← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

7

"ကျွန်မပြောတာ အမှန်တွေချည်းပါပဲ၊ မယုံရင် မြို့စွန်ကအစုအပုံသင်္ချိုင်းဟောင်းကို လူလွှတ်ပြီးသွားရှာခိုင်းကြည့်လိုက်ပါ၊ သူ့ရဲ့မင်္ဂလာဝတ်စုံနဲ့ ခေါင်းဆောင်းလက်ဝတ်ရတနာတွေကို တွေ့ရပါလိမ့်မယ်"

ရှောင်အန်းလဲ့စကားကိုကြားသောအခါ ချင်းရှောင် ချက်ချင်းပင်အစုအပုံသင်္ချိုင်းဟောင်းသို့သွား၍ ညီမဖြစ်သူရုပ်အလောင်းကို သွားကောက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ သူမြင်းပေါ်တက်ရန်လှည့်လိုက်စဉ် သူမသတိပေးစကားကိုပြန်သတိရသွားပြီး ရပ်တန့်လိုက်၏။ ထို့နောက် သူ့မိဘများနှင့် အစ်ကိုဖြစ်သူကို သတိရသွားပြီး ချက်ချင်းမေးလိုက်သည်။

"စောစောက ကျွန်တော့်မိဘတွေနဲ့ အစ်ကိုကြီးတို့ ဒုက္ခရောက်နိုင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ကျွန်တော့်မိဘတွေက အခုကျန်းမာရေးကောင်းပြီး နေကောင်းကျန်းမာနေတာပဲက်ို ဘာမကောင်းတာများဖြစ်လာနိုင်လို့လဲ”

ထိုစကားကြောင့်ရှောင်အန်းလဲ့ လက်ချောင်းများဖြင့် တွက်ချက်ကြည့်လိုက်သည်။

"ရှင်တို့အိမ်မှာ မိသားစုပိုင်ဆိုင်မှုအမွေကိစ္စအတွက် အငြင်းပွားမှုတွေဖြစ်နေတာမလား၊ အဲ့လိုရှင်တို့အိမ်တွင်းမအေးချမ်းတာက ကံဆိုးခြင်းရဲ့ အရင်းအမြစ်ပဲ၊ စောစောက ကျွန်မတွက်ချက်ကြည့်လိုက်တော့ ရှင်အခုထွက်သွားရင်သွေးထွက်သံယိုဖြစ်မယ့်ဘေးနဲ့ကြုံရလိမ့်မယ်၊ အဲ့ဒါကလည်း ရှင့်မြင်းနဲ့ သက်ဆိုင်နေတယ်၊ ကျွန်မအထင် ရှင့်မြင်းကိုတစ်ယောက်ယောက်က ကြံစည်ထားတာဖြစ်ရမယ်၊ ရှင့်အဖေက ဒီနေ့ အရှေ့ဘက်ကိုသွားဖို့ရှိတယ်မလား၊ အဲ့ဘက်မှာရေကြီးနိုင်တဲ့ မြစ်တစ်စင်းရှိတယ်၊ ရှင့်အမေက အတွင်းဆောင်မှာနေတယ်ဆိုပေမယ့် ဒီရက်ပိုင်းနေမကောင်းဖြစ်ပြီး အမြဲအိပ်ချင်နေတတ်တယမလား၊ ပြီးတော့ ရှင့်အစ်ကိုကြီးက လွန်ခဲ့တဲ့သုံးရက်ကတည်းက အဆိပ်မိထားလို့ အခုထိ နာလန်မထူနိုင်ပဲ အိပ်ရာထဲလဲနေရတုန်းပဲ”

ရှောင်အန်းလဲ့ပြောသမျှအကုန်မှန်နေသည့်အတွက် ချင်းရှောင်အံ့ဩမှင်သက်သွားရသည်။ သူ့အမေနဲ့ အစ်ကိုကြီးရဲ့ ရောဂါလက္ခဏာတွေကို ကြိုစုံစမ်းထားလို့ရတယ်ထားဦး သူ့အဖေကူလမ်းကြားမှာ စီးပွားရေးကိစ္စသွားဆွေးနွေးမယ်ဆိုတာက အိမ်ကမထွက်ခင်လေးမှ အဖေနဲ့တိုင်ပင်ခဲ့တဲ့ကိစ္စလေ။ ပြီးတော့ အဲ့နားမှာ တကယ်ပဲမြစ်တစ်စင်းရှိနေတာ ဤသည်တို့ကိုတွေးမိတော့ ချင်းရှောင်မှာရှောင်အန်းလဲ့ကို ပိုယုံကြည်သွားခဲ့သည်။

"ဒါဆိုရင် မိန်းကလေးပြောတဲ့ကိစ္စတွေအတွက် ဖြေရှင်းနည်းများရှိမလား”

သခင်လေးမှာ ယခုမှမြင်ဖူးသောမိန်းကလေး၏စကားကို တကယ်ကြီးယုံကြည်နေသည်အား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဘေးနားမှအစေခံကောင်လေးမှာ မျောက်မီးခဲကိုင်မိသလိုဖြစ်သွားပြီး တားဆီးရန် ကြိုးစားတော့သည်။

"ဒုတိယသခင်လေး သူ့စကားကိုမယုံပါနဲ့! အဲ့တစ်ယောက်လိမ်နေတာ အသိသာကြီးပဲကို၊ သူ့ကျောပေါ်က အထုပ်ကြီးကလည်း နမိတ်မရှိဘာမရှိနဲ့ ဘယ်ကနေဘယ်လိုကောက်ရလာမှန်းမှမသိတာ”

ရှောင်အန်းလဲ့ အစေခံကောင်လေးကို တစ်ချက်ကြည့်ပြီး ထိုသူ့အင်္ဂါရုပ်ကို ဖတ်ကာ ပြောလိုက်သည်။

"နင်တော်တော်ဆိုးတာပဲ၊ သခင်အပေါ်လည်းသစ္စာမရှိဘူး၊ နင့်နိဂုံးက တော်တော်ဆိုးလိမ့်မယ်”

