အခန်း (၁-၂)
Vol. 1 Ch. 1-2
1
မှောင်မိုက်လေထန်သောညတစ်ညတွင် အစုအပုံသင်္ချိုင်းဟောင်းအလယ်ရှိ အနီရောင်သစ်သားခေါင်းတလားအဖုံးသည် ကွဲအက်ပွင့်ဟသွားပြီးအတွင်းမှနေကျောက်စိမ်းကဲ့သို့ ချောမွေ့သွယ်လျသော လက်တစ်ဖက် ထွက်ပေါ်လာလေ၏။
သွေးစွန်းနေသောအနီရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ခေါင်းတလားတွင်းမှနေ ထရပ်လိုက်သည်။ ရှောင်းအန်းလဲ့ သူမခေါင်းအားစောင်းကာ ခါးကိုတစ်ချက်လှည့်လိုက်ပြီး ခေါင်းတလားထဲမှ ခုန်ထွက်လိုက်၏။သူမမျက်စိတစ်ဆုံးတွင် အရိုးစုများကိုသာနေရာအနှံ့ မြင်တွေ့နေရလေသည်။
သူမသည် စိတ်ပျက်လက်ပျက်ဖြင့်ရင်ဘတ်အားဖိလိုက်မိသည်။ ထိုသရဲမသည်သာ သရဲအစစ်ဖြစ်ပြီး သူမမှာတော့ခန္ဓာကိုယ်အား ခေတ္တငှားရမ်းကာဝိညာဉ်ကူးပြောင်းလာသည့် လူသားအစစ်ဖြစ်ပါ၏။
ရှောင်းအန်းလဲ့သည် လျှို့ဝှက်ဆန်းကြယ်လောကတွင် ထင်ရှားကျော်ကြားသူတစ်ဦး ဖြစ်သည်။ သူမမှာအပြင်လောကသို့ ထွက်လေ့ထွက်ထမရှိဘဲ အတွေ့အကြုံလဲနည်းပါးသူဖြစ်၏။ သူမနတ်ဘုရားအဖြစ် တက်လှမ်းရန်ကြိုးပမ်းစဉ်တွင် ကုသိုလ်ကံမလုံလောက်မှုကြောင့် ကျရှုံးခဲ့ရသည်။ ယခု ပြန်လည်ရှင်သန်လာချိန်တွင်လဲ ဤခန္ဓာကိုယ်၏အတိတ်မှတ်ဉာဏ်များ သူမထံတွင် မရှိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် သူမတွင်ကျန်ရှိနေသော ကုသိုလ်အလင်းတန်းအားအသုံးပြုကာ ခန္ဓာကိုယ်ထက်ရှိသွေးများထွက်နေသည့်ဒဏ်ရာများကို ကုသနိုင်ခဲ့သည်။
သူမသည်ခန္ဓာကိုယ်အတွင်းရှိ နှမ်းစေ့ခန့်သာရှိသော ရွှေရောင်သန်းနေသည့်ကုသိုလ်အလင်းတန်းလေးထံ ကြည့်လိုက်၏။
ဤကုသိုလ်အလင်းတန်းပမာဏမှာ သူမ မည်မျှကြာကြာ အသက်ရှင်နိုင်မည်ကို ဆုံးဖြတ်ပေးနိုင်ကြောင်း သူမသိလေသည်။ဤပမာဏမျှလောက်သည် သူမအားတစ်လခန့်သာ အသက်ရှင်ရန်လုံလောက်ပေမည်။အသက်ပိုရှည်စေရန်အတွက် သူမအနေဖြင့်ကုသိုလ်များ စုဆောင်းရမည်ဖြစ်ရာ ထိုအလုပ်မှာလည်း သူမတတ်မြောက်ထားသောပညာရပ်နှင့် ကွက်တိပင်ဖြစ်သည်။
ဤခန္ဓာကိုယ်ကို သေဆုံးစေခဲ့သော *အသက်ငှားရမ်းခြင်း*အတတ်အားမည်သူအသုံးပြုခဲ့သည်ဆိုသည်ကို သူမစုံစမ်းရပေမည်။
စောစော၌ထွက်ပြေးသွားသော သရဲမသည် အပြေးအလွှား ပြန်ရောက်လာပြန်သည်။
“အား.....အား.....အား.....ကြောက်စရာကောင်းတဲ့သရဲမကြီး”
သူမသည် ရှောင်းအန်းလဲ့အားလှည့်ပတ်ကာအော်ဟစ်နေသဖြင့် ရှောင်းအန်းလဲ့နားပိတ်ထားလိုက်ရသည်။
ဝူးကနဲအသံနှင့်အတူ ထိုအနီရောင်ဝတ်သရဲမသည် ရှောင်းအန်းလဲ့ရှေ့တွင်ပေါ်လာပြီး မျက်နှာပြောင်ပြလိုက်သည်။
“ညှောင် ညှောင် ညှောင်.....အစ်မကြီး...ကျွန်မပြောပြမယ်၊လူဖြစ်ရတာကလေ သိပ်ကိုပင်ပန်းစရာကောင်းလွန်းတယ်၊သရဲဖြစ်ရတာကမှ ပိုကောင်းတာ ကြည့်လိုက်လေ......ကျွန်မလွတ်လွတ်လပ်လပ် ပျံသန်းနေနိုင်တာ ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်သလဲ ဟားဟားဟား လာပါ......အစ်မကြီးကသရဲလုပ်လိုက် ဒီလောကကြီးထဲမှာ လူသားတစ်ယောက်အနေနဲ့ခံစားရမယ့်ဆင်းရဲဒုက္ခတွေကိုတော့ ကျွန်မကပဲအစားဝင်ခံပေးလိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် သရဲမသည်သူမအစွယ်များထုတ်ကာ လက်သည်းများအားဖြန့်၍ ရှောင်းအန်းလဲ့ထံခုန်အုပ်လိုက်လေသည်။
သူမလက်ဟန်ပြုလုပ်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုမှာ သူမအားလွှမ်းခြုံကာ အကာအကွယ်ပေးလိုက်ပြီး ရှေ့မှအနီရောင်ဝတ်သရဲမကို တောင့်တင်းသွားစေသည်။
ဒုတိယမြောက်စကားလုံးဖြစ်သော*ပင်း*အားရွတ်လိုက်ချိန်တွင် သရဲမမှာတုန်လှုပ်ချောက်ချားသွားပြီး မျက်လုံးများတွင်လဲ ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်သွားလေ၏။
“အား......မလုပ်ပါနဲ့ မလုပ်ပါနဲ့တော့ ကျွန်မမှားသွားပါတယ်၊ကျွန်မရဲ့ဝိညာဉ်ကို မဖျက်ဆီးပါနဲ့ တောင်းပန်ပါတယ် အီး.....အီး.....ဝူး.....ဝူး.....”
