← Chapters

အခန်း (၇၈၀-၇၈၁)

Vol. 46 Ch. 780-781

အခန်း (၇၈၀-၇၈၁)

Vol. 46 Ch. 780-781

Chapter 780

အချိန် ၄ လ ပျောက်ဆုံးခြင်း ၃

ထိုစကားကို ကြားသောအခါ ဟယ်လင်ချူးနှင့် တခြားလူများက ခေါင်းငြိမ့်ကြသည်၊၊

“အဓိပ္ပာယ်ရှိတယ်”

“ကောင်းပြီ၊၊ ဝင်ကြေးလည်း ပေးပြီးပြီဆိုတော့ နောက်ထပ် ရက်အနည်းငယ် ထပ်နေတာပေါ့”

ဝမ်ဟုန်ယွမ်က ခေါင်းငြိမ့်ပြုံးပြသည်၊၊

စွန်းဖုန်းက သက်ပြင်းရှည်ကြီးချလိုက်သည်၊၊

“မင်းပြောတာ မှန်တယ်၊၊ တကယ်တော့ အခုထွက်ဖို့ တန်းစီမယ်ဆိုရင်တောင် ရက်အနည်းငယ် ကြာလိမ့်မယ်၊၊ ကျိုးမင်ယွမ် ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်တာ ပိုကောင်းပါတယ်”

“ငါလည်း သဘောတူတယ်” လျန်ဟောင်ကလည်း ပြောသည်၊၊

ထို့နောက် လေပြင်းမဟာမိတ်အဖွဲ့ကို အနန္တမဟာမိတ်အဖွဲ့အဖြစ် ပြောင်းလဲလိုက်သည်၊၊ အတိုချုံး အစည်းအဝေးပြီးနောက် အားလုံး ထွက်ခွာသွားကြသည်၊၊ ကျန်းယွမ်က ယန်ယွီယန်အတွက် အရက်ငှဲ့ပေးလိုက်သည်၊၊

“သောက်လိုက်ပါဦး၊၊ ယုံကျန်းဆိပ်ကမ်းကနေ တစ်ညလုံး ပြန်လာရတာ ရေမဆာဘူးလား”

ယန်ယွီယန်က ခွက်ကို ငုံ့ကြည့်ပြီး ကျန်းယွမ်ကို စူးစူးဝါးဝါးကြည့်ကာ ပြောသည်၊၊

“ဖီးနစ်က အာရုဏ်ဦးမြို့တော်ကို တကယ်ပဲ စစ်ကြေညာလိမ့်မယ်လို့ နင်ထင်နေတာလား၊၊ ငါ နင့်ကို ပြောပြီးသားပဲလေ၊၊ ယုံကျန်းဆိပ်ကမ်းမှာ တပ်ရင်း ၈၃ သံမဏိအစောင့်တပ်ဖွဲ့တစ်ခုတည်း ရှိတာမဟုတ်ဘူး၊၊ အင်ပါယာစီမံကိန်းလည်း ရှိတယ်၊၊ ပြီးတော့ အဲဒီအစွမ်းထက်တဲ့ လူနှစ်ယောက်က လုထျန်းယဲ့ရဲ့ အာရုဏ်ဦးမြို့တော် ကာကွယ်ရေးတပ်ကို ရင်ဆိုင်ဖို့အတွက် မဟုတ်ဘူး”

ကျန်းယွမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး သူသောက်လက်စ ဖန်ခွက်ကို ပြန်ချလိုက်ကာ ပြောသည်၊၊

“မဖြစ်နိုင်ဘူး၊၊ အာရုဏ်ဦးမြို့တော်ကို တိုက်ခိုက်ဖို့အတွက် အင်အား ၃၀၀၀၀ ရှိတဲ့ သံမဏိအစောင့်တပ်ရင်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး၊၊ ယဲ့လန်နဲ့ လီဟီပင်းတို့က အနည်းဆုံးတော့ စတားဖလိ့စစ်တပ်တစ်ဝက်လောက်ကို ယူလာရလိမ့်မယ်၊၊ ဒါ့အပြင် သူတို့ တိုက်ခိုက်မယ်ဆိုရင် ဖက်ဒရေးရှင်းပြိုကွဲတုန်းကတည်းက လုပ်မှာပေါ့၊၊ အာရုဏ်ဦးမြို့တော်မှာ မြို့ရိုးအတွင်းတင် လူဦးရေ ၆ သန်း ရှိတယ်၊၊ ဖီးနစ်ရဲ့ ကြေညာချက်အရ သူတို့ဟာ ဒီလိုအချိန်မျိုးမှာ လူသားတွေကို တိုက်ခိုက်မှာမဟုတ်ဘူး”

“ဒါဆို နင်ဘယ်လိုထင်လဲ”

ကျန်းယွမ်က သူ၏လက်ချောင်းများကို ဝေ့ယမ်းလိုက်ရာ လေပြေလေးတစ်ခုက ခွက်ထဲရှိ အရည်များကို ရွှေရောင် ဝဲဂယက်လေးတစ်ခု ဖြစ်သွားစေသည်၊၊

