အခန်း (၇၁၁-၇၁၂)
Vol. 72 Ch. 711-712
ဖန့်ချန်
အခန်း ၇၁၁ - နဂါးသွေးကြောဆေးလုံး
"ဒီကောင်က တစ်ခါလာလည်း ငါ့ကို ဒုက္ခပေးဖို့ပဲ မတွေ့ဘူး... မတွေ့ဘူး... သူ့ကို ပြန်လွှတ်လိုက် ဒီနေ့ ငါ သူ့ကို အာရုံနောက်ခံဖို့ အချိန်မရှိဘူး"
ရှကျီက ရယ်မောရင်း လက်ယမ်းပြလိုက်သည်။
အစေခံမလေးမှာ ခေါင်းညိတ်ကာ ပြန်ထွက်သွားလေသည်။
"ဖုန်းယာ ဆိုတာ ဘယ်သူလဲ"
ဖန့်ချန်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။
"ငါ့ရဲ့ မွေးစားညီတစ်ယောက်ပါ ငါက သူ့နောက်မှ အိမ်တော်ကို ရောက်တာဆိုပေမဲ့ ငါ့ရဲ့ မွေးစားအဖေက ငါ့ရဲ့ အဆင့်အတန်းကို သူ့ထက် မြင့်အောင် ထားပေးထားတယ်"
"ဒါကြောင့် သူက ငါ့ကို အစ်ကိုကြီး လို့ ခေါ်ရတာပေါ့ အဲ့ဒါကြောင့် သူက ငါ့ကို အမြဲတမ်း မကျေမနပ် ဖြစ်နေတာ အခုလည်း တခြားလူတွေရဲ့ မြှောက်ပင့်ပေးမှုနဲ့ ငါ့ကို ခဏခဏ လာပြဿနာရှာနေတာပဲ"
ရှကျီက ပြုံးကာ
"ပြောရရင် သူက ငါ့ထက်တောင် အသက်ကြီးသေးတယ် ငါ့ကို အစ်ကိုကြီးလို့ ခေါ်ရတာဆိုတော့ ငါသာ သူ့နေရာမှာဆိုရင်လည်း စိတ်တိုမိမှာပဲ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
ရှကျီ၏ လူမှုဆက်ဆံရေး ကိုင်တွယ်ပုံကို သူ စိုးရိမ်ခြင်းမရှိပေ။
ရှကျီ၏ အကျင့်စရိုက်အရ ထိုသို့သော ကိစ္စများကို အေးဆေးစွာ ဖြေရှင်းနိုင်မှန်း သူ သိသည်။
သူတို့ သုံးဦးသည် ငယ်စဉ်က အကြောင်းအရာများမှသည် ဖန့်ချန် တာ့ချန်းနိုင်ငံတွင် ဓားတစ်ချက်ဖြင့် အရာအားလုံးကို အဆုံးသတ်ခဲ့သည့် အချိန်အထိ ဆက်လက် စကားပြောဖြစ်ခဲ့ကြသည်။
"ဘယ်လောက်တောင် ကြာသွားပြီလဲ"
ရှကျီက ရုတ်တရက် မှင်တက်သွားကာ ဝူရုန့်ချိုကို ကြည့်လိုက်သည်။
ဝူရုံ့ချိုက တိုးတိုးလေး ပြောသည်
"တာ့ချန်းနိုင်ငံက ကိစ္စဖြစ်ပြီးကတည်းက အခုဆို (၃၄) နှစ် ရှိပြီ"
"ဟုတ်သားပဲ... (၃၄) နှစ်တောင် ကုန်ဆုံးသွားပြီ အဲ့ဒီတုန်းက ငါက အသက် (၂၀) ဝန်းကျင် လူငယ်လေးပဲ ရှိသေးတာ အခုဆို အသက် (၆၀) နီးပါးတောင် ရှိနေပြီ"
ရှကျီက ပြုံးလျက် ဖန့်ချန်ကို ကြည့်ကာ