ရှောင်းအန်းလဲ့ မျက်မှောင်ကြုံ့လိုက်သည်။ ဤမျှကြည့်ကောင်းသော သရဲမတစ်ကောင်မှာ အဘယ်ကြောင့်အကျည်းတန်အောင် ငိုနေရပါသနည်း။
သူမလက်ဟန်ကို မပြောင်းလဲသေးသော်လည်း ဆက်မရွတ်ဆိုတော့ပေ။ နာကျင်သည့်အမူအယာဖြင့်တောင့်တင်းနေသော သရဲမထံကြည့်ကာ မေးလိုက်သည်။
“ကျွန်မနာမည်က ချင်းရှုရန်ပါ၊ဒီနေရာက အစုအပြုံသင်္ချိုင်းဟောင်းပါ”
ဤနေရာမှာ အစုအပြုံသင်္ချိုင်းဟောင်းဖြစ်သည်ကို ရှောင်းအန်းလဲ့လည်း သိရှိပြီးသားပင်။
“ဒီနေရာက တစ်ယောက်ယောက်တမင်ဖန်တီးခဲ့တဲ့ တစ္ဆေတစ်ရာမိစ္ဆာအစီအရင်တစ်ခုပဲ။ နင်ကဒီထဲမှာတင်အခြားဝိညာဉ်တွေကို ဝါးမျိုခဲ့လို့သာ ဝိညာဉ်စွမ်းအားတွေအများကြီး မြင့်တက်နေတာ၊နင်က ဒီဒေသကသရဲလား၊ဒီနေရာအကြောင်း ဘာတွေသိထားလဲ”
“ဆရာသခင်......ကျေးဇူးပြုပြီး သနားညှာတာပေးပါ၊ကျွန်မရဲ့အိမ်က မြို့တော်မှာပါ၊ကျွန်မဝတ်ထားတဲ့ ဖီးနစ်အဆင်တန်ဆာနဲ့ဝတ်ရုံတွေကိုကြည့်ရုံနဲ့တင် ကျွန်မမိသားစုက အရမ်းချမ်းသာတာကိုသိနိုင်ပါတယ်၊ကျွန်မက မြို့တော်နဲ့ပတ်ဝန်းကျင်အကြောင်း အများကြီးသိထားတာမလို့ ဆရာသခင်.....ကျွန်မကိုလွှတ်ပေးလို့ရမလား၊ကျွန်မသေခဲ့ရတာက အရမ်းမတရားလွန်းလို့ မကျေနပ်နိုင်ပါဘူး မကျေနပ်နိုင်ဘူး၊ အား ကျွန်မသေပြီးကတည်းက ဒီမှာပဲပိတ်မိနေပြီး အပြင်ကိုပျံထွက်လို့မရတော့ဘူး၊ကျွန်မဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့တာ တစ်ကယ်ပါ ကျွန်မကျိန်ဆိုရဲပါတယ်”
ရှောင်းအန်းလဲ့မှာ သရဲမစကားအားယုံတမ်းစကားလိုပင် မှတ်ယူလိုက်သည်။ သူမသည်လူကိုဒုက္ခမပေးခဲ့သော်လည်း ဝိညာဉ်အတော်များများကိုတော့ ဝါးမျိုခဲ့သည်မှာ အမှန်ပင်။
သူမသည် ဂါထာကိုပြန်ရုတ်ကာပြောလိုက်သည်။
“ဒီနေရာအကြောင်းကို နင်ဒီလောက်သိထားမှတော့ ငါနဲ့လိုက်ခဲ့၊နင့်ရဲ့မကျေမချမ်းဖြစ်နေတဲ့ ဆန္ဒတွေကို ငါကူညီဖြေရှင်းပေးပြီး နင့်ကိုလူပြန်ဝင်စားနိုင်အောင် လုပ်ပေးမယ်”
ရှောင်းအန်းလဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
“တစ္ဆေတစ်ရာမိစ္ဆာအစီအရင်လေးတစ်ခုက ငါ့ကိုဘယ်လိုမှဒုက္ခမပေးနိုင်ပေမယ့် အပြင်ရောက်သွားရင်တော့ ပြဿနာမရှာရဘူးနော်၊ငါ့စကားကိုပဲ နားထောင်ရမယ်”
မနက်စောစောမြို့တော်တံခါးအတွင်း၌ ရှောင်းအန်းလဲ့သည် အရိုးများဖြင့်ပြုလုပ်ထားသော အဖြူရောင်အရိုးထီးအားကိုင်ဆောင်ထားသည်။ ထီးအမိုးအားချင်းရှုရန်၏မင်္ဂလာဝတ်စုံဖြင့်ပြုလုပ်ထားပြီး လက်ကိုင်မှာမူဆွတ်ဆွတ်ဖြူနေသော အရိုးဖြစ်၏။
သူမသည် ထီးထက်၌ထင်ယောင်ထင်မှားအတတ်တစ်ခုသုံးထားသောကြောင့် အခြားသူများအမြင်တွင်မူ ၎င်းမှာလက်ကိုင်အဖြူရောင်နှင့် သာမန်အနီရောင်ဆီစိမ်စက္ကူထီးတစ်လက်သာပင်။
ချင်းရှုရန်သည် ထီးလက်ကိုင်အားဖက်တွယ်ရင်း ရှောင်းအန်းလဲ့ဘေးတွင်ဝဲပျံနေကာ တောက်ပနေသောမျက်ဝန်းအစုံဖြင့် မြို့တော်ထံကြည့်နေသည်။
“ငါချင်းရှုရန် ပြန်ရောက်လာပြီဟေ့ ဟားဟားဟားဟား”
