← Chapters

အခန်း (၇၉၀-၇၉၁)

Vol. 46 Ch. 790-791

အခန်း (၇၉၀-၇၉၁)

Vol. 46 Ch. 790-791

Chapter 790

ခရိုင်ဟောင်း ၃

“ညဘက်မှာ သတိထားကြပါ၊၊ သင်တို့ရဲ့ စိတ်ဝိညာဉ်လှိုင်းတန်ဖိုးတိုင်းတာကိရိယာကို အမြဲစစ်ဆေးပါ၊၊ ပေါ့ဆမှုဟာ ကပ်ဘေးရဲ့ အစပဲ”

“သတိပေးချက်၊၊ G67 ရှန့်လန်လမ်းမ စတုရန်းကွင်းပြင်စခန်းက ယာဉ်တန်းတွေ မီးပုံအားလုံးကို ချက်ချင်းငြှိမ်းသတ်ကြပါ”

“အာရုဏ်ဦးမြို့တော် ညကင်းလှည့်အဖွဲ့က သတိပေးပါတယ်၊၊ လုံခြုံရေးဇုန် တည်ဆောက်ရေးက လူတိုင်းရဲ့ တာဝန်ပါ၊၊ အမြဲနိုးကြားပါ၊ ခဏခဏစစ်ဆေးပါ၊ အထူးဂရုစိုက်ကာကွယ်ပါ၊၊ အမှောင်အမှတ်အသားတွေ ဒါမှမဟုတ် သန္ဓေပြောင်းမှုတွေကို လျစ်လျူမရှုပါနဲ့”

မျက်စိတစ်ဆုံးဖြစ်နေသော် သိန်း၊သောင်းနှင့်ချီ ကမ္ဘာပျက်ကပ် အသက်ရှင်ကျန်ရစ်သူများ၏ ယာဉ်တန်းစခန်းများမှာ ထူးဆန်းဆိုးဝါးလှသော မြို့ပြမြင်ကွင်းတစ်ခုအဖြစ် တည်ရှိနေသည်။ ခိုင်ခံ့သော အဆောက်အအုံကြီးများကို အသက်ရှင်ကျန်ရစ်သူများက နေရာယူထားကြပြီး အမိုးပေါ်တွင် စက်သေနတ်စင်များနှင့် ကင်းမျှော်စင်များ အစီအရီရှိနေသည်။ လမ်းကွက်တိုင်းကို ဆူးကြိုးခြံစည်းရိုးများဖြင့် ကာရံထားသည်။ သို့သော်လည်း အဝေးမှ ဖုတ်ကောင်အော်သံများနှင့် သေနတ်ပစ်သံများကြောင့် အိပ်စက်ရန်မှာ ခဲယဉ်းလှသည်။

ဤမြင်ကွင်းကို မြင်သောအခါ ချီလီနှင့် အခြားသူများ၏ မျက်နှာများမှာ လေးနက်သွားကြသည်။ ဤကမ္ဘာပျက်ကပ်မြင်ကွင်းသည် တွင်းနက်နှင့် နှိုင်းယှဉ်လျှင် ပို၍ပင် မွန်းကျပ်ဖွယ်ကောင်းနေသည်။ အာရုဏ်ဦးမြို့တော်ထဲသို့ပင် မဝင်ရသေးဘဲ လူသန်းချီရှိသော ဒုက္ခသည်စခန်းကြီး၏ မြင်ကွင်းကို တွေ့နေရခြင်း ဖြစ်သည်။ အကယ်၍ ဤနေရာတွင်သာ မွန်းစတားအုပ်ကြီး သို့မဟုတ် အကြီးစား သန္ဓေပြောင်းမွန်းစတားတစ်ကောင်က တိုက်ခိုက်လာလျှင် ပျက်စီးဆုံးရှုံးမှုမှာ မတွေးရဲစရာပင်။

လမ်းဘေး အဆောက်အအုံများပေါ်ရှိ မရေမတွက်နိုင်သော အသက်ရှင်ကျန်ရစ်သူများ၏ အကြည့်များသည် အရှိန်ဖြင့် ဖြတ်မောင်းသွားသော ယာဉ်တန်းထံသို့ ကျရောက်နေသည်။ ယာဉ်တန်းအများစုတွင် လူကြီးများ၊ အမျိုးသမီးများနှင့် ကလေးများသာ အဓိကပါဝင်ပြီး လူငယ်လူရွယ် နည်းပါးကြောင်း လင်းရှန် သတိပြုမိလိုက်သည်။ သို့သော် သက်ကြီးရွယ်အိုများဖြစ်စေ၊ အမျိုးသမီးများဖြစ်စေ အားလုံးမှာ သေနတ်ကိုယ်စီဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားကြသည်။ ကုန်တိုက်ကြီးတစ်ခု၏ အမိုးပေါ်တွင်ပင် အသက် ၁၅ နှစ်ထက် မကြီးသော ကလေးငယ် ဒါဇင်ပေါင်းများစွာက စက်သေနတ်ကြီးများဖြင့် ကင်းလှည့်နေကြသည်။

