အခန်း (၇၉၄-၇၉၅)
Vol. 46 Ch. 794-795
Chapter 794
အနန္တရထားလူသစ်စုဆောင်းရေး စီမံကိန်း ၄
ကျန်းယွမ်က လင်းရှန်ကို ကြည့်ပြီးနောက် ပြတင်းပေါက်နားသို့ လျှောက်သွားကာ မိုးရွာနေသော အပြင်ဘက် ဆိုင်ဘာမြို့ပြတောအုပ်ကြီးကို ညွှန်ပြလိုက်သည်။ ကောင်းကင်ယံတွင် ရဲတပ်ဖွဲ့နှင့် စောင့်ကြည့်ရေး စက်ရုပ်အမျိုးမျိုးတို့က အဆက်မပြတ် ကင်းလှည့်နေကြသည်။
“ဒီမြို့မှာ စောင့်ကြည့်ကင်မရာ သုံးသန်း၊ ကင်းလှည့်လေသင်္ဘော လေးထောင်ကျော်၊ ရဲဒရုန်း အမျိုးအစားပေါင်းများစွာနဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အများကြီးရှိတယ်၊၊ ဒါကြောင့်...”
“အရေးပေါ်ကိစ္စမဟုတ်ဘူးဆိုရင်တော့ နေ့ဘက်ကျမှ လှုပ်ရှားဖို့ ငါ အကြံပြုချင်တယ်”
လင်းရှန်က အပြင်ဘက်ရှိ မြို့ပြတောအုပ်ကြီး၏ အရိပ်အယောင်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်၊၊
“ကောင်းပြီလေ၊၊ အကြံပြုချက်ကို လက်ခံတာက ကောင်းမွန်တဲ့ အရည်အချင်းတစ်ခုပါပဲ”
“ဒါဆို ဒီည ကျွန်မတို့ တာဝန်က ပြီးသွားပြီပေါ့ ဟုတ်လား”
မိုနီကာက ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ကာ မှီထိုင်ရင်း ညည်းတွားလိုက်သည်။
“မြို့ထဲဝင်လာရင် တခြား လှုပ်ရှားမှုတွေ ရှိဦးမယ်လို့ ကျွန်မက ထင်နေတာ”
“ကျန်းယွမ်၊၊ ကပ္ပတိန်လင်းကို အဖွဲ့အခြေအနေအကြောင်း ပြောပြလိုက်ဦး”
ကျန်းရှု့ဝေက ပြောသည်၊၊
“နောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ အစီအစဉ်တွေကို သူ့ကိုပဲ လွှဲပေးထားလိုက်မယ်”
“ဒီလောက်အထိ မလိုပါဘူး”
လင်းရှန်က လက်ကာပြလိုက်သည်၊၊
“အစီအစဉ်တွေကို မင်းတို့ပဲ ကိုင်တွယ်လိုက်ပါ။ အခု အခြေအနေက နည်းနည်း မရေမရာဖြစ်နေတယ်။ ဖက်ဒရေးရှင်းနဲ့ ဖီးနစ်က နောက်ထပ် ဘာလုပ်မလဲဆိုတာ ငါတို့ မသိသေးတော့ လူမသိအောင် နေတာက ပိုကောင်းမယ်”
ကျန်းယွမ်က ရယ်မောလိုက်သည်၊၊
“တကယ်တော့ ဒါက ငါတို့ ယူပေဆိပ်ကမ်းမှာတုန်းက အခြေအနေနဲ့ အတော်လေးဆင်တူတယ်။ ကပ်ဘေးတွေ ကြုံရတဲ့အခါ အားလုံး စည်းစည်းလုံးလုံး ရှိကြတာပဲ။ ဒီမှာ အင်အားကြီးတာရော သေးတာရော အပါအဝင် ယာဉ်တန်းပေါင်း ၂၆ တန်း ရှိတယ်။ တချို့က လူရှစ်ထောင်၊ ကိုးထောင်လောက် ရှိပြီး တချို့ကတော့ လူတစ်ရာကျော်ပဲ ရှိတယ်။ သူတို့အားလုံး တတ်နိုင်သမျှ ပေါင်းစည်းထားကြပေမဲ့ ယာဉ်တန်း တစ်ခုချင်းစီကိုတော့ သူတို့ခေါင်းဆောင်တွေပဲ စီမံခန့်ခွဲကြတယ်။ ဒီလူပေါင်း သောင်းနဲ့ချီရဲ့ စားဝတ်နေရေးနဲ့ အရင်းအမြစ် ခွဲဝေမှုတွေအတွက် မင်းစိတ်ပူစရာမလိုပါဘူး။ ကမ္ဘာပျက်ကပ်လွန်ကာလမှာ လူတိုင်းက ဦးတည်ချက်တစ်ခုကို လိုအပ်ကြတယ်။ လူအများစုက ဖီးနစ်ကို အသိအမှတ်ပြုကြတော့ ဖီးနစ်တံဆိပ်ရှိတဲ့ ယာဉ်တန်းက ပိုဩဇာညောင်းတယ်။ ဥက္ကဋ္ဌကျန်း၊ ငါ၊ ပြီးတော့ မင်းရဲ့ လွှမ်းမိုးနိုင်စွမ်းကတော့ ပြောနေစရာတောင် မလိုဘူး။ ဒီလူတွေ အတူတူ ပေါင်းစည်းနေကြတာက မင်းတို့ ငါတို့ကတစ်ဆင့် ဖီးနစ်ဆိုတဲ့ မျှော်လင့်ချက်ကြီးကို ဖက်တွယ်ထားချင်လို့ပဲ”