ရှောင်းအန်းလဲ့သည် သူမ၏အရူးချေးပန်းစကားများကိုလျစ်လျူရှုကာ ပတ်ဝန်းကျင်ရှိ ရှေးဟောင်းလမ်းမများအားကြည့်လိုက်သည်။ သူမဗိုက်မှာလဲတဂွီဂွီမြည်လာ၏။သူမဗိုက်ဆာခဲ့ဖူးသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပင်။ ကံမကောင်းစွာပင် သူမထံ၌ငွေကြေးလည်းမရှိသလို လက်ဝတ်လက်စားလည်းတစ်ခုမှပါမလာချေ။ ထို့ကြောင့်အရင်ဆုံးငွေရှာရပေမည်။
ထိုသို့တွေးတောရင်း ရှောင်းအန်းလဲ့အကြည့်မှာ အနီးနားရှိပေါက်စီရောင်းသူထံကျရောက်သွားသည်။
သက်လတ်ပိုင်းအရွယ်ဆိုင်ရှင်မှာ သူမထံလက်ခါပြရင်းမောင်းထုတ်လိုက်သည်။
“သွား သွား......အခြားနေရာမှာ သွားတောင်းစားချေ၊ငါဈေးရောင်းတာကို လာမနှောင့်ယှက်နဲ့၊ငါ့ကံကို ဟောပေးမယ်ပေါ့လေ၊ငါကတော့ တစ်သက်လုံးပင်ပင်ပန်းပန်း လုပ်စားရမယ့်ကံပဲ၊ဘာကိုထူးပြီး ဟောစရာရှိလို့လဲ”
အကယ်၍ လျှို့ဝှက်ဆန်းကြယ်လောကမှ သူမနောက်လိုက်များသာ သူမအနေဖြင့်ပေါက်စီတစ်လုံးပင်မရှာနိုင်သည်ကို သိသွားကြပါလျှင် သိက္ခာအလုံးစုံရေစုန်မျှောရပေလိမ့်မည်။
ချင်းရှုရန်မှာ သူမကိုင်ထားသောထီးအောက်မှ ဝဲပျံထွက်လာ၏။
“ဆရာသခင်.....ဒီလိုသာမန်လူတွေဆီမှာ ပိုက်ဆံသိပ်မရှိဘူးလေ၊အရာရှိကြီးတွေဆီကို သွားရှာကြမလား”
“နင်ပြောတာမှန်တယ်၊အရာရှိတွေရဲ့အိမ်တော်တွေရှိတဲ့လမ်းဆီသွားကြစို့”
သူမကဲ့သို့ ရွှမ်မန်ပညာရှင်တစ်ဦးအနေဖြင့် ကောင်းကင်လျှို့ဝှက်ချက်များကို မကြာခဏ ပေါက်ကြားစေမိတတ်သည်။ငွေကြေးချို့တဲ့မှုကဲ့သို့*အားနည်းချက်ငါးမျိုးနှင့်ချို့ယွင်းချက်သုံးမျိုး*ထဲမှ တစ်ခုခုနှင့်ကြုံရနိုင်သော်လည်း သူမခန္ဓာကိုယ်ကိုတော့ အထိခိုက်မခံနိုင်ပေ။
ထို့ကြောင့် သူမသည်ဝဝလင်လင်စားသောက်ကာခန္ဓာကိုယ်ကို ဂရုစိုက်ရမည်ဖြစ်ပြီး ကျန်ရှိသောငွေများအားကောင်းမှုကုသိုလ်ပြုရန် လှူဒါန်းရမည်ဖြစ်သည်။ သို့မှသာ နောက်တစ်ကြိမ်နတ်ဘုရားဖြစ်ရန်ကြိုးပမ်းချိန်တွင် ကုသိုလ်မလုံလောက်၍ မိုးကြိုးပစ်မခံရမည်ပင်။
ချင်းရှုရန်မှာ လမ်းပြရန်အဆင်သင့်ဖြစ်နေလေပြီ။
“ဆရာသခင်.....ဟိုဘက်လမ်းကအရာရှိကြီးတွေရဲ့အိမ်တော်တွေရှိတဲ့နေရာဆိုတာ ကျွန်မမှတ်မိတယ်”
ရှောင်းအန်းလဲ့သည် သူမညွှန်ပြသောဘက်သို့ကြည့်ကာ ထိုဘက်သို့ဦးတည်လျှောက်သွားလိုက်သည်။ အမှန်တစ်ကယ်ပင်ထိုနေရာ၌ ခမ်းနားထည်ဝါသောအိမ်ကြီးအိမ်ကောင်းများစွာ ရှိနေ၏။ထိုအချိန်မှာပင် စိတ်လွတ်နေသောမြင်းတစ်ကောင်သည် သူတို့ထံအရှိန်ဖြင့်ပြေးဝင်လာလေသည်။
စိတ်လွတ်နေသောမြင်းတစ်ကောင်သည် ရှောင်းအန်းလဲ့မြင်ကွင်းထဲသို့ ရုတ်တရက် ရောက်ရှိလာပြီး သူမထံတဟုန်ထိုးပြေးဝင်လာ၏။ သူမနောက်တွင်မူကလေးငယ်အချို့မှာ လက်ချင်းချိတ်၍ဝိုင်းဖွဲ့ကစားနေကြသည်။
သူမသည်ရှောင်တိမ်းမည့်အစား ခြေလှမ်းအနည်းငယ်ရှေ့တက်လိုက်ပြီး လက်ထဲမှအရိုးထီးကိုလေထဲမြှောက်တင်လိုက်၏။သူမမှာထိုမြင်းအားတစ်ချက်တည်းနှင့်သတ်ပစ်ရန် လက်သီးပြင်လိုက်စဉ်မှာပင်.....
