အခန်း (၇၈၂-၇၈၃)
Vol. 46 Ch. 782-783
Chapter 782
ရက်စက်လွန်းသော အမှန်တရား ၂
ချူယန်၏ အကြည့်ကို ခံစားမိလိုက်သောအခါမှ လင်းရှန်က ပြန်ထိုင်လိုက်ပြီး ဆက်ပြောသည်၊၊
“ဒါမှမဟုတ် S-Class မွန်းစတားအားလုံးက ကောင်းကင်အကာကွယ်ကို အပြင်ဘက်ကနေ ရောက်လာကြတာလို့ ပြောချင်တာလား”
ဤခန့်မှန်းချက်သည် အခြေအမြစ်မရှိသည်တော့မဟုတ်ပေ၊၊ တိမ်တိုက်များထဲတွင် ကြီးမားသော ကြောက်မက်ဖွယ်ကောင်းသည့်အရများ ကိန်းအောင်းနေသောကြောင့် ကောင်းကင်သည် အန္တရာယ်ရှိနေခြင်းဖြစ်သည်၊၊ ယဲ့လန် အခုလေးတင် ပြောသွားသည်နှင့် ပေါင်းစပ်ကြည့်လျှင် ၎င်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေရှိသည်၊၊
ယဲ့လန်က ချူယန်ထံမှ တစ်ဆင့်ကြားရသော စကားများကို နားထောင်ပြီးနောက် စိတ်ရှည်စွာ ပြောလိုက်သည်၊၊
“ချင်းလွမ် ကောင်းကင်မြို့တော် ဖြစ်ရပ်ကတည်းက ငါတို့ ဒီလိုယူဆချက်တစ်ခု ထုတ်ခဲ့တာပဲ၊၊ တကယ်လို့ S-Class မွန်းစတားက ကောင်းကင်အကာကွယ်ကို ဖြတ်သန်းနိုင်တယ်ဆိုရင် ကာမန်မျဉ်းအထက်က အတားအဆီးဟာ တစ်မျိုးမျိုးသော အာကာသလွန်နည်းပညာ ဒါမှမဟုတ် ဇီဝဆိုင်ရာ စွမ်းအင်စက်ကွင်းဖြစ်နိုင်ခြေရှိတယ်”
“ကျုပ် နားလည်ပြီ”
လင်းရှန် ချက်ချင်းပင် တစ်ခုခုကို တွေးမိသွားသည်၊၊
“မကြာသေးခင်က အာရုဏ်ဦးမြို့တော်က S-Class သတ္တဝါတစ်ကောင်ကို သတ်ခဲ့တယ်၊၊ ဒါဆိုရင် ခင်ဗျားတို့က သူတို့ဟာ အဲဒီ ဇီဝအကြွင်းအကျန်ကို သုံးပြီး ကောင်းကင်ကို ဖောက်ထွက်ဖို့ ပြင်နေတယ်လို့ သံသယရှိနေတာပေါ့”
ယဲ့လန်က ခေါင်းခါလိုက်သည်၊၊
“ဖီးနစ်က ဒါနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေကို လွန်ခဲ့တဲ့ အချိန်တွေကတည်းက လုပ်ခဲ့ပြီးပြီ၊၊ ငါတို့ S-Class အကြွင်းအကျန်တွေကို အာကာသကိရိယာတွေ တပ်ဆင်ရာမှာ သုံးခဲ့ပေမဲ့ မင်း စီလန်မြို့မှာ သတ်ပစ်ခဲ့တဲ့ ပင်လယ်ဖြူကောင်ရဲ့ ဇီဝအကြွင်းအကျန်အပါအဝင် တစ်ခုမှ မအောင်မြင်ခဲ့ဘူး”
“ဒါဆို ဘာကြောင့်လဲ”
လင်းရှန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်၊၊
ထပ်~
ထိုအချိန်တွင် ချူယန်က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ အစည်းအဝေးစားပွဲ၏ အလယ်ဗဟိုမှ ဆလင်ဒါပုံစံ အေးခဲခန်းလေးတစ်ခု ဖြည်းညှင်းစွာ တက်လာသည်၊၊ ၎င်း၏အတွင်းတွင် ဖောက်မြင်နိုင်သော စမ်းသပ်ခွက်တစ်ခု ရှိနေပြီး လင်းရှန် လှမ်းကြည့်လိုက်သောအခါ အမှောင်တိုက်စားခြင်းဆဲလ်တစ်ခုကို မြင်လိုက်ရသဖြင့် သူထိတ်လန့်သွားသည်၊၊
