← Chapters

အခန်း (၇၀၁-၇၀၂)

Vol. 71 Ch. 701-702

အခန်း (၇၀၁-၇၀၂)

Vol. 71 Ch. 701-702

ဖန့်ချန်

​အခန်း ၇၀၁ - လစာ ကြိုထုတ်ခြင်း

​ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၊ ဂိုဏ်းချုပ်နန်းဆောင်။

​"စီနီယာတို့ လူကို ကျွန်တော် ခေါ်လာပေးပါပြီ ပေးအပ်တဲ့ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ပါတယ်"

​ပိုင်ချင်းမင်က လူအုပ်ကို နှုတ်ဆက်ရင်း ပြုံး၍ ပြောလိုက်သည်။

လူတိုင်းက ခေါင်းညိတ်ပြကြပြီး သူတို့၏ အကြည့်များမှာ ဖန့်ချန်ထံသို့ စုပြုံကျရောက်သွားကြ၏။

​လန်ယာဝင်ချိုးသည် ဖန့်ချန်ကို ဝမ်းသာအားရ ကြည့်နေသော်လည်း ဘေးရှိ ကျင်ယွဲ့ဟန်၏ မျက်ဝန်းထဲတွင်မူ သက်ပြင်းချသံများ လွှမ်းနေသကဲ့သို့ ခံစားရသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အဆင့် ၉ ရှိသော တိုင်းပြည်ငယ်လေးတစ်ခုမှ ကျင့်ကြံသူလေးသည် ယခုအခါ ဤနေရာတွင် ရပ်တည်နေပြီး ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ မျက်မှောက်ခေတ် ဓားဦးဆောင်သူ ဖြစ်လာခဲ့လေပြီ။

သူ၏ ကျင့်စဉ်အဆင့်နှင့် အစွမ်းအစများမှာ သူမကိုပင် ကျော်လွန်သွားခဲ့ပြီ မဟုတ်လား။

​ဂိုဏ်းချုပ်ကြီးက ဖန့်ချန်ကို ကြည့်ကာ အေးဆေးစွာ မေးလိုက်သည်

"ဖန့်ချန်... မင်းကော နတ်မျိုးစေ့ တစ်ယောက် ဖြစ်လာခဲ့ပြီလား"

​လူတိုင်းသည် ဖန့်ချန်ကို မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။

သူသည် ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ထဲတွင် နှစ်ပေါင်းများစွာ ကြာအောင် နေခဲ့သူ မဟုတ်လား။

မှတ်တမ်းများအရ ထိုလမ်းစဉ်ထဲတွင် တစ်နှစ်ထက်ပို၍ ကြာမြင့်သူများမှာ နောက်ပိုင်းတွင် ပြန်ထွက်မလာနိုင်ကြတော့ချေ။

ဖန့်ချန်သည် နှစ်ပေါင်းများစွာ ကြာမှ မည်သို့ ပြန်ထွက်လာနိုင်သနည်း၊ ထိုနှစ်များအတွင်း ဘာတွေ ဖြစ်ပျက်ခဲ့သနည်းဆိုသည်ကို သူတို့ အလွန် သိချင်နေကြသည်။

​ဖန့်ချန်သည် ခဏမျှ စဉ်းစားပြီး သူ ကြိုတင်ပြင်ဆင်ထားသော စကားကိုပင် ပြောလိုက်သည်

​"တပည့်က ရှေးဟောင်းနတ်ဘုရားလမ်းစဉ်ထဲကို ဝင်ပြီး ရက်အနည်းငယ်အကြာမှာပဲ ပြန်ထွက်လာခဲ့တာပါ ဒီနှစ်တွေမှာတော့ တခြားနေရာတွေကို လှည့်လည်သွားလာနေခဲ့ပါတယ်"

​လူတိုင်း မှင်တက်သွားကြသည်။ ရက်အနည်းငယ်အကြာမှာတင် ပြန်ထွက်လာခဲ့တာလား

​ဖန့်ချန်၏ အမြုတေမှာ အဖြူရောင်အမြုတေ ဖြစ်နေသဖြင့် ရှေးဟောင်းနတ်ဘုရားလမ်းစဉ်က သူ့ကို အရည်အချင်းမပြည့်မီဟု သတ်မှတ်ကာ စမ်းသပ်ချက်ပင် မပေးဘဲ မောင်းထုတ်လိုက်ခြင်း ဖြစ်မည်ဟု သူတို့ တွေးလိုက်ကြသည်။

ထိုကလေးသည် အရှက်ရမည်ကို စိုးရိမ်သဖြင့် ဂိုဏ်းသို့ မပြန်ဘဲ တခြားနေရာတွင် ပုန်းကွယ်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

