အခန်း (၃-၄)
Vol. 1 Ch. 3-4
3
"အစေခံတွေနောက်လိုက်သွားပြီး အရင်ရေမိုးချိုးသန့်စင်လိုက်ဦးနော်၊ သမီးသန့်ရှင်းသွားပြီဆိုမှ သားအမိတွေ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် သူမသည် ရှောင်ချန်ဖုန်းအားကြည့်ကာ ဆက်ပြောလိုက်သည်။
"သားလဲသွားစရာရှိတာ သွားတော့လေ၊ မင်းသားခွန်က ဒီနေ့အိမ်တော်ကိုရောက်နေတယ်တဲ့၊ မင်းသားခွန်နဲ့ သားရဲ့ညီလတ်က လေ့ကျင့်ရေးကွင်းမှာရောက်နေကြပြီ၊ သူများတွေက အမေတို့ကိုဧည့်ဝတ်ကျေပွန်မှုမရှိဘူးလို့ အထင်မလွဲခင်မြန်မြန်သွားကြည့်ချေ၊ သမီးလေးလဲသန့်ရှင်းရေးလုပ်ပြီး သားအဖေ နေ့လည်ရုံးတော်ကပြန်ရောက်လာရင် အမေတို့မိသားစုတွေ ထမင်းလက်ဆုံစားကြတာပေါ့"
ရှောင်ချန်ဖုန်း ခေါင်းငြိမ့်ပြလိုက်ပြီး ရှောင်အန်းလဲ့ထံတစ်ချက်ကြည့်လိုက်သည်။ ရှောင်အန်းလဲ့မှာတော့ ဂရုမစိုက်သော်လည်း သွေးများပေကျံနေသော အဝတ်အစားများမှာ နေရထိုင်ရအမှန်ပင်ခက်ခဲလှ၏။ ရှောင်ချန်ဖုန်းထွက်သွားသည်နှင့် စူးကျင်းရုံသည် ရှောင်းအန်းလဲ့ကို အထင်တသေးမျက်လုံးများဖြင့် စုန်ချည်ဆန်ချည်ကြည့်ရှုလိုက်ပြီးနောက် ရှောင်အန်းလဲ့လက်ထဲမှထီးကို လှောင်ပြောင်သရော်သည့်အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"ညီမလေးက ဘာလို့ဆီစိမ်စက္ကူထီးကြီးကိုင်ထားရတာလဲ၊ နေလောင်ပြီး အသားမည်းသွားမှာ ကြောက်လို့လား"
တစ်စွန်းတစ်စကြားသိရသော စကားများအရ မူလခန္ဓာကိုယ်ပိုင်ရှင်သည် ငယ်စဉ်ကတည်းမှ ပျောက်ဆုံးသွားပြီး ဘုန်းကြီးကျောင်းရှိ တာအိုဆရာတစ်ဦး၏မွေးစားခြင်းကိုခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် မူလကတည်းမှ သူမအသားအရေမှာ ဖြူဝင်းနေခြင်းမရှိပေ။ အသားမည်းသွားမည်ကို အဘယ်ကြောင့်ကြောက်နေရဦးမည်နည်း။ ရှောင်အန်းလဲ့ သူမလက်ထဲမှ ထီးကိုမြှောက်ပြလိုက်ပြီး သူမကိုစိုက်ကြည့်လိုက်သည်။
"အသားမည်းမှာကြောက်တာ မဟုတ်ပါဘူး၊ ကျွန်မရဲ့ဒီထီးက သာမန်မဟုတ်လို့ပါ၊ အစုအပုံသင်္ချိုင်းဟောင်းထဲက လူသေအရိုးတွေနဲ့လုပ်ထားတာလေ၊ နေ့ခင်းဘက်ကိုင်ထားရင် အရမ်းအေးတာ၊ ရှင်ကတော့ ဒီထီးကိုလိုမှာမဟုတ်ပါဘူး၊ ရှင့်နောက်မှာ သရဲနှစ်ကောင်ကတကောက်ကောက် လိုက်နေတာပဲဟာ"
ထိုသို့ပြောပြီးသည်နှင့် သူမအကြည့်များသည် စူးကျင်းရုံထံတည့်တည့်ကျရောက်သွားသည်။ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများ၊ မိုးမခရွက်သဏ္ဍာန် မျက်ခုံးများနှင့် သူမ၏အမူအရာမှာ စိတ်ကြီးဝင်နေဟန်ရ၏။ ဥပမာပေးရလျှင် ငှက်ကျားမှ စာကလေးအသိုက်ကို လုယူနေသည့်အလားပင်။ သို့သော်လည်း သူမထံ၌မူလခန္ဓာကိုယ်ပိုင်ရှင်၏အသက်ငှားရမ်းထားသော လက္ခဏာကို မတွေ့ရပေ။ ထို့ကြောင့် သူမသည် အသက်ခိုးယူသူမဟုတ်ချေ။ စူးကျင်းရုံ နှုတ်ခမ်းဆူလိုက်ပြီး သူမစကားကို လုံးဝမယုံကြည်ပေ။
သာမန်ဆီစိမ်စက္ကူထီးတစ်လက်ပဲဟာကို ဒီရှောင်အန်းလဲ့က တမင်သက်သက် ခြောက်လှန့်ဖို့ ပေါက်ကရတွေလျှောက်ပြောပြီး ခြိမ်းခြောက်နေတာသိသာနေတာပဲ။
"ဟင်း ဟင်း ညီမလေးက နောက်တတ်တာပဲ၊ အစ်မက အကြောက်အလန့်ကြီးတတ်တာမို့ အစ်မကိုမခြောက်ပါနဲ့နော်၊ ကဲပါ အစေခံလဲရောက်လာပြီဆိုတော့ ညီမလေး အစေခံနောက်ကိုလိုက်သွားလိုက်နော်"
ရှောင်းအန်းလဲ့ သူမထံဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်ပြီး သူမအကြည့်ကိုအပြင်ဘက်ဝင်းဆီသို့ပို့လိုက်သည်။
သခင်မရှောင်မှာ မင်းသားခွန်ရောက်နေပြီး အပြင်ဘက်ဝင်း၌ရှိနေသည်ဟုဆိုခဲ့သည်ကို သူမမှတ်မိ၏။
