အခန်း (၉-၁၀)
Vol. 1 Ch. 9-10
9
ရှောင်အန်းလဲ့မှာ သူမလုပ်ခဲ့သည်ကို ဘယ်တော့မှငြင်းမည့်လူစားမျိုးမဟုတ်ပေ။
"ဟုတ်တယ် သူကကျွန်မဝယ်လာတဲ့ ပစ္စည်းတွေကိုလွှင့်ပစ်ခဲ့လို့ ရိုက်လိုက်တာ”
သခင်မရှောင်မျက်နှာ ချက်ချင်းမည်းမှောင်သွားသည်။
"ဒါဆို နင်ကရော ဘာတွေဝယ်လာတာလဲဆိုတာ ကိုယ့်ဟာကိုယ်လည်းကြည့်စမ်းပါဦး၊ နင်ပြန်ရောက်လာတာနဲ့ ကျင်းရုံက ချက်ချင်းဖျားတော့တာပဲ၊ ပြီးတော့အဲ့လို မသန့်ရှင်းတဲ့အရာတွေကို ဝယ်လာရဲတယ်ပေါ့လေ၊ ကိုယ့်ဘာသာကိုယ်နိမိတ်မရှိဘူးလို့ မထင်ဘူးလား၊ နင်ဝယ်လာတဲ့ပစ္စည်းတွေကို လွှင့်ပစ်ခိုင်းတာ ငါပဲ၊ မကျေနပ်ရင် ငါ့ကိုပဲတည့်ပြောလိုက်”
သခင်မရှောင် ထိုသို့ပြောလိုက်သည်နှင့် အခန်းထဲရှိလေထုမှာ ရေခဲမှတ်သို့ကျဆင်းသွားတော့သည်။ စူးကျင်းရုံသည် သခင်မရှောင်ဘေးမှနေ၍အရိပ်အခြေကြည့်ကာနှစ်သိမ့်ပြောဆိုလိုက်သည်။
"အဒေါ် စိတ်မဆိုးပါနဲ့၊ ဒါကကျွန်မခန္တာကိုယ် အားနည်းလို့ဖြစ်ရတာပါ၊ ဝမ်းကွဲညီမလေးနဲ့ မဆိုင်ပါဘူး”
ရှောင်ကျားဟော်သည် စားပွဲပေါ်ရှိ ဟင်းပွဲများကိုကြည့်ကာ တံတွေးမြိုချလိုက်သော်လည်း မိဘများမှတူမကိုင်သေးသဖြင့် သူမလည်းမစားရဲဘဲ မျှော်လင့်တကြီး ကြည့်နေရသည်။ သခင်မရှောင်စကားကြောင့် အဖေရှောင် မျက်မှောင်ကြုတ်ကာ ရှောင်အန်းလဲ့ဘက်လှည့်ပြီး မေးလိုက်သည်။
"သမီး ဘာတွေဝယ်လာတာလဲ”
"ဟင်္သာပြဒါး၊ အဆောင်စက္ကူ၊ အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့ စက္ကူပိုက်ဆံတွေလေ၊ သမီးကတော့ ဒါတွေက နိမိတ်မရှိဘူးလို့ မထင်ပါဘူး၊ သမီး တာအိုကျောင်းမှာ သင်လာတာက ဒါတွေပဲလေ၊ သရဲဖမ်းတာ၊ ဗေဒင်ဟောတာ၊ ဖုန်းရွှေကြည့်တာတွေက တစ်ခါတလေ အဲ့ဒါတွေသုံးဖို့ လိုအပ်တယ်”
သူမစကားမဆုံးသေးခင် ဘေးမှအဖေရှောင်သည် စားပွဲကိုရိုက်ချလိုက်ပြီး ဖြတ်ပြောလာ၏။
"ကောင်းတယ်၊ ငါ့သမီးက တကယ့်ကို စွမ်းဆောင်ရည်ရှိတာပဲ၊ အဖေ ထောက်ခံတယ်၊ သမီးမှာ ပိုက်ဆံလောက်ရဲ့လား၊ အဖေ့ဆီမှာ ရှိသေးတယ် အိုး ပြီးတော့ နောက်ဆိုရင်အိမ်ကိုဒါတွေဝယ်ပြီးသယ်မလာနဲ့တော့၊ သမီးအမေက မကြိုက်ဘူးဆိုတော့ အဖေ သမီးအတွက် အပြင်မှာ ဆိုင်တစ်ဆိုင် ဖွင့်ပေးမယ်၊ အဲ့ပစ္စည်းတွေသီးသန့်ရောင်းဖို့အတွက်ပေါ့ဟုတ်ပြီလား၊ သမီးကိုယ်တိုင်ရောင်းရောင်း ကိုယ်တိုင်ပဲသုံးသုံးပေါ့၊ မြတ်တာ ရှုံးတာကအရေးမကြီးဘူး၊ သမီးသဘောကျဖို့ပဲလိုတယ်”
ရှောင်အန်းလဲ့ : ဒီအဖေကတော့တော်တော်အားကိုးရမယ့်ပုံပဲ။
ရှောင်မိသားစုဝင်များ : ငါတို့အဖေကို သမားတော်ခေါ်ပြဖို့လိုနေပြီလား ရူးသွားပြီထင်တယ်နော်။
"ဒီလောက်ထိ လုပ်စရာမလိုပါဘူး”
ရှောင်အန်းလဲ့ငြင်းလိုက်သည်နှင့် အဖေရှောင်မကျေမနပ် ဖြစ်သွားရသည်။
"ဘာလို့ မလိုရမှာလဲ၊ အဖေက ထောက်ခံတယ်ဆိုမှတော့ဆက်လုပ်လေ၊ ဒါနဲ့သမီး အဖေ့ကံကြမ္မာကို အရင်ဟောပေးပါလား၊ဩော် အဖေ့သမီးလေးကို ရှေ့ဖြစ်ဟောခပေးရဦးမယ်”
အဖေရှောင်ပြောပြီးသည်နှင့် အိမ်တော်ထိန်းထံ လှမ်းအမိန့်ပေးလိုက်သည်။
"သွား ပထမသခင်မလေးအတွက် တေးတစ်ရာသွားယူပေးလိုက်”
အိမ်တော်ထိန်းသည်လည်းအမြန်သွားယူပေးလိုက်ရသည်။ ဒီနေ့တော့ သူ့သခင်ကြီးအား ပြုစုစောင့်ရှောက်လာရသည့် နှစ်ပေါင်း ၃၀ကျော်အတွင်း မကြုံစဖူးအမြင်သစ်ရလိုက်ပြီပင်။ သခင်မရှောင်မှာ ဒေါသကြောင့် ရင်ဘတ်များ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး တူကိုစားပွဲပေါ်သို့ ပစ်ချလိုက်သည်။
"ရှင်ကဂရုမစိုက်ရင်တောင် ဘာလို့သူ့ကို ဒီလိုအဓိပ္ပာယ်မရှိတာတွေလုပ်ခွင့်ပေးနေရတာလဲ”
