာရာ အဆင်ပြေချောမွေ့ခဲ့သူ ဖြစ်သော်လည်း အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၃၀၀၀ ကျော်ကို နှမြောနေခြင်းကြောင့် သူ၏ ဒေါသများကိုထိန်းမရဘဲဖြစ်နေသည်။
"ရွှံ့နွံအရှင်သခင်ကြီး... ခဏလောက် စောင့်ပေးပါ... ကျွန်တော် ကျောက်တုံးတွေ ထုတ်ပေးပါ့မယ်..."
အမှောင်နတ်ဘုရားငယ်သည် အချိန်အတော်ကြာမှ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
သူသည် လက်ကိုဝှေ့ယမ်းကာ ဟင်းလင်းပြင်တွင် အပေါက်ငယ်တစ်ခု ဖွင့်လိုက်လေသည်။ ထိုအပေါက်ငယ်သည် အခြားသော ဟင်းလင်းပြင် တစ်ခုနှင့် ချိတ်ဆက်ထားပြီး သိပ်သည်းပြင်းထန်သော အမှောင်စွမ်းအင်များသည် ဟင်းလင်းပြင် အတားအဆီးများကို ဖြတ်ကျော်လျက် စီးဆင်းလာသည်။
အမှောင်နတ်ဘုရားငယ်သည်လက်ကို ထပ်မံဝှေ့ယမ်းလိုက်သောအခါ ထိုအပေါက်ငယ်အတွင်းမှ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး အများအပြား ပျံသန်းထွက်ပေါ်လာပြီး ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီး၏ ကိုယ်ပွား ရှေ့မှောက်တွင် တောင်ငယ်တစ်လုံးပမာ ပုံသွားလေသည်။ ထို့နောက် တွင်းနက်အပေါက်ငယ်သည် ပြန်လည်ပိတ်သွားပြီး ပျောက်ကွယ်သွား၏။
ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးသည် နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီး မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက်ကျောက်တုံးအားလုံးကို သိမ်းဆည်းလိုက်ကာ ပျက်စီးနေသော မိစ္ဆာနတ်ဘုရားအမြုတေကို ချထားပေးခဲ့ပြီး ပင်-အခန်းနံပါတ် ၆၈၈ မှ ထွက်ခွာသွားလေသည်။
အမှောင်နတ်ဘုရားငယ်သည် ကောင်းကင်ဈေးပေးကာ ဝယ်ယူခဲ့ရသော ပျက်စီးနေသည့် မိစ္ဆာနတ်ဘုရားအမြုတေကို ကိုင်ထားရင်း ရှုပ်ထွေးသော မျက်နှာထားဖြင့် အတွေးများရင်း ကျန်ရစ်ခဲ့သည်။
လေလံပွဲသည် ကဏ္ဍသစ်တစ်ခုသို့ ကူးပြောင်းရောက်ရှိသွားပြီ ဖြစ်သည်။
နောက်ထပ် လေလံတင်မည့် ပစ္စည်းမှာ ဝမ်ဟွာမိစ္ဆာရွှံ့နွံ ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ရွှံ့နွံပမာဏမှာ မနည်းလှပေ။
လူခေါင်းအရွယ်အစားခန့်ရှိသော ဝမ်ဟွာမိစ္ဆာရွှံ့နွံ အတုံးကြီးတစ်တုံးပင် ဖြစ်၏။
ယခင် လေလံပွဲများတွင် လက်သည်းခွံအရွယ်အစားခန့်သာ ပါဝင်လေ့ရှိရာ ဤမျှများပြားသော ပမာဏကို ရရှိရန်အတွက် ကမ္ဘာငယ် ဒါဇင်ပေါင်းများစွာ၏ စွမ်းအင်များကို ဝါးမြိုရန် လိုအပ်ပေသည်။
လက်နက်သွန်းလုပ်ခြင်း၊ ဆေးဖော်ခြင်း သို့မဟုတ် ကျင့်ကြံခြင်းများအတွက် အနည်းငယ် အသုံးပြုရုံသာ လုံလောက်သဖြင့် ယခုကဲ့သို့ အတုံးကြီးတစ်တုံးသည် အင်အားစုကြီးတစ်ခုလုံး၏ လိုအပ်ချက်ကိုပင် ဖြည့်ဆည်းပေးနိုင်လိမ့်မည်။
"ဝမ်ဟွာမိစ္ဆာရွှံ့နွံအကြောင်းကိုတော့ အထူးတလည် ရှင်းပြနေစရာ မလိုတော့ဘူး ထင်ပါတယ်..."
