← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

5

ရှောင်အန်းလဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒီအဘိုးကြီး ဘာတွေကနေတာလဲ။ သခင်မကျောက်မှာ သူမအားမိတ်ဆက်ပေးလာသည်။

"ဒါ ကျွန်မတို့အိမ်တော်ကပင့်ထားတဲ့ ဝူပန်ရှန်းလေ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ပေးဖို့ရောက်နေတာ နှစ်ရက်ရှိပြီ၊ ဒါပေမယ့် သားလေးကခုထိသတိမရသေးဘူး"

သခင်မကျောက်မှ ရှောင်အန်းလဲ့ကိုခေါ်လာသည်အားမြင်သောအခါ ဝူပန်ရှန်းသည် ကနေခြင်းကိုရပ်လိုက်ပြီး ချွေးများကိုသုတ်ကာ အမောဖြေလိုက်သည်။ ထို့နောက် သခင်မကျောက်ထံမကျေမနပ်ဖြင့် ပြောလိုက်၏။

ရှောင်အန်းလဲ့ သူ့ကိုဂရုမစိုက်ဟန်ဖြင့်တစ်ချက်ကြည့်လိုက်ပြီး အရိုးဖြူထီးကိုကိုင်ကာ တံခါးဝဆီသို့တည့်တည့်လျှောက်သွားလိုက်သည်။ တာအိုဆရာကြီးမှာ စိတ်လှုပ်ရှားစွာဖြင့်ကြည့်လာ၏။

"ဟေး ဒီမှာ မိန်းကလေး အထဲကိုဝင်လို့မရဘူးလေ"

ထိုတာအိုဆရာကြီးကိုမြင်လိုက်ရသည့် ခဏမှာပင် ရှောင်အန်းလဲ့ သူ့အကြောင်းအား သိသွားတော့သည်။ ဤလူသည်အဆံမပါသည့် ဆရာယောင်ယောင် သမားယောက်ယောင်လူပင်ဖြစ်၏။ သူ့ကိုလျစ်လျူရှုပြီး တံခါးအားတွန်းဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် သိပ်သည်းပြီးအေးစက်သောလေပြင်းတစ်သုတ်မှာ အပြင်သို့တိုးထွက်လာလေ၏။ ရှောင်အန်းလဲ့ လက်ကိုမြှောက်ပြီး အရိုးဖြူထီးကို ပစ်လွှတ်လိုက်သည်။

"ဒီသရဲမမှာ အငြိုးအတေးတွေအရမ်းများနေတယ်၊ လက်စားချေလိုစိတ်ပြင်းထန်တဲ့ မကောင်းဆိုးဝါးဝိညာဉ်ဖြစ်ခါနီးပြီ၊ သွား သူ့ကိုငြိမ်သွားအောင် ရိုက်နှက်လိုက်စမ်း"

ချင်းရှုရန် စိတ်လှုပ်ရှားစွာဖြင့် ထိုမကောင်းဆိုးဝါးဝိညာဉ်ဆီသို့ ပြေးဝင်သွားသော်လည်း လမ်းတစ်ဝက်မှာပင် တစ်ခုခုမှားနေမှန်းသိလိုက်ပြီးပြန်လှည့်လာသည်။

ရှောင်းအန်းလဲ့ : "နင် အမွှေးတိုင်၊ ဖယောင်းတိုင်၊ စက္ကူပိုက်ဆံနဲ့ ယောင်္ကျားချောချောလေးတွေ လိုချင်သေးလား"

ကောင်းပြီလေ ဒီငါးစာကသိပ်ကိုဆွဲဆောင်မှုရှိလွန်းတယ်။ ချင်းရှုရန် ရှေ့တိုးပြီး သရဲမနှင့်လုံးထွေးသတ်ပုတ်ရတော့သည်။ အခန်းထဲတွင် အနက်ရောင်အငွေ့အသက်နှစ်ခု လိမ်ယှက်နေပြီး ခုံတန်းလျားများနှင့် ကုလားထိုင်လဲကျသံများ၊ တံခါးနှင့်ပြတင်းပေါက်များမှ လေမတိုက်ဘဲ ပွင့်လိုက်ပိတ်လိုက်ဖြစ်နေသံများ ဆူညံနေတော့၏။

ခဏအကြာတွင် ချင်းရှုရန်သည် အနီရောင်ဝတ်စုံဝတ်ဆင်ထားသော ကြိုးဆွဲချသရဲမတစ်ကောင်ကို ဖမ်းချုပ်လျက် ရှောင်အန်းလဲ့ရှေ့၌ ပေါ်လာလေသည်။

ရှောင်အန်းလဲ့မှာ တံခါးဝတွင်ထီးကိုကိုင်လျက်ရပ်နေပြီး ထိုသရဲမအားမြင်လိုက်ရသည့်အခါ အသာမျက်မှောင်ကြုတ်လိုက်၏။

"နင့်ရဲ့အငြိုးအတေးတွေက အရမ်းများနေတာပဲ၊ ကံကောင်းလို့ လူအသက်ကို ရန်မရှာရသေးတာ၊ နင့်ရဲ့နစ်နာချက်ကို ပြောပြစမ်း၊ ငါကူညီဖြေရှင်းပေးပြီး လူပြန်ဝင်စားအောင် လုပ်ပေးမယ်၊ အကယ်၍ နင်လူသတ်ခဲ့တာဖြစ်ဖြစ် လက်စားချေလိုစိတ်ပြင်းထန်တဲ့ မကောင်းဆိုးဝါးဝိညာဉ်အဖြစ် ဆက်နေပြီးအရှုံးမပေးချင်တာဖြစ်ဖြစ်လုပ်လာရင်တော့ နင့်ဝိညာဉ်ကိုဖျက်ဆီးပစ်ရုံပဲ ရှိတော့တယ်"