အဖေရှောင်မှာတော့ ဤသမီးလေးမှာ သူ့ယခင်ဘဝမှ သမီးလေးနှင့်ရုပ်ရည်ချင်းတူရုံတင်မက ဝါသနာပါတူနေသည်ဟုခံစားလိုက်ရသည်။ ယခင်ဘဝတုန်း၌ သူ့ဇနီးသည်မှာ ကလေးမွေးပြီးပြီးချင်းဆုံးပါးသွားခဲ့၍ သူတစ်ယောက်တည်း အဖေလိုရောအမေလိုပါလုပ်ပြီး သမီးလေးအားပြုစုပျိုးထောင်ခဲ့ရပေသိ သမီးဖြစ်သူဆယ်နှစ်သမီးအရွယ်တွင် ဂိုဏ်းထဲဝင်ပြီးကျင့်ကြံသူဖြစ်သွားရာ သူအသက်တစ်ရာပြည့်၍ သေခါနီးအချိန်ထိ သားအဖနှစ်ဦး တွေ့ရသည်မှာငါးကြိမ်တောင်မပြည့်ခဲ့ရာ နောင်တရလို့မဆုံးပါပေ။
ဤဘဝမှာတော့ သူ့သမီးကို သေချာ ဂရုစိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်။ ဘာဖြစ်လဲကွာ သူကအိမ်ထောင်ဦးစီးပဲလေ သူရတယ်ဆိုရင်ရတာပဲပေါ့။
"ငါက ရတယ်ဆိုရင်ရတယ်ပဲ၊ လဲ့အာက အပြင်မှာ အချည်းအနှီးမဖြစ်ပဲပညာတွေတတ်မြောက်လာတာကို မင်းကအမေတစ်ယောက်အနေနဲ့ ဝမ်းသာသင့်တာပေါ့၊ သူ့အတွက် ဆိုင်တစ်ဆိုင်ဖွင့်ပေးတာ ဘာဖြစ်လို့လဲ၊ ထမင်းစားပွဲမှာ စကားမများစမ်းနဲ့၊ ဒီထမင်းကို စားမှာလား မစားတော့ဘူးလား”
သခင်မရှောင်သည် ကလေးတွေအများကြီးရှေ့၌မျက်နှာပျက်ရသဖြင့် ထိုင်မနေနိုင်တော့ဘဲ ဒေါသတကြီးထထွက်သွားတော့သည်။စူးကျင်းရုံလည်း သူမနောက်သို့ အမြန်လိုက်ပါသွား၏။ ရှောင်ကျားဟော်မှာ ခေါင်းလေးစောင်းပြီး အမေနှင့်ဝမ်းကွဲအစ်မထွက်သွားသည်ကို ကြည့်နေသော်လည်း သူမလက်ထဲတွင် တူကိုကိုင်လျက်ဖြင့် ထွက်သွားဖို့တွန့်ဆုတ်နေသည်။
သူမ ဘာမှမစားရသေးဘူးလေ။ ဒီနေ့ အစ်မကြီး ပြန်ရောက်လာလို့ မီးဖိုချောင်က ဟင်းကောင်းတွေအများကြီးချက်ထားတာ။ အခုဒီလိုအခြေအနေကြီးဖြစ်သွားတော့ ဘယ်လိုလုပ်ပြီးအေးအေးဆေးဆေးစားရတော့မှာလဲ။
သို့သော် သူမလက်မှာတော့ဝက်နံရိုးချိုချဉ်ကြော်တစ်တုံးကို ရိုးသားစွာပင်လှမ်းယူလိုက်မိသည်။ အင်း ဝက်နံရိုးချိုချဉ်ကြော်က တကယ်ကိုအရသာရှိတာပဲ။ စားပြီးမှပဲ အမေ့ကိုသွားချော့တော့မယ်။ ဘာပဲဖြစ်ဖြစ် အမေ့နားမှာ ဝမ်းကွဲအစ်မရှိနေတာပဲဟာ အဆင်ပြေမှာပါ။ ရှောင်အန်းလဲ့မှ ဆိုင်ဖွင့်ခွင့်ရမည်အားတွေးမိပြီး သူမမျက်လုံးများ အရောင်တောက်လာကာ အဖေရှောင်ထံ ပြောလိုက်သည်။
"အဖေ ဒါဆိုသမီးရော စာအုပ်ဆိုင်ဖွင့်လို့ရမလား၊ သမီးလည်း စာပေဘက်မှာ အောင်မြင်မှုနည်းနည်းရှိတယ်လို့ ထင်ပါတယ်”
"အဟွတ် အဟွတ် အဟွတ်”
"ဖူး အဟွတ် အဟွတ်"
"ဟမ်”
ရှောင်မိသားစုသားသုံးယောက်လုံးတစ်ယောက်ပြီးတစ်ယောက် သီးကုန်ကြသည်။
ရှောင်ချန်ဖုန်း : "ညီမလေးရယ် နင်ဘယ်ကယုံကြည်မှုတွေ ရနေတာလဲ"
ရှောင်ချန်လင်း : "ညီမလေးရယ် ဘယ်လိုလုပ် အဲဒီစကားကိုပြောထွက်ရတာလဲ”
ရှောင်ချန်စန်း : "နင့်ပညာအရည်အချင်းကသာ အောင်မြင်မှုနည်းနည်းရှိတယ်ဆိုရင် ပြည်နယ်အဆင့်စာမေးပွဲအောင်ထားတဲ့ နင့်အကိုကဘာဖြစ်သွားမလဲ”
ရှောင်ကျားဟော်ပါးစပ်အပြည့်ထမင်းသွပ်သွင်းကာ သူတို့ကိုမျက်စောင်းထိုးလိုက်သည်။ သို့သော် ဝါးစားကာမြိုချလိုက်ပြီးနောက်မျက်လုံးများအရောင်တောက်လာပြန်သည်။
"တတိယအစ်ကို ဒါဆို အစ်ကိုကညီမလေးနဲ့ စပ်တူလုပ်မလား၊ အဲ့စာအုပ်ဆိုင်ကို အစ်ကို့ရဲ့စာကြည့်တိုက်အဖြစ် သဘောထားလိုက်ပေါ့ မကောင်းဘူးလား”
ထိုစကားကိုကြားတော့ တတိယအစ်ကို ရှောင်ချန်စန်းမျက်လုံးများအရောင်တောက်သွားပြီး အဖေရှောင်ထံလှမ်းကြည့်လိုက်သည်။ အဖေရှောင်အဖေလည်း သူ့ကလေးများကြားထဲတွင် မျက်နှာလိုက်သည့်သူမဟုတ်ပေ။
"ဖွင့်ချင်ရင် ဖွင့်ကြကွာ”
ထိုအခါ ဒုတိယအစ်ကိုနဲ့ အစ်ကိုကြီးလည်း စိတ်အားထက်သန်လာကြသည်။
"အဖေ ဒါဆို ကျွန်တော်နဲ့ညီလတ်က သိုင်းကစားတာဆိုတော့....."