“ဟမ့်”

“လူသားမဟုတ်တဲ့ အရာအချို့ပေါ့”

…

ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော၊ အစည်းအဝေးခန်းမ (၁)၊၊

လင်းရှန်က ယဲ့လန်ကို ကြည့်ပြီး ခဏမျှစဉ်းစားကာ ပြောလိုက်သည်၊၊

“သန့်စင်ရေးစီမံကိန်းလား၊၊ ခဗျားက ကျုပ်ကို အမှောင်ဂိုဏ်းကို ကိုင်တွယ်ခိုင်းနေတာလား”

“ဟုတ်တယ်” ယဲ့လန်က ပြန်ဖြေသည်၊၊

“ဘာလို့ ကျုပ်လဲ”

လင်းရှန်က ထူးဆန်းသော မေးခွန်းတစ်ခုကို မေးလိုက်သည်၊၊

“မင်းတစ်ယောက်တည်း မဟုတ်ပါဘူး”

ယဲ့လန်က တည်ငြိမ်စွာ ပြန်ဖြေသည်၊၊

“ငါတို့က အမှောင်ထုကို ရင်ဆိုင်နေရတာဆိုရင် ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ငါတို့ရဲ့ ဘုံရန်သူကို ရင်ဆိုင်ဖို့အတွက် ရသမျှ အင်အားအားလုံးကို စုစည်းဖို့ပဲ၊၊ ဒါပေမဲ့ ဒီတစ်ခါတော့ မတူဘူး၊၊ ရန်သူက အပြင်ဘက်ကတင် မဟုတ်ဘူး၊၊ နံပါတ် ၅၊ ၇ နဲ့ ၈ တွင်းနက်တွေ ချဉ်းကပ်လာနေတာနဲ့ အမှောင်ထုတင်မကဘူး၊၊ အတွင်းရန်သူလည်း ရှိနေတယ်၊၊ ငါတို့ဟာ အသက်ရှင်ကျန်ရစ်သူတွေကို ဒါမှမဟုတ် ငါတို့ရဲ့ ကိုယ်ပိုင်မြို့တွေကို တိုက်ခိုက်လို့မရဘူး၊၊ ဒါပေမဲ့ လူသားမျိုးနွယ်ရှင်သန်ရေးအတွက် အချိန်ရအောင် အနီရောင်ကမ္ဘာကို အမြစ်ဖြတ်သန့်ရှင်းရေး လုပ်ရမယ်”

ထိုစကားကို ကြားသောအခါ လင်းရှန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်၊၊

“နံပါတ် ၅ တွင်းနက်ရဲ့ မူမမှန်မှုကြောင့် တခြားတွင်းနက်တွေကပါ သူတို့ရဲ့ နယ်မြေချဲ့ထွင်မှုကို အရှိန်မြှင့်လာတာကြောင့်လား၊၊ ကျုပ် မေးပါရစေ၊၊ အခု တစ်ကမ္ဘာလုံး အမှောင်ထုကျရောက်ဖို့ အချိန်ဘယ်လောက်ကျန်သေးလဲ”

“၁၀ လအောက်ပဲ ကျန်တော့တယ်၊၊ ပြီးတော့ စက်ဝန်းကလည်း ပိုမြန်လာနေတယ်”

ယဲ့လန်က ပြန်ဖြေသည်၊၊

“ကျုပ်တို့ အချိန် ၄ လလောက် ပျောက်ဆုံးသွားတာလား”

လင်းရှန် အံ့အားသင့်သွားသည်၊၊

“အာရုဏ်ဦးမြို့တော်က ဘာတွေ ကြံစည်နေတာလဲ”

“ဒါက ငါတို့ စိုးရိမ်နေတဲ့ အချက်ပဲ”

ယဲ့လန်က လင်းရှန်ကို လေးနက်စွာ ပြောလိုက်သည်၊၊

“ကြေညာတဲ့နေ့ကစပြီး တွက်ရင် အာရုဏ်ဦးမြို့တော်က ၇၂ ရက်အတွင်းမှာ နံပါတ် ၅ တွင်းနက်ရဲ့ အမှောင်ဇုန်နဲ့ ထိတွေ့ရမှာဖြစ်ပြီး ၁၈၉ ရက်နဲ့ ၁၆၈ ရက်အကြာမှာ နံပါတ် ၇ နဲ့ ၈ တွင်းနက်တွေရဲ့ ဝါးမျိုမှုကို ခံရမှာဖြစ်တယ်၊၊ ဒါပေမဲ့ ရက် ၄၀ ကုန်လွန်သွားပြီးတဲ့နောက် နံပါတ် ၅ တွင်းနက်ကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲအရ ဒီနေ့အထိဆိုရင် အဲဒီတွင်းနက်သုံးခုက အာရုဏ်ဦးမြို့တော်ကို ဝါးမျိုမယ့်အချိန်ဟာ ၄၁ ရက်၊ ၆၂ ရက်နဲ့ ၄၈ ရက်အဖြစ် ပြောင်းလဲသွားပြီ”

