အခန်း (၇၀၉-၇၁၀)
Vol. 71 Ch. 709-710
အခန်း ၇၀၉ - ဆုံးမခြင်း
ပန်းနုရောင် ဝတ်ရုံဝတ်ထားသော အိမ်တော်ထိန်းကျန်းသည် သူ၏ လက်ချောင်းများကို ကော့ပျံနေအောင် ထားရင်း ဖန့်ချန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
သူ၏ အော်ဟစ်ဆဲဆိုသံများကြောင့် အိမ်တော်ရှိ အစောင့်အများအပြား ပြေးလာကြသည်။
သူတို့အနက် အများစုမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး အစောင့်ခေါင်းဆောင်ဟု ထင်ရသော တစ်ဦးမှာမူ ဝိညာဉ်သန္ဓေအဆင့် ရှိလေသည်။
ထိုအစောင့်ခေါင်းဆောင်သည် အိမ်တော်ထိန်းကျန်းကို တစ်ချက်ကြည့်ပြီးနောက် ဖန့်ချန်ကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ လက်တစ်ချက် ဝေ့ယမ်းလိုက်သည်
"ဖမ်းလိုက်စမ်း"
အစောင့် ဆယ်ဂဏန်းခန့်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မျက်နှာတွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ပေါ်လာသည်။
သူတို့၏ အကြည့်များမှာ ရှကျီနှင့် အိမ်တော်ထိန်းကျန်းတို့ကြားတွင် ကူးချည်သန်းချည် ဖြစ်နေကာ ချက်ချင်း လက်မလှုပ်ရဲကြပေ။
"မင်းတို့ ပုန်ကန်ချင်တာလား ဖမ်းခိုင်းနေတာလေ"
အစောင့်ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။
"အစောင့်ကျန်း သူတို့ကို အကျပ်မကိုင်ပါနဲ့တော့၊ သူတို့က လစာရဖို့ အလုပ်လုပ်နေကြတာပါ"
ရှကျီက တည်ငြိမ်စွာ ပြုံးလိုက်ရင်း
"ဒီလူက ငါ့ရဲ့ သူငယ်ချင်းပါ ငါတို့ မတွေ့ရတာ ကြာပြီ၊ သူက သူခိုးမဟုတ်ဘူး ဒါကြောင့် အိမ်တော်ထိန်းကျန်းနဲ့ အစောင့်ကျန်းတို့ ဒီလောက် စိုးရိမ်မနေကြပါနဲ့၊ ကိစ္စမရှိရင်လည်း ပြန်ကြတော့"
အိမ်တော်ထိန်းကျန်းသည် ရှကျီ၏ စကားကို မကြားချင်ယောင်ဆောင်ကာ သူ၏ ကြက်ဖသံဖြင့် ဆက်လက် အော်ဟစ်နေလေသည်
"ရှမင်းသား ဒီလို နောက်ခံမသေချာတဲ့လူကို အိမ်ထဲမှာ ဘယ်လိုလုပ် ထားလို့ရမှာလဲ တကယ်လို့ သူက ရည်ရွယ်ချက်ဆိုးနဲ့ မင်းသားကို ထိခိုက်အောင်လုပ်ရင် ကျုပ်တို့ ခေါင်းဆယ်လုံးရှိရင်တောင် အဖြတ်ခံရဖို့ မလုံလောက်ဘူး"
ပြောပြီးသည်နှင့် သူက အစောင့်များကို စိုက်ကြည့်ကာ
"မင်းတို့ တကယ် ပုန်ကန်ချင်တာလား ငါ အခုချက်ချင်း နဂါးစားဘုရင် အိမ်တော်ကို သတင်းပို့လိုက်မယ် မင်းတို့ ဘုရင့်ကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့ မင်းတို့ရဲ့ စည်းကမ်းတွေကို မေ့ကုန်ကြပြီလား"
အစောင့်ခေါင်းဆောင်ကျန်း၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
ဤအစောင့်များမှာ ရှကျီနှင့် ခဏတာ ထိတွေ့ခဲ့ရရုံဖြင့် ယခုအခါ သူနှင့် အိမ်တော်ထိန်း၏ အမိန့်ကို မလိုက်နာချင်သလို ဖြစ်နေကြပြီ။ ဒါကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်တော့ပေ။
ရှကျီ၏ မျက်နှာမှာ တင်းမာသွားပြီး အိမ်တော်ထိန်းကျန်းကို စိုက်ကြည့်ကာ
"အိမ်တော်ထိန်းကျန်း မင်း နေ့တိုင်း ထူးထူးဆန်းဆန်း ဝတ်စားနေတာကို ငါ ဂရုမစိုက်ဘူး မင်းရဲ့ မရေရာတဲ့ စကားတွေကိုလည်း ငါ သည်းခံခဲ့တယ်"