ရှောင်အဖေ : "ဒါဆို ပန်းပဲဆိုင်ဖွင့်ကြ၊ အားရင် သွားထုကြပေါ့၊ ဒါမှမဟုတ် ဓားသွေးတဲ့ဆိုင်ဖွင့်လိုက်၊ အဲဒါမှမဟုတ်ရင် အရှေ့လမ်းမမှာ မျက်လှည့်ပြပွဲ စီစဉ်ပေးမယ်၊မင်းတို့နှစ်ယောက်က ငါနဲ့တူပြီး ရုပ်ချောတော့ မျက်လှည့်ပြရင် ပိုက်ဆံရမှာ သေချာတယ်”
အစ်ကိုကြီးနှင့်ဒုတိယအစ်ကိုတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ သူကတကယ်ကို သူတို့အဖေအရင်းပါပဲ။ ရှောင်အန်းလဲ့ပင် ပြုံးမိသွားသည်။ ဒီလေထုလေးက မဆိုးဘူးပဲ။ သူမသည် အတိတ်ဘဝ၌ နှစ်တစ်ထောင်လောက်ကျင့်ကြံခဲ့ပြီး အစာစားချင်စိတ်ပျောက်နေခဲ့သည်မှာကြာပြီဖြစ်သည်။ သို့သော်အခုလက်ရှိခန္ဓာကိုယ်သည် အာဟာရလိုအပ်နေသဖြင့်ပုံမှန်ထပ်ပိုစားမိသွားခဲ့၏။
"ညီမလေး တာအိုကျောင်းမှာနေရတဲ့ဘဝက အရမ်းဆင်းရဲလို့လား၊ နင်ထမင်းသုံးပန်းကန်တောင်စားလိုက်တာနော်၊ ညီမလေးက တကယ်စားနိုင်တာပဲ”
ရှောင်အန်းလဲ့ သူမအစ်ကိုများအားပြုံးလိုက်သည်။ အမှန်တော့ပန်းကန်လုံးများမှာ သူမလက်သီးဆုပ်လောက်သာရှိသည်ကြောင့် သုံးပန်းကန်ဆိုသည်မှာ သူမအားဗိုက်ပြည့်ရုံလောက်သာရှိပြီး ဗိုက်ဝဖို့ဆိုသည်မှာတော့ဝေးပါသေး၏။
"အလုပ်မလုပ်ခင် ဗိုက်ဝအောင်စားထားမှ ကောင်းတာပေါ့။”
ရှောင်ချန်စန်း စပ်စုလိုက်သည်။
"ဘာအလုပ်လုပ်မလို့လဲ"
မြို့တော်ရှိအရာရှိသမီးအများစုမှာပန်းထိုးခြင်း၊အိမ်မှုကိစ္စစာရင်းအင်းအစရှိသည့်ကိစ္စရပ်များကို လုပ်ကြခြင်းဖြစ်သည်။ သို့သော်ရှောင်အန်းလဲ့ပြန်ဖြေခဲ့သောစကားကြောင့်အထိတ်တလန့်ဖြစ်သွားကြသည်။
"ဗေဒင်ဟောတာနဲ့ သရဲဖမ်းတဲ့အလုပ်”
ခဏတာအထိတ်တလန့်ဖြစ်သွားသော်ငြား အဖေရှောင်မှလွဲပြီးကျန်သည့်ရှောင်မိသားစုဝင်များမှာ သူမစကားကို အလေးအနက်မထားခဲ့ကြပေ။ အဖေရှောင်တစ်ယောက်တည်းသာ ချက်ချင်း ပြောလိုက်သည်။
"သမီး အဖေ့ကံကြမ္မာကိုဟောပေးပါဦး”
ရှောင်အန်းလဲ့ သူမအဖေစကားကြောင့် ခဏတာမျှငြိမ်သက်သွားခဲ့သည်။ သို့သော် တာအိုပညာမှာကိုယ့်ကံကြမ္မာကို ကိုယ်ဟော၍မရသလို ဆွေမျိုးရင်းချာများ၏ ကံကြမ္မာကိုပါမဟောဖို့တင်းကျပ်ထားသည့် တာအိုစည်းမျဉ်းစည်းကမ်းများရှိ၏။အကယ်၍ ရှေ့ဖြစ်ဟောခဲ့လျှင်တောင် အကန့်အသတ်ဖြင့်သာ ဟော၍ရပေသည်။ ရှောင်အဖေနှင့်လည်း ရင်းနှီးသလိုခံစားရသည့်အတွက် ဟောပေးဖို့သာ ဆုံးဖြတ်လိုက်၏။
"အဖေ့ရဲ့မွေးသက္ကရာဇ် သမီးကိုပေး၊ အဖေက သမီးရဲ့ဆွေမျိုးရင်းချာဆိုတော့ အရမ်းအသေးစိတ်ကျကျတော့ ဟောပေးလို့မရဘူး၊ အပေါ်ယံလောက်ပဲ ဟောပေးလို့ရမယ်”
ထမင်းစားခန်းထဲရှိလူတိုင်း ရှောင်သားအဖကိုကြည့်နေကြသည်။ အဖေရှောင်မှ မွေးသက္ကရာဇ်ပေးပြီးနောက် ရှောင်အန်းလဲ့သည် သူ့အင်္ဂါရုပ်နှင့်တွဲဖက်ကာ ဟောပြောတော့၏။ ခဏကြာတော့ သူမသက်ပြင်းချလိုက်သည်။
"အဖေက တကယ့်ကိုကြီးပွားချမ်းသာပြီး ဂုဏ်သရေရှိမယ့်ကံပါတဲ့အပြင် ဘဝတစ်လျှောက်လုံး အဆင်ပြေချောမွေ့မယ်၊ သားသမီးရတနာတွေ စုံလင်ပြီး မြေးမြစ်တွေ ဝိုင်းဝိုင်းလည်နေမယ့် ကံမျိုးပါ”
ထိုစကားကြောင့်အဖေရှောင် ပါးစပ်စိမရအောင်ပြုံးနေပြီး ခေါင်းလေးတငြိမ့်ငြိမ့်နှင့် ရယ်မောလိုက်သည်။
"ကောင်းတယ် ကောင်းတယ် တကယ့်ကိုအကောင်းဆုံးပဲ ဒီလိုကံမျိုးရမှတော့ ဘာကိုမက်မောရအုံးမှာလဲ၊ ငါ့သမီး ဟောတာ မှန်လိုက်တာ၊ ငွေတစ်ရာ လောက်ရဲ့လား၊ မလောက်ရင် အိမ်တော်ထိန်းကို ထပ်ယူခိုင်းလိုက်မယ်၊ ခဏနေဦး အဖေ သမီးအတွက် ဆိုင်ဖွင့်ပေးဖို့ အခုချက်ချင်းစီစဉ်လိုက်မယ်”
အဖေရှောင်၏ အလိုလိုက်လွန်းပုံကို ကြည့်ပြီး ရှောင်ညီအစ်ကိုသုံးယောက် ပြောစရာစကား မရှိတော့ပေ။ရှောင်ချန်ဖုန်းသည်အဖေဖြစ်သူ ပြုံးဖြီးနေသည်ကိုမြင်တော့ သူလည်းဝင်ပြောလိုက်သည်။
