← Chapters

သစ္စာဖောက်မှု

Vol. 4 Ch. 233

သစ္စာဖောက်မှု

Vol. 4 Ch. 233

အီလက်ထရာက နက်ဆန်ကိုမြင်တာနဲ့ ရပ်ကြည့်မနေဘဲ ချက်ချင်းတိုက်ခိုက်လိုက်တယ်။ သူ့ပုံစံက ယုံကြည်မှုအပြည့်နဲ့ပါ။

“မဆိုးဘူးပဲ၊ အဲဒီမျက်နှာဖုံးကို သုံးနိုင်သွားပြီလား။ ဒါပေမဲ့ နင်တကယ့်အယ်ဒါဖြစ်လာရင်တောင်မှ ဝါရင့်တဲ့ငါ့ကို မနိုင်နိုင်သေးဘူး။”

ဧရာမမြွေကြီးက နိမ့်ဆင်းလာပြီးတော့ အဆိပ်ငွေ့တွေ မှုတ်ထုတ်လိုက်တယ်။ ဒါပေမဲ့ နက်ဆန်ကရပ်နေတဲ့ နေရာကနေပျောက်သွားပြီး အီလက်ထရာရဲ့နောက်မှာ ငွေ့ရည်ဖွဲ့ ဖြစ်တည်လာတယ်။

“သေစမ်း....”

ချွမ်း...a

နက်ဆန်က မြေပြင်မှာလဲကျနေတဲ့ လူတွေကိုမြင်ပြီး နောက်မှာတော့ နည်းနည်းလေးမှညှာတာမနေတော့ဘဲ တိုက်ခိုက်လိုက်တယ်။ သူ့မျက်လုံးထဲမှာတော့ အီလက်ထရာဟာ မကောင်းမှုတွေပြုလုပ်နေတဲ့ နတ်ဆိုးတစ်ကောင်လို့ သတ်မှတ်ပြီးပါပြီ။ အဲဒီ ခြိမ်းခြောက်မှုကို အမြန်ဆုံးဖြေရှင်းရမယ်လေ။

“တူညီတဲ့ တိုက်ကွက်တစ်ခုက ငါ့အပေါ်မှာထပ်ပြီး အလုပ်ဖြစ်ဦးမယ်ထင်နေတာလား။”

အီလက်ထရာရဲ့ခန္ဓာကိုယ်က လူသားခန္ဓာအဖြစ်ကနေ လက်မအရွယ်မြွေစိမ်းတွေအဖြစ်ပြောင်းလဲသွားပြီး နက်ဆန်ရဲ့ဓားချက်ကို လစ်လျူရှုလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ မြွေစိမ်းရာထောင်ချီက အမောက်ထောင်လာပြီး သူတို့သွားစွယ်တွေနဲ့ နက်ဆန်ကိုကိုက်ခဲပါတော့တယ်။

ဖောက်...ဖောက်.. ဖောက်...

မြွေစိမ်းတွေက ဘာမှမရှိတဲ့အမှောင်ထုကိုသာ ကိုက်မိသွားပြီး အီလက်ထရာကကြောက်လန့်တကြား သူ့ကိုယ်သူပြန်လည်ဖွဲ့တည်လိုက်တယ်။

“ငါဘယ်ရောက်နေတာလဲ....”

ဘေးပတ်ဝန်းကျင်ကို သူ့ကြည့်လိုက်တော့ အားလုံးက ပိန်းပိန်းပိတ်မှောင်မိုက်နေတယ်။ ဒါပေမဲ့အကြည့်တစ်ခုကိုခံစားနေရတဲ့အတွက် မော့ကြည့်လိုက်တော့ ညကောင်းကင်ယံကြီးလို မျက်လုံးကြီးတွေက သူ့ကိုအပေါ်စီးကနေ စိုက်ကြည့်နေတာမြင်လိုက်ရပြီ။