"ဖန့်ကြီး ငါတို့သာ ဒီကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို မလျှောက်လှမ်းခဲ့ရင် အခုချိန်မှာ ငါတို့ ဘာတွေ လုပ်နေမယ်လို့ မင်း ထင်လဲ"
"မင်းလား မင်းကတော့ အရင်လိုပဲ အိမ်မှာ ကပ်မှာမဟုတ်ဘူး နိုင်ငံအနှံ့ လှည့်လည်သွားလာနေမှာပဲဒါပေမဲ့ အဆင့် ၆ ရှိတဲ့ အင်ပါယာနိုင်ငံတွေအထိတော့ ရောက်မှာမဟုတ်ဘူး"
ဖန့်ချန်က ရယ်မောရင်း
"ငါကတော့ စစ်သူကြီးရာထူး ပြန်ရအောင် ကြိုးစားပြီး ချင်စုန်းနဲ့ အားပြိုင်နေမှာပေါ့ သွေးဝိညာဉ်ဂိုဏ်းအကြောင်းကိုလည်း တစ်သက်လုံး သိမှာမဟုတ်ဘူး"
"ငါ့အမြင်တော့ မင်း စစ်သူကြီးရာထူး ပြန်မရနိုင်ဘူး ငါ့ရဲ့ ခမည်းတော်ရဲ့ လျှို့ဝှက်အစီအစဉ်တွေအရ မင်းက သူ့ရဲ့ ဓားစာခံအဖြစ် အသုံးချခံရမှာပဲ"
ရှကျီက ခေါင်းခါကာ
"မင်းရဲ့ လျှို့ဝှက်အစောင့်တပ်ကို သုံးပြီး တစ်ခုခု လုပ်နိုင်ရင် လုပ်နိုင်မှာပေါ့ ဒါပေမဲ့ အခြေအနေကြီးတစ်ခုလုံးကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"
ဝူရုန့်ချို၏ မျက်ဝန်းတွင် ဇဝေဇဝါ ဖြစ်သွားပြီး
"ဖန့်သခင်လေး ဘာလို့ ရှကျီလိုပဲ ကျင့်ကြံလာတာ နှစ်တွေ အကြာကြီးရှိပြီဖြစ်ပေမဲ့ လောကီအာရုံတွေကို မဖြတ်တောက်နိုင်သေးတာလဲ"
ဖန့်ချန်နှင့် ရှကျီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသော်လည်း ပြန်မဖြေကြပေ။
ဝူရုန့်ချိုက မျက်မှောင်ကြုတ်ကာ ရှကျီကို ခြေဖျားဖြင့် တစ်ချက် တို့လိုက်သည်။
ရှကျီက မတတ်သာသလို ရယ်မောကာ
"စီနီယာအစ်မ အရင်က ပြောဖူးသလိုပါပဲ လောကီနယ်ပယ်က စိတ်ဓာတ်ကို အချောမွေ့ဆုံး လေ့ကျင့်ပေးနိုင်တာလေ ငါ လောကီအာရုံကို မဖြတ်ချင်တာက ငါ့စိတ်တွေ ကျောက်တုံးလို မာကြောသွားမှာကို ကြောက်လို့ပါ"
"အဲ့ဒီအချိန်ကျရင် ငါက ငါဖြစ်နေဦးမလား တွေးကြည့်ရုံနဲ့တင် ကြောက်စရာကြီး ဖန့်ကြီးကလည်း သူ့အကြောင်းနဲ့သူ ရှိမှာပေါ့"
"တကယ်တော့ ကျင့်ကြံတယ်ဆိုတာ လောကီအာရုံကို ဖြတ်တောက်ဖို့ပဲ အားထုတ်နေရမှာလား တစ်ချို့လူတွေဆို လောကီနယ်ပယ်ထဲ ဝင်ပြီး အတွေ့အကြုံမျိုးစုံကို ခံစားကာ စိတ်ဓာတ်ကို ပြီးပြည့်စုံ အောင် ကျင့်ကြံကြတာပဲ "