“အနီရောင်ကမ္ဘာရဲ့ လှုပ်ရှားမှု တော်တော်များများက ငါတို့ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတယ်”
ချူယန်က လင်းရှန်ကို ပြောလိုက်သည်၊၊
“တွင်းနက်နဲ့ အနီရောင်ကမ္ဘာအကြောင်းဆိုရင် ဖီးနစ်က နင့်ထက်တောင် ပိုသိသေးတယ်၊၊ နင်နဲ့ ငါမြင်ခဲ့တဲ့ မြူမီးခိုးမွန်းစတားရဲ့ အကြွင်းအကျန်ကို မှတ်မိလား၊၊ ဒီဆဲလ်ဟာ အနီရောင်ကမ္ဘာက သူ့ရဲ့ လှုပ်ရှားမှုဦးနှောက်ဆီကနေ ထုတ်ယူထားတဲ့ သက်ရှိတစ်သျှူးပဲ၊၊ နောက်ပိုင်းမှာ တွင်းနက်ထဲက အဖြူရောင်မြို့ အမှတ် ၅ သုတေသနဌာနကို အရေးပေါ်ပို့ပြီး သီးခြားမွေးမြူခဲ့တယ်၊၊ ဒါကြောင့် အာရုဏ်ဦးမြို့တော်ဟာ ဒါကိုသုံးပြီး ကောင်းကင်အကာကွယ်ကို ဖြတ်ကျော်ဖို့ ပြင်နေတယ်လို့ ငါတို့ သံသယရှိနေတာပဲ”
၎င်းကို ကြားသောအခါ လင်းရှန် မမေးဘဲ မနေနိုင်တော့ပေ၊၊
“ဒီလောက် သေးငယ်တဲ့ တစ်သျှူးစလေးနဲ့ သူတို့က အာကာသယာဥ်တွေကို သယ်ပြီး ဘယ်လို ထွက်ပြေးမှာလဲ”
“အဲဒါကိုတော့ ငါတို့လည်း သေချာမသိသေးဘူး၊၊ အနီရောင်ကမ္ဘာက ဒီတစ်သျှူးကို အရင်ဆုံး ရခဲ့တယ်၊၊ သူတို့ရဲ့ သုတေသနနည်းလမ်းတွေက အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်၊၊ သက်ရှိတစ်သျှူးကို ရရှိတာဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ၊၊ သူတို့မှာ ဒီနည်းပညာ ရှိနေလောက်ပြီ”
ချူယန်က ပြောသည်၊၊
“ကျုပ် နားမလည်ဘူး၊၊ အကယ်၍ လူသားတွေမှာ ဒီလိုအစီအစဉ်ရှိတယ်ဆိုရင်... အဲဒါက ကောင်းတဲ့အချက် မဟုတ်ဘူးလား”
လင်းရှန်၏ မျက်နှာထားမှာ ရှုပ်ထွေးနေသည်၊၊
“ကျုပ် ပြောချင်တာက ဒီသုတေသနက အနီရောင်ကမ္ဘာဆီက လာတယ်ဆိုတာကို ခဏဘေးဖယ်ထားရင်တောင် လူသားတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်ဆိုရင် ကျုပ်တို့ အသုံးချလို့ ရတာပဲ၊၊ ဒါမှမဟုတ် ခင်ဗျားတို့က ကျုပ်ရဲ့ စွမ်းအားကို သုံးပြီး အနီရောင်ကမ္ဘာဆီက ဒီနည်းပညာကို လုယူစေချင်တာလား”
“မဟုတ်ဘူး”
ယဲ့လန်၏ မျက်နှာထားက တည်ကြည်သွားသည်၊၊
“ငါတို့ စိုးရိမ်နေတာက အဲဒါမဟုတ်ဘူး၊၊ အမှောင်တိုက်စားခြင်းဆဲလ်တွေကို ရရှိပြီးနောက်မှာ ဖီးနစ်က ရှာဖွေတွေ့ရှိမှုတွေ အများကြီးလုပ်ခဲ့တယ်၊၊ အခု ပြဿနာက အနီရောင်ကမ္ဘာ ဒါမှမဟုတ် အာရုဏ်ဦးမြို့တော်က ဒီဆဲလ်တွေကို မှိုမျှင်တွေကနေတစ်ဆင့် ချိတ်ဆက်လိုက်မှာကို ငါတို့ စိုးရိမ်နေတာပဲ၊၊ အကယ်၍ သူတို့သာ အဲဒီလိုလုပ်ခဲ့ရင် အဲဒါက ပန်ဒိုရာသေတ္တာကို ဖွင့်လိုက်သလိုပဲ၊၊ ဘာလို့လဲဆိုတော့ ဒါဟာ အမှောင်ထုကို ဆန့်ကျင်နေတဲ့ လူသားတွေကို မျိုးသုဉ်းစေမယ့် လုပ်ရပ်ဖြစ်ပြီး လူသားအားလုံး ပျက်စီးသွားတာမျိုးအထိ ဖြစ်သွားနိုင်လို့ပဲ”