ထိုအချိန်တွင် ဘဲဥပုံမျက်နှာ၊ သက်ဝင်လှုပ်ရှားနေသော ဗာဒံစေ့မျက်လုံးများနှင့် ငန်းဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ဦးသည် တင်းဖုန်းဆောင်မှထွက်လာပြီး သူမထံဝေ့ဝဲကြည့်ရှုလိုက်သည်။ ရှောင်ကျားဟော်သည် ယပ်တောင်ဝိုင်းလေးဖြင့် နှာခေါင်းကိုအုပ်ထားကာ တောက်ပသောမျက်လုံးများဖြင့် ရှောင်အန်းလဲ့အား အကဲခတ်ကြည့်လိုက်သည်။
"နင်က ငါ့ရဲ့ပျောက်နေတဲ့အစ်မလား၊ ဘာလို့ ငါနင့်ကို နည်းနည်းလေးမှမမှတ်မိရတာလဲ"
ဤကောင်မလေးမှာ မူလခန္ဓာကိုယ်ပိုင်ရှင်ထက် နှစ်နှစ်ငယ်သည်။ မူလပိုင်ရှင် ပျောက်ဆုံးသွားချိန်၌ ငါးနှစ်သမီးအရွယ်ဖြစ်ကာ သူမလေးသည်သုံးနှစ်သမီးအရွယ်ကလေးတစ်ယောက်သာဖြစ်၍ မမှတ်မိသည်မှာဖြစ်နိုင်၏။
"အဲ့တုန်းက နင်ကငယ်သေးတော့မမှတ်မိတာ ဆန်းတော့မဆန်းပါဘူး၊ ငါတောင် နင့်နာမည်ကိုမေ့နေပြီ"
"ငါ့နာမည်က ရှောင်ကျားဟော်၊ နင့်ကိုယ်ပေါ်က ဘာအနံ့ကြီးလဲ နံလိုက်တာ"
ရှောင်အန်းလဲ့ ပြုံးလိုက်သည်။ ဤကောင်မလေးထံတွင်လည်း အသက်ငှားရမ်းထားသည့် လက္ခဏာမရှိပေ။ ဒါကြောင့် သူမ,မဖြစ်နိုင်ချေ။ သူမလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။
"ဒါဆို နင်မြန်မြန်သွားလဲလိုက်တော့"
"ဝမ်းကွဲအစ်မရေ မင်းသားခွန်ရောက်နေတယ်တဲ့ သွားတွေ့ချင်လား၊ အစ်မနဲ့မင်းသားခွန်က စေ့စပ်ထားတာပဲကို ရှေ့ဘက်ကိုသွားပြီး သူတို့ဘာကစားနေကြလဲ သွားကြည့်ကြရအောင်"
ရှောင်ကျားဟော်ပြောလိုက်သည်နှင့် စူးကျင်းရုံမျက်နှာ တောင့်တင်းသွားသည်ကိုမြင်လိုက်ရပြီး သူမသည် ရှောင်အန်းလဲ့ထံ အလျင်အမြန်လှမ်းကြည့်လိုက်သည်။ သူမမျက်လုံးများအား ကစားလိုက်ပြီးပြောလိုက်၏။
"တစ်ကယ်တော့ မင်းသားခွန်နဲ့စေ့စပ်ထားတာက ဝမ်းကွဲညီမလေးနဲ့ပါ၊ ဝမ်းကွဲညီမလေးကို ရှာမတွေ့ခဲ့လို့သာ အဒေါ်က အစ်မကို ဒီလက်ထပ်ပွဲလက်ခံခိုင်းခဲ့တာ၊ အခုညီမလေးပြန်ရောက်လာပြီဆိုတော့ မင်းသားခွန်ကို သွားမတွေ့ချင်ဘူးလား၊ ညီမလေးသာ မင်းသားခွန်ကို သဘောကျတယ်ဆိုရင် အစ်မက လုံးဝလုယူမှာမဟုတ်ပါဘူး"
ချင်းရှုရန်သည် သူမဘေးတွင်ဝဲပျံရင်း မကျေမနပ် ရေရွတ်လိုက်သည်။
"ဒီမြေခွေးမလေးက ဆရာသခင်ရဲ့လက်ထပ်ပွဲကို လုချင်နေတာသိသာလိုက်တာ၊ မင်းသားခွန်နဲ့ စေ့စပ်ထားတာက ဆရာသခင်လေ၊ ဘာကိစ္စသူ့ကို ပေးရမှာလဲ၊ ဆရာသခင်ရဲ့ညီမငတုံးလေးကို ပေးလိုက်တာကမှ သူ့ဆီပေးလိုက်တာထက် ပိုကောင်းဦးမယ်"
ရှောင်အန်းလဲ့ ချင်းရှုရန်ကိုတစ်ချက်ကြည့်လိုက်သည်။
စူးကျင်းရုံမှာ သူမနားမလည်ဘူးဟု ရှောင်အန်းလဲ့ ပြောသည်ဟုထင်မှတ်သွားသည်။ ဘာကို နားမလည်ရမှာလဲ။ သူမအမြင်အရတော့ ရှောင်အန်းလဲ့ပြန်လာခြင်းသည် ဤလက်ထပ်ပွဲကို လုယူဖို့သက်သက်သာဖြစ်၏။ ထိုသို့သာမဟုတ်ပါလျှင် သူ့ဆရာတာအိုဆရာကြီးမှာ ဘာကြောင့်သူ့ကိုစောစောစီးစီး ပြန်မပို့ရပါသနည်း။
နောက်တစ်လနေလျှင် သူမမှာမင်းသားခွန်နှင့် လက်ထပ်ရတော့မည်ပင်။ ဤအချိန်မှပြန်ရောက်လာခြင်းမှာ ဘာသဘောဖြစ်သနည်း။ ကံကောင်းထောက်မစွာပင် သူမနှင့်မင်းသားခွန်တို့ ချစ်ကြိုက်နေကြသည်မှာကြာပြီပင်။ တာအိုကျောင်းမှပြန်လာသည့် ဤတောသူမကို မင်းသားခွန်မှသဘောကျမည်ဟုသူမ,မယုံပေ။
"ညီမလေး ပြောတာမှန်ပါတယ်၊ အစ်မ နားမလည်ပါဘူး၊ ညီမလေးက မင်းသားခွန်ကို ပထမဆုံးအကြိမ်တွေ့ရမှာဆိုတော့ သေသေချာချာပြင်ဆင်သွားသင့်တာပေါ့၊ ဪ အဒေါ်ကလဲ ညီမလေးဘယ်တော့ပြန်ရောက်လာမလဲဆိုတာမသိတော့ အဝတ်အစားတွေ စီစဉ်မထားရသေးဘူး၊ အစ်မဆီမှာ အသစ်ချုပ်ထားတာတွေ အများကြီးရှိတယ်၊ ညီမလေး စိတ်မရှိဘူးဆိုရင် အစ်မဆီက ဝတ်စုံနှစ်စုံလောက်အရင်ယူဝတ်လိုက်ပါလား"
"နင်ကငါ့အဝတ်အစားတွေကို လိုချင်လို့လား၊ ငါတို့က ကိုယ်လုံးချင်းသိပ်မကွာတော့ နင်လိုချင်ရင် ငါအခုပဲသွားယူခိုင်းလိုက်မယ်လေ"