"ဒါပေမဲ့ မင်းက ငါ့ညီအစ်ကိုကို စော်ကားပြီး သူ့ကိုသုံးပြီး ငါ့ကို လာတိုက်ခိုက်မယ်ဆိုရင်တော့ မင်းရဲ့ ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ငါ နောက်ထပ် သည်းခံမှာ မဟုတ်ဘူး"
ထိုစကားကြောင့် အိမ်တော်ထိန်းကျန်းနှင့် အစောင့်ခေါင်းဆောင်တို့မှာ မှင်တက်သွားကြပြီး ပတ်ဝန်းကျင်ရှိ အစောင့်များမှာလည်း အံ့သြသွားကြသည်။
ဘယ်သူနှင့်မျှ အငြင်းအခုံ မလုပ်ဘဲ အေးဆေးစွာ နေတတ်သော ရှကျီမင်းသားသည် ယနေ့တွင် သူ၏ ဆင်းရဲစဉ်က သူငယ်ချင်းဟောင်းအတွက် အိမ်တော်ထိန်းကျန်းကို ထိပ်တိုက်ရင်ဆိုင်နေသည် မဟုတ်ပါလား။
သူတို့၏ အမြင်တွင် နဂါးစားဘုရင်က ရှကျီကို မွေးစားသားအဖြစ် မယူခင်က ဘဝမှာ "ဆင်းရဲနွမ်းပါးခြင်း" သာ ဖြစ်သည်။
အိမ်တော်ထိန်းကျန်းမှာ ကြီးစွာသော မတရားမှုကို ခံစားလိုက်ရသကဲ့သို့ မျက်ဝန်းများ နီမြဲလာကာ ငိုချင်းချလေတော့သည်
"မင်းသား ကျုပ်ကို စွပ်စွဲလိုက်တာပဲ ကျုပ်က ဘယ်တုန်းက မင်းသားကို တိုက်ခိုက်ခဲ့လို့လဲ မင်းသားရဲ့ ဒီသူငယ်ချင်းက နဂါးစားဘုရင် အိမ်တော်ရဲ့ စစ်ဆေးမှုကို မခံယူထားဘူးလေ"
" သူ ဒီနေ့ မင်းသားဆီ လာတာက တခြား ရည်ရွယ်ချက် ရှိမရှိ ဘယ်သူ သိနိုင်မှာလဲ အခု မင်းသားက အရင်လို မဟုတ်တော့ဘူး၊ နဂါးစားဘုရင် အိမ်တော်ရဲ့ မင်းသား ဖြစ်နေပြီ"
" အရာရာကို သတိထားရမယ် တကယ်လို့ မင်းသားကြောင့် အိမ်တော်မှာ ဆုံးရှုံးမှု ဖြစ်လာရင် ကျုပ်တို့လို အစေခံတွေက ဘယ်လို တာဝန်ယူနိုင်မှာလဲ"
သူက ဝမ်းနည်းပက်လက် မေးခွန်းထုတ်ပြီးနောက် ဝတ်ရုံလက်စဖြင့် မျက်ရည်သုတ်ဟန် ပြလိုက်သည်။
"ရှကျီ မင်းရဲ့ အိမ်တော်က အစေခံတွေကို နည်းနည်း ဆုံးမဖို့ လိုနေပြီပဲ သူတို့မှာ ဘယ်လို နောက်ခံရှိရှိ ဘယ်လို ရည်ရွယ်ချက်ရှိရှိ အစေခံတစ်ယောက်က သခင့်ကို ပြန်ပြီး စောဒကတက်နေတယ်ဆိုတာ ပုန်ကန်တာနဲ့ ဘာကွာလို့လဲ"
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
ရှကျီက သက်ပြင်းချကာ
"ငါလည်း အေးအေးဆေးဆေး နေချင်လို့ လွှတ်ထားတာပါ သူတို့က ငါ့လူတွေမှ မဟုတ်တာ ငါ့ရဲ့ မွေးစားအစ်ကိုကြီး က ငါ့ကို စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ သူလျှိုတွေပဲ ဆုံးမနေလည်း အပိုပဲလေ သာမန်အချိန်ဆို သူတို့ ငါ့ကို ဘာမှ မလုပ်ရဲပါဘူး ဒါပေမဲ့ ဒီနေ့တော့ မင်းကို အားနာလိုက်တာ"
ရှကျီက ကိစ္စအားလုံးကို ဖွင့်ပြောလိုက်သည့်အခါ အိမ်တော်ထိန်းကျန်းနှင့် အစောင့်ခေါင်းဆောင်တို့၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
"ရှမင်းသား ကျုပ်တို့က မင်းသားကြီးရဲ့ လူတွေဆိုပေမဲ့ မင်းသားကြီးကိုတော့ အထင်မလွဲပါနဲ့ သူက မင်းသားကို စောင့်ကြည့်ခိုင်းတာက မင်းသားက မသေမျိုးဘုရင်ရဲ့ သားတော် ဖြစ်လာပြီဆိုတော့ ပြင်ပက သွေးဆောင်မှုတွေကို မခံနိုင်ဘဲ လမ်းမှားရောက်မှာ စိုးလို့ပါ"
"နောက်ပြီး ဘုရင့်က မင်းသားကို တန်ဖိုးထားလို့ စတုတ္ထမင်းသမီးနဲ့ လက်ထပ်ပေးဖို့အထိ စီစဉ်ထားတာလေ အဲ့ဒီအချိန်ကျရင် မင်းသားက အလယ်ပိုင်းနိုင်ငံရဲ့ သမက်တော် ဖြစ်လာမှာ ဒီလိုအချိန်မှာ ပိုပြီး သတိထားရမယ်ဆိုတာ မင်းသား သိသင့်ပါတယ်"