လင်းရှန် ထိတ်လန့်သွားပြီး သူ့ဦးနှောက်ထဲတွင် မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရသည်၊၊ ထန်ယွမ်က ယိကျင်းမြို့ရှိ မှိုမျှင်ချိတ်ဆက်မှုအခန်းဆီ ပြန်သွားစဉ်က ဖြစ်ပွားခဲ့သော ကောင်းကင်မှိုမျှော်စင် ဆူပူအုံကြွမှုကို သူ ရုတ်တရက် သတိရသွားသည်၊၊ တစ်ချိန်တည်းမှာပင် လွန်ခဲ့သော နာရီအနည်းငယ်က တင်းကျန်းရီ သူ့ကို ပြောခဲ့သော စကားများကိုလည်း ပြန်လည်အမှတ်ရလိုက်သည်၊၊
“ဒါဟာ ကျွန်မလည်း သိချင်နေတဲ့အချက်ပဲ၊၊ ကျွန်မရဲ့ သုတေသနအရ ဒီဆဲလ်ဟာ အပြာရောင်ဂြိုလ်က သက်ရှိတွေနဲ့ လုံးဝမတူတဲ့ ပုံစံရှိတာကို တွေ့ရတယ်၊၊ အရေးကြီးဆုံးအချက်က အဲဒါဟာ အမှောင်ရဲ့ ကျူးကျော်မှုစွမ်းအင်ကို မထိခိုက်ဘဲ စုပ်ယူနိုင်တာပဲ၊၊ တစ်ခုတည်းသော ပြဿနာက အနီရောင်ကမ္ဘာဟာ အဲဒါကို လူသားရဲ့ အသားစတစ်ခုထဲမှာ ထည့်သွင်းပြီး အသက်ရှင်အောင် ထိန်းထားတာပဲ၊၊ မဟုတ်ရင် အဲဒါကို တွင်းနက်ထဲကနေ ထုတ်လို့မရဘူး၊၊ ဒါကြောင့် ကျွန်မ ယုံကြည်တာက ဒါဟာ အစစ်အမှန်...”
“အမှောင်သတ္တဝါပဲ”
အကယ်၍ S-Class အဆင့်က အမှောင်သတ္တဝါအစစ်ဖြစ်နေပါက ၎င်းကို မှိုမျှင်များမှတစ်ဆင့် ချိတ်ဆက်လိုက်ခြင်းသည် လူသားများနှင့် အမှောင်ထုအကြား လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်သလို ဖြစ်ပေလိမ့်မည်၊၊ မည်မျှအထိ ကြောက်စရာကောင်းသော အဖြစ်အပျက်များ ဖြစ်လာမည်ကို လင်းရှန် မတွေးရဲအောင်ပင်၊၊
ယဲ့လန်က ဤအချိန်တွင် လေးနက်စွာ ပြောလိုက်သည်၊၊
“ဖီးနစ်က ဒီကိုလာရတဲ့ ရည်ရွယ်ချက်နှစ်ခုရှိတယ်၊၊ ပထမက ဂျူးလိယပ်စ်နဲ့ ကျိုးမင်ယွမ် ဦးဆောင်တဲ့ အနီရောင်ကမ္ဘာရဲ့ အမြစ်တွေကို ရှင်းလင်းဖို့၊၊ ဒုတိယက အာရုဏ်ဦးမြို့တော်ကို ထိန်းချုပ်ဖို့ပဲ၊၊ ချူကျောက်နန်ရဲ့ ရှေ့တန်းထိုးဖောက်ရေးစီမံကိန်း အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဒီလူသန်းပေါင်းများစွာရဲ့ နောက်ဆုံး ကယ်ထုတ်ရေးကို လုပ်ဆောင်ဖို့ ငါတို့မှာ တာဝန်ရှိတယ်၊၊ ဒါကြောင့် ငါတို့မှာ မင်းရဲ့ ယန္တရားစွမ်းရည်ကို လိုအပ်နေတယ်၊၊ မင်းက ချူယန်ရဲ့ အဖြူရောင်ညဓားသွားအဖွဲ့နဲ့ ပူးပေါင်းပြီး အာရုဏ်ဦးမြို့တော်ထဲကို ဝင်ရမယ်၊၊ အခြေအနေတွေ လုံးဝ ကသောင်းကနင်းမဖြစ်ခင်မှာ အာရုဏ်ဦးမြို့တော်ရဲ့ Ai ဦးနှောက်နဲ့ အလိုအလျောက် ကာကွယ်ရေးလက်နက် ဗဟိုဌာနကို ထိန်းချုပ်ရမယ်၊၊ ဒါမှ ဘယ်သူကမှ အသက်ရှင်ကျန်ရစ်သူတွေကို ဖမ်းဆီးတာ ဒါမှမဟုတ် လူသားတွေကို တိုက်ခိုက်တာမျိုး မလုပ်နိုင်အောင် ဘေးအန္တရာယ်တွေကို ကြိုတင်တားဆီးနိုင်မယ်”