"ဒီမိစ္ဆာရွှံ့နွံအတုံးက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သန်းအတွင်း ကျွန်တော်တို့ ရွှံ့နွံမိစ္ဆာမျိုးနွယ်စုက ရောင်းချတဲ့ အကြီးမားဆုံး အတုံးပါပဲ..."
"အရင်ကထက် အဆပေါင်းရာချီ ပိုများတဲ့အတွက် ကြမ်းခင်းဈေးကလည်း မနည်းပါဘူး..."
"ကြမ်းခင်းဈေးက အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၂၀၀၀ ပါ... ဈေးခေါ်တိုင်း အနည်းဆုံး ကျောက်တုံး ၃၀၀ တိုးပေးရပါမယ်..."
"ကဲ... စလိုက်ကြရအောင်..."
ကြမ်းခင်းဈေး ကျောက်တုံး ၂၀၀၀ ဟူသော ပမာဏသည်ပင် လေလံဆွဲသူ ၉၉ ရာခိုင်နှုန်းကို လက်လျှော့သွားစေခဲ့သည်။
"တင်း- ၀၅၁ ၂၃၀၀..."
"တင်း-၀၁၉ ၂၆၀၀..."
"တင်း-၀၃၇ ၂၉၀၀..."
စတုတ္ထအဆင့် ဘုံကမ္ဘာများမှ အစစ်အမှန်မိစ္ဆာနတ်ဘုရားများ ပါဝင်လာကြပြီဖြစ်သည်။
ထိုမိစ္ဆာနတ်ဘုရားများသည် ယခင်က အရူးနှစ်ကောင်၏ ရန်ပွဲကြောင့် ငြိမ်သက်နေခဲ့ရသော်လည်း ယခုအခါတွင်မူ မဖြစ်မနေ လိုအပ်သော ပစ္စည်းဖြစ်သဖြင့် ဝင်ရောက်ယှဉ်ပြိုင်လာကြခြင်း ဖြစ်သည်။
"တင်း- ၀၀၁ ၃၅၀၀..."
အခန်းနံပါတ် ၁ ပိုင်ရှင်သည် ကျုံးရှန်နှင့် ရင်းနှီးသူတစ်ဦး ဖြစ်သည့် မူလအစကမ္ဘာ စတင်ဖြစ်ပေါ်စဉ်က သဲလွန်စအချို့ကို ရိပ်မိခဲ့သော ချောက်နက်မိစ္ဆာအရှင်သခင် ပင်ဖြစ်သည်။ ကျုံးရှန်သည် သူ၏ မျက်လုံးကိုယ်ပွားတစ်ခုကိုပင် သတ်ဖြတ်ခဲ့ဖူး၏။
ချောက်နက်မိစ္ဆာအရှင်သခင်သည် တီဇန်းဝမ်ကို အကူအညီတောင်းကာ တိထင်းသတ္တဝါမှတစ်ဆင့် ကျုံးရှန်၏ သဲလွန်စကို ရှာဖွေရန် ကြိုးပမ်းခဲ့ဖူးသော်လည်း တီဇန်းဝမ်က ထိုသူသည် ဗုဒ္ဓနှင့် ရေစက်ပါသူဖြစ်သည်ဟု ဆိုကာ ငြင်းပယ်ခဲ့သည်။
ထို့ကြောင့် ချောက်နက်မိစ္ဆာအရှင်သခင်သည် ကျုံးရှန်၏လက်ချက်ဖြင့် အထိနာခဲ့ရသူ ဖြစ်သည်။