ကျန်းရွှမ် သူမစကားကြောင့်လိပ်ပြာလွင့်မတတ်ဖြစ်သွားပြီး အပြစ်ရှိစိတ်ကြောင့် ရှေ့တစ်လှမ်းတိုးကာအော်ဟစ်လိုက်သည်။

"ဟေ့ မင်းပေါက်ကရတွေပြောမနေနဲ့"

ချင်းရှောင် မျက်မှောင်ကြုတ်ကာ သူ့အစေခံအားကြည့်လိုက်သည်။ ကျန်းရွှမ်ချက်ချင်းပင် သူ့သခင်ဖြစ်သူအားမချိပြုံး,ပြုံးပြလိုက်၏။ ထိုအချိန်ချင်းရှုရန်သည် ရှောင်အန်းလဲ့ဘေးတွင် အနက်ရောင်အငွေ့အဖြစ်ပြောင်းလဲသွားသည်။

"ဒုတိယအစ်ကိုကိုဒုက္ခပေးတာ သူပဲနေမှာ"

ရှောင်အန်းလဲ့ သူမထံမျက်စောင်းထိုးလိုက်ပြီး ခါးကြားရှိမြေဝါရောင်အိတ်ထဲမှ ဟင်္သာပြဒါး၊ အဆောင်စက္ကူနှင့် စုတ်တံကိုထုတ်ယူကာ အနားရှိလှေကားထစ်တစ်ခုဆီ လျှောက်သွားပြီး မကောင်းဆိုးဝါးနှင်ထုတ်ကာဘေးကင်းစေမည့် ငြိမ်းချမ်းရေးအဆောင်လေးခုကို ရေးဆွဲလိုက်သည်။ ချင်းရှုရန် စိတ်ပူပန်ဟန်ဖြင့်ကြည့်နေရင်းပြောလာ၏။

"ဒီအဆောင်လက်ဖွဲ့လေးက တကယ်ပဲ အသုံးဝင်ပါ့မလား၊ အစ်ကိုကြီးကအဆိပ်မိနေတယ်လို့ ပြောတယ်လေ၊ ဒီအဆောင်တွေက တကယ်ကောအဆိပ်ကို ဖြေနိုင်လို့လား၊ အခုကိစ္စတွေက သေချာပေါက်ဒုတိယဦးလေးတို့မိသားစု လက်ချက်ပဲဖြစ်ရမယ်”

ရှောင်အန်းလဲ့သည် ချင်းရှုရန်၏ရောက်တတ်ရာရာစကားများကိုစိတ်မဝင်စားပေ။ သူမသည် အဆောင်များကို ဆွဲပြီးသည်နှင့်ချင်းရှောင်အား ပေးလိုက်သည်။

"ဒီမှာ အဆောင်လက်ဖွဲ့တွေ ရှင့်မိသားစုဝင်တိုင်းတစ်ယောက်ကို တစ်ခုစီဆောင်ထားဖို့ပြောချင်တယ်၊ ဒီအဆောင်ကမကောင်းဆိုးဝါးတွေကို ကာကွယ်ပေးနိုင်ပြီး သေချာပေါက်ဘေးကင်းစေပါလိမ့်မယ်၊ ဒါပေမယ့် ရှင်တို့မိသားစုပြဿနာကို အမြစ်ပြတ်ဖြေရှင်းချင်ရင်တော့ အမြန်ဆုံး အိမ်ခွဲလိုက်တာ အကောင်းဆုံးပါပဲ၊ ကျွန်မက စစ်ဘက်ဆိုင်ရာဒုတိယဝန်ကြီးရဲ့သမီးပါ၊ ဖုန်းဆိုတဲ့လူရဲ့သတင်းရရင် ကျွန်မကိုပြောပြပေး‌နော်၊ ဖမ်းမိရင်လည်း ကျွန်မကိုလာပြောပေးပါ၊ ကျွန်မသူ့ကို တွေ့ချင်သေးတယ်၊ ပြီးတော့အဲ့တာကရှင့်ညီမလေးမှာလိုက်တဲ့ စကားပါ”

"ကျွန်တော်တို့သခင်မလေး မရှိတော့ဘူးလို့ ပြောတယ်မလား၊ ဘယ်လိုလုပ်မှာလိုက်နိုင်မှာလဲ”

ဘေးနားမှ အစေခံကောင်လေးသည် စောစောက သူ့ကံကြမ္မာကိုဟောလိုက်သည်ကိုမကျေနပ်သဖြင့် ပထမဆုံးရှေ့ထွက်ကာ မေးခွန်းထုတ်လိုက်သော်လည်းရှောင်အန်းလဲ့မှာ ပြန်ဖြေရန် စဉ်းစားပြီးသားပင်။

"ဒီည ကျွန်မရှင့်ညီမလေးကို အိပ်မက်ထဲလာခိုင်းလိုက်မယ်၊ မယုံရှင့်အိပ်မက်ထဲကိုယ်တိုင်သာ မေးကြည့်လိုက်တော့”

ချင်းရှောင်သည် တြိဂံပုံခေါက်ထားသော အဆောင်စက္ကူလေးခုကိုကိုင်ထားရင်း သူ့ညီမလေးကို အိပ်မက်ထဲ လာခိုင်းမည်ဟူသော စကားကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။ အဆောင်များကို လက်ခံလိုက်ပြီး အင်္ကျီလက်ကြားထဲမှ တေးတစ်ရာတန်ငွေစက္ကူတစ်

ရွက်ကိုထုတ်ကာ ရှောင်အန်းလဲ့ထံပေးလိုက်၏။

"ဒါက မိန်းကလေးအတွက် အဆောင်ဖိုးပါ၊ မိန်းကလေးပြောတာသာ မှန်ခဲ့ရင် နောက်နေ့ကျရင် ဆုငွေအများကြီးနဲ့ လာတွေ့ပါ့မယ်”

ရှောင်အန်းလဲ့ တေးတစ်ရာတန်ကိုယူလိုက်ပြီး ကျေနပ်သွားသည်။ စောစောက သခင်မကျောက်ပေးလိုက်တဲ့ ပိုက်ဆံနှစ်ရာလည်းရှိသေးတယ်။ အခု ချင်းရှောင်က နောက်ထပ်တစ်ရာထပ်ပေးတယ်ဆိုတော့ မြို့တော်အရာရှိအိမ်တော်တွေဆီကနေ ပိုက်ဆံရှာရတာ တကယ်လွယ်တာပဲ။ တစ်ရက်တည်းနဲ့ သုံးရာတောင်ရသွားပြီ။

