အခန်း (၇၈၈-၇၈၉)
Vol. 46 Ch. 788-789
Chapter 788
ခရိုင်ဟောင်း ၁
ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားပြီးနောက် အာရှပစိဖိတ်ဒေသ၏ အကြီးဆုံး လူသားမြို့တော်ကြီးထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရလိမ့်မည်ဟု လင်းရှန် တစ်ခါမှ မတွေးခဲ့မိပေ၊၊
အဖွဲ့သားအားလုံး၏ မျက်နှာများမှာ တည်ကြည်လေးနက်နေကြသည်။ swordfish သယ်ယူပို့ဆောင်ရေးယာဉ်သည် အာရုဏ်ဦးမြို့တော်၏ အပြင်ဘက် အတော်ဝေးသော ပျက်စီးယိုယွင်းနေသည့် လမ်းမတစ်ခုထက်တွင် ဆိုက်ကပ်လိုက်သည်။ အင်ဂျင်သံကြောင့် ဖုတ်ကောင် ဒါဇင်ပေါင်းများစွာသည် အော်ဟစ်ကာ အနားသို့ စုရုံးလာကြသည်။ ယာဉ်တံခါး ပွင့်သွားသော်လည်း အတွင်းမှ မည်သူမျှ ထွက်မလာသေးပေ။ ရုတ်တရက် စူးရှသော သတ္တုအလင်းတစ်ချက်က တိတ်ဆိတ်စွာပင် ဖြတ်သန်းသွားပြီး ဖုတ်ကောင်အုပ်ကြီးကို တစ်ခဏချင်းအတွင်း ပိုင်းဖြတ်ပစ်လိုက်သည်။ ထို့နောက် ထိုသတ္တုအလင်းသည် ပြန်လည်ပျောက်ကွယ်သွားပြီး ဆံပင်ခရမ်းရောင်နှင့် ကောင်မလေးတစ်ယောက်သည် စိတ်စွမ်းအင်လှိုင်းများ ဝန်းရံလျက် ထွက်လာသည်။ သူမ၏ နံဘေးတွင် ဓားသွားများစွာက စနစ်တကျ ပြန်လည် စုစည်းနေကြသည်။
ထိုအချိန်တွင် လင်းရှန်သည် သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်မှ အမြန်ဆင်းလာခဲ့သည်။ ဤနေရာမှ အာရုဏ်ဦးမြို့တော်၏ နံပါတ် (၁) တံတိုင်းဆီသို့ ကီလိုမီတာ ၂၀ ကျော် လိုသေးသော်လည်း သူတို့ ရပ်နားခဲ့သည့်နေရာမှာ မြို့ပြဧရိယာအစွန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အပေါ်သို့ မော့ကြည့်လိုက်လျှင် ပျက်စီးမှောင်မိုက်နေသော မြို့ပျက်ကြီးသည် ပင်လယ်ပြင်ကြီးနှင့် သဏ္ဌာန်တူနေပြီး အဝေးတစ်နေရာတွင်မူ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ ဧရာမတံတိုင်းကြီးတစ်ခုကို မြင်တွေ့ရသည်။ မီတာ ၁၀၀ မြင့်သော ထိုတံတိုင်းကြီးမှာ စက်ယန္တရားလက်မှုအတတ်ပညာ၏ အံ့မခန်း လက်ရာတစ်ခုအလား အာရုဏ်ဦးမြို့တော်၏ ကျယ်ပြောလှသော နယ်မြေကို ဝန်းရံထားသည်။ ယနေ့ည လမင်း၏ အလင်းဖျော့ဖျော့အောက်တွင် အမွှာကြယ်တာဝါ၏ ပုံရိပ်ကို ဝိုးတဝါး မြင်တွေ့နေရသည်။
ကျန်းရှု့ဝေသည် လင်းရှန်၏ ဘေးသို့ လျှောက်လာရင်း ပြောလိုက်သည်။
“မီတာ ၁၀၀ ကျော်တဲ့ အဆောက်အအုံတွေမှာ မီးထွန်းထားမှာ မဟုတ်ဘူး။ ဒါကြောင့် အပြင်ကကြည့်ရင် မြို့ရိုးတံတိုင်းကြီးကိုပဲ မြင်ရမှာပဲ”