လင်းရှန်တို့၏ အံ့သြနေသော အကြည့်များကို မြင်သောအခါ ကျန်းရှု့ဝေက ပြောလိုက်သည်၊၊

“မြို့ထဲဝင်ခွင့် စည်းကမ်းချက်တွေအရ တိုက်ခိုက်ရေးသမားနဲ့ မှီခိုသူအချိုးက ၁:၂ ထက် မပိုရဘူး။ မှီခိုသူတွေအတွက် အသက်အရွယ် ဒါမှမဟုတ် ကျားမ ကန့်သတ်ချက် မရှိပေမဲ့ တိုက်ခိုက်နိုင်စွမ်းကိုတော့ စစ်ဆေးတယ်၊၊ ဆိုလိုတာက စိတ်ဝိညာဉ်လှိုင်း အမြင့်ဆုံးတန်ဖိုးကိုပေါ့။ ဒါပေမဲ့ အာရုဏ်ဦးမြို့တော်က အစွန်းရောက်ကိန်းဂဏန်းတွေကို မတိုင်းတာတော့ တော်တော်လေး လျော့ပေါ့ပေးထားတယ်လို့ ပြောလို့ရတယ်။ ဒါတောင်မှ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေရဲ့ စိတ်ဝိညာဉ်လှိုင်းတန်ဖိုးက လူငယ်တွေကို မမီကြတော့ အပြင်ဘက်က ယာဉ်တန်းတွေမှာ အိုမင်းမစွမ်းသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ အများဆုံး ကျန်ခဲ့ကြတယ်”

“ငါတွေးနေတာလည်း အဲဒီလိုပဲ”

လင်းရှန်၏ မျက်လုံးများ လှုပ်ခတ်သွားပြီး မျက်နှာညှိုးသွားကာ ရင်ထဲတွင် ခံစားချက်ပေါင်းစုံဖြင့် ဘာပြောရမှန်း မသိဖြစ်နေသည်။

ကမ္ဘာပျက်ကပ်နေ့ကတည်းက လူတိုင်းသည် ဤရက်စက်သော ခွဲခြားမှုများကို တိတ်တဆိတ် လက်ခံခဲ့ကြသည်၊၊၊လင်းရှန်လည်း အပါအဝင်ပင်။ သူ အနန္တရထားစီမံကိန်းကို စတင်ကတည်းက ခိုင်မာသော တိုက်ခိုက်ရေးအင်အားနှင့် လုံလောက်သော အရင်းအမြစ်များကိုသာ တောင်းဆိုခဲ့သည်။ ဤကဲ့သို့သော အချိန်မျိုးတွင် မိသားစုမှလွဲ၍ အခြားသူများ၏ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကို မည်သူမျှ ဂရုမစိုက်နိုင်ကြပေ၊၊ ကြင်နာတတ်သော ယာဉ်တန်းများသည် စောစောစီးစီး သေဆုံးတတ်ကြသည်။ ရှုချင်း၏ ယာဉ်တန်းပင်လျှင် အနန္တရထားထံသို့ မရောက်ခင်အထိ လူဦးရေက တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်၊