"ဒါက ခဏတာပဲလေ စိတ်ဓာတ်ပြီးပြည့်စုံသွားရင်တော့ လောကီနယ်ပယ်က ထွက်ခွာရမှာပေါ့ လောကီအာရုံတွေမှာ ကံကမ္မ တွေ အများကြီး ရှိတယ် အချိန်တိုအတွင်းမှာ ပြဿနာမရှိပေမဲ့ နောက်ပိုင်း မင်းရဲ့ ဘေးဒုက္ခသုံးပါး၊ ကပ်ဘေးကိုးပါး ကြုံလာရင် ဘယ်လိုလုပ်မလဲ"
ဝူရုန့်ချိုက စိုးရိမ်တကြီး မေးသည်။
"ဖြစ်သမျှ အကြောင်း အကောင်းပေါ့ စီနီယာအစ်မရယ် တကယ်လို့ ငါသာ ကပ်ဘေးကို မကျော်လွှားနိုင်ရင် စီနီယာအစ်မ နောက်အိမ်ထောင်ပြုလိုက်ပေါ့ ငါ မင်းကို အပြစ်မတင်ပါဘူး"
ရှကျီက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
စကားဆုံးသည်နှင့် သူသည် ဝူရုန့်ချို၏ ထပ်မံကန်ခြင်းကို ခံလိုက်ရသည်။
မနာသော်လည်း သူက အသံထွက်အောင် တွန့်ပြလိုက်သဖြင့် စိတ်ဆိုးနေသော ဝူရုန့်ချိုပင် ရယ်မိသွားတော့သည်။
ဖန့်ချန်က အရက်တစ်ခွက်ကို သောက်လိုက်ရင်း ထိုကောင်လေးကတော့ မိန်းကလေးတွေကို ချော့တတ်လာပြီဟု တွေးနေမိသည်။
"မင်းသားဖုန်းယာ ရှမင်းသားက ဒီနေ့ အလုပ်ရှိလို့ ဝင်ခွင့်မပေးဘူးလို့ ပြောထားပါတယ် အစေခံဖြစ်တဲ့ ကျုပ်တို့အတွက် တကယ် ခက်ခဲလို့ပါ"
"ဖယ်စမ်း"
"အား"
အပြင်ဘက်မှ အစေခံမလေးတစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် လူအုပ်ကြီးတစ်အုပ် ဧည့်ခန်းထဲသို့ ဝင်လာကြသည်။
ခေါင်းဆောင်လာသူမှာ အသက် (၁၇-၁၈) အရွယ် လူငယ်လေးဖြစ်သော်လည်း သူ၏ ကျင့်စဉ်မှာ ရွှေအမြုတေအထွတ်အထိပ် အဆင့်တွင် ရှိနေသည်။
ရှကျီက မျက်နှာကို ပြန်တည်လိုက်ပြီး ဖုန်းယာကို စိုက်ကြည့်ကာ
"မင်း ငါ့ကို ရှာတာဆိုရင် ငါ့ဆီကိုပဲ လာလေ၊ ဘာလို့ အစေခံတွေကို အနိုင်ကျင့်နေတာလဲ မင်းက မင်းသားတစ်ပါးဖြစ်ပြီး ဒီလောက်တောင် စိတ်ထားသေးသိမ်တာလား"
တွေ့တွေ့ချင်း အရှက်ခွဲခံလိုက်ရသဖြင့် ဖုန်းယာမှာ ဒေါသထွက်သွားသော်လည်း သူ၏ သူငယ်ချင်းများ ရှေ့တွင်ဖြစ်၍ ထိန်းလိုက်ကာ
"ရှကျီ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ပြောထားပြီးသားလေ ဒီနေ့က နဂါးသွေးကြောဆေးလုံး စတင်ထွက်ရှိမယ့်နေ့ပဲ ငါတို့ စတုတ္ထမင်းသမီးနဲ့အတူ သွားကြည့်ကြရအောင်လို့ ပြောထားတာ မေ့သွားပြီလား"
"အော်... ငါ တကယ်ပဲ မေ့သွားတာ အဲ့ဒါဆိုရင် မင်း ပြန်ပြောပေးလိုက်ပါ ငါ ဒီနေ့ မလာတော့ဘူး အိမ်မှာ သူငယ်ချင်း ရောက်နေလို့ ဧည့်ခံရဦးမယ်"