"ဒါဆိုရင် ညီမလေး၊ အစ်ကိုကြီးကိုလည်း ဟောပေးပါဦး၊ စစ်ဘက်ဆိုင်ရာ စာမေးပွဲမှာ အစ်ကိုကြီးဘယ်အဆင့်လောက်ရနိုင်မလဲ”
ထို့နောက်သူသည် ဆယ်ပြားထုတ်ပေးရင်း ပြောလိုက်သည်။
"အစ်ကို့ဆီမှာ ဒီနေ့တော့ဒီလောက်ပဲပါတယ်၊ ကျန်တဲ့ငွေကိုးဆယ်ကိုနောက်နေ့ကျမှထပ်ပေးမယ်”
ရှောင်ချန်လင်းနှင့် ရှောင်ချန်စန်းတို့သည်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ နားလည်မှုယူလိုက်ကြသည်။ အစ်ကိုကြီးတောင် ဒီလောက်အားပေးနေမှတော့ သူတို့လည်းအားပေးရမှာပေါ့။ ညီအစ်ကိုနှစ်ယောက်သည်ချက်ချင်းပင်သူတို့အဝတ်အစားများထဲ၌ငွေစရှာကြတော့သည်။ ရှောင်အန်းလဲ့သည်အကြီးဆုံးအစ်ကို၏ငွေကိုလက်ခံလိုက်ပြီး မွေးသက္ကရာဇ် မေးလိုက်၏။ သူမသည် ရှောင်ချန်ဖုန်းနှင့်ပထမဆုံးတွေ့သည့် အချိန်ကတည်းကပင်သူ့ဇာတာအားကြည့်ဖူးလေသည်။
ဤအစ်ကိုကြီးမှာ စစ်သူကြီးဖြစ်မည့်ကံကြမ္မာရှိပေသိ မျက်ခုံးကြား၌မည်းမှောင်နေသည့်အငွေ့အသက်များရှိနေသည်။ အဲ့ဒါကြောင့်ဒီရက်ပိုင်း သူ့ကံနိမ့်နေပြီး သူ့ကံကိုနှောင့်ယှက်မယ့် သရဲတွေနဲ့တောင် ကြုံရနိုင်တယ်။
"အစ်ကိုကြီးအကြောင်းပြောရမယ်ဆို ဝူချူကြယ်က အစ်ကို့ရဲ့ကြီးပွားရာနန်းနေရာမှာရောက်နေတယ် အဲ့ဒါက သေချာပေါက် စစ်သူကြီးဖြစ်မယ့်ကံပဲ၊ ဒါပေမယ့် အစ်ကို့မျက်ခုံးကြားမှာ အမည်းရောင်အငွေ့အသက်တွေကို တွေ့နေရတယ်၊ ဒီရက်ပိုင်း အစ်ကိုသေချာသတိထားရမယ်၊ သူများပေးတဲ့ပစ္စည်းတွေကိုလက်လွတ်စပယ် လက်မခံနဲ့၊ မဟုတ်ရင် အစ်ကို့ကံကို ထိခိုက်ပြီး အမြင့်မရောက်ပဲနေလိမ့်မယ်။”
သူ့ညီမလေး၏စကားကြောင့်အနည်းငယ်စိတ်ရှုပ်သွားသော်လည်းရှောင်ချန်ဖုန်းလေးလေးနက်နက်ခေါင်းငြိမ့်လိုက်ပြီးသူ့ညီမလေးစကားကို ယုံကြည်ကြောင်းပြသလိုက်သည်။
"ကောင်းပါပြီ ညီမလေး၊ စိတ်မပူပါနဲ့၊ အစ်ကိုကြီး နားလည်ပါတယ်။”
အပေါ်ယံမှာတော့ရှောင်ချန်ဖုန်းမှာ သူမပြောစကားများအား လက်ခံသည်ဟုထင်ရပေသိ အတွင်းစိတ်အတွေးတွင်တော့ ရှောင်အန်းလဲ့၏ဖောက်ထွင်းမြင်နိုင်သော မျက်လုံးများကိုမလိမ်နိုင်ပါပေ။ ဒီအစ်ကိုကြီးက ရိုးသားဖြူစင်တဲ့သူဆိုတော့ အချိန်တန်ရင် သူမဝင်ကူညီပေးရဦးမှာပဲ။ ထိုအကြောင်းအားတွေးရင်း သူမရှေ့ကိုကိုင်းပြီး ဒုတိယအစ်ကိုနှင့်တတိယအစ်ကိုကို လှမ်းကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူမအကြည့်မှာ သူတို့ထံတစ်ချက်ဝေ့ကြည့်၍ပြုံးကာ ပြောလိုက်သည်။
"အဟမ်း ကျွန်မကတစ်နေ့ကို သုံးခါပဲ ဟောပေးတယ်၊ ဒီနေ့အတွက်ပြည့်သွားပြီမို့တော်ပြီ”
အဖေရှောင် ချက်ချင်းထရပ်လိုက်ပြီး ရှောင်အန်းလဲ့အဆောင်တွင် မည်သည့်ပစ္စည်းများလိုအပ်နေလောက်မည်ကိုသွားကြည့်ချင်နေသည်။ ရှောင်သခင်ကြီး ရှောင်အန်းလဲ့အဆောင်သို့ရောက်သောအခါ အရာရာလိုအပ်နေသည်ကို တွေ့လိုက်ရ၏။ အဝတ်အစား၊ လက်ဝတ်ရတနာမှစ၍ အိမ်ထောင်ပရိဘောဂအထိ ဘယ်ပစ္စည်းမှကောင်းမွန်ခြင်းမရှိပေ။ ထို့ကြောင့်သူ့မျက်ခုံးများ တွန့်ချိုးသွားပြီး တည်ငြိမ်ခက်ထန်သော မျက်နှာဖြင့် ကိုယ်တိုင်မေးမြန်းစစ်ဆေးတော့သည်။ အိမ်တော်ထိန်းများနှင့် အစေခံများကတော့ အိမ်တော်သခင်မမှဂရုမစိုက်သဖြင့် ပြန်ရောက်လာသော သခင်မလေးကို လျစ်လျူရှုထားကြခြင်းဖြစ်၏။ သို့သော်အိမ်ထောင်ဦးစီးကိုယ်တိုင် မေးမြန်းလာသည့်အခြေအနေကြောင့် ပြောင်းလဲသွားတော့သည်။