နေမင်းကြီးရုတ်တရက်မြေပြင်ပေါ်ကျဆင်းလာသည့်အလားပင် မဟုတ်သေးပါဘူး ကောင်းကင်ပေါ်မှရွှေရောင်အလင်းတန်းကြီးတစ်ခုလုံးဆင်းသက်လာခြင်းသာဖြစ်သည်။
ရှောင်းအန်းလဲ့ ထိုစူးစူးရှရှရွှေရောင်အလင်းများကြောင့် မျက်လုံးအားမှေးကျဥ်းလိုက်ရ၏။ ထိုအလင်းထဲတွင်ငွေဖြူရောင်ကြိုးကြာဝတ်ရုံအားဝတ်ဆင်ထားပြီး စူးရှသောမျက်ဝန်းအစုံနှင့်နတ်ဘုရားတစ်ပါးမှထုဆစ်ထားသကဲ့သို့ ခန့်ညားလွန်းလှသည့်အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။
ထိုအမျိုးသားသည် အနီးရှိအရက်ဆိုင်ထက်မှနေမြင်းပေါ်သို့ တည်တည်ငြိမ်ငြိမ်ခုန်ဆင်းလိုက်၏။ ဇက်ကြိုးကို သူအားကုန်ဆွဲလိုက်သဖြင့် စိတ်လွတ်နေသောမြင်း၏ရှေ့ခြေနှစ်ဖက်မှာ မိုးပေါ်ထောင်သွားလေသည်။
မြင်းမှာရှောင်းအန်းလဲ့နှင့် လက်မအနည်းငယ်သာ ကွာဝေးတော့၏။ မြင်းခွာများ မြေပြင်ပေါ် ပြန်ကျလာသော်လည်း မြင်းမှာထကြွနေဆဲပင်။
“အား.....အား.....အား.....သူကသတ်ဖြတ်ခြင်းနတ်ဘုရား နဝမတော်ဝင်ဦးရီးတော်ပဲ ဘုရားရေ”
“ကျွန်မသတ်ဖြတ်ခြင်းနတ်ဘုရား နဝမတော်ဝင်ဦးရီးတော်ကို တစ်ကယ်ကြီးမြင်လိုက်ရတာလား”
ထိုအခိုက်မှာပင် သူမခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသောဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူမခန္ဓာကိုယ်ထဲရှိ နှမ်းစေ့ခန့်သာရှိသော ရွှေရောင်ကုသိုလ်အလင်းတန်းလေးမှာ အလိုလိုတိုးပွားလာတော့၏။
ရှောင်းအန်းလဲ့ သူမထီးကိုအခြားသူများမရိပ်မိစေရန် ပုံရိပ်ယောင်အတတ်ဖြင့် ဖုံးကွယ်ထားသော်လည်း ရှဲ့စစ်မင်မျက်လုံးများထဲမြင်နေရသည်မှာတော့ သွေးနီရောင်ဝတ်စုံကိုဝတ်ဆင်ကာ မင်္ဂလာဝတ်စုံအားထီးမိုးလုပ်ပြီး အရိုးဖြင့်ပြုလုပ်ထားသော ထီးတစ်လက်ကိုကိုင်ထားသည့် ထူးထူးဆန်းဆန်းအမျိုးသမီးတစ်ဦးသာဖြစ်လေသည်။
2
ရှောင်းအန်းလဲ့ မျက်နှာချင်းဆိုင်ရှိ မြင်းပေါ်မှလူမှာ အေးစက်စက်မျက်ဝန်းများဖြင့် သူမထံတစ်ချက်သာလှမ်းကြည့်ပြီး ဇက်ကြိုးကိုဆွဲကာ သူထိန်းချုပ်ထားသော စိတ်ရိုင်းဝင်နေသည့်မြင်းနှင့်အတူ ထွက်ခွာသွားတော့သည်။
စစ်နတ်ဘုရားနဝမတော်ဝင်ဦးရီးတော် ရှဲ့စစ်မင် ထွက်ခွာသွားသည်နှင့် ကုသိုလ်အလင်းတန်းများ တိုးပွားနေမှုမှာလည်း ရပ်တန့်သွားလေ၏။ ရှောင်းအန်းလဲ့သည် ထိုလူထံတွင် ကြီးမားသောကုသိုလ်ကံအလင်းတန်းများရှိကြောင်း သတိပြုမိလိုက်သည်နှင့် နဝမတော်ဝင်ဦးရီးတော်၏နောက်သို့ အပြေးအလွှားလိုက်ပါတော့သည်။ သူမဘေးတွင်ရပ်နေသော ချင်းရှုရန်မှာလည်း စိတ်လှုပ်ရှားစွာဖြင့်ရေရွတ်လိုက်၏။
"ကလေးတွေ အိပ်ရာထဲရှူးပေါက်တာကိုတောင်ပျောက်စေနိုင်တဲ့ စစ်နတ်ဘုရား နဝမတော်ဝင်ဦးရီးတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တစ်ကယ်ကိုလိုက်ဖက်ပါပေတယ်၊ အရှင်မင်းကြီးက သူ့ညီတော်ကိုသူ့သားအရင်းတွေထက်တောင် ပိုချစ်မြတ်နိုးတယ်တဲ့၊ ကြည့်လေ စိတ်ရိုင်းဝင်နေတဲ့မြင်းတောင်မှ သူ့ကိုကြောက်လွန်းလို့ ငြိမ်ကျသွားတာကို"
