← Chapters

အခန်း (၂၂၇)

Vol. 23 Ch. 227

အခန်း (၂၂၇)

Vol. 23 Ch. 227

အပိုင်း (၂၂၇)

နောက်ယောင်ခံလိုက်လာသောပုဂ္ဂိုလ်သည်ကား ချောက်နက်မိစ္ဆာအရှင်သခင်ပင်ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းအဆင့်ဖုံးကွယ်သည့်နည်းစနစ်ကို အသုံးပြုထားသဖြင့် နတ်ဘုရားများပင် ရှာဖွေတွေ့ရှိရန် ခက်ခဲရာ ရှီမင်နှင့် လီလီဗီတို့သည် လုံးဝ သတိမထားမိကြပေ။

ကျုံးရှန်တစ်ဦးတည်းသာလျှင် ရိပ်မိလိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော် အရှင်သခင်များနှင့် ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်တော် တို့နှင့် သက်ဆိုင်လေသည်။

သူ၏ နတ်ဘုရားအာရုံသည် အလွန်ထူးခြားပြီး သူတော်စင်ငါးပါးနှင့် နတ်ဘုရားတစ်ပါးတို့က တစ်ပြိုင်နက်တည်း ကူညီထောက်လှမ်းပေးနေခြင်းပင်ဖြစ်၏။

'ဟမ့်... ဒီ ချောက်နက်မိစ္ဆာအရှင်သခင်က တကယ်ကို မကောင်းတဲ့ကောင်ပဲ...'

'နောက်ကလိုက်လာတာလည်း ကောင်းပါတယ်... ဒီနှစ်တွေအတွင်း ငရဲဘုံမှာ လေ့ကျင့်ခဲ့သမျှ ရလဒ်တွေကို စမ်းသပ်လို့ ရသလို...ထိပ်တန်း မဟာမိစ္ဆာအရှင်သခင်ကြီးတွေနဲ့ ငါနဲ့ ဘယ်လောက်ကွာခြားနေလဲဆိုတာ သိရတာပေါ့...'

ချောက်နက်မိစ္ဆာအရှင်သခင်သည် သူတို့ ပြသခဲ့သော ကြွယ်ဝချမ်းသာမှုကြောင့် စိတ်ဝင်စားသွားခြင်း ဖြစ်ရာ ယခုကဲ့သို့ နောက်ယောင်ခံလိုက်လာခြင်းသည် ကောင်းသော ရည်ရွယ်ချက် မရှိသည်မှာ သေချာလှသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ ဦးတည်ရာသည် ကောင်းကင်တက်လှမ်းမျှော်စင် ဖြစ်ပြီး လမ်းခရီးတွင် ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက်များလည်း မရှိပေ။

လေလံပွဲပြီးဆုံးသည်နှင့် မိစ္ဆာအရှင်သခင် အများအပြားသည် ပဉ္စမအထပ်ရှိ ကုန်းမြေတိုက်သို့ သွားရောက်ရန် ဂိတ်တံခါးဝတွင် စုဝေးလာကြသဖြင့် ကျုံးရှန်တို့လည်းဂိတ်တံခါးဝတွင် တန်းစီစောင့်ဆိုင်းနေရသည်။

ကိုးထပ်ငရဲဘုံ ကုန်းမြေတိုက်သည် ဖန်ဆင်းခြင်းပေါက်ကွဲမှုကြီးပြီးနောက် ပြန်လည်တည်ဆောက်ထားသော ငရဲမူလကမ္ဘာကြီး၏ ကုန်းမြေတိုက်သစ်တစ်ခုဖြစ်ကာ ငရဲမဟာကမ္ဘာကြီး၏ အချက်အချာနေရာဟု ဆိုနိုင်သည်။

အထူးသဖြင့် ကိုးဆင့်ငရဲဘုံကို ထောက်ပံ့ပေးထားပြီး အထပ်တိုင်းကို တည်ငြိမ်စေသော ကောင်းကင်ထောက်တိုင်ကြီးသည် အလွန်အစွမ်းထက်သော မဟာတာအိုအဆင့် ရတနာတစ်ပါးပင် ဖြစ်သည်။