"ကျွန်မက မြို့တော်ရဲ့ရှင်းမိသားစုဆန်ဆိုင်ပိုင်ရှင်ရဲ့ သမီးပါ၊ ကျန်းလန်နဲ့လဲ စေ့စပ်ထားပြီးသားလေ၊ ကျွန်မတို့က ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာကြတဲ့ ငယ်ချစ်ဦးတွေပါ၊ သခင်လေးကျောက်က ကျွန်မကိုဘုန်းကြီးကျောင်းမှာတွေ့ပြီး အနိုင်ကျင့်ခဲ့ပါတယ်၊ ပြီးတော့ သူ့ရဲ့ကိုယ်လုပ်‌တော်လုပ်ဖို့လဲ အတင်းအကျပ်ဖိအားပေးခဲ့တာပါ၊ ကျွန်မကငြင်းလိုက်တော့ သူကကျွန်မတို့မိသားစုရဲ့စီးပွားရေးကို ထိုးကျသွားအောင်လုပ်တယ်၊ ဆိုင်တောင်ဆက်ဖွင့်လို့မရတော့ဘူး၊ သူက ကျန်းလန်ရဲ့ခြေထောက်ကိုရိုက်ချိုးပြီး ကိုယ်လုပ်တော်လုပ်ဖို့ သဘောမတူရင် ကျန်းလန်နဲ့ကျွန်မမိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်၊ လွန်ခဲ့တဲ့လဝက်လောက်က ကျွန်မကိုဝေါယာဉ်အသေးလေးနဲ့ အိမ်တော်ထဲခေါ်လာခဲ့တယ်လေ၊ ကျွန်မ မလိုက်ချင်ခဲ့ဘူး လုံးဝမလိုက်ချင်ခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်မမှာရွေးချယ်စရာမရှိခဲ့ဘူးလေ၊ ကျန်းလန်နဲ့မိသားစုကို ဒုက္ခပေးမိမှာကြောက်လို့မငြင်းဆန်ရဲခဲ့တာကြောင့် အနီရောင်ဝတ်စုံကိုဝတ်ပြီး အခန်းထဲမှာ ပိုးဖဲကြိုးအနီနဲ့ ကြိုးဆွဲချပြီးသေပစ်လိုက်ပါတယ်၊ အသက်ရှိစဥ်ကဘာမှမလုပ်နိုင်ခဲ့ပေမယ့် သေသွားရင်တော့ ဒီလူယုတ်မာကြီးကို ကောင်းကောင်းမနေရအောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ"

သရဲမစကားကိုကြားပြီးနောက် ချင်းရှုရန် ခေါင်းငြိမ့်လိုက်သည်။ ရှောင်အန်းလဲ့သည် ရှေ့သို့တိုးကာ ကုတင်ပေါ်တွင်အနက်ရောင်အငွေ့များ ရစ်ပတ်ခံထားရသော အမျိုးသားထံ ကြည့်လိုက်၏။ သူ့မျက်နှာကိုသေချာကြည့်ပြီး တွက်ချက်ကြည့်လိုက်ရာ စိတ်ပျက်လက်ပျက်ဖြင့် သရဲမဘက်သို့လှည့်ပြောလိုက်သည်။

"လွန်ခဲ့တဲ့တစ်လက ဘုန်းကြီးကျောင်းမှာ နင့်ကိုအနိုင်ကျင့်ခဲ့တယ်လို့ပြောတယ်မလား၊ ဒါပေမယ့် သူကလူပျိုစစ်စစ်ဖြစ်နေသေးတယ်နော်၊ ဘယ်လိုလုပ် နင့်ကိုအနိုင်ကျင့်ရမှာလဲ"

ထိုစကားကြောင့် သရဲမမှာကြောင်အသွားရသည်။

"မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး၊ အဲ့နေ့က ဘုန်းကြီးကျောင်းမှာ ကျွန်မနိုးလာတော့ သူရောကျွန်မရော အဝတ်အစားတွေဖရိုဖရဲဖြစ်နေပြီး ကုတင်ပေါ်မှာလည်း သွေးတွေပေနေတာ တွေ့ခဲ့ရတယ်၊ ကျွန်မရဲ့အပျိုစင်ဘဝကို ယူခဲ့တာ သူမှမဟုတ်ရင်ဘယ်သူလဲ၊ သူကအရာရှိရဲ့သားမလို့ နင်တို့လဲသူ့ဘက်ကပါနေတာမလား"

သရဲမထံမှ အငြိုးအတေးများပြန်မြင့်တက်လာသည်ကို မြင်လိုက်ရသဖြင့် ချင်းရှုရန် လက်ကိုမြှောက်ပြီး သရဲမခေါင်းကို ဖြောင်းကနဲရိုက်ချလိုက်သည်။

"အန်းလဲ့က သရဲတွေကိုပဲကူညီတာ၊ ဘယ်လိုလုပ် လူသားဘက်ကပါမှာလဲ၊ သူပြောမှတော့ ဟုတ်လို့ပေါ့၊ သေချာပြန်စဉ်းစားကြည့်စမ်း၊ အဲ့နေ့ကတခြားဘယ်သူရှိသေးလဲ"

