အခန်း (၂၂၉)
Vol. 23 Ch. 229
အပိုင်း (၂၂၉)
ချောက်နက်မိစ္ဆာအရှင်သခင်၏ တောင်းဆိုချက်သည် ကျုံးရှန်၏ အမြင်တွင် ယုတ္တိမရှိသော စကားများသာ ဖြစ်သည်။
အကယ်၍ ကောင်းကင်တက်လှမ်းမျှော်စင် အတွင်း၌ ကောင်းကင်တာအို တံဆိပ်တော် ရှိသည်မှာ မှန်ကန်သည် ဆိုလျှင်ပင် ကျုံးရှန်ကဲ့သို့ လူသစ်တစ်ယောက်က ရှာတွေ့နိုင်မည်ဟု အဘယ်ကြောင့် ယုံကြည်နေရသနည်း။
မျှော်စင်သို့ ပထမဆုံးအကြိမ် ဝင်ရောက်သူများက တံဆိပ်တော်နှင့် တွေ့ဆုံရန် အခွင့်အရေး ပိုများသည် ဆိုပါက ချောက်နက်မိစ္ဆာအရှင်သခင်သည် အခြားသော မိစ္ဆာအရှင်သခင်ငယ်များကို အကူအညီတောင်းနိုင်သည်။ သို့်မဟုတ် သူ ကိုယ်တိုင် ပြုစုပျိုးထောင်ထားသော မျိုးဆက်သစ် လူငယ်များကို စေခိုင်းလျှင်လည်း ရနိုင်သည်ဖြစ်ရာ ကျုံးရှန်ကို အထူးတလည် လာရောက်ရှာဖွေနေရန် အကြောင်းမရှိပေ။
ဤကိစ္စတွင် မရိုးသားသော အကြံအစည်များ ရှိနေသည်မှာ သေချာလှပြီး ချောက်နက်မိစ္ဆာအရှင်သခင် ကိုယ်တိုင်သာလျှင် အမှန်တရားကို သိရှိပေလိမ့်မည်။
သို့သော် သူ မည်သို့ပင် ကြံစည်နေပါစေ ကျုံးရှန်သည် အခွင့်ကောင်းယူပြီး အကျိုးအမြတ်အချို့ ရယူရန် ဆုံးဖြတ်လိုက်သည်။
ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်သည် ချောက်နက်မိစ္ဆာအရှင်သခင်၏ အသက်သွေးကြော ဖြစ်ပြီး ငရဲဘုံ၏နာမည်ကျော်ကြားသော လျှို့ဝှက်နည်းစနစ်လည်းဖြစ်သည်။ ဤအရာကို အသုံးပြုပြီး ချောက်နက်မိစ္ဆာအရှင်သခင်၏ သဘောထားကို စမ်းသပ်ကြည့်ခြင်းသည် ကောင်းမွန်သော နည်းလမ်းပင် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချောက်နက်မိစ္ဆာအရှင်သခင်သည် ထိုတောင်းဆိုမှုကို ကြားသောအခါ ပြတ်သားစွာ ငြင်းပယ်လိုက်သည်။ ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်သည် သူ၏ လျှို့ဝှက်ချက် ဖြစ်ပြီး အကယ်၍ အခြားသူများ လက်ထဲသို့ ရောက်သွားပါက သူ၏ အားနည်းချက်များကို ရှာဖွေတွေ့ရှိသွားနိုင်ကာ သူ့အတွက်ခြိမ်းခြောက်မှုဖြစ်လာနိုင်ပေသည်။
ချောက်နက်မိစ္ဆာအရှင်သခင်အနေဖြင့် ဤကဲ့သို့သောအခြေအနေမျိုး ဖြစ်ပေါ်လာရန် လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
"ဒါဆိုရင်လည်း ကျွန်တော် သွားလိုက်ပါဦးမယ်..."
