အခန်း (၂၂၈)
Vol. 23 Ch. 228
အပိုင်း (၂၂၈)
ကျုံးရှန်သည်လည်း ရှီမင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ သမုဒ္ဒရာရေအောက်သို့ ငုပ်လျှိုးသွားလိုက်သည်။
သူ၏ မူလခန္ဓာကိုယ်ဖြစ်သော ဆိတ်ချိုမိစ္ဆာလေးမှာမူ အခွင့်ကောင်းယူပြီး ညှို့ယူဝိညာဉ် မှန်ကြေးမုံ အတွင်းသို့ ဝင်ရောက်ပုန်းခိုလိုက်လေသည်။
ဤသမုဒ္ဒရာသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ ပင်လယ်ကွေ့များနှင့် မတူဘဲ လက်ကမ်းလျှင်ပင် လက်ကို မမြင်ရလောက်အောင်အထိ မည်းနက်မှောင်မိုက်နေသည်။ ကြည်လင်သော ပင်လယ်ရေအစား မင်ရည်များ လောင်းထည့်ထားသကဲ့သို့ ဖြစ်နေ၏။
ရေအောက်ဖိအားသည် ပုံမှန်ထက် များစွာ ပိုမို ပြင်းထန်ကာ အနက်ပိုင်းသို့ ရောက်လေ ဖိအား ကြီးမားလေ ဖြစ်သည်။ မိုင်ပေါင်းများစွာ နက်ရှိုင်းသော ရေအောက်ချောက်ကမ်းပါး အောက်ခြေသို့ ရောက်သောအခါ ရှီမင်၏ ခန္ဓာကိုယ်သည် ဖိအားကြောင့် တကျွီကျွီ မြည်သံများပင် ထွက်ပေါ်လာရသည်။
နတ်ဘုရားအဆင့် ရောက်ရှိနေသော မိစ္ဆာခန္ဓာကိုယ် ဖြစ်သော်လည်း ဤရေဖိအားကို ခက်ခက်ခဲခဲ တောင့်ခံနေရခြင်း ဖြစ်သည်။
ရေအောက်ချောက်ကမ်းပါး၏ အောက်ခြေသည် ထူးကဲစွာ တိတ်ဆိတ်ငြိမ်သက်နေပြီးမည်သည့် ရေနေသတ္တဝါမျှ မရှိပေ။
မကြာခင်၌ပင် ကျုံးရှန်၏ရှေ့၌ ရှေးဟောင်းစစ်မြေပြင်တစ်ခုပေါ်လာလေသည်။
ချောက်ကမ်းပါး၏ ကြမ်းပြင်တစ်ခုလုံးတွင် လက်နက်အပိုင်းအစများနှင့် တောက်ပနေဆဲဖြစ်သော အရိုးစုများ ပြည့်နှက်နေကာ ထို အရွယ်အစား အမျိုးမျိုးရှိသည့် လူသားများ၊ ဧရာမသားရဲများနှင့် ငရဲဘုံသား မိစ္ဆာများ၏ အရိုးစုများ ပါဝင်နေသည်။
ဤနေရာတွင် ပြင်းထန်သော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးသည်မှာ ထင်ရှားလှသည်။
မလှမ်းမကမ်းတွင် လက်ခြောက်ဖက်ပါသော ချောက်နက်မိစ္ဆာအရှင်သခင်သည် ချောက်ကမ်းပါးစွန်းရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် ရပ်နေ၏။ သူသည် ကျုံးရှန်ကို ကျောပေးထားပြီး စစ်မြေပြင်အပျက်အစီးများကို ငေးကြည့်ရင်း အတွေးနက်နေသည်။
"ရောက်လာပြီလား..."
"ဒါ ဘယ်နေရာလဲဆိုတာ မင်း သိလား..."
"မသိဘူး... ကျွန်တော် ဒီနေရာကို ပထမဆုံး ရောက်ဖူးတာ..."