ရှောင်းအန်းလဲ့ : "နင်ပြောတာ အဓိပ္ပာယ်ရှိသားပဲ၊ သူဘယ်မှာနေတာလဲ လိုက်ရှာကြစို့"
ချင်းရှုရန်၏မျက်နှာကြီးမှာ သူမရှေ့သို့ ရုတ်တရက်ရောက်လာပြီး မယုံနိုင်ဟန်ဖြင့်မေးလာသည်။
"ဆရာသခင် ရူးသွားပြီလား၊ အဲ့လူက သတ်ဖြတ်ခြင်းနတ်ဘုရားနော်၊ တာအိုဆရာတစ်ယောက်က သူ့ကံကြမ္မာကိုဟောဖူးတယ်လို့ကြားတယ်၊ သူကအထီးကျန်ကံဇာတာပါလို့ သူ့ရဲ့အနီးကပ်ဆုံးဆွေမျိုးခြောက်ယောက်လုံးကို ဒုက္ခရောက်စေတတ်လို့ စစ်မြေပြင်မှာပဲ တစ်ယောက်တည်း အထီးကျန်နေရမယ့်ကံမျိုးတဲ့၊ နောက်ဆုံးကျသတ်ဖြတ်လိုစိတ်များလွန်းလို့ သေဆုံးရလိမ့်မယ်တဲ့၊ ဒါ့အပြင် သူကဘယ်အချိန်မဆိုသေသွားနိုင်သလို သူ့အနားကပ်တဲ့မိန်းမတွေဆိုရင်လည်း ရူးရင်ရူး မရူးရင်သေကုန်ကြရော၊ ဆရာသခင်က သူ့အတွက် ယတြာချေပေးချင်လို့ လိုက်ရှာနေတာလား"
"အဲဒါ ဘယ်လိုအသုံးမကျတဲ့ တာအိုဆရာမျိုးလဲ၊ ပေါက်တတ်ကရတွေလျှောက်ပြောတာသာမဟုတ်ရင် တမင်သက်သက်လုပ်ကြံပြောဆိုတာပဲနေမှာ၊ အထီးကျန်နေရမယ့်ကံဇာတာဆိုတာက သူအိမ်ထောင်မပြုရသေးတာကို ဆိုလိုတာနေမှာပါ၊ ဒါကပိုတောင်ကောင်းသေးတယ်၊ ငါသူ့ကိုသွားရှာမလို့ သူဘယ်မှာနေလဲဆိုတာ နင်သိလား"
ချင်းရှုရန်၏ပြန်လည်စုစည်းကာစ သရဲမျက်နှာမှာတုန်ရီသွားလေသည်။ ထိုလူကြီးမှ သူမထံအပေါ်စီးမှနေငုံ့ကြည့်လိုက်ရုံနှင့် သူမဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားတော့မတတ်ခံစားလိုက်ရ၏။ ဒီတစ်ယောက်က သူ့ကိုသွားရှာချင်နေသေးတာလား။
"သူက မင်းသားတစ်ပါးဆိုတော့ ယဲ့အိမ်တော်မှာပဲနေတာပေါ့၊ ဒါပေမယ့် ကျွန်မ ကြိုပြောထားမယ်နော်၊ ယဲ့အိမ်တော်မှာဆို ညတိုင်းညတိုင်းလက်စားချေချင်နေတဲ့ဝိညာဉ်တွေရဲ့ ငိုကြွေးသံတွေကို ကြားနေရတတ်တယ်တဲ့ အရမ်းကြောက်စရာကောင်းတာ"
"နင်က သရဲဖြစ်ပြီးတော့ သရဲကိုကြောက်နေတာလား ဟာသတွေလာမလုပ်စမ်းပါနဲ့၊ ယဲ့အိမ်တော်ဆီ သွားကြမယ်"
ယဲ့မင်းသားနှင့် နီးကပ်စွာနေခြင်းမှာ သူမကုသိုလ်ကံကို တိုးပွားစေနိုင်သည်ဆိုလျှင် အခြားသရဲများကိုကူညီပေးရမည့်အလုပ်အား သူမဘာကြောင့် အပင်ပန်းခံလုပ်နေတော့မည်နည်း။ လူ့လောကတွင်နေထိုင်သော ယဲ့မင်းသားခန္ဓာကိုယ်တွင် ရွှေရောင်ကုသိုလ်အလင်းတန်းများစွာရှိနေလေသည်။ သူ့အနားကပ်လိုက်ရုံဖြင့် သူမအသက်ကိုဆွဲဆန့်နိုင်မည်ဖြစ်ရာ ထိုလူသည် သူမအတွက်တော့ တန်ဖိုးအရှိဆုံး ရတနာသိုက်ကြီးပင်။ ရှောင်အန်းလဲ့ခြေလှမ်းများသည် မသိစိတ်၏စေစားမှုကြောင့် ယဲ့မင်းသားသွားရာလမ်းဘက်သို့ ဦးတည်သွားသော်လည်း လမ်းတစ်ဝက်၌ပင် တားဆီးခံလိုက်ရ၏။
"ရှောင်အန်းလဲ့ တစ်ကယ်ပဲ မင်းကိုး ဒီတစ်ခါဘယ်ကိုထပ်ပြေးမလဲ ကြည့်ကြသေးတာပေါ့"