"ကောင်းပါပြီ ကောင်းပါပြီ သတင်းကောင်း စောင့်နေမယ်နော်”

ပိုက်ဆံရလာပြီဖြစ်၍ အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် စက္ကူပိုက်ဆံရောင်းသောဆိုင်သို့သွားပြီး အများအပြား ဝယ်ယူလိုက်သည်။ အကောင်းဆုံး အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် ရွှေစက္ကူများအပြင် ဈေးအကြီးဆုံးဟင်္သာပြဒါးနှင့် စုတ်တံကိုလည်း ဝယ်ယူလိုက်၏။ အကုန်ဝယ်ပြီးကာမှ သူမအများကြီး ဝယ်မိသွားမှန်း သတိထားမိလိုက်ပြီး စောစောမှရလာသည့် သုံးရာထဲမှခြောက်ဆယ်လောက် ပါသွားခဲ့သည်။ ဆိုင်ရှင်မှာ သူမ၏ဝတ်စားဆင်ယင်ပုံမှာ သပ်ရပ်ကျော့ရှင်းပြီး ဝယ်ယူမှုပမာဏများပြားသည်ကိုမြင်သောအခါ အိမ်တိုင်ရာရောက် ပို့ပေးမည်ဟု ကမ်းလှမ်းလာသည်။

ရှောင်အန်းလဲ့လည်း ပစ္စည်းတွေများနေသည်ကိုမြင်၍ သိုလှောင်ရေးအဆောင်ရေး၍ရသော်လည်း ဝိညာဉ်စွမ်းအားကုန်မည့်အတွက် လိပ်စာပေးပြီး ဆိုင်ရှင်ကိုသာလာပို့ခိုင်းလိုက်သည်။ သူမပြန်ထွက်လာချိန်တွင် ချင်းရှုရန်မှာ ဘေးနားတွင်ဝဲပျံရင်း မကျေမနပ်ဖြင့်ရေရွတ်လာ၏။

"ကျွန်မကို ကောင်ချောလေးပေးမယ်ဆို၊ အခုထိ မီးမရှို့ပေးရသေးဘူး”

သူမမှာအခုထိ ကောင်ချောလေးအား စိတ်စွဲနေသေးသည်ကိုမြင်သောအခါ ရှောင်းအန်းလဲ့ ဆုံးမလိုက်ရသည်။

"နင်ဘယ်လိုသေခဲ့ရတာလဲဆိုတာ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့်ဦး၊ ယောင်္ကျားတစ်ယောက်ကို စွဲလမ်းမိလို့အလိမ်ခံရပြီး အသတ်ခံလိုက်ရတာမလား၊ ပြီးတော့အရိုးဖြူထီးထဲက ကျောက်နီယန် ဘယ်လိုသေခဲ့ရတာလဲ ကြည့်လိုက်ဦး၊ သူလည်း ယောင်္ကျားတစ်ယောက်ကြောင့် သေခဲ့ရတာပဲမလား၊ ဒါကိုတောင် နင်က ကောင်ချောလေးကို တမ်းတနေတုန်းနော်၊ တကယ်ပါပဲ အားလပ်လွန်းရင်ပေါက်ကအကြံအစုံထုတ်တတ်တယ်ဆိုတာ ဒါမျိုးပြောတာနေမှာ"

ချင်းရှုရန် ပြန်စဉ်းစားကြည့်လိုက်ရာ ဟုတ်သလိုလိုရှိပေသိ အားလပ်လွန်းရင် ပေါက်ကရအကြံအစုံထုတ်တတ်တယ်ဆိုသည့် စကားပုံမှာတော့ ဤနေရာ၌သုံးလို့ရနိုင်၍လားတော့ မသေချာပေ။ ရှောင်အန်းလဲ့မှာ အထည်ဆိုင်သို့သွားပြီး တေးလေးဆယ်သုံးကာ ဝတ်စုံနှစ်စုံထပ်ဝယ်လိုက်သည်။ ထို့နောက် ကျောက်စိမ်းဆိုင်သို့သွားလိုက်ရာ ကျောက်စိမ်းမှာ ပိုဈေးကြီးနေသည်ကိုတွေ့လိုက်ရ၏။

တေးတစ်ရာသုံးပြီး ကျောက်စိမ်းပြားသုံးချပ်ဝယ်လိုက်သည်။ ပြီးနောက်ပန်းပုဆိုင်သို့သွားကာ တေးငါးဆယ်သုံးပြီး အကောင်းစားမက်မွန်သားတစ်တုံးနှင့် ဓားမြှောင်တစ်ချောင်းဝယ်လိုက်သည်။ ထိုအရာများအကုန်ဝယ်ပြီးသည်နှင့် သူမလက်ထဲတွင်တေးငါးဆယ်နှင့်ဆယ်ပြားသာကျန်တော့၏။အိမ်တော်သို့ပြန်ရောက်သောအခါ တံခါးစောင့်မျက်နှာထားမှာ ထူးဆန်းနေသည်။ အိမ်ထဲသို့ဝင်လိုက်သည်နှင့် မျက်နှာထားတင်းတင်းဖြင့် လျှောက်လာသောအထိန်းတော်ကြီးတစ်ဦးကို တွေ့လိုက်ရ၏။