အိမ်တော်ထိန်းကျန်းက မျက်နှာသေဖြင့် ပြောလိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ အစောင့်များကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်
"ဆုကြေးငွေ ယူရမယ်ဆိုရင်တော့ မင်းသားတို့က ငါ့မျက်နှာနားအထိ တိုးလာကြပြီး တကယ့် အလုပ်လုပ်ရမယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် လွှဲနေကြတာလား ဒီနေ့ပြီးရင် မင်းတို့အားလုံး မြောက်ပိုင်းဒေသကိုပဲ ပြန်ကြတော့ မင်းသားကို ကာကွယ်ဖို့ မင်းတို့လိုလူတွေ မလိုဘူး"
ပြောပြီးသည်နှင့် သူက အစောင့်ခေါင်းဆောင်ကျန်းကို အချက်ပြလိုက်သည်။
အစောင့်ခေါင်းဆောင်က ဆိုလိုရင်းကို နားလည်သဖြင့် ဘာမှမပြောဘဲ ဖန့်ချန်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။
"လက်ရဲဇက်ရဲတော့ မလုပ်ပါနဲ့၊ မဟုတ်ရင် ငါ ရှင်းရခက်လိမ့်မယ်"
ရှကျီက သက်ပြင်းချကာ ပြောလိုက်သည်။
အိမ်တော်ထိန်းကျန်းက ရယ်မောလိုက်ပြီး မင်းသားမှာ အခြေအနေကို နားလည်သွားပြီဟု ထင်မှတ်လိုက်ကာ
"မင်းသား စိတ်ချပါ၊ အစောင့်ကျန်းက အမြဲတမ်း အတိုင်းအဆ သိပါတယ်"
ထိုစဉ်မှာပင် အစောင့်ခေါင်းဆောင်ကျန်းသည် ဖန့်ချန်၏ ရှေ့သို့ ရောက်သွားပြီး ဆက်လက် တိုးဝင်ရန် ကြိုးစားသော်လည်း သူ၏ ကိုယ်ပေါ်သို့ ကြီးမားသော တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှား၍ မရတော့ပေ။
ဘယ်အချိန်ကတည်းက ရောက်နေသည်မသိသော အဖြူအမည်း စက္ကူရုပ် နှစ်ရုပ်မှာ အစောင့်ခေါင်းဆောင်၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေလေပြီ။
တစ်ရုပ်က ပုခုံးတစ်ဖက်စီကို ဖိထားပြီး ကျန်လက်တစ်ဖက်မှာမူ အစောင့်ခေါင်းဆောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်နေသည်။
ကြည့်ရသည်မှာ ထိုစက္ကူရုပ်များ၏ လက်မှာ အစောင့်ခေါင်းဆောင်၏ နှလုံးသားကို ဆုပ်ကိုင်ထားပုံရသည်။
အစောင့်ခေါင်းဆောင်သည် ဘေးသို့ စောင်းကြည့်လိုက်ရာ ထိုမြင်ကွင်းကို တွေ့လိုက်ရသဖြင့် မျက်နှာမှာ ချက်ချင်းပင် သေလူကဲ့သို့ ဖြူလျော့သွားတော့သည်။
သူသည် လုံးဝ မလှုပ်ရဲတော့ပေ။ အကယ်၍ သူသာ အနည်းငယ် လှုပ်လိုက်မည်ဆိုပါက သူ၏ ကိုယ်တွင်းအင်္ဂါများ အပိုင်းပိုင်း ပြတ်သွားမည်ကို သူ သိနေသည်။
"ဒါက ဘယ်လို အတတ်လဲ"
ပတ်ဝန်းကျင်ရှိ အစောင့်များမှာ ထိုစက္ကူရုပ်များကို မြင်လိုက်ရသောအခါ ကြက်သီးမွေးညင်း ထသွားကြပြီး မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
အိမ်တော်ထိန်းကျန်းမှာ မှင်တက်သွားသော်လည်း သူ၏ ထိတ်လန့်မှုကို နှိပ်ကွပ်ကာ ဖန့်ချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်
"မင်းက ပြန်ပြီး ခုခံရဲတယ်ပေါ့လေ မင်း ဒါက သေဒဏ်ထိုက်တဲ့ အပြစ်ဆိုတာ သိရဲ့လား"
"အရှင် ဒီလူကို သတ်မလား လွှတ်မလား"
အမည်းရောင် စက္ကူရုပ်က စူးရှသော အသံဖြင့် မေးလိုက်ရာ လူတိုင်း၏ ရင်ထဲတွင် အေးစိမ့်သွားတော့သည်။
"ငါ့ညီအစ်ကိုက လက်ရဲဇက်ရဲ မလုပ်ပါနဲ့လို့ ပြောထားတာဆိုတော့ သူ့မျက်နှာကို ထောက်ထားရမှာပေါ့"
