အခန်း (၇၀၇-၇၀၈)
Vol. 71 Ch. 707-708
အခန်း ၇၀၇ - ဘယ်လို အသက်ရှင်မလဲဆိုတာကို ရွေးချယ်ပိုင်ခွင့်
အစောင့်အချို့မှာ ခေတ္တမျှ မှင်တက်သွားကြပြီး မျက်နှာများတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။
တစ်ဦးက တိုးတိုးလေး မေးလိုက်သည်
"လူကြီးမင်းနဲ့ ရှကျီမင်းသားက ဘယ်လို ပတ်သက်တာလဲခင်ဗျာ..."
"သူငယ်ချင်းဟောင်းတွေပါ"
သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အခြေအနေကို နားလည်သွားကြဟန်တူသည်။
သူတို့၏ မျက်နှာများတွင် အထင်အမြင်သေးသော အရိပ်အယောင် အနည်းငယ် ပေါ်လာလေသည်။
ထိုနှစ်များအတွင်း နဂါးစားဘုရင် အိမ်တော်တွင် နေလာခဲ့ကြသဖြင့် ဤကဲ့သို့ ဆွေမျိုးတော်စပ်ချင်သူ၊ သူငယ်ချင်း လုပ်ချင်သူများစွာကို သူတို့ တွေ့ဖူးလှပြီ ဖြစ်သည်။
မင်းသားတစ်ပါးကို နဂါးစားဘုရင်က မွေးစားလိုက်ပြီဆိုသည်နှင့် ထိုမင်းသား၏ ဆွေမျိုးသားချင်း ကိုးဆက်မြောက်အထိ အိမ်တော်သို့ စုပြုံရောက်ရှိလာကြကာ တစ်ယောက်က နတ်ဖြစ်တော့ ကြက်နဲ့ခွေးပါ ကောင်းကင်တက်ရသည် ဆိုသကဲ့သို့ အခွင့်အရေး ယူလိုကြသူများ ဖြစ်သည်။
အရင်က ရှကျီတွင် ဘာကြောင့် ဆွေမျိုးမရှိသနည်းဟု သူတို့ ထူးဆန်းနေခဲ့ကြသော်လည်း ယခုတော့ အခွင့်အရေးသမားတစ်ဦး ရောက်လာပြီဟု သူတို့ ထင်မှတ်လိုက်ကြသည်။
"လူကြီးမင်း ခဏစောင့်ပါဦး ကျုပ်တို့ သတင်းသွားပို့ရပါမယ် မင်းသားက တွေ့ချင်တယ်ဆိုရင်တော့ အထဲဝင်လို့ ရပါတယ် တကယ်လို့ မတွေ့ချင်ဘူးဆိုရင်တော့ ကျုပ်တို့ကို အပြစ်မတင်ပါနဲ့"
ဟု အစောင့်တစ်ဦးက လက်အုပ်ချီ၍ ပြောလိုက်သည်။
"ဒါပေါ့... ကျေးဇူးတင်ပါတယ် မိတ်ဆွေ"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူသည် ဘေးတွင် ရပ်၍ တည်ငြိမ်စွာ စောင့်ဆိုင်းနေလေသည်။
အစောင့်များမှာ ဖန့်ချန်၏ မျက်စိမမြင်ရမှုကို သတိပြုမိကြပြီး အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
အချိန်များ ကုန်လွန်သွားစဉ် ဖန့်ချန်သည် စောင့်ရင်းဖြင့် သူ၏ စိတ်ထဲမှ နတ်အသိ အမျှင်တန်းလေးကို မရည်ရွယ်ဘဲ လှုပ်နိုးမိလိုက်သည်။
ဖန့်ချန်ကို ဗဟိုပြု၍ မမြင်ရသော ဆန္ဒ များသည် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး အစောင့်များကိုပါ လွှမ်းခြုံသွားတော့သည်။
"ဟူး... ငါ ရုတ်တရက် အိမ်ကို သတိရလာတယ်ကွာအိမ်က ထွက်လာတာ နှစ်ပေါင်း နှစ်ရာကျော်ပြီ ငါမွေးခဲ့တဲ့ ရွာလေးကော ရှိပါသေးရဲ့လား မသိဘူး"
အစောင့်တစ်ဦးက ရုတ်တရက် ရေရွတ်လိုက်သည်။
ပြောရင်းဖြင့် သူ၏ မျက်ဝန်းများမှာ နီရဲလာသည်။
"ငါတို့ ကျင့်ကြံတယ်ဆိုတာ ဘာအတွက်လဲကွာကျင့်ကြံဖို့အတွက်နဲ့ အသက် ၁၃ နှစ်မှာ မိဘတွေကို နှုတ်ဆက်ခဲ့တယ် အသက် ၆၀ ကျော်လို့ အောင်မြင်မှု အနည်းငယ်ရချိန် အိမ်ပြန်တော့ မိဘနှစ်ပါးက မြေကြီးအောက် ရောက်နေကြပြီ နောက်ဆုံးခရီးကိုတောင် စောင့်မပေးနိုင်ခဲ့ဘူး..."