သရဲမထံမှ အငြိုးအတေးများကွဲသွားပြီး ခေါင်းယမ်းကာရှိုက်ငိုလိုက်သည်။

"ဘယ်သူမှ မရှိတော့ဘူး၊ သူပဲရှိတာ၊ အဲ့နေ့က ကျွန်မရယ်၊ ကျွန်မမိသားစုရယ်၊ ကျန်းလန်ရယ် ဘုန်းကြီးကျောင်းသွားရင်း သူ့ကိုတွေ့ခဲ့တာ"

ရှောင်အန်းလဲ့ အပြင်ဘက်ရှိသခင်မကျောက်ထံလှည့်ပြောလိုက်သည်။

"သခင်မကျောက် သခင်လေးကျန်းကို သွားခေါ်ခိုင်းလိုက်ပါ"

သခင်မကျောက် အစေခံတစ်ယောက်ကို အမြန်လွှတ်လိုက်သည်။ ထိုအစေခံလေး တံခါးမှမထွက်ရသေးခင်မှာပင် အပြင်ဆောင်မှ ဘဏ္ဍာထိန်းမှာအပြေးအလွှားရောက်ချလာ၏။

"သခင်မ ယဲ့မင်းသားက သခင်လေးကျန်းကို ကြိုးတုပ်ပြီးအိမ်တော်ဆီပို့လိုက်ပါတယ်၊ ကျွန်တော်တို့အိမ်တော်က သူ့ကိုလိုအပ်လိမ့်မယ်တဲ့"

"မြန်မြန် သခင်လေးကျန်းကိုမြန်မြန်ခေါ်လာခဲ့"

သခင်လေးကျန်းကို မြင်လိုက်သည်နှင့် ရှောင်အန်းလဲ့ သူ့မျက်နှာကိုအကဲခတ်ကြည့်ကာ ခေါင်းယမ်းမိလိုက်သည်။ သစ္စာဖောက်လူယုတ်မာကောင်ရဲ့ မျက်နှာပဲ။

လက်ပြန်ကြိုးတုပ်ခံထားရပြီး ပါးစပ်ပိတ်ခံထားရသော သခင်လေးကျန်းရှေ့သို့ သူမလျှောက်သွားကာ လက်ကိုမြှောက်၍ လက်ဟန်တစ်ခုပြုလုပ်ပြီး သူ့မျက်ခုံးနှစ်ခုကြားကို တို့ထိကာ နတ်မျက်စိဖွင့်ပေးလိုက်သည်။ ထို့နောက် သူ့ပုခုံးထက်ရှိ ယန်မီးတောက်ကိုငြိမ်းသတ်လိုက်ပြီး သရဲမြင်နိုင်အောင်လုပ်ပေးလိုက်၏။ ထို့နောက် သရဲမထံပြောလိုက်သည်။

"နင့်ရဲ့ကျန်းလန် ရောက်လာပြီ၊ အဲ့နေ့က နင့်ကိုအနိုင်ကျင့်ပြီး သခင်လေးကျောက်ဆီ လွှဲချခဲ့တာသူပဲ၊ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကိုယ်တိုင်မေးကြည့်လိုက်"

ရှောင်းအန်းလဲ့ထံတွင် ဟင်္သာပြဒါးနှင့်အဆောင်စာရွက်များ မပါလာသဖြင့် လက်ညှိုးကိုကိုက်ကာ နာကျင်မှုကိုအောင့်အီးရင်း လေထဲတွင်အမှန်အတိုင်းပြောစေသော အဆောင်တစ်ခု ရေးဆွဲ၍ သခင်လေးကျန်းထံပစ်လွှတ်လိုက်သည်။

သူ့ပါးစပ်ကိုပိတ်ထားသော အဝတ်စအားဆွဲထုတ်လိုက်သည်နှင့် သခင်လေးကျန်း၏ကြောက်လန့်တကြား အော်ဟစ်သံကို ချက်ချင်းကြားလိုက်ရသည်။

"ကျောက်နီယန် မင်း မင်းဘယ်လိုလုပ်ပြီး မင်းကသေသွားပြီမဟုတ်ဘူးလား အား အား အား အား အား သရဲ"

"ကျန်းလန် အဲ့နေ့ဘုန်းကြီးကျောင်းမှာ ကျွန်မကို အနိုင်ကျင့်ခဲ့တာ သခင်လေးကျောက်မဟုတ်ဘူးလား"

ထိုစကားဆုံးသည်နှင့် သူ့မျက်လုံးများပြူးကျယ်သွားရပြီး အံ့သြတကြီးဖြင့်ပါးစပ်ကိုအုပ်ရန် ကြိုးစားသော်လည်း လက်များမှာ ကြိုးတုပ်ခံထားရသည်။

သူပြောချင်ခဲ့သည်မှာ သခင်လေးကျောက်လုပ်ခဲ့ပါသည်ဟုဆိုချင်ပေသိ အဘယ်ကြောင့်အမှန်တရားများမှာ အလိုလိုထွက်ကျလာရပါသနည်း။