“လင်ဘိုပြည်ရဲ့အထက်မူးမတ် အီလက်ထရာ... သင်ဟာ ကျုပ်ရဲ့အဖွဲ့သားတွေကို အကြိမ်ကြိမ် နာကျင်အောင်ပြုလုပ်ခဲ့ပြီး မိန်းကလေးတစ်​ယောက်ရဲ့ သဘောဆန္ဒမပါဘဲ ခေါ်ဆောင်သွားဖို့ကြိုးစားခဲ့တယ်။ ဒီအတွက် အနာကျင်ရဆုံး သေခြင်းတရားနဲ့ ပြန်ပေးဆပ်ရလိမ့်မယ်။”

နက်ဆန်ရဲ့အသံကြီးက ဟိန်းထွက်လာတယ်။ အီလက်ထရာကတော့ တည်ငြိမ်နေဆဲပါပဲ။ အရိုးခေါင်းတောင်ဝှေးကိုထုတ်လိုက်ပြီးတော့ မြေပြင်ပေါ်ဆောင့်ချလိုက်တော့ သူ့ဆံပင်တွေဟာ မြွေအဖြစ်ပြောင်းသွားပြီး ကျန်နေသေးတဲ့ မျက်လုံးတစ်ဖက်က အဝါရောင်ဖြစ်သွားတယ်။

“နင့်နတ်ဘုရားခန္ဓာကိုယ်ကို ကျောက်ဖြစ်အောင် လုပ်ပစ်ရင်ရော ဘယ်လိုနေမလဲ။”

ဒါပေမဲ့ အမှောင်ရိပ်ခိုပြီးရောက်ရှိလာတဲ့ ကြိုးတပ် တံစဥ်က ဝေ့ဝိုက်ပြီး အီလက်ထရာရဲ့ကျန်ရစ်နေတဲ့ မျက်လုံးကိုဖောက်ထုတ်ပစ်လိုက်တယ်။

“အား... အား.....” စိမ်းပုပ်ပုပ် အဆိပ်ဓာတ်ပါတဲ့ သွေးတွေအီလက်ထရာရဲ့ပါးပြင်ပေါ်ကို ကျဆင်းလာပြီး မျက်နှာဟာအရည်ပျော်ကျလာတယ်။

“ငါ့မျက်လုံးတွေ... ငါ့မျက်လုံးတွေ....” အီလက်ထရာ အရူးတစ်ယောက်လိုအော်ဟစ်နေပြီး သူ့ အဆိပ်ငွေ့တွေနဲ့ အရပ်မျက်နှာပေါင်းစုံကို ပန်းထုတ်နေတယ်။

ဒါပေမဲ့ တိုက်လေတစ်ခုက အဲဒီအဆိပ်တွေကို ပျံနှံမသွားအောင်ထိန်းချုပ်ထားပြီး တစ်နေရာကို ဦးတည်သွားခဲ့တယ်။ အမှောင်ထုထဲမှာတော့ တောင်ပံသုံးစုံပိုင်ရှင် နာတာရှာက ပျံဝဲနေပြီး သူ့ပါးစပ်ကိုဟလိုက်တယ်။ အဆိပ်ငွေ့တွေအားလုံးကို နာတာရှာက စုပ်ယူလိုက်ပြီးနောက်မှာတော့ အီလက်ထရာဟာ အစွယ်ကျိုးနေတဲ့မြွေလို ဖြစ်နေခဲ့ပါပြီ။

“အဆိပ်ပြီးတဲ့ခန္ဓာကိုယ်က ဒီလိုနေရာမျိုးမှာ အသုံးဝင်လာမယ်မထင်ခဲ့ဘူး။” နာတာရှာက ပြုံးလိုက်တယ်။ ဆီနိတ်တာမာရီယာကြောင့် သူသေဆုံးပြီးတဲ့နောက်မှာ အဆိပ်တွေမထိခိုက်နိုင်တဲ့ ဖုတ်ကောင်ခန္ဓာကိုယ်ကို သူရရှိခဲ့တာပါ။