"ကျင့်ကြံတာက ထာဝရအသက်ရှည်ဖို့ မဟုတ်လား"
နောက်ထပ် အစောင့်တစ်ဦးက ပြုံး၍ ခေါင်းခါလိုက်သည်
"မင်းမှာ မိဘရှိသေးတာ ငါ့ထက် အများကြီး တော်ပါသေးတယ် ငါကတော့ မိဘမဲ့ပါ ၁၆ နှစ်လုံးလုံး တောင်းစားခဲ့ရတာ ဆရာက ငါ့ကို ကျင့်ကြံခြင်းလမ်းပေါ် ခေါ်မလာခဲ့ရင် ငါလည်း အခုထိ ခြေဦးတည့်ရာ သွားနေရဦးမှာ"
"ငါ့ဆရာဆိုရင်လည်း တစ်သက်လုံး အခြေခံတည်ဆောက်ခြင်း အဆင့် ရောက်ဖို့ပဲ ကြိုးစားခဲ့ပေမဲ့ အခြေခံဆေးလုံး မရနိုင်လို့ နောက်ဆုံးတော့ ကွယ်လွန်သွားရရှာတယ်"
"သူသာ အခုထိ ရှိနေရင် ငါ့အစွမ်းနဲ့ သူ့ကို ဆေးလုံးတွေ ကျောက်စိမ်းတွေ ပူစရာမလိုဘဲ ကောင်းကောင်း ထားနိုင်မှာပါ"
"ဒါတွေက ကံတရားတွေပါပဲ မင်းတို့က မျိုးရိုးမကောင်းဘူးဆိုရင် ငါကော ငါ့မျိုးနွယ်က အရင်က မသေမျိုးဘုရင် တောင် ထွက်ဖူးတယ်"
"ဒါပေမဲ့ ငါ့အဖိုးလက်ထက်ကစပြီး ဆုတ်ယုတ်လာတာ ငါမွေးတော့ အိမ်မှာ အစွမ်းအထက်ဆုံးက အခြေခံတည်ဆောက်ခြင်း အဆင့်ပဲ ရှိတော့တယ် အခုတော့ မင်းတို့နဲ့အတူ နဂါးစားဘုရင် အိမ်တော်မှာ မင်းသားရဲ့ နောက်လိုက် သာမန် စစ်သည်လေးအဖြစ် လုပ်နေရတာပဲ မဟုတ်လား"
ထိုအစောင့်က ပြောရင်းဖြင့် လှောင်ပြုံး ပြုံးလိုက်သည်
"ကျင့်ကြံခြင်းဆိုတာ တကယ်တော့ ကံကြမ္မာကို ပြောင်းလဲတဲ့ အတတ်ပဲ မင်း ထာဝရအသက်ရှည်ချင်သလား၊ အေးအေးဆေးဆေး နေချင်သလား ဒါမှမဟုတ် တစ်သက်လုံး လွတ်လပ်ချင်သလားအားလုံးက ကိုယ့်ရွေးချယ်မှုပဲ"
"နယ်မြေတစ်ခုကို အုပ်ချုပ်တဲ့ ဘုရင် ဖြစ်မလား ဒုစရိုက်တွေ လုပ်မယ့် မိစ္ဆာ ဖြစ်မလား ကျင့်ကြံခြင်းဆိုတာ ငါတို့လို လူတွေကို ဘယ်လို အသက်ရှင်မလဲဆိုတာကို ရွေးချယ်ပိုင်ခွင့် ပေးလိုက်တာပဲ ဖြစ်နိုင်ပါတယ်..."
ဖန့်ချန်သည် သူတို့ သုံးဦး၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေမိသည်။
ထိုသူတို့မှာ သူတို့ကိုယ်သူတို့ တီးတိုးပြောနေသည်ဟု ထင်နေကြသော်လည်း တကယ်တမ်းတွင် လူပုံအလယ်၌ ရင်ဖွင့်နေကြခြင်း ဖြစ်သည်။
"ဘယ်လို အသက်ရှင်မလဲဆိုတာကို ရွေးချယ်ပိုင်ခွင့်..."
ဖန့်ချန်သည် ထိုစကားစုကို စိတ်ထဲမှ ဆင်ခြင်နေစဉ် သူ၏ ကိုယ်တွင်းမှ နတ်အသိဆန္ဒ မှာ မသိမသာ ပိုမို ခိုင်မာလာလေသည်။
"မင်းတို့ကို ဒီမှာ စောင့်ခိုင်းထားတာလေ ဘယ်သူက စကားစမြည် ပြောခိုင်းလို့လဲ"
ကြက်ဖသံကဲ့သို့ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
ဖန့်ချန် စိတ်အာရုံကို ပြန်သိမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ နတ်အသိဆန္ဒများမှာ ဒီရေကျသကဲ့သို့ သူ၏ ကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။
အစောင့်များမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး ခုနက စိတ်အခြေအနေကို ပြန်မစဉ်းစားနိုင်ခင်မှာပင် ပန်းနုရောင်ဝတ်ရုံ ဝတ်ထားသော အသက်လတ်ပိုင်း အမျိုးသားကို ဦးညွှတ်လိုက်ကြသည်
"ကျုပ်တို့ ကျန်းအိမ်တော်ထိန်း ကို ဂါရဝပြုပါတယ်"
"ဟွန့်..."