“မှန်တယ်”
ချီလီက နောက်ကို မှီထိုင်ရင်း ပြောလိုက်သည်၊၊
“အမှောင်ကျူးကျော်မှုက သတင်းအချက်အလက်တွေကို ပိတ်ဆို့သွားစေသလို အမှောင်အမှတ်အသားကြောင့် အဖွဲ့အစည်းကြီးတွေ ပေါ်ပေါက်ဖို့ ခက်ခဲသွားစေတယ်။ လူရှစ်ထောင်၊ ကိုးထောင်ဆိုတာ အတော်ကြီးတဲ့ ပမာဏဖြစ်ပြီး စီမံခန့်ခွဲမှု ကုန်ကျစရိတ်ကလည်း မြင့်တယ်။ အခုလို ပေါင်းစည်းပြီး အင်အားအလုံးအရင်းနဲ့ ချီတက်တဲ့ နည်းလမ်းကတော့ ကျိုးကြောင်းဆီလျော်ပါတယ်”
စကားပြောနေရင်း သူက လင်းရှန်ကို တစ်ချက်ကြည့်သည်၊၊
“ဒါပေမဲ့ လင်းရှန်က ငါ့ကို မင်းရဲ့ ယာဉ်တန်းထဲ ပေါင်းထည့်ပြီး ခိုင်းချင်တယ်ဆိုရင်လည်း ငါသဘောတူပါတယ်။ ဒါက ငါ့အတွက် အလုပ်ရှုပ်သက်သာတာပေါ့”
“ကျွန်မလည်း သဘောတူတယ်” မိုနီကာက ပြောလိုက်သည်။
“ကျန်းယွမ်၊၊ လိုဏ်ခေါင်းထဲမှာ ငါတို့လုပ်ခဲ့တာတွေက ပြဿနာတက်နိုင်မလား”
သတိကြီးသော နန်ကျင်းက မေးလိုက်သည်။
“မဖြစ်နိုင်ပါဘူး၊၊ ကျွန်မ လူလွှတ်ပြီး လက်စဖျောက်ခိုင်းထားပြီးပြီ။ ပြီးတော့ ညကင်းလှည့်အဖွဲ့က အဲဒီနေရာကို အာရုံစိုက်ဖို့ အပိုစွမ်းအားမရှိတော့ဘူး”
ယန်ယွီယန်က ပြောသည်၊၊
“ဒါကြောင့် စိတ်မပူပါနဲ့”
“ဒါနဲ့”
ထိုအချိန်တွင် ကျန်းယွမ်က သူ၏ဖုန်းကို ကိုင်ကာ ပြတင်းပေါက်နားမှ စိတ်ဝင်တစား လျှောက်လာပြီး လင်းရှန်နှင့် ကျန်းရှု့ဝေတို့ အနားသို့ ရောက်လာသည်။
“မင်းတို့ ဒီသတင်းကို စိတ်ဝင်စားလိမ့်မယ်”
လင်းရှန်နှင့် အခြားသူများ ဝိုင်းအုံကြည့်လိုက်ကြရာ ချက်ချင်းပင် သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။ ကျန်းရှု့ဝေ အံ့သြသင့်စွာဖြင့် မျက်မှောင်ကြုတ်သွားပြီး ကီကီ၏ မျက်လုံးများမှာမူ ပြူးကျယ်သွားသည်။
ဖုန်းမျက်နှာပြင်ပေါ်တွင် အာရုဏ်ဦးမြို့၏ အတွင်းပိုင်း ကွန်ရက်ဖိုရမ်မှ ပို့စ်တစ်ခု ရှိနေသည်၊၊
ခေါင်းစဥ်မှာ-
“အနန္တရထားလူသစ်စုဆောင်းရေး စီမံကိန်း - ယန္တရား စွမ်းအားရှင် ချင်ဖုန်းသည် ကမ္ဘာပျက်ကပ်ရှင်သန်သူများကို ထာဝရအဆင့် စစ်ရထား ငွေကြယ်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်နေပါသည်။ ဂြိုဟ်ပတ်ရထားလမ်း ကီလိုမီတာ ၃၂၀,၀၀၀ တစ်လျှောက် အတူတူ ချီတက်ကြစို့”
လင်းရှန်က အတန်ကြာ မှင်သက်သွားပြီးနောက် တီးတိုးကျိန်ဆဲလိုက်သည်။
“သောက်ကျိုးနည်း... ”
“ချင်ဖုန်းက ဘယ်သူလဲ”
“တစ်ခါမှ မကြားဖူးပါဘူး”
“လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲမှုအလင်းတန်း အဆင့်သတ်မှတ်ချက်ထဲမှာ အခုလေးတင် ပေါ်လာတဲ့သူပဲ”
ကျန်းယွမ်က စနစ်မြင်ကွင်းတစ်ခုကို ဖွင့်ကာ အားလုံးကို ပြသလိုက်သည်၊၊
“စွမ်းအားအမြင့်ဆုံး တွက်ချက်မှုအရ ဒီလူဟာ အိန်ဂျယ်အဆင့်ကို ရောက်နေပြီ၊၊ သူက A-Class အဆင့် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့ဖူးတယ်လို့လည်း သတင်းထွက်နေတယ်၊၊ အခုတော့ ဖက်ဒရေးရှင်းက သူ့ကို အဓိက အာရုံစိုက်နေတယ်”