​တောင်သခင်မ ကျန်းလင်နှင့် ကျန်လူများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ဓားကျင့်ကြံသူများဆိုသည်မှာ အရှက်တရားကို အလွန် တန်ဖိုးထားတတ်ကြသည် မဟုတ်လား၊ ဤသို့ ဖြစ်ရသည်မှာလည်း မဆန်းလှပေ။

​"နတ်မျိုးစေ့ မဖြစ်လာလည်း ကိစ္စမရှိပါဘူး ကျုပ်တို့ ဓားကျင့်ကြံသူတွေကို တခြားဂိုဏ်းတွေက အမြဲတမ်း ခွဲခြားဆက်ဆံတတ်ကြတာပဲ မင်းကို နတ်မျိုးစေ့အဖြစ် လက်မခံတာက သူတို့မှာ မျက်စိမရှိလို့ပဲ"

​ဂိုဏ်းချုပ်က ချောင်းတစ်ချက် ဟန့်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်

"မင်းသိထားရမှာက မင်းပြန်မလာခင်မှာပဲ ကျုပ်တို့က မင်းကို ဓားဦးဆောင်သူအဖြစ် သတ်မှတ်လိုက်ပြီ မြို့တော်က အမိန့်စာချွန်တော်လည်း ကျလာပြီဆိုတော့ အရပ်ရပ်က လူတွေလည်း သိကုန်ကြပြီ"

​ဖန့်ချန်က ခေါင်းညိတ်ပြကာ

"ဓားဦးဆောင်သူ ဖြစ်လာရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲဟင်"

​"..."

​ကျန်းလင်က မျက်မှောင်ကြုတ်ကာ

"မင်းက အရင်ဆုံး ဘာဆိုးကျိုးတွေ ရှိမလဲဆိုတာကို မမေးဘူးလား"

​"ဓားဂိုဏ်းက သူ့တပည့်ကို ဒုက္ခပေးမှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်ပါတယ်"

ဟု ဖန့်ချန်က ဆိုသည်။

​မုတ်ဆိတ်ရှည်နှင့် ဓားကျင့်ကြံသူက ရယ်မောလျက်

"ကောင်းတယ် ကျုပ်တို့ဂိုဏ်းရဲ့ တပည့်ပီသပေတယ် ဓားဦးဆောင်သူ ဖြစ်လာရင် အကျိုးကျေးဇူး ရှိတာပေါ့ မင်းဟာ နှစ်စဉ် အလယ်အလတ်အဆင့် ဝိညာဥ်ကျောက်တုံး၁၀၀ ကို ရရှိမှာ ဖြစ်တယ်"

​တစ်နှစ်လျှင် ၁၀၀ ဆိုသည်မှာ နည်းပါးလှသည်ဟု ထင်ရသော်လည်း ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ နှစ်ပေါင်း ရာနှင့်ချီ ရှိသဖြင့် တွက်ကြည့်လျှင် ဤထောက်ပံ့မှုမှာ မဆိုးလှပေ။

​"တပည့်အနေနဲ့... နှစ်တစ်ရာစာ လစာကို ကြိုထုတ်လို့ ရမလားဟင်"

​ဖန့်ချန်က အလွန် လေးစားသမှုရှိသော ပုံစံဖြင့် မေးလိုက်သည်။

​"..."

​နန်းဆောင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး အရှိန်အဝါများမှာ အလွန် အနေရခက်စရာ ကောင်းသွားတော့သည်။

အကြီးအကဲများမှာ အချင်းချင်း ကြည့်လိုက်ကြပြီး နှစ်တစ်ရာစာ ကြိုထုတ်မယ်

​ဒါဆို ဝိညာဥ်ကျောက်တုံး တစ်သောင်းတောင် ဖြစ်သွားမှာ မဟုတ်လား

​ဂိုဏ်းချုပ်က ချောင်းအကြိမ်ကြိမ် ဟန့်လိုက်ရပြီး

"အလယ်အလတ်အဆင့် ကျောက်တုံးတွေက အလွန် ရှားပါးပြီး ကျုပ်တို့ဂိုဏ်းမှာတောင် အများကြီး မရှိဘူး နှစ်တစ်ရာစာ ကြိုထုတ်ဖို့ကတော့ မဖြစ်နိုင်ဘူး နောက်ပြီး မင်းရဲ့ အဆင့်နဲ့ဆိုရင် ၁၀၀ ဆိုတာတောင် သုံးမကုန်နိုင်ပါဘူး"