ရှောင်အန်းလဲ့မှာတော့ အစေခံများ၏သဘောထားပြောင်းလဲသွားသည်ကို အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်ရန်မအားပေ။ သူမ အခန်းထဲတွင်သာ အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် စက္ကူပိုက်ဆံများအား သပ်သပ်ရပ်ရပ်သိမ်းဆည်းရင်း အဆောင်ရေးရန်အလုပ်ရှုပ်နေခဲ့သည်။ သူမအဆောင်၏အရှေ့တောင်ဘက်ထောင့်တွင် မီးဖိုနှစ်ခုချထားခဲ့ပြီး သူမသည် အမွှေးတိုင်သုံးတိုင်ကိုကိုင်၍ ကျွမ်းကျင်စွာ လက်ကိုခါ၍မီးညှိလိုက်၏။ တစ်တိုင်မှာ ချင်းရှုရန်အတွက်ဖြစ်ပြီး နောက်တစ်တိုင်မှာတော့ ကျောက်နီယန်အတွက်ဖြစ်သည်။ ထိုအချိန်သရဲနှစ်ကောင်မှာလည်း အမွှေးတိုင်ဘေးတွင်ထိုင်ပြီး ဝီရိယရှိရှိ ရှူရှိုက်နေကြသည်။
ချင်းရှုရန် : "ငါသေတာ သုံးနှစ်ရှိပြီ၊ ဒီလောက်ကောင်းတဲ့ အမွှေးတိုင်မျိုး တစ်ခါမှမရှူဖူးဘူး”
ကျောက်နီယန်လည်း ဘေး၌ဝမ်းနည်းပက်လက် အမူအယာဖြင့်ရပ်နေသည့်အတွက် ရှောင်းအန်းလဲ့မှာ သူမထံတစ်ချက်ကြည့်ကာပြောလိုက်သည်။
"ဘာလို့ အဲ့လိုမျက်နှာကြီးလုပ်နေတာလဲ၊ ငါ ဒီည နင့်အဖေရဲ့အိပ်မက်ထဲကို ထည့်ပေးမယ်၊ ပြီးရင် နင့်ကိုလူဝင်စားဖို့ ပို့ပေးမယ်”
ကျောက်နီယန်ရှက်ရွံ့စွာပင် သူမလက်ချောင်းလေးများကို လိမ်နေလိုက်သည်။
"ဆရာသခင်၊ သခင်လေးကျောက်ကိုရော တွေ့လို့ရမလား၊ အရင်က ကျွန်မ သူ့ကိုအထင်လွဲပြီး သေလုနီးပါးဖြစ်အောင် လုပ်မိထားလို့ပါ”
ရှောင်းအန်းလဲ့ မတ်တပ်ရပ်ပြီး လက်ဖျောက်တီးလိုက်၏။ ရုတ်တရက်မီးတောက်နှစ်ခုမီးဖိုထဲ ကျသွားပြီး စက္ကူပိုက်ဆံများကို လောင်ကျွမ်းစေခဲ့သည်။
"နင်က သူ့ကိုတွေ့ချင်ပေမယ့် သူကနင့်ကို တွေ့ချင်မှတွေ့မှာ၊ ထားပါတော့နင့်ကို တစ်ညအချိန်ပေးမယ်၊ သူတို့နှစ်ယောက်လုံးရဲ့အိပ်မက်ထဲ ဝင်ကြည့်လိုက်၊ သန်းခေါင်ယံကျရင် သရဲတံခါးဖွင့်ပြီး နင့်ကိုလူဝင်စားဖို့ ပို့ပေးမယ်”
ကျောက်နီယန် သူမစကားကိုကြားသေည် ကျေးဇူးတင်စွာဖြင့်ဦးညွှတ်လိုက်သည်။ ထို့နောက်ရှောင်းအန်းလဲ့ဘေးနားမှ ချင်းရှုရန်ကိုကြည့်လိုက်၏။ ဒီတစ်ကောင်ကတော့ ဘဝကူးဖို့စိတ်ကူးမရှိပဲအမြဲတမ်းမကျွတ်မလွတ်နေမယ့်ပုံပဲ။
10
“ဒီည နင့်ရဲ့ဒုတိယအစ်ကိုအိပ်မက်ထဲဝင်ပြီး အကုန်ရှင်းပြလိုက်၊ ဒါဆိုရင်ငါနောက်ပိုင်းဆက်လုပ်ရတာ ပိုအဆင်ပြေသွားလိမ့်မယ်”
ချင်းရှုရန် စိတ်ဓာတ်ကျနေသည့်ပုံဖြင့်ပြန်ဖြေလိုက်သည်။
"အွန်း"
ထားပါတော့ဘယ်လိုပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာပဲလေ။ အဆောင်ထဲရှိထင်းရွှယ်နှင့်အထိန်းတော်လီတို့သည် သခင်မလေး၏ကိစ္စကို ဝင်မစွက်ဖက်ရန် အဖေရှောင်၏ သတိပေးမှုကိုခံထားရသဖြင့် အထဲသို့မဝင်ရဲကြပေ။ သို့သော်လည်း သူတို့သခင်မလေး၏အပြုအမူမှာ ထူးဆန်းနေမှန်း သတိထားမိခဲ့သည်။ သခင်မလေသည် မည်သူနှင့်စကားပြောနေမှန်းမသိပေသိ ပြုံးရွှင်ကာပင် ဟိုကြည့်သည်ကြည့်လုပ်နေသော်လည်း သူတို့အနေဖြင့်မည်သူ့ကိုမှမမြင်ရပေ။
မဟုတ်မှလွဲရော….. ထင်းရွှယ်နှင့်အထိန်းတော်လီတို့သည် တစ်ယောက်ကိုတစ်ယောက်ဖက်ကာ တုန်ရီနေစဉ် ရုတ်တရက် လက်တစ်ဖက်မှာ သူတို့ပုခုံးကိုလာပုတ်လိုက်သည်။
"အား အား အား"
လန့်ဖျပ်သွားပြီးနောက် ထင်းရွှယ်နှင့် အထိန်းတော်လီတို့ တစ်ပြိုင်နက်အော်ဟစ်လိုက်ကြသည်။ လှည့်ကြည့်လိုက်သည်နှင့် စကားပြန်ပြောနိုင်ပြီဖြစ်သော တုန်းထောင်ကိုတွေ့လိုက်ရသဖြင့် နှစ်ယောက်သား မျက်စောင်းထိုးလိုက်ကြ၏။ တုန်းထောင်လည်း သူတို့ကိုကြည့်ပြီး လန့်သွားလေသည်။
"အထိန်းတော်လီ ထင်းရွှယ် ဘာဖြစ်နေကြတာလဲ”
စကားပြောရင်းပင် သူမမျက်လုံးများမှာ ရှောင်အန်းလဲ့ရှိရာဘက်သို့ရောက်သွားပြီး အပြစ်မတင်မိဘဲမနေနိုင်အောင် ဖြစ်သွားသည်။
"ကံဆိုးလိုက်တာ၊ အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်နေတာပဲ၊ အဆောင်ထဲမှာ လူသေတွေအတွက် ပိုက်ဆံတောင် မီးရှို့နေသေးတယ်၊ သခင်မကြီးမကြိုက်တာ မဆန်းပါဘူး၊ အငယ်ဆုံးသခင်မလေးနဲ့ ယှဉ်လိုက်ရင်ဆယ်ဆလောက်ကွာခြားလွန်းနေတာကို”