"အကြီးဆုံးသခင်မလေး ကျွန်မက သခင်မကြီးရဲ့အထိန်းတော်ကျန်းပါ၊ သခင်မကြီးက သခင်မလေးပြန်ရောက်လာလို့ ဝမ်းသာအားရနဲ့ ပစ္စည်းတွေ၊ အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ အကုန်ပြင်ဆင်ပေးထားတာပါ၊ ဒါပေမယ့် သခင်မလေးကဘာတွေလုပ်နေတာလဲ၊ ပြီးတော့အပြင်ထွက်ပြီး ဝယ်လာတာတွေကလည်း ဘာတွေလဲ၊ အဲ့လိုနိမိတ်မရှိတဲ့ပစ္စည်းတွေကိုဝယ်တာက ကျွန်မတို့အိမ်တော်က်ိုဒုက္ခရောက်အောင်လုပ်နေသလိုပဲ၊ သခင်မလေးက တမင်သက်သက်လုပ်နေတာများလား၊ ဒါက ဒုတိယဝန်ကြီးရဲ့ အိမ်တော်ပါ တာအိုကျောင်းမဟုတ်ပါဘူး၊ ပြန်ရောက်လာမှတော့ အဲ့အကျင့်ဟောင်းတွေကို ဖျောက်သင့်ပါပြီ၊ နောက်တစ်ခါအမွှေးတိုင်တို့၊ ဖယောင်းတိုင်တို့၊ အဲ့စက္ကူပိုက်ဆံတို့ကို လုံးဝအိမ်တော်ထဲယူသွင်းခွင့်မပြုနိုင်ပါဘူး”

ရှောင်အန်းလဲ့ စိတ်မရှည်စွာဖြင့် နားထောင်နေရင်း နောက်ဆုံးမှပြဿနာတစ်ခုကို သဘောပေါက်လိုက်သည်။

"ရှင်က ကျွန်မဝယ်လာတဲ့ အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ စက္ကူပိုက်ဆံတွေအကုန်လွှင့်ပစ်လိုက်တာလား”

အထိန်းတော်ကြီး၏မျက်လုံးများမှာ ကောင်းကင်ပေါ်ရောက်လုမတတ်လှန်လိုက်ကာ ပုံမှန်ကိစ္စတစ်ခုလိုပြောလိုက်သည်။

"အဲဒါတွေက နိမိတ်မကောင်းဘူးလေ၊ ကျွန်မက သခင်မကြီးရဲ့အမိန့်အတိုင်း အဲ့ဒါတွေကို နောက်ဖေးပေါက်ကနေ လွှင့်ပစ်လိုက်တာပါ၊ သခင်မကြီးက ပြောတယ်၊ အဲဒါတွေက အိုး ကျွန်မ စကားပြောလို့မပြီးသေးဘူးလေ၊ သခင်မလေး ဘယ်သွားမလို့လဲ”

ဘယ်သွားရမှာလဲ အကုန်ပြန်ကောက်ရမှာပေါ့။ တစ်နေ့လုံးရှာထားတဲ့ပိုက်ဆံတွေနဲ့တေးခြောက်ဆယ်တောင်ပေးပြီး ဝယ်ထားရတာတွေလေ။ ဒီအတိုင်းလွှင့်ပစ်လိုက်ရမှာ နှမြောစရာကြီး။ ပြန်လာစဉ်၌ လူလစ်သောနေရာတစ်ခုရှာပြီး မုန်ညင်းစေ့ပမာဏရှိသည့်နေရာလွတ်အဆောင်တစ်ခုရေးဆွဲကာ ဝယ်လာသမျှကို ပိုက်ဆံအိတ်ထဲထည့်ထားလိုက်ပြီး ပိုက်ဆံအိတ်၏နေရာလွတ်ကို ဆယ်ပေပတ်လည်လောက် ကျယ်သွားအောင်လုပ်ထားခဲ့၏။

မက်မွန်သားတုံးနှင့်တာအိုဆရာကြီး၏အိတ်ကိုလည်း ထည့်သိမ်းခဲ့ပြီး အရိုးဖြူထီးကိုသာကိုင်ပြန်လာခဲ့သည်။ ဒီပစ္စည်းတွေကိုပါသိမ်းထားလိုက်ရင် ဝက်ဝက်ကွဲသုံးလို့ရပြီလို့တွေးနေခဲ့ရတာလေ။ ဒါကိုတောင် ဒီအိမ်တော်ကလူတွေက လွှင့်ပစ်လိုက်ကြတယ်တဲ့လား။ တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။ သူမ နောက်ဖေးပေါက်ဆီပြေးသွားပြီး သူမဝယ်ထားသမျှပစ္စည်းများ လမ်းကြားထဲ၌ပြန့်ကျဲနေသည်ကိုတွေ့လိုက်ရသည်။ ကံကောင်း‌၍သာ မည်သူမှကောက်မသွားကြသေးခြင်းပင် ထိုသို့မဟုတ်ပါက သူမအကြီးအကျယ်ရှုံးပြီပင်။

"ဟမ် တစ်ခုခုတော့မှားနေပြီ၊ ဒီရွှေစက္ကူတွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ စက္ကူပိုက်ဆံတွေက ငါဆိုင်မှာတွေ့ခဲ့တာထက် အရည်အသွေးပိုကောင်းနေပါလား၊ သေချာပြောရရင် အဆင့်အတန်းချင်းတောင်မတူဘူး၊ တော်ဝင်မိသားစုသုံးတဲ့ အဆင့်မျိုးဖြစ်နေတာ‌နော်၊ ဒါပေမယ့် အရေအတွက်ကျတော့လည်း ကိုက်နေတယ်၊ ဒါ ဆိုင်ရှင်ကစေတနာပိုသွားတာများလား"

ရွှေစက္ကူအရည်အသွေးအား စစ်ဆေးရင်း ပစ္စည်းအားလုံးကိုခါးကြားရှိ ပိုက်ဆံအိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ခဏအကြာတွင် ပစ္စည်းပုံကြီးမှာ ပျောက်ချင်းမလှပျောက်ကွယ်သွားလေ၏။ အထိန်းတော်ကျန်းမှာ အမောတကောလိုက်လာပြီး ရင်ဘတ်ကိုဖိကာ အသက်ရှူနေရင်းပြောလိုက်သည်။

"အိုး သခင်မလေး အဲဒါတွေကိုပြန်ကောက်ဖို့ ကြံနေတုန်းလား၊ သခင်မကြီးကပြောတယ် အဲဒါတွေကနိမိတ်မကောင်းလို့ အိမ်တော်ထဲထားလို့မရဘူးတဲ့"