ရှကျီက ပြုံးလျက်
"ဒုက္ခပေးမိပြီနော် ဖုန်းယာညီလေး"
'ဖုန်းယာညီလေး'
ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသည့်အခါ ဖုန်းယာမှာ ချက်ချင်းပင် လက်ပါတော့မလို ဖြစ်သွားသည်။
"ရှမင်းသား မင်းသားက ဒီလောက်တောင် လူမှုရေး မသိတာလား ဒီကိစ္စက ကြိုပြောထားပြီးသားဖြစ်သလို ဒီနေ့ အခမ်းအနားကို လူကြီးလူကောင်းတွေ အများကြီး လာမှာ မင်းသား ရုတ်တရက် မလာဘူးဆိုရင် နဂါးစားဘုရင် အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို လူတွေက အထင်သေးကုန်မှာပေါ့"
ဟု တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အော်... မင်းက ဘယ်သူလဲ ဖုန်းယာညီလေးရဲ့ အပေါင်းအသင်းတွေက တော်တော်များတာပဲ ငါ မသိတဲ့လူတွေကို ဘာလို့ ငါ့အိမ်ကို အမြဲခေါ်လာရတာလဲ"
ရှကျီက ထိုသူကို ကြည့်ကာ မေးလိုက်သည်။
ထိုသူမှာ ရှကျီက သူ့ကို မသိသဖြင့် အရှက်ရသွားပြီး
"ကျုပ်က မိုးသောက်ကြယ်တာအိုဂိုဏ်း က ကျောက်ပေ ပါ"
ဖန့်ချန်က ထိုသူကို တစ်ချက်ကြည့်လိုက်သည်။
"ရှကျီ မင်း တခြားအကြောင်းတွေ လျှောက်ပြောမနေနဲ့ မွေးစားအဖေကလည်း မင်းကို သေချာစောင့်ကြည့်ဖို့ ငါ့ကို မှာထားတယ် စတုတ္ထမင်းသမီးကိုတော့ မင်း သွားမစော်ကားတာ အကောင်းဆုံးပဲ"
"မွေးစားအဖေရဲ့ အမိန့်ကြောင့်သာ မဟုတ်ရင် မင်းကိစ္စကို ငါ လာပတ်သက်နေမှာ မဟုတ်ဘူး အမြန် လိုက်ခဲ့စမ်း ငါတို့ အိမ်တော်ကို အရှက်မကွဲစေနဲ့"
ဖုန်းယာက အေးစက်စွာ ပြောလိုက်သည်။
"မောင်လေး မင်း သွားလိုက်ပါဦး ငါနဲ့ ဖန့်သခင်လေးက အိမ်မှာပဲ စောင့်နေပါ့မယ်"
ဝူရုံ့ချိုက ဝင်ပြောသည်။
"စီနီယာအစ်မ ပြောမှတော့ ငါ သွားရမှာပေါ့ ဒါပေမဲ့ ဖန့်ကြီးလည်း ငါနဲ့အတူ လိုက်ခဲ့ရမယ် သူ့ကို ဒီမှာ ထားခဲ့ရင် အလဟဿ ဖြစ်သွားလိမ့်မယ်"
ရှကျီက ရယ်မောရင်း ဖန့်ချန်ကို ဆွဲကာ အပြင်သို့ ထွက်သွားတော့သည်
"ငါ မင်းကို ဗဟုသုတရအောင် ခေါ်သွားမယ် နဂါးသွေးကြောဆေးလုံး အကြောင်း ကြားဖူးလား အဲ့ဒါက ဒဏ္ဍာရီလာ အဆင့်မြင့် ဆေးလုံးပဲ"