“ဆိုလိုတာက သူတို့ဟာ နံပါတ် ၅ တွင်းနက်ဆီကနေ ၉ ရက် အချိန်ရလိုက်ပေမဲ့ အဲဒီ ၉ ရက်ကြောင့်ပဲ နံပါတ် ၇ နဲ့ ၈ တွင်းနက်တွေက ရက်ပေါင်း ၁၂၀ လောက် အရှိန်မြှင့်လာတာပေါ့”

လင်းရှန်က ချက်ချင်း ပြောလိုက်သည်၊၊

“ဟုတ်တယ်”

“၉ ရက် ရတာက ဘာထူးမှာလဲ”

လင်းရှန်၏ မျက်နှာအမူအရာက တင်းမာနေပြီး လေသံတွင် ဒေါသအရိပ်အယောင်များ ပါနေသည်၊၊

“ချူကျောက်နန်အတွက်ကတော့ နောက်ထပ် တစ်ရက်၊ တစ်နာရီ ရတာကတောင် အဓိပ္ပာယ်ရှိတယ်”

ယဲ့လန်က တည်ငြိမ်စွာ ပြန်ဖြေသည်၊၊

လင်းရှန် နားလည်ရခက်ခဲနေသည်၊၊

“အာရုဏ်ဦးမြို့တော်က နောက်ထပ် တစ်နာရီလောက် ပိုအသက်ရှင်ဖို့အတွက်လား”

“မဟုတ်ဘူး၊၊ မင်း နားလည်မှုလွဲနေပြီ”

“သူ ဒါကို လုပ်တာဟာ အာရုဏ်ဦးမြို့တော်အတွက် မဟုတ်ဘူး၊၊ ဖက်ဒရေးရှင်းရဲ့ ဥက္ကဌအာဏာအတွက်လည်း မဟုတ်ဘူး၊၊ ကိုယ်ကျိုးအတွက်လည်း မဟုတ်ဘူး”

ယဲ့လန်က လင်းရှန်ဘက်ကို ကြည့်လိုက်သည်၊၊

“ဖက်ဒရေးရှင်းနဲ့ အာရုဏ်ဦးမြို့တော်အပေါ် မင်းရဲ့ အမြင်တွေက ဒီကောက်ချက်နဲ့ အများကြီး ကွဲလွဲနေနိုင်တယ်၊၊ ဒါပေမဲ့ ငါ မင်းကို အမှန်အတိုင်း ပြောပြနိုင်တာကတော့ ဖက်ဒရေးရှင်းဥက္ကဌရဲ့ ရှုထောင့်ကကြည့်ရင် ဒါဟာ... လူသားမျိုးနွယ် တစ်ရပ်လုံးအတွက်ပဲ”

လင်းရှန် ဆွံ့အသွားသည်၊၊

“ဖက်ဒရေးရှင်းပြိုကွဲသွားတာဟာ လူတွေ ယုံကြည်သလို အတွေးအခေါ် ဒါမှမဟုတ် နိုင်ငံရေးအကျိုးစီးပွားကြောင့်ချည်းပဲ မဟုတ်ဘူး၊၊ ဟုတ်ပါတယ်၊၊ အဲဒါတွေလည်းပါတာကို ငါဝန်ခံပါတယ်၊၊ ဒါပေမဲ့ အကြီးမားဆုံးကွဲလွဲမှုကတော့ ကမ္ဘာပျက်ကပ်အပေါ် ဆုံးဖြတ်ချက်ကြောင့်ပဲ”

ယဲ့လန်က လင်းရှန်ရှိရာဘက်ကို ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်၊၊

“ကမ္ဘာပျက်ကပ် စတင်တဲ့နေ့ကစပြီး ကမ္ဘာတစ်ဝန်းက မြို့တွေနဲ့ ဒေသတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ တစ်ညတည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်၊၊ ဖက်ဒရေးရှင်း၊ စတားဖလိ့တပ်မတော်နဲ့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေအားလုံး ထိန်းချုပ်မှုလွတ်သွားခဲ့တယ်၊၊ အမှောင်ထုဟာ ငါတို့ကို တုံ့ပြန်ဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့ ဘာအချိန်မှ မပေးခဲ့ဘူး၊၊ နိုင်ငံတိုင်း၊ ဒေသတိုင်း၊ မြို့တိုင်း၊ မိသားစုတိုင်းမှာ သန္ဓေပြောင်းမှုတွေ ဖြစ်ခဲ့ပြီး စနစ်တွေအားလုံး ပျက်စီးသွားခဲ့တယ်၊၊ ငါတို့ ကျောက်ခေတ်ကို ပြန်ရောက်သွားသလိုပဲ၊၊ အခု ငါတို့ဆီမှာ ရှိသမျှ အရာအားလုံးဟာ ပထမဆုံး အမှောင်ထုအပြီးမှာ ပြန်လည်တည်ဆောက်ခဲ့ရတာပဲ၊၊ အဲဒီထဲမှာ ပျက်စီးသွားတဲ့ စတားဖလိ့တပ်မတော်လည်း ပါဝင်တယ်၊၊ ဒါပေမဲ့ ပထမဆုံးအမှောင်ထုအပြီးမှာ ကောင်းကင်အကာအကွယ်ပေါ်လာပြီး ငါတို့က ဂြိုဟ်တုနဲ့ ဆက်သွယ်ရေးကွန်ရက်တွေ အကုန်ဆုံးရှုံးခဲ့ရတယ်၊၊ တစ်ချိန်တည်းမှာပဲ ငါတို့က ကောင်းကင်ကြီးကိုလည်း ဆုံးရှုံးခဲ့ရတယ်...”