"ကျောက်နီယန် ကိုယ်ရှင်းပြတာကို နားထောင်ပါဦး၊ သခင်လေးကျောက်ရဲ့မိသားစုက အာဏာရှိတယ် ဩဇာရှိတယ် သူ့အဖေက အဆင့်သုံးအရာရှိကြီးလေ၊ မင်းသာကိုယ့်ကလေးနဲ့အတူ သူတို့အိမ်တော်ကိုရောက်သွားရင် ကိုယ်လုပ်တော်ဖြစ်နေရင်တောင် ကိုယ်တို့ကလေးအတွက် ဒီလိုအရာရှိမိသားစုမှာ ကြီးပြင်းလာရတာ ကောင်းတယ်မလား၊ မင်းက ဘာလို့ကြိုးဆွဲချသေရတာလဲ၊ မင်းစိတ်ဆိုးပြီး သဘောမတူမှာကြောက်လို့ ကိုယ်အမှန်အတိုင်းမပြောခဲ့ရတာပါ၊ ကျောက်နီယန် ကိုယ်ကမင်းကိုနည်းနည်းလေးမှ မချစ်ဘူး၊ ကိုယ်ကအခွန်ဌာနလက်ထောက်ဝန်ကြီးရဲ့သမီးနဲ့ စေ့စပ်တော့မှာ၊ မင်းအဆင့်အတန်းက ဘာရှိလို့လဲ၊ ကုန်သည်သမီးဆိုတာ ကိုယ့်အတွက်တော့ ဘာမှအထောက်အကူမပြုနိုင်ဘူး၊ ကစားရုံသက်သက်ဆိုရင်တော့ ကိစ္စမရှိပေမယ့် ကိုယ်နဲ့လက်ထပ်ဖို့တော့ မတန်ဘူးလေ"

ဤသည်မှာ ရှောင်အန်းလဲ့ နားမလည်သည့်နယ်ပယ်တစ်ခုဖြစ်နေသဖြင့် ချင်းရှုရန်ကိုသာ မေးလိုက်ရသည်။

"အခွန်ဌာနလက်ထောက်ဝန်ကြီးက ဘယ်အဆင့်ရှိလဲ"

ဒီမေးခွန်းကိုတော့ ချင်းရှုရန်ဖြေနိုင်ပါသည်။

"အဆင့်ငါးအရာရှိပါ ရာထူးသေးသေးလေးပဲ"

လက်စားချေလိုစိတ်ပြင်းထန်သော မကောင်းဆိုးဝါးဝိညာဉ် ကျောက်နီယန်သည် သူ့စကားကိုကြားလိုက်ရသည့်အခါ ပြင်းထန်သောအငြိုးအတေးများ ပေါက်ကွဲထွက်လာပြီး အနက်ရောင်အငွေ့လုံးကြီးအသွင်ပြောင်းကာ သခင်လေးကျန်းထံ ပြေးဝင်သွားပြီး လည်ပင်းကိုတင်းတင်းညှစ်ချလိုက်တော့သည်။

ရှောင်အန်းလဲ့ ဘေးမှနေ၍အေးအေးဆေးဆေး ကြည့်နေလိုက်၏။ သခင်လေးကျန်းမှာ ကြမ်းပြင်ပေါ်တွင် တွန့်လိမ်နေပြီး မျက်နှာမှာလည်း နာကျင်မှုကြောင့်ရှုံ့မဲ့နေသည်။ သူသေခါနီးအချိန်ရောက်မှသာ သူမဝင်ပြောလိုက်၏။

ချင်းရှုရန် ရှေ့တိုးသွားပြီး ကျောက်နီယန်ကိုဆွဲခွာလိုက်သည်။

"ဒေါသထွက်လို့ နည်းနည်းပါးပါးလုပ်တာက ကိစ္စမရှိဘူး၊ တစ်ကယ်ကြီး လည်ပင်းညှစ်သတ်မလို့လား၊ ဒီလိုလူယုတ်မာကောင်အတွက်နဲ့ ကိုယ့်ကိုကိုယ် စတေးရတာမတန်ပါဘူး"

6

ကျောက်နီယန်တစ်ယောက် စတင်ငိုတော့သည်။

"ဝူး ဝူး ဝူး”

သူမခမျာ ဘယ်လောက်သနားဖို့ကောင်းလိုက်လဲ။ သူမကတော့ ကျန်းလန်ကို သူမဘဝရဲ့ငယ်ချစ်ဦးဆိုပြီး တန်ဖိုးထားလိုက်ရတာ။ ဒါပေမဲ့ အဲ့ယုတ်မာတဲ့ကောင်က သူမကို အဲ့လောက်ထိမတရားလုပ်ရက်ခဲ့တယ်။

သတ်ပစ်မယ် သတ်ပစ်မယ်။

ရှောင်အန်းလဲ့၏အရိုးဖြူထီးသည် လေထဲသို့ လျင်မြန်စွာပျံတက်သွားပြီး ကျောက်နီယန်ခေါင်းပေါ်တွင်ရပ်တန့်သွားသည်။

"လူမှာ လူ့စည်းကမ်းရှိသလို သရဲမှာလည်း သရဲစည်းကမ်းရှိတယ်၊ လူက လူကိုသတ်ရင် ရာဇဝတ်မှုမြောက်တယ်ခေါ်ပြီး သရဲက လူကိုသတ်ရင်တော့ ကောင်းကင်စည်းမျဉ်းချိုးဖောက်တယ်လို့ခေါ်တယ်၊ နင်အခုသူ့ကို သတ်လိုက်ရင် နင်လူပြန်ဝင်စားနိုင်တော့မှာ မဟုတ်တဲ့အပြင် အပယ်ငရဲမီးလျှံပြစ်ဒဏ်ကိုလည်း ခံရလိမ့်မယ်၊ ဘာလို့အောက်တန်းကျတဲ့သူတစ်ယောက်အတွက် ကိုယ့်ဒုက္ခကိုယ်ရှာနေမှာလဲ၊ အေးအေးဆေးဆေးငါနဲ့လိုက်ခဲ့၊ နင့်ကိုတမလွန်ရောက်အောင် ငါပို့ပေးမယ်၊နောက်ဘဝကျ ယောကျာ်းရွေးရင် မျက်လုံးကိုသေချာဖွင့်ပြီးရွေးဖို့သာ စဉ်းစား၊ ဒီလူကတော့ သုံးရက်အတွင်း အကျဉ်းထောင်ထဲထောင်နန်းစံရပြီး သူ့ရဲ့လူ့ဘဝကံလည်းကုန်သွားလိမ့်မယ်”