တစ်ဖက်ကမှာလည်း မော်လီရဲ့တိုက်ခိုက်မှုက မပြီးသေးပါဘူး။ ကြိုးတပ်တံစဥ်တွေက အမှောင်ဘုံထဲ ပြေးလွှားနေပြီး အီလက်ထရာရဲ့ ခြေလက်တွေကို သံကြိုးတွေနဲ့ ချုပ်နှောင်ထားလိုက်တယ်။

အီလက်ထရာက ရုန်းကန်နေသေးပေမဲ့ တစ္ဆေ သတို့သားနဲ့သတို့သမီးက သူ့ရှေ့မှာပေါ်လာပြီး သူတို့ရဲ့လက်သည်းတွေနဲ့ အီလက်ထရာရဲ့ခြေဆစ် လက်ဆစ်တွေကို ထိုးဖောက်ဖျက်ဆီးပစ်လိုက်ပါပြီ။

“မလုပ်နဲ့.....” အီလက်ထရာရဲ့ငယ်သံပါအောင် အော်သံအသံကျယ်ကြီးထွက်လာခဲ့ပေမဲ့ တစ္ဆေစုံတွဲက စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့အလား အီလက်ထရာရဲ့လည်ပင်းကိုပါ ထိုးဖောက်ပစ်လိုက်တယ်။

ဂလု... ဂလု...

လည်ပင်းကနေ အဆိပ်တွေပန်းထွက်နေတဲ့ အီလက်ထရာတစ်ယောက် စကားမ​ပြောနိုင်တော့ဘူး။

မော်လီကိုယ်တိုင်ကတော့ အမှောင်ဘုံထဲမှာ ပြန့်နှံနေတဲ့သံမဏိကြိုးတန်းတွေထဲကတစ်ခုပေါ် ရပ်တန့်နေပြီးတော့ အမှောင်ထုအထက်က မျက်လုံးကြီးတွေကိုကြည့်လိုက်တယ်။

“သခင်... ရန်သူကို ကျွန်မပဲ အပြစ်ပေးလိုက်ရမလား။”

“ကောင်းပြီ....”

နက်ဆန်ဆီကနေ အမိန့်ကျလာတာနဲ့ မော်လီက ကြိုးတပ်တံစဥ်တွေကို လက်တစ်ဖက်တစ်ချက်စီမှာ ကိုင်ဆောင်ရင်း ကြိုးတန်းပေါ်ကနေ ခုန်ဆင်းတယ်။ နောက်တော့ တံစဥ်သွားတွေက အီလက်ထရာရဲ့ ခန္ဓာကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ် ပစ်လိုက်လေတော့တယ်။

...

“သတိရလာပြီလား....” နက်ဆန်က မြက်ခင်းပြင်မှာ ဒူးထောက်ထားရင်းက ပြန်လည်သတိရလာပြီဖြစ်တဲ့ မိုနီကာနဲ့ ဆယ်ဗီတို့ကို ကြည့်လိုက်တယ်။

ရှားလော့ခ်လည်း သတိရနေပြီဖြစ်ပြီးတော့ အယ်မာရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးပေးနေပါတယ်။

“အဆင်ပြေတယ်... နာတာရှာက နင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို အချိန်မီထုတ်လိုက်နိုင်လို့ ကလေး ဘာမှဖြစ်မသွားဘူး။”

“ဟူး....” အယ်မာ သက်ပြင်းချလိုက်တဲ့အချိန်ကျမှ ဆယ်ဗီလည်း သတိကောင်းကောင်းပြန်ဝင်လာပြီး မေးလိုက်လေရဲ့။

“ကျွန်မ သေသွားပြန်တာလား....”