“အခု ဖီးနစ်ရဲ့ တပ်မှူးအနေနဲ့တောင် ငါ မင်းကို စိတ်ပျက်လက်ပျက်ပြောနိုင်တာကတော့ လူသားမျိုးနွယ်ကို အပြီးတိုင် ကယ်တင်နိုင်မယ့် နည်းဗျူဟာ ဒါမှမဟုတ် လမ်းစဉ် ငါတို့မှာ မရှိဘူး၊၊ စွမ်းအားရှင်အဆင့်အမျိုးအစားတွေ၊ အေးခဲ-အမှောင်ဆေးရည်၊ စိတ်ဝိညာဥ်တန်ဖိုး၊ အမှောင်အမှတ်အသား၊ အမှောင်သတ္တဝါတွေ… ဒါတွေဟာ အသက်ရှင်ကျန်ရစ်သူ လူသားတွေအားလုံး စတေးမှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေကနေ ရရှိလာတဲ့ အမှောင်ထုအကြောင်း ဗဟုသုတတွေပဲ၊၊ ဒါပေမဲ့ ဒါတွေဟာ ရေခဲတောင်ရဲ့ ထိပ်ဖျားလောက်ပဲ ရှိသေးတယ်”

“ဒါကြောင့် ဖက်ဒရေးရှင်း ပြိုကွဲခဲ့တယ်၊၊ အာရုဏ်ဦးမြို့တော်နဲ့ ဖီးနစ်ကြားက တင်းမာမှုတွေဟာ ရှင်သန်ရေးဂိုဏ်းနဲ့ ကယ်တင်ရေးဂိုဏ်းရဲ့ တိုက်ပွဲမဟုတ်ဘူး၊၊ အတိအကျပြောရရင် အမှောင်ဂိုဏ်းကလွဲလို့ ငါတို့နဲ့ အာရုဏ်ဦးမြို့တော်နှစ်ခုလုံးက ကယ်တင်ရေးဂိုဏ်းရဲ့ အစိတ်အပိုင်းတွေပဲ၊၊ တစ်ခုတည်းသော ကွဲပြားချက်ကတော့ လူသားမျိုးနွယ် ဆက်တည်ဖို့အတွက် လုံးဝ အဆိုးမြင်ဝါဒနဲ့ အလယ်လတ်အဆိုးမြင်ဝါဒတို့ပဲ”

လင်းရှန်၏ စိတ်ထဲတွင် ဖော်ပြမနိုင်အောင် လေးလံသွားပြီး တီးတိုးမေးလိုက်သည်၊၊

“ဖီးနစ်က အလယ်လတ်အဆိုးမြင်ဝါဒရှိပြီး အာရုဏ်ဦးမြို့တော်ကတော့ လုံးဝ အဆိုးမြင်ဝါဒလား”

“ဟုတ်တယ်”

“ဖက်ဒရေးရှင်းဥက္ကဌအနေနဲ့ ကမ္ဘာပျက်ကပ်အပြီး လူသားတွေရဲ့ အမြင့်ဆုံးအုပ်ချုပ်သူ ချူကျောက်နန်က အမှောင်ထုကို တိုက်ခိုက်ဖို့ လူသားတွေ အသုံးပြုခဲ့တဲ့ အင်အားနဲ့ နည်းလမ်းတွေကို အသိဆုံးပဲ၊၊ ကမ္ဘာလုံးဆိုင်ရာ နူကလီးယားလက်နက်တွေ၊ ဇီဝလက်နက်တွေ၊ မြေအောက်အပူချိန်မြှင့်ကပ်ဘေးဖြစ်အောင် လုပ်တာတွေအထိ ဖက်ဒရေးရှင်းမပြိုကွဲခင်က အားလုံးကြိုးစားခဲ့ဖူးတယ်၊၊ အမြင့်ဆုံးနည်းပညာသုံး ဝတ်စုံတွေ ဝတ်ထားတဲ့ စတားဖလိ့တပ်ဖွဲ့တစ်ခုက တွင်းနက်ထဲကို ဝင်ပြီး ၄၈ နာရီတောင် မခံခဲ့ဘူး၊၊ စိတ်ပျက်အားငယ်မှုဆိုတာ အစပိုင်းမှာ ရှိနေတာ မဟုတ်ဘူး...”