သူမစကားကို ကြားသောအခါကျောက်နီယန်သည် သဘာဝအလျောက်ကြည်ဖြူစွာအဖမ်းခံလိုက်တော့သည်။ ရှောင်းအန်းလဲ့ သခင်မကျောက်ကိုကြည့်ကာပြောလိုက်သည်။

“သခင်မကျောက် အထဲဝင်ကြည့်လိုက်ပါဦး၊ အခုလောက်ဆိုသခင်လေးကျောက်

သတိရနေလောက်ပါပြီ”

သူမစကားကိုကြားသည်နှင့် သခင်မကျောက်သည် အထိန်းတော်ကြီးက်ိုတွဲ၍ အခန်းထဲသို့ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှားဝင်သွားခဲ့သည့်အချိန်တွင် သူမသားသည် ကုတင်ထက်၌ငိုင်တိုင်တိုင်ဖြင့်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ ထို့နောက် ရှောင်အန်းလဲ့သည် ပစ္စည်းသိမ်းပြီးထွက်ပြေးဖို့ပြင်ဆင်နေသော တာအိုဆရာအိုကြီးအား လှည့်ကြည့်လိုက်၏။ ထိုအချိန် တာအိုဆရာအိုကြီးမှာပစ္စည်းများကိုအလျင်အမြန်သိမ်းဆည်းနေပြီး စိတ်ထဲတွင်လည်း တတွတ်တွတ်ရွတ်နေသည်။

ကြောက်စရာကောင်းလိုက်တာ ကြောက်စရာကောင်းလိုက်တာ၊ ဒီလောက်နှစ်တွေအကြာကြီးလိမ်စားလာခဲ့တာ အခုမှပဲသရဲအစစ်နဲ့ကြုံဖူးတော့တယ်။

သူထွက်ပြေးရန်ပြင်နေစဉ်မှာပင် ရှောင်အန်းလဲ့ သူ့လမ်းကိုပိတ်ရပ်လိုက်သည်။ တာအိုဆရာကြီးသည် ရှောင်အန်းလဲ့၏စွမ်းဆောင်ရည်ကို နဖူးတွေ့ဒူးတွေ့မြင်လိုက်ရသဖြင့် အလွန်အထင်ကြီးနေခဲ့၏။ ဘုရားရေ ဒီကောင်မလေးတော်တော်စွမ်းတာပဲ။

"ဒီ ဒီက ဆရာသခင်လေး ကျွန်တော်က တာအိုဆရာဆိုပေမဲ့ ဆရာသခင့်ကိုလည်း အရမ်းလေးစားပါတယ်၊ ကျွန်တော့်ကို သွားခွင့်ပြုပါနော်၊ ကျွန်တော်လည်း ဝမ်းစာရှာနေရလို့နားလည်ပေးပါဦး”

သို့သော် ရှောင်အန်းလဲ့မျက်လုံးများမှာ သူ့ဆီမှပစ္စည်းကိရိယာများကိုသာအာရုံရောက်နေသည်။

"ရှင်က လူလိမ်လေ၊ ဒီတိုင်းထွက်သွားလို့ ရမလား၊ ကျွန်မသာရောက်မလာရင် သခင်လေးကျောက်တင်မကဘူး ရှင်ပါ အသက်အန္တရာယ်ရှိနိုင်တယ်ဆိုတာ သိရဲ့လား”

ထိုစကားကြောင့်တာအိုဆရာကြီး၏မျက်နှာမှာ ခါးသက်သွားပြီး ရှောင်အန်းလဲ့အား အကြိမ်ကြိမ် တောင်းပန်တော့သည်။

"အိုက်ယား ဆရာသခင်ရေ တာအိုဆရာမလေးရေ နတ်သမီးလေးရေ ဒီအဘိုးကြီးကို သက်ညှာပေးပါနော်၊ ကျွန်တော်က လူတွေကိုလိမ်ရုံပဲလိမ်တာပါ၊ ဘယ်တော့မှ လူသေအောင် မလုပ်ဖူးပါဘူး၊ ဒီလိုဆိုရင်ဘယ်လိုလဲ၊ နောက်နောင် ဒီအဘိုးကြီးဘယ်တော့မှ သူများကိုလိမ်မစားတော့ပါဘူးလို့ ကျိန်ဆိုရင်ရောရမလား”

ရှောင်အန်းလဲ့ ချက်ချင်းခေါင်းခါလိုက်

သည်။ တာအိုဆရာကြီးမှာ အလွန်

စိတ်ပျက်သွားလေ၏။ ဒီကောင်မလေးက တကယ်ကိုဘာလိုချင်နေတာလဲ။ သို့သော်

အချိန်ခဏအကြာတွင် သူမထင်မှတ်ထားသောစကားများကိုကြားလိုက်ရသည်။

"ရှင့်တာအိုပညာအစွမ်းက မလုံလောက်သေးတဲ့အတွက် ဒီလိုကိစ္စမျိုးကိုမဖြေရှင်းနိုင်ဘူး၊ ရှင့်ဆီက ဟင်္သာပြဒါးနဲ့ အဆောင်လက်ဖွဲ့တွေအကုန်လုံး ကျွန်မကိုပေးထားခဲ့၊ ပြီးတော့ နောက်နောင်ဒီလိုအခြေအနေမျိုးနဲ့ကြုံရရင် ကျွန်မကိုလာရှာဖို့ မမေ့နဲ့၊ ကျွန်မရှင့်ကို ကော်မရှင်ခခွဲပေးမယ်ဟုတ်ပြီလား”

တာအိုဆရာကြီး : "......"