နက်ဆန်က ပြုံးလိုက်ပြီး ဆယ်ဗီရဲ့နှာခေါင်းလေးကို ညှစ်လိုက်ပါလေရော။

“ဒီတစ်ခါတော့ ကိုယ်အချိန်မီရောက်လာလို့ မင်းဘာမှမဖြစ်ပါဘူး။”

“ဒါလင်... ကျွန်မလည်း သတိရနေပြီလေ။” နက်ဆန်က ဆယ်ဗီရဲ့အကြည်ဆိုက်နေတာ မြင်ရတဲ့အခါမှာတော့ မိုနီကာက နှုတ်ခမ်းဆူပြီး ပြောလိုက်ပါရောလား။

“ကိုယ်မင်းကို မမေ့ပါဘူး။” နက်ဆန်က မိုနီကာကို မင်းသမီးလေးလို ပွေ့ချီလိုက်တယ်။ ဆယ်ဗီကတော့ သူ့ဘာသာ အဝတ်ကိုဖုန်ခါပြီး ထနှင့်ပြီးပြီ။

ရှားလော့ခ်ကတော့ အဲဒီမြင်ကွင်းကိုကြည့်ပြီး မကျေမနပ်နဲ့သက်ပြင်းချလိုက်လေရဲ့။

“ရိုဝင်နဲ့အချိုးချင်းက တစ်ပုံစံတည်း... ဒါပေမဲ့ အနည်းဆုံးတော့ သူက သူ့ကိုချစ်တဲ့သူတွေကိုလည်း ပြန်အသိအမှတ်ပြုသေးသားပဲ။”

နာတာရှာက ရှားလော့ခ်ရဲ့စကားတွေကြောင့် အံ့ဩသွားတယ်။

“ဆရာက သခင့်ကိုသဘောမကျဘူးမဟုတ်လား။”

ရှားလော့ခ်ကတော့ ခေါင်းခါလိုက်တာပေါ့။

“အဲဒီလိုတော့ မဟုတ်ပါဘူး။ ပထမက ရိုဝင်လိုပဲ မောက်မာပြီး ကိုယ်ထင်တာလုပ်တတ်တဲ့သူလို့ ထင်ခဲ့တာ။ အခုလိုမျိုး ကြင်နာတတ်တဲ့ဘက်ခြမ်းကို တွေ့ရမယ် ​မျှော်လင့်မထားဘူး။”

နောက်တော့ ရှားလော့ခ်က နာတာရှာဘက်လှည့်ပြီး “တပည့်၊ မင်းက တကယ်ပဲ သူ့ကိုမချစ်ဘူးလား။”

ရုတ်တရက် အမေးခံလိုက်ရတဲ့အတွက် နာတာရှာ ဘာပြောလို့ပြောရမှန်းမသိတော့ဘူး။ ဒါပေမဲ့သူက ခေါင်းကိုချက်ချင်းခါယမ်းလိုက်ပြီး...

“ကျွန်မ သခင့်ကို စိတ်မယိုင်ဖူးဘူးလို့ပြောရင် လိမ်သလိုဖြစ်နေမှာပဲ။ ဒါပေမဲ့ သခင့်မှာက သူတန်ဖိုးထားတဲ့သူတွေကို မျှဝေပေးဖို့အတွက် နှလုံးသားတစ်ခုပဲရှိတာလေ။ ဒါကြောင့် သခင့်ရဲ့နှလုံးသားကို လုယူဖို့မကြိုးစားတာက ကျွန်မတို့အတွက်ပိုကောင်းတယ်မဟုတ်လား။

ဒါက မော်လီအတွက်လည်း အတူတူပဲဖြစ်လိမ့်မယ်လို့ ကျွန်မယုံကြည်တယ်။”

နာတာရှာက နက်ဆန်ရဲ့နောက်မှာရပ်နေတဲ့မော်လီကို ကြည့်လိုက်တယ်။ မော်လီဟာ သခင်လေးကလွဲလို့ တခြားသူတွေကို မျက်လုံးထဲထည့်တဲ့သူ မဟုတ်ပါဘူး။

“ဆရာကူညီပေးရင် ဖြစ်နိုင်သေးတယ်နော်...” ရှားလော့ခ်က ထပ်ပြီးမြှောက်ပေးပေမဲ့ နာတာရှာရဲ့ မျက်နှာကတည်တံ့သွားပြီး စကားလမ်းကြောင်း လွှဲလိုက်တယ်။