​"ဟုတ်တယ်၊ မင်းကို တစ်သောင်း ပေးလိုက်ရင်တောင် မင်းရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဒီတိုင်း ထည့်ထားရမှာပဲလေ ဘာလုပ်ဖို့လဲ"

ဟု မုတ်ဆိတ်ရှည် အကြီးအကဲက ဆိုသည်။

​ဖန့်ချန်အနေဖြင့် သူ့တွင် တာအိုသုံးထောင်နယ်မြေ ရှိနေပြီး ထိုကျောက်တုံးများက သူ့အတွက် အလွန် အသုံးဝင်ကြောင်း ရှင်းပြ၍ မရချေ။

​သူက ခေတ္တ စဉ်းစားပြီး

"ဒါဆို... နှစ်ရှစ်ဆယ်စာ ကြိုထုတ်လို့ ရမလား"

​ဂိုဏ်းချုပ်က တိတ်ဆိတ်သွားပြန်သည်။

​"နှစ်ခြောက်ဆယ်ကော"

ဖန့်ချန်က ထပ်မံ စမ်းသပ်မေးမြန်းသည်။

​တပည့်များမှာ ဖန့်ချန် ဘာဖြစ်လို့ ဒီလောက် အများကြီး လိုချင်နေရတာလဲဆိုသည်ကို အံ့သြနေကြသည်။

​ဂိုဏ်းချုပ်က ဘာမှ မပြောဘဲ နေပြန်သဖြင့် ဖန့်ချန်က နောက်ဆုံးအနေဖြင့်

"နှစ်လေးဆယ်ကော မရဘူးလား"

​"ဟူး"

​ဂိုဏ်းချုပ်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး

"မင်း မသိသေးဘူးလား ငါတို့ ဓားဂိုဏ်းမှာ ဒီလောက်အများကြီး မရှိဘူး မင်းကို တစ်နှစ် ၁၀၀ ပေးတာတောင် ကျုပ်တို့ရဲ့ ဝေစုတွေထဲကနေ ဖဲ့ပေးရတာ"

​တောင်သခင်တစ်ဦးက ဝင်ရှင်းပြသည်

"ဖန့်ချန် မင်းမသိတာက ကမ္ဘာပေါ်မှာ အလယ်အလတ်အဆင့် ကျောက်တုံးတွေ ထွက်တဲ့ တွင်းက သိပ်နည်းတာ"

"ငါတို့မှာ နတ်ဘုရားအမွေအနှစ် ၇ ခု ရှိပေမဲ့ နတ်မျိုးစေ့ နည်းလွန်းလို့ တခြားဂိုဏ်းကလူတွေကို ကျောက်တုံးတွေနဲ့ လဲပြီး ဝင်ခွင့်ပေးထားရတာ အဲ့ဒီက ရတဲ့ ကျောက်တုံးတွေကို ငါတို့ အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ ကျင့်စဉ်အတွက် အဓိက သုံးရတော့ ပိုတာက သိပ်မရှိဘူး"

​"ဒီလိုလုပ်ပါ မင်းက ဓားဦးဆောင်သူ ဖြစ်လာတော့ တာဝန်က အကြီးကြီးပဲ ငါ မင်းကို ဆယ်နှစ်စာ ကြိုထုတ်ပေးမယ် ဒါထက် ပိုတော့ မရတော့ဘူး"

ဂိုဏ်းချုပ်က ဆုံးဖြတ်လိုက်သည်။

​"ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်"

ဖန့်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်။

​သူ တကယ် လိုချင်နေသည်မှာလည်း ဆယ်နှစ်စာပင် ဖြစ်သည်။

အလယ်အလတ်အဆင့် ဝိညာဥ်ကျောက်တုံး ၁၀၀၀ ဆိုလျှင် တာအိုနယ်မြေထဲသို့ နှစ်ကြိမ် ဝင်နိုင်ပြီး ဝိညာဉ်သန္ဓေသား အဆင့်အတွက် ပြင်ဆင်နိုင်ပြီ မဟုတ်လား။

​"မင်း သွားနားတော့ ခဏနေရင် လူလွှတ်ပြီး လာပို့ပေးမယ်"

ဂိုဏ်းချုပ်က လက်ဝှေ့ယမ်း ပြလိုက်သည်။

​ဖန့်ချန်က ဂါရဝပြုကာ နန်းဆောင်ထဲမှ ထွက်ခွာသွားတော့သည်။

တပည့်များလည်း ဖန့်ချန်နောက်သို့ လိုက်သွားကြပြီး သူ ဒီနှစ်တွေမှာ ဘာတွေ လုပ်နေခဲ့သလဲဆိုသည်ကို ဝိုင်းမေးကြတော့သည်။