ရှောင်းအန်းလဲ့ အေးစက်စက်မျက်နှာထားဖြင့် သူမထံကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး လက်အားဝှေ့ယမ်းလိုက်ရာ သူမခေါင်းပေါ်တွင် ဝဲပျံနေသောအရိုးဖြူထီးသည် အထိန်းတော်ကျန်းထံသို့ပျံသန်းသွားပြီး တိုက်ချလိုက်သဖြင့် အထိန်းတော်ကျန်းလဲကျသွားကာ နှစ်ပတ်လောက်လိမ့်သွားပြီး တံခါးခုံနှင့်သူမခေါင်းဆောင့်မိသွားတော့သည်။

8

အထိန်းတော်ကျန်း နာကျင်စွာဖြင့်အော်ဟစ်လိုက်ပြီးနောက် ရှောင်အန်းလဲ့ထံ မျက်လုံးပြူးကြီးဖြင့် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"သခင်မလေးဘာလို့ လူကိုရိုက်ရတာလဲ”

"ရိုက်ရတာပေါ့ အရူးအစေခံရဲ့ ငါ့ပစ္စည်းတွေက တေးခြောက်ဆယ်တောင် ပေးဝယ်ထားရတာ၊ အဲ့တာကိုနင်က ဒီတိုင်းလွှင့်ပစ်ရဲတယ်ပေါ့လေ”

ရှောင်အန်းလဲ့မှာ အထိန်းတော်ကျန်းနှင့် ဆင်တူဝတ်စုံဝတ်ထားသည့် သရဲမတစ်ကောင် ဘေးနားတွင်ရပ်လျက် လက်ခုပ်တီးကာ ဝမ်းသာအားရဖြစ်

နေသည်ကို တွေ့လိုက်ရသည်။

"အိုး ဒီမိန်းမကြီးခံရတာ နည်းတောင်နည်းသေးတယ်၊ ဒီတစ်ခါတော့ သံပြားကိုကန်မိပြီပဲ၊ ဒင်းခံရတာနည်းတောင်နည်းသေး”

ရှောင်အန်းလဲ့ ထိုသရဲမထံကြည့်ကာ ပြောလိုက်သည်။

"သူက ကံဆိုးနေပြီ၊ နင်က ပျော်နေတာဆိုတော့ ပိုပြီးပျော်လိုက်ဦးလေ”

ထိုသို့ပြောပြီးသည်နှင့် သူမသည်အရိုးဖြူထီးကိုကိုင်ကာ အထိန်းတော်ကျန်းထံ ဖြတ်လျှောက်သွားရင်း အထိန်းတော်ကျန်းပုခုံးပေါ်မှ ယန်မီးတောက်လေးတစ်ခုကို ငြိမ်းသတ်ပေးလိုက်သည်။ ထိုသရဲမမှာ သူမလုပ်ရပ်အား စောင့်ကြည့်နေ၏။ ရှောင်အန်းလဲ့ထွက်သွားသည်နှင့် ချက်ချင်းပင် အထိန်းတော်ကျန်းနှင့်မျက်နှာချင်းဆိုင်သို့ ပျံသန်းသွားပြီး အစွယ်များထုတ်ပြကာ လက်သည်းခြေသည်းများဖြင့် ခြောက်လှန့်လိုက်တော့သည်။

"အား အား အား သရဲ မလာနဲ့၊ငါ့ဆီ မလာနဲ့ အားးးးး”

ရှောင်အန်းလဲ့ သူမအဆောင်သို့ပြန်လျှောက်လာခဲ့သည်။ တုန်းထောင်မှာ သူမမျက်နှာတစ်ခြမ်းကိုအုပ်ကိုင်ရင်း ရှောင်းအန်းလဲ့ထံ အငြိုးအတေးအပြည့်ဖြင့် ကြည့်နေ၏။ ရှောင်အန်းလဲ့ပြန်ရောက်လာသည်ကို မြင်သောအခါ သူမနားသို့အပြေးရောက်လာပြီး မေးခွန်းထုတ်တော့သည်။

"ကျွန်မကို ဘာလုပ်လိုက်တာလဲ၊ ဘာလို့ ဝမ်းကွဲသခင်မလေးရဲ့ အထိန်းတော်ကြီးက ကျွန်မကိုလာဆူရတာလဲ”

အဆောင်ထဲတွင် အစေခံတစ်ယောက်တည်းရှိသော်လည်း သူမမှာ အလွန်ရိုင်းစိုင်းသဖြင့် ရှောင်အန်းလဲ့ထံတွင် သူမအားဆက်သည်းခံရန် အစီအစဉ်မရှိပေ။ သူမလက်ကိုမြှောက်ကာ အသံတိတ်မန္တန်တစ်ခုရွတ်ဆိုလိုက်ပြီး သူမပါးစပ်အားပိတ်ပစ်လိုက်

သည်။

"အဘာ အဘာ"

တုန်းထောင်ပါးစပ်မှာ လှုပ်ရှားနေသော်လည်း အသံထွက်မလာတော့ပေ။ သူမ ရှောင်အန်းလဲ့ထံကြောက်လန့်တကြားဖြင့် ကြည့်လိုက်သည်။ ထိုအချိန်တွင် ရှောင်ချန်ဖုန်းမှာ အထိန်းတော်ကြီးတစ်ဦးနှင့် အစေခံမလေးတစ်ဦးကို ခေါ်ဆောင်လာ၏။ တုန်းထောင်မှာ သူ့ကိုမြင်လိုက်သည်နှင့် အရှေ့သို့အမြန်ပြေးသွားသည်။

"အဘာ အဘာ အကြီးဆုံးသခင်လေးကယ်ပါဦး၊ ကျွန်မ စကားပြောလို့မရတော့ဘူး”

ရှောင်ချန်ဖုန်း သူမထံမျက်မှောင်ကြုတ်

ကြည့်လိုက်ပြီးနောက် ရှောင်အန်းလဲ့ဘက်လှည့်ကာ လည်ချောင်းရှင်း၍ပြောလိုက်သည်။

"အဟမ်း မင်းပြန်ရောက်လာပြီလား၊ ဒါကမင်းအတွက် အစ်ကိုရွေးပေးထားတဲ့ အစေခံနဲ့အထိန်းတော်၊ ဒီမှာသူတို့ရဲ့ကျွန်စာချုပ်တွေ သိမ်းထားလိုက်၊ ပြီးတော့ ဒါအစ်ကိုစုထားတဲ့ငွေလေ နည်းနည်းယူထားပြီး လိုရင်သုံးလိုက်"