ကျန်းအိမ်တော်ထိန်းက သူ၏ လက်ချောင်းများကို ကော့ပျံနေအောင် ထားရင်း အစောင့် သုံးဦးကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
ထို့နောက် သူ၏ အကြည့်မှာ ဖန့်ချန်ဆီသို့ ရောက်သွားပြီး အကဲခတ်နေလေသည်။ ၅ စက္ကန့်ခန့် ကြည့်ပြီးနောက် သူက အေးစက်စွာ ပြောလိုက်သည်
"အောက်ကလူတွေ ပြောတာတော့ မင်းက ရှကျီမင်းသားရဲ့ သူငယ်ချင်းဟောင်းဆို ငါကြည့်ရသလောက်တော့ ရှကျီမင်းသားမှာ မင်းလို မျက်မမြင် သူငယ်ချင်းမျိုး ရှိမှာ မဟုတ်ဘူး"
" အခွင့်အရေး လာရှာတာဆိုရင်လည်း ဝေးဝေးသွားစမ်း ဒီမှာ လာပြီး ရပ်မနေနဲ့ ဘယ်နားက အေးမလဲ အဲ့ဒီကို သွားချင်သွားတော့"
အစောင့်များမှာ တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမှ မပြောရဲကြချေ။
ဤကျန်းအိမ်တော်ထိန်း၏ နောက်ခံမှာ မရိုးရှင်းသဖြင့် ရှကျီမင်းသားထက်ပင် ထိုလူကို သူတို့ ပိုကြောက်ကြသည်။
"လူကြီးမင်း သတင်းပို့ပေးပြီးပြီလား"
ဖန့်ချန်က တည်ငြိမ်စွာ မေးလိုက်သည်။
"အမယ်လေး"
ကျန်းအိမ်တော်ထိန်းက အံ့သြဟန်ပြကာ ခါးကို လက်ထောက်ပြီး ဖန့်ချန်ကို လက်ညှိုးငေါ့ငေါ့ဖြင့် ထိုးပြလိုက်သည်
"ငါ ပြောတာ မင်း နားမလည်ဘူးလား လူလွှတ်ပြီး အပြင်ကို ကန်ထုတ်ခိုင်းမှ ကျေနပ်မှာလား"
"ရှကျီ အိမ်ထဲမှာ ရှိတယ် မဟုတ်လား၊ သွားပြောလိုက်ရင် ရပြီလေ"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
"မင်းသားက အိမ်မှာ မရှိဘူး အပြင်သွားတယ် ရှိနေရင်တောင် မင်း သူ့ကို တွေ့ရမှာ မဟုတ်ဘူး ငါက မင်းတို့လို အခွင့်အရေးသမားတွေကို အမုန်းဆုံးပဲ ဘာအရည်အချင်းမှ မရှိဘဲနဲ့ လာပြီး အလကား စားချင်သောက်ချင်နေကြတာ"
ကျန်းအိမ်တော်ထိန်းက လှောင်ပြောင်လိုက်သည်။
အစောင့်များမှာ စိတ်ထဲမှ ကျိန်ဆဲနေကြသည်
'တကယ်တော့ မင်းကိုယ်တိုင်လည်း အခွင့်အရေးသမားပဲ မဟုတ်လား...'
"မင်းက ဒီနေရာရဲ့ အုပ်ချုပ်သူလား ရှကျီက မင်းရဲ့ သခင် မဟုတ်လား အစေခံတစ်ယောက်က သခင့်ကိုယ်စား ဆုံးဖြတ်ချက် ချနေတယ်ဆိုတော့ ရှကျီရဲ့ ဘဝက ဒီမှာ သိပ်တော့ အဆင်ပြေပုံ မရဘူးပဲ"
ဖန့်ချန်က ပြုံးလိုက်ရင်း အိမ်တော်ထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားတော့သည်။
သူ၏ ကိုယ်ပေါ်တွင် နတ်ဘုရားဆန္ဒ လွှမ်းခြုံထားသဖြင့် လူတိုင်း၏ မျက်စိထဲတွင် ဝေဝါးသွားကာ ဖန့်ချန်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။
သူသည် အိမ်တော်ထဲသို့ အေးအေးဆေးဆေး ဝင်သွားသော်လည်း အစေခံများမှာ သူ့ကို မမြင်ရသကဲ့သို့ ရှိနေကြသည်။
ထိုအခိုက်အတန့်တွင် ဖန့်ချန်၏ တည်ရှိမှုမှာ လုံးဝ ပျောက်ကွယ်သွားလေပြီ။
ကျန်းအိမ်တော်ထိန်းသည် ဖန့်ချန် အထဲဝင်သွားသည်ကို မသိဘဲ အစောင့်များကို ကြည့်၍ လှောင်ပြုံး ပြုံးလိုက်သည်
"တံခါးကို သေသေချာချာ စောင့်ကြစမ်း ဘယ်သူလာလာ စကားပေးမနေနဲ့ နောက်တစ်ခါ ရှကျီမင်းသားဆီ လာကပ်တဲ့လူ ရှိရင် မင်းတို့ပဲ မောင်းထုတ်လိုက်၊ ငါ့ကို လာမခေါ်နဲ့တော့၊ သိလား"
"ဒါပေမဲ့... ကျန်းအိမ်တော်ထိန်း... တကယ်လို့ သူက မင်းသားရဲ့ သူငယ်ချင်းအစစ် ဖြစ်နေရင် ကျုပ်တို့ သတင်းမပို့လို့ မင်းသား သိသွားရင် ဒေါသထွက်မှာပေါ့၊ ကျုပ်တို့ မခံနိုင်ပါဘူး..."