ယဲ့လန်က လင်းရှန်ကို တည်ငြိမ်စွာ ကြည့်နေသည်၊၊ သူမ၏ လေသံက ဝမ်းနည်းစရာပုံပြင်တစ်ပုဒ်ကို ပြောပြနေသလို ထိန်းချုပ်ထားပြီး သူမ၏ မျက်လုံးများကလည်း ခိုင်မာနေသည်၊၊

“ဒါပေမဲ့ အဲဒါက ခုခံမှု ကျရှုံးပြီးမှ ရောက်လာတာပဲ”

Chapter 781

ရက်စက်လွန်းသော အမှန်တရား ၁

ပြီးခဲ့သည့် တစ်နာရီအတွင်း ယဲ့လန်သည် လင်းရှန်အား ကမ္ဘာပျက်ကပ်နေ့နောက်ပိုင်း အပြာရောင်ဂြိုလ်ဖက်ဒရေးရှင်းအစိုးရ မည်သို့မည်ပုံ ရပ်တန့်သွားခဲ့ရာမှ ယာယီအစိုးရတစ်ရပ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပုံနှင့် လူသားတို့၏ အထွတ်အထိပ်နည်းပညာများကို အသုံးချကာ ဘေးအန္တရာယ်များနှင့် အမှောင်ထုကို မည်သို့ရင်ဆိုင်ဖြေရှင်းခဲ့ပုံတို့ကို တည်ငြိမ်စွာ ရှင်းပြနေခဲ့သည်၊၊ သို့သော် ရလဒ်မှာမူ ကြီးမားသော မျှော်လင့်ချက်မဲ့ခြင်းသာဖြစ်နေခဲ့သည်၊၊

“ပထမဆုံး ဝင်ရိုးစွန်းညတုန်းက ငါတို့ရဲ့ ကြယ်သင်္ဘောတွေက ကောင်းကင်အကာကွယ်ကို ဖောက်ထွက်ဖို့ ကြိုးစားခဲ့ဖူးတယ်၊၊ ဒါပေမဲ့ ချွင်းချက်မရှိ ကျရှုံးခဲ့တာပဲ”

ယဲ့လန်က စိတ်ရှည်လက်ရှည် ပြောနေခြင်းဖြစ်သည်၊၊ ဤနေရာသို့ ရောက်သောအခါမှသာ အစိုးရတာဝန်ရှိသူများအနေဖြင့် ကမ္ဘာပျက်ကပ်နောက်ပိုင်း မည်မျှအထိ ကြိုးပမ်းအားထုတ်ခဲ့ကြသည်ကို လင်းရှန်တစ်ယောက် ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်၊၊

နျူကလီးယားတိုက်ခိုက်ခြင်း၊ ကြယ်သင်္ဘောဖြင့် ထွက်ပြေးခြင်းများနှင့် သာမန်လူများ တွေးမိနိုင်သမျှကို ဖက်ဒရေးရှင်းအနေဖြင့် လက်တွေ့စမ်းသပ်ခဲ့ပြီးဖြစ်သော်လည်း ရလဒ်များမှာ အမြဲတမ်း စိတ်ပျက်စရာသာဖြစ်ခဲ့သည်၊၊ နျူကလီးယားပေါက်ကွဲမှုများသည် ဖုတ်ကောင်များ သို့မဟုတ် ပုံမှန်မဟုတ်သည့် သန္ဓေပြောင်းအကောင်များကို ရှင်းလင်းရန် အသုံးဝင်နိုင်သော်လည်း တွင်းနက် သို့မဟုတ် S-Class အဆင့် အထက်ရှိ မွန်းစတားများကို ခြိမ်းခြောက်ရန်မူ ထိရောက်မှု မရှိသလောက်ပင်ဖြစ်သည်၊၊ ပထမအချက်မှာ S-Class အဆင့် မွန်းစတားအားလုံးနီးပါးသည် ပင်လယ်ဖြူကောင်ကဲ့သို့သော ကာကွယ်ရေးစွမ်းအင်များ ပိုင်ဆိုင်ထားကြသောကြောင့်ဖြစ်သည်၊၊ ၎င်းကို မဖယ်ရှားနိုင်ပါက ရွေ့လျားစွမ်းအင်သုံးလက်နက်များက အခြေခံအားဖြင့် အရာမထင်ပေ၊၊ အဆိုးရွားဆုံးအချက်မှာ နျူကလီးယားပေါက်ကွဲမှုများသည် တွင်းနက်ကြီးထွားလာမှုကို ပိုမိုမြန်ဆန်စေပြီး ထိုပြောမပြနိုင်လောက်အောင် ထူးဆန်းသည့်သတ္တဝါများကို သန္ဓေပြောင်းသွားပြီး နောက်ဆုံးတွင် လူသားတို့၏ မြို့ပြများကို ဖျက်ဆီးပစ်စေခြင်းဖြစ်သည်၊၊ တစ်ချိန်တည်းမှာပင် ကျယ်ပြန့်သော နျူကလီးယားအဆိပ်အတောက်များကို ဖြစ်ပေါ်စေပြီး ရေဒီယိုသတ္တိကြွဖုန်မှုန့်များ ကောင်းကင်ယံသို့ ပျံ့နှံ့သွားကာ အမှောင်ညကဲ့သို့ အခြေအနေကို ဖြစ်ပေါ်စေသည်၊၊ ၎င်းမှာ လင်းရှန် ယခင်က ပါလ်မားမြက်ခင်းပြင်ရှိ နှင်းမုန်တိုင်းအတွင်း ကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် မွန်းစတားများ ပေါ်ပေါက်လာသည့် အခြေအနေနှင့် ဆင်တူသည်၊၊