တောင့်တင်းသန်မာပြီး သူရဲကောင်းဆန်သောအရှိန်အဝါနှင့် ခန့်ညားသောရုပ်ရည်ပိုင်ရှင်အမျိုးသားတစ်ဦးသည် မြင်းစီးလျက်ရောက်ရှိလာပြီး မြင်းပေါ်မှနေငုံ့ကြည့်လာသည်။ သူသည် ခေါင်းအသာငုံ့ကာ မျက်မှောင်ကြုတ်လျက် ကြောင်တောင်တောင်အမူအရာဖြင့် သူ့ထံပြန်ကြည့်နေသော ရှောင်အန်းလဲ့အား စိုက်ကြည့်နေ၏။ ရှောင်အန်းလဲ့သည် ထိုလူအားမသိသော်လည်း မျက်နှာသွင်ပြင်လက္ခဏာကို ဖတ်ရှုနိုင်ပေသည်။ သူ့ရုပ်ရည်သွင်ပြင်အရ အသေးစိတ်အချက်အလက်အများစုကိုခွဲခြားသိမြင်နိုင်ပြီး ဤလူသည် သူမနှင့် အမျိုးတော်စပ်ကြောင်းကို အကြမ်းဖျင်း နားလည်လိုက်၏။ ထင်ထားသည့်အတိုင်းပင် ထိုလူသည် သူမရှေ့သို့မြင်းစီးလာပြီး အပေါ်စီးမှနေ၍ မေးမြန်းလာသည်။
"ရှောင်အန်းလဲ့ ငါနဲ့တစ်ကယ်ပြန်မလိုက်ချင်ဘူးလား"
ထိုစကားသံထဲတွင် တစ်စုံတစ်ရာသောခံစားချက်ပါဝင်နေလေသည်။ ရှောင်အန်းလဲ့မှာ တည်ငြိမ်စွာပင်နေရာ၌ရပ်လျက် သူ့အားလေ့လာလိုက်သည်။ သူသည်တောင့်တင်းသန်မာပြီး ခါးထက်တွင်ကျောက်စိမ်းခါးပတ်ပတ်ထားကာ လက်မောင်းကြွက်သားများမှာလည်း ဖောင်းကြွနေသဖြင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားလှ၏။
သူ့မျက်နှာကို ကြည့်လိုက်သောအခါ နဖူးပြင်ကျယ်ကာ မျက်လုံးများမှာ တောက်ပရွှန်းလဲ့၍ ဉာဏ်ရည်ထက်မြက်ပုံပေါ်ပြီး မျက်ခုံးများမှာလည်း တောင်ထွတ်များကဲ့သို့မြင့်မားနေသည်မှာ ကျက်သရေရှိလှသောသွင်ပြင်မျိုးပင်။ သို့သော် သူ့မျက်ခုံးနှစ်ခုကြားတွင် ဒေါသကြီးခြင်း၊ ခေါင်းမာခြင်းနှင့် အရှုံးမပေးလိုစိတ်ပြင်းထန်ခြင်းတို့ကို ပြသနေသည့် မြစ်စာလုံးပုံစံအရေးအကြောင်းတစ်ခုရှိနေသည်။
တင်းလွန်းရင် ပြတ်လွယ်တယ်ဆိုသော စကားပုံလည်းရှိသေးသည်ပင်။ သူ့ရုပ်သွင်ပြင်ကို အကဲခတ်ပြီးနောက် သူမသည် သူဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေလိုက်၏။ ရှောင်ချန်ဖုန်း မြင်းပေါ်မှဆင်းလာပြီး ရှောင်အန်းလဲ့ရှေ့သို့ရောက်လာကာ ထင်ရှားပေါ်လွင်သောမျက်ခုံးတန်းများအားကြုတ်ထားလိုက်သည်။
"ရှောင်အန်းလဲ့ မင်းလဲမြို့တော်ကိုရောက်နေမှတော့ ငါနဲ့အခုချက်ချင်း အိမ်ပြန်လိုက်ခဲ့"
ထီးအောက်တွင်ရပ်နေသော ချင်းရှုရန်မှာ စပ်စုလိုစိတ်ဖြင့်မေးလိုက်သည်။
"ဆရာသခင်တို့နှစ်ယောက်က ဘယ်လိုပတ်သက်တာလဲ"
ရှောင်အန်းလဲ့ ခေတ္တမျှစဉ်းစားပြီး အကြမ်းဖျင်းကောက်ချက်ချလိုက်ကာ သူမရှေ့ရှိလူငယ်အား မေးလိုက်၏။
"ရှင့်နာမည်က ဘယ်သူလဲ"
ရှောင်းချန်ဖုန်း သူ့ညီမအရင်းထံ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။ ညီမဖြစ်သူကို မြို့တော်သို့ပြန်ခေါ်လာရန် အမိန့်ရထားသော်လည်း လမ်းတစ်ဝက်တွင် ထွက်ပြေးသွားခဲ့ပြီး နောက်ဆုံးတော့ မြို့တော်သို့ပြန်ရောက်လာခဲ့၏။
အခုကျတော့ သူ့နာမည်ကိုတောင်မေးနေသေးတယ်ပေါ့လေ။ ထားလိုက်ပါတော့ ဘာပဲပြောပြော ဒါကသူ့ညီမအရင်းပဲဟာ။ ငယ်ငယ်ကတည်းက တာအိုဘုန်းကြီးကျောင်းမှာ အများကြီး ဒုက္ခခံခဲ့ရရှာတာပဲ။ သူဒီလောက်ကြီး သဘောထားတင်းမာမနေသင့်ပါဘူး။