ရှောင်းအန်းလဲ့ စာရွက်သုံးရွက်အားကြည့်လိုက်သည်။ ကျွန်စာချုပ်နှစ်ရွက်နှင့် နှစ်ဆယ့်ငါးတေးတန်ငွေစက္ကူတစ်ရွက်ပင်။ အစ်ကိုကြီး၏မေတ္တာကို ခံစားမိသဖြင့် သူမခေါင်းငြိမ့်ကာလက်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ရှောင်းချန်ဖုန်း သက်ပြင်းချကာမေးလိုက်သည်။

"ဒီမနက် ဘယ်တွေသွားနေတာလဲ၊ မင်းကအခုမှပြန်ရောက်တာဆိုတော့ မသိသေးဘူး၊ ဂုဏ်သရေရှိတဲ့မိသားစုက မိန်းကလေးတွေဆိုတာ စိတ်ရှိတိုင်းအပြင်လျှောက်မသွားရဘူးလေ၊ စောစောက အမေလူလွှတ်ပြီးရှာခိုင်းသေးတယ်၊ ရှာမတွေ့တော့ သူတော်တော်စိတ်ဆိုးနေတာ၊ နေ့လည်စာစားချိန်ရောက်တော့မယ်၊ ရှေ့ခန်းမဆောင်ကို ငါနဲ့လိုက်ခဲ့ပြီးထမင်းသွားစားကြမယ်၊ မိသားစုဝင်တွေနဲ့လည်း မိတ်ဆက်ပေးရတာပေါ့"

ရှောင်းအန်းလဲ့ ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ"

သူမလက်ထဲ၌ စက္ကူထီးအားကိုင်ထားဆဲဖြစ်သည်ကိုမြင်သောအခါ ရှောင်းချန်ဖုန်းရယ်ချင်သွားသည်။ ကောင်းကင်အားမော့ကြည့်လိုက်တော့ နေ့လည်ခင်းရောက်နေပြီဖြစ်ပြီး နေကလည်းတော်တော်ပူနေ၏။ မိန်းကလေးဆိုတော့ နေလောင်မှာကြောက်ရှာမှာပေါ့လေ။ အသစ်ရောက်လာသော အစေခံမလေးထင်းရွှယ်မှာ အလိုက်တသိဖြင့်ရှေ့သို့တိုးလာပြီး ရှောင်းအန်းလဲ့အတွက် ထီးမိုးပေးရန်ပြင်လိုက်သည်။

"သခင်မလေး ကျွန်မထီးမိုးပေးပါ့မယ်"

"မလိုဘူး"

ရှောင်းအန်းလဲ့ ခေါင်းခါပြီးငြင်းလိုက်သည်။ ဒီထီးက ချင်းရှုရန်ရဲ့အရိုးတွေနဲ့ လုပ်ထားတာလေ။ သာမန်လူတွေကိုင်လိုက်ရင် မကောင်းဆိုးဝါးယင်ဓာတ်တွေ ကူးစက်သွားလိမ့်မယ်။ အဆောင်ထဲရှိ တုန်းထောင်မှ ရှေ့သို့တိုးရန်ပြင်လိုက်သော်လည်း အခုမှရောက်လာသော အထိန်းတော်လီသည် သူမအားတားလိုက်သည်။ ရှောင်းချန်ဖုန်းမှာ ဤသည်ကိုမြင်တော့ မကျေမနပ်ဖြင့်ပြောလိုက်၏။

"မင်းကအမေ့ရဲ့အဆောင်က ဒုတိယတန်းစားအစေခံမလား၊ ဘာလို့ဒီလောက်တောင် အချိုးမပြေရတာလဲ"

ထို့နောက် ရှောင်းအန်းလဲ့ဘက်လှည့်ပြောလိုက်သည်။

"ဒီအစေခံကို မင်းမကြိုက်ရင် ငါပြန်ပို့လိုက်မယ်"

ရှောင်းအန်းလဲ့ကတော့ သူမကိုချင်းရှုရန် တစ်ခါတလေဝင်ပူးပြီး ကစားလို့ရအောင် သိမ်းထားချင်သေးသည်။

"မလိုပါဘူး သူနေလို့ရပါတယ်၊ ဒီအဆောင်မှာပဲ ဆက်ထားလိုက်ပါ၊ အဖေရော ပြန်ရောက်ပြီလား၊ အဖေနဲ့ မတွေ့ရတာကြာပြီဆိုတော့ အဖေ ဘယ်လိုပုံစံလဲဆိုတာတောင် မေ့နေပြီ"

သူမစကားကိုကြားသော် ရှောင်းချန်ဖုန်းပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။

"မီးထွန်းပွဲတော်ညမှာ မင်းပျောက်သွားတာ ဆယ်နှစ်တောင်ရှိပြီပဲ၊ အဲ့တုန်းကဆို မင်းကငယ်သေးတယ်ဆိုတော့ မမှတ်မိတာဆန်းတော့မဆန်းပါဘူး၊ မင်းရဲ့ဆရာကသာ သူမသေခင်စာရေးပြီး အကြောင်းမကြားခဲ့ရင် ငါတို့တွေဘယ်တော့မှပြန်တွေ့ရမလဲ မသိနိုင်ဘူး"

စကားပြောရင်းနှင့် သူတို့သည်အရှေ့ဆောင်ရှိ ထမင်းစားခန်းသို့ရောက်လာကြသည်။ အထဲတွင်လူစုံနေပြီဖြစ်၏။ ရှောင်းအန်းလဲ့မှာ အရိုးဖြူထီးကိုပိတ်ပြီး ဘေးတစ်ဖက်တွင်ချထားလိုက်ကာ အခန်းထဲရှိလူများကို လိုက်ကြည့်လိုက်သည်။ သခင်မရှောင်ကို သူမတွေ့ဖူးပြီးဖြစ်သော်လည်း ထူးထူးခြားခြားသံယောဇဉ်မခံစားရပေ။ အဖေရှောင်၏မျက်နှာမှာမူ သူမ၏ယခင်ဘဝမှ အဖေနှင့်အနည်းငယ်တူနေသည်။