"အလယ်ပိုင်းနိုင်ငံမှာ ကျိမသေမျိုးဘုရင် တစ်ယောက်တည်းပဲ ဒါကို ဖော်စပ်တတ်တာ ဒီဆေးကို သောက်လိုက်ရင် တောကြက်တောင် နတ်ဘုရား ဖြစ်သွားနိုင်တယ်လို့ ပြောကြတယ်"
"နေဦး မင်းက ဒီလူကိုပါ ခေါ်သွားမလို့လား ဒီလို အခမ်းအနားမျိုးက ကြုံသလိုလူ ဝင်လို့ရတာ မဟုတ်ဘူး ငါတို့ အိမ်တော်ကို အရှက်မခွဲစမ်းနဲ့"
ဖုန်းယာက အော်လိုက်သည်။
"ဒါ ငါ့ညီအစ်ကိုပဲ မင်း မသိတာက ပြဿနာမရှိဘူး ဒါပေမဲ့ သူ ဘာလို့ မလိုက်ရမှာလဲ မင်းတောင် မင်းရဲ့ မကောင်းတဲ့ သူငယ်ချင်းတွေကို ခေါ်သွားနိုင်သေးတာပဲ ငါက နဂါးစားဘုရင်ရဲ့ မွေးစားသား မင်းရဲ့ အစ်ကိုကြီးပဲ ငါ လူတစ်ယောက် ခေါ်သွားတာကို မင်းက ဘာတွေ လာပြောနေတာလဲ"
ရှကျီက လှောင်ပြုံးပြုံးကာ ဖန့်ချန်ကို ဆွဲခေါ်သွားလေတော့သည်။
ဖုန်းယာမှာ ဒေါသပေါက်ကွဲတော့မည့်အချိန်တွင် ကျောက်ပေက တိုးတိုးလေး အကြံပေးလိုက်သည်
"ဖုန်းယာ သူ လူခေါ်သွားတာ ထားလိုက်ပါ ဒီနေ့ ငါတို့ရဲ့ ရည်ရွယ်ချက်က ဒါမှမဟုတ်ဘူး သူသာ အခမ်းအနားကို လိုက်လာရင် ငါတို့ အစီအစဉ်အတိုင်း လုပ်ပြီး သူ့ကို မင်းသမီးနဲ့ လူကြီးလူကောင်းတွေ ရှေ့မှာ အရှက်ကွဲအောင် လုပ်လို့ရတယ် အဲ့ဒီအချိန်ကျရင် မင်းရဲ့ ဒေါသလည်း ပြေသွားမယ် မင်းသားကြီးဘက်ကလည်း ကျေနပ်သွားမှာပဲ ဘာလို့ စိတ်ပူနေမှာလဲ"
ဖုန်းယာက ထိုစကားကို သဘောကျသွားပြီး သူ၏ ဒေါသကို နှိမ်ကာ သူတို့နောက်သို့ လိုက်ပါသွားလေတော့သည်။
အခန်း ၇၁၂ - တောရိုင်းဂိုဏ်း
နဂါးသွေးကြောဆေးလုံး ဖန့်ချန်သည် ရှကျီနောက်မှ လိုက်ပါသွားရင်း ထိုဆေးလုံး ဖော်စပ်နည်းကို ပြန်လည်စဉ်းစားနေမိသည်။
မဟာကောင်းကင်ဆေးပညာ ၏ မြေကမ္ဘာအဆင့် ကဏ္ဍတွင် ဆေးနည်းပေါင်း (၉၉) မျိုးရှိပြီး ထိုအထဲတွင် နဂါးသွေးကြောဆေးလုံးလည်း ပါဝင်သည်။
၎င်းကို ဖော်စပ်ရန် ဝိညာဉ်ဆေးမြက်ပေါင်း (၄,၇၉၉) မျိုး လိုအပ်ပြီး အဓိကမှာ နဂါးသွေး ဖြစ်သည်။
နဂါးသွေး၏ သန့်စင်မှုအပေါ် မူတည်၍ ဆေးစွမ်းကွာခြားသော်လည်း အညံ့ဆုံးဆေးလုံးပင်လျှင် ကျင့်ကြံသူတစ်ဦးကို ကျင့်စဉ်နှစ်ပေါင်း (၁,၀၀၀) ခန့် တိုးတက်စေနိုင်သည်။
"ရှကျီ သူတို့ပြောတဲ့ နဂါးသွေးကြောဆေးလုံးက တကယ်ပဲ အဆင့်မြင့်ဆေးလုံးလား နောက်ပြီး ဒီ ကျိမသေမျိုးဘုရင် ဆိုတာက ဘယ်လိုလူမျိုးလဲ"