ထိုရင့်သီးသောစကားများကြောင့်အထိန်းတော်လီနှင့်ထင်းရွှယ်တို့သည်တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ခေါင်းခါလိုက်ကြသည်။
"တုန်းထောင် နင့်အဆင့်အတန်းကို နင်သိနော်၊ ထပ်ပြီးသခင်မလေးအကြောင်း မကောင်းပြောရဲရင် သခင်ကြီးကို သွားတိုင်လိုက်မယ်၊ နင်က မျက်ကန်းမဟုတ်ဘူးမလား သခင်ကြီးနဲ့သခင်လေးတွေက သခင်မလေးကို ဘယ်လောက်ဂရုစိုက်လဲဆိုတာ နင်မြင်သားပဲ၊ သခင်မလေးကို မလေးမစားလုပ်တာ သူတို့သိရင် နင့်ကိုဘယ်လိုအပြစ်ပေးမလဲဆိုတာသာ တွေးကြည့်လိုက်တော့”
ထိုစကားသည်မှန်သဖြင့် တုန်းထောင် နှုတ်ခမ်းစူလိုက်သည်။ ဒီနေ့မြင်ခဲ့ပေမယ့် သခင်မကြီးကတော့ ပြန်ရောက်လာတဲ့ ဒီသခင်မလေးကိုမကြိုက်ဘူးလေ။
"အေးပါ အေးပါ သိပါပြီ၊ ဘာပဲပြောပြော နင်တို့သခင်မလေးကလည်း ငါ့ကိုမကြိုက်ပါဘူး၊ ဒီည ငါပြန်သွားအိပ်မယ်၊ နင်တို့နှစ်ယောက်ပဲ အလှည့်ကျ ကင်းစောင့်လိုက်ကြတော့"
သူမပြောပြီးသည်နှင့် စိတ်ကြီးဝင်ဟန်ဖြင့် လမ်းလျှောက်ထွက်သွားသည်။ ထင်းရွှယ်နှင့် အထိန်းတော်လီတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ခေါင်းခါလိုက်ကြသည်။ ရှောင်အန်းလဲ့ သရဲနှစ်ကောင်ကို အစာကျွေးပြီးသည်နှင့် အထိန်းတော်လီမှာ မီးရှို့ထားသောပြာများကိုလာရောက်ရှင်းလင်းပေး၏။ ထင်းရွှယ်မှာ သူမကိုပြုစုပေးရန် ရှေ့တိုးလာသော်လည်း မနေတတ်သဖြင့် ယဉ်ကျေးစွာပင်ငြင်းပယ်လိုက်သည်။ ထို့နောက် သူမအခန်းထဲသို့ပြန်ဝင်ပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းကိုစတင်လိုက်၏။
ခဏအကြာမှသူမမျက်လုံးဖွင့်လိုက်သည်။ ဒီနေရာက ဝိညာဉ်စွမ်းအင်လုံးဝမရှိသလောက်ပဲ။ အဲ့ဒါကြောင့် ခုလိုထိုင်ပြီး တရားမှတ်နေတာက လုံးဝအရာမထင်ဘူး။ သူမခန္ဓာကိုယ်ထဲရှိ ရွှေရောင်ကုသိုလ်အလင်းတန်းလေး တဖြည်းဖြည်း လျော့နည်းလာသည်ကို ကြည့်ပြီး ရှောင်အန်းလဲ့ ဆက်မထိုင်နိုင်တော့ဘဲ အလုပ်လုပ်ရန် ကုတင်ပေါ်မှ ဆင်းလိုက်တော့သည်။
သူမ သရဲနှစ်ကောင်ကိုဆွဲထုတ်ပြီး သူတို့ဆွေမျိုးများ၏ အိပ်မက်ထဲသွားကာ ဝင်မွှေခိုင်းလိုက်၏။ ချင်းရှုရန် စိတ်ဓာတ်ကျစွာဖြင့် သူမဒုတိယအစ်ကို အိပ်မက်ထဲသို့ ဝင်ရောက်သွားလေသည်။ ထိုညတွင်ချင်းမိသားစု ပထမအိမ်တော်မှ ဒုတိယသခင်လေးမှာစောစောစီးစီး အိပ်ရာဝင်ခဲ့၏။ အကြောင်းအရင်းမှာ နေ့လည်ခင်း၌ မြင်းကိုလူလွှတ်ပြီး စစ်ဆေးခိုင်းလိုက်ရာ အမှန်တကယ်ပင် သူ့မြင်းမှာပြုစားခံထားရမှန်း သိလိုက်ရသည်။ သူသာစီးမိခဲ့လျှင် မြင်းမှာရူးသွပ်သွားမည်ဖြစ်ပြီး မြင်းပေါ်မှသူလည်း သေချာပေါက် ဒုက္ခရောက်မည်မှာအသေအချာဖြစ်သည်။ ထို့ပြင် အစေခံကောင်လေးကိုလည်း အသစ်လဲလိုက်ပြီး အရင်ကောင်လေးအကြောင်း သေချာစုံစမ်းခိုင်းလိုက်တော့မှ တခြားလူဆီမှနေ ပိုက်ဆံယူထားသောကိစ္စမှာ အမှန်တကယ်ပင်ပေါ်သွားခဲ့၏။
ရှောင်အန်းလဲ့ ပြောပြခဲ့သည့်အချက်နှစ်ချက်လုံး မှန်ကန်နေခဲ့သည်။ ထို့ကြောင့်ရှောင်အန်းလဲ့ပေးလိုက်သည့် အဆောင်လက်ဖွဲ့များကို မိဘများနှင့် အစ်ကိုကြီးတို့ထံပေးပြီးနောက် စောစောစီးစီး အိပ်ရာဝင်ပြီး သူ့ညီမလေးအိပ်မက်ထဲ လာမယ့်အချိန်ကို စောင့်နေလိုက်၏။ အချိန်မည်မျှကြာသွားမှန်း မသိစောင့်နေရင်း ခဏကြာသောအခါ ချင်းရှုရန် သူ့အိပ်မက်ထဲဝင်လာသည်ကို မြင်လိုက်ရသည်။ သူစိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ အမြန်တိုးသွားချိန် ချင်းရှုရန်သည် ချင်းရှောင်ကိုမြင်လိုက်သည်နှင့် ငိုချလိုက်တော့၏။
"ညီမလေး ညီမလေး မငိုပါနဲ့၊ ဒီနေ့ မိန်းကလေးရှောင်ပြောတာက ဖုန်းမျိုးရိုးဆိုတဲ့ကောင် နင့်ကိုသတ်လိုက်တာဆို ဟုတ်လား”
ချင်းရှုရန် ခေါင်းငြိမ့်လိုက်သည်။ ယခုသူမထံတွင် နောင်တများအပြင်အငြိုးအတေးများနှင့်ပါ ပြည့်နှက်နေခဲ့သည်။