“ဆရာ... ဆရာ့အနေနဲ့ သခင်နဲ့ရင်းရင်းနှီးနှီး နေနိုင်အောင်ကြိုးစားတာ ပိုကောင်းမယ် မထင်ဘူးလား။ ဒါက အဖွဲ့အစည်းနှစ်ခုအတွက် ပိုကောင်းတယ်လေ။”

ရှားလော့ခ်လည်း နာတာရှာရဲ့စကားကြောင့် မနေနိုင်ဘဲ နာတာရှာရဲ့နားရွက်ကို ဆွဲလိမ်လိုက်ရော။

“နာတာရှာရေ... နင်ကငါ့ကို လမ်းဖယ်ပေးမယ်ဆိုပြီး သွယ်ဝိုက်ပြီးပြောချင်နေတာလား။ ဘာပဲဖြစ်ဖြစ် သူက ရိုဝင်ရဲ့သားပဲမလို့ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံတော့ပါဘူး။ သူငါ့ကို မေမေလေးလို့ ခေါ်ချင်ရင်တောင် ရတယ်...”

နာတာရှာကတော့ မျက်လုံးကိုမှေးလိုက်ပြီး ရှားလော့ခ်ကို အထင်သေးတဲ့အကြည့်တွေနဲ့ ကြည့်လိုက်လေရဲ့။ သူက ပုံမှန်အတိုင်း ပြောလိုက်တာဆိုပေမဲ့ ရှားလော့ခ်လေသံက နည်းနည်းထူးဆန်းနေတယ်လေ။

“ဆရာရေ၊ အဖေမရသားကြံ လုပ်ဖို့စီစဥ်နေတာဆိုရင် လက်လျှော့ဖို့ အကြံပေးချင်တယ်။”

“.....” ရှားလော့ခ်။

...

“ကြောက်စရာပဲ... ဒီစွမ်းအားက လူတစ်ယောက်မှာ ရှိသင့်တဲ့အရာမျိုးမဟုတ်ဘူး....”

ဘန်နီက နောက်ကိုတောင်လှည့်မကြည့်ရဲဘဲ ပြေးနေတယ်။ အီလက်ထရာကို အမှောင်ထုက ဝါးမျိုပြီးတဲ့အချိန်ကတည်းက အခြေအနေ မကောင်းမှန်း ဘန်နီသိပါတယ်။

အားနည်းတဲ့သူတစ်ယောက်အနေနဲ့ လောကအနှံ သွားလာနေခဲ့သူဖြစ်တဲ့အတွက်ကြောင့် အတွေ့အကြုံ များပြားပြီးတော့ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်သူရှုံးမယ်မှန်း သူတိတိကျကျခန့်မှန်းနိုင်တယ်။

နှစ်ယောက်လုံးက အဆင့်တူတွေဖြစ်ပေမဲ့ အထွတ်အမြတ်ရတနာတစ်ခုနဲ့ အယ်ဒါအဆင့် အစေခံတွေရဲ့ထောက်ပံမှုပါတဲ့ နက်ဆန်ကို အီလက်ထရာအနေနဲ့နိုင်ဖို့ ရာနှုန်းနည်းလွန်းတယ်။

ဒါကြောင့် မဟန်လောက်ဘူးဆိုကတည်းက တခြားသူတွေအဆိပ်ငွေ့ကြောင့် မှောက်နေတုန်း ထွက်ပြေးခဲ့တာပါ။

“ငါ့ရဲ့မြူပညာက ပါစီဗယ်ထက်မြင့်တယ်။ သူငါ့နောက်ကို လိုက်လာနိုင်မှာမဟုတ်ဘူး။”

မြက်ခင်းပြင်ကျယ်ကြီးကိုဖြတ်ပြေးပြီး သစ်တော တစ်ခုရဲ့အနက်ပိုင်းထဲကို ရောက်ရှိချိန်မှာတော့ ဘန်နီက ပြေးလွှားနေတာကိုရပ်လိုက်တယ်။ သူက အယ်ဒါတစ်​ယောက်ပေမဲ့ လူသားတစ်ယောက်လဲ ဖြစ်သေးတယ်။