အစစ်အမှန်မိစ္ဆာနတ်ဘုရား အဆင့် ၃ အထွတ်အထိပ်သို့ ရောက်ရှိနေသော မဟာမိစ္ဆာအရှင်သခင်ကြီးများသည် တန်းစီစောင့်ဆိုင်းရန် မလိုအပ်ပေ။ သူတို့၏ စွမ်းရည်ဖြင့် ကုန်းမြေတိုက်များကြားရှိ အတားအဆီးများကို လျင်မြန်စွာ ဖြတ်ကျော်နိုင်ကြ၏။

ဥပမာအားဖြင့် ကျုံးရှန်သည် ယန်မော်မျိုးနွယ်စု၏သခင်လေး မော်ပိုင်ဟော်ကို သတ်ဖြတ်လိုက်စဉ်အခါက ယမမင်းသည် ကိုးထပ်မြောက်ကုန်းမြေတိုက်မှ ဒုတိယအဆင့်ကုန်းမြေတိုက်သို့ အချိန်အနည်းငယ်အတွင်း ရောက်ရှိလာခဲ့သည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင်မူ ထိုကဲ့သို့ ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် ကြီးမားသော ကုန်းမြေတိုက်ကြီးတစ်ခု ဖြစ်ပြီး ဟင်းလင်းပြင်အတွင်း၌ မရေမတွက်နိုင်သော လျှို့ဝှက်နယ်မြေများ နှင့် သူတော်စင်ကမ္ဘာများဖုံးကွယ်တည်ရှိနေသည်။

ထို့ကြောင့် ကျိန်စာနတ်ဘုရားမ အာမန်ရာ၏ မူလခန္ဓာကိုယ်သည်ပင် အချိန်တိုအတွင်း ပြန်လာနိုင်ခြင်း မရှိခဲ့ပေ။ သူမပြန်ရောက်လာသောအခါတွင်လည်း ကုန်းမြေတိုက်ကြီးကို ဖြတ်သန်းသွားလာခဲ့ရကာ အချိန်အတိုင်းအတာတစ်ခု လိုအပ်ခဲ့လေသည်။

ရှီမင်တို့အဖွဲ့သည် ငြိမ်သက်စွာဖြင့် တန်းစီစောင့်ဆိုင်းနေကြ၏။

ကျုံးရှန်သည် သူတို့၏ နောက်တွင် ချောက်နက်မိစ္ဆာအရှင်သခင် ရှိနေသေးကြောင်း အာရုံခံမိနေသည်။ ထိုသူသည် သူတို့အဖွဲ့ကိုစောင့်ကြည့်လေ့လာနေခြင်း ဖြစ်သည်။

ဂိတ်တံခါးဝတွင် အခြားမိစ္ဆာအရှင်သခင်များစွာ ရှိနေသဖြင့် လှုပ်ရှားရန် အခွင့်အရေး မရရှိသေးပေ။

စနစ်တကျ တန်းစီနေသဖြင့် မကြာမီ သူတို့အလှည့် ရောက်ရှိလာသည်။

စတုတ္ထထပ်၏ဂိတ်တံခါးကို ဖြတ်ကျော်ပြီးသောအခါ ပတ်ဝန်းကျင် မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွား၏။ သူတို့၏ ခြေထောက်အောက်တွင် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခု ရှိနေကာသမုဒ္ဒရာထဲတွင် ကြောက်မက်ဖွယ် ရေနေသတ္တဝါများ ကူးခတ်သွားလာနေကြသည်။

ဤသည်မှာ ပဉ္စမအထပ် ကုန်းမြေတိုက်၏ အဓိကမြင်ကွင်းပင် ဖြစ်လေသည်။

ကောင်းကင်တွင် တိမ်မည်းများ ဖုံးလွှမ်းအုံ့ဆိုင်းနေပြီး အချိန်မရွေး မိုးကြိုးပစ်ချနိုင်မည့် အနေအထား၌ ရှိနေသည်။ အောက်ဘက်ရှိ သမုဒ္ဒရာရေပြင်သည် မည်းမှောင်နက်ရှိုင်းနေကာ အဆက်မပြတ် လှိုင်းထန်နေ၏။