လက်ရှိတွင်မူ ချောက်နက်မိစ္ဆာအရှင်သခင်သည် ကျုံးရှန် ရှိနေကြောင်း မသိရှိပေ။
သူသည် ဝမ်ဟွာမိစ္ဆာရွှံ့နွံကိုသာ အာရုံစိုက်နေလေသည်။
ချောက်နက်ငရဲကမ္ဘာသည် အန္တရာယ်များပြီး နေထိုင်ရန် ခက်ခဲသော်လည်း သူ့တွင် ကိုယ်ပိုင်အင်အားစု ရှိနေသည်။
ဝမ်ဟွာမိစ္ဆာရွှံ့နွံသည် မည်သည့်စွမ်းအင်အမျိုးအစားနှင့်မဆို ပေါင်းစပ်နိုင်သဖြင့် အလွန်အသုံးဝင်ရာ ချောက်နက်မိစ္ဆာအရှင်သခင်အတွက်လည်း မရှိမဖြစ် လိုအပ်သော ပစ္စည်းတစ်ခုပင် ဖြစ်သည်။
ကံဆိုးသည်မှာ သူလိုအပ်နေသော ပစ္စည်းကို ကျုံးရှန်ကလည်း လိုချင်နေခြင်းပင် ဖြစ်သည်။
'ရှီမင်... ဈေးခေါ်လိုက်... ဘယ်လောက်ကုန်ကုန် ဒီမိစ္ဆာရွှံ့နွံကို မရရအောင် ယူမယ်...'
ကျုံးရှန်က အမိန့်ပေးလိုက်သည်။
ရှီမင်လည်း အမိန့်ရသည်နှင့် ချက်ချင်းပင် ဈေးခေါ်လိုက်သည်။
"တင်း-၀၇၀ ၄၀၀၀..."
အခန်းနံပါတ် ၇၀ ဝင်ရောက်လာပြီ ဖြစ်သည်။
ထိုဈေးနှုန်းကို ကြားလိုက်ရသောအခါ ဝမ်ဟွာမိစ္ဆာရွှံ့နွံကို လိုချင်နေကြသော မိစ္ဆာနတ်ဘုရားများနှင့် မဟာမိစ္ဆာအရှင်သခင်ကြီးများသည် စိတ်ပျက်သွားကြသည်။
ယနေ့ လေလံပွဲသည် အခန်းနံပါတ် တင်း-၀၇၀ ၏ တစ်ကိုယ်တော် ပွဲကြီး ဖြစ်နေလေသည်။
အခန်းနံပါတ် တင်း-၀၀၁ မှ ချောက်နက်မိစ္ဆာအရှင်သခင်ပင်လျှင် စိတ်ညစ်သွားရ၏။ သို့သော် သူသည်လည်း ဤမိစ္ဆာရွှံ့နွံကို မရမနေ ယူရန် ဆုံးဖြတ်ထားသည်။
"တင်း-၀၀၁ ၄၃၀၀..."
"တင်း-၀၀၃ ၄၆၀၀..."
အခန်းနံပါတ် တင်း-၀၀၃ လည်း ဝင်ရောက်လာသည်။ အခန်းနံပါတ်ကို ကြည့်ခြင်းအားဖြင့် ချောက်နက်မိစ္ဆာအရှင်သခင်နှင့် တန်းတူအဆင့်ရှိသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။
"တင်း-၀၇၀ ၅၀၀၀..."
"တင်း-၀၀၁ ၅၅၀၀..."
"တင်း-၀၀၃ ၆၀၀၀..."