နက်ဆန်လိုမျိုးလမ်းစဥ်ပေါင်းစုံ ကျင့်ကြံထားသူ မဟုတ်တဲ့အတွက်ကြောင့် သက်လုံပိုင်းမှာ အကန့်အသတ်ရှိပါသေးတယ်။

မောဟိုက်နေပြီဖြစ်တဲ့အတွက်ကြောင့် သစ်ပင်ကြီး တစ်ပင်ကိုမှီပြီးတော့ ဘန်နီနားလိုက်တယ်။ သူ့ တစ်ကိုယ်လုံး ချွေးတွေစိုစွတ်နေပြီ။ နားပြီးတာနဲ့ အမြန်ဆုံးတည်းခိုရာနေရာရှာဖို့ စဥ်းစားမိခဲ့ပေမဲ့။

“အဲဒီကောင်လေးက တကယ်ကြောက်စရာပဲ။”

ရုတ်တရက်ပေါ်ထွက်လာတဲ့ စကားသံကြောင့် ဘန်နီကျောချမ်းသွားတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့လည်း ဘယ်သူမှရှိမနေဘူး။

“အီလက်ထရာ... ရှင်လား....” စကားသံက ရင်းနှီးသလိုရှိနေတာနဲ့ ဘန်နီမေးလိုက်တော့ ရယ်သံထွက်လာတယ်။

“ဟားဟား... ဟုတ်တယ်၊ ငါပဲ။” ဘန်နီက သူ့အင်္ကျီ အောက်ကနေပြီးစကားသံကြားရတဲ့အတွက် ဝစ်စကုပ်ကိုလှန်ကြည့်တယ်။

သူ့ဝမ်းဗိုက်အရေပြားအောက်မှာ မြွေတစ်ကောင်လို တည်ရှိမှုကလှုပ်ရှားနေပြီး အဲဒီမြင်ကွင်းကတင် ဘန်နီ့ ဦးခေါင်းတစ်ခုလုံး ကျိန်းစပ်သွားစေခဲ့တယ်။

“ရှင်... ရှင်ဘယ်လိုလုပ်ပြီး... ကျွန်မခန္ဓာကိုယ်ထဲ ရောက်နေတာလဲ။”

ဘန်နီက အီလက်ထရာကို သူ့ခန္ဓာကိုယ်ထဲကနေ ထွက်သွားစေချင်တယ်။ ဒါပေမဲ့ဘယ်လိုလုပ်ရမလဲ သူမသိဘူး။ ဗိုက်ကို ခွဲထုတ်ပစ်ဖို့စဥ်းစားမိပေမဲ့ တစ်ဖက်သားက သူ့ခန္ဓာကိုယ်ထဲမှာဖြစ်ပြီးတော့ ခြေလှမ်းတစ်လှမ်းပိုဦးနေပါတယ်။

“နင်တို့လူ့ပြည်မှာ အယ်ဒါတွေရှိနေသေးတယ်ဆိုတာ သတိထားမိတော့ သတိလွတ်လို့မဖြစ်ဘူးလို့ တွေးမိတာနဲ့ နင့်ကိုယ်ထဲမှာ ငါ့ရဲ့အမြုတေတစ်ပိုင်းကို ထည့်ထားလိုက်တာလေ။ ငါ့ ပင်မခန္ဓာကိုယ် သေရင်တောင် ဒီအမြုတေအားကိုးနဲ့ ပြန်ကြီးထွားလာနိုင်သေးတယ်။”

“ရှင့်ကို နဂိုအတိုင်းဖြစ်အောင် ဘယ်လို လုပ်ပေးရမလဲ။” အခြေအနေကို နားလည်ပြီးနောက် ဘန်နီက အီလက်ထရာကိုမေးလိုက်တယ်။