ဖန့်ချန်က မေးလိုက်သည်။
"ကျိမသေမျိုးဘုရင်က အလယ်ပိုင်းနိုင်ငံရဲ့ နံပါတ်တစ် ဆေးဆရာပဲ သူက တောရိုင်းကျောင်းတော် မှာ ဆရာအဖြစ် တာဝန်ယူထားသလို ဒုတိယကျောင်းအုပ်ကြီးလည်း ဟုတ်တယ် လောကမှာ ကျိမသေမျိုးဘုရင် တစ်ယောက်တည်းပဲ ဒီဆေးကို ဖော်စပ်တတ်တာ"
ရှကျီက ဆက်လက်ရှင်းပြသည်
"မင်း အခု မြို့တော်ကို ရောက်နေတုန်း နန်းတော်က ထုတ်ပြန်တဲ့ တော်ဝင်စာရင်း ကို သွားကြည့်သင့်တယ် အဲ့ဒီမှာ အဖိုးတန်ဆေးမြက်တွေ ဆေးလုံးတွေအကြောင်း အသေးစိတ် ပါဝင်တယ် နဂါးသွေးကြောဆေးလုံးက ထိပ်တန်း ဆယ်မျိုးစာရင်းဝင်ပဲ"
" ဒီလိုဆေးမျိုး မပေါ်ထွက်လာတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ အခုလို အောင်မြင်ခါနီးအချိန်မှာ လူတွေအများကြီး လာကြည့်ကြတာပေါ့ ဒါက နန်းတော်ကလည်း လူငယ်တွေ ဆေးပညာကို လေ့လာနိုင်အောင် စီစဉ်ပေးထားတာပဲ"
စကားပြောရင်း ရှကျီက ပြုံးလိုက်ကာ
"ဒါပေမဲ့ ဆေးပညာဆိုတာ အဲ့လောက်မလွယ်ဘူး ဆေးနည်း မရှိရင် ဘယ်လောက်ပါရမီရှိရှိ နာမည်ကျော်ဖို့ မဖြစ်နိုင်ဘူး အခုခေတ် ဆေးဆရာကြီးတွေကလည်း သူတို့ရဲ့ ပညာတွေကို လျှို့ဝှက်ထားကြတော့ နောက်ပိုင်းမှာ ဆေးပညာက တစ်မျိုးထက်တစ်မျိုး ညံ့လာသလိုပဲ"
ဖန့်ချန်က စိတ်ထဲမှ တွေးနေမိသည်
'ကြည့်ရတာ ရှေးဟောင်းခေတ်က ဆေးလုံးအဆင့်သတ်မှတ်ချက်နဲ့ အခုခေတ်က မတူတော့ဘူးပဲ အခုခေတ်မှာ နတ်ဘုရားအဆင့် လို့ သတ်မှတ်တဲ့ ဆေးနည်းက ရှေးဟောင်းကျမ်းစာထဲမှာတော့ မြေကမ္ဘာအဆင့် သာသာပဲ ရှိသေးတာလား'
"ငါ့ကို တောရိုင်းကျောင်းတော် အကြောင်း နည်းနည်း ပြောပြပါဦး"
ဖန့်ချန် စိတ်ဝင်စားသွားသည်။
"တောရိုင်းကျောင်းတော်လား အဲ့ဒါကတော့ အရှိန်အဝါ ကြီးမားလွန်းတယ် လောကမှာ အင်အားအကြီးဆုံး ဂိုဏ်းကြီး (၅) ဂိုဏ်း ရှိတာ မင်းသိမှာပါ"
ရှကျီက တစ်ချက်ချင်း ရေတွက်ပြသည်
တောရိုင်းဂိုဏ်း အဓိကဗဟိုချက်မှာ တောရိုင်းကျောင်းတော် ဖြစ်သည်။
အလယ်ပိုင်းနိုင်ငံ၏ အရာရှိကြီးများ မသေမျိုးဘုရင်များနှင့် အင်ပါယာနိုင်ငံများစွာသည် ထိုဂိုဏ်းဝင်များ ဖြစ်ကြသည်။