အစောင့်တစ်ဦးက ညည်းတွားလိုက်သည်။
ဖြန်းးးးး
ကျန်းအိမ်တော်ထိန်းက ထိုအစောင့်၏ ပါးကို ရိုက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်
"အခု မင်း ဘာလုပ်ရမလဲ သိပြီလား မင်းသားကို စိတ်ဆိုးအောင် လုပ်မိမှာကို မင်းတို့ မခံနိုင်ဘူးဆိုရင်၊ ငါ့ကို စိတ်ဆိုးအောင် လုပ်မိရင်လည်း မင်းတို့ မခံနိုင်ဘူးဆိုတာ မှတ်ထားလိုက် ဟွန့်"
သူက ရေကူးနေသော မြွေတစ်ကောင်ကဲ့သို့ ခါးကို လှုပ်ယမ်းကာ အိမ်တော်ထဲသို့ ပြန်ဝင်သွားတော့သည်။
ပါးရိုက်ခံလိုက်ရသော အစောင့်၏ မျက်နှာမှာ နီမြန်းနေပြီး ဒေါသများ ထွက်နေသော်လည်း ဘေးကလူများက ဝိုင်းဖြောင်းဖျကြရသည်
"စိတ်မဆိုးပါနဲ့တော့ကွာ ကျန်းအိမ်တော်ထိန်းက ဒီလိုပဲ သူက မင်းသားကြီး ရဲ့ လူလေ ဒီလို နောက်ခံရှိတော့ မင်းသားတွေတောင် သူ့ကို မျက်နှာသာ ပေးရတာ ငါတို့လို စစ်သည်လေးတွေ အရိုက်ခံရတာ ခြင်ကိုက်တယ်လို့ပဲ သဘောထားလိုက်ပါ"
"ငါကတော့ ခွေးကိုက်တယ်လို့ပဲ သဘောထားလိုက်မယ်"
"အေး... အဲ့လိုတွေးတာ မှန်တယ် ဒါနဲ့ ခုနက မင်းတို့ တစ်ခုခု ထူးဆန်းနေသလို မခံစားရဘူးလား ဘာလို့ ရုတ်တရက် ရှေးဟောင်းနှောင်းဖြစ်တွေကို သတိရသွားရတာလဲ မသိဘူး"
"ဟုတ်တယ်၊ ငါလည်း သတိရသွားတယ် ထူးဆန်းတာပဲ ငါက အမြဲတမ်း အထက်ကို တက်ဖို့ပဲ တွေးနေတဲ့လူ ဘာလို့ အတိတ်ကို သတိရသွားလဲ မသိဘူး"
"ဒါပေမဲ့ မဆိုးပါဘူး ငါ အချို့ကိစ္စတွေကို တွေးတောမိသွားတယ် မကြာခင်မှာ ငါ့ရဲ့ ကျင့်စဉ်အဆင့် တက်လာနိုင်မယ်လို့ ခံစားရတယ်"
ဖန့်ချန်သည် အိမ်တော်အတွင်းရှိ ဥယျာဉ်တစ်ခုထဲသို့ လျှောက်လှမ်းသွားရာ လူရိပ် နှစ်ခု ဘေးချင်းယှဉ် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူတို့သည် လက်ထဲမှ အစာများကို ရေကန်ထဲသို့ ပစ်ကျွေးနေကြပြီး ရေကန်ထဲတွင် နဂါးနက်ငါးအုပ်ကြီးမှာ အစာလုနေကြလေသည်...