“ထူးဆန်းတာက ဒီလူနဲ့ ပတ်သက်ပြီး အရင်က ဘာအချက်အလက်မှ မရှိခဲ့တာပဲ”
ယန်ယွီယန်က လက်ပိုက်ရင်း ဝင်ပြောသည်။
နန်ကျင်းက ဝင်ပြောသည်၊၊
“သတင်းအချက်အလက်မရှိတာက ပုံမှန်ပဲ မဟုတ်လား၊၊ အခုက ကမ္ဘာပျက်ကပ် ကာလလေ၊၊ တရားဝင်အဖွဲ့အစည်း ဖီးနစ်မှာတောင် သတင်းအမှောင်ချထားတာတွေ ရှိတာပဲ၊၊ ယာဉ်တန်းတစ်ခုဆိုရင်တော့ ပြောနေစရာမလိုတော့ဘူး”
ကျန်းယွမ်က ပုခုံးတွန့်ပြလိုက်သည်၊၊
“ဒါပေမဲ့ အိန်ဂျယ်အဆင့်ရှိတဲ့ စွမ်းအားရှင်တစ်ယောက်၊၊ အထူးသဖြင့် ယန္တရားစွမ်းအားရှင်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ကြာအောင် ဖုံးကွယ်နေနိုင်မှာလဲ”
သူက လင်းရှန်ကို ကြည့်ကာ ဆက်ပြောသည်၊၊
“ကပ္ပတိန်လင်းရဲ့ နာမည်က ဖက်ဒရေးရှင်းနဲ့ ဖီးနစ်နှစ်ခုလုံးမှာ ကျော်ကြားပြီးနေသား၊၊ အာရုဏ်ဦးမြို့တော်က ယာဉ်တန်းတွေရဲ့ တစ်ဝက်လောက်က မင်းတို့ ယာဉ်တန်းက ဘာတွေလုပ်ခဲ့သလဲဆိုတာ ကြားဖူးကြတယ်၊၊ ဒါကြောင့်ပဲ ဒီကိစ္စက ငါတို့အတွက် အရမ်းထူးဆန်းနေတယ်”
“ပြီးတော့ သူက ငွေကြယ်ကိုလည်း ရထားသေးတယ်”
ကျန်းရှု့ဝေ၏ မျက်နှာအနည်းငယ် မည်းသွားသည်၊၊
“ငွေကြယ်က ကြယ်မြို့တော် ဂြိုဟ်ပတ်လမ်း စခန်းမှာ ဝမ်တုံရဲ့ ထိန်းသိမ်းမှုကို ခံထားရတာလေ၊၊ ဘယ်လိုလုပ် သူ့လက်ထဲ ရောက်သွားတာလဲ”
“ဒါက အရေးအကြီးဆုံး အချက်ပဲ”
ကီကီက ထိုစဉ် ဝင်ပြောသည်၊၊
“ဒါကို ကြည့်ရင် ဒီလူ့ရဲ့ အဆင့်အတန်းက မရိုးရှင်းဘူးဆိုတာ သိသာတယ်၊၊ ဖက်ဒရေးရှင်း အထက်တန်းလွှာတွေနဲ့ ပတ်သက်မှု ရှိနိုင်သလို ဒါမှမဟုတ် ဝမ်မိသားစုဆီကနေ တစ်ခုခုပေးဆပ်ပြီး ရယူထားတာလည်း ဖြစ်နိုင်တယ်”
“ငွေကြယ်ကို ဝယ်ယူဖို့ဆိုရင် ပေးရမယ့် တန်ဖိုးက နည်းမှာမဟုတ်ဘူး”
ကျန်းယွမ်က လေးနက်စွာပြောလိုက်သည်၊၊
“ဥက္ကဋ္ဌကျန်း၊၊ ဒီရထားက အမြဲတမ်း အဆင့်မြှင့်တင်ခံထားရပြီး အရင်းအမြစ်တွေ အများကြီးသုံးထားတယ်၊၊ အခုဆိုရင် ပျံသန်းနိုင်တာကလွဲလို့ ကျန်တာ အကုန်လုပ်နိုင်တယ်၊၊ ဖက်ဒရေးရှင်းကလည်း ဒီရထားရဲ့ တန်ဖိုးကို သိသလို ယာဉ်တန်း တော်တော်များများကလည်း သိကြတယ်”
“ဒါကြောင့်ပဲ ဒီလူစုဆောင်းရေး အစီအစဉ်က ဆွဲဆောင်မှု အရမ်းရှိနေတာပေါ့”
မိုနီကာက ပြုံးစိစိဖြင့် ဝင်ပြောသည်။
“အတိအကျပဲ”
“ယန္တရားစွမ်းအားဆိုတာ အခုတော့ ဒဏ္ဍာရီတစ်ခု ဖြစ်နေပြီ၊၊ ယဉ်ကျေးမှု ထူထောင်နိုင်စွမ်းရှိတဲ့ ထိပ်တန်းစွမ်းအားတွေထဲက တစ်ခုလို့ သတ်မှတ်ကြတယ်၊၊ ဒီလူစုဆောင်းရေး အစီအစဉ် ထွက်လာတာ ၆ နာရီတောင် မပြည့်သေးဘူး… လူပေါင်း တစ်သိန်းကျော် စာရင်းပေးထားပြီးပြီဆိုတာ မင်းတို့ပဲ စဉ်းစားကြည့်လိုက်တော့…”
“တစ်သိန်း ဟုတ်လား”
ကီကီ အံ့အားသင့်သွားသည်၊၊
“ငွေကြယ်က ဒီလောက်အများကြီး ဘယ်လိုလုပ်ဆံ့မှာလဲ”