“ဒီလောက်မြင့်တဲ့ တံတိုင်းကြီးတွေ ဆောက်ထားတာက တကယ်ပဲ အသုံးဝင်လို့လား”
ကီကီက မေးလိုက်သည်။
“အသုံးဝင်တာပေါ့”
မိုနီကာက လင်းရှန်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“စီလန်မြို့ တိုက်ပွဲတုန်းကသာ ယန္တရားတံတိုင်းတွေရဲ့ ကာကွယ်မှုမရှိခဲ့ရင် ကျွန်မတို့တွေ နှစ်ညတောင် ခံမှာမဟုတ်ဘူး”
လင်းရှန်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ်၊၊ ဒီတံတိုင်းတွေက S-Class အဆင့်တွေအတွက် ရည်ရွယ်ပြီး ဆောက်ခဲ့တာတော့ မဟုတ်ဘူး။ အကယ်၍ တွင်းနက်ပိုးကောင်သာ မရှိရင် သာမန် A-အဆင့်တွေ ဒါမှမဟုတ် အထူးအဆင့်တွေတောင် ဖောက်ဖို့ ခက်လိမ့်မယ်။ နောက်ပြီး အာရုဏ်ဦးမြို့တော်ရဲ့ လက်နက်အင်အားက စီလန်မြို့ထက် အဆပေါင်း ရာနဲ့ချီသာလွန်တယ်”
“နှမြောစရာကောင်းတာက တံတိုင်းတွေရော၊ မြေအောက်မြို့တော်တွေရော ရှိနေပါလျက်နဲ့ ဘာမျှော်လင့်ချက်မှ မမြင်ရတာပဲ”
ချီလီက လေးနက်သောအမူယာဖြင့် ပြောလိုက်သည်။
“ဥက္ကဋ္ဌကျန်း၊၊ ငါတို့က ဒီမှာရပ်ပြီး အာရုဏ်ဦးမြို့တော်ထဲကို ခြေကျင်လျှောက်ဝင်ကြမှာလား”
ကျန်းရှု့ဝေက ဘာမှပြန်မပြောဘဲ ရှေ့ရှိ မှောင်မိုက်နေသော လမ်းမထက်သို့ စူးရှစွာ ကြည့်နေသည်။
“အားလုံး သတိထားကြ၊၊ ရှေ့မှာ အုပ်စုတစ်ခု ချဉ်းကပ်လာနေပြီ”
အတန်ကြာ ကိုယ်လက်လှုပ်ရှားမှု မလုပ်ရသေးသောကြောင့် လုရှင်းချန်သည် လင်းရှန်နှင့်အတူ အာရုဏ်ဦးမြို့တော်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ သူသည် သတင်းအချက်အလက်များ ကြိုတင်ရရှိထားသဖြင့် တာဝန်ကြီးသည်ဟု ခံစားနေရပြီး အဝေးမှ လှုပ်ရှားမှုများကို ထောက်လှမ်းမိသည့်အလား မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
“မွန်းစတားတွေ မဟုတ်ဘူး၊၊ လူတွေပဲ”
ရှီဇီက အမြန်ပြောလိုက်သည်။
“အများကြီးပဲ”
လင်းရှန်၏ မျက်နှာအမူယာ တည်ကြည်သွားသည်။ ထိုစဉ် အဝေးမှ တဂျုန်းဂျုန်းအသံများ တဖြည်းဖြည်း နီးကပ်လာကာ မီးပွားများ လွင့်စင်လျက် အင်ဂျင်ဟိန်းသံများ ထွက်ပေါ်လာသည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ယာဉ်တန်းတစ်ခုသည် ပျက်စီးမှောင်မိုက်နေသော လမ်းမထက်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသည်။ လမ်းပေါ်ရှိ ဖုတ်ကောင်များနှင့် စွန့်ပစ်ထားသော ကားပျက်များကို မြေမျက်နှာပြင်မရွေး သွားနိုင်သော ရထားနှင့်တူသည့် ယာဉ်ကြီးတစ်စီးက တိုက်ကြိတ်ဖယ်ရှားသွားပြီး နောက်မှ ပြုပြင်မွမ်းမံထားသော ထရပ်ကားများနှင့် အထူးယာဉ် ဒါဇင်ကျော် လိုက်ပါလာသည်။