“ခဏနေပါဦး၊၊ ကျုပ်တို့ ဒါကို မဖြစ်အောင် တားလို့မရဘူးလား”
လင်းရှန်၏ လေသံမှာ အနည်းငယ် လေးလံနေသည်၊၊
“ကျုပ် ပြောချင်တာက ရှေ့တန်းစီမံကိန်းက အမှောင်တိုက်စားခြင်းဆဲလ် နည်းပညာနဲ့ ပတ်သက်နေနိုင်ပေမဲ့ မှိုမျှင်ချိတ်ဆက်တဲ့ အပိုင်းကိုကျတော့...”
လင်းရှန် စဉ်းစားကြည့်သော်လည်း ရယ်စရာကောင်းနေသည်ဟု ခံစားရသည်၊၊ သူက အနီရောင်ကမ္ဘာနှင့် ပတ်သက်မိလေလေ ၎င်းတို့၏လုပ်ရပ်များသည် လူသားမျိုးသုဉ်းမှုကို အလွယ်တကူဖြစ်စေနိုင်ကြောင်း ပိုသိလာလေလေ ဖြစ်သည်၊၊ ထိုအရူးများအတွက်မူ ၎င်းမှာ ဘာမှခက်ခဲသည့်ကိစ္စ မဟုတ်သလို ဝန်ထုပ်ဝန်ပိုးလည်း မရှိပေ၊၊ ထို့အပြင် အမှောင်တိုက်စားခြင်းဆဲလ်များကို အနီရောင်ကမ္ဘာက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မှိုမျှင်များကို အသုံးချခြင်းမှာလည်း ယခုအချိန်တွင် အနီရောင်ကမ္ဘာ၏ အဓိကသုတေသနဖြစ်နေသည်၊၊ ဤရူးသွပ်နေသော လူစုက ပန်ဒိုရာသေတ္တာကို ဖွင့်လိုက်ခြင်းကို မည်သို့တားဆီးရမည်ကို သူမတွေးတတ်တော့ပေ၊၊
“ဒါဟာ မင်းအတွက် စိတ်ပျက်စရာကောင်းနေမယ်ဆိုတာ ငါသိပါတယ်”
ယဲ့လန်၏ မျက်နှာမှာ တည်ငြိမ်နေသည်၊၊
“ဒီ အမှောင်တိုက်စားခြင်းဆဲလ်တွေကို ကြားဖြတ်ဖမ်းဆီးရမိကတည်းက ငါတို့က အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးသားပါ”
“ဘာအတွက် ပြင်ဆင်ထားတာလဲ”
လင်းရှန်က မေးလိုက်သည်၊၊
“ဘေးအန္တရာယ်ကို ကြိုဆိုဖို့ပေါ့”
“ဒါဟာ လူသားယဉ်ကျေးမှု မျိုးသုဉ်းတော့မယ့် အကြိုညဖြစ်နေနိုင်ပေမဲ့ တစ်ယောက်ယောက် အသက်ရှင်ကျန်နေသရွေ့ ဖီးနစ်ကတော့ မားမားမတ်မတ် ရပ်တည်နေရမယ်၊၊ ငါတို့ရဲ့ လမ်းညွှန်ချက်ကို မင်း နားလည်မှာပါ”
ယဲ့လန်သည် ဘာမှမရှိသောနေရာလွတ်ကို ကြည့်ပြီး ပြောနေခြင်းဖြစ်သော်လည်း ထိုအချိန်တွင် လင်းရှန် ခံစားနေရသော ကြောက်ရွံ့မှုကို သူမ မြင်နေရသကဲ့သို့ပင်၊၊ သူမ၏ လေသံမှာ တည်ငြိမ်ပြီး စကားလုံးများမှာ အဆိုးမြင်ဝါဒီဆန်နေသော်လည်း ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက်များ ပါဝင်နေသည်၊၊
Chapter 783
ရက်စက်လွန်းသော အမှန်တရား ၃
“မားမားမတ်မတ် ရပ်တည်မယ် ဟုတ်လား၊၊ ကျုပ်တို့မှာ အခွင့်အရေးရှိသေးလို့လား”