ပေါင်းစည်းယာဉ်တန်း၏ အင်အား တောင့်တင်းလာပြီးနောက်မှသာ လင်းရှန်၏ သဘောထားပြောင်းလဲလာပြီး လီယီတို့ကဲ့သို့ အဖွဲ့များကို လက်ခံခဲ့ခြင်းဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် မာရှောင်ထန်းနှင့် တိုတိုတို့ကဲ့သို့ ကလေးများသည် လိမ္မာပါးနပ်ပြီး ထောက်ပံ့ရေးပိုင်းတွင် ကူညီပေးနိုင်သော်လည်း အဖွဲ့၏ တိုက်ခိုက်ရေးအတွက်မူ များစွာ အထောက်အကူ မပြုနိုင်ပေ။ သို့သော် လင်းရှန်၏ လက်ရှိအဖွဲ့အင်အားကြောင့် သူသည် ထိုလူများအပေါ် ရက်စက်သော တန်ဖိုးတွက်ချက်မှုများမလုပ်ဘဲ လက်ခံထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် ယာဉ်တန်းသည် ကျောင်းနှင့်တူသော နေရာတစ်ခုထဲသို့ ဝင်ရောက်လာသည်။ လမ်းတစ်လျှောက်တွင် လက်နက်ကိုင်ယာဉ်တန်းများ ပိုများလာပြီး သံမဏိတံတိုင်းများ၊ ဆူးကြိုးများ၊ စစ်တန်းလျားများနှင့် စက်သေနတ်စင်များက ကျောင်းကို ဝန်းရံထားသည်။ ၎င်းမှာ ယာဉ်တန်းမဟာမိတ်အဖွဲ့ကြီးတစ်ခုနှင့် တူနေသည်။ ကွင်းပြင်နှင့် ကစားကွင်းထဲတွင် ပြုပြင်မွမ်းမံထားသော ယာဉ်အစီးပေါင်း ရာနှင့်ချီရှိနေပြီး ပျံသန်းရေးကိရိယာ အတန်းလိုက်ကြီးလည်း ရှိနေသည်။ သင်ကြားရေးဆောင်နှင့် ကစားကွင်းရှေ့တွင် ရပ်ထားသော နူကလီးယားစွမ်းအင်သုံး ဝင်ရိုးစွန်းယာဉ်ငယ်နှစ်စီးက စခန်းတစ်ခုလုံးကို စွမ်းအင်ပေးနေခြင်းက ဤယာဉ်တန်း၏ အင်အား မသေးကြောင်း ပြသနေသည်။

“ဇီယန်၊၊ ဒီမှာ နင့်လူ ဘယ်လောက်ရှိလဲ”

ကျောင်း၏ သံချပ်ကာတံခါးကို ဖြတ်ကျော်ပြီးနောက် ကျန်းရှု့ဝေက မေးလိုက်သည်။

“ရှစ်ထောင်နီးပါး ရှိတယ်”

ကျန်းဇီယန်က နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း လင်းရှန်ဘက်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ယာဉ်တန်းအချို့က ကျွန်တော်နဲ့ ထပ်ပူးပေါင်းလာခဲ့တယ်၊၊ တစ်ဖွဲ့မှ မညံ့ဘူး။ အခုဆိုရင် အလတ်စားနဲ့ အကြီးစား ယာဉ်တန်းတွေ ဒီကိုလာတာ နည်းသွားပြီ။ လာရင်တောင် မြို့ထဲမဝင်ကြတော့ဘူး၊၊ ခရိုင်ဟောင်းရဲ့ ယာဉ်တန်းအများစုက မဟာမိတ်ဖွဲ့ပြီး အာရုဏ်ဦးဗဟိုစင်တာဆီကို သွားဖို့ ပြင်နေကြတယ်”

“၈၀၀၀ လား… အများကြီးပဲ”

“ကန့်သတ်ချက်တွေသာ မရှိရင် ရှစ်သောင်းတောင် ဖြစ်နိုင်တယ်”

ကျန်းဇီယန်က သက်ပြင်းချရင်း ပြောသည်။

“အာရုဏ်ဦးမြို့တော်မှာ အပေါဆုံးက လူပဲ၊၊ လူတိုင်းက အသက်ရှင်ချင်ပြီး ပူးပေါင်းချင်ကြတယ်။ ဒါပေမဲ့ ယာဉ်တန်းတစ်ခုက တိုက်ခိုက်ရေးစွမ်းရည်မရှိသူတွေ ဒါမှမဟုတ် စွမ်းရည်နိမ့်တဲ့သူတွေကို အများကြီး မကျွေးနိုင်ဘူး။ သွေးပဲစေ့ရဖို့အတွက်တောင် ယာဉ်တန်းတော်တော်များများက မွန်းစတားတွေကို သတ်ဖို့ အသက်စွန့်နေကြရတယ်၊၊ တကယ်ကို ခက်ခဲတဲ့ အခြေအနေပဲ”

“အတိအကျပြောရရင် ကမ္ဘာပျက်ကပ်နေ့ ကျရောက်တာ ရက်ပေါင်း ၁၀၀ ပဲ ရှိသေးတယ်၊၊ ကမ္ဘာ့လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းက တစ်ညတည်းနဲ့ သေဆုံးခဲ့ရတယ်၊၊ ကျန်ရှိနေတဲ့ အရင်းအမြစ်တွေကိုတောင် ဒီကျန်တဲ့ ၁ ရာခိုင်နှုန်းက အကုန်အသုံးမချနိုင်သေးဘူး”