ရှောင်အန်းလဲ့ ခေါင်းငြိမ့်ပြလိုက်သည်။ ဤကောင်မလေးမှာ ရိုးသားဖြူစင်သူမို့ သူမအဝတ်အစားဆိုလျှင်တော့ လက်ခံနိုင်စရာရှိသည်။
"တစ်စုံလောက် ယူပေးပါ၊ ပိုက်ဆံရှိလာမှ ကိုယ့်ဘာသာဝယ်ဝတ်တော့မယ်"
စောစောကမှ သူမသတိရလိုက်သည်မှာ နဝမတော်ဝင်ဦးရီးတော်ထံတွင် သူမအသက်ကိုရှည်စေနိုင်သည့် ကုသိုလ်ရွှေရောင်အလင်းတန်းများရှိသော်လည်း ပိုက်ဆံကိုတော့ ကိုယ့်ဘာသာရှာဖွေရဦးမည်ဖြစ်သည်။ ထို့ကြောင့် အဝတ်အစားလဲ နေ့လယ်စာစားပြီးသည်နှင့် အပြင်ထွက်ကာ ပိုက်ဆံရှာရန်သူမဆုံးဖြတ်လိုက်၏။ ထိုစကားကိုကြားသော် စူးကျင်းရုံသဘောတကျရယ်လိုက်သည်။
"ညီမလေးရယ် ဘာတွေပြောနေတာလဲ၊ အိမ်တော်ကိုပြန်ရောက်လာမှတော့ စားတာ ဝတ်တာ သုံးတာ ဖြုန်းတာ အကုန်လုံးကို အိမ်တော်ကပဲ တာဝန်ယူပေးမှာပေါ့၊ မြို့စားမင်းအိမ်တော်က သခင်မလေးတစ်ယောက်အနေနဲ့ ကိုယ့်ဘာသာအပြင်ထွက်ပြီး ဝယ်စရာလိုလို့လား"
ရှောင်အန်းလဲ့၏စိတ်အာရုံမှာ ယခင်က ကျင့်ကြံခြင်း၌သာ ရှိခဲ့သည်။ ယခုသူမစကားကိုကြားလိုက်ရသော် ကျင့်ကြံလွန်း၍ကိုယ်ပဲအ,နေတာလား၊ ဒီမိန်းမကပဲရူးနေတာလားဟုပင် တွေးလိုက်မိ၏။ သူမကတော့ လုံးဝ မအ,ဘူး၊ ဒါဆို ဒီမိန်းမရူးနေတာ သေချာပြီ။
သနားစရာကောင်းလိုက်တာနော် ရုပ်ရည်လေးကလှပါရက်နဲ့ ဦးနှောက်ကမကောင်းရှာဘူး။
သူမအကြည့်မှာ စူးကျင်းရုံနောက်၌ဝဲပျံနေသော သရဲမနှစ်ကောင်ထံကျရောက်သွားသည်။ သူမဘေးနားရှိ ချင်းရှုရန်မှာမူ သွားရည်များပင်ကျနေပြီဖြစ်သည်။ ထိုသရဲမလေးများဆီ သူမခုန်အုပ်ချင်နေပြီလေ။
"ဒီနှစ်ကောင်မှာ ယုတ်ညံ့တဲ့အငွေ့အသက်တွေ အရမ်းပြင်းတာပဲ ငါစားချင်တယ်"
ရှောင်းအန်းလဲ့ သူမလက်ထဲမှထီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
"မဆင်မခြင် မလုပ်နဲ့၊ အစုအပုံသင်္ချိုင်းဟောင်းကနေ ထွက်လာပြီးကတည်းက နင်အခြားဝိညာဉ်တွေကို ဝါးမျိုခွင့်မရှိတော့ဘူး၊ နင်ကတစ္ဆေဘုရင်မဖြစ်နေပြီ၊ ထပ်စားရင် နင့်ကိုဝင်စားဖို့လွှတ်ပေးတဲ့အခါ ပိုခက်ခဲသွားလိမ့်မယ်၊ ခဏနေရင် နင့်ကို လက်စားချေဖို့ခေါ်သွားပေးမယ်"
လက်စားချေခွင့်ရမည်ဟု ကြားလိုက်ရသည်နှင့် ချင်းရှုရန်ချက်ချင်းငြိမ်ကျသွားသည်။ စူးကျင်းရုံနှင့် ရှောင်ကျားဟော်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး သူမတစ်ယောက်တည်း စကားပြောနေသည်ကို လုံးဝနားမလည်နိုင်ဖြစ်နေကြ၏။
ရှောင်အန်းလဲ့ ခေါင်းယမ်းပြလိုက်သည်။
"ဘယ်သူနဲ့မှ မပြောပါဘူး"
ရှောင်ကျားဟော် : ......
စူးကျင်းရုံ သူမဘေးပတ်ဝန်းကျင်၌ စိမ့်ကနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ တာအိုကျောင်းမှပြန်လာသည့် ဤဝမ်းကွဲညီမလေးထံတွင် မသန့်ရှင်းသည့်အရာများပါလာသည်မှာဖြစ်နိုင်၏။
"ညီမလေးလဲ မြန်မြန်ရေချိုးလိုက်ပါဦး၊ အစ်မတို့ သွားနှင့်တော့မယ်"
ထိုသို့ပြောပြီးသည်နှင့် သူမသည် ရှောင်ကျားဟော်ကိုအမြန်ဆွဲကာ ထွက်ခွာသွားတော့သည်။ ရှောင်အန်းလဲ့ သူမတို့ထွက်သွားသည်ကို ကြည့်နေလိုက်၏။ သရဲမနှစ်ကောင်လည်း သူမနောက်သို့လိုက်ပါသွားကြသည်။ အစောပိုင်းအပြင်မှာတုန်းက ထူးခြားမှုဘာမှမတွေ့ခဲ့ရရာ ဤသရဲမနှစ်ကောင်သည် အိမ်တော်ထဲမှအပြင်သို့ထွက်မရဘဲ အိမ်တော်ထဲမှာသာလှုပ်ရှားလို့ရခြင်းဖြစ်လိမ့်မည်။
သူမထီးကိုကိုင်ကာ အစေခံတုန်းထောင်နောက်သို့လိုက်ပြီး သူမအတွက်စီစဉ်ပေးထားသော အဆောင်သို့သွားလိုက်သည်။ ရေမိုးချိုးသန့်စင်ပြီးနောက် ရှောင်ကျားဟော် ပို့ပေးလိုက်သော အပြာရောင်ဝတ်စုံကို လဲဝတ်လိုက်ရာ အတော်လေးကြည့်ကောင်းနေသော်လည်း သူမဗိုက်ထဲမှနေအသံများထွက်ပေါ်လာ၏။