လင်းရှန်၏ မျက်နှာအမူယာသည် လေးနက်သွားပြီး သူက လေးလံသောလေသံဖြင့် မေးလိုက်သည်၊၊

“ပရော်ဖက်ဆာယဲ့… ကောင်းကင်အကာအကွယ်ဆိုတာ အတိအကျပြောရရင် ဘာလဲ”

“ငါလည်း မသိဘူး၊၊ အခုလက်ရှိ သုတေသနတွေအရတော့ အဲဒါက ငါတို့ နားမလည်နိုင်တဲ့ ကြားခံနယ်ပယ်တစ်ခုပဲ၊၊ မမြင်ရသလို ထိတွေ့လို့လည်း မရဘူး၊၊ အဲဒါက ကာမန်မျဉ်းကို ဖုံးအုပ်ထားတယ်၊၊ ငါက တင်စားပြီး ပြောရမယ်ဆိုရင် ငါတို့ကို အုပ်ထားတဲ့ ကြီးမားတဲ့ ဆပ်ပြာပူဖောင်းကြီးတစ်ခုလိုပဲ”

“ဆပ်ပြာပူဖောင်း ဟုတ်လား”

လင်းရှန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်၊၊ ဤတင်စားချက်က သူ့ကို တစ်မျိုးကြီး ခံစားရစေသည်၊၊

“ကျုပ်တို့ လက်နက်တွေနဲ့ အဲဒါကို မဖောက်နိုင်ဘူးလား”

“လူသားတွေအတွက်တော့ ဆပ်ပြာပူဖောင်းကို ဖောက်ဖို့က လွယ်ပါတယ်၊၊ ဒါပေမဲ့ အဲဒါက ရေပိုးကောင်တစ်ကောင်အတွက်ဆိုရင်ကော”

ယဲ့လန်က လင်းရှန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်၊၊

“ရေပိုးကောင်တစ်ကောင်အတွက်တော့ ဆပ်ပြာပူဖောင်းဆိုတာ ဘယ်လောက်ပဲ အားကုန်ထုတ်သုံးပါစေ… မဖောက်နိုင်တဲ့ မျှော်လင့်ချက်မဲ့တံတိုင်းကြီးတစ်ခုပဲ၊၊ ကောင်းကင်အကာအကွယ်နဲ့ ငါတို့ကြားက ဆက်ဆံရေးကလည်း ရေပိုးကောင်နဲ့ ဆပ်ပြာပူဖောင်းလိုပါပဲ”

“ခင်ဗျားက တင်စားချက်တွေကို တကယ်သုံးတတ်တာပဲ”

လင်းရှန်က မတတ်သာပဲ ပြုံးလိုက်သည်၊၊

“ပြီးတော့ ဒီလို မျှော်လင့်ချက်မဲ့မှုတွေကို ရင်ဆိုင်နေရတဲ့အတွက်ကြောင့်ပဲ အာရုဏ်ဦးမြို့တော်ဟာ အရင်က မြေအောက်မြို့တော် ၁၅ ခု တည်ဆောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး အားလုံးကို အာရုဏ်ဦးမြို့တော်တစ်နေရာတည်းမှာပဲ စုစည်းအသုံးချခဲ့တယ်၊၊ ချူကျောက်နန်က ခုခံဖို့ကို လက်လျှော့လိုက်ပြီ၊၊ လူသားတွေ သေချာပေါက်ရှုံးနိမ့်လိမ့်မယ်ဆိုတဲ့ အသိအမြင်ပေါ် အခြေခံပြီးတော့ သူ အခုကြိုးစားနေတာတွေ အားလုံးက အရာတစ်ခုတည်း အတွက်ပဲ”

ယဲ့လန်က ဆက်ပြောသည်၊၊

“ဘာအတွက်လဲ”