ကျုံးရှန်သည် ထိုမေးခွန်းကို ကြားသောအခါ ခေါင်းခါလိုက်သည်။ သူသည် ဗဟုသုတ ကြွယ်ဝပြီး စာပေများစွာ ဖတ်ရှုဖူးသော်လည်း ဤနေရာသည် ငရဲဘုံ၏ အလွန်လျှို့ဝှက်သော ရှေးဟောင်းစစ်မြေပြင်တစ်ခု ဖြစ်သဖြင့် မသိရှိသည်မှာ ထူးဆန်းလှခြင်းမရှိပေ။
ချောက်နက်မိစ္ဆာအရှင်သခင်သည် ကျုံးရှန်ဘက်သို့လှည့်ကြည့်လာသည်။
"ဒီနေရာက ရှေးဟောင်းစစ်မြေပြင်တစ်ခုပဲ..."
"မူလကတော့ ငရဲဘုံရဲ့ သာမန် ပင်လယ်တစ်ခုပေါ့..."
"ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်က လူသားဧကရာဇ် အင်အားစုတွေနဲ့ မိစ္ဆာမျိုးနွယ်စုတွေ ပူးပေါင်းပြီး ဒီနေရာမှာ ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ဖွင့်ခဲ့ကြတယ်... စစ်တပ်ကြီး ချီတက်နိုင်လောက်အောင် ကျယ်ပြန့်တဲ့ လမ်းကြောင်းပေါ့..."
"အဲ့လိုနဲ့ လူသားနဲ့ မိစ္ဆာပူးပေါင်းတပ်ဖွဲ့ရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့အတွက် ငရဲဘုံက အစွမ်းထက် ပုဂ္ဂိုလ်များစွာ ဒီနေရာမှာ လာရောက်တိုက်ခိုက်ခဲ့ကြတယ်..."
"စစ်ပွဲက နှစ်ထောင်ချီ ကြာမြင့်ခဲ့ပြီး..နောက်ဆုံးမှာတော့ စစ်ပွဲရဲ့ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ ဟင်းလင်းပြင် အက်ကြောင်းကြီး ပြိုကျသွားခဲ့တယ်..."
"စစ်ပွဲပြီးလို့ သိပ်မကြာခင်မှာပဲ စစ်မှန်သောမိစ္ဆာကမ္ဘာက ကောင် ရောက်လာပြီး ငရဲဘုံရဲ့မူလကမ္ဘာကြီး ပေါက်ကွဲသွားခဲ့တာပဲ..."
"ဒီပင်လယ်ကြီးကိုလည်း မဟာမိစ္ဆာအရှင်သခင်ကြီးတွေ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲလိုက်ကြတာ... အခုတော့ ငရဲဘုံသစ်ရဲ့ ပဉ္စမအထပ် ကုန်းမြေတိုက် ဖြစ်လာတာပေါ့..."
သူသည် ပုံပြင်ပြောပြနေသကဲ့သို့ ဖြည်းညှင်းစွာ ပြောပြနေသည်။
ငရဲဘုံနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် တစ်ခုကိုတစ်ခု မှီခိုနေသော မဟာကမ္ဘာကြီး များ ဖြစ်ကြသော်လည်း ထိုကမ္ဘာကြီးများတွင် နေထိုင်ကြသော သတ္တဝါများမှာမူ ရေနှင့်မီးကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်ကြသည်။
ကမ္ဘာနှစ်ခုသည် ရှေးဟောင်းခေတ်ကတည်းကပင် အပြန်အလှန် ကျူးကျော်တိုက်ခိုက်လေ့ ရှိကြပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ သက်ရှိများသည် ငရဲဘုံသားများအတွက် အကောင်းဆုံး အစာအာဟာရ ဖြစ်သည်။ ထို့အတူ ငရဲဘုံသက်ရှိများသည်လည်း လူသားများအတွက် ဝိညာဉ်ကျင့်စဉ်များ လေ့ကျင့်ရန်နှင့် နတ်ဘုရားများထံ ယဇ်ပူဇော်ရန် အကောင်းဆုံး ပစ္စည်းများ ဖြစ်ကြသည်။