ကျုံးရှန်သည် အတင်းအကျပ် မတောင်းဆိုတော့ဘဲ ထွက်ခွာရန် ပြင်လိုက်ပြန်သည်။
ဤမြေခွေးအိုကြီးနှင့် ကြာကြာဆက်ဆံနေခြင်းသည် အကျိုးမရှိဘဲ အန္တရာယ်သာ များစေနိုင်သည်။ အစောပိုင်းက လက်ဝါးချင်း ယှဉ်ပြိုင်မှုမှတစ်ဆင့် ချောက်နက်မိစ္ဆာအရှင်သခင်၏ အစွမ်းအစကို သူ ခန့်မှန်းမိပြီးဖြစ်သည်။
ငရဲဘုံတွင် နေထိုင်ခဲ့သော နှစ်များအတွင်း၌ သူသည် မူလအစကမ္ဘာကို ဖန်တီးခဲ့ရုံသာမက ဖာဟိုင်နှင့် တွေ့ဆုံပြီး တာ့ဝေထျန်းလုံ ကျင့်စဉ်ကိုပါ သင်ယူနိုင်ခဲ့သည်။
ထို့ပြင် မဟာတာအိုအဆင့် ကံစမ်းမဲမှဓာတ်ကြီးငါးပါး ဝိညာဉ်သန့်စင်ခြင်း နည်းစနစ် ကို ရရှိခဲ့ပြီး ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော် အရှင်သခင်ကို အသုံးပြုကာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို သာမန်ဝိညာဉ်စွမ်းအင်မှ ပိုမိုအစွမ်းထက်သော သူတော်စင်စွမ်းအား အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။
တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း၌လည်း ကျင့်စဉ်များစွာကို ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်ခဲ့ရာ ယခုအချိန်တွင် သူ၏ စွမ်းအားသည် တံခါးပိတ်မကျင့်ကြံမီ အချိန်ကထက် များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ပြင်ပလောကတွင် စွန့်စားခရီးထွက်ခြင်းသည် ကံတရားငြိစွန်းမှုများ ရှိလာနိုင်ပြီး ကောင်းကင်တာအို၏ ဖိနှိပ်မှုကို ခံရနိုင်သော်လည်း စွမ်းအားတိုးတက်ရန် အမြန်ဆုံးလမ်းကြောင်းတစ်ခု ဖြစ်သည်။ ထို့ပြင် ကျုံးရှန်သည် ကောင်းကင်တာအို၏ ပြောင်းလဲမှုများကို တွက်ချက်ပြီးမှ ဤခရီးကိုထွက်လာခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူသည် ချောက်နက်မိစ္ဆာအရှင်သခင်ကို အနိုင်မတိုက်နိုင်လျှင်ပင် လွယ်ကူစွာ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိလေသည်။
ကျုံးရှန်တစ်ယောက်ပြတ်ပြတ်သားသား ထွက်ခွာသွားသည်ကို မြင်သောအခါ ချောက်နက်မိစ္ဆာအရှင်သခင်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များထွက်ပေါ်လာသည်။
ကျုံးရှန်သည် ကျောဘက်မှ စူးရှသော အကြည့်ကို ခံစားမိလိုက်လျှင် ရပ်တန့်လိုက်ပြီး ချောက်နက်မိစ္ဆာအရှင်သခင်ဘက်သို့လှည့်ကြည့်လာကာ တည်ငြိမ်စွာပင် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... ချောက်နက်မိစ္ဆာအရှင်သခင်ကြီးက ကျွန်တော်နဲ့ ထပ်ပြီး လက်ရည်စမ်းချင်သေးလို့လား..."
ထိုစကားကို ကြားသောအခါ ချောက်နက်မိစ္ဆာအရှင်သခင်သည် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို ပြန်လည်ချိန်ဆရတော့သည်။
သူသည် အတွေ့အကြုံရင့်ကျက်သူ ဖြစ်၏။
အကယ်၍ တိုက်ပွဲဖြစ်ပွားပါက ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ပြိုင်ဘက်ကို အပြီးတိုင် သတ်ဖြတ်နိုင်မည်ဟု အာမမခံနိုင်ပေ။
သို့နှင့် ခေတ္တမျှ စဉ်းစားပြီးနောက် အဖြေတစ်ခု ရှာတွေ့လိုက်သည်။
"ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်က ငါ့ရဲ့ အသက်သွေးကြောပဲ..."