"ငါဗိုက်ဆာလို့ တစ်ခုခုစားချင်တယ်၊ အိမ်မှာ စားစရာရှိရင်ယူခဲ့ပေး"
တုန်းထောင် မတ်တပ်ရပ်လျက်ပင် နှုတ်ခမ်းမဲ့ကာဖြင့်ပြန်ပြောလိုက်သည်။
"နေ့လည်စာ စားချိန်မရောက်သေးပါဘူး၊ ပြီးတော့ အဆောင်တစ်ခုချင်းစီအတွက် မုန့်ပဲသရေစာကလဲ အကန့်အသတ်နဲ့ပဲရတာပါ၊ သခင်မလေး ဒီနေ့ပြန်ရောက်လာမယ်ဆိုတာကိုလဲ ကျွန်မတို့အစေခံတွေနဲ့မီးဖိုချောင်ကလူတွေမသိကြတော့ ဒီအဆောင်မှာဒီနေ့အတွက် ဘာမုန့်မှမရှိပါဘူး"
စိတ်ဝင်စားစရာပဲ တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်။
"ရိုင်းလိုက်တဲ့ အစေခံမလေး နင်ကငါ့ကိုမျက်လုံးထဲတောင်မထည့်ဘဲ သခင်ကိုနိုင်လိုမင်းထက်ပြုမူနေတာပဲ"
ရှောင်အန်းလဲ့ စားပွဲထက်မေးထောက်လျက် တိုးတိုးလေးပြောလိုက်သည်။
"ဝင်ပူးလိုက်"
ရှောင်အန်းလဲ့ ခွင့်ပြုလိုက်သည်နှင့် ချင်းရှုရန်သည် ချက်ချင်းပင်ပြုံးရွှင်သွားပြီး သူမဘေးပတ်လည်ရှိယင်စွမ်းအင်များပင်လျော့ပါးသွားတော့သည်။ သူမရှေ့ရှိ အစေခံမလေးမှာမူ မျက်လုံးများကိုကွယ်ရာတွင်လှန်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုစူထားသည်။
အခုမှပြန်ရောက်လာတဲ့ ဒီသခင်မလေးက ဦးနှောက်သိပ်မကောင်းဘူးထင်တယ်။ ဘာလို့ တစ်ယောက်တည်း စကားပြောနေရတာလဲ။
ရုတ်တရက် အေးစက်သောလေပြင်းတစ်သုတ် သူမမျက်နှာကိုဖြတ်တိုက်သွားပြီး ဆံပင်များလွှင့်ဝဲသွားတော့သည်။ အစေခံမလေးမှ ခေါင်းပြန်မော့ကြည့်လိုက်ချိန်တွင် သူမခန္ဓာကိုယ်ကို ချင်းရှုရန်မှဝင်ရောက်စီးနင်းပြီးဖြစ်နေလေပြီ။
စောစောက မောက်မာနေသောအစေခံမလေးသည် နောက်တစ်ခဏ၌ပင်ပြုံးရွှင်သွားပြီး နေရာတွင်လှည့်ပတ်နေကာ ပျော်ရွှင်သောအမူအရာ၊ ကြည်နူးသောအသံဖြင့်ပြောလာသည်ကို ရှောင်အန်းလဲ့ကြည့်နေလိုက်သည်။
"ဟီး ဟီး ဟီး ခန္ဓာကိုယ်ရှိရတာသိပ်ကောင်းတာပဲ၊ နောက်ဆိုရင်ရော ကျွန်မကို ခဏခဏခန္ဓာကိုယ်ဝင်ပူးခွင့်ပေးပါလား"
"ဘာတွေတွေးနေတာလဲ၊ ဝင်ပူးတယ်ဆိုတာက နင့်အတွက်ရော ကာယကံရှင်အတွက်ပါ မကောင်းဘူး၊ နင့်ရဲ့ယင်စွမ်းအင်နဲ့ သူ့ရဲ့ယန်စွမ်းအင်ကိုထိခိုက်စေတယ်၊ ဒါပေမယ့် နင့်ယင်စွမ်းအင်ထိခိုက်မှာကို ဂရုမစိုက်ဘူးဆိုရင်တော့ လူယုတ်မာတွေနဲ့တွေ့တဲ့အခါ ဝင်ပူးခွင့်ပေးပါ့မယ်၊ ဒါပေမယ့် နင့်ဆီမှာအငြိုးအတေးတွေ အရမ်းများလွန်းတယ်၊ ခဏခဏဝင်ပူးရင် နင့်ယင်စွမ်းအင်ပျက်စီးပြီး အငြိုးအတေးတွေကြောင့် နင်ရူးသွားလိမ့်မယ်"
ချင်းရှုရန် ကိုယ့်ကိုယ်ကိုတင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
"ဒါဆိုရင် မလုပ်တော့ပါဘူး၊ ဒီယင်စွမ်းအင်လေးကို လက်စားချေဖို့ ချန်ထားရဦးမယ်၊ စကားမပြောတော့ဘူး ကျွန်မ သခင်မလေးအတွက် စားစရာတွေ အခုချက်ချင်းသွားယူပေးမယ်"
ထိုသို့ပြောပြီးသည်နှင့် သူမသည်နောက်လှည့်သွားပြီး မျက်လုံးထဲတွင်စိတ်လှုပ်ရှားရိပ်များဖြတ်ပြေးသွားကာ ခုန်ပေါက်၍ထွက်ခွာသွားတော့သည်။
4
သူမပြန်ရောက်လာသောအခါ လက်ထဲတွင် ထမင်းဘူးတစ်လုံးပါလာပြီး အဖုံးဖွင့်လိုက်သည်နှင့် အတွင်း၌ စားကောင်းသောက်ဖွယ်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
"သခင်မလေး ကျွန်မယူလာတဲ့ အစားအသောက်တွေကိုကြည့်ပါဦး၊ အစေခံလို့သာပြောရတာ ဒီကိုယ်ကသခင်မရှောင်ရဲ့ဘေးက ဒုတိယတန်းစားအစေခံလေ၊ မီးဖိုချောင်ကို တစ်ချက်လှမ်းပြောလိုက်ရုံနဲ့တင် စားစရာတွေအကုန်လုံး ထည့်ပေးလိုက်တာပဲ"
ရှောင်အန်းလဲ့ သူမကိုချီးကျူးလိုက်သည်။
"တော်တယ်"