မိုနီကာက သူမ၏ ကြည်လင်သော အသံဖြင့် ဝင်ပြောလိုက်သည်။

“နှမြောစရာကောင်းတာက အဓိကမြို့ရဲ့ ၈၅ ရာခိုင်နှုန်းကျော်က ပျက်စီးသွားပြီး မဟာဗျူဟာမြောက် ပစ္စည်းတွေနဲ့ အစားအသောက်တွေက အကြီးအကျယ် ညစ်ညမ်းသွားခဲ့တယ်။ မဟုတ်ရင် ရိက္ခာပြတ်လပ်မှုပြဿနာရှိမှာ မဟုတ်ဘူး”

“ဟုတ်တယ်၊၊ ရေလည်း အဲဒီလိုပဲ”

ကျန်းရှု့ဝေက ထောက်ခံသည်။

“အခုဆို ရေအရင်းအမြစ်တွေအတွက် အလုအယက်ဖြစ်နေကြရတယ်၊၊ အဲဒါကြောင့်လည်း ခရိုင်ဟောင်းမှာ သန္ဓေပြောင်းနှုန်းက မြင့်နေတာပေါ့”

“မမ၊ ကပ္ပတိန်လင်း ရောက်ပြီ”

ကျောင်း၏ သုတေသနနှင့် သင်ကြားရေးဆောင် နောက်ဘက်ရှိ မြေကွက်လပ်တစ်ခုတွင် ယာဉ်တန်းကို ရပ်တန့်လိုက်သည်။ လင်းရှန်နှင့် အခြားသူများ ကားပေါ်မှ ဆင်းလိုက်ကြပြီး ကျန်းဇီယန်က သူတို့ကို တစ်ဝက်တစ်ပျက် ပြိုကျနေသော အဆောက်အအုံတစ်ခုအတွင်းမှ ရေလျှံနေပြီး ပျက်စီးနေသော စင်္ကြံလမ်းတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။

“ဒီကျောင်းရဲ့ အောက်မှာ မူလကြယ်မြို့တော်ရဲ့ မြေအောက်ရထားလမ်း အမှတ် ၁၂ ရဲ့ ပြုပြင်ထိန်းသိမ်းရေးအပိုင်းနဲ့ ဆက်သွယ်ထားတဲ့ ကာကွယ်ရေး အဆောက်အအုံတွေ ရှိတယ်။ မြို့ထဲမှာ လှုပ်ရှားဖို့နဲ့ အရင်းအမြစ် ရှာဖွေဖို့အတွက် ဒီလမ်းကြောင်းကို ကျွန်တော်တို့ သုံးနေတယ်”

ကျန်းဇီယန်က လက်နှိပ်ဓာတ်မီးဖြင့် ရှေ့မှလျှောက်ရင်း ရှင်းပြနေသည်။

အဖွဲ့သားများသည် လွတ်နေသော မြေအောက်ခန်းတစ်ခုသို့ ကွေ့ဝင်လိုက်ပြီးနောက် လူအားဖြင့် ဖောက်ထားသော ဥမင်တစ်ခုမှတစ်ဆင့် စွန့်ပစ်ထားသော မြေအောက်ရထားလမ်းထဲသို့ ဝင်ရောက်လိုက်ကြသည်။

မြေအောက်ရထားတွဲ အချို့ကို ဆွဲထားသော လျှပ်စစ်ခေါင်းတွဲဟောင်းတစ်ခုမှာ ထိုနေရာတွင် တိတ်ဆိတ်စွာ ရှိနေသည်။ ရထားတွဲများကို ပစ္စည်းအမျိုးမျိုး သိုလှောင်ရန်အတွက် လက်ရာကြမ်းကြမ်းဖြင့် ပြုပြင်ထားပုံရသည်။

“မမ၊၊ ကျွန်တော် တကယ်ပဲ လိုက်ခဲ့ဖို့ မလိုဘူးလား”

ကျန်းရှု့ဝေက သူ၏ လူတစ်ယောက် မောင်းနှင်သော ရထားပေါ်သို့ တက်သည်ကို ကြည့်ရင်း ကျန်းဇီယန်က မေးလိုက်သည်။

“မလိုဘူး”

လင်းရှန်က ပြောလိုက်သည်။

“မင်းအစ်မက နောက်ပိုင်းမှာ အကူအညီပေးနိုင်ဖို့ မင်းကို အပြင်မှာ ရှိနေစေချင်တယ်”

ပြောပြီးသည်နှင့် လင်းရှန်က လက်တစ်ဖက်ဖြင့် ဝေ့ယမ်းလိုက်ရာ ရုတ်တရက် လျှပ်စစ်သံတစ်ခုနှင့်အတူ ဥမင်ထဲတွင် လင်းခနဲ ဖြစ်သွားသည်။ အားလုံး လန့်သွားကြပြီး ဘာဖြစ်မှန်းမသိလိုက်ခင်မှာပင် လင်းရှန်က ကျန်းဇီယန်၏ နောက်ဘက်သို့ ညွှန်ပြလိုက်သည်။