​နန်းဆောင်ထဲတွင်တော့ အဆင့်မြင့် ကျင့်ကြံသူများသာ ကျန်ရစ်ခဲ့သည်။ ဂိုဏ်းချုပ်က လက်ဝါးဖြန့်ကာ ပြောလိုက်သည်

​"အားလုံးပဲ ဝိုင်းစုပေးကြပါဦး ကျုပ်ဆီမှာ ၈၀ ပဲ ရှိတယ်"

​"ဂိုဏ်းချုပ် ခင်ဗျား ဒီနှစ်တွေက ရတဲ့ ကျောက်တုံးတွေကို စားပစ်လိုက်တာလား ၈၀ ပဲ ရှိတယ်ဆိုတာ မယုံနိုင်စရာပဲ"

မုတ်ဆိတ်ရှည် အကြီးအကဲက ဒေါသတကြီး ပြောသည်။

​"အမှန်အတိုင်း ပြောတာပါ နတ်ဓားအိုကြီးရဲ့ ဒဏ်ရာအတွက် ဆေးဝယ်ရတာတွေ ရှိသေးတယ်လေ"

ဂိုဏ်းချုပ်က ပြန်ပြောသည်။

​ထို့နောက် အကြီးအကဲများမှာ တစ်ယောက် ဆယ်ဂဏန်း၊ နှစ်ဆယ်ဂဏန်းဖြင့် ဝိုင်းစုလိုက်ကြရာ အလွန် ခက်ခဲစွာဖြင့် ကျောက်တုံး ၁၀၀၀ ကို ရရှိသွားတော့သည်။

​"ဖန့်ချန်ကို ထပ်ပြီး ဖျောင်းဖျကြည့်ရင် မကောင်းဘူးလား သူက ဒီကျောက်တုံး တစ်ထောင်နဲ့ ဘာလုပ်မှာလဲ"

တောင်သခင် တစ်ဦးက တိုးတိုးလေး မေးသည်။

​"ကျင့်စဉ်အဆင့် နိမ့်တဲ့သူက သာမန်ကျောက်တုံး သုံးရင်တောင် လုံလောက်နေတာပဲကို"

ကျန်လူများကလည်း ထောက်ခံကြသည်။

သူတို့မှာ နှမြောနေကြခြင်း မဟုတ်ဘဲ ဖန့်ချန်က ဖြုန်းတီးပစ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

​"ထားလိုက်ပါတော့ ဖန့်ချန်က သူ့အယူအဆနဲ့သူ ရှိတဲ့သူပဲ တကယ် အသုံးလိုလို့ တောင်းတာလည်း ဖြစ်နိုင်ပါတယ် ကျုပ်တို့ စီနီယာတွေအနေနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးသင့်တာပေါ့"

ဂိုဏ်းချုပ်က သက်ပြင်းချရင်း ထောင့်တစ်နေရာတွင် ကွေးနေသော ပိုင်ချင်းမင်ကို ကြည့်လိုက်သည်

​"မင်း ဒါတွေကို ယူပြီး ဖန့်ချန်ဆီ သွားပို့လိုက် စုရမယ့်အချိန်ကျရင် ဘေးထွက်နေပြီး အခုမှ ပေါ်လာရလား"

​ပိုင်ချင်းမင်က သွားဖြဲပြကာ ကျောက်တုံးများကို ယူ၍ နန်းဆောင်ထဲမှ ပြေးထွက်သွားတော့သည်။

​အခန်း ၇၀၂ - ဘေးဒုက္ခ ဆုတောင်းအတတ်ကိုပဲ သုံးရတော့မယ်

​ဖန့်ချန်သည် လန်ယာဝင်ချိုးတို့နှင့် နာရီဝက်ခန့်ကြာအောင် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုနေခဲ့သည်။

ထိုစဉ်အတွင်း ချင်ဟော့ချန်းပင် ရောက်ရှိလာပြီး ဖန့်ချန်၏ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သွားလာလှုပ်ရှားမှုများကို စိတ်ဝင်တစား မေးမြန်းခဲ့သေးသည်။

​ဖန့်ချန်ကမူ သူသည် အပြင်လောကတွင် လှည့်လည်သွားလာရင်း စိတ်အခြေအနေကို ကျင့်ကြံနေခဲ့ခြင်းသာ ဖြစ်ကြောင်း အေးဆေးစွာ ဖြေကြားခဲ့သဖြင့် ချင်ဟော့ချန်းကလည်း ဆက်လက်၍ မမေးမြန်းတော့ပေ။