ကမ္ဘာနှစ်ခုသည် တစ်ဖက်နှင့်တစ်ဖက် သားကောင်အဖြစ် သတ်မှတ်ထားကြသဖြင့် စစ်ပွဲများ ဖြစ်ပွားခြင်းသည် သာမန်ကိစ္စပင် ဖြစ်သည်။
သို့သော် ကျုံးရှန်သည် ပုံမှန်မဟုတ်သော အချက်တစ်ခုကို သတိထားမိလိုက်သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက နဂါးမဲ့ နတ်ဘုရားဘုရင်ဝူလုံ ချမှတ်ထားသော ပိတ်ဆို့မှုသည် လျော့ရဲခြင်း မရှိသေးဘဲကမ္ဘာနှစ်ခုကြားရှိ အတားအဆီးသည် ဖောက်ထွင်း၍ မရနိုင်လောက်အောင် ခိုင်ခံ့နေသင့်ကာ မည်သည့် အက်ကြောင်းမျှ ရှိမနေသင့်ပေ။
ရှေးဟောင်းလူသားဧကရာဇ်က ရှေးဟောင်းကောင်းကင်နန်းတော်နှင့် မိုကျူးမိစ္ဆာမျိုးနွယ်စု ကို ဦးဆောင်လာလျှင်ပင် ဖောက်ထွင်းနိုင်ခြင်း ရှိမည်မဟုတ်ရာ ဤနေရာတွင် ဟင်းလင်းပြင် အက်ကြောင်းဖွင့်ပြီး တည်ငြိမ်သော လမ်းကြောင်းတစ်ခု ဖောက်လုပ်နိုင်ခဲ့သည် ဆိုခြင်းမှာ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်သည်။
ထိုအချက်ကို တွေးမိသောအခါ ကျုံးရှန်သည် ပြန်လည်မေးမြန်းလိုက်၏။
"ကျွန်တော့်မှာ သံသယတစ်ခု ရှိတယ်..."
"ကျွန်တော် သိသလောက်ဆိုရင် ငရဲဘုံနဲ့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြားကို ရှေးဟောင်းခေတ်ကတည်းက အစွမ်းထက်လွန်းတဲ့ နဂါးမဲ့ နတ်ဘုရားဘုရင်ဝူလုံကပိတ်ဆို့ထားခဲ့တာ..."
"ကမ္ဘာနှစ်ခုကြား ကူးသန်းသွားလာဖို့ မဖြစ်နိုင်ဘူးမဟုတ်လား... ဒါဆိုရင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက လူသားတွေနဲ့ မိစ္ဆာတွေက ဘယ်လိုလုပ် ငရဲဘုံကို ကျူးကျော်နိုင်ခဲ့တာလဲ..."
ထိုမေးခွန်းကို ကြားသောအခါ ချောက်နက်မိစ္ဆာအရှင်သခင်က ခေါင်းငြိမ့်လိုက်သည်။
"မင်းမှန်တယ်... မင်းက ငရဲဘုံရဲ့ ထူးချွန်တဲ့ လူငယ်တစ်ယောက် ဖြစ်နေတာ မဆန်းဘူးပဲ... ပြဿနာရဲ့ အဓိကအချက်ကို ချက်ချင်း ရှာတွေ့တယ်..."
"သူတို့ နဂါးမဲ့ နတ်ဘုရားဘုရင်ဝူလုံရဲ့ ပိတ်ဆို့မှုကို ဖောက်ထွင်းနိုင်ခဲ့တာက...အဲ့ နဂါးမဲ့ နတ်ဘုရားဘုရင်ဝူလုံ ချန်ထားရစ်ခဲ့တဲ့ ရတနာတစ်ခုကို ရရှိခဲ့ကြလို့ပဲ..."
"ရတနာနာမည်က နတ်ဘုရားဘုရင် အမိန့်တော် တဲ့... ကောင်းကင်တာအိုနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ယဇ်ပူဇော်ရင် ဆုလာဘ်တွေ ရရှိနိုင်တယ်..."
"ဒါပေမယ့် အဲဒီရတနာက ပျက်စီးနေပြီး... ရှေးဟောင်းခေတ်ကတည်းက နတ်ဘုရားဘုရင် တံဆိပ်တော် နဲ့ ကောင်းကင်တာအို တံဆိပ်တော်ဆိုပြီး နှစ်ပိုင်း ကွဲသွားခဲ့တာ..."
"အဲဒီတုန်းက လူသားတွေက နတ်ဘုရားဘုရင် တံဆိပ်တော် တစ်ခုတည်းကို ရရှိခဲ့တာတောင် နဂါးမဲ့ နတ်ဘုရားဘုရင်ရဲ့ တားမြစ်ချက်ကို ဖောက်ထွင်းနိုင်ခဲ့ကြတယ်..."