သူမဝင်လာသည်ကို မြင်သောအခါ အဖေရှောင်သည် သူမအနားသို့အမြန်လျှောက်လာပြီး သေချာကြည့်ရှုလိုက်သည်။ ရှောင်းအန်းလဲ့၏ဖြူဖျော့ဖျော့ မျက်နှာလေးနှင့် ပိန်ပါးသောခန္ဓာကိုယ်ကိုပင်။ အထူးသဖြင့် ဒီသမီးလေး၏မျက်နှာသည် ယခင်ဘဝရှိသူ့သမီးမျက်နှာနှင့် တစ်ထပ်တည်းတူနေခဲ့၏။ အဖေရှောင်မှာ သူ့ယခင်ဘဝ၌ သမီးဖြစ်သူသည် ကျင့်ကြံခြင်းအောင်မြင်ပြီး ကောလဟာလတွေထဲကလို မြေလျှိုးမိုးပျံနိုင်သော နတ်သမီးဖြစ်သွားသည်ဟုသာ ထင်မှတ်ထားသည်။ သူ၏မှတ်ဉာဏ်နှင့်တကွ ပြန်လည်မွေးဖွားလာနိုင်ခြင်းသည်ပင် သူ့သမီး၏ကောင်းမှုကုသိုလ်နှင့် စောင့်ရှောက်မှုကြောင့်သာဖြစ်ရမည်။

ယခုအချိန်တွင် သူ့သမီးနှင့်ထပ်တူနီးပါးတူသောမျက်နှာကို မြင်လိုက်ရသဖြင့် နှာခေါင်းများရှုံ့ပွလာပြီး မျက်ရည်များဝဲလာကာ ရှေ့သို့တိုးပြီးရှောင်းအန်းလဲ့ကို ဖက်လိုက်တော့သည်။

"ဝူး ဝူး ဝူး ငါ့သမီးလေး အဖေက သမီးကိုအရမ်းလွမ်းနေတာ"

အခန်းထဲရှိလူတိုင်း၏ မျက်နှာများမှာအရောင်ပြောင်းသွားပြီး မိုးကြိုးငါးကြိမ်အပစ်ခံလိုက်ရသလို ကြောင်အသွားကြသည်။ ပုံမှန်ဆိုတင်းမာခက်ထန်ပြီးပြုံးခဲကာ တောင်ကြီးပမာ မေတ္တာကြီးမားသော ဖခင်ကြီး၏ပုံရိပ်သည် သူတို့မျက်စိရှေ့တွင် ချက်ချင်းပင်ပြိုလဲသွားလေ၏။

ရှောင်းချန်ဖုန်း : "ငါအသက်နှစ်ဆယ်ရှိပြီ၊ အခုမှပဲ ငါ့အဖေအရင်းမှာ ဒီလိုဘက်ခြမ်းရှိမှန်း သိတော့တယ်"

ရှောင်းချန်လင်း : "ဘယ်သူက ငါ့အဖေကို လာလဲသွားတာလဲ"

ရှောင်းချန်စန်း : "မိသားစု အဆင့်အတန်းက -၁ထပ်ဖြစ်သွားပြန်ပြီ"

ရှောင်းကျားဟော် : "ဒါတကယ်ရော ငါ့အဖေဟုတ်ရဲ့လား"

စူးကျင်းရုံ နှုတ်ခမ်းမမဲ့မိအောင် မနည်းထိန်းထားလိုက်ရသည်။ သူမအဒေါ်၏ခင်ပွန်းသည် ဒီလိုတုံ့ပြန်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ လက်ထဲမှ လက်ကိုင်ပုဝါကိုဆွဲဖြဲပစ်လုမတတ် ဆုပ်ကိုင်ထားမိသည်။ သခင်မကြီးရှောင်မှာတော့ ပြောစရာစကားအမဲ့ဆုံးပင်။ သူမခင်ပွန်းသည်ကို ဒီလိုပုံစံမျိုး တစ်ခါမှမမြင်ဖူးခဲ့ပေ။ ဒီသမီးက သူမခင်ပွန်း၏နှလုံးသားကို တကယ်ပဲ သိမ်းပိုက်ထားပုံရသည်။

ဤသည်ကိုတွေးမိတော့ သူမမျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အဟမ်း ကဲပါ ရှင်ကအန်းလဲ့ကို ဂရုစိုက်မှန်းသိပေမယ့် ဒီလိုပုံစံလုပ်နေရင် ကလေးတွေဘယ်လိုမြင်မလဲ၊ မြန်မြန်ထိုင်ပြီး စားကြစို့"

အဖေရှောင်မျက်ရည်သုတ်ပြီး ခေါင်းငြိမ့်လိုက်ကာ ရှောင်းအန်းလဲ့ကို သူ့ဘေးတွင် ဝင်ထိုင်စေသည်။ ရှောင်းချန်ဖုန်း နောက်သို့ရွှေ့ထိုင်လိုက်ရပြီး ဒုတိယညီနှင့်တတိယညီတို့လည်း အစဉ်လိုက် ရွှေ့ထိုင်လိုက်ကြရ၏။

ဤမြင်ကွင်းကိုကြည့်ပြီး သခင်မကြီးရှောင်စိတ်မကျေမနပ်ဖြစ်သွားသည်။

"သခင်ကြီး အန်းလဲ့ကမိန်းကလေးလေ၊ ဘယ်လိုလုပ် အဲ့မှာထိုင်လို့ရမလဲ၊ ကျားဟော်ဘေးမှာပဲ သွားထိုင်ခိုင်းလိုက်ပါ"

အဖေရှောင် လက်ကာပြလိုက်သည်။

"မလိုပါဘူး ငါ့သမီးလေးက အခုမှပြန်ရောက်တာ၊ ငါ့ဘေးမှာပဲ ထိုင်ပါစေ"