သို့သော် လင်းရှန်အမြင်တွင် ထိုယာဉ်တန်းက ထူးဆန်းနေသည်။ ယာဉ်များ၏ အပြင်ဘက်တွင် သံမဏိပြားများဖြင့် ခိုင်ခံ့အောင် လုပ်ထားပြီး ဆေးရောင်စုံ ပုံရိပ်များ ရေးဆွဲထားကာ ကမ္ဘာပျက်ကပ်ယာဥ်တန်းတစ်ခုပုံ ပေါက်နေသော်လည်း ၎င်းတို့၏ အတွင်းပိုင်း ဖွဲ့စည်းပုံမှာ ထင်ထားသည်ထက် ပိုအဆင့်မြင့်ကြောင်း လင်းရှန် ချက်ချင်း သတိပြုမိလိုက်သည်။ ရန်သူကို သတိမပြုမိစေရန် ထိုယာဉ်တန်းသည် လက်နက်များကို အသုံးမပြုဘဲ တည့်တည့်သာ မောင်းနှင်လာကြသည်။
ထိုအချိန်တွင် ကျန်းရှု့ဝေက ရှေ့သို့တက်ကာ အခြားသူများ တိုက်ခိုက်ရင်ပြင်နေသည်ကို လက်မြှောက်၍ တားလိုက်သည်။
“စိတ်မပူကြနဲ့၊၊ သူတို့က ငါတို့လူတွေပါ”
ထိုစကားကို ကြားသောအခါ မီးတောက်နှင့် အခြားသူများသည် လက်နက်များကို နှိမ့်ချလိုက်ကြသည်။ ယာဉ်တန်းသည် တဂျုန်းဂျုန်း မြည်ဟိန်းလျက် မောင်းနှင်လာပြီး သယ်ယူပို့ဆောင်ရေးယာဉ်၏ ရှေ့ မီတာ ၁၀၀ ခန့်အကွာတွင် ရပ်တန့်သွားသည်။ စူးရှသော ရှေ့မီးအလင်းရောင်များကြောင့် လင်းရှန်တို့အဖွဲ့ မျက်မှောင်ကြုတ်သွားလေသည်။ ထို့နောက် ကားတံခါးများ ဆက်တိုက် ပွင့်လာပြီး လူတစ်စု စုရုံးကာ လင်းရှန်တို့ထံ လျှောက်လာကြသည်။
ထိုလူစု၏ လက်နက်ကိရိယာများမှာလည်း အလွန်အဆင့်မြင့်လှသည်။ အားလုံးနီးပါးသည် “တစ္ဆေဝံပုလွေ” သို့မဟုတ် “သံမဏိမုဆိုး” အဆင့် စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အစွမ်းထက်သော လက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့ လျှောက်လာစဉ် ခေါင်းဆောင်ဖြစ်သူမှာ ကျန်းရှု့ဝေထံသို့ အမြန်ချဉ်းကပ်လာသည်။ စွမ်းအားဝတ်စုံ၏ ခေါင်းဆောင်းပွင့်သွားသောအခါ နုပျိုသော်လည်း ရင့်ကျက်သည့် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
ထိုသူကို လင်းရှန် မှတ်မိနေသည်၊၊ သူက ကျန်းရှု့ဝေ၏မောင် ကျန်းဇီယန်ပင်ဖြစ်သည်။ လင်းရှန်သည် သူနှင့် ယူပေဆိပ်ကမ်းတွင် ဆုံတွေ့ဖူးသည်။
“မမ၊၊ အားလုံး အဆင်သင့်ပဲ”
ကျန်းရှု့ဝေက ခေါင်းငြိမ့်ပြကာ လင်းရှန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ကျန်းဇီယန်က ကျွန်မ စီစဉ်ထားတဲ့အတိုင်း အာရုဏ်ဦးမြို့တော်ရဲ့ အပြင်ဇုန်မှာ လှုပ်ရှားနေတာပါ။ အဲဒါမှ သတင်းစုဆောင်းရတာ လွယ်ကူမှာဖြစ်သလို ဒီမှာ အသက်ရှင်ကျန်ရစ်သူတွေ အများကြီးရှိတော့ ကျွန်မတို့ အင်အားစုစည်းဖို့ အဆင်ပြေတယ်”