အခန်း ၇၀၈ - လန့်သွားတာပဲ
"စီနီယာအစ်မ ဒီနဂါးနက်ငါးရဲ့ အသားက တကယ်ကို နူးညံ့တာဗျာ လောကမှာ အကောင်းဆုံးအရသာပဲ နေဦး ခဏနေရင် နောက်ထပ် နှစ်ကောင်လောက် ထပ်ဖမ်းပြီး စီနီယာ့အတွက် စွပ်ပြုတ်ချက်ပေးမယ်"
"မလုပ်ပါနဲ့တော့ ရှကျီရယ် ငါတို့က ရွှေအမြုတေအဆင့်တောင် မရောက်သေးဘူး ဒီနဂါးနက်ငါးတွေက ငါတို့အတွက် သိပ်အသုံးမဝင်ပါဘူး ဒီလို အဖိုးတန်တာတွေကို အလဟဿ ဖြုန်းတီးတာ မကောင်းပါဘူး"
"ဘာဖြစ်လဲဗျာ ပိုက်ဆံပေးရတာမှ မဟုတ်တာ နဂါးစားဘုရင် အိမ်တော်မှာ ဒီငါးတွေက မကုန်နိုင်မခမ်းနိုင်ပါဘူး"
ရှကျီက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
ဝူရုန့်ချို က သူ့ကို တစ်ချက်ကြည့်ပြီးနောက် ဘာမှမတတ်နိုင်သလို ပြုံးလိုက်သည်။
ကြီးကောင်ကြီးမား ဖြစ်နေသော်လည်း ကလေးစိတ် မကုန်သေးသော မောင်လေးတစ်ယောက်ကို ကြည့်နေရသည့်အလား။
"ငါ့အတွက်လည်း နှစ်ကောင်လောက် ဖမ်းလိုက်ပါဦး၊ စွပ်ပြုတ်သောက်ချင်လို့"
ဖန့်ချန်က ရှကျီ၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်း ပြောလိုက်သည်။
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ရှကျီ၏ မျက်နှာတွင် ကြိုသိနေသကဲ့သို့ အပြုံးတစ်ခု ပေါ်လာပြီး ဖန့်ချန်ကို ဘေးတိုက် ကြည့်လိုက်သည်
"မင်း မြို့တော်မှာ ငါရှိနေတာကို ဘယ်တော့မှ သိမလဲလို့ ငါတွေးနေတာ ကြည့်ရတာ ဖန့်ကြီးရဲ့ သတင်းကလည်း တော်တော်လေး မြန်တာပဲ"
ဝူရုန့်ချို၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်လာသည်
"ဖန့်သခင်လေး... မတွေ့ရတာ ကြာပြီနော်"
သူမ၏ မျက်ဝန်းများတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။
မြို့တော်သို့ ရောက်ကတည်းက ဖန့်ချန်နှင့် ပတ်သက်သည့် ကောလာဟလများစွာကို သူမ ကြားခဲ့ရသည်။
မြို့တော်ရှိ လူကုံထံ အသိုင်းအဝိုင်းများက ဖန့်ချန်၏ မျိုးရိုးနောက်ခံကို နှိမ်ချကြသော်လည်း သူလုပ်ဆောင်ခဲ့သည့် ကြီးကျယ်သော အမှုကိစ္စများကိုမူ မငြင်းနိုင်ကြပေ။
ဝူရုန့်ချိုသည် အရင်က တာ့ချန်း နိုင်ငံမှာ ရှိစဉ်က ဖန့်ချန်၏ ကျင့်စဉ်အဆင့်မှာ မမြင့်မားသေးဘဲ သွေးဝိညာဉ်ဂိုဏ်း ကိစ္စကြောင့် သက်တမ်းကုန်ဆုံးတော့မည့် အခြေအနေကို သတိရမိသည်။
ထိုစဉ်က ဖန့်ချန် သေဆုံးသွားပြီဟု သူမ ထင်မှတ်ခဲ့သော်လည်း ရှကျီကမူ ဖန့်ချန်သည် ထိုမျှနှင့် သေမည့်သူ မဟုတ်ဟု တစ်နှစ်ပတ်လုံး တတွတ်တွတ် ပြောနေခဲ့ခြင်း ဖြစ်သည်။
"မတွေ့ရတာ ကြာပြီ စီနီယာအစ်မဝူ ရှကျီက စီနီယာ့ကို အနိုင်ကျင့်သေးလား"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ရှကျီက ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်
"ငါက စီနီယာ့ကို ဘယ်လိုလုပ် အနိုင်ကျင့်မှာလဲလောကမှာ ငါ့အမေကလွဲရင် ငါအလေးစားဆုံးက စီနီယာအစ်မပဲ"
ဝူရုန့်ချိုက ပြုံး၍ ခေါင်းခါလိုက်သည်
"မင်းတို့ သူငယ်ချင်းချင်း စကားပြောနှင့်ကြဦး၊ ငါ စားစရာတွေ သွားပြင်လိုက်ဦးမယ်"