ဖန့်ချန်က ပြုံးလျက် ရှကျီကို ကြည့်လိုက်သည်။
သတ်မလား လွှတ်မလား
ဖန့်ချန်က ဘာမှ ထပ်မပြောသော်လည်း ရှကျီက ဖန့်ချန်၏ ဆိုလိုရင်းကို နားလည်သဖြင့် အေးစက်စွာ ပြောလိုက်သည်
"ဖန့်ကြီး မင်း စိတ်ထဲမှာ မကျေနပ်ဘူးဆိုရင် သတ်ပစ်လိုက်လည်း ရပါတယ် ငါ့ရဲ့ အစ်ကိုကြီးဘက်က လာမယ့် ဖိအားတွေကို ငါ တောင့်ခံထားပေးမယ်"
အိမ်တော်ထိန်းကျန်းမှာ ယခုမှပင် သဘောပေါက်သွားတော့သည်။
ရှကျီ ခုနက ပြောလိုက်သော လက်ရဲဇက်ရဲ မလုပ်ပါနဲ့ ဆိုသည့် စကားမှာ သူ့ကို ပြောခြင်းမဟုတ်ဘဲ ဖန့်ချန်ကို ပြောခြင်း ဖြစ်နေသည် မဟုတ်ပါလား
"ရှမင်းသား တကယ်လို့ အစောင့်ကျန်း ဒီမှာ သေသွားရင် မင်းသားတောင် မင်းသားကြီးရဲ့ ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး"
အိမ်တော်ထိန်းကျန်းက ခြိမ်းခြောက်လိုက်ပြီး ဖန့်ချန်ကို လက်ညှိုးထိုးကာ
"နောက်ပြီး မင်းလို အခွင့်အရေးသမား ဆိုရင်လည်း တစ်စစီ ဖြစ်သွားလိမ့်မယ်"
"အိမ်တော်ထိန်းကျန်း ငါသာ မင်းနေရာမှာဆိုရင် ဖန့်ကြီးကို အဲ့ဒီလို စကားတွေ ပြောမှာ မဟုတ်ဘူး ငါတို့ နဂါးစားဘုရင် အိမ်တော်နေနေသာသာ တော်ဝင်နန်းတွင်းထဲမှာတောင် ဘယ်သူက ဟင်လင်ပြင်ထာဝရဓားဂိုဏ်း ရဲ့ ဓားဦးဆောင်သူ ကို သတ်ပစ်မယ်၊ တစ်စစီ လုပ်ပစ်မယ်လို့ ထွက်ပြီး ပြောရဲမှာလဲ"
ရှကျီ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကော့တက်သွားသည်။
ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ
ထိုစကားကို ကြားလိုက်ရသည့်အခါ အိမ်တော်ရှိ အစောင့်အားလုံး တုန်လှုပ်သွားကြပြီး အစောင့်ခေါင်းဆောင်ကျန်းပင်လျှင် မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်နေမိသည်။
အိမ်တော်ထိန်းကျန်းမှာမူ သူ၏ တံတွေးပင် သူ ပြန်သီးသွားကာ အကြိမ်ပေါင်း ဆယ်ဂဏန်းခန့် ချောင်းဆိုးပြီးမှ ပြန်ငြိမ်သွားတော့သည်။
မနီးမဝေးတွင် တိတ်ဆိတ်စွာ ကြည့်နေသော ဝူရုန့်ချို၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူမ၏ မောင်လေး ပြောခဲ့သည့်အတိုင်း ထိုလူတစ်စုမှာ တကယ်ပင် ကောင်းကောင်း ဆုံးမခြင်း ခံလိုက်ရလေပြီ။
အခန်း ၇၁၀ - နောက်ကြောင်းပြန် ပူပန်မှု
အိမ်တော်ထိန်းကျန်းသည် ချောင်းဆိုးခြင်းကို မနည်းထိန်းလိုက်ပြီးနောက် ရှကျီကို မတင်မကျ ကြည့်လိုက်သည်။
ရှကျီ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခုနှင့်အတူ သူ ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အရိပ်အယောင်ကို မြင်လိုက်ရသည့်အခါ သူ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားတော့သည်။
ထို့နောက် သူသည် ဖန့်ချန်ကို ဖြည်းညင်းစွာ ကြည့်လိုက်ပြီး၊ ထိုမှတစ်ဆင့် အဖြူအမည်း စက္ကူရုပ်များဆီသို့ အကြည့်ရောက်သွားသည်...။
မျက်မမြင်၊ အဖြူအမည်း စက္ကူရုပ်...။
ထိုအရာများက လွန်ခဲ့သော နှစ်အနည်းငယ်က ရှေးဟောင်းနတ်ဘုရားလမ်းစဥ်နယ်မြေတွင် ထူးဆန်းသော ဖြစ်ရပ်နှစ်ခု အားပြိုင်စဉ်က ပေါ်ပေါက်ခဲ့သည့် တာအိုသုံးထောင်ဂိုဏ်း ၏ ဆက်ခံသူ သုံးဦးကို သတိရစေသည်။