လင်းရှန်က အံ့သြသည့် အမူယာဖြစ်သွားသည်။
“မင်း မောင်က ကျိုးမင်ယွမ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ငါထင်နေတာ”
“မဟုတ်ပါဘူး။ အခြေအနေအရသာ ကျွန်မက ပူးပေါင်းဆောင်ရွက်ခဲ့ရတာပါ။ ဖင်းဂါးအုပ်စုရဲ့ ပိုင်ဆိုင်မှုနဲ့ လူအင်အားက အရမ်းများတော့ ကိစ္စတော်တော်များများက အာရုဏ်ဦးမြို့တော်ရဲ့ အင်အားကို အားကိုးရတာမျိုး ရှိတယ်လေ”
ကျန်းဇီယန်သည် လင်းရှန်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ သူသည် ရှေ့သို့ အမြန်တိုးလာပြီး သူ၏လက်များကို သုတ်ကာ လင်းရှန်ထံ လက်ကမ်းလိုက်သည်။
“ကပ္ပတိန်လင်း… မတွေ့ရတာ ကြာပြီနော်။ ယူပေမြို့တုန်းက ကူညီပေးခဲ့တာအတွက် ကျေးဇူးတင်ဖို့ အခွင့်အရေး မရခဲ့ဘူး။ အရင်က ကျွန်တော် ပါးစပ်သရမ်းပြီး အပြုအမူမကောင်းခဲ့တာအတွက်လည်း စိတ်ထဲမထားပါနဲ့”
ကျန်းဇီယန်၏ ပြောင်းလဲသွားမှုကြောင့် လင်းရှန် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် အရင်ကနှင့် မတူဘဲ အခြားလူတစ်ယောက်လို ပြောင်းလဲသွားကာ ပို၍ရင့်ကျက်လာပြီး အရင်ကလို မောက်မာမှုများ မရှိတော့ဘဲ တည်ငြိမ်နေသည်။
“မင်း ငါ့ကို စော်ကားခဲ့တာမျိုးကို ငါမမှတ်မိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူမဆို သံသယရှိနိုင်တာပဲ”
လင်းရှန်က လက်ဆွဲနှုတ်ဆက်ရင်း ပြန်ပြောလိုက်သည်။ သို့သော် ကျန်းဇီယန်က စိတ်အားထက်သန်စွာဖြင့် ဆက်ပြောနေသည်။
“ဘယ်ကသာ… အဓိက’က ကပ္ပတိန်လင်း ဒီလောက်တော်မှန်း ကျွန်တော် မသိခဲ့လို့ပါ။ စီလန်မြို့က အဖြစ်အပျက်တွေ၊ ဧရာမ စက်ရုပ်ကြီးအကြောင်းနဲ့ S-Class အဆင့်ကို ပထမဆုံး သတ်နိုင်ခဲ့တာတွေ အကုန်လုံး ကျွန်တော် ကြားပြီးပါပြီ။ တကယ့် အံ့ဖွယ်ပဲ”
သူသည် လင်းရှန်ကို အထင်ကြီးလေးစားနေကြောင်း သိသာစွာဖြင့် ပြုံးလျက် ပြောနေသည်။
“ဇီယန်က ယန္တရားဝတ်စုံတွေအကြောင်း သုတေသနလုပ်ရတာကို အထူးဝါသနာပါတယ်။ ရှင်က ဂတ်စ်တာဘိုင်အင်ဂျင်ကို သုံးပြီး ကျွန်မတို့ရဲ့ ယာဉ်အစီးပေါင်း ထောင်ချီကို တတ်လှမ်းဓာတ်လှေကားနဲ့ ဂြိုလ်ပတ်ရထားလမ်းကြောင်းပေါ် ဆွဲတင်ခဲ့တဲ့ အချိန်ကတည်းက သူ ရှင့်ကို အတော်လေး လေးစားနေခဲ့တာပဲ”
ကျန်းရှု့ဝေက ပြောလိုက်သည်။
“မမကလည်း”