"ဒုတိယအစ်ကို ညီမလေးတောင်းပန်ပါတယ်၊ လူကြီးတွေစကားကို နားမထောင်ဘဲ သူနဲ့ခိုးပြေးခဲ့မိတာ ညီမမိုက်မဲလို့ပါ၊ ဖုန်းမျိူးရိုးကောင်စုတ်က လူအရေခွံခြုံထားတဲ့ တိရစ္ဆာန်မှန်း ညီမလေးမသိခဲ့မိဘူး၊ သူနဲ့ခိုးပြေးပြီး မြို့တော်က ထွက်လာတဲ့နေ့မှာပဲ သူက ညီမလေးကို လှည့်စားပြီးမင်္ဂလာဝတ်စုံ ဝတ်ခိုင်းခဲ့တယ်၊ ပြီးတော့ သူကညီမလေးကို အနိုင်ကျင့်ရုံတင်မကဘူး၊တခြားလူနှစ်ယောက်ကိုပါ ခေါ်နှိပ်စက်ခိုင်းပြီးမှ ဖြည်းဖြည်းချင်းသတ်ပစ်တာ၊ သေခါနီးသူပြောတာက ညီမလေးကိုအငြိုးအတေးတွေနဲ့ ပြည့်နှက်နေစေချင်လို့တဲ့၊ အဲ့တုန်းကသူပြောသေးတယ် အစ်ကိုတို့သောက်မယ့် ရေတွင်းထဲမှာလည်း အဆိပ်ခပ်ထားတယ်တဲ့၊ အကုန်လုံးအဆိပ်မိပြီး ချင်းတစ်မိသားစုလုံးသေမှအေးမှာ ချင်းမိသားစုက ဘယ်သူ့ကိုမှအလွတ်မပေးဘူးလို့ပြောတယ်၊ အဲ့ဒါကြောင့် ညီမလေး ကြောက်လည်းကြောက် မုန်းလည်းမုန်းပြီးတော့ မျက်လုံးကန်းခဲ့တာကလည်း ကိုယ်တိုင်ပဲဆိုတော့ ကိုယ့်ကိုကိုယ်ပိုမုန်းမိတယ်၊ ဒုတိယအစ်ကို ညီမလေး တောင်းပန်ပါတယ်၊ အစ်ကိုတို့ကိုရော အဖေနဲ့အမေကိုရော တောင်းပန်ပါတယ်”
ချင်းရှောင် သူ့ညီမလေးမတရားပြုကျင့်ခံရကြောင်းကြားပြီး ဒေါသထွက်လာခဲ့သည်။ ဖုန်းမျိုးရိုးဆိုတဲ့ကောင်ကို ချက်ချင်းရှာပြီး အဆုံးသတ်ရန်ရည်ရွယ်လိုက်၏။
"ညီမလေး စိတ်မပူပါနဲ့၊ အစ်ကို အဲ့ဖုန်းဆိုတဲ့တိရစ္ဆာန်ကောင်ကို ရှာတွေ့အောင်ရှာပြီး အပိုင်းပိုင်းအစစခုတ်ထစ်ပြီး နင့်အတွက် လက်စားချေပေးမယ်”
*အပိုင်းပိုင်းအစစ ခုတ်ထစ်မယ်*ဆိုသည့်စကားကို ကြားလိုက်ရသောအခါ ချင်းရှုရန်၏အတိတ်ဆိုးများ ပြန်ပေါ်လာပြီး သူမဝိညာဉ်ပုံရိပ်မှာ တုန်ခါသွားသည်။ သူမ၏မကောင်းဆိုးဝါးအငွေ့အသက်များကို မထိန်းချုပ်နိုင်ဘဲ ဒုတိယအစ်ကိုကို ရန်ရှာမိမည်စိုးသည့်အတွက် ရှောင်အန်းလဲ့စကားကိုနားထောင်ဖို့၊ ရှောင်အန်းလဲ့မှာ သူတိုအား သေချာပေါက်လာရောက်ကူညီပေးလိမ့်မည်ဟုသာမှာကြားပြီး အမြန်ပျောက်ကွယ်သွားတော့၏။ ဒီလောက်မြန်မြန် သူမပြန်ရောက်လာတော့ ရှောင်အန်းလဲ့လည်း အံ့သြသွားသည်။
"မြန်လှချည်လား၊ နည်းနည်းလောက် စကားဆက်မပြောတော့ဘူးလား”
ချင်းရှုရန်မှာတော့ စိတ်ဓာတ်ကျနေခဲ့သည်။
"ရှက်စရာကြီးလေ၊ မိသားစုဘေးကင်းတယ်ဆိုတာ သိရရင်ပဲကျေနပ်ပါပြီ၊ ဒါနဲ့ဆရာသခင်က ဒီလောက်စွမ်းတာ၊ ဘာလို့အဖမ်းခံရပြီး အစုအပုံသင်္ချိုင်းဟောင်းကို ရောက်လာရတာလဲ”
ဒီမေးခွန်းကိုတော့ရှောင်အန်းလဲ့ခေါင်းခါပြလိုက်သည်။
"မသိဘူး၊ ငါ့မှာလည်း အဲ့မှတ်ဉာဏ်မရှိဘူး”
ချင်းရှုရန် : "အဲဒီတုန်းက ဆရာသခင့်ကို သေပြီထင်လို့ ဝိညာဉ်ရှာသေးတယ်မတွေ့ဘူးလေ၊ အစကတော့ ဆရာသခင့်ကိုယ်ထဲဝင်ပူးပြီး လျှောက်သွားချင်လို့”
ထို့နောက်သူမ လက်ချောင်းလေးများကို ကစားရင်း ဆက်ပြောလိုက်သည်။
"ဒါပေမယ့် ဆရာသခင့်ခန္ဓာကိုယ်က ထူးဆန်းတယ်၊ ဝင်လို့မရဘူးဖြစ်နေတာ”
ရှောင်းအန်းလဲ့ သူမထံအေးစက်စက် ကြည့်လိုက်သည်။ သူမက ကူးပြောင်းလာတဲ့ဝိညာဉ်ပဲဟာ၊ ဘယ်လိုလုပ် နင်ဝင်လို့ရမှာလဲ။ လူနှင့်သရဲစကားပြောနေတုန်း အိပ်မက်ထဲဝင်သွားသည့် ကျောက်နီယန်လည်း ပြန်ရောက်လာကာ သက်ပြင်းချလိုက်သည်။
"ဆရာသခင် ပြောတဲ့အတိုင်းပါပဲ၊ သခင်လေးကျောက်က ကျွန်မကိုသူ့အိပ်မက်ထဲ အဝင်မခံဘူး၊ ကြောက်လည်းကြောက်ပြီး ကျွန်မကိုရွံရှာနေသေးတယ် ထားလိုက်ပါတော့၊ နောက်ဘဝကျမှ အခွင့်အရေးရှိရင် ကျေးဇူးဆပ်လိုက်ပါ့မယ်၊ ဒါပေမယ့် ကျန်းလန်ခံစားရတာကို မမြင်ရသေးတော့ နည်းနည်းမကျေမနပ်ဖြစ်မိတယ်”