အလယ်ပိုင်းနိုင်ငံ၏ ဧကရာဇ်တိုင်းသည်ပင် နန်းမတက်မီ ထိုကျောင်းတော်တွင် ပညာသင်ယူရသည်။
တာအိုဂိုဏ်း : တောရိုင်းဂိုဏ်းကို ယှဉ်နိုင်သည့် တစ်ခုတည်းသော ဂိုဏ်းဖြစ်သည် ၎င်း၏လက်အောက်တွင် ကျောင်းတော်များနှင့် ဓားဂိုဏ်းကြီးများ ရှိပြီး မသေမျိုးဘုရင်များ စောင့်ရှောက်ထားသည်။
နတ်ရိုသေဂိုဏ်း : ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပြီး လောကီရေးရာမှာ သိပ်မပတ်သက်သည့် ဂိုဏ်းဖြစ်သည်။
နံ့သာတိုင်ဂိုဏ်း : လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို အခြေခံပြီး ကျင့်ကြံသူများ ဖြစ်သည် လူအများ၏ ကဲ့ရဲ့ခြင်းကို ခံရသဖြင့် တိတ်တဆိတ်သာ ကျင့်ကြံကြသည်။
သွေးဝိညာဉ်ဂိုဏ်း : မင်းသိတဲ့အတိုင်း ကြွက်သူခိုးတွေလို ဂိုဏ်းမျိုးပေါ့။
ရှကျီက ဖန့်ချန်ကို တိုးတိုးလေး ကပ်ပြောသည်
"ငါ စုံစမ်းကြည့်သလောက်တော့ တောရိုင်းဂိုဏ်းနဲ့ တာအိုဂိုဏ်းမှာ ဂိုဏ်းတည်ထောင်သူ အဆင့် တွေ ရှိတယ် သွေးဝိညာဉ်ဂိုဏ်းမှာလည်း ရှိနိုင်တယ် လောကမှာ နာမည်ကျော် ဂိုဏ်းတည်ထောင်သူ (၅) ဦးပဲ ရှိတာ ကျန်တဲ့ (၁၅) ဦးက တခြားနယ်မြေတွေက လာတာဆိုတော့ နောက်ပိုင်းမှာ နယ်မြေလုပွဲတွေ ဖြစ်လာနိုင်တယ်"
ဖန့်ချန်က ခေါင်းညိတ်ကာ
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ဓားနတ်ဘုရားအို ဒဏ်ရာရခဲ့တာကလည်း အဲ့ဒီနယ်မြေတွေက လာပြီး စမ်းသပ်တာ ဖြစ်နိုင်တယ်"
"ဒါတွေက ငါတို့နဲ့ အလှမ်းဝေးပါသေးတယ် ဒါနဲ့ မင်း ငါ့ဆီလာတာ ဒါတွေကို ပြောဖို့ပဲ မဟုတ်ဘူးမလား ခုနက စီနီယာအစ်မရှိလို့ မင်းမပြောတာ အခု ပြောစမ်းပါဦး"
ရှကျီက ပြုံးကာ မေးလိုက်သည်။
ဖန့်ချန်က သူ၏ အစီအစဉ်ကို ရှကျီအား ပြောပြလိုက်သည်။
"မင်းရဲ့ ဆံပင် ဒါမှမဟုတ် သွေးတွေကို သူစိမ်းလက်ထဲ မရောက်အောင် သတိထားပါ ဒီ ကပ်ဘေးဖိတ်ခေါ်ခြင်း အတတ်က တိုက်ရိုက်သတ်လို့မရတဲ့ သူတွေကို ဒုက္ခပေးဖို့ သုံးတာ ရွှေအမြုတေအဆင့် ရောက်တာနဲ့ မင်းကို တိုက်ခိုက်လာနိုင်တယ်"
"ရှေးဟောင်းတာအိုအတတ်တွေက တကယ်ကို ထူးဆန်းတာပဲ ကပ်ဘေးတွေကိုတောင် လွှမ်းမိုးနိုင်တယ်လား"
ရှကျီက အံ့သြသွားပြီး