“မဆံ့ဘူးလေ၊၊ ဒီလူရဲ့ လူစုဆောင်းမှု သတ်မှတ်ချက်က ကောင်းကင်ဘုံလောက်ကို မြင့်မားနေတယ်၊၊ သာမန် အဖွဲ့ဝင်တွေတောင် အနည်းဆုံး ဗာဂျာရာအဆင့် ရှိရမယ်၊၊ ရူးသွပ်သူအဆင့်နဲ့ ဖျက်ဆီးခြင်းအဆင့်ရှိသူတွေလောက်ပဲ မိသားစုဝင်အနည်းငယ် ခေါ်ခွင့်ရှိတယ်၊၊ ပြီးတော့ စွမ်းအားအမြင့်ဆုံးဖြစ်ရုံတင်မကဘဲ စွမ်းအားအမျိုးအစားကိုပါ စစ်ထုတ်သေးတယ်၊၊ ဂလက်ဂါမှောင်ခိုဈေးကွက်မှာ စွမ်းအားရှင်တိုက်ပွဲနဲ့ လူစုဆောင်းပွဲကို အကြီးအကျယ် ကျင်းပနေသေးတယ်”
ကျန်းယွမ်က ပြောသည်။
လူတိုင်း မျက်နှာပျက်သွားကြသော်လည်း လုရှင်းချန်ကတော့ စွမ်းအားရှင်တိုက်ပွဲအကြောင်း ကြားရသောအခါ မျက်မှောင်ကြုတ်ကာ စိတ်ဝင်စားသွားပုံရသည်။
“ဒါဆိုရင် ဒီကိစ္စက ဖက်ဒရေးရှင်းနဲ့ ပတ်သက်နေတာ သေချာပြီပေါ့”
ကျန်းရှု့ဝေက တိုးတိုး ပြောလိုက်သည်။
“ငါလည်း အဲဒီလိုပဲ ထင်တယ်”
ကျန်းယွမ်က ပြုံးလိုက်သည်၊၊
“အခု အခြေအနေက တင်းမာနေပြီ၊၊ ဖက်ဒရေးရှင်းကလည်း ယာဉ်တန်းကြီးတွေ အစုလိုက်အပြုံလိုက် ထွက်ခွာသွားမှာကို စိုးရိမ်နေတယ်၊၊ ချင်ဖုန်းရဲ့ လူစုဆောင်းပွဲကို မြို့စောင့်တပ်ဖွဲ့နဲ့ ညကင်းလှည့်အဖွဲ့တွေရဲ့ မျက်စိအောက်မှာ ကျင်းပနေတာက လုံးဝ မရိုးရှင်းဘူး”
ထိုစဉ် မိုနီကာ၏ ပြုံးယောင်သန်းနေသော အကြည့်များက လင်းရှန်ထံသို့ ကျရောက်သွားသည်၊၊
“ရှင်ရော ဘယ်လိုထင်လဲ… ကျွန်မတို့ရဲ့ ကပ္ပတိန်ကြီး”
အားလုံး၏ အကြည့်များက လင်းရှန်ထံသို့ ချက်ချင်း ရောက်ရှိသွားကြသည်။
လင်းရှန်၏ မျက်နှာမှာ တည်ငြိမ်နေပြီး အပြင်ဘက်မှ လှပသော ညမြို့တော်၏ ယန္တရားမြို့ပြမြင်ကွင်းကို ကြည့်ကာ သူက အေးအေးဆေးဆေးပင် ပြောလိုက်သည်၊၊
“တကယ်တမ်း ပြောရရင် ငွေကြယ်ကိစ္စကလွဲလို့ ကျန်တာ ငါတို့နဲ့ မဆိုင်ဘူး၊၊ မြို့ထဲ ရောက်ပြီးရင် ငါတို့ လုပ်စရာရှိတာတွေက ပိုအရေးကြီးတယ်၊၊ ဒါပေမဲ့ အခွင့်အရေးရရင်တော့ ငွေကြယ်ကို ပြန်သိမ်းဖို့ နည်းလမ်းရှာရမယ်၊၊ အဲဒီထက် ပိုစဉ်းစားရမှာက ဒီလိုအချိန်မှာ ဒီလောက် အကြီးအကျယ် လူစုဆောင်းနေတယ်ဆိုတာ ဖက်ဒရေးရှင်းထဲက လူတချို့လည်း... ထွက်သွားချင်နေတာများလား”
“ရှင်ပြောချင်တာကို ကျွန်မနားလည်ပြီ”
ကျန်းရှု့ဝေ၏ အကြည့်များ ထက်ရှသွားသည်၊၊
“ဒါဟာ ဖက်ဒရေးရှင်းဘက်က လူအင်အား စုဆောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်နိုင်တယ်လို့ ရှင်ထင်နေတာလား”
“ဒီလိုမှမဟုတ်ရင်လည်း ထိန်းချုပ်လို့မရတဲ့ ယာဉ်တန်းတစ်ခုက ဒီလောက် အားကောင်းတဲ့ စွမ်းအားရှင်တွေကို အကြီးအကျယ် စုဆောင်းနေတာကို ဖက်ဒရေးရှင်းက ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး”
Chapter 795
အဆင့်သတ်မှတ်ချက် ၁