"စီနီယာ အားနာလိုက်တာနော်"
ရှကျီက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ဝူရို့ချို ထွက်သွားပြီးနောက် ရှကျီက သူ့ဘာသာ ဆက်ပြောလေသည်
"ဖန့်ကြီး မင်း တာ့ချန်းမှာ ဓားတစ်ချက်နဲ့ အရာအားလုံးကို အဆုံးသတ်လိုက်ပြီးနောက် ငါဘာတွေ ကြုံခဲ့ရလဲဆိုတာ မင်း လုံးဝ ထင်ထားမှာ မဟုတ်ဘူး"
"ငါနဲ့ စီနီယာအစ်မဝူတို့ ကံအားလျော်စွာ အလယ်ပိုင်းနိုင်ငံ ကို ရောက်လာကတည်းက တစ်စုံတစ်ယောက်က ငါတို့နှာခေါင်းကို ကြိုးကွင်းစွတ်ပြီး မြောက်ပိုင်းဒေသဆီ ဆွဲခေါ်သွားသလို ခံစားခဲ့ရတာ"
သူက ခေတ္တရပ်ပြီး
"မဟုတ်သေးဘူး ငါတို့ အလယ်ပိုင်းကို ရောက်လာတာကတည်းက တစ်စုံတစ်ယောက်ရဲ့ အစီအစဉ် ဖြစ်နေနိုင်တယ်"
ဖန့်ချန်၏ မျက်နှာတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာပြီး ထူးဆန်းသော ခန့်မှန်းချက်တစ်ခုကို တွေးမိသွားသည်
"နဂါးစားဘုရင် လား"
ရှကျီက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ အမူအရာက ထူးဆန်းနေသည်
"မင်း ဒါကို ဘယ်လို ခန့်မှန်းမိတာလဲ ငါကိုယ်တိုင်တောင် အစက အဲ့ဒီလို နတ်ဘုရားလို ပုဂ္ဂိုလ်မျိုးက ငါနဲ့ ပတ်သက်နေမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး"
"နဂါးစားဘုရင်ကလွဲရင် တခြားအကြောင်းပြချက် ငါမတွေ့ဘူး မင်းကို သူက သဘောကျသွားလို့လား"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ရှကျီက ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးကာ
"ငါ့ကို ဘာသဘောကျတာလဲ ငါ စွပ်ပြုတ်ချက်တာကို သဘောကျတာလား ငါ့ရဲ့ ပါရမီကလည်း သာမန်ပါပဲ ဒီနှစ်တွေမှာ နဂါးစားဘုရင် အိမ်တော်မှာ ဆေးလုံးတွေ၊ ရတနာတွေ အမျိုးမျိုး စားခဲ့လို့သာ အခု အခြေခံတည်ဆောက်ခြင်း အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတာ ရွှေအမြုတေအဆင့် ရောက်ဖို့က လိုသေးတယ်"
"မင်းရဲ့ ရုပ်ရည်ကို သဘောကျတာတော့ မဟုတ်လောက်ပါဘူးနော် မင်းက လူချောတစ်ယောက် ဆိုပေမဲ့လည်း"
ဖန့်ချန်က နောက်လိုက်သည်။
"ငါ့ရုပ်ရည်ကို သဘောကျတာဆိုရင် ပိုတောင် ကောင်းသေးတယ် ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အဲ့ဒါ မသေမျိုးဘုရင်လေ သူ့လက်ကြားက ထွက်လာတဲ့ အစအနလေးတွေနဲ့တင် ငါတစ်သက်လုံး စားလို့ မကုန်ဘူး"
ရှကျီက ရယ်မောလိုက်ပြီးနောက် မျက်နှာပြန်တည်သွားကာ
"အဲ့ဒီနေ့က ငါ့ရဲ့ မွေးစားအဖေကို တွေ့လိုက်ရတဲ့အချိန်မှာတော့ ငါ တကယ်ကို လန့်သွားတယ်"
"ဘာဖြစ်လို့လဲ"
ဖန့်ချန်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။
ရှကျီကိုယ်တိုင်က လန့်သွားတယ် ဟု ပြောသည်ဆိုလျှင် ကိစ္စမှာ သာမန်မဟုတ်တော့ပေ။
"ဘာဖြစ်လို့လဲ ဟုတ်လား ဘာလို့လဲဆိုတော့... သူက ငါ့ရဲ့ ခမည်းတော် နဲ့ တစ်ပုံစံတည်း တူနေလို့ပဲ အို... မဟုတ်ဘူး အသေးစိတ် အချက်အလက်လေးတွေပဲ နည်းနည်းကွဲတယ်"
ရှကျီက ဖန့်ချန်ကို ကြည့်လိုက်ရာ ဖန့်ချန်၏ မျက်နှာတွင် ထိတ်လန့်သွားသော အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် တိုးတိုးလေး ရယ်လိုက်သည်