​သူတို့ကို ပြန်လည်ပို့ဆောင်ပြီးနောက် ပိုင်ချင်းမင်သည် အခန်းထဲသို့ ဝင်လာကာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်တိတိကို စားပွဲပေါ်သို့ တင်ပေးလိုက်ရင်း ပြုံး၍ ဆိုလိုက်သည်

​"ညီလေးဖန့် အခု မင်းရဲ့ စီနီယာအစ်ကို ငါက တာအိုပေါင်းစည်းခြင်း အဆင့်အထိ ရောက်နေတဲ့ အစွမ်းထက်သူတစ်ယောက် ဖြစ်နေပြီ"

"ဒါပေမဲ့ ဒီကျောက်တုံး တစ်ထောင်ဆိုတာက ရတနာတွေ၊ ဆေးလုံးတွေ ဝယ်တာမဟုတ်ရင် အသုံးမပြုဘဲ ထားမယ်ဆိုရင်တောင် ကုန်ဖို့ တော်တော်ကြာမှာ မင်းက ဒါတွေကို ဘာလုပ်ဖို့ ယူတာလဲ"

​"စီနီယာအစ်ကို့ကို အမှန်အတိုင်း ပြောရရင် ဒီကျောက်တုံးတွေ ကျုပ်နားမှာ ရှိနေမှ ကျုပ် အိပ်ပျော်မှာမို့လို့ပါ"

​ဖန့်ချန်က ဘာမှမဖြစ်သကဲ့သို့ပင် ကျောက်တုံးများကို သိမ်းဆည်းလိုက်ရင်း ပြုံး၍ ပြန်ပြောလိုက်သည်။

​"မင်းက ပိုက်ဆံမက်တဲ့ ကောင်လေးတော့ မဟုတ်ပါဘူးနော်"

​ပိုင်ချင်းမင်က ဖန့်ချန်ကို ထူးဆန်းသလို ကြည့်ကာ ခေါင်းညိတ်လိုက်သည်

"ကောင်းပြီလေ ဒီကျောက်တုံးတွေက မင်းပိုင်တာဆိုတော့ မင်း ဘယ်လိုသုံးသုံး ငါမစွက်ဖက်ပါဘူး ဒါပေမဲ့ တစ်ခုတော့ မှတ်ထားပါ ဒါတွေကို မဖြုန်းတီးပစ်နဲ့ဦး ငါ့ရဲ့ ဆရာတို့ အကြီးအကဲတို့ဆိုတာ ဒါတွေစုပေးရလို့ ရင်ဘတ်ကြီးကို နာနေကြတာ"

​ပိုင်ချင်းမင်သည် ဖန့်ချန်၏ ပခုံးကို အသာပုတ်ကာ လှည့်ထွက်သွားတော့သည်။

​သူ ထွက်သွားသည်နှင့် ဖန့်ချန်သည် ကျောက်တုံးများကို ထုတ်ယူကာ

"တာအိုသုံးထောင်နယ်မြေ ထဲသို့ ဝင်ရန် ပြင်ဆင်လိုက်သော်လည်း သူ၏ သိုလှောင်လက်စွပ်အတွင်းမှ စကြာဝဠာမှန် ၏ အသံ ထွက်ပေါ်လာသည်

​"အစ်ကို မင်းရဲ့ ပထမဆုံး ဘေးဒုက္ခ က မရောက်သေးဘူး အခု တာအိုနယ်မြေထဲ ဝင်ရင်လည်း ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လို့မရဘူး ကျောက်တုံးတွေကို မဖြုန်းတီးပါနဲ့ဦး"

​"ဪ... ဟုတ်သားပဲ"

​ဖန့်ချန် သတိဝင်လာသည်။

သူ ဤအချက်ကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။

ဘေးဒုက္ခ သုံးပါးနှင့် ကပ်ဘေးကိုးပါး တွင် ပထမဆုံး ဘေးဒုက္ခသည် ရွှေအမြုတေအဆင့်မှာတင် ပေါ်ပေါက်လာရမည် ဖြစ်သည်။

သို့သော် သူသည် ယခုအခါ ရွှေအမြုတေ အထွတ်အထိပ် အဆင့်သို့ ရောက်နေသော်လည်း မည်သည့် ဘေးဒုက္ခ အရိပ်အယောင်မျှ ခံစားရခြင်း မရှိသေးပေ။

​"မှန်လေး ဒီပထမ ဘေးဒုက္ခက ဘယ်တော့လာမှာလဲ ဘာစည်းကမ်းချက်တွေ ရှိလဲ"