ဂိတ်တံခါးကို ဖြတ်ကျော်စဉ်တွင် ချောက်နက်မိစ္ဆာအရှင်သခင်၏ အငွေ့အသက်သည် ခေတ္တမျှ ပျောက်ကွယ်သွားခဲ့သော်လည်း မကြာမီ၌ ပြန်လည်ထွက်ပေါ်လာသည်။ ဝါရင့် မဟာမိစ္ဆာအရှင်သခင်ကြီးတစ်ပါး၏ ပစ်မှတ်ထားနောက်ယောင်လိုက်ခံနေရခြင်းပင်ဖြစ်သည်။

ကျုံးရှန်သည် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး စစ်ဆေးကြည့်လိုက်ရာ ဤသမုဒ္ဒရာကြီးသည် ပဉ္စမအထပ် ကုန်းမြေတိုက်၏ ၈၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားကြောင်း တွေ့ရှိလိုက်ရသည်။

သမုဒ္ဒရာသည် အလွန်နက်ရှိုင်းပြီး မိုင်ထောင်ချီနက်သော ရေအောက်ချောက်ကမ်းပါးကြီးများကိုပင် တွေ့မြင်နေရကာ ထိုရေနက်ပိုင်း၌ အစွမ်းထက်သော ရေနေသတ္တဝါကြီးများ ကျင်လည်ကျက်စားနေကြသည်။

ချောက်နက်မိစ္ဆာအရှင်သခင်၏ အငွေ့အသက်သည် တဖြည်းဖြည်း နီးကပ်လာကြောင်း ကျုံးရှန် ခံစားမိလိုက်သည့်အခါ သူသည် ရှီမင်ကို အသိမပေးဘဲ လျှို့ဝှက်နည်းစနစ်အချို့ကို အသုံးပြုကာသူ၏ ဝိညာဉ်ကို အကာအကွယ် ပေးလိုက်သည်။

ချောက်နက်မိစ္ဆာအရှင်သခင်က ရုတ်တရက် တိုက်ခိုက်လာပါက ရှီမင်၏ ဝိညာဉ်ကို ဖမ်းယူပြီး စစ်ဆေးမေးမြန်းခြင်းမျိုး မပြုလုပ်နိုင်စေရန် ဖြစ်သည်။

မူလနတ်ဘုရားသန္ဓေသား၏ ချိတ်ဆက်မှုကြောင့် ကျုံးရှန်သည် ရှီမင်၏ ခန္ဓာကိုယ်ကို သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကဲ့သို့ ထိန်းချုပ်နိုင်စွမ်းရှိသည်။

သူသည် ဝိညာဉ်ကာကွယ်ရေး နည်းစနစ်များကို လွယ်ကူစွာ အသုံးပြုနိုင်ရုံသာမက စစ်မှန်သောအတ္တပုံရိပ်ကို အသုံးပြုပြီး ရှီမင်၏ ဝိညာဉ်အတုတစ်ခုကိုပါ ဖန်တီးပေးထားလိုက်သေးသည်။

အကယ်၍ ချောက်နက်မိစ္ဆာအရှင်သခင်က စိတ်စွမ်းအားဖြင့် တိုက်ခိုက်လာပါက ထိုဝိညာဉ်အတုက ကာကွယ်ပေးမည် ဖြစ်သည်။

သို့နှင့် အရာအားလုံးကိုတိတ်တဆိတ် ပြင်ဆင်လိုက်ပြီးနောက် ရှီမင်တို့ ခရီးဆက်နေစဉ်တွင် ရုတ်တရက် ကြီးမားပြင်းထန်သော ဖိအားတစ်ခု ကျရောက်လာသည်။

ဖန်ကဲ့သို့ကြည်လင်နေသည့် ဧရာမ လက်ဝါးရာကြီးတစ်ခုသည် ကောင်းကင်အထပ်မှဖြည်းညှင်းစွာ ဖိချလာသည်။ ပြင်းထန်သောဖိအားကြောင့် မိုင်ပေါင်းသန်းချီ ကျယ်ဝန်းသော သမုဒ္ဒရာရေပြင်သည်ပင် လက်ဝါးပုံစံ ချိုင့်ဝင်သွားရ၏။