"မင်းတောင် လန့်သွားမယ်လို့ ငါ ထင်သားပဲ"
ဖန့်ချန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်
"ဟုတ်တယ်... ငါ လန့်သွားတယ်"
နဂါးစားဘုရင် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ မသေမျိုးဘုရင် တစ်ပါးရဲ့ ရုပ်ရည်က ရှကျီရဲ့ဖခင် ရှနဲ့ တစ်ပုံစံတည်း တူနေတယ် ဟုတ်လား
ဒါက လုံးဝ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူး။
ကျင့်ကြံခြင်းလောကမှာ ဒီလိုတိုက်ဆိုင်မှု ဖြစ်နိုင်ခြေဟာ သာမန်လူတစ်ယောက် ချက်ချင်း နတ်ဖြစ်သွားနိုင်တဲ့ အခွင့်အရေးထက်တောင် အဆပေါင်း သန်းကုဋေမက ပိုနည်းပါတယ်။
"ခမည်းတော်နဲ့ ရုပ်ချင်းတူနေပြီး ငါ့ကိုလည်း မွေးစားသားအဖြစ် လက်ခံတယ်ဆိုတော့ ငါ့ရဲ့အတွေးက အခု မင်းတွေးနေသလိုပဲ"
ရှကျီက သက်ပြင်းချကာ
"ဒီလူနှစ်ယောက်ဟာ တကယ်တော့ တစ်ယောက်တည်း ဖြစ်နေတာ ဖြစ်နိုင်တယ်"
"ဝိညာဉ်ခွဲဖြာခြင်းအဆင့်ကျင့်ကြံသူတွေက ဝိညာဉ်ခွဲထုတ်နိုင်တာ မှန်ပေမဲ့ ခန္ဓာပေါင်းစပ်ခြင်းအဆင့်ရောက်ရင်တော့ ခွဲထားတာတွေကို ပြန်ပေါင်းရတယ်လေ မဟုတ်ရင် ခန္ဓာပေါင်းစပ်ခြင်းအဆင့်ကို မတက်နိုင်ဘူး တာအိုပေါင်းစပ်ခြင်း ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး"
ဖန့်ချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"လောကမှာ နတ်ဘုရားအတတ်တွေက မရေမတွက်နိုင်အောင် ရှိပါတယ် ငါ ရှေးဟောင်းကျမ်းအချို့ကို ရှာဖတ်ကြည့်တော့ ရှေးခေတ် တာအိုဂိုဏ်းမှာ အတ္တသုံးပါးကို ဖြတ်တောက်ခြင်း ဆိုတဲ့ အတတ်တစ်ခု ရှိတယ်လို့ သိရတယ်"
" အဲ့ဒါက ဝိညာဉ်ခွဲတာနဲ့ ဆင်တူပေမဲ့ အဲ့ဒီအတတ်ကို အောင်မြင်ရင် တိုက်ရိုက် နတ်ဖြစ်သွားနိုင်တယ် အဲ့ဒီလိုဖြစ်လာတဲ့ နတ်ကလည်း သာမန်နတ် မဟုတ်ဘဲ အဆင့်မြင့် နတ်ဘုရား ဖြစ်လာမှာ ဒါ့အပြင် တခြား ရှားပါးတဲ့ ကိုယ်ပွားအတတ်တွေလည်း ရှိသေးတယ်"
ဟု ရှကျီက ရှင်းပြသည်။
"ဒါဆို မင်းက နဂါးစားဘုရင်က အဲ့ဒီလို အတတ်တစ်ခုခုကို ကျင့်ကြံနေပြီး မဟာရှ က မင်းရဲ့ ခမည်းတော်ဟာ သူ့ရဲ့ ကိုယ်ပွားတွေထဲက တစ်ခုလို့ သံသယရှိနေတာလား"
ဖန့်ချန်က ရှကျီကို ကြည့်လိုက်သည်။
ရှကျီက ခေါင်းညိတ်လိုက်သည်
"အစကတော့ ငါလည်း အဲ့ဒီလို သံသယရှိတာပဲ။ာ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ဘာလို့ မဟာရှ ဖြစ်နေရတာလဲ ဆိုတာကို အဖြေရှာမရဘူး"
"ဘာလို့ မဟာရှ ဖြစ်နေရတာလဲ"
ဖန့်ချန်၏ မျက်ဝန်းများတွင် စဉ်းစားခန်း ဝင်သွားသည်။ ဟုတ်ပါသည်... ဘာကြောင့် မဟာရှ ဖြစ်နေရသနည်း
မသေမျိုးဘုရင် တစ်ပါးက သူ့ရဲ့ ကိုယ်ပွားကို မဟာရှလို နေရာမျိုးမှာ ထားစရာ အကြောင်းရှိသလား အဲ့ဒီမှာ သူဘာရနိုင်မှာလဲ အဲ့ဒီနေရာက ဝေးလံခေါင်သီပြီး ဝိညာဉ်စွမ်းအားလည်း နည်းပါးလွန်းလို့ သာမန်ကျင့်ကြံသူတွေတောင် မနေချင်တဲ့ နေရာပဲ။
နောက်ပြီး... တကယ်လို့သာ မသေမျိုးဘုရင်ရဲ့ ကိုယ်ပွားဆိုရင် ကျင့်စဉ်အဆင့်က ဘာလို့ အဲ့လောက် နိမ့်ပါးနေရတာလဲ