ထို့နောက် သူကရှောင်းအန်းလဲ့နှင့် မိတ်ဆက်ပေးသည်။

"ဒါက သမီးရဲ့အစ်ကိုကြီး ရှောင်းချန်ဖုန်း၊ ဒုတိယအစ်ကို ရှောင်းချန်လင်း၊ တတိယအစ်ကို ရှောင်းချန်စန်း၊ ဟိုတစ်ယောက်က ညီမလေးရှောင်းကျားဟော်၊ ပြီးတော့ ဒါက သမီးအဒေါ်ရဲ့မွေးရပ်မြေက ဝမ်းကွဲအစ်မစူးကျင်းရုံ"

ဤသည်ကိုပြောရင်း အဖေရှောင်မှာခွန်မင်းသားနဲ့ စေ့စပ်ထားသည့်ကိစ္စကို သတိရသွား၏။ ဤနေရာ၌ပြောပြရလျှင် မူလကသူသည် အဆင့်လေးရှိသော စစ်ဘက်ဆိုင်ရာဒုတိယဝန်ကြီးတစ်ယောက်အနေဖြင့် မင်းသားတစ်ပါးနှင့်ယှဉ်တွဲဖို့မဖြစ်နိုင်သော်လည်း သူကံကောင်းခဲ့သည်။ ဆောင်းဦးရာသီအမဲလိုက်ပွဲတစ်ခုတွင် အရှင်မင်းကြီးအားကယ်တင်နိုင်ခဲ့၏။ အရှင်မင်းကြီးမှာ သူ့ကိုရာထူးတိုးပေးပြီး ဘွဲ့ထူးဂုဏ်ထူးများပေးချင်ပေသိ သူမှအကုန်ငြင်းပယ်ခဲ့ပြီး ကိုယ့်အရည်အချင်းနှင့်ကိုယ်သာ ရပ်တည်ချင်ကြောင်းပြောခဲ့သည်။

သူ့ရိုးသားမှုကို သဘောကျပြီး အရှင်မင်းကြီးမှာ သားတော်ဆယ်ပါးထဲမှ ဆဌမမြောက်ဖြစ်သော ခွန်မင်းသားကို သူ့သမက်အဖြစ် ကျပန်းရွေးချယ်ပေးခဲ့ခြင်းပင်။ ရှောင်းအန်းလဲ့ ပျောက်နေသည်မှာကြာပြီဖြစ်၍ ဤစေ့စပ်ပွဲသည် မူလက ရှောင်းကျားဟော်အတွက် ရည်ရွယ်ခဲ့သော်လည်း သူမမှာ ငယ်လည်းငယ် အပြစ်ကင်းစင်ပြီး ရိုးသားလွန်းလှ၏။

တစ်ခါတုန်းက သူမဝမ်းကွဲအစ်မနှင့်ခွန်မင်းသားချစ်ရည်လူးနေသည်ကို မတော်တဆတွေ့လိုက်ရသည်။ စူးကျင်းရုံမှာ မျက်ရည်စက်လက်ဖြင့် ချော့မော့ပြောဆိုပြီး စေ့စပ်ပွဲအားသူ့ဝမ်းကွဲအစ်မစူးကျင်းရုံဆီ လွှဲပေးဖို့ရာ ရှောင်းကျားဟော်ကို နားချနိုင်ခဲ့၏။

ချစ်သူနှစ်ဦး ပေါင်းဖက်နိုင်အောင် ကူညီပေးချင်သည်ဟုလည်း သူပြောခဲ့သည်။

အဖေရှောင်မှာ မုန့်ပိုဟင်းရည်ကိုမသောက်ဘဲ မှတ်ဉာဏ်နှင့်တကွ ပြန်လည်မွေးဖွားလာနိုင်သည်မှာ သူ့သမီး၏ကောင်းမှုကုသိုလ်နှင့် စောင့်ရှောက်မှုကြောင့်ဟု အမြဲယုံကြည်ထားသည်။ ထို့ကြောင့် အိမ်ရှိသမီးမိန်းကလေးများကို အလွန်အလိုလိုက်၏။ သမီးဖြစ်သူမှ သူ့ဝမ်းကွဲအစ်မနှင့် ခွန်မင်းသားကိုပေါင်းဖက်စေချင်သည်ဟုပြောလာရာ သူလည်းသမီးဖြစ်သူဆန္ဒအတိုင်း လိုက်လျောပေးခဲ့သည်။

အခုအချိန်မှာတော့ သူ့သမီးအရင်းပြန်ရောက်လာပြီဖြစ်ပြီး သူ့ယခင်ဘဝမှ နတ်သမီးသမီးလေးနှင့်လည်း တူနေပြန်ရာ သူ့သမီးဆန္ဒကို သူသေချာပေါက် နားထောင်ရတော့မည်ပင်။ ရှောင်းအန်းလဲ့ သူတို့တစ်ယောက်ချင်းစီကို လိုက်ကြည့်လိုက်သည်။ သူမစောစောပြန်ရောက်လာသော်လည်း သူတို့နှင့်မတွေ့ခဲ့ရပေ။ ယခုအစ်ကိုနှစ်ယောက်အား တွေ့လိုက်ရတော့ အသာခေါင်းငြိမ့်ပြလိုက်သည်။

သူမမှာ မူလကိုယ်မဟုတ်သလို သူ့မှတ်ဉာဏ်လည်းမရှိသည်ကြောင့် သူတို့နှင့်ရင်းနှီးသလို မခံစားရပေ။ သူ့အစ်ကိုကြီးမှာ သိုင်းပညာလိုက်စားပြီး ဒုတိယအစ်ကိုမှာလည်း သိုင်းသမားပုံပေါ်သည်။ တတိယအစ်ကိုမှာတော့ စာသင်သားဝတ်ရုံဝတ်ထားပြီး သိမ်မွေ့ပုံရ၏။ အကုန်မိတ်ဆက်ပေးပြီးသွားမှ သခင်မရှောင်ဝင်ပြောလိုက်သည်။

"ဒီနေ့ နင်အထိန်းတော်ကျန်းကို ရိုက်လိုက်တယ်လို့ကြားတယ်”

All Chapters