​"ဘာစည်းကမ်းမှ မရှိဘူး စောင့်ရုံပဲ ရှိတယ် လာမယ့်အချိန်ကျရင် လာလိမ့်မယ် ဒါကြောင့် မင်း အမြဲတမ်း အဆင်သင့် ဖြစ်နေဖို့ လိုတယ် တချို့ ရွှေအမြုတေ ကျင့်ကြံသူတွေလို မပေါ့ဆနဲ့"

"သူတို့တွေဟာ ချစ်သူနဲ့ ပျော်ပါးနေချိန် အပေါ့အပါး သွားနေချိန် ဒါမှမဟုတ် တိုက်ခိုက်နေချိန်တွေမှာ ဘေးဒုက္ခက ရုတ်တရက် ကျရောက်လာပြီး ဘာမှမသိလိုက်ဘဲ အသက်ပျောက်သွားတတ်ကြတယ်"

​"စောင့်ရမယ် ဟုတ်လား ဓားဂိုဏ်းရဲ့ အခြေအနေက အခု သိပ်မကောင်းဘူး သာမန်အချိန်ဆိုရင်တော့ နှစ်ပေါင်းများစွာ စောင့်ရတာ ကိစ္စမရှိပေမဲ့..."

​ဖန့်ချန် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်

​"ဒါဆိုရင်တော့ ဘေးဒုက္ခ ဆုတောင်းအတတ် ကိုပဲ သုံးရတော့မယ်"

​"ဆုတောင်းအတတ် မင်း ဒီအတတ်ကို သိတာလား ဒါပေမဲ့ ဒီအတတ်က ကိုယ့်ကိုယ်ကိုယ် သုံးလို့မရဘူးလေ သုံးပေးမယ့်သူရဲ့ ကျင့်စဉ်က မင်းထက် မြင့်ရမယ် ပြီးတော့ သူ့ရဲ့ သွေးအနှစ်သာရတွေကိုပါ လောင်ကျွမ်းစေရတာဆိုတော့ သုံးပေးတဲ့သူအတွက် အရမ်း အန္တရာယ်များတယ်"

​"ကျုပ်က မတတ်ပေမဲ့ တတ်တဲ့သူ ရှိတာပဲလေ"

​ဖန့်ချန် ပြုံးလိုက်သည်။

သူသာ ရွှီချင်းဆုန် ထံသို့ သူ၏ ဆံပင်တစ်ပင် ပေးလိုက်မည်ဆိုပါက ထိုသူသည် ဖန့်ချန်ကို ဒုက္ခရောက်စေရန်အတွက် ထိုအတတ်ကို အပူတပြင်း အသုံးပြုပေးပေလိမ့်မည်။

ထိုသို့ဖြင့် ဖန့်ချန်သည် ပထမ ဘေးဒုက္ခကို သူလိုချင်သော အချိန်တွင် ရရှိနိုင်ပေမည်။

​အရေးကြီးဆုံးမှာ အချိန်အခါကို ထိန်းညှိရန် ဖြစ်သည်။

ဘေးဒုက္ခ ကျရောက်ချိန်တွင် သူသည် အလွန် လုံခြုံသော နေရာတွင် ရှိနေရန် လိုအပ်သည်။

တာအိုနယ်မြေထဲသို့ ဝင်ရောက်နေချိန်တွင် ဘေးဒုက္ခ ကျရောက်ခဲ့ပါက မည်သို့ ဖြစ်လာမည်ကို သူ စမ်းသပ်ကြည့်ချင်နေမိသည်။

​"ဖန့်လေး... မင်း ရှိလား"

​ဂူသင်္ကန်းအပြင်ဘက်မှ ကျင်ယွဲ့ဟန်၏ အသံ ထွက်ပေါ်လာသည်။

ဖန့်ချန် ထကာ တံခါးဖွင့်ပေးလိုက်ရာ ကျင်ယွဲ့ဟန်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်

​"စီနီယာအစ်မ ကျင် တစ်ခုခု ရှိလို့လား"

​"ခုနတုန်းက လူတွေ အများကြီးမို့လို့ ငါ မပြောခဲ့တာ ဒါပေမဲ့ မင်း သိထားသင့်တယ်လို့ ထင်တဲ့ ကိစ္စတစ်ခု ရှိတယ်"

​"ဘာကိစ္စလဲ"

ဖန့်ချန် စိတ်ဝင်စားသွားသည်။

​"ရှကျီ မြို့တော်မှာ ရှိနေတယ်"

ကျင်ယွဲ့ဟန်က ဆိုသည်။

​"ရှကျီက မြို့တော်မှာ ဟုတ်လား"