ရှောင်အန်းလဲ့ လက်ချောင်းများဖြင့်တွက်ချက်ကြည့်လိုက်ပြီး အရိုးဖြူထီးကိုဖွင့်ကာ သူမအားဝင်ခိုင်းလိုက်သည်။ပြီးနောက် သူမကိုခေါ်ထုတ်သွားလိုက်၏။ မြို့တော်တွင် ညမထွက်ရအမိန့်ရှိသဖြင့် လမ်းပေါ်တွင်လူသူကင်းမဲ့နေပြီး သူမတစ်ယောက်တည်းသာအရှက်မရှိထီးဆောင်းပြီး လမ်းလျှောက်နေသည်။ ထိုအချိန် သခင်လေးကျန်းအိမ်ရှေ့တွင် ပစ္စည်းများသိမ်းဆည်းနေကြသည်ကို တွေ့လိုက်ရ၏။ ကျန်းမိသားစုရှိယောင်္ကျားသားမှန်သမျှလည်း နန်းတွင်းထောင်ထဲတွင် အဖမ်းခံလိုက်ရသည်။ တရားရုံးချုပ်အရာရှိများ ကျန်းမိသားစုဝင်များကို ခေါ်ထုတ်လာသည့်အထဲတွင် ကျန်းလန်လည်းပါလာခဲ့၏။
"ကျန်းမိသားစု ဘာဖြစ်သွားတာလဲ”
ရှောင်အန်းလဲ့ ထိုနေရာဘက်လျှောက်သွားကာ ကိုယ်ယောင်ဖျောက်မန္တန် ရွတ်ဆိုပြီး အရိုးဖြူထီးထဲရှိ ကျောက်နီယန်ကိုလွှတ်ပေးလိုက်သည်။ ကျောက်နီယန်ပေါ်လာသည်နှင့် ကျန်းလန်တန်းမြင်လိုက်ပြီး အော်ဟစ်ကာထွက်ပြေးဖို့လုပ်တော့၏။
"သရဲ သရဲ"
"သူ့ကို မလွတ်စေနဲ့ ဖမ်းထားကြ"
ချက်ချင်းပင် တစ်စုံတစ်ယောက်မှာ ကျန်းလန်အား ဖမ်းချုပ်ပြီး မြေကြီးပေါ် ဖိချလိုက်သည်။
"သခင်လေးကျန်း ပြေးချင်သေးတယ်ပေါ့၊ ခင်ဗျားတို့ ကျန်းမိသားစုရဲ့ လာဘ်စားမှုတွေ၊ ခိုးယူထားတာတွေကို ရုံးတော်ကမင်းသားစုံစမ်းပေးလို့ အကုန်ပေါ်ကုန်ပြီ၊ ကျန်းမိသားစုက ယောင်္ကျားသားတွေ တစ်ယောက်မှမလွတ်စေရဘူး သွားမယ်”
ရှောင်းအန်းလဲ့ အနည်းငယ်လိုက်စပ်စုလိုက်သည်။ အဲ့ရုံးတော်ကမင်းသားဆိုတာ တော်တော်စွမ်းတာပဲ။ သူမ ကျောက်နီယန်ကို သခင်လေးကျန်းအား ရိုက်နှက်ခွင့်ပြုလိုက်သော်လည်း မသေစေရန် မှာလိုက်သည်။ စိတ်ရှိလက်ရှိ ရိုက်နှက်ပြီးနောက် ကျောက်နီယန် စိတ်သက်သာရာရသွားပြီး ပြန်ရောက်လာသောအခါ အချိန်ကိုက်ဖြစ်သွားခဲ့၏။
"ကဲ သရဲတံခါးဖွင့်ပြီး နင့်ကိုလူဝင်စားဖို့ ပို့ပေးမယ်”
ကျောက်နီယန် ရှောင်အန်းလဲ့ကို ဦးညွှတ်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။ ရှောင်အန်းလဲ့သာမရှိလျှင် အသုံးမကျသည့်တာအိုဆရာကြီးမှာ သူမအားယှဉ်နိုင်မည်မဟုတ်ပေ။ အပြစ်မရှိသည့် သခင်လေးကျောက်ကိုပင် မတော်တဆသတ်မိသွားနိုင်၏။ ထိုအခါ သူမကိုယ်တိုင်လည်းလက်စားချေလိုစိတ်ပြင်းထန်သော မကောင်းဆိုးဝါးဝိညာဉ်ဖြစ်သွားပြီး ဘယ်တော့မှ လူပြန်မဝင်စားနိုင်ဘဲ ငရဲမှာသာခံစားနေရမည်ပင်။ ကျောက်နီယန် ရုတ်တရက်တစ်ခုခုကို သတိရသွားပြီး ရှောင်အန်းလဲ့ထံရှက်ရွံ့စွာကြည့်လိုက်ရာ ရှောင်အန်းလဲ့မှာ လက်နှစ်ဖက်ဖြင့် မန္တန်ရေးဆွဲပြီးနေပြီပင်။
"ခွန် သွေ့ ချန် ခန် ကန်း ကျန်း ရွှန်း လီ၊ ရေနဲ့ကောင်းကင် မြေကြီးကို ရွေးချယ်ပြီး သရဲတံခါးပွင့်စေ"
လက်ဟန်ပြလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ယင်ဓာတ်များဖုံးလွှမ်းသွားပြီး သူမရှေ့တွင်အနက်ရောင် ဝဲဂယက်တစ်ခုပေါ်လာသည်။
"ကျောက်နီယန် သရဲတံခါးဖွင့်ပေးလိုက်ပြီ သွားတော့"
သို့သော်ကျောက်နီယန်မှာ သူမရှေ့တွင် ခေတ္တမျှတွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။
"ဆရာသခင်၊ ဆရာသခင့်ဆီမှာ ရွှေရောင်ကုသိုလ်အလင်းတန်းတွေရှိနေတာ ကျွန်မသိပါတယ်၊ ကျွန်မကို တစ်စက်လောက် ပေးသနားလို့ရမလားဟင်”
ရွှေရောင်ကုသိုလ်အလင်းတန်းလေး တစ်စက်လောက်သာပါသွားပါက နောက်ဘဝကူးသည့်အခါ ချမ်းသာသော ဂုဏ်ရှိသောမိသားစု၌ သူမလူပြန်ဖြစ်ခွင့်ရမည်ဖြစ်သည်။ ထိုစကားကိုကြားသော် ရှောင်အန်းလဲ့ မျက်နှာထက်တွင် မေတ္တာအပြည့်ဖြင့်အပြုံးတစ်ခုပေါ်လာပြီး ခြေထောက်ကိုမြှောက်ကာ ကျောက်နီယန်ကို သရဲတံခါးထဲကန်ထည့်လိုက်တော့၏။
"သွားစမ်း"
လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် သရဲတံခါးလည်း ချက်ချင်းပြန်ပိတ်သွားခဲ့သည်။
ဝိုး ငါ့လုပ်ရပ်က သွက်လက်ပြီးအချိတ်အဆက်မိနေတာပဲနော်။