"ကျန်နေတဲ့ ကောင်းကင်တာအို တံဆိပ်တော်ကတော့ ငရဲဘုံထဲမှာ ကျန်ရစ်ခဲ့ပြီး... ကောင်းကင်တက်လှမ်းမျှော်စင်ရဲ့ အလွှာတစ်ထောင်ထဲက တစ်နေရာရာမှာ ပုန်းအောင်းနေတယ်လို့ ဆိုကြတယ်..."
"ဒီတစ်ခေါက် ငါ မင်းကို လာရှာတာ မင်းရဲ့ ပစ္စည်းတွေကို လိုချင်လို့ မဟုတ်ဘူး... အကူအညီ တောင်းစရာ ရှိလို့..."
"အဲဒီ ကောင်းကင်တာအို တံဆိပ်တော်ကို ရှာပေးစေချင်တယ်..."
ချောက်နက်မိစ္ဆာအရှင်သခင်ကြီးသည် သူ့ရည်ရွယ်ချက်ကို တဲ့တိုးပင် ပြောချလာသည်။
"ချောက်နက်မိစ္ဆာအရှင်သခင်ကြီး... ခင်ဗျားရဲ့ အစွမ်းအစက ငရဲဘုံမှာ ထိပ်တန်းပဲလေ... ဘာလို့ ကျွန်တော့်ကို ရှာခိုင်းရတာလဲ... ကိုယ်တိုင် သွားရှာလို့ ရသားပဲ..."
ကျုံးရှန်ကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်မေးလိုက်သည်။
"အမှန်အတိုင်း ပြောရရင်... ငါ အဲဒီ ကောင်းကင်တာအို တံဆိပ်တော်ကို ရလုနီးပါး ဖြစ်ခဲ့ဖူးတယ်..."
"ဒါပေမယ့် အဲဒီ တံဆိပ်တော်က ဝိညာဉ်ရှိပြီး ကောင်းကင်တက်လှမ်းမျှော်စင်နဲ့ အရမ်း လိုက်ဖက်ညီတယ်..."
"ငါ မျှော်စင်ထဲ ဝင်လိုက်တာနဲ့ သူက ချက်ချင်း ပုန်းရှောင်သွားတော့တာပဲ..."
"မင်းရဲ့ အစွမ်းအစနဲ့ဆိုရင်... ပထမဆုံးအကြိမ် ဝင်ရောက်တာ ဖြစ်တဲ့အတွက် တံဆိပ်တော်နဲ့ တွေ့ဆုံနိုင်မယ့် အခွင့်အရေး ပိုများတယ်..."
ချောက်နက်မိစ္ဆာအရှင်သခင်က ရှင်းပြလိုက်သည်။
"တကယ်လို့ မင်းသာ ကောင်းကင်တာအို တံဆိပ်တော်ကို ရယူပေးနိုင်ခဲ့ရင်... ငါ စစ်မြေပြင် လမ်းကြောင်းတစ်ခု ဖွင့်ပြီး ငရဲဘုံ စစ်တပ်ကြီးကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ဆီ ပို့ဆောင်နိုင်လိမ့်မယ်..."
"အဲဒီအခါကျရင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးတင် မကဘူး... ဘေးပတ်ဝန်းကျင်က ကမ္ဘာကြီးတွေကော ကမ္ဘာငယ်လေးတွေပါ ငါတို့ရဲ့ စားကျက်မြေ ဖြစ်လာလိမ့်မယ်..."
"ဒါက အရေးကြီးတဲ့ ကိစ္စပါ... မင်းသာ တကယ် ရှာပေးနိုင်ရင် ငါ မင်းကို အဖိုးတန် ရတနာတစ်ခု ပေးမယ်..."
"ဘယ်လိုလဲ... သဘောတူလား..."