ကီကီက လက်ကိုင်terminal တစ်ခုကို ကောက်ကိုင်ကာ အာရုဏ်ဦးမြို့တော်၏ အတွင်းကွန်ရက်သို့ ချိတ်ဆက်လိုက်ပြီး လူသားမျိုးနွယ်ဆင့်ကဲပြောင်းလဲမှုအလင်းတန်း အဆင့်သတ်မှတ်ချက်ကို ဖွင့်လိုက်ရာ ၎င်းမှာ ဖျော်ဖြေရေးချန်နယ်တစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အဆင့်သတ်မှတ်ချက်မှာ စွမ်းအား အထွတ်အထိပ်ပေါ်တွင်သာမကဘဲ လူကြိုက်များမှုစာရင်းလည်း ပါဝင်နေသည်။ ထိပ်တန်း ၁၀ ဦးတွင် ကိုယ်ရေးရာဇဝင်နှင့် တိုက်ပွဲမှတ်တမ်း မိတ်ဆက်များ ပါဝင်ပြီး အတွင်းကွန်ရက်ပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများက ထိုလူများ၏ တိုက်ခိုက်နိုင်စွမ်း၊ ဦးဆောင်နိုင်မှုနှင့် စွမ်းအား အလားအလာများကို ကြယ်ပွင့်အဆင့်များပင် သတ်မှတ်ပေးထားကြသည်။
“ဟေး… အားလုံး ဒါကို ကြည့်ကြဦး”
ကီကီက ပြောရင်း သူမ၏ လက်ချောင်းများဖြင့် ထိန်းချုပ်ကာ အဆင့်သတ်မှတ်ချက် မြင်ကွင်းကို ဟိုလိုဂရမ်ဖြင့် ပြသလိုက်သည်။
နံပါတ် ၁ - “ကြယ်ကြွေ” - ယုဟွေ့အန်း
အထွတ်အထိပ် - ၁၁၂၀၀ အိန်ဂျယ်အဆင့် (သမိုင်းတစ်လျှောက် အမြင့်ဆုံး)
စွမ်းအား - “ဆွဲငင်အား ထိန်းချုပ်မှု”
စွမ်းရည် ညွှန်းကိန်း -
တိုက်ခိုက်နိုင်စွမ်း : ✮✮✮✮✮
အလားအလာ : ✮✮✮✮
ဦးဆောင်နိုင်မှု : ✮✮✮✮
အောင်မြင်မှုများ -
▸ A-Class သန္ဓေပြောင်း သတ္တဝါ “အက်ကိုး” ကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့သည်။
▸ ကြီးမားသော လှုပ်ရှားမှု : ချီလျန်တောင်တန်းရှိ သန္ဓေပြောင်း မွန်းစတားဒီရေလှိုင်း (ခန့်မှန်းချေ အကောင်ရေ ၅၀၀၀ ကျော်) ကို နှိမ်နင်းခဲ့သည်။
ထူးခြားမှု -
#ပြိုက်ဖက်ကင်းစွမ်းအားရှင်
#ဦးဆောင်မှုအရည်အသွေး
#ခိုင်မာသော
အဆင့်အတန်း-လေလွင့်သူမဟာမိတ်ခေါင်းဆောင်
…
နံပါတ် ၂ - “သံမဏိဒိုင်းကြီး” - မိုချီ
အထွတ်အထိပ် - ၁၀၈၀၀ အိန်ဂျယ်အဆင့်
အဆင့်အတန်း - စစ်မှန်သော ခန္ဓာကိုယ်- ကိုယ်ခံပညာရှင် (စွမ်းအား မရှိ)
စွမ်းဆောင်ရည် ညွှန်းကိန်း -
တိုက်ခိုက်နိုင်စွမ်း ✮✮✮✮✮
အလားအလာ ✮✮✮✮
ဦးဆောင်နိုင်မှု ✮✮✮✮✮
အောင်မြင်မှုများ -
▸ အာရုဏ်ဦးမြို့တော် S-Class တိုက်ပွဲတွင် မြူမီးခိုးမွန်းစတား၏ ကျောရိုးအစိတ်အပိုင်းကို ရိုက်ချိုးခဲ့သည်။
▸ “သံမဏိကောင်းကင်” အဖွဲ့ကို ဦးဆောင်၍ ရှန်းလီမြို့၏ ဝင်ရိုးစွန်းည မွန်းစတားဒီရေလှိုင်းထဲမှ အကျအဆုံးမရှိ ဖောက်ထွက်နိုင်ခဲ့သည်။
#လူသားတို့၏ အကန့်အသတ်ကျော်ဖြတ်သူ #စည်းကမ်းအလွန်ကြီးသူ
#စွမ်းအားရှင်ဆန့်ကျင်ရေးဝါဒီ
…
နံပါတ် ၃ - “ယန္တရားကွန်မန်ဒါ” - ချင်ဖုန်း
အထွတ်အထိပ် - ၁၀၁၅၀ အိန်ဂျယ်အဆင့်
စွမ်းအား - “ယန္တရား စွမ်းအား”
စွမ်းရည် ညွှန်းကိန်း -
တိုက်ခိုက်နိုင်စွမ်း : ✮✮✮✮
အလားအလာ : ✮✮✮✮✮
ဦးဆောင်နိုင်မှု : ✮✮✮✮
အောင်မြင်မှုများ - မရှိ
“ဝင်ရိုးစွန်းညကြောင့် လူသားတွေ မျိုးတုံးတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာတောင် သူတို့က ‘အဆင့်သတ်မှတ်ချက်’ တွေ ‘လူကြိုက်များမှု စာရင်း’ တွေကို ဖျော်ဖြေရေး ပစ္စည်းတွေလို လုပ်နေကြတုန်းပဲ”