“နောက်ပိုင်း ဆက်သွယ်ရလွယ်အောင် ငါ့ရဲ့ အကူတစ်ယောက်ကို ဒီမှာ ထားခဲ့မယ်”

Chapter 791

အနန္တရထားလူသစ်စုဆောင်းရေး စီမံကိန်း ၁

ကျန်းဇီယန် ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ့အဖွဲ့ထဲတွင် ဘဲလေးကချေသည် စက်ရုပ်တစ်ရုပ် ပေါ်လာသည်ကို တွေ့ပြီး လန့်သွားသည်။ ၎င်းမှာ လင်းရှန်၏ “ကချေသည် ၀၁” ပင် ဖြစ်သည်။ ၎င်း၏ အသိဉာဏ်မှာ သာမန်တိုက်ခိုက်ရေးစက်ရုပ်နှင့် တူသော်လည်း ၎င်းတွင် တပ်ဆင်ထားသော ကြိမ်နှုန်းမြင့် ထုတ်လွှင့်စက်သည် သာမန် ဆက်သွယ်ရေးစက်များထက် ပိုမိုဝေးကွာသော နေရာသို့ အချက်ပြချက်များ ပေးပို့နိုင်ပြီး ကြားဖြတ်ဖမ်းယူရန်လည်း ခက်ခဲသောကြောင့် မြို့ပြင်အခြေအနေကို စောင့်ကြည့်ရန် ထားခဲ့ခြင်း ဖြစ်သည်။

“ဒါ... ဒါက...”

ကျန်းဇီယန် မျက်လုံးကို ပွတ်ကြည့်လိုက်သည်။

“ဒီဟာက ဘယ်တုန်းက ပေါ်လာတာလဲ”

သူ့၏ နောက်လိုက်များလည်း အံ့သြနေကြပြီး ခေါင်းခါပြလိုက်ကြသည်။

လင်းရှန်ရဲ့ ဘေးမှ ကီကီနဲ့ မိုနီကာတောင်မှ လင်းရှန်က ထိုစက်ရုပ်ကို ဘယ်နေရာမှာ သိမ်းထားပြီး ဘယ်လို ထုတ်လိုက်လဲဆိုတာကို နားမလည်နိုင်ဘဲ ကြောင်ကြည့်နေကြသည်။

ထောင့်တစ်နေရာမှာ ထိုင်နေသည် ချီလီတစ်ယောက်သာ သူ့၏ ထူးခြားသည့် အမြန်နှုန်းကြောင့် အသေးစိတ်မြင်လိုက်ရခြင်း ဖြစ်သည်။ ယခုအခါ သူက လင်းရှန်ကို စူးစမ်းလိုသော အပြုံးဖြင့် စိုက်ကြည့်နေသည်။

ဒီလူ... ခုနက တခြားဟင်းလင်းပြင်တစ်ခုရဲ့ ဝင်ပေါက်ကို ဖွင့်လိုက်တာလား။

အသေးစိတ်ရှင်းပြမနေတော့ပဲ လင်းရှန်နှင့် ကျန်းရှု့ဝေတို့သည် ချက်ချင်း ထွက်ခွာလာခဲ့ကြသည်။ မြေအောက်လျှပ်စစ်ရထားသည် စွန့်ပစ်ထားသော လမ်းကြောင်းပေါ်တွင် အရှိန်ဖြင့် ပြေးလွှားနေပြီး ၎င်း၏ ရှေ့မီးကြီးများက အမှောင်ထုကို ထိုးခွဲနေသည်။

“ဒါကြီးနဲ့ မြို့ထဲကို ဝင်သွားရင် အာရုဏ်ဦးမြို့တော်ကလူတွေ သေချာပေါက် သိသွားမှာ မဟုတ်ဘူးလား”

ကီကီက မေးလိုက်သည်။

“သိမှာပေါ့၊၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး”

ကျန်းရှု့ဝေက အေးဆေးစွာ ပြောသည်။

“ဒါက ဈေးနှုန်းအပေါ်မှာပဲ မူတည်တာပါ”

သူမက ကီကီကို လှည့်ကြည့်လိုက်သည်။

“ဒီကမ္ဘာပျက်ကပ်ထဲမှာ အရာအားလုံးကို ဈေးဖြတ်လို့ရတယ်၊၊ ကျွမ်းကျင်မှုနဲ့ ကိုယ်ကျင့်တရားဆိုတာ ဈေးအပေါဆုံးအရာတွေပဲ”

“အဲဒါတော့ ဟုတ်တယ်”