သာမန်အားဖြင့်ဆိုလျှင် ဤမျှကြီးမားသော ဝမ်ဟွာမိစ္ဆာရွှံ့နွံအတုံးသည် ကျောက်တုံး ၇၀၀၀ သို့မဟုတ် ၈၀၀၀ ခန့်သာ တန်ကြေးရှိသည်။ ယခုမူကား ဈေးခေါ်မှု အနည်းငယ်အတွင်းမှာပင် ၆၀၀၀ အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ယခုလေလံပွဲ၏ အကြီးမားဆုံး အကျိုးအမြတ်ရရှိသူမှာ ကျောက်လေလံအိမ်ပင် ဖြစ်သည်။ အကျိုးဆောင်ခ တစ်ခုတည်းဖြင့်ပင် ယခင်လေလံပွဲများထက် အဆပေါင်းများစွာ ပိုမိုရရှိနေ၏။
"တင်း-၀၇၀ ၈၀၀၀..."
"တစ်ခါတည်း တန်းပြီး ဈေးမြှင့်လိုက်တာပဲ... ဒီ အခန်းနံပါတ် တင်း-၀၇၀ က တကယ်ကို ပြတ်သားတာပဲ..."
ဤဝမ်ဟွာမိစ္ဆာရွှံ့နွံသည် ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီး ကိုယ်တိုင် ထုတ်ပေးထားခြင်း ဖြစ်သဖြင့် အကျိုးဆောင်ခ ပေးရန် မလိုအပ်ဘဲ ရရှိသမျှ အားလုံးသည် သူ၏ အိတ်ကပ်ထဲသို့ ရောက်ရှိမည် ဖြစ်သည်။
ထို့ကြောင့် သူသည် အလွန် ကျေနပ်နေပြီး ဈေးနှုန်းမြင့်လေ ကောင်းလေဟု သဘောထားနေသည်။
ကျောက်တုံး ၈၀၀၀ ဟူသော ဈေးနှုန်း ထွက်ပေါ်လာသောအခါ လေလံကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဤဈေးနှုန်းသည် ဝမ်ဟွာမိစ္ဆာရွှံ့နွံ၏ ပုံမှန်ပေါက်ဈေး အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လေလံဆွဲခြင်းသည် ရိုးရှင်းသော ဈေးခေါ်မှု သက်သက်မဟုတ်ဘဲ တွက်ချက်မှုများနှင့် ဗျူဟာများ ပါဝင်သည်။ သို့သော် မဖြစ်မနေ လိုအပ်သော ပစ္စည်းဖြစ်ပါက မည်မျှပင် ဈေးကြီးပါစေ ဝယ်ယူရမည်သာ ဖြစ်သည်။
ထို့ပြင် လောင်းကစားစိတ်နှင့် ပြိုင်ဆိုင်လိုစိတ်များကလည်း ပစ္စည်း၏ ပေါက်ဈေးကို ပေါက်ကွဲထွက်စေနိုင်သော အကြောင်းရင်းများ ဖြစ်သည်။
"တင်း-၀၀၃ ၈၃၀၀..."
တင်း-၀၀၁ ၈၆၀၀..."
မျှော်လင့်ထားသည့်အတိုင်းပင် ကျောက်တုံး ၈၀၀၀ ကျော်သွားသောအခါ လေလံဈေးခေါ်နှုန်းနှင့် ပမာဏသည် နှေးကွေးသွားသည်။
'ဒီမဟာမိစ္ဆာအရှင်သခင်ကြီးတွေက ငရဲဘုံမှာ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့ပြီးမှ လေလံပွဲလေးတစ်ခုမှာ လက်တွန့်နေကြတယ်...'
'ရှီမင်... ၁၀၀၀၀ ပေးလိုက်...'
အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်သောင်းဆိုသည်မှာ ရှီမင်အတွက် စိတ်ကူးပင် မယဉ်ရဲသော ပမာဏ ဖြစ်သည်။
သို့သော် သခင်ဖြစ်သူ၏ အမိန့်ဖြစ်သဖြင့် သူက ချက်ချင်းပင် လိုက်နာလိုက်သည်။
"တင်း-၀၇၀ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံး ၁၀၀၀၀..."