"မင်းက ကောင်းကင်တာအို တံဆိပ်တော်ကို ပြန်မယူလာပေးရသေးဘဲ အလကား လိုချင်နေတာ နည်းနည်း လွန်လွန်းနေပြီ..."
"ဒီလိုလုပ်ကြရအောင်... ငါ့ရဲ့ ရိုးသားမှုကို ပြသတဲ့အနေနဲ့ ကျင့်စဉ်ရဲ့ နှစ်ဆယ်ပုံတစ်ပုံကို အရင်ပေးမယ်..."
"ကိစ္စပြီးမြောက်ရင် နောက်ထပ် နှစ်ဆယ်ပုံတစ်ပုံ ထပ်ပေးမယ်... စုစုပေါင်း ဆယ်ပုံတစ်ပုံ ရလိမ့်မယ်... ဒါ ငါ့ရဲ့ နောက်ဆုံးစည်းပဲ..."
ချောက်နက်မိစ္ဆာအရှင်သခင်သည် တင်းမာသော လေသံဖြင့် ပြောလိုက်လျှင် သူ့အတွက် အလွန် နစ်နာနေပုံရ၏။
"မဖြစ်ဘူး... နည်းလွန်းတယ်... အခု အနည်းဆုံး ငါးပုံနှစ်ပုံ ပေးရမယ်... ကိစ္စပြီးရင် နောက်ထပ် ငါးပုံနှစ်ပုံ ထပ်ပေးရမယ်..."
ကျုံးရှန်သည်လည်း ပြတ်သားစွာ ငြင်းပယ်ပြီး ဈေးဆစ်လိုက်သည်။
"ဆယ်ပုံတစ်ပုံ..."
"မရဘူး..."
"ငါးပုံတစ်ပုံ..."
...
အပြန်အလှန် ဈေးဆစ်ပြီးနောက် နှစ်ဖက်စလုံး သဘောတူညီမှု ရရှိသွားကြသည်။ချောက်နက်မိစ္ဆာအရှင်သခင်သည် ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်၏ ငါးပုံတစ်ပုံကို ကြိုတင်ပေးအပ်ရမည် ဖြစ်ပြီး ကိစ္စပြီးမြောက်ပါက နောက်ထပ် ငါးပုံတစ်ပုံ ထပ်မံပေးအပ်ရမည် ဖြစ်ကာ ကျုံးရှန်သည်စုစုပေါင်း ငါးပုံနှစ်ပုံ ရရှိမည် ဖြစ်သည်။
သူသည် လက်ရှိတွင် သူ၏ ကောင်းကင်ကို အနိုင်ယူခြင်း တာအိုလမ်းစဉ်ကို ရှာဖွေဖော်ထုတ်နေဆဲ ဖြစ်သည်။ ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်ကဲ့သို့ ထိပ်တန်းကျင့်စဉ်များကို လေ့လာခြင်းသည် သူ၏ တာအိုလမ်းစဉ်ကို ဖြည့်ဆည်းပေးရာတွင် များစွာ အထောက်အကူ ဖြစ်စေသည်။
"ကောင်းပြီ... လက်ခံလိုက်..."