ချင်းရှုရန်က သူမသွားလေးများပေါ်သည်ထိ အားပါးတရပြုံးပြလိုက်သည်။ ပင်လုံးကြိုင်ကိတ်မုန့်လေးကိုစားရင်း ရှောင်အန်းလဲ့မှာပိုက်ဆံဘယ်လိုရှာရမည်ကို တွေးနေလိုက်၏။ ပိုက်ဆံမရှိလျှင် သူမအတွက်အရာရာခက်ခဲနေမည်ပင်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ဝိညာဉ်ကို ရှာဖွေရသည်မှာ ခက်ခဲသလို သူမထံမှအသက်ငှားသွားသူကို ရှာဖွေရန်မှာပို၍ပင်ခက်ခဲမည်ဖြစ်သည်။
ပိုက်ဆံ ပိုက်ဆံဆိုတာ တစ်ကယ်ကိုကောင်းတဲ့အရာပဲ။ သူမအရင်ဘဝက ဝိညာဉ်ကျောက်တုံးမရှိဘဲ ကျင့်ကြံလို့မရခဲ့သလိုမျိုးပေါ့။ ရုတ်တရက် အပြင်ဘက်မှဆူညံသံများကို သူမကြားလိုက်ရသည်။
"သခင်မလေး မူးလဲသွားပြီ၊ သခင်မကို မြန်မြန်သွားပြောကြ၊ သမားတော်ကိုပါသွားပင့်ခဲ့ကြလေ"
တံခါးဝမှချောင်းကြည့်နေသော ချင်းရှုရန်ကို ရှောင်အန်းလဲ့လှမ်းကြည့်လိုက်သည်။
"သူကို သရဲမနှစ်ကောင်နဲ့နင်တွေ့ပေးလိုက်တာလား"
ချင်းရှုရန် ရှောင်အန်းလဲ့ထံ ချက်ချင်းပင် မျက်နှာချိုသွေးကာပြုံးပြလိုက်သည်။
"စောစောက ကျွန်မသွားတော့ သူက အစေခံကောင်မလေးကို ဆွဲဆိတ်နေတာတွေ့လိုက်တယ်လေ၊ အဲ့တာကြောင့်သူ့ပုခုံးပေါ်က မီးကိုမှုတ်ထုတ်ပေးလိုက်ရုံပါ၊ ဒါပေမယ့် ကျွန်မရဲ့ယင်စွမ်းအားတွေ အများကြီးကုန်သွားတယ်"
သူမသည် စွမ်းဆောင်ရည်ကြီးကြီးမားမားတစ်ခု လုပ်ဆောင်နိုင်ခဲ့သည့်အလား ပြောနေလေသည်။ ရှောင်အန်းလဲ့ မျက်နှာထားတန့်သွားရ၏။ လူတစ်ယောက်၏ယန်မီးတောက်ကိုငြိမ်းသတ်နိုင်ဖို့အတွက် ဤချင်းရှုရန်ဆိုသည့် သရဲမမှာ အစုအပုံသင်္ချိုင်းဟောင်းထဲ၌ ဝိညာဉ်ဘယ်နှကောင်တောင် စားသုံးခဲ့ပါသနည်း။ သူမဗိုက်ဝသွားပြီဖြစ်၍ မတ်တပ်ရပ်လိုက်ပြီး အရိုးဖြူထီးကို ယူကာ အပြင်သို့ထွက်လာလိုက်သည်။ ပိုက်ဆံရှာဖို့နဲ့ ကုသိုလ်ယူဖို့က အရေးကြီးဆုံးပဲလေ။
"သွားစို့ ငါနင့်ကိုလက်စားချေပေးမယ်၊ နင်ဘယ်လိုသေခဲ့ရတာလဲဆိုတာ ပြောပြဦး"
ချင်းရှုရန်သည် အစေခံမလေးခန္ဓာကိုယ်ထဲမှ ချက်ချင်းပင်ထွက်လာပြီး အရိုးဖြူထီးထဲသို့ လျှောကနဲဝင်ရောက်သွားသည်။
"ကျွန်မက တုံးအလွန်းလို့ သေခဲ့ရတာပါ"
ရှောင်းအန်းလဲ့ :"နင်သေတဲ့ပုံစံက တော်တော်ဆန်းတာပဲ လက်စားချေဦးမှာလား"
"ချေရမှာပေါ့၊ ကျွန်မအဖေကတော်ဝင်ကုန်သည် ချင်းမန်ကွမ်းလေ၊ မှတ်မိပါသေးတယ် ကျွန်မဘုန်းကြီးကျောင်းသွားတုန်းက လူရမ်းကားတွေနဲ့တွေ့တဲ့အချိန် သခင်လေးဖုန်းက နတ်ဘုရားတစ်ပါးလို ရောက်လာပြီး ကယ်တင်ပေးခဲ့တာ၊ သူက မြင်းပေါ်ကနေ ကျွန်မကိုပွေ့ဖက်ပြီး နှစ်ယောက်သားအတူတူမြင်းစီးသွားခဲ့ကြတာလေ၊ ပြီးတော့ သူက ကျွန်မကိုကြိုက်တယ်လို့လဲ ပြောတယ်၊ ကျွန်မလဲ သူ့ကိုတိတ်တခိုးလေးပြန်ကြိုက်မိသွားတာပေါ့၊ ဒါပေမယ့် အဖေက သဘောမတူခဲ့ဘူး၊ သူက ကျွန်မကို ခိုးပြေးမယ်လို့ ပြောတယ်၊ ကျွန်မ ရင်တွေခုန်ပြီးပျော်လိုက်ရတာလေ၊ သူ့အနားမှာရှိနေရသရွေ့ ကျွန်မက,ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးလူသားလို့တောင်ခံစားခဲ့ရတာ၊ အိမ်ကထွက်လာတော့ ကျွန်မဆီမှာ တန်ဖိုးကြီးပစ္စည်းတွေ အများကြီးပါလာသလို အမေဘုန်းကြီးကျောင်းမှာ ဇာတာတွက်ပြီး ကျွန်မအတွက် ပြင်ဆင်ပေးထားတဲ့ မင်္ဂလာဝတ်စုံကိုလဲ ခိုးလာခဲ့သေးတယ်၊ ဒါပေမယ့် လမ်းတစ်ဝက်ရောက်တော့ သူကကျွန်မခိုးလာတဲ့ ဖီးနစ်သရဖူနဲ့ဝတ်ရုံကို ဝတ်ခိုင်းတယ်၊ ကျွန်မလဲဝတ်လိုက်တာပေါ့၊ သူ သူကလူမဟုတ်ဘူး တိရစ္ဆာန်ကောင် တစ်ကယ့်တိရစ္ဆာန်ကောင်ပဲ၊ သူ့ကို သတ်ချင်တယ် သတ်ပစ်ချင်တယ်"
"စိတ်ကိုငြိမ်ငြိမ်ထားပြီး ဆက်ပြော၊ သူနင့်ကို ဘာလုပ်ခဲ့တာလဲ"