ကျန်းဇီယန် အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်သွားကာ ချောင်းဟန့်လိုက်ပြီး စကားလမ်းကြောင်းကို အမြန်လွှဲလျက် လေးနက်စွာ ပြောလိုက်သည်။
“ကပ္ပတိန်လင်း… မြို့ထဲကို ဝင်မယ့်လမ်းကြောင်းကို ကျွန်တော် စီစဉ်ပြီးပါပြီ။ မြို့ရဲ့ ကာကွယ်ရေးနဲ့ ကင်းလှည့်လမ်းကြောင်းတွေက ပိုပြီး တင်းကျပ်လာနေလို့ ကျွန်တော်တို့ မြန်မြန်သွားရမယ်။ မဟုတ်လို့ ဖမ်းမိရင် လွတ်ဖို့ ခက်လိမ့်မယ်”
Chapter 789
ခရိုင်ဟောင်း ၂
လင်းရှန်က ခေါင်းငြိမ့်ပြလိုက်သည်၊၊
“ကောင်းပြီ၊ သွားကြစို့”
ထိုအချိန်တွင် ကျန်းဇီယန်သည် သယ်ယူပို့ဆောင်ရေးယာဉ်ကို စီမံရန် သူ၏နောက်မှ အဖွဲ့သားတစ်ဦးကို အချက်ပြလိုက်ပြီး လင်းရှန်နှင့် အဖွဲ့သားများသည် မြေမျက်နှာပြင်မရွေး သွားလာနိုင်သော ရထားကြီးပေါ်သို့ တက်လိုက်ကြသည်။ ယာဉ်တန်းသည် ဦးတည်ချက်ကို အမြန်ပြောင်းလဲလိုက်ပြီး အာရုဏ်ဦးမြို့တော်ဆီသို့ အရှိန်ပြင်းစွာ မောင်းနှင်သွားလိုက်သည်။
“ကျိုးမင်ယွမ်က မြို့ကို လုံးဝ ပိတ်ဆို့ဖို့ အမိန့်ပေးထားတယ်။ အနောက်ဘက်မှာ A-Class သန္ဓေပြောင်းမွန်းစတားတစ်ကောင် ပေါ်လာလို့ တပ်စွဲထားတဲ့ စစ်တပ်နဲ့ နာရီပေါင်းများစွာ တိုက်ခဲ့ရသေးတယ်။ အဲဒါကြောင့် မွန်းစတားအုပ်စုကြီး ရောက်လာလို့ ခုလေးတင်ပဲ ရှင်းပစ်ခဲ့ရတယ်၊၊ ဒါက ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အဓိကမြို့ကို A-Class မွန်းစတားတွေ ငါးကြိမ်မြောက် တိုက်ခိုက်တာပဲ။ ဘာကြောင့်လဲဆိုတာကို ဘယ်သူမှ မသိပေမဲ့ လူတော်တော်များများကတော့ ဒါက အနီရောင်ကမ္ဘာနဲ့ တွင်းနက်ထဲက ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆနေကြတယ်”
ရွေ့လျားနေသော ရထားပေါ်တွင် ကျန်းဇီယန်သည် မြို့ထဲရှိ အခြေအနေများကို လင်းရှန်တို့အဖွဲ့အား အသေးစိတ်ရှင်းပြနေသည်။
“အနောက်ဘက်က မွန်းစတားနဲ့ နံပါတ် (၅) တွင်းနက်ထဲက ထူးဆန်းတဲ့ ဖြစ်ရပ်နဲ့ ဘယ်လို ပတ်သက်နေလို့လဲ”
ချီလီက ထိုအချိန်တွင် မေးလိုက်သည်။
“နံပါတ် (၅) တွင်းနက် မဟုတ်ဘူး၊၊ နံပါတ် (၈) တွင်းနက်”
ကျန်းဇီယန်က ချက်ချင်း ပြန်ဖြေသည်။
“နံပါတ် (၈) တွင်းနက်ရဲ့ ပြန့်ကားနှုန်းက ပိုမြန်လာနေတယ်။ ဖူနင်ဒေသတစ်ခုလုံးနဲ့ လျောင်ပင်လယ်ရဲ့ တစ်ဝက်လောက်က ပျောက်ကွယ်သွားပြီ။ ဝင်ရိုးစွန်းညက ထျန်းဝေနားကို ချဉ်းကပ်လာနေပြီ။ အဲဒီက ရှေ့တန်းကင်းစခန်းတွေရဲ့ သတင်းအရဆိုရင် ဝင်ရိုးစွန်းညဇုန်ထဲမှာ S-Class အဆင့် သတ္တဝါကြီးတွေကို မြင်ခဲ့ရတယ်တဲ့၊၊ ဒါပေမဲ့ ဘယ်သူမှတော့ တိုက်ရိုက်မတွေ့ဖူးသေးဘူး၊၊ ကောင်းကင်ကနေ မြင်ရတဲ့ ပုံရိပ်ယောင်တွေလို့ပဲ အများစုက ယူဆနေကြတယ်”