နန်ကျင်းက တင်းမာစွာ ပြောသည်၊၊
“ဒါတွေက တကယ်ရော အဓိပ္ပာယ် ရှိလို့လား”
“ငါတို့ အဲဒီလိုမျိုး မတွေးသင့်ဘူး”
ချီလီက တည်ငြိမ်နေသည်၊၊
“အခုလို အဓိပ္ပာယ်မရှိဘူးလို့ ထင်ရတာတွေက တကယ်တော့ ယဉ်ကျေးမှုရှင်သန်ချင်တဲ့ ဗီဇရဲ့ လွဲမှားတဲ့ ဖော်ပြချက်တစ်ခုပဲ၊၊ အကျပ်အတည်းတွေ ကြုံလာရရင် လူတွေရဲ့ မသိစိတ်က သူတို့ကို ဘေးဒုက္ခထဲကနေ ဆွဲထုတ်ပေးနိုင်မယ့် အားကိုးထိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ကို အမြဲတမ်း မျှော်လင့်တတ်ကြတယ်၊၊ ဒါက အင်မတန် ယုတ္တိရှိတဲ့ ကိစ္စပဲ”
“မှန်ပါတယ်”
ကျန်းရှု့ဝေက ထောက်ခံသည်၊၊
“အာရုဏ်ဦးမြို့တော်မှာ လူစုဆောင်းတဲ့ လုပ်ငန်းတွေကလွဲလို့ ကျန်တာ အကုန်ရှားပါးနေတယ်၊၊ ယာဉ်တန်းကြီးတွေက ဒီမှာ အဖွဲ့ဝင်တွေ တိုးချဲ့ကြသလို အရင်းအမြစ်တွေကိုလည်း စုဆောင်းကြတယ်၊၊ မြေအောက်မြို့တော်ထဲ မဝင်ရသေးသရွေ့ သူတို့အားလုံးက တွင်းနက်ကနေ ထွက်ပြေးဖို့ ပြင်ဆင်နေကြတာပဲ၊၊ ဒါကြောင့် အသက်ရှင်ကျန်ရစ်သူတွေက ဒီလို အစွမ်းထက်တဲ့ စွမ်းအားရှင်တွေအပေါ် ရူးသွပ်နေကြတာ မဆန်းပါဘူး၊၊ မြေအောက်တိုက်ခိုက်ရေးကလပ်တွေ၊ စွမ်းအားဖလှယ်ပွဲတွေ၊ ယန္တရားမွမ်းမံမှုတွေ၊ လက်နက်အရောင်းအဝယ်တွေ… ရှင်တို့ တွေးနိုင်တာထက်တောင် ပိုစုံသေးတယ်”
“ဒီလူတွေရဲ့ စွမ်းအား အထွတ်အထိပ် တန်ဖိုးတွေက ဖီးနစ်အဖွဲ့အစည်းရဲ့ စံနှုန်းတွေနဲ့ အတူတူပဲလား၊၊ အိန်ဂျယ်အဆင့်ကို ရောက်တာ မြန်လွန်းမနေဘူးလား”
“အဲဒီလို ကြည့်လို့မရဘူး၊၊ တချို့လူတွေက စွမ်းအား နိုးထလာချိန်မှာတင် သူတို့ရဲ့ အထွတ်အထိပ် တန်ဖိုးက သာမန်လူတွေထက် ကျော်နေတာမျိုး ရှိတယ်၊၊ ဥပမာ လေလွင့်သူမဟာမိတ်အဖွဲ့က ယုဟွေ့အန်းဆိုရင် ကမ္ဘာပျက်ကပ် စတင်တဲ့ ပထမဆုံးနေ့မှာတင် စွမ်းအားနိုးထလာပြီး ရူးသွပ်သူအဆင့်ကို တန်းရောက်သွားတယ်၊၊ သူက အိန်ဂျယ်စီမံကိန်းရဲ့ ပထမဆုံး စမ်းသပ်ခံ အသုတ်ထဲမှာ ပါဝင်ခဲ့သူပဲ” ကျန်းယွမ်က ရှင်းပြသည်။
“ပြီးတော့ အခု အမှောင်ကျူးကျော်မှုတွေ ပိုပြီး အားကောင်းလာတာနဲ့အမျှ သန္ဓေပြောင်းမှုတွေ ပိုများလာသလို တစ်ဖက်မှာလည်း အသက်ရှင်ကျန်ရစ်သူတွေထဲက စွမ်းအားရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုက ပိုမြန်လာတယ်”
“ဒါက S-Class မွန်းစတားတွေကို သတ်ဖြတ်တာနဲ့လည်း ဆိုင်တယ်”
ကျန်းရှု့ဝေက ဆက်ပြောသည်၊၊
“အဲဒီတိုက်ပွဲကြီးပြီးကတည်းက စွမ်းအားရှင်တွေ အတော်များများရဲ့ ဝိညာဥ်လှိုင်းတန်ဖိုးတွေ ထိုးတက်သွားတယ်၊၊ စီလန်မြို့တုန်းက ရှင်တို့ သတိမထားမိကြဘူးလား”
“သတိထားမိပါတယ်၊၊ ဒါပေမဲ့ အဲဒီကိစ္စကို အာရုံစိုက်ဖို့ အချိန်မရခဲ့လို့ပါ”
လင်းရှန်က သက်ပြင်းတစ်ချက် အသာချလိုက်သည်။ စီလန်မြို့ကနေ ထွက်လာပြီးကတည်းက သူတို့သည် ယိကျင်းမှာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရသလို၊ အာခီစိုင်းကို ဆက်သွားခဲ့ရသည်၊၊ အသက်ဝအောင် မရှူနိုင်ခင် အမှတ် ၅ တွင်းနက်ထဲ ဆွဲသွင်းခံရကာ ဆက်တိုက် တိုက်ပွဲဝင်ခဲ့ရခြင်း ဖြစ်သည်။