"ကောင်းပါပြီ ကောင်းပါပြီ ဟဲဟဲ

နတ်သမီးလေးက ကျွန်တော့်ကိုလွှတ်ပေးမယ်ဆိုရင် နောက်နောင်အလုပ်ရှိရင် နတ်သမီးလေးဆီကို သေချာပေါက်အရင်လာခဲ့ပါ့မယ်၊ ကျွန်တော်က အဘိုးကြီးဖြစ်နေပါပြီ လောဘမကြီးပါဘူး၊ နတ်သမီးလေးက ကျွန်တော့်ကိုနည်းနည်းခွဲပေးရင်ပဲရပါပြီ”

ထိုသို့ပြောပြီးသည်နှင့် တာအိုဆရာကြီးသည် ဟင်္သာပြဒါးနှင့်အဆောင်လက်ဖွဲ့များကို အမြန်ထုတ်ကာ ရှောင်အန်းလဲ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ရှောင်အန်းလဲ့ထံတွင်ထည့်စရာမပါလာသည်ကို သတိပြုမိသွားပြီး တာအိုဆရာကြီးသည် သူ့ခါးမှမြေဝါရောင် အိတ်ကြီးကိုဖြုတ်ကာ ရှောင်းအန်းလဲ့အားတစ်ခါတည်း ပေးလိုက်တော့၏။

"နတ်သမီးလေး၊ ဒါတွေအကုန်လုံး ယူသွားလိုက်ပါ‌ေနာ်”

ရှောင်အန်းလဲ့လည်း အားမနာနေတော့ပဲလှမ်းယူလိုက်သည်။ ဒီတာအိုဆရာကြီးက အလိုက်ကမ်းဆိုးသိသားပေမယ့် ဒါကြီးကိုဒီအတိုင်းကြီးသယ်သွားရင် တော်တော်ရုပ်ဆိုးမှာ ခဏနေကျမှပဲ *သိမ်းဆည်းခြင်းအဆောင်*တစ်ခုလောက် ဆွဲလိုက်မယ်။ အဲ့တာဆိုအိတ်သေးသေးလေးတစ်လုံးဆိုရင်တောင် ပစ္စည်းဆယ်ခုလောက် ထည့်လို့ရတယ်လေ။ ထို့နောက်သူမ တာအိုဆရာကြီး၏အခေါ်ကို ပြင်ပေးလိုက်သည်။

“နောက်ကျ ကျွန်မကိုမိန်းကလေးရှောင်းလို့ပဲခေါ်ပါ”

သခင်မကျောက်သည် သူမသားကိုတွဲကာထွက်လာပြီး ကျေးဇူးတင်စကားဆိုရန် ရှောင်အန်းလဲ့နားသို့ ရောက်လာသည်။

သခင်မကျောက်သည် ကိုယ်ပိုင်ပိုက်ဆံအိတ်တစ်လုံးကိုထုတ်ယူကာ ရှောင်အန်းလဲ့ကို ပေးလိုက်သည်။

"မိန်းကလေးရှောင် ဒီတစ်ခါ မိန်းကလေး ကယ်တင်ပေးလို့သာပေါ့၊ မဟုတ်ရင် ကျွန်မသားလေး အသက်အန္တရာယ်ကြုံရတော့မှာ၊ဒါက ကျွန်မရဲ့ စေတနာပါ၊ မိန်းကလေးရှောင် မငြင်းပါနဲ့နော်"

ရှောင်အန်းလဲ့ ပိုက်ဆံအိတ်ကိုယူလိုက်ပြီးနောက် လက်ထဲတွင်ပေါ့ပါးနေသဖြင့် သခင်မကျောက်ပေးသည်မှာ ငွေစက္ကူများဖြစ်ကြောင်း သတိထားမိလိုက်သည်။ ငွေစက္ကူတစ်ရွက်လျှင် တေးတစ်ရာတန်ဖိုးရှိလေ့ရှိရာ ဒီတစ်ခါသူမအတော်လေးရလိုက်သည်ဟုဆိုရပေမည်။ တာအိုဆရာကြီးပေးလိုက်သော ပစ္စည်းများပါပေါင်းလိုက်လျှင် မြိုးမြိုးမြိုက်မြိုက်ရလိုက်ခြင်းပင်။ ပိုက်ဆံအိတ်ကိုလက်ခံပြီးနောက် ရှောင်အန်းလဲ့ သခင်မကျောက်ကို နှုတ်ဆက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်မကျောက် ဒါဆိုရင် ကျွန်မမငြင်းတော့ပါဘူး၊ ကျွန်မက သရဲနှင်တာအပြင် အဆောင်ရေးတာ၊ ဗေဒင်ဟောတာနဲ့ ဖုန်းရွှေကြည့်တာလည်း ကျွမ်းကျင်ပါသေးတယ်၊ နောက်နောင် သခင်မမှာ ဒီလိုကိစ္စတွေလိုအပ်လာရင် ကျွန်မကို အချိန်မရွေးလာရှာလို့ရတယ်နော်၊ သခင်လေးလည်း သတိရလာပြီဆိုတော့ ကောင်းကောင်းစား၊ ကောင်းကောင်းနားလိုက်ရင် မကြာခင်သက်သာသွားမှာပါ၊ ကျွန်မမှာ တခြားကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး”