လင်းရှန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
“ထျန်းဝေက ယုံကျန်းဆိပ်ကမ်းထက်စာရင် နံပါတ် (၈) တွင်းနက်နဲ့ ပိုနီးတာ မဟုတ်ဘူးလား”
“ဟုတ်တယ်”
ကျန်းရှု့ဝေက ဝင်ပြောသည်။
“အချိန်နဲ့ တွက်မယ်ဆိုရင် ဝင်ရိုးစွန်းညထဲကို ရောက်ဖို့က တစ်ပတ်ထက် မပိုတော့ဘူး”
“ဒါ့အပြင် မြို့ထဲကနေ ထွက်ခွာသွားတဲ့ အုပ်စုတွေ ပိုများလာတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ရှိလာတယ်။ ကျိုးမင်ယွမ်နဲ့ လူဦးရေ ထိန်းချုပ်ရေးဗျူရိုက ညမှောင်လာတာနဲ့ မြို့ပြင်ထွက်ခွင့် ပိတ်ထားဖို့ အကြောင်းပြချက် ရှာလိုက်ကြတယ်။ ဒါကြောင့် အာရုဏ်ဦးမြို့တော်က အပြင်ပန်းကြည့်ရင် ငြိမ်သက်နေသလို ရှိပေမဲ့ တကယ်တမ်းမှာတော့ လူတော်တော်များများက ထွက်သွားချင်နေကြတယ်”
ကျန်းဇီယန်က ရှင်းပြသည်။
“ဖက်ဒရေးရှင်းက အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းနေ/မနေ ဆိုတာကို ဘယ်သူမှ လောင်းကြေးမထပ်ချင်ကြဘူးလေ”
ချီလီက အေးအေးဆေးဆေး ပြောလိုက်သည်။
“အဲဒါက အကြောင်းရင်းတစ်ခုပဲ ရှိသေးတယ်”
ကျန်းဇီယန်က လှည့်ကြည့်ကာ ပြောသည်။
“တကယ်တော့ ယာဉ်တန်းအကြီးကြီးတွေက အာရုဏ်ဦးမြို့တော်မှာ ကြာကြာနေဖို့ အစီအစဉ် မရှိကြဘူး။ ဝင်ရိုးစွန်းညက ချဉ်းကပ်လာနေတော့ သူတို့က အာရုဏ်ဦးစင်တာဘက်ကိုပဲ ရွေ့ချင်ကြတယ်။ ယာဉ်တန်းအသေးလေးတွေနဲ့ သာမန်အသက်ရှင်ကျန်ရစ်သူတွေပဲ တခြားရွေးချယ်စရာ မရှိလို့ တံတိုင်းမြင့်ကြီးတွေနဲ့ မြေအောက်မြို့တော်ကို အားကိုးပြီး သူတို့ရဲ့ ကြောက်စိတ်ကို ဖြေဖျောက်နေကြတာပဲ။ လူအများစုက မြေအောက်မြို့တော်ထဲကို မဝင်နိုင်ကြဘူး။ မြေအောက်မြို့တော်ကို ထားပါဦး၊၊ တံတိုင်းမြင့်ကြီးတွေထဲ ဝင်ဖို့တောင် မလွယ်လှဘူး”
“အာရုဏ်ဦးမြို့တော်က ဒီလောက်ကြီးတာပဲ၊၊ ဒီလူနည်းစုကို လက်ခံပေးဖို့က မခက်ခဲလောက်ပါဘူး မဟုတ်လား”
လင်းရှန်က ပြတ်သားစွာ ပြောလိုက်သည်။
“ဒါက အရင်းအမြစ် ရှားပါးတဲ့ ကိစ္စပဲ ဖြစ်မှာပါ”
ကျန်းဇီယန်က ခေါင်းငြိမ့်သည်။