ချီလီက ရယ်မောလျက် ပြောလိုက်သည်။

လင်းရှန်သည် တစ်လမ်းလုံး တိတ်ဆိတ်နေသော ရှီဇီကို လှည့်ကြည့်လိုက်သည်။ လင်းရှန်၏ အကြည့်ကြောင့် ရှီဇီက “ကျွန်မ စကားပြောရမလား” ဟု မေးနေသည့်အလား ရိုးသားစွာ ပြန်ကြည့်နေသည်။

မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ပေ။

သူမသည် တိတ်ဆိတ်စွာပင် လင်းရှန်၏ မြင်ကွင်းကွယ်ရာ ဘေးတစ်ဖက်သို့ တိုးကပ်သွားသည်။

“အစီအစဉ်ကို ဆွေးနွေးရအောင်”

လင်းရှန်က ကျန်းရှု့ဝေကို မေးလိုက်သည်။

“ဗဟိုထိန်းချုပ်ရေးစင်တာရဲ့ အမိန့်ပေးစနစ်ကို ထိန်းချုပ်ဖို့က မလွယ်လောက်ဘူး မဟုတ်လား”

“အဲဒါက ဘယ်သူလဲဆိုတာပေါ်မှာ မူတည်ပါတယ်၊၊ ရှင့်အတွက်ကတော့...”

ကျန်းရှု့ဝေက လင်းရှန်ကို ကြည့်လိုက်သည်။

“ဒါက အရမ်းကို လွယ်ကူလိမ့်မယ်”

“လွယ်တယ် ဟုတ်လား”

လင်းရှန်သည် အရှိန်ဖြင့် မောင်းနှင်နေသော မြေအောက်ရထားပေါ်တွင် ရှေ့ရှိ မှောင်မည်းနေသော ဥမင်လမ်းကြောင်းကို ကြည့်ရင်း ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ ယန္တရားစွမ်းအားကို အရမ်းကြီး အစွမ်းထက်တယ်လို့ ထင်နေတာလား”

“အာရုဏ်ဦးမြို့တော်ရဲ့ ဗဟိုထိန်းချုပ်ရေးစနစ်က အစောဆုံး AI ထိန်းချုပ်မှုဖြစ်တဲ့ ဂလက်ဆီနှလုံးသားရဲ့ မျိုးဆက်တစ်ခုပဲ။ သူ့ရဲ့ တွက်ချက်နိုင်စွမ်းက ဖီးနစ်မြို့တော်နဲ့ ရှင်းဂျီတို့ပြီးရင် ဒုတိယပဲ။ ဒီလို ဗဟိုစနစ်မျိုးကို ကြယ်မြို့တော်မြေအောက်ခန်းထဲမှာ အဆင့်မြင့် စနစ်ခွဲတွေ၊ အအေးပေးစနစ်တွေနဲ့ အခိုင်အမာ ကာကွယ်ထားမှာ သေချာတယ်။ အဲဒါကို ထိန်းချုပ်ဖို့ဆိုတာ ဖက်ဒရေးရှင်းရဲ့ ထိပ်တန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို ရင်ဆိုင်ရမှာပဲလေ”

“အဲဒါကိုတောင် မင်းက လွယ်တယ်လို့ ပြောတာလား”

“နှိုင်းယှဉ်ချက်အရ ပြောတာပါ”

ကျန်းရှု့ဝေက တည်ငြိမ်စွာ ပြောသည်။

“အနည်းဆုံးတော့ ရှင့်အတွက် ယန္တရားကာကွယ်ရေးစနစ် အတော်များများကို လျစ်လျူရှုထားလို့ ရနိုင်တယ်လေ”

“ဒါပေမဲ့ ကျွန်မတို့က တိုက်ရိုက်ကြီး အတင်းတိုးဝင်လို့တော့ မရဘူး မဟုတ်လား”

ကီကီက ထိုအချိန်တွင် အနားသို့ လျှောက်လာရင်း လင်းရှန်ကို ကြည့်ကာ မေးလိုက်သည်။

“ကျွန်မ အမြဲသိချင်နေတာတစ်ခုက ဖီးနစ်က ရှင့်ကို ဗဟိုစနစ်ကို ထိန်းချုပ်စေချင်တာက ဘယ်အတိုင်းအတာအထိလဲ”

“ခွဲခြမ်းစိတ်ဖြာချက်တွေအရတော့ ခနတစ်ဖြုတ် ထိန်းချုပ်တာမျိုးတော့ မဟုတ်တာသေချာတယ်”