"နဝမမင်းသား ကျီးလျန်ကလည်း မြို့တော်မှာ ရှိနေတယ် သူက ဒီအတတ်ကို ရွှေအမြုတေအဆင့်ရှိတဲ့ ရွှီချင်ဆုန် ကို သင်ပေးထားတာ နောက်ပြီး ကိုင်ဝူ လည်း ဒီမြို့တော်မှာ ရှိနေတယ်"
"ကိုင်ဝူလည်း ရှိနေတာလား"
ဖန့်ချန်၏ ခြေလှမ်းများ ခေတ္တရပ်သွားသည်။
"မင်း စိတ်လိုက်မာန်ပါ မလုပ်နဲ့နော် ဒီမှာ သူ့ကိုသတ်လိုက်ရင် မင်းက ဓားဦးဆောင်သူ ဖြစ်နေရင်တောင် အသက်ရှင်လျက် ထွက်သွားဖို့ မလွယ်ဘူး"
ရှကျီက ဖျောင်းဖျကာ
"ငါ နည်းလမ်းတစ်ခု စဉ်းစားထားတယ် သူ့ရဲ့ဆံပင်ကို ရအောင်ယူပြီး မင်းရဲ့ဆံပင်နဲ့ ရောလိုက်မယ် ပြီးရင် ရွှီချင်ဆုန်ဆီကို လျှို့ဝှက်ပို့လိုက်ရအောင် ကပ်ဘေးဆိုမှတော့ အားလုံးအတူတူ ခံစားရတာပေါ့"
ဖန့်ချန်က ရှကျီကို ကြည့်ကာ
"ကောင်းပြီ အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့"
စကားပြောရင်း သူတို့သည် မြို့တော်၏ စည်ကားသော နေရာမှ ထွက်လာခဲ့ကြသည်။
လမ်းတစ်လျှောက် စစ်သားများစွာက စောင့်ကြပ်နေပြီး ရှကျီ၏ မင်းသားအဆင့်အတန်းကြောင့်သာ ဖြတ်သန်းခွင့်ရခဲ့သည်။
မကြာမီတွင် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးဝန်းဝိုင်းနေသော စင်မြင့်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
စင်မြင့်အလယ်တွင် လူတစ်ဦး ရပ်နေပြီး သူ၏ရှေ့တွင် လူတစ်ရပ်စာခန့်ရှိသော ဆေးဖိုကြီး တစ်ခု ရှိနေသည်။
ဆေးဖိုကြီးကို ဝိညာဉ်မီးလျှံများက ဝန်းရံထားပြီး ဆေးရနံ့များမှာ တစ်နယ်လုံးကို ပျံ့နှံ့နေတော့သည်။
"တောရိုင်းကျောင်းတော်ပဲ ဒီလောက် လက်ကြီးနိုင်တာ ဆေးဖော်စပ်ဖို့ ဝိညာဉ်သွေးကြော တစ်ခုလုံးကို သုံးထားတာပဲ"
ရှကျီက ရေရွတ်လိုက်သည်။
သူ၏ အသံကြောင့် အနီးအနားရှိ လူအများအပြား လှည့်ကြည့်လာကြသည်။
ထိုအထဲတွင် ဖြူစင်သောအဝတ်အစားကို ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦးက ရှကျီကို ခပ်အေးအေး တစ်ချက်ကြည့်ကာ စင်မြင့်ပေါ်သို့ အာရုံပြန်လွှဲသွားသည်။
ထိုမိန်းကလေး၏ အနီးတွင်ရှိနေသော နဝမမင်းသား ကျီးလျန် သည် ဖန့်ချန်ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး
"ဖန့်ချန်..."