သူ၏ စကားများသည် ဆွဲဆောင်မှုအပြည့် ရှိနေ၏။
သို့သော် ကျုံးရှန်ကမူ စိတ်ထဲတွင် ပြက်ရယ် ပြုလိုက်သည်။
'ဒီမိစ္ဆာအိုကြီးက တော်တော် ယုတ်မာတာပဲ'
'သူပြောတဲ့စကားတွေက တစ်ဝက်မှန် တစ်ဝက်မှားနဲ့ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောနေတယ်'
'တကယ်လို့ ကောင်းကင်တာအို တံဆိပ်တော်ကို ငါရှာတွေ့ခဲ့ရင်တောင် ဒီကောင်ကြီးအတွက် အလုပ်အကျွေး ပြုသလို ဖြစ်သွားမှာပဲ...ဆုလာဘ် ရဖို့ဆိုတာဝေးသေးတယ်'
ခေတ္တမျှ စဉ်းစားပြီးနောက် ကျုံးရှန်တစ်ဖြစ်လည်း ရှီမင်သည် ခေါင်းခါလိုက်သည်။
"ကျွန်တော့်ရဲ့ အစွမ်းအစက နိမ့်ပါးလွန်းသလို... အစွမ်းထက်တဲ့ ကျင့်စဉ်တွေလည်း မရှိပါဘူး... ဒီကိစ္စကို ကူညီနိုင်မယ် မထင်ပါဘူး..."
ပြောပြီးသည်နှင့် သူသည် ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်ရန် ပြင်လိုက်သည်။
ချောက်နက်မိစ္ဆာအရှင်သခင်သည် ကျုံးရှန်၏ သွယ်ဝိုက်သော ဈေးကိုင်သည့်စကားကို နားမလည်ဘဲ မနေပေ။ သူ့ရှေ့ရှိ မိစ္ဆာအရှင်သခင်ငယ်လေးသည် သူ၏ကိုယ်ပိုင်အကျိုးအမြတ်အတွက် တောင်းဆိုနေခြင်းပင် ဖြစ်၏။
"နေပါဦး... မင်းက အလုပ်တောင် မလုပ်ရသေးဘဲ အကျိုးအမြတ် လိုချင်နေတာ နည်းနည်းတော့ လွန်လွန်းတယ်မဟုတ်လား..."
"ကောင်းပြီလေ... ငါ့ရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ ကျင့်စဉ်တစ်ခု ပေးရတာ ပြဿနာ မရှိပါဘူး..."
"ငါ ချောက်နက်မိစ္ဆာအရှင်သခင်က ငရဲဘုံရဲ့ အဓိက မိစ္ဆာနတ်ဘုရား ၁၀၈ ပါးရဲ့ ကျင့်စဉ်တွေကို ကျွမ်းကျင်သလို တခြား ကျင့်စဉ်ပေါင်း နှစ်သောင်းကျော်ကိုလည်း လေ့လာထားတယ်... မင်း ဘယ်ဟာ လိုချင်လဲပြော..."
ထိုစကားကို ကြားသောအခါ ကျုံးရှန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ရေမျက်နှာပြင်အပေါ်သို့ ပြန်တက်ရန်ပြင်နေခြင်းမှရပ်တန့်လိုက်သည်။
"ချောက်နက်မိစ္ဆာအရှင်သခင်ကြီးက တကယ် သဘောကောင်းတာပဲ..."
"ကျွန်တော် လိုချင်တဲ့ ကျင့်စဉ်က ခင်ဗျားဆီမှာ သေချာပေါက် ရှိပါတယ်..."
"အဲဒါကတော့... ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ် ပါ..."
"ဘာ..."
"ဒါက..လုံးဝ မဖြစ်နိုင်ဘူး..."
ချောက်နက်မိစ္ဆာအရှင်သခင်သည် ပြတ်သားစွာပင်ငြင်းပယ်လိုက်သည်။
ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်သည် သူ၏ အသက်သွေးကြော ဖြစ်ကာ ချောက်နက်ငရဲဘုံတစ်ခုလုံး၏ အနှစ်သာရ ဖြစ်သည်။
ချောက်နက်ငရဲဘုံသည် အလယ်အလတ် ကမ္ဘာများထဲတွင် အအောင်မြင်ဆုံး ကမ္ဘာတစ်ခုဖြစ်ပြီး နောင်တစ်ချိန်တွင် ကြီးမားသော ကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲလာနိုင်မည့် အလားအလာ ရှိသည်။ ထိုအရာအားလုံးသည် ဤကျင့်စဉ်နှင့် ဆက်စပ်နေခြင်းပင် ဖြစ်၏။