သွေးကပ်ဘေးပန်းကြောင့် ဖြစ်ပေါ်လာသည့် အပြင်းအထန် ပြောင်းလဲမှုများက အနန္တရထားအဖွဲ့ဝင်များ၏ ဆင့်ကဲပြောင်းလဲမှုကို မြန်ဆန်စေခဲ့သည်ကို သူနားလည်လေသည်။ လင်းရှန်သည် ယန္တရားရင်းမြစ်အမှတ်တစ်ခါ ရတိုင်း ၁၀၀၀ မှနေ စတင်ရရှိခြင်းဖြစ်ရာ အခြားသူများအတွက် မည်မျှ အကျိုးသက်ရောက်မှု ရှိမည်ကို တွေးကြည့်နိုင်သည်။ ရထားပေါ်ရှိ ကလေးများနှင့် ထောက်ပို့ပိုင်းကို တာဝန်ယူရသည့် အမျိုးသမီးများပင် ကမ္ဘာပျက်ကပ်စောစောပိုင်းကဲ့သို့ နုနယ်သည့် ခန္ဓာကိုယ် ခွန်အားမျိုး မဟုတ်တော့ပေ။
သို့သော် သူတို့ ရင်ဆိုင်ရသမျှမှာ ဖုတ်ကောင်သိုးထိန်း သို့မဟုတ် တွင်းနက်မှ မွန်းစတားများသာဖြစ်နေသဖြင့် ကီကီနှင့် လုရှင်းချန်တို့၏ စွမ်းအားများ မည်မျှ တိုးတက်လာသည်ကို လင်းရှန် သေချာ သတိမထားမိခဲ့ခြင်း ဖြစ်သည်၊၊
ထိုအကြောင်းကို တွေးမိရင်း လင်းရှန်က လက်မြှောက်လိုက်ရာ အလင်းမြင်ကွင်းတစ်ခု ပေါ်လာပြီး ထုတ်လုပ်မှုအစီအစဉ်မှတစ်ဆင့် ဖန်တီးထားသည့် ဝိညာဉ်လှိုင်းတန်ဖိုး တိုင်းတာစက်တစ်ခု သူ့လက်ထဲ ရောက်လာသည်။ သူက ချက်ချင်းပင် ၎င်းကို အသက်သွင်းလိုက်ရာ ယန္တရားနှလုံးသား၏ လည်ပတ်သံနှင့်အတူ သူ၏ စွမ်းအား အထွတ်အထိပ် တန်ဖိုးမှာ ၃၆၅၀ အထိ ထိုးတက်သွားသည်။
လင်းရှန်၏ အဆုံးစွန် ကိန်းဂဏန်းနှင့် တွက်လျှင် ဤတန်ဖိုးမှာ ၇၃၀၀ အထိ ရောက်ရှိသွားမည်ဖြစ်ရာ သူ၏ စွမ်းအားသည် ဖျက်ဆီးခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး စီလန်မြို့တုန်းကထက် သုံးဆခန့် မြင့်တက်လာခြင်းပင်။
လင်းရှန်က ထိုတိုင်းတာစက်ကို ကီကီနှင့် အခြားသူများဆီသို့ လွှဲပေးကာ ပြန်လည်စစ်ဆေးခိုင်းလိုက်သည်။ ရလဒ်များမှာ အံ့အားသင့်စရာပင်။ ကီကီ၏ စွမ်းအား အထွတ်အထိပ် တန်ဖိုးမှာ ၄၈၀၀ အထိ တိုးလာပြီး လုရှင်းချန်မှာမူ ၅၃၀၀ အထိ ရောက်ရှိနေကာ ပို၍ပင် အားကျစရာကောင်းနေသည်။ အဆုံးစွန် ကိန်းဂဏန်းနှင့် ပေါင်းစပ်လိုက်လျှင် လုရှင်းချန်သည် ၉၀၁၀ အထိ ရှိနေကာ အိန်ဂျယ်အဆင့်သို့ နီးကပ်လာနေပြီး ကီကီ၏ ၇၆၈၀ ကို ကျော်လွန်သွားခဲ့သည်။
“၉၀၁၀”
လင်းရှန်က လုရှင်းချန်ကို အံ့သြစွာ ကြည့်ပြီး မေးလိုက်သည်၊၊
“မင်း ဒီလောက်တောင် မြန်မြန် တိုးတက်လာတာလား”
“ဟေး ဟေး... နင်က ဘယ်လိုလုပ် ငါ့ကိုကျော်သွားရတာလဲ”
ကီကီက မကျေမနပ်ဖြစ်ကာ စက်ကို ပြန်ယူပြီး အားကုန်သုံးကြည့်သော်လည်း တန်ဖိုးမှာ ၄၈၀၀ ထက် ကျော်မလာခဲ့ပေ။
လုရှင်းချန်က ထိုစဉ် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်၊၊
“ငါ နေ့တိုင်း ကြိုးစားပမ်းစား ကျင့်ကြံနေတာတွေက တကယ်ကို အကျိုးရှိတာပဲ”
ဘေးမှ ကျန်းယွမ်က မျက်မှောင်ကြုတ်သွားသည်၊၊
“မင်း တားမြစ်ပစ္စည်းတစ်ခုခုကို သုံးထားတာလား”
“အမ်...”