လင်းရှန် သက်ပြင်းချလိုက်သည်၊၊
“ကပ္ပတိန်လင်း… ကမ္ဘာကြီးက ဒီထက်ပိုပြီး ဆိုးမသွားတော့ပါဘူး”
ယဲ့လန်က ထိုအချိန်တွင် ပြောလိုက်သည်၊၊
“ကမ္ဘာပျက်ကပ်နေ့ ရောက်လာကတည်းက ငါတို့မှာ အချိန်တွေ နည်းသထက် နည်းလာပေမဲ့ အရာအားလုံးကတော့ အမြင့်ကို ဦးတည်တိုးတက်နေတာပဲ၊၊ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရှင်သန်နှုန်းပဲဖြစ်ဖြစ်၊ ငါတို့ ဖော်ထုတ်ခဲ့တဲ့ ရင်ဆိုင်ဖြေရှင်းနည်းတွေပဲဖြစ်ဖြစ်ပေါ့၊၊ အခုထိ အလင်းရောင်ကို မမြင်ရသေးပေမဲ့ အရုဏ်ဦးက တစ်နေ့တော့ ရောက်လာလိမ့်မယ်လို့ ယုံကြည်နေသရွေ့ လူသားတွေရဲ့ ခုခံကာကွယ်ခြင်းမီးတောက်ဟာ ငြိမ်းသတ်လို့ ရမှာမဟုတ်ဘူး”
“ကမ္ဘာတစ်ခုလုံးအတွက် အချိန် ၉ လပဲ ကျန်တော့ရင်တောင်…. ဒါမှမဟုတ် အဲဒီသစ္စာဖောက် အနီရောင်ကမ္ဘာက သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို အမှောင်သတ္တဝါတွေဆီ ဆက်သပြီး ဝင်ရိုးစွန်းမှာ စုဝေးဖို့ စောင့်နေရင်တောင်မှ သူတို့ကို ကျုပ်တို့ဆီ လာတိုက်ခိုက်ခိုင်းလိုက်စမ်းပါ”
ဒေါသကြောင့်လား သို့မဟုတ် ဘာမှမတတ်နိုင်၍လား မသိသော်လည်း လင်းရှန်၏ စိတ်ခံစားချက်များသည် ထိန်းချုပ်မရတော့ပေ၊၊ သူသည် အကျယ်ကြီး အော်ဟစ်လိုက်သော်လည်း ထိုအသံကို ချူယန် တစ်ယောက်တည်းသာ ကြားနိုင်သည်ကို မေ့လျော့နေခဲ့သည်၊၊
ချူယန်က လင်းရှန်ကို တိတ်တဆိတ် ကြည့်နေပြီးနောက် အတန်ငယ် ရှုပ်ထွေးသော အကြည့်ဖြင့် ယဲ့လန်ဘက်သို့ ပြန်လှည့်လိုက်သည်၊၊
“ဆိုလိုတာက ငါတို့မှာ ကြယ်သင်္ဘော တည်ဆောက်ဖို့ အချိန် ၉ လ ရှိတယ်၊၊ ကောင်းကင်အကာကွယ်ကို ဖောက်ထွက်ဖို့ အချောသတ်ပြင်ဆင်ဖို့ ၉ လ ရှိတယ်၊၊ လူတွေ ပိုပြီး အသက်ရှင်နေအောင် လုပ်ဖို့ ၉ လ ရှိတယ်လို့ ဆိုလိုတာပဲ”
ယဲ့လန်က ပုံပြောသကဲ့သို့ ပြောလိုက်သည်၊၊
“ဘာမှ မပြီးဆုံးသေးဘူး မဟုတ်လား”
လင်းရှန်၏ မျက်နှာမည်းမှောင်နေသည်၊၊ အစပိုင်းတွင် ဖီးနစ်၏ ရည်ရွယ်ချက်ကို သူ ခပ်ရေးရေး ခန့်မှန်းမိသော်လည်း ဤရည်ရွယ်ချက်သည် မလွဲမသွေဖြစ်ပျက်လာမည့် အလွန်ဝမ်းနည်းစရာကောင်းသော ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတစ်ခုနှင့် ဒွန်တွဲနေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ၊၊
အတန်ကြာမှ သူသည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ပြောလိုက်သည်၊၊
“ခင်ဗျားတို့ရဲ့ အစီအစဉ်မှာ ကျုပ်ပါဝင်မယ်၊၊ ပြီးတော့ အခုချက်ချင်းပဲ စလှုပ်ရှားတော့မယ်”