အီလက်ထရာက ရယ်မောလိုက်ပြီး “ပြန်ကောင်းလာဖို့ ငါ့အမြီးကိုယ်ငါ ပြန်မျိုပြီးထုံကူးဖို့လိုတယ်။ အဲဒီ အတွက် သွေးနည်းနည်းလိုတယ်။ လူသွေးကို သောက်ပြီးတာနဲ့ ​ငါထုံကူးလို့ရပြီ။”

ဘန်နီက ထုံကူးမယ်ဆိုတာကြားတော့ ပြုံးလိုက်တယ်။ ဒါပေမဲ့ သူ့မှာသံသယတချို့ရှိနေဆဲပဲ။

“လူသွေးကို သုံးလို့ရတယ်ဆိုရင် ဘာလို့ ကျွန်မသွေးကို မသုံးတာလဲ။”

“အဲဒီသွေးက အပျိုစင်မိန်းကလေးရဲ့သွေး ဖြစ်ဖို့ လိုတယ်လေ။ ကောင်မလေး၊ နင့်ခန္ဓာကိုယ်က ညစ်ပတ်လွန်းတယ်။”

“နားလည်ပြီ....”

အမောဖြေပြီးတဲ့နောက်တော့ ဘန်နီက ရွာတစ်ရွာကို ရှာလိုက်ပြီးတော့ ဒုက္ခရောက်နေတဲ့ မိန်းကလေးလို ဟန်ဆောင်ကာ ကျောင်းဆရာတစ်ယောက်ရဲ့အိမ်ထဲ ဝင်တည်းတယ်။

ကျောင်းဆရာနဲ့ဆယ်ကျော်သက်သမီးမိသားစုက သူ့ကိုဧည့်ဝတ်ကျေပွန်စွာလက်ခံခဲ့ပြီး အိမ်ထဲကို ဝင်ခဲ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘန်နီကတော့ အိမ်ထဲကို ရောက်ပြီဆိုတာနဲ့ မှော်နှင်တံကို ဝေ့ယမ်းလိုက်ပြီး သူတို့ကို သတ်ဖြတ်ပစ်လိုက်တာပေါ့။

ဘုတ်...ဘုတ်....

ဖခင်ဖြစ်သူရဲ့ အသက်မဲ့ခန္ဓာက အိမ်ကြမ်းပြင်ပေါ် လဲကျသွားပြီ။ အပြစ်မဲ့မိန်းကလေးကတော့ မှော်ဂါထာနဲ့နံရံမှာ ကပ်ရိုက်ခံထားရတာပေါ့။

ကိစ္စပြီးသွားတဲ့နောက်တော့ ဘန်နီက ခုံတစ်လုံးမှာ ထိုင်လိုက်ပြီးတော့ ပြောလိုက်တယ်။

“ကဲ၊ အဖွားကြီး ရှင်ထွက်လာလို့ရပြီ။”

မိနစ်အနည်းငယ်လောက်ကြာတော့ လက်မအရွယ် မြွေစိမ်းတစ်ကောင်က ဘန်နီ့ဗိုက်ကိုအပေါက်ဖောက် အပြင်ထွက်လာပြီဖြစ်ပြီး မိန်းမပျိုရဲ့လည်ပင်းကို ကိုက်ဖောက်တယ်။ ခဏအတွင်းမှာပဲ မိန်းကလေးရဲ့ခန္ဓာကိုယ်က ခြောက်ကပ်သွားပြီး မြွေစိမ်းက တစ်ပေနီးပါး ရှည်လာပါတယ်။

“ငါထုံကူးနေတုန်းမှာ အပြင်ကိုစောင့်ကြည့်ပေးထား။ အမှောင့်မဝင်စေနဲ့...”