ရှောင်အန်းလဲ့မှ တာအိုဆရာကြီး၏ပစ္စည်းများကို သယ်ဆောင်ထားသည်ကိုမြင်သောအခါ သခင်မကျောက်သည် သူမနှင့်တာအိုဆရာကြီးအချင်းချင်းသိသည်ဟု ထင်မှတ်သွားပြီး ထပ်မမေးတော့ပဲ သူမပြန်တော့မည်ဟု ကြားသောအခါတွင်လည်း ဆွဲမထားတော့ပေ။ ရှောင်အန်းလဲ့ ကျောက်အိမ်တော်မှထွက်လာပြီးနောက် တော်ဝင်ကုန်သည်ချင်းမိသားစုဆီသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ အရိုးဖြူထီးသည် အနည်းငယ်တုန်ခါသွား၍ အချက်ပြလိုက်၏။ ချင်းရှုရန်ဆက်မသွားချင်တော့ပေ။ ရှောင်းအန်းလဲ့ထီးကိုကိုင်ကာ နှစ်ချက်မျှဆွဲကြည့်သော်လည်း မရွေ့ပေ။ ထီးသည် လေထဲတွင်ကပ်နေသကဲ့သို့ဖြစ်နေသည်။

"ဘာဖြစ်တာလဲ၊ အိမ်ပြန်ရမှာမလို့စိတ်လှုပ်ရှားနေတာလား”

ချင်းရှုရန် အပြင်သို့ထွက်လာပြီး ချင်းမိသားစုရှိရာဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည်။

"ကျွန်မမှာ အိမ်ပြန်သွားဖို့ ဘယ်ကမျက်နှာရှိမှာလဲ၊ ကျွန်မ,မပြန်တော့ပါဘူး၊ ဆရာသခင်ပဲ ကျွန်မကိုသတ်ခဲ့တဲ့စာသင်သားဖုန်းကို လိုက်ရှာပေးပါလား၊ ကျွန်မ သူ့ကိုပဲ လက်စားချေတော့မယ်၊ အိမ်မပြန်တော့ဘူး”

ရှောင်အန်းလဲ့ ချင်းအိမ်တော်တံခါးဝကို ကြည့်လိုက်သည်။ အိမ်ဝရောက်နေပြီကို မပြန်တော့ဘူးတဲ့လား။ ထို့ကြောင့် သူမလည်း လှည့်ထွက်ရန်ပြင်လိုက်စဉ်မှာပင် ချင်းအိမ်တော်ထဲမှ သခင်လေးတစ်ယောက်ထွက်လာပြီး အသင့်ပြင်ထားသော မြင်းပေါ်သို့တက်

လိုက်သည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် ရှောင်အန်းလဲ့ထီးကိုကိုင်ကာ လျှောက်သွားပြီး ထိုသခင်လေးထံ မော့ကြည့်ကာပြောလိုက်၏။

"သခင်လေး ဒီနေ့မြင်းမစီးသင့်ပါဘူး၊ မဟုတ်ရင်သွေးထွက်သံယို ဘေးအန္တရာယ်နဲ့ကြုံရလိမ့်မယ်”

ချင်းရှောင်မြင်းပေါ်တွင် ဘာမှမပြောနိုင်ဘဲထိုင်နေပြီး ရှောင်အန်းလဲ့ထံငုံ့ကြည့်လိုက်သည်။ သူ့အစေခံများမှာလည်း သူမအားမောင်းထုတ်ရန် အမြန်ရောက်လာကြသည်။

"မင်းကဘယ်သူလဲ ဘာစကားတွေလာပြောနေတာလဲ၊ သခင်လေးကို သွေးထွက်သံယိုဖြစ်မယ်လို့ ကျိန်ဆဲရဲတယ်ပေါ့လေ၊ မြန်မြန်ထွက်သွားစမ်း မဟုတ်ရင် ဒီနေ့ ငါမင်းကို သွေးထွက်သံယိုဖြစ်အောင်လုပ်ပစ်မယ်”

ချင်းရှောင် မြင်းပေါ်မှနေ၍လှမ်းဟန့်

လိုက်သည်။

"ကျန်းရွှမ် နောက်ဆုတ်နေ”

ချင်းရှောင်မြင်းပေါ်မှဆင်းလာပြီး ရှောင်အန်းလဲ့ရှေ့သို့ လျှောက်လာသည်။ သူမ၏ဝတ်စားဆင်ယင်ပုံမှာ သပ်ရပ်သော်လည်း လက်ထဲမှထီးမှာအနည်းငယ် စုတ်ပြတ်နေသည်ကို သတိပြုမိလိုက်သည်။ ထို့ပြင် သူမကျောပေါ်တွင် တာအိုဆရာများအသုံးပြုလေ့ရှိသော မြေဝါရောင်အထည်အိတ်ကြီးကို လွယ်ထားသဖြင့် ကြည့်ရတာအနည်းငယ်ရယ်ချင်စရာကောင်းနေ၏။

"မိန်းကလေး ဘာလို့ ကျွန်တော်မြင်းစီးရင် သွေးထွက်သံယိုဖြစ်မယ်လို့ ပြောရတာလဲ”

ရှောင်းအန်းလဲ့ မျက်မှောင်ကြုတ်ကာ သူ့ကို အကဲခတ်လိုက်သည်။ သူ့မျက်ခုံးများက ရှင်းလင်းပြီး နှာတံပေါ်ကာ ဖြောင့်မတ်

တည်ကြည်သူတစ်ယောက် ဖြစ်ပုံရသည်။

"သခင်လေးရဲ့ မိဘနေရာနွမ်းပါးနေတယ်၊ ပြီးတော့ အိမ်ကလူကြီးတွေနဲ့ညီအစ်ကိုမောင်နှမတွေလည်း ကျန်းမာရေး မကောင်းကြဘူးထင်တယ်”