“အများကြီး ကျေးဇူးတင်ပါတယ်”
…
စွမ်းအင် အလွန်အကျွံသုံးစွဲလိုက်ရ၍လား မသိသော်လည်း ယဲ့လန်နှင့် ဆက်သွယ်ပြီးနောက် လင်းရှန်နှင့် ချူးယန်တို့၏ အသိစိတ်ချင်း ဆက်နွှယ်မှုမှာ ပြတ်တောက်မသွားခဲ့ပေ၊၊ ထို့ကြောင့် ခွင့်ပြုချက်တောင်းခံပြီးနောက် ချူယန်သည် လင်းရှန်အား ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော ကုန်းပတ်ပေါ်ရှိ မြင့်မားသော မျှော်စင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်၊၊
နေဝင်ချိန် ရောက်လုနီးပြီဖြစ်သည်၊၊ ချင်းပိုမြို့မှ တောင်ဘက်သို့ လှမ်းကြည့်လျှင် အာရုဏ်ဦးမြို့တော်၏ ဝိုးတဝါးမြင်နေရသော အမွှာကြယ်မျှော်စင်နှင့် မြို့ရိုးအမည်းကြီးကို တွေ့နိုင်သည်၊၊
“အဖြူရောင်ညဓားသွား ဟုတ်လား၊၊ အဲဒါက ဘယ်လိုအဖွဲ့အစည်းလဲ”
လင်းရှန်က မေးလိုက်သည်၊၊
“အဲဒါက ဖီးနစ်နဲ့ မြောက်အမေရိက ပူးပေါင်းတပ်ဦး(NAUF)တို့ ပူးပေါင်းတည်ထောင်ထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းလေးတစ်ခုပဲ၊၊ ငါက လက်ရှိ ရှာဖွေတွေ့ရှိထားတဲ့ တစ်ဦးတည်းသော စိတ်ဝိညာဉ်စွမ်းအားရှင်ဖြစ်နေလို့ အဓိကအားဖြင့် သတင်းအချက်အလက်စုဆောင်းတာနဲ့ တွင်းနက်ကို စူးစမ်းတာတွေ လုပ်ရတယ်”
ချူယန်က တည်ငြိမ်စွာ ဖြေသည်၊၊
“တွင်းနက်ထဲက ဒီလောက် မြင့်မားတဲ့ အမှောင်ကျူးကျော်မှုတွေကို မင်းက ဘယ်လိုခံနိုင်ရည်ရှိနေတာလဲ”
“ငါက အမှောင်ကျူးကျော်မှုကို ခုခံနိုင်စွမ်း ရှိတယ်၊၊ လုံးဝကြီးတော့ မဟုတ်ဘူးပေါ့၊၊ ဒါပေမဲ့ ကျွန်မရဲ့ ခုခံနိုင်စွမ်းက တခြားလူတွေထက် ပိုမြင့်တယ်၊၊ ဘာလို့လဲဆိုတော့ အမှောင်ကျူးကျော်မှုက စိတ်ဝိညာဉ်ဆန္ဒကို ကူးစက်ဖို့ အဓိက ပစ်မှတ်ထားလို့ပဲ၊၊ ငါက ဒီဘက်မှာ စွမ်းအားရှင် ဖြစ်နေလို့ အနီရောင််ကမ္ဘာက ငါ့ရဲ့ ကိုယ်ပွားတွေအပေါ် သုတေသနတွေ ဆက်တိုက်လုပ်နေတာပဲ”
လင်းရှန်က သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊၊
“ဒါကြောင့်ပဲ သူတို့က မင်းရဲ့ ပုံရိပ်ကို သုံးချင်နေတာကိုး၊၊ မင်းက သူတို့အတွက် အဖိုးတန် ရတနာကြီး ဖြစ်နေတာပဲ”
ချူယန်၏ စွမ်းရည်မှာ ကောင်းကင်ကိုပင် အံတုနိုင်ကြောင်း သူ နောက်ဆုံးတွင် သဘောပေါက်သွားသည်၊၊ အနီရောင်ကမ္ဘာက သူမကို အရေးကြီးသော ပစ်မှတ်အဖြစ် သတ်မှတ်ထားသည်မှာ မဆန်းပေ၊၊ မိမိကိုယ်ကိုယ် နတ်ဘုရားအဖြစ် တင်မြှောက်ချင်နေသော အမှောင်ဘက်တော်သားများအတွက် ချူယန်သည် အမှန်တကယ်ပင် အရေးပါသော ရတနာသိုက်ကြီး ဖြစ်သည်၊၊