ထိုအထဲမှ တစ်ဦးမှာ အဆင့်အတန်း ထူးခြားပြီး တာအိုဂိုဏ်း၏ ဆက်ခံသူ ဖြစ်ရုံသာမက ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ တပည့်လည်း ဖြစ်သည်။
ထိုသူသည် တာအိုအယူအဆ ဆွေးနွေးပွဲတွင် မဟာချဲ့ထွင်းဂိုဏ်း ၏ ဝိညာဉ်ခွာဖြာခြင်းအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်ကို တစ်နေ့တည်းနှင့် သတ်ဖြတ်ခဲ့ပြီး နောက်ဆုံးတွင် ထိုဂိုဏ်းတစ်ခုလုံးကို အရှက်တကွဲ ထွက်ပြေးရအောင် လုပ်ခဲ့သူ ဖြစ်သည်။
ထို့နောက် မကြာမီတွင် ထိုသူသည် ရှေးဟောင်းနတ်ဘုရားလမ်းတွင် ပိတ်မိပြီး သေဆုံးသွားပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
နှစ်အနည်းငယ်ကြာအောင် သတင်းမကြားရသဖြင့် လူတိုင်းက မေ့လျော့နေကြသော်လည်း လွန်ခဲ့သော တစ်လခန့်က အလယ်ပိုင်းတိုက်သည် ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ ဓားဦးဆောင်သူ အဖြစ် တစ်ဦးကို ချီးမြှင့်ခဲ့သည်။
ထိုသူမှာ အခြားသူမဟုတ် မဟာချဲ့ထွင်းဂိုဏ်းကို အနိုင်ယူခဲ့သည့် ဖန့်ချန်ပင် ဖြစ်သည်။
‘ရှကျီက သူ့ကို ဖန့်ကြီးလို့ ခေါ်တယ် ဒါဆို တကယ်ပဲ သူလား ဒါပေမဲ့ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ရှကျီလို အောက်ခြေလူတန်းစားက ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ ဘယ်လိုလုပ် ခင်မင်နိုင်မှာလဲ’
အိမ်တော်ထိန်းကျန်း၏ မျက်နှာမှာ တစ်လှည့်စီ ပျက်ယွင်းနေသည်။
နဂိုကပင် မှုန့်များလိမ်းထားသကဲ့သို့ ဖြူနေသော သူ၏မျက်နှာမှာ ယခုအခါ ရေထဲတွင် ဆယ်ရက်ခန့် စိမ်ထားသော အလောင်းကဲ့သို့ သွေးမရှိဘဲ ဖြူလျော့နေတော့သည်။
ဟင်လင်ပြင်ထာဝရဓားဂိုဏ်းမှာ မူလကပင် ကိုင်တွယ်ရခက်ခဲပြီး နဂါးစားဘုရင် အိမ်တော်ကြီး လေးခုကိုပင် ဂရုစိုက်သူများ မဟုတ်ပေ။
ဂိုဏ်းရှိ ဓားနတ်ဘုရားအို မှာ ဒဏ်ရာရထားသည်ဟု ကောလာဟလများ ရှိသော်လည်း အလယ်ပိုင်းနိုင်ငံရှိ မသေမျိုးဘုရင်များထဲတွင် ထိုအဘိုးအို၏ ဓားတစ်ချက်ကို ခံနိုင်ရည်ရှိမည်ဟု မည်သူမျှ ရဲရဲဝံ့ဝံ့ မပြောရဲကြချေ။
ထိုအထဲတွင် နဂါးစားဘုရင်လည်း ပါဝင်သည်။
ယခုမူ သူသည် ထိုကဲ့သို့ အစွမ်းထက်သော ဂိုဏ်း၏ ဓားဦးဆောင်သူကို မတော်တဆ စော်ကားမိလေပြီ...။
“မင်းနောက်ကွယ်က မင်းသားကြီးက ငါ့ကို တစ်စစီ ဖြစ်သွားအောင် လုပ်မယ် ဟုတ်လား သူ ငါ့ကို ဘယ်လိုများ တစ်စစီ လုပ်မလဲဆိုတာ ငါ တကယ်ကို မြင်ချင်နေပြီ ငါ့ကိုတော့ စိတ်မပျက်စေနဲ့ဦး”
ဖန့်ချန်က ပြုံးလျက် ပြောလိုက်ပြီး အဖြူအမည်း စက္ကူရုပ်များကို ခေါင်းညိတ်ပြလိုက်သည်။
စက္ကူရုပ်နှစ်ရုပ်မှာ ချက်ချင်းပင် ဆိုလိုရင်းကို နားလည်သွားကြသည်။
အစောင့်ခေါင်းဆောင်ကျန်းမှာ အသနားခံရန်ပင် အချိန်မရလိုက်ဘဲ သူ၏ ကိုယ်တွင်းအင်္ဂါများ အပြင်သို့ ဆွဲထုတ်ခံလိုက်ရကာ သူ၏ ဝိညာဉ်သန္ဓေမှာလည်း ထိုနေရာမှာပင် အဖျက်ဆီး ခံလိုက်ရတော့သည်။
အဖြူရောင် စက္ကူရုပ်မှာ လူတိုင်း၏ ရှေ့မှောက်တွင် အစောင့်ခေါင်းဆောင်၏ လူရေခွံကို ခွာယူကာ ဝတ်ဆင်လိုက်သည်။
လူရေခွံမှာ သူ၏ စက္ကူဝတ်ရုံနှင့် တစ်သားတည်း ဖြစ်သွားပြီး ဝတ်ရုံမှာ ပို၍ တောက်ပ ပြောင်လက်လာတော့သည်။