ချောက်နက်မိစ္ဆာအရှင်သခင်သည် သဘောတူညီချက်အရ ဝိညာဉ်အာရုံမှတစ်ဆင့် ကျင့်စဉ်၏ ငါးပုံတစ်ပုံကို ကျုံးရှန်၏ ဝိညာဉ်ထဲသို့ ပို့လွှတ်လိုက်သည်။
ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်။
ဤကျင့်စဉ်သည် ငရဲဘုံ၏ ရှေးဟောင်းကျင့်စဉ်တစ်ခု ဖြစ်ပြီး အလွန်များပြားနက်ရှိုင်းသော ငရဲဘုံဆိုင်ရာ ကျင့်ကြံခြင်းသတင်းအချက်အလက်များပါဝင်လေသည်။ သို့ဖြစ်ရာ ငါးပုံတစ်ပုံ ဆိုလျှင်ပင် တန်ဖိုးရှိသော အရာဖြစ်၏။
မိနစ်အနည်းငယ်ကြာပြီးနောက် ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်၏ ငါးပုံတစ်ပုံသည် ကျုံးရှန်၏ ဦးနှောက်ထဲသို့ အပြည့်အဝ ရောက်ရှိသွားလေသည်။
ချောက်နက်မိစ္ဆာအရှင်သခင်၏ လှည့်ကွက်များကို ကာကွယ်ရန်အတွက် ကျုံးရှန်သည် ထိုကျင့်စဉ်မှတ်ဉာဏ်များကို ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်တွင် သီးသန့် ချိပ်ပိတ်ထားလိုက်သည်။ အနည်းငယ်မျှ လေ့လာကြည့်ရုံဖြင့် ကျုံးရှန်၏ စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားရသည်။
ဤချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်သည် နာမည်ကျော်ကြားသည်နှင့်အညီ အလွန်ကောင်းမွန်သော ကျင့်စဉ်တစ်ခု ဖြစ်ပြီး ဆန်းကြယ်သော ငရဲဘုံ နည်းစနစ်များစွာ ပါဝင်သည်။ ကျင့်စဉ်တစ်ခုလုံးကို ရရှိခဲ့ပါက သာမန် မဟာတာအိုအဆင့် ရတနာများထက်ပင် တန်ဖိုးရှိပေလိမ့်မည်။
"ကောင်းပြီ... ချောက်နက်မိစ္ဆာအရှင်သခင်ကြီးက တကယ့်ကို သဘောထားကြီးတာပဲ... ကျွန်တော် ကောင်းကင်တာအို တံဆိပ်တော်ကို ရခဲ့ရင် သေချာပေါက် ပြန်လာခဲ့ပါ့မယ်..."
အရောင်းအဝယ် ပြီးဆုံးပြီးနောက် ကျုံးရှန် ထွက်ခွာသွားလေသည်။
"မင်းဘက်ကလည်း ကတိတည်ပါစေ..."
ချောက်နက်မိစ္ဆာအရှင်သခင်သည်လည်း သတိပေးစကား တစ်ခွန်းသာ ပြောလိုက်ပြီး တားဆီးခြင်း မပြုတော့ပေ။
ကျုံးရှန် လုံးဝ ပျောက်ကွယ်သွားသောအခါချောက်နက်မိစ္ဆာအရှင်သခင်သည် ရှေးဟောင်းစစ်မြေပြင် အပျက်အစီးများကို ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။
"ကောက်ကျစ်တဲ့ လူသား..."
"သူဘယ်လိုနည်းနဲ့ မိစ္ဆာခန္ဓာကိုယ်ကို ပေါင်းစပ်ထားတာပဲဖြစ်ဖြစ် ဝိညာဉ်ရဲ့ အငွေ့အသက်ကိုတော့ ပြောင်းလဲလို့ မရဘူးလေ..."
"ကောင်းကင်တာအို တံဆိပ်တော်က မျှော်စင်ကို ပထမဆုံးအကြိမ် တက်ရောက်သူတွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးများတာ မှန်တယ်... ဒါပေမယ့် လူသားဖြစ်မှ ရမှာ..."
"နဂါးမဲ့ နတ်ဘုရားဘုရင်ဝူလုံက လူသားတစ်ယောက် ဖြစ်ပါလျက်နဲ့ ဒီလို အဖိုးတန်ရတနာကို မိစ္ဆာတွေအတွက် ချန်ထားခဲ့ပါ့မလား..."