“ကံမကောင်းတာက ကိုယ်ပွားတွေမှာ စွမ်းရည်မပါလာတာပဲ၊၊ ဒါပေမဲ့ သူတို့ကတော့ လက်လျှော့ပုံ မရသေးဘူး”
“ဘာလို့လဲ”
“ကျွန်မလည်း မသိဘူး”
ချူယန်က လင်းရှန်ဘက် လှည့်လိုက်သည်၊၊
“နင့်ကို မေးခွန်းတစ်ခု မေးချင်တယ်၊၊ ချူကျောက်နန်ရဲ့ ရှေ့တန်းစီမံကိန်းအပေါ် နင့်ရဲ့ အမြင်က ဘယ်လိုလဲ”
ချူယန်က ဘာကြောင့် ဤမေးခွန်းမျိုး မေးသည်ကို လင်းရှန် အံ့သြသွားသည်၊၊ သူက အကူညီမဲ့စွာ ပြုံးကာ သက်ပြင်းချလိုက်သည်၊၊
“ငါ့မှာ ဘယ်လို အမြင်ရှိမှာလဲ၊၊ ဟုတ်ပါတယ်၊ သူက မြင့်မြတ်ပါတယ်၊၊ သူက လူသားဆန်မှုကို ဆင်ခြင်တုံတရားနဲ့ အောင်နိုင်ဖို့ ကြိုးစားတဲ့ အစွန်းရောက်သမားပဲ၊၊ ကျန်နေတဲ့ လူသားတွေကို စတေးပြီး ကြီးကျယ်တဲ့ ယဉ်ကျေးမှု ကယ်တင်ရေးကို လုပ်ဆောင်ဖို့နဲ့ ယဉ်ကျေးမှုရဲ့ မျိုးစေ့ကို ထိန်းသိမ်းဖို့ ကြိုးစားနေတာပဲ၊၊ ကံမကောင်းတာက ငါက သာမန်လူတစ်ယောက်ပဲ၊၊ ချူကျောက်နန်ရဲ့ နေရာမှာ ဝင်ကြည့်ပေးရမလား၊၊ စိတ်မရှိပါနဲ့၊၊ ငါက ဖက်ဒရေးရှင်း ဥက္ကဋ္ဌမဟုတ်ခဲ့ဖူးသလို သူ ဖြတ်သန်းခဲ့တာတွေကိုလည်း မကြုံဖူးဘူး၊၊ ဒါကြောင့် ငါက ကိုယ်ချင်းမစာနိုင်ဘူး၊ အရင်းအနှီးတွေကို ဂရုမစိုက်ဘဲ အဲဒီလောက်အထိ အေးစက်မနေနိုင်ဘူး”
သူက ထိုသို့ပြောရင်း ကောင်းကင်ကို မတတ်သာသည့် အပြုံးဖြင့် ကြည့်လိုက်သည်၊၊
“ငါ ဒါကို မသိခဲ့ရင် ပိုကောင်းမှာပဲလို့ တကယ် ဆုတောင်းမိတယ်၊၊ ဒါဆိုရင် သေခါနီးမှာ ကမ္ဘာပျက်ကပ်ရဲ့ မျှော်လင့်ချက်မဲ့မှုကို ရင်ဆိုင်ရရင်တောင်မှ တိုက်ပွဲဝင်ချင်တဲ့ စိတ်ဆန္ဒ ရှိနေဦးမှာပဲ”
“ပရော်ဖက်ဆာယဲ့က နင် အကြီးအကျယ်စိတ်ထိခိုက်သွားမယ်ဆိုတာ သိပါတယ်၊၊ ယူပေနဲ့ စီလန်ကနေ ဒီအထိ ပြင်းပြတဲ့ ဆုံးဖြတ်ချက်တွေနဲ့ နင်ကြိုးစားလာခဲ့တာပဲ၊၊ ဒါပေမဲ့ အခု နင့်ရဲ့ ယန္တရားစွမ်းရည်အကူအညီ လိုအပ်နေလို့ အခြေအနေမှန်ကို အမှန်အတိုင်း အသိပေးလိုက်ရတာပဲ”
ချူယန်က နူးညံ့စွာ ပြောလိုက်သည်၊၊
“ငါ သိပါတယ်” လင်းရှန် ခေါင်းညိတ်လိုက်သည်၊၊
“ဒါပေမဲ့ ပရော်ဖက်ဆာယဲ့ ပြောတာလည်း မှန်ပါတယ်၊၊ အရာအားလုံး မပြီးဆုံးသေးပါဘူး၊၊ ကောင်းတဲ့ဘက်က တွေးကြည့်ရင် ချူကျောက်နန် အောင်မြင်သွားခဲ့ရင် အနည်းဆုံးတော့ ငါတို့မှာ ကောင်းကင်အကာကွယ်ကို ဖောက်ထွက်နိုင်မယ့် မျှော်လင့်ချက် ရှိလာမှာပဲ မဟုတ်လား”
ချူယန်က ပြတ်သားစွာ ပြောလိုက်သည်၊၊
“အကယ်၍ မှိုမျှင်တွေက S-Class သတ္တဝါတွေနဲ့ ချိတ်ဆက်သွားခဲ့ရင်...”