ထိုအမှုကိစ္စ ပြီးဆုံးသွားသောအခါ စက္ကူရုပ်နှစ်ရုပ်မှာ ဖန့်ချန်ကို အရိုအသေပေးပြီး မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။
“အစောင့်ကျန်း... အစောင့်ကျန်း ဒီအတိုင်း သေသွားပြီလား”
ပတ်ဝန်းကျင်ရှိ အစောင့်များမှာ ရင်ထဲတွင် အေးစိမ့်သွားကြပြီး သွေးရဲရဲသံရဲရဲ ဖြစ်နေသော အလောင်းကို ကြောင်အမ်းအမ်း ကြည့်နေမိကြသည်။
လွန်ခဲ့သော ခဏလေးကမှ ထိုအလောင်းမှာ သက်ရှိထင်ရှား ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး နဂါးစားဘုရင် အိမ်တော်မှ မင်းသားကြီး၏ လူယုံ ဖြစ်ခဲ့သည် မဟုတ်ပါလား။
ထိုနောက်ခံနှင့်ဆိုလျှင် နောင်တွင် ကျင့်စဉ်အဆင့် မတိုးတက်လျှင်တောင် လောကတွင် သူ့ကို မည်သူကမှ အလွယ်တကူ စော်ကားရဲမည် မဟုတ်ပေ။
သို့သော် ယခုမူ လူတစ်ယောက်က ကြက်ကလေး၊ ငှက်ကလေးကို သတ်သကဲ့သို့ အေးဆေးစွာ သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ စိတ်ထဲတွင် ကြီးစွာသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
အိမ်တော်ထိန်းကျန်းမှာ အစောင့်ကျန်း၏ အလောင်းကို စိုက်ကြည့်ရင်း သူ၏ နဖူးမှ ချွေးစေးများမှာ ပဲစေ့ခန့်အထိ စီးကျလာတော့သည်။
“ရှကျီ မင်းက တစ်ခါတလေကျရင် စိတ်ထား အရမ်းနူးညံ့လွန်းတယ် သူတို့က ဒီနေ့ မင်းရဲ့ နှာခေါင်းပေါ်ကို တက်နင်းရဲနေရင်၊ မနက်ဖြန်ကျရင် မင်းခေါင်းပေါ်မှာ တက်ပြီး မစင်စွန့်ရဲလိမ့်မယ်”
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်
“တကယ်လို့ ဒီကိစ္စကြောင့် မင်းရဲ့ မွေးစားအစ်ကိုကြီးက မင်းကို ဒုက္ခပေးလာရင် ငါ့ကို ပြောပါ ငါ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ညီအစ်ကို မောင်နှမတွေ အားလုံးကို ခေါ်ပြီး မြောက်ပိုင်းဒေသဆီ တစ်ခေါက်လောက် သွားလည်ခိုင်းလိုက်မယ်”
ရှကျီက ချက်ချင်းပင် ရယ်မောလိုက်သည်
“အေးပါ... ဒါကတော့ ပြောစရာ မလိုပါဘူး”
အိမ်တော်ထိန်းကျန်း၏ ရင်ထဲတွင် အေးစိမ့်သွားသည်။
တကယ်လို့ ထိုကဲ့သို့သာ တကယ်ဖြစ်လာပြီး အကြောင်းရင်းမှာ သူဖြစ်နေမှန်း လူတွေ သိသွားလျှင် သူရင်ဆိုင်ရမည့် အခြေအနေမှာ။
ဤသို့ တွေးမိသည်နှင့် အိမ်တော်ထိန်းကျန်းသည် သူ၏ မျက်နှာပေါ်တွင် အတင်းအကျပ် အပြုံးတစ်ခု လုပ်ယူလိုက်ပြီး ဖန့်ချန်ကို ထပ်ခါတလဲလဲ လက်အုပ်ချီ အရိုအသေပေးလေသည်
“ဖန့်ဓားဦးဆောင်သူ ဖြစ်နေတာကိုး ကျုပ်... ကျုပ်က မျက်စိမရှိလို့ ဓားဦးဆောင်သူကို စော်ကားမိပါတယ် ကျေးဇူးပြုပြီး ဓားဦးဆောင်သူက စိတ်ထဲ မထားပါနဲ့ခင်ဗျာ”
“အိမ်တော်ထိန်းကျန်း ခုနကတော့ ငါ့ရဲ့ ဒီဆင်းရဲတဲ့ ဆွေမျိုးက နောက်ခံမသေချာဘူး ငါ့ကို လာကပ်နေတာလို့ ပြောနေတာ မဟုတ်လား အခုကျမှ ဘာလို့ ဒီလောက်တောင် ရိုသေပြနေတာလဲ ငါ့ရဲ့ အစ်ကိုကြီးက မင်းကို မကာကွယ်နိုင်တော့ဘူးလို့ ထင်သွားလို့လား”
ရှကျီက ခပ်အေးအေး မေးလိုက်သည်။
အိမ်တော်ထိန်းကျန်းမှာ ငိုသံပါကြီးဖြင့် ရှကျီ၏ ရှေ့တွင် ဒူးထောက်ကာ ကုန်း၍ ဦးတိုက်လေတော့သည်