ဖန့်ချန် အံ့သြသွားသည်

"စီနီယာအစ်မ ပြောတဲ့ မြို့တော်ဆိုတာ ကျုံးကျိုးနိုင်ငံရဲ့ မြို့တော်ကို ပြောတာလား"

​"ဟုတ်တယ် သူက အခု မြောက်ပိုင်းကျွန်းက နဂါးစားဘုရင်ရဲ့ မွေးစားသား ဖြစ်နေပြီ နံပါတ် ၇ နေရာမှာ ရှိနေတာ ဒါ မဟာချန်း က ကိစ္စတွေ ဖြစ်ပြီးကတည်းက ငါတို့ သူ့ကို မတွေ့ရတော့ဘူး သူက နဂါးစားဘုရင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး"

​"နဂါးစားဘုရင်ရဲ့ မွေးစားသားလား"

​ဖန့်ချန်၏ မျက်နှာတွင် အတွေးစတစ်ခု ပေါ်လာသည်။

လီတောက်ယဲ့ က ရှကျီသည် မြောက်ဘက်တွင် ရှိနေကြောင်း တွက်ချက်ပေးခဲ့သည်မှာ မှန်ပေသည်။

သို့သော် ရှကျီသည် မသေမျိုးဘုရင် တစ်ဦး၏ မွေးစားသား ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။

​ထိုပုဂ္ဂိုလ်ကြီးက ရှကျီကို ဘာအတွက် အသုံးပြုရန် ကြံစည်နေသနည်း

​ကျင်ယွဲ့ဟန်က ဖန့်ချန် စဉ်းစားနေသည်ကို သိသဖြင့်

"နဂါးစားဘုရင်က မွေးစားသားတွေ လက်ခံရတာ ဝါသနာပါတဲ့သူပဲ သူ့မှာ ရင်းနှီးတဲ့ သွေးသားအရင်းအချာ မရှိတော့ ရှကျီကို သဘောကျလို့ လက်ခံလိုက်တာလည်း ဖြစ်နိုင်ပါတယ် အခု ရှကျီက မြို့တော်မှာ တာဝန်ထမ်းဆောင်နေပြီး အနာဂတ်လည်း ကောင်းပါတယ်"

"တစ်ခါတလေကျရင် ဂိုဏ်းကြီးတွေထဲ ဝင်တာထက် အစိုးရအမှုထမ်း ဖြစ်တာက ပိုပြီး အရှိန်အဝါ ရှိတတ်တယ် ဒါကို မင်းသိထားရင် ရပြီ ငါ သွားတော့မယ်"

​ကျင်ယွဲ့ဟန် ထွက်သွားပြီးနောက် ဖန့်ချန်သည် ခေတ္တမျှ စဉ်းစားနေပြီး ပိုင်ချင်းမင်ကို သွားရောက် ရှာဖွေလိုက်သည်။

​"ဖန့်လေး မင်း ငါ့ကို သတိရနေတာလား"

ပိုင်ချင်းမင်က အံ့သြဟန်ဖြင့် မေးသည်။

​"စီနီယာအစ်ကို ပိုင် အပြင်လောကမှာ လှည့်လည်တာ ကြာပြီဆိုတော့ အခု ကျုပ်နဲ့အတူ တာအိုဂိုဏ်းဆီကိုသွားပြီး ဓားစိန်ခေါ်ပွဲ သွားလုပ်ဖို့ စိတ်ဝင်စားလား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

​"မင်းက ငါ့ကို မင်းရဲ့ ကိုယ်ရံတော်အဖြစ် သုံးချင်တာ မဟုတ်လား"

​ပိုင်ချင်းမင်က မျက်စိတစ်ချက် လှန်လိုက်ပြီးနောက်

"ကောင်းပြီလေ ငါလည်း ကိုယ်လက်လှုပ်ရှား လုပ်ချင်နေတာနဲ့ အတော်ပဲ မင်းနဲ့အတူ တစ်ခေါက် လိုက်ခဲ့ပေးမယ်"

​"ပြီးရင် မြို့တော်ကို ဆက်သွားကြမယ်"

ဟု ဖန့်ချန်က ဆိုသည်။

​"မြို့တော်ကို ဘာသွားလုပ်မှာလဲ"

ပိုင်ချင်းမင် မျက်မှောင်ကြုတ်သွားသည်

"အဲ့ဒီလို နေရာပျက်ကြီးက စည်းကမ်းတွေ အရမ်းများတာ သွားရတာ သိပ်မပျော်ဘူး"

​"သူငယ်ချင်း သွားတွေ့မလို့ပါ"