သို့သော်လည်း အောက်ဘက်ရှိကျုံးရှန်သည် တည်ငြိမ်စွာ ရှိနေဆဲဖြစ်သည်။

သူသည် မူလနတ်ဘုရားသန္ဓေသားမှတစ်ဆင့် ရှီမင်နှင့်သူ၏ စွမ်းအားများကို တစ်သားတည်း ပေါင်းစပ်သွားစေလိုက်သည်။

သမုဒ္ဒရာနှင့် ကန်ရေပြင် ဆက်စပ်သွားသကဲ့သို့ စွမ်းအားများသည် ရှီမင်၏ခန္ဓာကိုယ်အတွင်းသို့ မြစ်ရေစီးသကဲ့သို့ စီးဝင်လာသည်။

ထို့နောက် ကျုံးရှန်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှီမင်၏ ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်လိုက်လေသည်။

လီလီဗီနှင့် ဂရုခ်တို့သည် ချောက်နက်မိစ္ဆာမဟာအရှင်သခင်ကြီး၏ပြင်းထန်သောဖိအားအောက်တွင် တုန်လှုပ်ချောက်ချားနေကြသည်။ ထိုဖိအားသည် တဖြည်းဖြည်း ပိုမို ပြင်းထန်လာကာ သူတို့ကို သတ်ဖြတ်ရန် မဟုတ်ဘဲ ဖမ်းဆီးချုပ်နှောင်ရန် ရည်ရွယ်ထားပုံရသည်။

နောက်ဆုံးတွင် ထိုဖိအားဒဏ်ကိုမခံနိုင် တော့သည့် လီလီဗီသည် ဂရုခ်ကို ခေါ်ဆောင်ကာ ညှို့ယူဝိညာဉ် မှန်ကြေးမုံ အတွင်းသို့ ဝင်ရောက်ပုန်းခိုလိုက်လေသည်။

ယခုအချိန်တွင် ရှီမင်သည် ကျုံးရှန်၏ ကိုယ်ပွားတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ သူသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကာ လက်ဝါးတစ်ချက် ပြန်လည်ရိုက်ထုတ်လိုက်သည်။

ထိုလက်ဝါးချက်တွင် မည်သည့် ထူးခြားဆန်းပြားသော အာနိသင်မျှ မပါဝင်သလို ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည့် ပြောင်းလဲမှုမျိုးလည်း မရှိပေ။

အစွမ်းထက်သော စွမ်းအားများ ပါဝင်ခြင်း မရှိဘဲ ရိုးရှင်းသည့်လက်ဝါးရိုက်ချက်သာဖြစ်သည်။

သို့သော် ထိုရိုးရှင်းသော လက်ဝါးချက်သည် ကျဆင်းနေသည့်ပြင်းထန်သောဖိအားကို အန်တုပြီး ပိုမို မြင့်မားစွာ ပျံတက်သွားသည်။ အပေါ်သို့ပိုပြီးမြင့်တက်သွားလေ ကောင်းကင်ကြီးပင် တားဆီးနိုင်မည် မဟုတ်ဟူသော ခံစားချက်ကို ပေးစွမ်းလေ ဖြစ်သည်။

ကောင်းကင်က ဘာလုပ်ဖို့ကြိုးစားနေတာပဲဖြစ်ဖြစ် ငါက ကောင်းကင်ကို အနိုင်ယူမယ်။

ဤသည်ကား ကျုံးရှန်၏ ကောင်းကင်ကိုကျော်လွှားအနိုင်ယူမည့် လက်ဝါးရိုက်ချက်ပင်ဖြစ်သည်။

"ဟမ်..."