“မင်းသား အသက်ချမ်းသာပေးပါ အသက်ချမ်းသာပေးပါ ကျုပ် နောက်ကို ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး”
သူ အသနားခံနေသည့် ပုံစံမှာ မိန်းမလျာထက်ပင် ပို၍ မိန်းမလျာဆန်နေလေသည်။
ပတ်ဝန်းကျင်ရှိ အစောင့်များမှာလည်း သူတို့ ခုနက လက်မလှုပ်မိသည်မှာ မှန်သွားသည်ဟု တွေးကာ ရင်ထဲတွင် သက်ပြင်းချလိုက်ကြသည်။
မဟုတ်လျှင် အစောင့်ခေါင်းဆောင်ကျန်း၏ နိဂုံးမှာ သူတို့၏ နိဂုံး ဖြစ်သွားပေလိမ့်မည်။
သူတို့သည် ရှကျီကို ကြည့်လိုက်ရာ မျက်ဝန်းများတွင် လေးစားမှုများ ပိုလာသည်။
အေးဆေးစွာ နေတတ်သော မင်းသားမှာ ထိုမျှအထိ နက်နဲသော နောက်ခံကို ဖုံးကွယ်ထားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
“ထွက်သွားတော့ ဒီနေ့ ငါ ဖန့်ကြီးနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောချင်လို့ မင်းကို ထပ်မမြင်ချင်တော့ဘူး ဒီမှာ ဖြစ်သမျှကို ငါ့ရဲ့ အစ်ကိုကြီးဆီ သွားတိုင်လို့ ရတယ်”
ဟု ရှကျီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျုပ် အခုပဲ ထွက်သွားပါ့မယ် အခုပဲ ထွက်သွားပါ့မယ်”
အိမ်တော်ထိန်းကျန်းမှာ အကျဉ်းထောင်က လွတ်လာသကဲ့သို့ ချက်ချင်းပင် ထရပ်ကာ အိမ်ပြင်သို့ ကသုတ်ကယက် ပြေးထွက်သွားတော့သည်။
“ခင်ဗျားတို့ ဒီနေ့ လက်မလှုပ်ခဲ့တာကို ငါ ရှကျီရဲ့ မျက်နှာကို ထောက်ထားတယ်လို့ သဘောထားလိုက်မယ် အားလုံးကို ကျေးဇူးတင်ပါတယ်”
ရှကျီက ထိုအစောင့်များကို ကြည့်ကာ ပြောလိုက်သည်။
“မင်းသားက အရမ်းအားနာစရာ ကောင်းနေပါပြီ”
အစောင့်များမှာ ချက်ချင်းပင် ပြန်လည် ဦးညွှတ်လိုက်ကြပြီး ဝမ်းသာအားရ ဖြစ်သွားကြသည်။
သူတို့ လက်မလှုပ်ခဲ့သည့် အကြောင်းရင်းမှာ ထိုကာလအတွင်း ရှကျီနှင့် ထိတွေ့ခဲ့ရပြီး ရှကျီ၏ သူတို့အပေါ် ထားရှိသော စေတနာကို ခံစားမိသောကြောင့် ဖြစ်သည်။
ထိုစေတနာမှာ ဟန်ဆောင်ထားခြင်း မဟုတ်ကြောင်း သူတို့ သိသည်။
မင်းသားတစ်ပါးအနေဖြင့် သူတို့လို ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရှေ့မှာ ဟန်ဆောင်နေစရာ မလိုပေ။
ရှကျီ၏ ရှေ့တွင်သာ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖုံးကွယ်ထားခဲ့သော ဂုဏ်သိက္ခာ ကို ပြန်လည် ခံစားရခြင်း ဖြစ်သည်။
ဧည့်ခန်းဆောင်အတွင်းရှိ စားပွဲငယ်လေးတွင် ဖန့်ချန်၊ ရှကျီနှင့် ဝူရုန့်ချို သုံးဦး ထိုင်နေကြသည်။
ခိုင်းစေရန် အစေခံ အချို့ ရှိသော်လည်း ဝူရုန့်ချိုက အားလုံးကို အပြင်သို့ လွှတ်လိုက်သည်။
“ဖန့်ကြီး အခု ငါ့မှာ ပြဿနာ နှစ်ခု ရှိနေတယ် ပထမတစ်ခုက ငါ့ရဲ့ မွေးစားအဖေက ငါ့ကို စတုတ္ထမင်းသမီးနဲ့ လက်ထပ်ခိုင်းနေတယ် ဒါပေမဲ့ ငါတို့ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်မရကြဘူး”
“ အဲ့ဒါက ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်ရပေမဲ့ မသေမျိုးဘုရင်ရဲ့ အမိန့်ကို ငါ မလွန်ဆန်နိုင်ဘူး သူက ပြောတယ် ငါသာ စကားမနားထောင်ရင် ငါ့ဘေးကလူတွေ အန္တရာယ်ရှိနိုင်တယ်တဲ့”
ရှကျီက ပြောရင်း ဝူရုန့်ချိုကို တစ်ချက်ကြည့်လိုက်သည်။