​"သူငယ်ချင်းလား ကောင်းပြီလေ ငါ့မှာလည်း မြို့တော်မှာ မတွေ့တာကြာတဲ့ သူငယ်ချင်းတချို့ ရှိတယ် မင်းနဲ့အတူ လိုက်ခဲ့ပေးပါ့မယ် ဒါပေမဲ့ ဒါက ကျေးဇူးတင်စရာ ဖြစ်သွားပြီနော် နောက်မှ မင်း ငါ့ကို ပြန်ပေးရမယ်"

​"နောက်မှပဲ ပြောကြတာပေါ့"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

​၎င်းတို့နှစ်ဦး ဓားဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာသွားသည်ကို မည်သူမျှ မသိသော်လည်း ဂိုဏ်းချုပ်နန်းဆောင်တွင် အစည်းအဝေး လုပ်နေသည့် အကြီးအကဲများကမူ သိရှိနေကြသည်။

​"ပိုင်ချင်းမင်က ဖန့်ချန်ကို ခေါ်ပြီး အပြင်ထွက်သွားပြီ ဒီကောင် ဘာတွေ ကြံစည်နေပြန်ပြီလဲ မသိဘူး"

တောင်သခင် တစ်ဦးက ဆိုသည်။

​ဂိုဏ်းချုပ်က ထိုသူကို ကြည့်ကာ

"ဖန့်ချန်က သူ့ကို ခေါ်သွားတာ မဟုတ်ဘူးလို့ မင်း ဘယ်လို သိလဲ"

​"ပိုင်တပည့်က ဖန့်ချန်နဲ့ အတူရှိနေရင်တော့ ကိစ္စမရှိပါဘူး သူ့ရဲ့ ကျင့်စဉ်နဲ့ဆိုရင် ဖန့်ချန်အတွက် အကာအကွယ်ကောင်းတစ်ခု ဖြစ်မှာပါ"

ဟု မုတ်ဆိတ်ရှည် အကြီးအကဲက ဆိုသည်။

​"အဓိကကတော့ ပိုင်တပည့် ပြဿနာ မရှာဖို့ပါပဲဂိုဏ်းချုပ်ကြီး တစ်ခုခု မှာလိုက်သင့်တယ် မဟုတ်လား"

​"ငါ မှာထားပြီးသားပါ ဖန့်ချန်ကို သေချာ ကြည့်ထားဖို့ ဖန့်ချန်ရဲ့ ကိုယ်ပေါ်မှာ ကျောက်တုံး တစ်ထောင် ပါသွားတာဆိုတော့ ပိုင်ချင်းမင် ရှိနေမှ သူများ လုတာကို မခံရမှာ"

ဟု ဂိုဏ်းချုပ်က အေးဆေးစွာ ပြောသည်။

​"ဖန့်ချန်က အခု ရွှေအမြုတေ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ သူ အမြုတေ တည်ဆောက်ခဲ့တာ သိပ်မကြာသေးဘူး မဟုတ်လား"

အကြီးအကဲ ကျန်းလင်က ဝင်မေးသည်။

​လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

ဖန့်ချန်၏ ကျင့်စဉ် တိုးတက်မှုနှုန်းမှာ အလွန် မြန်ဆန်လှသည်။

၎င်းမှာ သူပိုင်ဆိုင်ထားသည့် တာအိုဂိုဏ်း၏ လျှို့ဝှက်ချက်များနှင့် ဆက်စပ်နေမည်ဟု သူတို့ တွေးတောမိကြသည်။

ထို့ကြောင့်လည်း ဖန့်ချန်ကို လစာ ကြိုထုတ်ပေးရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

​"အပြင်ထွက်ပြီး လှည့်လည်တာက ပိုကောင်းပါတယ် ဂိုဏ်းထဲမှာတင် နေနေရင် ပထမ ဘေးဒုက္ခက လာမှာ မဟုတ်ဘူး သူ ဘေးဒုက္ခကို ကျော်ဖြတ်ပြီးရင် ကျုပ်တို့ ဝိုင်းပြီးတော့ သူ ဝိညာဉ်သန္ဓေသားအဆင့် တက်နိုင်အောင် ကူညီပေးကြတာပေါ့"

​လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

၎င်းတို့အနေဖြင့် အပေးအယူ အချို့ ပြုလုပ်ရမည် ဖြစ်သော်လည်း ဓားဂိုဏ်းအတွက် ဓားဦးဆောင်သူ တစ်ဦး ပေါ်ထွက်လာရန်မှာ ပို၍ အရေးကြီးလှသည် မဟုတ်လား။

All Chapters