"ဒီကောင် မျှော်စင်ပေါ် တက်ပြီးရင် ထိပ်ဆုံးထိ မရောက်နိုင်သရွေ့ မျှော်စင်အပြင်ဘက်က မိစ္ဆာပျက်သုဉ်းနယ်မြေမှာ ပြန်ပေါ်လာရမှာပဲ... ငါ ကြိုတင်စီစဉ်ထားလိုက်ရင် သူ ဘယ်လိုမှ ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး..."
ကျုံးရှန် တွေးထားသည့်အတိုင်းပင် ချောက်နက်မိစ္ဆာအရှင်သခင်သည် အခြားသော အကြံအစည် ရှိနေလေသည်။ သူသည် ကျုံးရှန်၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို အစပိုင်းကတည်းကပင် ရိပ်မိထားခဲ့ကာအကွက်ကျကျ စီစဉ်လိုက်ခြင်းပင် ဖြစ်၏။
ကျုံးရှန်သည် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိသည်နှင့် ရှီမင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်းမှ ရပ်စဲလိုက်သည်။
လီလီဗီနှင့် သူ၏ မူလခန္ဓာကိုယ်သည်လည်း ညှို့ယူဝိညာဉ် မှန်ကြေးမုံ အတွင်းမှ ထွက်ပေါ်လာ၏။
သူတို့အချင်းချင်းစကားမပြောရသေးခင်မှာပင် အစွမ်းထက်သော အငွေ့အသက်တစ်ခု ထပ်မံရောက်ရှိလာပြန်သည်။ ထိုအငွေ့အသက်သည် ဖုံးကွယ်ထားခြင်း မရှိဘဲ ကျုံးရှန်တို့ရှိရာဆီသို့တိုက်ရိုက် ပျံသန်းလာ၏။
ထိုသူသည်ကား အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသော ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးပင် ဖြစ်သည်။
ရှီမင် စကားမပြောနိုင်ခင် သူက ဦးစွာ နှုတ်ဆက်ပြီး ပြောလိုက်သည်။
"မိတ်ဆွေက တော်တော် အလျင်လိုနေပုံရတယ်..."
"ဒီလေလံပွဲမှာ မိတ်ဆွေက ဝယ်ယူအားအကောင်းဆုံး ဖောက်သည်ဖြစ်တဲ့အတွက်... ကြိုတင်သဘောတူညီချက်အရ ကောင်းကင်တက်လှမ်းမျှော်စင်နဲ့ ပတ်သက်တဲ့ အထူးလက်ဆောင်တစ်ခု ပေးဖို့ ရှိတယ်လို့ ကြေငြာထားပါတယ်..."
"အခုလာတာကလည်း အဲ့အထူးလက်ဆောင်လာပေးတာပါ..."
သူသည် ဖော်ရွေစွာပင် ပြောလိုက်သည်။
ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးသည်လက်ဆောင်ပေးရန်အတွက် ရောက်လာခြင်း ဖြစ်သည်။
ကျုံးရှန် စဉ်းစားကြည့်လိုက်သောအခါ ထိုကဲ့သို့ အစီအစဉ်မျိုး ရှိခဲ့သည်ကို ပြန်သတိရလိုက်သည်။ အန္တရာယ်ကင်းစေရန်အတွက် သူသည် ရှီမင်၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။
"သြော်... ဟုတ်သားပဲ... ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးက ကတိတည်တာပဲ..."
ကျုံးရှန်က ချီးကျူးစကား ဆိုလိုက်ပြီး အခြေအနေကို စောင့်ကြည့်နေလိုက်သည်။
ရွှံ့နွံမဟာမိစ္ဆာအရှင်သခင်ကြီးသည် ကျုံးရှန်၏ အတွေးကို သိမြင်ပုံရကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုနှင့် စေတီပုံစံ ရတနာတစ်ခု ပေါ်လာသည်။
ထိုရတနာသည် မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်နှင့် ဆင်တူသည့် စေတီပုံစံ ရတနာဖြစ်နေကာ ထိုစေတီတော်နှစ်ခုကြားတွင် မည်သည့် ပတ်သက်ဆက်နွယ်မှု ရှိနေသည်ကို မသိရှိရပေ။