“သိပြီ… ငါသိပါတယ်.. ငါ့ကို အကောင်းမြင်ချင်ယောင်ဆောင်ခွင့်လေးတော့ ပေးပါဦး၊၊ မင်းက ငါ့ကို တိုက်ပွဲဝင်ချင်စိတ်ရှိစေချင်တာ မဟုတ်ဘူးလား”
ချူယန်က အနည်းငယ် ပြုံးလိုက်သော်လည်း ဘာမှမပြောတော့ပေ၊၊
လင်းရှန် အနည်းငယ် မူးဝေလာသည်၊၊
ညဉ့်နက်လာတော့မည်ဖြစ်ရာ သူ နိုးထတော့မည်ကို သိသည်၊၊ သို့သော် ဖီးနစ်နှင့်အတူ လှုပ်ရှားရန် သဘောတူခဲ့သဖြင့် သူ အချိန်ကို ဆွဲထားရမည်ဖြစ်သည်၊၊ ဆိုလိုသည်မှာ လင်းရှန်အနေဖြင့် အာရုဏ်ဦးမြို့တော်သို့ တစ်ညလုံး အပြေးသွားရမည်ဖြစ်သည်၊၊
“မေးခွန်းတစ်ခု မေးပါရစေ”
“မေးလေ”
“မင်းတို့က ငါ့ကိုပဲ ရှာတွေ့ခဲ့တာလား”
လင်းရှန် ပြုံးလိုက်သည်၊၊
“အာရုဏ်ဦးမြို့တော်လို လူသန်းပေါင်းများစွာရှိတဲ့ မြို့မှာ ဖီးနစ်နဲ့ မြောက်အမေရိက ပူးပေါင်းတပ်ဦး(NAUF) က ငါ့ရဲ့ လှုပ်ရှားမှုတွေကိုပဲ အားကိုးနေရတယ်လို့တော့ မပြောနဲ့ဦးနော်”
“နင့်ကိုယ်နင် တကယ်ပဲ ကယ်တင်ရှင်လို့ ထင်နေတာလား”
ချူယန်က သူ့ကို ကြည့်လိုက်သည်၊၊ သူမ၏ မျက်နှာမှာ တည်ငြိမ်နေသည်၊၊
“အနီရောင်ကမ္ဘာရဲ့ အစိတ်အပိုင်း တချို့က ကျင်းဟိုင်ကနေ ဇန်ဂိတ်ထဲကို ပြောင်းသွားကြပြီ၊၊ သူတို့ထဲက တချို့ အာရုဏ်ဦးမြို့တော်ထဲမှာ ရှိနေနိုင်တယ်လို့ ငါတို့ သံသယရှိတယ်၊၊ သူတို့ကို ရှင်းလင်းဖို့နဲ့ အာရုဏ်ဦးမြို့တော်ကို သိမ်းပိုက်ဖို့အတွက် ပြတ်သားတဲ့ အရေးယူမှုတွေ လိုအပ်တယ်၊၊ ချူကျောက်နန် မရှိရင်တောင် ကျိုးမင်ယွမ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ လုထျန်းယဲ့ရဲ့ တပ်ရင်းတွေ ရှိနေသေးတယ်၊၊ လူသန်းပေါင်းများစွာ၊ ယာဉ်တန်းတွေ၊ မဟာမိတ်တွေ၊ အင်အားစုတွေ၊ မှောင်ခိုဈေးကွက်တွေ၊ ရှုပ်ထွေးနေတဲ့ ကွန်ရက်တွေကြားမှာ ဖီးနစ်က လှုပ်ရှားဖို့ စီစဉ်ထားတာတွေက နင့်အတွက်တော့ ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိပါသေးတယ်”