သူချက်ချင်းပင် မျက်နှာထားလျှော့လိုက်ပြီး ထပ်ပြောလိုက်သည်။
"ငါ့နာမည် ရှောင်ချန်ဖုန်း မင်းရဲ့အစ်ကိုကြီးလေ၊ အခုမင်းမြို့တော်ကို ရောက်နေပြီဆိုတော့ ငါနဲ့အတူအိမ်တော်ကို ပြန်လိုက်ခဲ့မယ်မလား"
"ရှောင်အိမ်တော်လား ဝိုး ဒါဆို ဆရာသခင်က လွန်ခဲ့တဲ့ဆယ်နှစ်ကပျောက်ဆုံးသွားတဲ့ ရှောင်အိမ်တော်ရဲ့သမီးလေးပေါ့"
ရှောင်းအန်းလဲ့ ချင်းရှုရန်ဘက်သို့လှည့်ကြည့်လိုက်သည်။
"ပြောစရာရှိရင် ဆက်ပြောပါဟ"
ချင်းရှုရန် : "စစ်ဘက်ဆိုင်ရာ ဒုတိယဝန်ကြီးရဲ့မျိုးရိုးနာမည်က ရှောင်၊ လွန်ခဲ့တဲ့ဆယ်နှစ် တစ္ဆေပွဲတော်နေ့တုန်းက သူ့ရဲ့ငါးနှစ်အရွယ်သမီးလေး ပျောက်ဆုံးသွားခဲ့ဖူးတယ်၊ အဲ့အချိန်တုန်းကဆို မြို့တော်ထဲက တခြားကလေးတွေအများကြီးလဲပြန်ပေးဆွဲခံခဲ့ရတာ၊ နန်းတွင်းကိုယ်ရံတော်တွေအများကြီးလွှတ်ပြီးရှာဖွေခဲ့ကြလို့ ကလေးအတော်များများပြန်တွေ့ခဲ့ရပေမယ့် တချို့ကတော့ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလေ"
သူမမှာသူ့အားစကားပြောနေသည်ဟု ရှောင်ချန်ဖုန်း ထင်မှတ်သွားသည်။
"ငါပြောပြီးပြီလေ ငါကလူဆိုးမဟုတ်ပါဘူးလို့၊ မင်းရဲ့ဆရာ မသေခင်တုန်းက မင်းကိုပြန်ခေါ်ဖို့ အိမ်တော်ကိုစာရေးပြီးမှာထားခဲ့တာလေ၊ မင်းလဲအဲ့စာကို မြင်ပြီးပြီမဟုတ်လား၊ ဘာလို့ထွက်ပြေးခဲ့ရတာလဲ"
ရှောင်အန်းလဲ့ ထိုစကားကိုကြားလိုက်ရသည့်အခါ ပဟေဠိအတော်များများ ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။
ဒါပေမယ့် မူလခန္ဓာကိုယ်ပိုင်ရှင်က ဘာလို့အစုအပုံသင်္ချိုင်းဟောင်းထဲမှာ သေဆုံးနေပြီး အသက်ငှားရမ်းခံလိုက်ရတာလဲ။
ရှောင်အန်းလဲ့ ဇဝေဇဝါဖြစ်သွားရသည်။ အစအနမကျန်သည်ထိပျောက်ကွယ်သွားသော သူမရတနာသိုက်ကြီးဘက် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် မူလခန္ဓာကိုယ်ပိုင်ရှင်၏အစ်ကိုဖြစ်သူဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
သူမသည် ရှောင်ချန်ဖုန်းခေါ်ဆောင်ရာနောက်သို့လိုက်ပါသွားပြီး ရှောင်အိမ်တော်ရှေ့သို့ရောက်သောအခါ အိမ်တော်ဆိုင်းဘုတ်၌ မကောင်းသောအငွေ့အသက်များဝဲပျံနေသည်ကို တွေ့လိုက်ရသည်။
"ရှင်တို့အိမ်တော်က ဒီရက်ပိုင်းသိပ်မအေးချမ်းဘူးပဲ"
"ဆယ်နှစ်လောက် ခွဲခွာနေရတဲ့အချိန်အတွင်း မင်းဘာတွေများသင်လာခဲ့တာလဲ"
ထိုအချိန်တွင်ပင် မြင်းလှည်းတစ်စီးသည် ရှောင်အိမ်တော်ရှေ့၌ရပ်တန့်သွားပြီး ကျက်သရေရှိရှိဖြင့်လှပသော အမျိုးသမီးတစ်ဦး လှည်းပေါ်မှဆင်းလာသည်။ ထိုလှလှပပအမျိုးသမီးကိုမြင်လိုက်သည်နှင့် သူမနှင့်သွေးသားတော်စပ်ကြောင်း ရှောင်အန်းလဲ့သိလိုက်၏။ သို့သော် ထိုအမျိုးသမီးနှင့်အတူပါလာသော မိန်းမပျိုလေးမှာမူ သူမနှင့် အနည်းငယ်ရုပ်ချင်းဆင်တူနေသည်။