"သူကကျွန်မကို ကျူးလွန်ခဲ့တယ်၊ ကျွန်မငြင်းဆန်တာကို ဂရုမစိုက်ဘဲ လူပြတ်တဲ့တောထဲမှာ အနိုင်ကျင့်ခဲ့တာ၊ အဲ့အချိန်တုန်းက သူ့ဆီမှာညှာတာမှုဆိုတာမရှိခဲ့လို့ တစ်ခုခုမှားနေပြီဆိုတာ ကျွန်မသိလိုက်ရတယ်၊ သူက အဲ့လိုလူမျိုးမဖြစ်သင့်ဘူးလေ၊ သိက္ခာရှိပြီး ကျက်သရေရှိတဲ့လူတစ်ယောက်ဖြစ်နေသင့်တာ၊ ဘယ်လိုလုပ် လူပြတ်တဲ့တောထဲမှာ ဒီလိုလုပ်ရက်ရတာလဲ၊ အဲ့အချိန်တုန်းက သူစိတ်မထိန်းနိုင်လို့ဖြစ်သွားတယ်လို့ပဲ ကျွန်မထင်ခဲ့မိတာ၊ ဒါပေမယ့် သူကတခြားလူတွေကိုပါ ခေါ်လာလိမ့်မယ်လို့ ကျွန်မထင်မထားမိခဲ့ဘူး၊ အဲ့လူနှစ်ယောက်က တိရစ္ဆာန်တွေ သူလဲအတူတူပဲ၊ သူတို့သုံးယောက်လုံးက တိရစ္ဆာန်တွေ အားးးး သူတို့က တိရစ္ဆာန်တွေ အဲ့ညက ကျွန်မအရှက်ခွဲခံရရုံတင်မကဘူး သူတို့ကကျွန်မကို အလွှတ်မပေးကြဘူး၊ သူတို့က ကျွန်မကို အစုအပုံသင်္ချိုင်းဟောင်းဆီဆွဲခေါ်သွားပြီး မသေမချင်းရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတယ်၊ သူတို့က မိစ္ဆာကောင်တွေ၊ ကျွန်မသေသွားတာလဲမြင်ရော အဲ့တာအိုဆရာက ကျွန်မဝိညာဉ်ကိုထုတ်ပြီး အစုအပုံသင်္ချိုင်းဟောင်းထဲမှာတင် ချုပ်နှောင်ထားခဲ့တာ၊ အဲ့ထဲမှာ ကျွန်မဘယ်လောက်ပဲငိုယိုအော်ဟစ်နေပါစေ ဘယ်လိုမှရုန်းထွက်လို့မရခဲ့ဘူး၊ နောက်တော့ တခြားသရဲတွေကကျွန်မကို အနိုင်ကျင့်ကြတယ်၊ သူတို့ကကျွန်မကို ကိုက်ချင်နေကြတာလေ၊ မချိမဆန့်အောင်ကို နာကျင်ရတဲ့ထိ သူတို့က ကျွန်မဝိညာဉ်ကို စားခဲ့ကြတယ်၊ အဲ့တာအိုဆရာပြောခဲ့တာက ကျွန်မသာအဲ့သရဲတွေကို ပြန်မစားဘူးဆိုရင် သူတို့စားတာကိုခံရလိမ့်မယ်တဲ့၊ ပြီးတော့ သူတို့က ချင်းမိသားစုကိုဒုက္ခပေးမယ်လို့လဲ ပြောကြသေးတယ်၊ ကျွန်မစိတ်ပူသွားလို့ အပြင်ထွက်ပြီးသူတို့ကို တားချင်ပေမယ့် မရခဲ့ဘူး၊ ကျွန်မမှာလဲ ရွေးချယ်စရာမရှိတော့ဘူးလေ၊ သူတို့ကလာကိုက်ရင် ကျွန်မလဲပြန်ကိုက်တယ်၊ တစ်နှစ်အတွင်းမှာပဲ အစုအပုံသင်္ချိုင်းဟောင်းထဲက သရဲတွေအကုန်လုံးကို ကျွန်မစားပစ်လိုက်မိတာပဲ၊ အဲ့တာအိုဆရာက ငါးနှစ်ကြာရင် ကျွန်မကိုပြန်လာခေါ်မယ်တဲ့၊ အဲ့အချိန်ကျရင် ကျွန်မကသရဲစစ်သူကြီးတစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်အောင်ထိ စွမ်းအားကြီးလာလိမ့်မယ်လို့ပြောတယ်"
အဝတ်အစားလဲပြီး အရိုးဖြူထီးကိုဆောင်းကာထွက်လာသော ရှောင်အန်းလဲ့မှာ ရုတ်တရက်တွေးလိုက်မိသည်။
"ဒါဆို အစုအပုံသင်္ချိုင်းဟောင်းထဲ ငါ့ကိုခေါင်းတလားထဲထည့်ပိတ်ခဲ့တာ ဘယ်သူလဲဆိုတာ နင်မြင်လိုက်လား"
"မြင်တာပေါ့ ငါးနှစ်ကြာရင် ကျွန်မကိုပြန်လာခေါ်မယ်လို့ပြောတဲ့ အဲ့တာအိုဆရာကြီးပဲလေ၊ ဆရာသခင်သေတာက ကျွန်မရောက်ပြီးသုံးနှစ်မြောက်မှာပဲ၊ ဒီနှစ်အတောအတွင်း သူကလူတွေအများကြီးကို အဆက်မပြတ်ပို့နေတာ၊ ဒါပေမယ့် ဆရာသခင်တစ်ယောက်တည်းပဲ ခေါင်းတလားထဲ ထည့်ခံရတာ၊ ကျန်တဲ့လူတွေအကုန်လုံးက ကျွန်မလိုပဲ အစုအပုံသင်္ချိုင်းဟောင်းထဲကို ဒီတိုင်းပစ်ချခံရတာလေ၊ အဲ့တုန်းကဆို ဆရာသခင်ကခေါင်းတလားနဲ့နေရလို့ ကျွန်မအားကျခဲ့ရသေးတယ်"
ရှောင်းအန်းလဲ့သည် ချင်းရှုရန်လမ်းပြရာနောက်သို့ ထီးဆောင်းလျက်လိုက်ပါရင်း တော်ဝင်ကုန်သည်ချင်းမိသားစုဆီသို့ ဦးတည်သွားနေသည်။
ပိုက်ဆံရှာရန်တွေးမိလိုက်သောကြောင့် သူမလမ်းကြောင်းပြောင်းပြီး ကျောက်အိမ်တော်ဘက်သို့ ဦးတည်လိုက်သည်။
ချင်းရှုရန်လည်း ရှောင်းအန်းလဲ့ဘေးမှ လိုက်ပါလာ၏။ သူမသည် စွမ်းအားကြီးသရဲမိစ္ဆာတစ်ကောင်ဖြစ်နေပြီဖြစ်၍ အိမ်တော်အတွင်းမှ ပုံမှန်မဟုတ်သော အခြေအနေကိုသတိပြုမိလေသည်။
သူမအနေဖြင့် အိမ်ပြန်ရန်အလောမကြီးပေ။ အဓိကအကြောင်းရင်းမှာတော့ မျက်နှာမပြရဲသောကြောင့်သာဖြစ်သည်။ ယခုအချိန်တွင် သူမစိတ်လှုပ်ရှားစွာဖြင့် လက်များကိုပွတ်သပ်နေလိုက်၏။