“ဟုတ်တယ်၊ ရေ၊ အစားအသောက်၊ နောက်ပြီး ဆေးဝါးနဲ့ သန့်ရှင်းရေး အရင်းအမြစ်တွေက ကန့်သတ်ချက် ရှိတယ်။ လူဦးရေ ပိုသိပ်သည်းလေ၊ ထူးဆန်းတဲ့ ဖြစ်ရပ်တွေဖြစ်ရင် နောက်ဆက်တွဲ ထိခိုက်မှု ပိုများလေပဲ။ ကျွန်တော်တို့ အာရုဏ်ဦးမြို့တော်မှာ ရှိနေတဲ့ အချိန်အတွင်း ညရောက်တိုင်း ထူးဆန်းတဲ့ ဖြစ်ရပ်တွေက အမြဲလိုလိုဖြစ်နေတယ်။ လူနည်းနည်းပဲ သေတဲ့ညဆိုရင် အတော်လေး အေးချမ်းတဲ့ညလို့တောင် သတ်မှတ်ရတယ်။ ဒါ့အပြင် အကြီးစား ထူးဆန်းတဲ့ ဖြစ်ရပ်တွေရဲ့ ၈၀ ရာခိုင်နှုန်းက နံပါတ် (၁) တံတိုင်းရဲ့ အပြင်ဘက်က ခရိုင်ဟောင်းမှာပဲ ဖြစ်တာများတယ်”
“ဒါဆို အာရုဏ်ဦးမြို့တော်ရဲ့ အတွင်းပိုင်းက တကယ်ပဲ ဘေးကင်းတယ်လို့ ပြောလို့ရတာပေါ့”
ကီကီက မှတ်ချက်ပေးသည်။
“နှိုင်းယှဉ်ကြည့်ရင်တော့ ဟုတ်တယ်”
ကျန်းရှု့ဝေက ပြောသည်။
“နံပါတ် (၁) တံတိုင်း ရှိနေတော့ မြို့ထဲမှာ ဖုတ်ကောင်တွေ ဒါမှမဟုတ် သန္ဓေပြောင်းသတ္တဝါတွေ မရှိတော့ဘူး။ တစ်ခုတည်းသော ခြိမ်းခြောက်မှုကတော့ ချဉ်းကပ်လာတဲ့ အမှောင်ထုပဲ”
“နောက်ပြီး အနီရောင်သတ္တဝါတွေလည်း ရှိသေးတယ်” ကျန်းဇီယန်က ဖြည့်စွက်ပြောသည်။
“ဒါပေမဲ့ မြို့ထဲမှာက တကယ်ပဲ လုံခြုံပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ ဖျော်ဖြေရေးတွေ၊ စွမ်းအားရှင်ချင်း ယှဉ်ပြိုင်တာတွေ၊ မြေအောက်တိုက်ခိုက်ရေးကလပ်တွေနဲ့ မှောင်ခိုဈေးကွက်တောင် ရှိသေးတယ်။ ယာဉ်တန်းအကြီးကြီးတွေက သူတို့အင်အား တောင့်တင်းအောင် ဒီမှာလာပြီး ပြင်ဆင်ကြတယ်။ အစွမ်းထက်တဲ့ စွမ်းအားရှင်တွေကို ငှားရမ်းဖို့ကလည်း ပွင့်လင်းမြင်သာမှု ရှိတယ်၊၊ ဘယ်သူက ဈေးအများဆုံး ပေးနိုင်မလဲဆိုတာပေါ်ပဲ မူတည်တာပေါ့”
“ဖက်ဒရေးရှင်းကလည်း လူစုဆောင်းနေမှာပဲ မဟုတ်လား”
လင်းရှန်က ထိုအချိန်တွင် မေးလိုက်သည်။
“ဟုတ်တယ်” ကျန်းဇီယန်က ခေါင်းငြိမ့်သည်။
“ဖက်ဒရေးရှင်းရဲ့ လူစုဆောင်းမှုက အားအကောင်းဆုံးပဲ။ သူတို့အချင်းချင်းတောင် အုပ်စုကွဲနေလို့ အလင်းတမန်အဖွဲ့နဲ့ ညကင်းလှည့်အဖွဲ့ကြားမှာ ပြိုင်ဆိုင်မှုတွေ ရှိနေတယ်။ အဲဒီအတွက်ကြောင့်ပဲ ကျိုးမင်ယွမ်က လူသားမျိုးနွယ် တိုးတက်ပြောင်းလဲမှုအလင်းတန်း အဆင့်သတ်မှတ်ချက်ကို ဖန်တီးခဲ့တာပဲ။ အဲဒီမှာ အဆင့်ဝင်တဲ့သူ ဘယ်သူမဆို အာရုဏ်ဦးမြို့တော်ရဲ့ မြေအောက်မြို့မှာ အမြဲတမ်း နေထိုင်ခွင့်ရမယ့်အပြင် ဆုငွေအမြောက်အမြားလည်း ရမှာဖြစ်တယ်”
လင်းရှန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။
“အဆင့်သတ်မှတ်ချက်လား။ အဲဒါက တကယ်ကို ထိရောက်တဲ့ နည်းလမ်းပဲ”
“ဟုတ်တယ်၊၊ အဲဒါကြောင့်ပဲ ဖက်ဒရေးရှင်းက အစွမ်းထက်တဲ့ စွမ်းအားရှင် တော်တော်များများကို စုဆောင်းနိုင်ခဲ့တာ”