လုရှင်းချန်က ခေါင်းညိတ်ပြလိုက်သည်၊၊
“ဟုတ်တယ်လေ… အဲဒါက ဘာသက်ရောက်မှု ရှိလို့လဲ”
ယန်ယွီယန်က ဝင်ပြောလျုက်သည်။
“တားမြစ်ပစ္စည်းတွေက ဝိညာဉ်လှိုင်းတန်ဖိုးတွေကို ပိုပြီး ပဲ့တင်ထပ်စေတယ်၊၊ ဒါက သက်ရောက်မှု ရှိမှာပဲ၊၊ ဒါပေမဲ့ ဘယ်သူကမှ အဲဒါကို အရေးတယူ စဉ်းစားမှာ မဟုတ်ဘူး၊၊ အားလုံးက နင့်ရဲ့ ခွန်အား အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ မြင်ကြမှာပါ”
“ဟမ့်... အထင်ကြီးစရာပဲ”
ကီကီက နှုတ်ခမ်းဆူကာ ထပ်ပြီး ငြင်းခုံမနေတော့ပေ။
လုရှင်းချန်က အသာအယာ ပြုံးလိုက်သည်၊၊
“ဒါပေါ့ ဒါပေါ့”
ထိုအချိန်တွင် မိုနီကာ၊ နန်ကျင်းနှင့် အခြားသူများလည်း လင်းရှန်၏ စက်ဖြင့် ပြန်လည်စစ်ဆေးကြည့်ကြသည်။ အမှန်စင်စစ် လင်းရှန်သည် တိတ်ဆိတ်မြို့တော်သို့ ရောက်ပြီးမှသာ ဤတိုင်းတာစက်အတွက် နောက်ဆုံးပေါ် ပုံကြမ်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပေါင်းစည်းယာဉ်တန်းပေါ်မှ လူများသည် ပြန်လည်စစ်ဆေးကြည့်ရန် အခွင့်အရေး မရခဲ့ကြခြင်း ဖြစ်သည်။
ရလဒ်များ ထွက်ပေါ်လာရာ မိုနီကာသည် စွမ်းအား ညွှန်းကိန်း ၇၄၀၀ အထိ ရှိနေပြီး လင်းရှန်ထက်ပင် မြင့်နေကာ တိုးတက်မှု အမြန်ဆုံးဖြစ်နေသည်။
နောက်တွင် နန်ကျင်း ရှိနေပြီး စစ်မှန်သော မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲသူ အနေဖြင့် သူမ၏ စွမ်းအား ညွှန်းကိန်းမှာ ၇၂၀၀ ဖြစ်ကာ ချီလီမှာမူ ၆၆၀၀ သာ ရှိသည်။
သို့သော်လည်း ရှီဇီဆိုသည့် မိန်းကလေးငယ်မှာမူ တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း သူမ၏ စွမ်းအား ညွှန်းကိန်းမှာ ၆၉၀၀ အထိ ရှိနေသည်မှာ အံ့သြစရာပင်။ သို့သော် သူမကမူ အံ့သြနေပုံ မရပေ။ သူမ၏ စကားအရ တွင်းနက်ထဲမှ ထွက်လာပြီးကတည်းက သူမသည် ရှင်းဂျီနှင့်အတူ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သော တစ်ပတ်ကတည်းက ၆၇၀၀ အထိ ရောက်နေခဲ့ခြင်း ဖြစ်သည်။
“ဒီစစ်ဆေးချက်အရဆိုရင် အခု အစွမ်းအထက်ဆုံး ဆင့်ကဲပြောင်းလဲသူတွေတောင် A-Class ရန်သူတွေကိုပဲ ရင်ဆိုင်နိုင်သေးတယ်၊၊ ဒါကြောင့် စွမ်းအားတွေ တိုးလာတာက ငါတို့ကို အမှောင်ထုရဲ့ အမဲလိုက်ခြင်းခံနေရတဲ့ အခြေအနေကိုတော့ ဘာမှ ပြောင်းလဲမပေးနိုင်သေးဘူး၊၊ အဆိုးမြင်ရှုထောင့်ကကြည့်ရင်တော့ တကယ်တမ်း ဘာမှ မထူးခြားသေးပါဘူး”
လင်းရှန်က ဆက်ပြောသည်။
“ဒါပေမဲ့ လူသားအချင်းချင်းအတွက်တော့ ဒီလိုစွမ်းအားတွေ တိုးလာတာက အရမ်းကို အစွမ်းထက်နေတုန်းပဲ”
ကျန်းယွမ်က သဘောတူသည့်အနေဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်၊၊
“S-Class နဲ့ ကမ္ဘာ့အဆင့်တွေ၊ အမှောင်ကျူးကျော်မှုတွေ၊ တွင်းနက်တွေ... အခုထိ ငါတို့မှာ S-Class တွေကို ယှဉ်ဖို့ လုံးဝ ယုံကြည်ချက် မရှိသေးဘူး၊၊ ဒါကြောင့်ပဲ ဖက်ဒရေးရှင်းက ‘ကောင်းကင်အကာကွယ်ထိုးဖောက်ခြင်း’ စစ်ဆင်ရေးကို စီစဉ်နေတာပဲ၊၊ ငါတို့မှာ အချိန် သိပ်မကျန်တော့ဘူး”
ထို့နောက် သူက အချိန်ကို ကြည့်ကာ လင်းရှန်ကို ပြောလိုက်သည်၊၊
“ကပ္ပတိန်လင်း… မိုးလင်းရင် ညမထွက်ရအမိန့်မရှိတော့ပေမယ့် ဖက်ဒရေးရှင်းဘက်ကိုတော့ နည်းနည်းသတိထားရမယ်၊၊ အနည်းဆုံးတော့ မြို့ထဲမှာက အချိန်ခဏလောက်တော့ လုံခြုံပါတယ်၊၊ သန္ဓေပြောင်း သတ္တဝါတွေနဲ့ ဖုတ်ကောင်တွေအတွက် သိပ်စိတ်ပူစရာ မလိုဘူး၊၊ ဒါပေမဲ့ လုံးဝတော့ ပေါ့ဆလို့ မရဘူး၊၊ အခုတော့ ခဏ အနားယူလိုက်ပါ၊၊ ခရိုင်ဟောင်းမှာ သတင်းတွေ ထောက်လှမ်းပေးမယ့် ငါတို့ မဟာမိတ်အဖွဲ့ဝင်တွေ ရှိပါတယ်၊၊ အဲဒါက မင်းတို့ရဲ့ လှုပ်ရှားမှုတွေအတွက် အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်”