"ဒီကျောက်မိသားစုက အခွန်ဝန်ကြီးမိသားစုလေ၊ သူတို့က အရမ်းချမ်းသာတာ၊ ကျွန်မတို့သာ မကောင်းဆိုးဝါးအငွေ့အသက်တွေကို ဖြေရှင်းပေးနိုင်ရင် သူတို့ကပိုက်ဆံအများကြီးပေးမှာ သေချာတယ်"
ရှောင်အန်းလဲ့ သူမဘက်သို့လှည့်ကာ အလေးအနက်ထားပြောလိုက်သည်။
"ငါတစ်ယောက်ထဲပါနော် ငါတို့မဟုတ်ဘူး"
ချင်းရှုရန် သဘောတကျရယ်လိုက်သည်။
"အဲ့လိုမလုပ်ပါနဲ့ ကျွန်မလဲကူညီပေးနိုင်ပါတယ်၊ ကျွန်မက တစ္ဆေဘုရင်မလေ အစုအပုံသင်္ချိုင်းဟောင်းထဲမှာ သုံးနှစ်လောက် အကျဉ်းချခံထားရတာဆိုတော့ သာမန်သရဲတွေထက်ပိုစွမ်းတယ်နော်၊ ပြီးတော့လေ ဟီး ဟီး ဟီး ဆရာသခင်သာပိုက်ဆံရရင် ကျွန်မကိုပါအမွှေးတိုင်နဲ့စက္ကူပိုက်ဆံလေးတွေ ဝယ်ပေးလို့ရတာပေါ့၊ ကျွန်မအဲ့လိုပစ္စည်းကောင်းတွေ တစ်ခါမှမသုံးဖူးသေးဘူး၊ ကျွန်မလို အစေခံလေးက သိပ်သနားဖို့ကောင်းတာပဲနော်"
သူမပြောသည်ကိုကြားသော် ရှောင်အန်းလဲ့ သူမသရဲအများကြီးစားခဲ့သည်ကို တွေးမိလိုက်သည်။ သူမအတွက်လက်စားချေပေးခဲ့လျှင်တောင် သူမအားကျွတ်လွတ်စေရန်လုပ်ပေးနိုင်ပါ့မလားဆိုသည်မှာ မသေချာသောကြောင့် အလေးအနက်ထားစဉ်းစားလိုက်၏။
"မိန်းကလေး ဘယ်သူ့ကိုရှာချင်လို့လဲ၊ အိမ်တော်ဝင်ခွင့်ကတ်ပြားပါလာလား"
ရှောင်းအန်းလဲ့သည် ရေမိုးချိုးကာပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏အေးစက်တည်ငြိမ်သောအမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည်သာမန်မဟုတ်သောဂုဏ်သရေရှိအိမ်တော်မှ သခင်မလေးတစ်ဦးကဲ့သို့ ထင်မှတ်ရ၏။
"ရှင်တို့သခင်မကြီးကို လာရှာတာပါ၊ အိမ်တော်ဝင်ခွင့်ကတ်ပြားတော့ မပါဘူး၊ ဒါပေမယ့် စကားတစ်ခွန်းလောက် သွားပြောပေးပါ၊ ကျွန်မက ရှင်တို့သခင်လေးကို ကယ်ပေးနိုင်တယ်လို့"
တံခါးစောင့်မှာ သူမထံအံ့သြရိပ်တို့ဖြင့်ကြည့်လိုက်ပြီး နှစ်စက္ကန့်တောင်မကြာလိုက်ဘဲ တံခါးကိုဝုန်းကနဲပိတ်ချပစ်လိုက်သည်။ ချင်းရှုရန် နှာခေါင်းရှုံ့လိုက်၏။
"ဆရာသခင် သူတို့ဘာဖြစ်နေကြတာလဲဆိုတာ ကျွန်မဝင်ကြည့်လိုက်မယ်"
ရှောင်းအန်းလဲ့ တံခါးဝတွင်ငြိမ်သက်စွာပင် ရပ်နေသည်။ ခဏနေလျှင်တံခါးပွင့်လာမည်ကို သူမတွက်ချက်ပြီးသားပင်။
"နေဦး တံခါးက သူ့ဘာသာပြန်ပွင့်လာလိမ့်မယ်"
လမ်းထောင့်မှနေ၍ ငွေဖြူရောင်ကြိုးကြာဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးမှာ မြင်းစီးလျက်ဝင်ရောက်လာသည်။ ရွှေရောင်အလင်းတန်းများမှာ ရှောင်အန်းလဲ့မျက်လုံးထဲတွင် တောက်ပသွားရ၏။ စိတ်ရိုင်းဝင်နေသောမြင်းကို ထိန်းချုပ်လိုက်သည့် နဝမတော်ဝင်ဦးရီးတော်ပင် ဖြစ်သည်။ ထိုလူနီးကပ်လာသည်နှင့်အမျှ သူမသိစိတ်ပင်လယ်ထဲရှိ ရွှေရောင်ကုသိုလ်အလင်းတန်းလေးမှာ ဂနာမငြိမ်ဖြစ်လာတော့၏။ သူ့ဆီမှာရှိနေတာ နေမင်းကြီးပမာဏဆိုလျှင် သူမဆီရှိနေသည်မှာ နှမ်းစေ့လေးမျှသာပင်။ ဒီကွာခြားချက်က တစ်ကယ်ကိုလက်ခံနိုင်စရာမရှိဘူးပဲ။ နောက်ဆုံး ထိုလူအနားရောက်လာချိန်တွင် သူမခန္ဓာကိုယ်ထဲရှိ ရွှေရောင်ကုသိုလ်အလင်းတန်းလေးမှာ +1+1+1+1 ဆိုပြီး တိုးပွားလာတော့သည်။ ထို့နောက် သူဖြတ်သွားသည်ကိုသူမငေးကြည့်နေမိ၏။
သူ့နောက်ကိုလိုက်သွားပြီး ကုသိုလ်အလင်းတန်းလေးတွေ နည်းနည်းလောက်ထပ်ယူချင်လိုက်တာ။
ဒါပေမယ့် မဖြစ်သေးဘူး သူမပိုက်ဆံရှာရဦးမယ်။
ယဲ့မင်းသား သူမအနားမှဖြတ်သွားသည်ကိုသာ ငေးကြည့်နေလိုက်ရသည်။
"ခုနကကျ သူ့နောက်လိုက်ချင်တယ်ဆို အခုဘာလို့မလိုက်တော့တာလဲ"
ရှောင်အန်းလဲ့ ကျောက်အိမ်တော်တံခါးမကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