“ပြီးပြည့်စုံတဲ့ ဂေဟစနစ်နဲ့ ကြယ်စင်စုခရီးသွားနည်းပညာတွေ တပ်ဆင်ထားတဲ့ မိုးကုတ်စက်ဝိုင်းလွန်အဆင့်ရှိ ကြယ်သင်္ဘောတစ်စင်းကို လွှတ်တင်ဖို့ပဲ၊၊ အဲဒီသင်္ဘောမှာ လူသားသန္ဓေသားသိုလှောင်ရုံနဲ့ ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်တွေ ပါသွားမယ်၊၊ အပြာရောင်ဂြိုလ်ကနေ ထွက်ပြေးဖို့အတွက် လောင်စာမလိုတဲ့ အာကာသပေါင်းစပ်အင်ဂျင်ကို သုံးပြီး သုံးလအတွင်းမှာ အလင်းအလျင်ရဲ့ ၁၅ ရာခိုင်နှုန်းအထိ အရှိန်မြှင့်သွားမယ်၊၊ အေးခဲအိပ်စက်ခြင်းနည်းပညာနဲ့ဆိုရင် နေအဖွဲ့အစည်းကနေ အလင်းနှစ် ၂၀ အကွာ ဆစ်ဂ်နပ်စ် ကြယ်စုတန်းထဲက ကပ်ပလာ-၁၈၆ အက်ဖ် ဂြိုဟ်ကို ရောက်ဖို့ မျိုးဆက် ၆ ဆက်နဲ့ နှစ်ပေါင်း ၁၂၀၀ ကြာလိမ့်မယ်၊၊ အဲဒီဂြိုဟ်က အခုထိ ရှာဖွေတွေ့ရှိထားသမျှထဲမှာ အပြာ‌ရောင်ဂြိုလ်နဲ့ အတူဆုံးနဲ့ လူနေထိုင်ဖို့ အသင့်တော်ဆုံးဂြိုဟ်ပဲ”

လင်းရှန်လည်း ထိုစကားကို ကြားသောအခါ ဆွံ့အသွားပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်၊၊ အတော်ကြာမှ သူက စိတ်မသက်မသာ လေသံဖြင့် ပြောလိုက်သည်၊၊

“ဒါဆိုရင် ချူကျောက်နန်က သူ ဘယ်သူနဲ့ ပူးပေါင်းနေလဲဆိုတာ ဒါမှမဟုတ် တွင်းနက်က ပြန့်ကားလာနေတာတွေကို ဂရုမစိုက်တော့ဘဲ… ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အာကာသယာဉ်တစ်စင်းကို လွှတ်တင်ဖို့ပဲ စိတ်အားထက်သန်နေတာပေါ့”

“ဟုတ်တယ်”

“ဒါပေမဲ့...”

သူ့စိတ်ထဲတွင် အလွန်တုန်လှုပ်သွားရသည်၊၊

စကားပြောနေရင်း တစ်ဝက်တွင် မျက်နှာအမူယာပြောင်းလဲသွားကာ ယဲ့လန်ကို ကြည့်လိုက်သည်၊၊

“ဒါဆိုရင် ဖီးနစ်က အာရုဏ်ဦးမြို့တော်ကို ရောက်လာတာနဲ့ ချူကျောက်နန်က ကျင်းဟိုင်က ကြယ်သင်္ဘောအားလုံးကို ပြန်ခေါ်လိုက်တာဟာ အာရုဏ်ဦးမြို့တော်မှာ ကောင်းကင်အကာကွယ်ကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းရှိနေပြီလို့ ဆိုလိုတာလား”

“မင်းက အရေးကြီးဆုံးမေးခွန်းကို မေးလိုက်တာပဲ”

ယဲ့လန်က လေးနက်စွာ ပြန်ပြောသည်၊၊

“တကယ်တော့ ဒီအစီအစဉ်ရဲ့ ရည်မှန်းချက်ကို လွန်ခဲ့တဲ့ နှစ်လက ငါတို့ သုတေသနအဖွဲ့က တင်ပြခဲ့တယ်၊၊ ချင်းလွမ်ကောင်းကင်မြို့တော် ပျက်ကျခဲ့တဲ့ ဖြစ်ရပ်ကို မင်းကြားဖူးလားတော့ မသိဘူး”

လင်းရှန်က ခေါင်းညိတ်လိုက်သည်၊၊ “ကျုပ်သိပါတယ်”

သူ ချင်းလွမ်ကောင်းကင်မြို့တော်အကြောင်းကို ပထမဆုံးကြားဖူးခဲ့သည်မှာ ယူပေမြို့သို့ စတင်ရောက်ရှိစဉ်က လူအိုကြီးမို ပြောပြခြင်းဖြစ်သည်၊၊ နောက်ပိုင်းတွင် ဝေ့ကီရှုကလည်း ဤကြေကွဲဖွယ်ဖြစ်ရပ်အကြောင်း သူ့ကို အကျဉ်းရုံး ပြောပြခဲ့ဖူးသည်၊၊ ထိုမြို့တော် ပျက်ကျမှုကြောင့် လင်းရှန်သည် ကောင်းကင်နှင့် ပတ်သက်လျှင် အလွန်သတိထားလာခဲ့ရသည်၊၊