“ဒါပေါ့...” ဘန်နီက အသက်မပါစွာ ပြုံးပြပါတယ်။ မသေမရှင်ဖြစ်နေတဲ့ အီလက်ထရာကတော့ ရွေးစရာမရှိတာကြောင့် သူ့အမြီးသူစမျိုနေပြီ။

မကြာခင်မှာပဲ အီလက်ထရာရဲ့ခန္ဓာကိုယ်က ကျုံဝင်လာပြီး ဘောလုံးလေးတစ်လုံးလိုမျိုး ပြောင်းသွားတော့မယ်။ ဒါပေမဲ့ မပြောင်းသွားခင် အီလက်ထရာက သူ့မှော်နှင်တံကို မြွေမြီးကွင်းထဲ စိုက်ထည့်လိုက်ပါလေရော။

“ဘန်နီ၊ နင်ဘာလုပ်လိုက်တာလဲ....” အီလက်ထရာ ဆီကနေ ဒေါသတကြီးအော်သံ ထွက်လာတယ်။

“ရှင်ထုံကူးတာ မပြီးအောင်လို့ တားတာလေ။” ဘန်နီက ဆောင့်ကြောင့်ထိုင်ရင်း အီလက်ထရာရဲ့ မြွေ ခန္ဓာကိုယ်ကို လက်ညိုးနဲ့တို့ထိကစားရင်း ကောက်ကျစ်စွာ ပြုံးထားတယ်။

“ရှင်ကျွန်မကို လပေါင်းများစွာ ကျွန်လိုဆက်ဆံ ပြီးပြီလေ။ အခုကတော့ ကျွန်မအလှည့်ပေါ့။ ရှင့်ရဲ့အမြုတေကို ကျွန်မစားလိုက်ရင် ရှင့်ရဲ့သက်တမ်းတွေကိုရမယ့်အပြင် မှော်စွမ်းအင် ပမာဏလည်းတိုးလာမှာမဟုတ်လား။”

“ဟုတ်မာတဲ့ကောင်မ၊ ငါနင့်ကို ယုံမိတာမှားတာပဲ။ ခုချက်ချင်း ငါ့ကိုလွှတ်ပေးစမ်း။ ငါသေရင် လင်ဘိုဘုံက နင့်ကိုသတ်ပစ်လိမ့်မယ်။”

ဟားဟားဟား...

နောက်ရန်သူတစ်ယောက် တိုးလာမယ်ဆိုတာကြားတဲ့ အခါမှာတော့ ဘန်နီက အရူးတစ်ယောက်လိုမျိုး ရယ်မောလိုက်ပြန်ပါတယ်။

“သတ်ပစ်မယ်... သတ်ပစ်မယ်နဲ့... ငါ့ဘဝတစ်ခုလုံး ထွက်ပြေးနေခဲ့ရတာ ပင်ပန်းနေပြီ... မကောင်းတဲ့ နတ်ရဲ့သမီးဆိုတာနဲ့ပဲ ငါ့ကိုသတ်ချင်တဲ့ လန်ဒန်မျှော်စင်က လူတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ ဒီရောက်တော့လည်း ကျောင်းခြောက်ကျောင်းက ငါ့ကိုလိုက်သတ်တယ်။ အခုလည်းနင့်ကိုသတ်လို့ လင်ဘိုဘုံကလိုက်သတ်ဦးမှာလား။ လာစမ်းပါ။”

“ငါနင့်ကို ဝါးမျိုလိုက်ရင် တကယ့်စွမ်းအားကြီးတဲ့ လူတစ်ယောက်ဖြစ်လာတော့မှာ။ ငါလုပ်ချင်ရာ လုပ်လို့ရပြီ။ ငါထွက်ပြေးစရာ မလိုတော့ဘူး။”

ရူးသွပ်နေတဲ့မျက်နှာနဲ့ ဘန်နီက မှော်နှင်တံကြောင့် ထုံဆက်မကူးနိုင်တော့တဲ့ အီလက်ထရာကို အကင် တစ်ခုလိုမျိုးမြှောက်လိုက်တယ်။ အဲဒီနောက်တော့ သူ့ခံထွင်းထဲကိုထည့် ကျေကျေနပ်နပ်ကြီး ကိုက်ဝါးတော့တာပါပဲ။

All Chapters