ဝူရုန့ချိုက သက်ပြင်းချကာ ငါးသားတစ်တုံးကို ရှကျီ၏ ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး
“စားပါ ဒီလို မဖြစ်လာသေးတဲ့ ကိစ္စတွေကို စိတ်မပူပါနဲ့ ငါက ဒါတွေကို မကြောက်ပါဘူး မင်းလည်း မကြောက်နဲ့”
ရှကျီက ငါးသားကို တစ်လုပ်စားလိုက်ပြီး ဖန့်ချန်ကို ဆက်ပြောသည်
“ဒုတိယအချက်က ငါ့ရဲ့ မွေးစားအစ်ကိုကြီးကလည်း စတုတ္ထမင်းသမီးကို လက်ထပ်ချင်နေတာ ငါ ပေါ်လာတာကိုက သူ့အတွက် မကျေနပ်စရာ ဖြစ်နေတဲ့အပြင် အခု ဒီကိစ္စကြောင့် သူက ငါ့ကို မျက်တောင်မခတ် စောင့်ကြည့်နေတာ မင်း ငါ့ကို အကြံပေးပါဦး ငါ ဘာလုပ်သင့်လဲ”
“ခုနက ငါ ပြောပြီးသားလေ မင်းက ကြားညှပ်နေလို့ ဝေခွဲမရ ဖြစ်နေတာလား”
ဖန့်ချန်က ပြုံး၍
“ဘေးကနေ အခွင့်အရေး ယူစမ်းပါ သူတို့ပေးတာ စား သူတို့ပေးတာ ယူ နောက်ဆုံးကျရင်တော့ ပါးစပ်သုတ်ပြီး ထွက်ပြေးလိုက်ရုံပဲ”
“အဲ့ဒီအတိုင်း လုပ်ဖို့က လွယ်ပေမဲ့ ငါ အဲ့ဒီအချိန်ကျရင် ထွက်မပြေးနိုင်မှာကို စိုးရိမ်တာ”
ရှကျီက သက်ပြင်းချလိုက်သည်။
“မင်းက စီနီယာအစ်မဝူရဲ့ ဘေးကင်းမှုကို ပိုစိုးရိမ်နေတာ မဟုတ်လား ဒါက လွယ်ပါတယ် အခု ငါက ဓားဦးဆောင်သူ ဆိုတော့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းမှာ ငါ့စကားက အရာဝင်ပါတယ်”
ဖန့်ချန်က ခေတ္တစဉ်းစားပြီးနောက်
“ငါ စီနီယာအစ်မဝူကို ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ တပည့်အဖြစ် နာမည်စာရင်း သွင်းပေးထားမယ်ဒါဆိုရင် မင်းမှာ နောက်ကြောင်းပြန် ပူပန်စရာ မလိုတော့ဘူး”
“ဒါပေမဲ့ အဲ့ဒီလိုလုပ်ရင် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းနဲ့ ငါ့ရဲ့ မွေးစားအဖေကြားမှာ အဆင်မပြေမှုတွေ ဖြစ်လာနိုင်တယ် ဓားဂိုဏ်းက မင်းအတွက် တကယ်ပဲ အဲ့ဒီလို လုပ်ပေးပါ့မလား”
ရှကျီက မျက်မှောင်ကြုတ်၍ စဉ်းစားနေသည်။
“ဓားကျင့်ကြံသူတွေရဲ့ စရိုက်က ငါသာ ပါးစပ်ဟလိုက်ရင် သူတို့ ငြင်းမှာ မဟုတ်ဘူး ဒါပေမဲ့ ငါကလည်း ဒီအတိုင်းကြီးတော့ အခွင့်အရေး မယူပါဘူး ဒီတစ်ခါ ငါ သူတို့အတွက် မျက်နှာပန်းလှအောင် လုပ်ပေးမယ်”
“အလယ်ပိုင်း ၊ မြောက်ပိုင်း နဲ့ တိထျန်း နယ်မြေ သုံးခုစလုံး သိသွားအောင် ငါ လုပ်ပြမယ် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းမှာ ဓားဦးဆောင်သူ ရှိနေပြီ မျိုးဆက် မပြတ်ဘူးဆိုတာကိုပေါ့”
ဖန့်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ရှကျီမှာ ချက်ချင်းပင် ဝမ်းသာသွားပြီး သူ၏ မျက်နှာမှ အပူအပင်များ ပျောက်ကွယ်သွားတော့သည်။
သူသည် ဖန့်ချန်၏ ပန်းကန်ထဲသို့ ငါးသားတစ်တုံး ထည့်ပေးလိုက်ကာ
“ဖန့်ကြီး ဒါက ငါအကြိုက်ဆုံး ငါးအူစုံပဲ ဒီနေ့တော့ မင်းကို ကျွေးလိုက်ပြီ”
“အဲ့ဒါကြောင့် ငါက မင်းကို ကျေးဇူးတင်ရမှာလား”
ဖန့်ချန်က ရယ်မောရင်း ငါးသားကို ခက်ရင်းဖြင့် ထိုးကာ စားလိုက်သည်။
သူ၏ တူကို ပြန်မချရသေးမီမှာပင် အစေခံမလေးတစ်ဦးက ခေါင်းငုံ့လျက် ဝင်လာသည်
“မင်းသား... မင်းသားဖုန်းယာ က လူအတော်များများကို ခေါ်ပြီး မင်းသားဆီ လာနေပါတယ် မင်းသား သူတို့ကို တွေ့မှာလား”