ချီလီက ပြောလိုက်သည်၊၊

“ဖီးနစ်က အာရုဏ်ဦးမြို့တော်ရဲ့ ကာကွယ်ရေးစွမ်းအားတွေကို ဖျက်သိမ်းချင်တာဆိုရင်တော့ အချိန်ယူရမှာပဲ။ ငါစဉ်းစားလို့မရတာက မင်းက ဗဟိုစနစ်ကို ထိန်းချုပ်ပြီးပြီပဲ ထားပါဦး၊၊ နောက်ဘာဆက်ဖြစ်မှာလဲ။ ဖက်ဒရေးရှင်းက လူတွေက ငတုံးတွေ မဟုတ်ဘူး၊၊ အချက်ပေးသံမြည်လာတာနဲ့ ငါးမိနစ်တောင် မပြည့်ခင် မင်းက အကျဉ်းသားဖြစ်သွားမှာပဲ”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊

“မြို့ထဲရောက်ရင် ငါတို့ကို လာကြိုမယ့်သူတွေ ရှိလိမ့်မယ်။ ဒီစစ်ဆင်ရေးက ငါတို့တစ်ဖွဲ့တည်း လုပ်နေတာ မဟုတ်ဘူး။ ငါ ထင်တာ မမှားဘူးဆိုရင် တိတ်ဆိတ်မြို့တော်၊ ဇန်ဂိတ်၊ ချင်းပို၊ ထျန်းဝေနဲ့ ယုံကျန်းဆိပ်ကမ်း အားလုံးက လှုပ်ရှားနေကြပြီ။ ဖီးနစ်ရဲ့ အဓိလိုချင်တဲ့အချက်က အာရုဏ်ဦးမြို့တော်ထဲက လူတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူတို့ရဲ့ မဟာမိတ်တွေကို ပြန်တိုက်ခိုက်တာမျိုး မလုပ်နိုင်အောင် တားဆီးဖို့ပဲ”

“ကျိုးမင်ယွမ်လား”

“သူတစ်ယောက်တည်း မဟုတ်ဘူး” ကီကီက ပြောသည်။

“အနီရောင်‌ကမ္ဘာက လူတွေ အာရုဏ်ဦးမြို့တော်ထဲမှာ ပုန်းနေနိုင်တယ်လို့ ပြောကြတယ် မဟုတ်လား”

“ဟုတ်တယ်”

ကျန်းရှု့ဝေက ခေါင်းငြိမ့်ပြသည်။

“ဒါကြောင့် ကျွန်မတို့ သတိထားပြီး လှုပ်ရှားရမယ်”

“မင်းရဲ့ငွေကြယ်ကော ဘယ်လိုလဲ”

လင်းရှန်က သူမကို ကြည့်ကာ မေးသည်။

“အခုအချိန်မှာ မင်းက ငွေကြယ်ကို လှုပ်ရှားလိုက်ရင် ဒါက မင်းရဲ့လက်ချက်ဆိုတာ ဖက်ဒရေးရှင်းက သေချာပေါက်သိသွားမှာပဲ”

“စိတ်မပူပါနဲ့၊၊ ငွေကြယ်က ယာဉ်တစ်စီးပဲလေ။ ကျွန်မလူတွေ ဘေးကင်းသရွေ့ မြို့ထဲဝင်မယ့် ကျွန်မတို့ရဲ့ အဓိကပန်းတိုင်ကို မထိခိုက်ပါဘူး”

ကျန်းရှု့ဝေက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

လင်းရှန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒီအမျိုးသမီးက တကယ်ကို အရာရာကို ပြတ်ပြတ်သားသား မြင်တတ်တာပဲ….

ထာဝရအဆင့်ရှိသော ငွေကြယ်ရထားသည် လင်းရှန် မြင်ဖူးသမျှထဲတွင် ကောင်းကင်အမိုးခုံးရထားမှလွဲလျှင် အဆင့်အမြင့်ဆုံး ရထားတစ်စီးဖြစ်သည်။ သူတို့က တကယ်ကို ချမ်းသာကြသည်ဟု ဆိုရမည်။ ကျန်းရှု့ဝေသည် လင်းရှန်နှင့် ပူးပေါင်းပြီး ကောင်းကင်အမိုးခုံးရထားအဖွဲ့သို့ ဝင်ရောက်ခဲ့သော်လည်း ကမ္ဘာပျက်ကပ်သုံးယာဉ်အင်အားအရ သူတို့တွင် ခိုင်မာသော အာမခံချက် ရှိနေသည်။

ဂျုံး ဂျုံး

ရထားသည် အရှိန်ဖြင့် ခုတ်မောင်းနေပြီး မိနစ်အနည်းငယ်အကြာတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုမှ ထွက်ကာ အရန်ပြုပြင်ထိန်းသိမ်းရေးအပိုင်းတစ်ခုတွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။