“ချင်းလွမ်ကောင်းကင်မြို့တော် ပျက်ကျမှုဟာ ဖီးနစ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ၊၊ အဲဒီတိုက်ပွဲက ကမ္ဘာပျက်ကပ်နေ့နောက်ပိုင်း ဖီးနစ်က ဦးဆောင်ခဲ့တဲ့ အကြမ်းတမ်းဆုံး ကယ်ဆယ်ရေးအစီအစဉ်ပဲ၊၊ သေဆုံး ပျောက်ဆုံးသူ ၄ သိန်း ၂ သောင်းကျော် ရှိခဲ့တယ်၊၊ ချင်းလွမ် ကောင်းကင်မြို့တော်ဟာ လေထုထဲမှာ နေထိုင်တဲ့ သတ္တဝါတွေ အများကြီးရှိတဲ့ အမြင့်ပေကို ရောက်သွားခဲ့တယ်၊၊ အဲဒီမှာ အနည်းဆုံး S-Class အဆင့် မွန်းစတားနှစ်ကောင်နဲ့ A-Class အဆင့် အထူးသတ္တဝါတွေ အများကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်၊၊ လူပေါင်းသောင်းနဲ့ချီပြီး အရူးအမူးပြန်တိုက်ခဲ့ကြပေမဲ့ ကပ်ဘေးကို မတားဆီးနိုင်ခဲ့ဘူး၊၊ နောက်ပိုင်းမှာ အာရုဏ်ဦးဗဟိုစင်တာနဲ့ ဖီးနစ်မြို့က ကယ်ဆယ်ရေးနဲ့ စုံစမ်းရေးအဖွဲ့တွေ လွှတ်ခဲ့တယ်၊၊ သမုဒ္ဒရာထဲ နစ်မြုပ်နေတဲ့ အပျက်အစီးတွေထဲက အချက်အလက် သိုလှောင်မှုကို ပြန်ရတဲ့အခါ ချင်းလွမ် ကောင်းကင်မြို့တော် ပျက်ကျခါနီးမှာ စစ်သေနာပတိချုပ် ရှုလီချွမ်းက ပုံမှန်မဟုတ်တဲ့ ထောင့်တစ်ခုကနေ အထက်လေထုထဲကို အားကုန်ထိုးတက်ဖို့ အမိန့်ပေးခဲ့တာကို တွေ့ရတယ်”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊ “ထွက်ပြေးဖို့လား”

ယဲ့လန်က တည်ငြိမ်စွာ ပြန်ဖြေသည်၊၊

“ဆန့်ကျင်ဘက်ပဲ၊၊ ရှုလီချွမ်းက ဒါကို အသက်ရှင်ဖို့ လုပ်ခဲ့တာ မဟုတ်ဘူး၊၊ ဘာလို့လဲဆိုတော့ ချင်းလွမ် ကောင်းကင်မြို့တော်ရဲ့ အရှေ့ကုန်းပတ်ပေါ်မှာ S-Class မွန်းစတားရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အမြောက်အမြားကို ငါတို့ တွေ့ခဲ့ရလို့ပဲ”

လင်းရှန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်၊၊

“ခင်ဗျား ပြောချင်တာက ချင်းလွမ် ကောင်းကင်မြို့တော်က S-Class မွန်းစတားကို ကောင်းကင်အကာကွယ်နဲ့ တိုက်ဆောင့်ပစ်လိုက်တာလား”

“ဟုတ်တယ်”

“ပြီးတော့ကော”

“အစကတော့ ဒါဟာ လူသားတွေရဲ့ ပထမဆုံး S-Class အဆင့်ကို သတ်နိုင်တဲ့ စစ်ပွဲလို့ ငါတို့ ထင်ခဲ့တယ်၊၊ ဒါပေမဲ့ ပြဿနာက အာရုံခံကိရိယာတွေကို ပြန်ဆယ်ယူတဲ့အခါ ချင်းလွမ်ကောင်းကင်မြို့တော် ကောင်းကင်အကာကွယ်နဲ့ ဆောင့်မိပြီးတဲ့နောက် အဲဒီ S-Class အဆင့် မွန်းစတားက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်”

“ပျောက်သွားတာလား”

ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းရှန်၏ ဦးနှောက်ထဲ၌ ဝုန်းခနဲ မြည်သွားပြီး သူသည် ချက်ချင်း တုံ့ပြန်လိုက်ကာ ထိတ်လန့်ကာ မတ်တပ်ရပ်လိုက်မိသည်၊၊

“ဆိုလိုတာက S-Class မွန်းစတားတွေက ကောင်းကင်အကာကွယ်ကို ဖြတ်သန်းသွားနိုင်တယ်လို့ ပြောချင်တာလား”

အနီးတွင် ထိုင်နေသော ချူယန်က လင်းရှန်ကို တစ်ချက်ကြည့်လိုက်သည်၊၊ ပရော်ဖက်ဆာယဲ့က သူ မတ်တပ်ရပ်လိုက်သည်ကို မြင်နိုင်မည်မဟုတ်သဖြင့် စိတ်လှုပ်ရှားစရာမလိုကြောင်း ပြောလိုဟန်ရှိသည်၊၊

All Chapters