မြင်းလှည်းပေါ်မှဆင်းလာသော သခင်မရှောင်သည် သူမ၏သားအကြီးဆုံး ရှောင်ချန်ဖုန်းကိုတွေ့လိုက်သည်နှင့် ချက်ချင်းပင် ဖွဖွလေးပြုံးပြလာ၏။
"ချန်ဖုန်း"
ရှောင်ချန်ဖုန်းဘေးတွင် ရပ်နေသော ရှောင်အန်းလဲ့အား မြင်လိုက်သည်နှင့် သူမစကားသံမှာရပ်တန့်သွားပြီး ရှောင်အန်းလဲ့ထံ စူးစူးစိုက်စိုက်အကဲခတ်ကြည့်ရှုနေတော့သည်။ ရှောင်ချန်ဖုန်းမှ ဦးစွာစကားစလိုက်၏။
"အမေ ဒါကျွန်တော်သွားကြိုလာတဲ့ ညီမလေးလေ"
သခင်မရှောင်ဘေးတွင်ရပ်နေသော မိန်းမပျိုလေး၏အပြုံးမှာ အနည်းငယ်တောင့်တင်းသွားသည်ကို ရှောင်အန်းလဲ့အထင်းသား မြင်လိုက်ရသည်။ သခင်မရှောင်သည် ပြုံးရွှင်သောမျက်နှာဖြင့် ရှောင်အန်းလဲ့ရှေ့သို့ရောက်လာပြီး သူမအား ထိတွေ့ရန်လက်လှမ်းလိုက်သော်လည်း သွေးများပေကျံနေသော အဝတ်အစားကိုမြင်လိုက်ရသည့်အခါ လက်ကိုပြန်ရုတ်လိုက်၏။ သူမသည် ရှောင်အန်းလဲ့အားကြည့်ကာ ကြိုးစားပြုံးပြလိုက်ရသည်။
"သမီးပြန်ရောက်လာတာကောင်းတာပေါ့ကွယ်၊ သမီးပျောက်နေတဲ့ ဒီနှစ်တွေအတောအတွင်း အမေ့မှာသမီးကိုမလွမ်းတဲ့ရက်မရှိခဲ့ပါဘူး၊ အခုသမီးပြန်ရောက်လာပြီဆိုတော့ အိမ်တော်မှာပဲ အေးအေးဆေးဆေးနေလိုက်တော့နော်"
"အဒေါ် အစ်ကိုကြီး ဒါညီမအန်းလဲ့လား ညီမလဲ ခရီးပန်းလာရောပေါ့၊ အိမ်ထဲဝင်ပြီးစကားပြောကြရအောင်လေ"
စူးကျင်းရုံပြောပြီးသည်နှင့် သခင်မရှောင်အား တွဲကူပေးရန်လက်လှမ်းလိုက်သည်။ သခင်မရှောင် ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်၏။ သူမသမီးအရင်းပျောက်ဆုံးနေသည်မှာ ဆယ်နှစ်ကြာခဲ့ပြီဖြစ်ပြီး ယခုသွေးနံ့များရနေသည့် အနီရောင်ဝတ်စုံနှင့်ပြန်တွေ့လိုက်ရချိန်တွင် အနားကပ်လိုက်သည်နှင့် ထူးဆန်းသောအနံ့တစ်ခုကို ရလိုက်သလိုခံစားမိသည်။
သူမစိတ်ထဲရှိမသက်မသာဖြစ်မှုကို ဖိနှိပ်ထားသော်လည်း အပြုံးကိုဆက်ထိန်းထားရန် မနည်းကြိုးစားနေရကာ အမြန်ပြောလိုက်သည်။
"လိမ္မာတဲ့ကလေး ကြည့်ပါဦး ညစ်ပတ်နေတာပဲ၊ အမေနဲ့အတူ အိမ်ထဲကိုအမြန်လိုက်ခဲ့"
ရှောင်အန်းလဲ့မျက်နှာထားမှာ ထူးဆန်းနေသည်။ သွေးများဖြင့်နီရဲနေသော သူမအဝတ်အစားများကို ငုံ့ကြည့်လိုက်၏။ သူမသတိရလာချိန်တွင် သူမခြေလက်များ၌ဝိညာဉ်နှင်သံများ ရိုက်သွင်းခံထားရပြီး သွေးများလည်း ခန်းခြောက်လုနီးပါးဖြစ်နေခဲ့သည်။
မူလက ဤအဝတ်အစားမှာ အဖြူရောင်ဖြစ်ပြီး လတ်ဆတ်သောသွေးများဖြင့် စွန်းထင်းသွားသောကြောင့်သာ အနီရောင်ဖြစ်နေခြင်းပင်။ သူမသည် သူတို့နောက်မှလိုက်ကာ ရှောင်းအိမ်တော်အတွင်းသို့ ဝင်ရောက်လာပြီး အိမ်တော်ကို သတိထားကာအကဲခတ်လိုက်သည်။
သခင်မရှောင်သည် သူမနေထိုင်ရန်အတွက် တင်းဖုန်းဆောင်ကို ချက်ချင်းပြင်ဆင်ခိုင်းလိုက်၏။ သူမသည် နောက်သို့လှည့်ကာ ရှောင်အန်းလဲ့ထံ ချစ်ခင်ကြင်နာသောအမူအရာဖြင့် ပြန်ကြည့်လိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ ရှောင်းအန်းလဲ့နှင့်အတော်လှမ်းလှမ်းတွင် ခပ်ခွာခွာနေလိုက်တော့သည်။