"အဲ့ဒီအချက်ကို ငါတို့ သိသွားရင် ငါ့ရဲ့ ခန့်မှန်းချက်တွေက မှန်ကန်သွားလိမ့်မယ် အဲ့ဒီအချက်ကို မသိသရွေ့တော့ ဒါက ခန့်မှန်းချက်အဆင့်မှာပဲ ရှိနေဦးမှာပဲ"
ဟု ရှကျီက သက်ပြင်းချလိုက်သည်။
"ဒီကိစ္စက မသေမျိုးဘုရင်နဲ့ ပတ်သက်နေတာဆိုတော့ မင်းတစ်ယောက်တည်း စုံစမ်းဖို့က ခက်ခဲလိမ့်မယ် ငါ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက စီနီယာတွေကို မေးကြည့်ပေးမယ်၊ သူတို့ တစ်ခုခု သိကောင်းသိနိုင်တယ်"
ဟု ဖန့်ချန်က ပြောလိုက်သည်။
"ဒါတွေကို ခဏထားလိုက်ပါဦး ငါ မင်းကို သတိပေးချင်တာက မြောက်ပိုင်းဒေသ ကို အကြောင်းမရှိဘဲ မသွားပါနဲ့ ငါတို့ ခန့်မှန်းချက်သာ မှန်ခဲ့ရင် မင်းအတွက် အန္တရာယ် ရှိနိုင်တယ်"
ရှကျီက ပြုံး၍ ပြောလိုက်သည်။
ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး
"မင်း ဒီမှာနေရတာ မင်းရဲ့ဆန္ဒမဟုတ်ဘူး မဟုတ်လား အခြေအနေ သိပ်မကောင်းဘူး ထင်တယ်"
"မင်း မြင်သွားပြီလား ကျန်းအိမ်တော်ထိန်းနဲ့ တွေ့ခဲ့တယ် မဟုတ်လား ငါ ပြောပြမယ် အဲ့ဒီ မိန်းမလျာက တကယ်ကို စိတ်ပျက်စရာကောင်းတာ သူ့မှာ နောက်ခံအနည်းငယ် ရှိနေလို့သာ ငါ မလှုပ်ရှားတာ မဟုတ်ရင် သူ့ကို အိမ်ပြင် ကန်ထုတ်လိုက်တာ ကြာလှပြီ"
ရှကျီက သက်ပြင်းချလိုက်သည်။
"နဂါးစားဘုရင်က မင်းကို မြို့တော်မှာ အမှုထမ်းခိုင်းတဲ့ ရည်ရွယ်ချက်က ဘာလဲ"
ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။
"ရည်ရွယ်ချက်လား ငါ့ကို တော်ဝင်မင်းသမီးတစ်ပါးနဲ့ လက်ထပ်ခိုင်းချင်တာ မင်းလည်း သိတဲ့အတိုင်း ငါက ရည်မှန်းချက်ကြီးတဲ့လူ မဟုတ်ဘူး အဲ့ဒီလို ပတ်ဝန်းကျင်ကနေ ထွက်ပြေးလာကာမှ နောက်ထပ် အဲ့ဒီလို ပတ်ဝန်းကျင်ထဲ ပြန်မဝင်ချင်တော့ဘူး"
"အဲ့ဒီမင်းသမီးကလည်း ငါ့ကို သဘောမကျဘူး ဒါက ပိုတောင် ကောင်းသေးတယ် ငါ အခွင့်အရေးရရင် ဒီမြို့တော်ကနေ စီနီယာအစ်မနဲ့အတူ ထွက်ပြေးပြီး လောကအနှံ့ လှည့်လည်သွားမှာ"
ဟု ရှကျီက ရယ်မောကာ ပြောလိုက်သည်။
"ခုနက မင်းရဲ့ အိမ်တော်က အစောင့်တစ်ယောက် ပြောတာ တကယ် မှန်တယ် ကျင့်ကြံခြင်းဆိုတာ ဘယ်လို အသက်ရှင်မလဲဆိုတာကို ရွေးချယ်ပိုင်ခွင့် ရဖို့ပဲ ဒါကြောင့် မင်း တကယ် လွတ်လပ်ချင်ရင် မင်းကိုယ်တိုင် ပိုပြီး သန်မာလာရမယ်"
"မြို့တော်မှာ အရင်းအမြစ်တွေ အများကြီး ရှိတယ် မင်းရဲ့ နောက်ခံ နဂါးစားဘုရင် အိမ်တော်ကို အသုံးချစမ်းပါ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းရဲ့ မျိုးဆက်ထဲမှာ ဘယ်သူက မင်းကို ယှဉ်နိုင်မှာလဲ ဘယ်သူမှ မင်းကို အကွက်ဆင်နိုင်မှာ မဟုတ်ဘူး"
ဖန့်ချန်က ရှကျီ၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။
ထိုစဉ်မှာပင် မနီးမဝေးမှ ကြက်ဖသံကဲ့သို့ စူးရှသော အသံတစ်ခု ထိတ်လန့်တကြား ထွက်ပေါ်လာသည်
"မင်း... မင်း ဘယ်တုန်းက အထဲဝင်လာတာလဲ သေစမ်း... သူ့ကို ဖမ်းကြစမ်း ဖမ်းလိုက်ကြစမ်း"