ချင်းရှုရန် : "လိုချင်တာပေါ့ လိုချင်တာပေါ့၊ အဲဒါတွေသာရပြီးလို့ ခင်ပွန်းတစ်ယောက်နှစ်ယောက်လောက်သာ မီးထပ်ရှို့ပေးမယ်ဆို ကျွန်မဘာကိစ္စနဲ့လူပြန်ဝင်စားရမှာလဲ၊ သရဲလုပ်ရတာက ပိုမကောင်းဘူးလား"
ရှောင်အန်းလဲ့ သူမကိုဂရုမစိုက်တော့ပေ။ ထိုအချိန်တွင် အခွန်ဝန်ကြီးကျောက်၏အိမ်တော်တံခါးမကြီးမှာ ပြန်ပွင့်လာသည်။ စောစောမှတံခါးစောင့်သည် ပြုံးရွှင်နေသောမျက်နှာဖြင့် သူမကိုဖိတ်ခေါ်လိုက်၏။
"ဒီကမိန်းကလေး ကျွန်တော်တို့သခင်မက အခေါ်လွှတ်လိုက်ပါတယ်"
တံခါးစောင့်နောက်သို့ လိုက်ပါသွားရင်း ပိန်ညှင်းငှက်မွှေးခေါင်းဆောင်းကိုဆောင်းထားပြီး ခရမ်းရင့်ရောင်မြင်းမျက်နှာပုံစံစကတ်ကို ဝတ်ဆင်ထားသော မျက်နှာဖြူဖျော့ဖျော့ဖြင့်အမျိုးသမီးတစ်ဦး လာနေသည်ကိုတွေ့လိုက်ရသည်။ ရှောင်အန်းလဲ့ကိုမြင်လိုက်သည်နှင့် သူမခြေလှမ်းများတန့်သွားပြီး ရှောင်အန်းလဲ့၏အသက်အရွယ်ကြောင့် အံ့သြသွားပုံရ၏။ ရှောင်အန်းလဲ့မှ ဦးစွာစကားစလိုက်သည်။
"သခင်မကျောက် ကျွန်မနာမည်က ရှောင်အန်းလဲ့ပါ၊ ငယ်ငယ်ကတည်းက တာအိုဘုန်းကြီးကျောင်းမှာ ချီမန်တွမ့်ကျားပညာရပ်တွေကို သင်ယူခဲ့တာမလို့ ဒီနေ့အိမ်တော်ရှေ့ကဖြတ်သွားရင်း အရှေ့တောင်ဘက်ထောင့်မှာ မည်းမှောင်တဲ့အငွေ့အသက်တွေ ဝဲပျံနေတာတွေ့တော့ သခင်မရဲ့လက်ရှိဒုက္ခတွေကို ကူညီဖြေရှင်းပေးချင်တာနဲ့ သီးသန့်လာခဲ့တာပါ"
သခင်မကျောက် သူမထံကြည့်လိုက်သည်။ အပြာရောင်ပန်းထိုးပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်မှာ သာမန်ဆင်းရဲသားအိမ်မှ မိန်းကလေးတစ်ယောက်နှင့်မတူပေ။ ကြည့်ရတာ ဆယ့်သုံးနှစ် ဆယ့်လေးနှစ်လောက်သာရှိဦးမည်။
"မိန်းကလေးမှာ တစ်ကယ်ပဲဖြေရှင်းနည်းရှိလို့လား"
"ရှိတာပေါ့"
ကျောက်ကတော်တွင် ရွေးချယ်စရာမရှိတော့ပေ။ ဤအခြေအနေရောက်မှတော့ ကြုံရာနည်းနှင့်ကုရပေတော့မည်။
"ဒါဆိုရင် မိန်းကလေး ကျွန်မနောက်လိုက်ခဲ့ပါ၊ ဘယ်အိမ်တော်က သခင်မလေးလဲလို့ မေးခွင့်ပြုပါနော်၊ ကျွန်မ မြို့တော်မှာနေတာကြာလှပြီ မိန်းကလေးကို တစ်ခါမှမမြင်ဖူးလို့ပါ"
ရှောင်အန်းလဲ့မှာ သူမ၏အထောက်အထားကို ဖုံးကွယ်မထားပေ။
"ကျွန်မက စစ်ဘက်ဆိုင်ရာဒုတိယဝန်ကြီး ရှောင်မိသားစုရဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ကပျောက်ဆုံးသွားပြီး အခုမှပြန်တွေ့တဲ့ သမီးပါ၊ ဒီဆယ်နှစ်အတွင်းမှာ ဆရာသခင်ချင်းရွှမ်ဆီမှာ ချီမန်တွမ့်ကျားပညာရပ်တွေကို လိုက်သင်ခဲ့ရတယ်လေ၊ အခုပညာစုံလို့ပြန်လာခဲ့တာပါ၊ ရွှမ်ချင်းဂိုဏ်းရဲ့ ဆယ့်ရှစ်ဆက်မြောက် ဂိုဏ်းချုပ်ပေါ့"
ရှောင်အန်းလဲ့ ယုံကြည်ချက်ရှိရှိတည်ငြိမ်စွာဖြင့် ရောယောင်ပြောလိုက်သည်။
အပြင်ရောက်မှတော့ ကိုယ့်အထောက်အထားကို ကိုယ်ကြိုက်သလို ဖန်တီးလို့ရတာပဲလေ။ ဘာပဲပြောပြော သူမဆီမှာ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်မှမရှိတာ။
ထင်ထားသည့်အတိုင်းပင် သခင်မကျောက်မှာ ဤစကားအားကြားလိုက်သည်နှင့် စိတ်အေးသွားပြီး သခင်လေးကျောက်၏အဆောင်သို့ ခေါ်ဆောင်သွားတော့သည်။ အဆောင်ထဲတွင် နံ့သာပေါင်းအိုးနှင့်ပူဇော်ပွဲခုံကို ပြင်ဆင်ထားပြီး တာအိုဝတ်ရုံဝတ်ဆင်ထားသည့် တာအိုဆရာတစ်ဦးမှာ မက်မွန်သားဓားကို ကိုင်ဆောင်ကာ ရိုးရာအက,ကနေ၏။
အသက်ငါးဆယ်ကျော်ခန့်ရှိမည့် ထိုတာအိုဆရာကြီးသည် ဘယ်ဘက်သို့သုံးလှမ်းတိုးလိုက် ညာဘက်သို့သုံးလှမ်းတိုးလိုက်လုပ်နေသည်ကို ရှောင်အန်းလဲ့မှာ ပြောစရာစကားမဲ့နေဟန်ဖြင့်ကြည့်နေမိသည်။ ရှေ့ကိုနှစ်လှမ်းထပ်တိုးလိုက် နောက်ကိုနှစ်လှမ်းပြန်ဆုတ်လိုက် ပြီးတော့ ခုန်ဆွခုန်ဆွလုပ်ပြီး ခုနကအတိုင်း ထပ်လုပ်ပြန်တော့၏။