“ဖျက်ဆီးခြင်းအဆင့်တွေလား”
ကီကီက မေးလိုက်သည်။
“အဲဒါတင်မကဘူး” ကျန်းဇီယန်က ဆက်ပြောသည်။
“ပြီးခဲ့တဲ့အကြိမ်က S-Class အဆင့်ကို သတ်ဖြတ်နိုင်ပြီးတည်းက အဆင့်သတ်မှတ်ချက်ထဲက အစွမ်းထက်တဲ့သူ အတော်များများဟာ အိန်ဂျယ်အဆင့်အထိ တိုးတက်လာကြပြီ”
“ဒါဆိုရင် အမြင့်ဆုံး စွမ်းအား ရမှတ်က ၁၀,၀၀၀ အထိ ရှိနေပြီပေါ့”
“အတိအကျပဲ”
ထိုစကားကို ကြားသောအခါ ကီကီ၊ လုရှန်းချန်၊ ချီလီနှင့် အခြားသူများ၏ မျက်နှာအမူအရာများ အားလုံး ပြောင်းလဲသွားသည်။ အမှန်အတိုင်း ပြောရလျှင် စီလန်မြို့တွင် စွမ်းအားစစ်ဆေးပြီးကတည်းက သူတို့သည် အန္တရာယ်များနှင့် အဆက်မပြတ် ရင်ဆိုင်နေရသဖြင့် သူတို့၏ စွမ်းအားတိုးတက်မှုကို သိပ်ပြီး ဂရုမစိုက်နိုင်ခဲ့ကြပေ။ လင်းရှန်အနေဖြင့်လည်း သူတို့၏ အမြင့်ဆုံး စွမ်းအားအဆင့်မှာ ယခုအခါ မည်မျှအထိ ရှိနေပြီလဲဆိုသည်ကို မသိရှိသေးပေ။
ဘာပဲဖြစ်ဖြစ် တွင်းနက်ထဲတွင် ရှိနေစဉ်က ကြုံတွေ့ခဲ့ရသော အန္တရာယ်များသည် စွမ်းအားတစ်ခုတည်းဖြင့် ဖြေရှင်း၍ မရနိုင်သော အရာများ ဖြစ်နေခဲ့သည်။
ဝုန်း ဝုန်း
ယာဉ်တန်း ရှေ့သို့ တိုးလာသည်နှင့်အမျှ ပတ်ဝန်းကျင်မှ ဆူညံသံများမှာ တဖြည်းဖြည်း ပိုကျယ်လာပြီး ကောင်းကင်ယံတွင် သေနတ်ပစ်သံများ ရံဖန်ရံခါ ဟိန်းထွက်နေသည်။
လင်းရှန်နှင့် အခြားသူများသည် လိုက်ကာ မှန်ချပ်များကို ဖွင့်ကြည့်လိုက်ရာ ကမ္ဘာပျက်ကပ်ကြီး၏ အနိဋ္ဌာရုံမြင်ကွင်းတစ်ခုသည် သူတို့၏ မျက်စိရှေ့တွင် ချက်ချင်း ပေါ်လာလေသည်။ ယာဉ်တန်းသည် မြို့ရိုးတံတိုင်းရှိရာဘက်သို့ တဖြည်းဖြည်း မောင်းနှင်သွားစဉ် ပျက်စီးနေသော ခရိုင်ဟောင်း၏ လမ်းမများပေါ်တွင် ယာဉ်တန်းစခန်း အမြောက်အမြားကို ဟိုတစ်စု ဒီတစ်စုမှသည် အုပ်စုလိုက်ကြီးများအထိ တွေ့လာရသည်။ တဲများ၊ သံမဏိစက်သေနတ်စင်များနှင့် ယာဉ်မျိုးစုံတို့သည် မြို့၏ မြေလွတ်နေရာအားလုံးကို သိပ်သည်းစွာ နေရာယူထားကြပြီး အာရုဏ်ဦးမြို့တော်သို့ တည့်တည့်သွားသော လမ်းမကြီးတစ်ခုတည်းသာ ပိတ်ဆို့မှု မရှိဘဲ ကျန်ရှိနေပေသည်။
ဟယ်လီကော်ပတာများ၊ ဒရုန်းများနှင့် ကင်းလှည့်ယန္တရားများ၏ အော်ဟစ်သံနှင့် သတိပေးသံများမှာ လေထုထဲတွင် အဆက်မပြတ် ပျံ့လွင့်နေသည်။ နယ်မြေတိုင်းမှာ အဆုံးမဲ့ ဒုက္ခသည်စခန်းကြီးတစ်ခုနှင့် တူနေပြီး မီးတောက်များမှာ မိုးကုပ်စက်ဝိုင်းအထိ ရှည်လျားစွာ တန်းစီနေသည်။