ကောင်းကင်အထက်မှ အံ့သြစွာဖြင့် ရေရွတ်သံတစ်ခု ထွက်ပေါ်လာသည်။

ချောက်နက်မိစ္ဆာမဟာအရှင်သခင်ကြီးသည် တစ်ခါမျှ မမြင်ဖူးသော လက်ဝါးနည်းစနစ်တစ်ခု တွေ့လိုက်ရခြင်းဖြစ်သည်။

ထို့နောက်တွင် အံ့သြသင့်မှုများ ဆက်လက် ဖြစ်ပေါ်လာ၏။

ကျုံးရှန်၏လက်ဝါးချက်သည် တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် သူ၏ ဖိအားလက်ဝါးကြီးကို ဖြိုခွဲပစ်ကာ ကောင်းကင်ယံသို့ပင် ထိုးဖောက်ဝင်ရောက်သွားသည်။

လက်ခြောက်ဖက်ပါသော အာပန် ရာရှာဆာမိစ္ဆာအရိပ်တစ်ခု ပေါ်ထွက်လာလေသည်။

ပုန်းကွယ်နေသော ချောက်နက်မိစ္ဆာမဟာအရှင်သခင်ကြီးသည် သူ၏ အစစ်အမှန်ကိုယ်ခန္ဓာကို ဖော်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။

ပုန်းကွယ်ရန်အတွက် သူသည် ခန္ဓာကိုယ်ကို သာမန်အရွယ်အစားသို့ ကျုံ့ထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ မူလခန္ဓာကိုယ်အစစ်အမှန်ကို ထုတ်ဖော်လိုက်လျှင် ဤပဉ္စမအထပ် ကုန်းမြေတိုက်ကြီးတစ်ခုလုံးပင် ဆံ့လိမ့်မည် မဟုတ်ပေ။

"တကယ်ကို လေးစားစရာကောင်းတဲ့ လူငယ်လေးပဲ..."

"ငါ့ရဲ့ လက်ဝါးကွက်ကိုတောင် ချိုးဖျက်နိုင်တယ်..."

"ဒီလောက် ကြွယ်ဝချမ်းသာနေတာ မဆန်းပါဘူး..."

ချောက်နက်မိစ္ဆာအရှင်သခင်သည် ချီးကျူးစကားဆိုလိုက်သော်လည်း သူ၏ မျက်လုံးများကမူ ရှီမင်ကိုမျက်ချေမပြတ်သတိထားနေသည်။ သူ၏ ဖိအားလက်ဝါးကိုပင် တွန်းလှန်ခဲ့သည့် သူဖြစ်ရာ ပြိုင်ဘက်၏ အစွမ်းသည် သူ ခန့်မှန်းထားသည်ထက် များစွာ သာလွန်နေမှန်းရိပ်မိလိုက်သည်။

ထိုလက်ဝါးချက်သည် ကျုံးရှန်၏ ကိုယ်ပိုင်တာအို လမ်းစဉ်ဖြင့် ဖန်တီးထားသော ပထမဆုံး လက်ဝါးကွက် ဖြစ်ကြောင်းကို သူ မသိရှိပေ။ ကျုံးရှန်၏ တာအိုသည် ကောင်းကင်ကို ကျော်လွှားအနိုင်ယူခြင်းပင် ဖြစ်သည်။

"ချောက်နက်မိစ္ဆာအရှင်သခင်ကြီး... ကျွန်တော့်နောက်ကို တကောက်ကောက် လိုက်လာတာက လက်ဝါးသိုင်း လာသင်တာတော့ မဟုတ်လောက်ပါဘူးနော်..."

ကျုံးရှန်သည် ရှီမင်၏ ခန္ဓာကိုယ်မှတစ်ဆင့် အေးစက်စွာ ပြောလိုက်သည်။

မိမိကို နောက်ယောင်ခံလိုက်လာသူအားယဉ်ကျေးဟန်ဆောင်နေရန် မလိုအပ်ဟု သူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်... ငါ မင်းကို လာရှာတာ အရေးကြီးတဲ့ ကိစ္စ ဆွေးနွေးစရာ ရှိလို့..."

"ဒီနေရာက စကားပြောဖို့ မကောင်းဘူး... သတ္တိရှိရင် ငါ့နောက်လိုက်ခဲ့..."

ချောက်နက်မိစ္ဆာအရှင်သခင်က ဖုံးကွယ်မနေဘဲ တဲ့တိုးပင် ပြောလာသည်။ ထို့နောက် ရေနက်ပိုင်းသို့ ငုပ်လျှိုးသွားကာ မိုင်ထောင်ချီနက်သော ရေအောက်ချောက်ကမ်းပါးကြီး အတွင်းသို့ ဝင်ရောက်သွားသည်။

All Chapters