“ရောက်ပြီ။ ရှေ့မှာက ပင်မရထားလမ်းပဲ။ အခု အာရုဏ်ဦးမြို့တော်က မြေအောက်ပို့ဆောင်ရေးအားလုံးကို ပိတ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပလက်ဖောင်းကနေ ထွက်ဖို့ အပေါက်တစ်ခု ဖောက်ထားတယ်”

ရထားမောင်းသူသည် ကျန်းဇီယန်က လမ်းပြအဖြစ် လွှတ်လိုက်သောသူသည် ကီဇိုင်းဟုအမည်ရသော ဖျတ်လတ်သည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူသည် အင်ဂျင်ကို ပိတ်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။

“ဥက္ကဋ္ဌကျန်း၊ ကပ္ပတိန်လင်း၊၊ ကျွန်တော် ရှေ့ကနေ လမ်းပြပါ့မယ်”

“ကောင်းပြီ”

ထို့နောက် အဖွဲ့သားများသည် အေးစက်မှောင်မိုက်သော ပလက်ဖောင်းပေါ်သို့ ဆင်းလိုက်ကြပြီး လမ်းဘေးရှိ ပြုပြင်ထိန်းသိမ်းရေးလမ်းကြောင်းအတိုင်း လျှောက်လာခဲ့ကြသည်။ လက်နှိပ်ဓာတ်မီး အလင်းရောင်သည် ကျဉ်းမြောင်းရာမှ ကျယ်ဝန်းလာသော တံတိုင်းများကို ထိုးပြနေပြီး မှိုနံ့လို အနံ့အသက်ဆိုးများသည် နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ခဏမျှ လျှောက်ပြီးနောက် ကြီးမားသော ဥမင်ထဲတွင် မှောက်ခုံဖြစ်နေသော မြေအောက်ရထားတွဲများကို တွေ့လိုက်ရသည်။ သံချေးတက်နေသော ရထားတွဲများနှင့် သတ္တုအမှိုက်ပုံကြီးများမှာ လမ်းကြောင်းတစ်ခုလုံးကို ပိတ်ဆို့နေသည်။

လင်းရှန်သည် ဆီတင်ယာဉ်တစ်စီး၏ အပေါ်သို့ ခုန်တက်လိုက်ပြီး အဝေးသို့ မီးထိုးကြည့်လိုက်ရာ ရှေ့တွင် သတ္တုအမှိုက်ပုံကြီးက လမ်းကို လုံးဝ ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ အတွင်းပိုင်း နေရာများမှာ သံကူကွန်ကရစ်များနှင့် သံမဏိဘောင်များဖြင့် ပိတ်ဆို့ ဂဟေဆော်ထားပုံရသည်။

“အာရုဏ်ဦးမြို့တော်ရဲ့ မြေအောက်သယ်ယူပို့ဆောင်ရေးက အရမ်းကို ခေတ်မီပေမယ့် အမှောင်ထဲမှာ သန္ဓေပြောင်းမွန်းစတားတွေ ခဏခဏပေါ်လာတတ်တယ်။ အဲဒါကြောင့် ဖက်ဒရေးရှင်းက မြေအောက်လမ်းကြောင်းအားလုံးကို အဆင့်မြင့် ကွန်ကရစ်တွေနဲ့ သံမဏိချပ်တွေ သုံးပြီး အရင်တည်းက အသေပိတ်ထားလိုက်တယ်”

ကီဇိုင်းက ဖုံးကွယ်ထားသော ထောင့်တစ်ခုသို့ သွားကာ သံမဏိဆိုင်းဘုတ်တစ်ခုကို ဖယ်လိုက်ရာ လေတိုးသံ ပြင်းပြင်းထွက်ပေါ်လာသည်။ ဆိုင်းဘုတ်အောက်တွင် စွန့်ပစ်ထားသော ရေခဲသေတ္တာဟောင်းတစ်ခုရှိပြီး ၎င်းကို ဖွင့်လိုက်သောအခါ လူတစ်ကိုယ်စာ ဝင်နိုင်သော လမ်းကြောင်းတစ်ခု ပေါ်လာသည်။

ရေခဲသေတ္တာနောက်က လမ်းကြောင်းကို မြင်သောအခါ ကီကီ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။

“ဝိုး... အတော်လေးကို သေသပ်တာပဲ”

ကီဇိုင်းက ရယ်၍ ပြောလိုက်သည်၊၊

“ဟီး.. ဒါကို ကျွန်တော်တို့ ဆောက်ခဲ့တာ မဟုတ်ဘူး၊၊ ဒါပေမဲ့ အခုတော့ ဒါက ကျွန်တော်တို့ မဟာမိတ်အဖွဲ့ရဲ့ သီးသန့်လမ်းကြောင်း ဖြစ်နေပြီ”

All Chapters