ဘေးနားရှိ အစေခံကောင်လေးမှ ဝင်ပြောလိုက်သည်။

"ဒီမှာ မိန်းကလေး မင်းတကယ်ကိုဘာဖြစ်ချင်နေတာလဲ၊ စောစောကကျ ငါတို့သခင်လေးကို သွေးထွက်သံယိုဖြစ်မယ်လို့ပြောတယ်၊ အခုကျတော့ သခင်ကြီးနဲ့သခင်မကြီးကို ကျိန်ဆဲနေပြန်ပြီ၊ မင်း တမင်သက်သက်ရန်လာရှာနေတာမလား”

ရှောင်အန်းလဲ့လည်း သူမစကားများမှာ တဲ့တိုးဆန်လွန်းပြီး ကျိန်ဆဲသလိုဖြစ်နေမှန်း သတိပြုမိလိုက်သည်။ ချင်းရှုရန်မှာမူ သူမဘေးတွင်အလွန်စိတ်

လှုပ်ရှားနေ၏။

"ဆရာသခင် သူကကျွန်မရဲ့ဒုတိယအစ်ကိုလေ သူ့ကိုမြန်မြန်ကူညီပေးလိုက်ပါ၊ ပြီးတော့ ကျွန်မမိဘတွေက ကျန်းမာရေးကောင်းပါတယ် ဘယ်လိုလုပ်မကောင်းရမှာလဲ”

ရှောင်အန်းလဲ့ ခဏတန့်သွားပြီးနောက် ချင်းရှောင်ကို ပြောလိုက်သည်။

"ကျွန်မက ရှင့်ညီမလေးချင်းရှုရန်ကိုသိတယ်၊ သူက ရှင်တို့အားလုံးကို စိတ်ပူပြီး ကျွန်မကိုလာကြည့်ခိုင်းလိုက်တာ၊ အဲ့ဒါကြောင့် ရှင်နဲ့ ရှင့်မိသားစုမှာပြဿနာရှိနေတာတွေ့လို့ တဲ့တိုးပြောလိုက်မိတာပါ၊ ရှင့်အနေနဲ့အဆင်မပြေရင် ဒါမှမဟုတ် နားမထောင်ချင်ဘူးဆိုရင်တော့ ကျွန်မဘာမှမပြောခဲ့ဘူးလို့သာ သဘောထားလိုက်ပါ”

ရှောင်အန်းလဲ့ပြောပြီးသည်နှင့် ထွက်ခွာရန်ခြေလှမ်းပြင်လိုက်သော်လည်း ချင်းရှောင်မှ သူမကိုလှမ်းတားလိုက်သည်။

"ခဏလေးပါ မိန်းကလေးက ကျွန်တော့်ညီမလေးကို တွေ့ခဲ့တာလား၊ သူအခုဘယ်လိုနေလဲ”

ရှောင်အန်းလဲ့ သူမဘေးရှိချင်းရှုရန်ကို လှည့်ကြည့်လိုက်သည်။ ချင်းရှုရန်ခေါင်းကိုအမြန်ခါပြလိုက်သဖြင့် ရှောင်အန်းလဲ့သည် အရိုးရှင်းဆုံးသာပြောလိုက်၏။

"သူမ သေသွားပြီ၊ သူခိုးရာလိုက်ပြေးလိုက်သွားပေမယ့် နောက်တော့ ဖုန်းဆိုတဲ့နာမည်နဲ့လူရဲ့သတ်တာကို ခံခဲ့ရတယ်”

"ဘာ ယုတ်မာလိုက်တဲ့ ဖုန်းမျိုရိုး တိရစ္ဆာန်ကောင်၊ မိန်းကလေးပြောတာတွေက အမှန်တွေလား၊ အမှန်ဆိုရင် အခုချက်ချင်းအာဏာပိုင်တွေကိုတိုင်ပြီး သူ့ကို ဖမ်းခိုင်းလိုက်မယ်”

ရှောင်အန်းလဲ့ စိတ်ခံစားချက်များ ရှုပ်ထွေးနေသော ချင်းရှုရန်ကိုကြည့်လိုက်သည်။

"ဝူး ဝူး ဝူး ရှက်စရာကောင်းလိုက်တာ၊ ကျွန်မရှက်လွန်းလို့ မိသားစုကိုတောင် မတွေ့ရဲတော့ဘူး၊ အဲ့တုန်းက ကျွန်မကိုယ်တိုင် ခေါင်းမာခဲ့လို့ မိုက်မဲခဲ့လို့သာအခုလိုဖြစ်ရတာ၊ အကုန်လုံး ကျွန်မအပြစ်တွေပါ ဝူး ဝူး ဝူး မိဘတွေကိုပြန်တွေ့ဖို့ မျက်နှာမရှိတော့ဘူး၊ အစ်ကိုတွေကိုလည်းပြန်တွေ့ဖို့ မျက်နှာမရှိတော့ဘူး ဝူး ဝူး ဝူး"

ရှောင်အန်းလဲ့သည် သူမငိုသံကြောင့် ခေါင်းကိုက်လာသည်။ အရိုးဖြူထီးကို ပိတ်လိုက်ပြီး သူမထီးအောက်ရောက်နေသည့်သရဲနှစ်ကောင်လုံးမှာ ယောင်္ကျားသာတွေကြောင့်သေခဲ့ရသည့် အချစ်ရူးမလေးတွေဖြစ်နေသည်ကို သတိပြုမိလိုက်၏။

ကျွတ် ကျွတ် ကျွတ်!

All Chapters