အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
11
ကျောက်နီယန်ကိုပို့လိုက်ပြီးနောက်ရှောင်အန်းလဲ့ထံသို့ ရွှေရောင်ကုသိုလ်အလင်းတန်းလေး တစ်စက်ကျရောက်လာပြီး သူမ၏သက်တမ်းဆယ်ရက်တိုးသွားခဲ့သည်။
ဘေးနားမှ ချင်းရှုရန်သည် စောနလေးတင်ဖြစ်ပျက်ခဲ့သည့်မြင်ကွင်းကြောင့် ရယ်ချင်သွားသည်။ ရှောင်အန်းလဲ့မှာ ရွှေရောင်ကုသိုလ်အလင်းတန်းတွေရှိမှန်း သူမလည်းသိပေသိ မမျှော်လင့်ခဲရဲပေ။ ဒါပေမဲ့ အဲ့သရဲမကတော့ တကယ်သတ္တိရှိတာပဲ။ လောဘစိတ်နဲ့တောင်းရဲသေးတယ်။
ကိစ္စပြီးသွားပြီဖြစ်သဖြင့် ရှောင်အန်းလဲ့ စိတ်ကြည်နူးစွာဖြင့် ပြန်ရန်ပြင်နေစဉ် အဝေးမှ မြင်းလှည်းသံကိုကြားလိုက်ရပြီးလှည့်ကြည့်လိုက်ရာ လမ်းမပေါ်တွင်ဇိမ်ခံမြင်းလှည်းတစ်စီး မောင်းနှင်လာနေခြင်းဖြစ်သည်။
ချင်းရှုရန် - “ဒါက ယဲ့မင်းသားရဲ့ မြင်းလှည်းပဲ၊ ယဲ့မင်းသားက ညသန်းခေါင်ကြီး ဘာလို့ ဒီရောက်နေတာလဲ၊ သူ မအိပ်ဘူးလား”
ရှောင်အန်းလဲ့ အသာရပ်နေလိုက်သည်။ သူမကိုယ်ပေါ်တွင် ကိုယ်ယောင်ဖျောက်မန္တန်စီရင်ထားသဖြင့် သာမန်လူများ မမြင်နိုင်သည့်အတွက်ပုံမှန်ထက်အေးဆေးနေခဲ့သည်။ သို့သော် ထိုအချိန်တွင် မြင်းလှည်းလိုက်ကာ ပွင့်သွားပြီး အတွင်းမှလူမှာ စူးရှရှမျက်လုံးများဖြင့် မိမိဘက်သို့လှမ်းကြည့်လာကာ အံ့သြသွားပုံရ၏။ ရှောင်အန်းလဲ့တစ်ယောက် ညသန်းခေါင်ကြီးလမ်းပေါ်ရောက်နေသည်ကိုမြင်၍ ထိုသူအံ့သြသွားခြင်းပင်။
"ရပ်လိုက်"
ယဲ့မင်းသားရှဲ့စစ်မင် ရုတ်တရက် အမိန့်ပေးလိုက်သဖြင့် မြင်းလှည်းမောင်းသူ မိုယွီသည် ဝိုးဟုအော်ကာ မြင်းများကို ချက်ချင်းရပ်တန့်လိုက်သည်။ ရှောင်အန်းလဲ့ သူမရှေ့တွင်ရပ်တန့်သွားသော မြင်းလှည်းကို အံ့သြတကြီးကြည့်နေမိသည်။ ယဲ့မင်းသား အထဲမှာရှိနေမှန်း သူမသိလိုက်၍ သူ့ဆီမှရွှေရောင်ကုသိုလ်အလင်းတန်းလေး နည်းနည်းခိုးယူဖို့ပြင်လိုက်ပေသိ ယခုအချိန်တွင် ယခင်ကလိုမဟုတ်ဘဲ မည်းမှောင်နေသည့်မကောင်းဆိုးဝါးအငွေ့အသက်များ ရှိနေမည်ဟုထင်မထားခဲ့ပေ။
ယခုရှဲ့စစ်မင်သည် ယခင်ကရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသော ပုံစံနှင့် လုံးဝကွဲပြားနေသည်။ ရှဲ့စစ်မင်တွင် မည်းမှောင်နေသောမကောင်းဆိုးဝါးအငွေ့အသက်များ ဖုံးလွှမ်းနေခဲ့၏။ နေပါအုံး သူကသရဲဘုရင်အဆင့်တောင် ရောက်တော့မှာလား။ ထိုသို့တွေးမိသောအခါ အူတူတူဖြင့်ဘေးနားတွင်တုန်ရင်နေသော ချင်းရှုရန်ကို သူမလှည့်ကြည့်လိုက်သည်။ ချင်းရှုရန်က ဝိညာဉ်ပေါင်းမရေမတွက်နိုင်အောင်စားခဲ့ပေမဲ့ အခုချိန်ထိသရဲစစ်သူကြီးအဆင့်ကိုတောင် မရောက်နိုင်သေးဘူးလေ။ ဒီမင်းသားကတော့ သရဲဘုရင်အဆင့်နဲ့တောင်ယှဉ်လို့ရနေပြီ။ ထူးဆန်းတယ်၊ တကယ်ကို ထူးဆန်းတယ်။
ယခုအချိန်မှာ ရှောင်အန်းလဲ့သည် ရွှေရောင်ကုသိုလ်အလင်းတန်းကို မခံစားရတော့ဘဲ သရဲမိစ္ဆာစွမ်းအင်တွေကိုသာ ခံစားနေရသည်။ မဟုတ်ဘူး၊ တစ်ခုခုတော့လွဲနေပြီ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရွှေရောင်ကုသိုလ်အလင်းတန်းက အခုရှိနေသေးတယ်ဆိုပေမဲ့ အရင်အချိန်တွေကလို သူမခိုးယူလို့မရတဲ့အပြင် သူမရဲ့ရွှေရောင်ကုသိုလ်အလင်းတန်းကလည်း တိုးမလာတော့ဘူး။ တကယ်ပါပဲ အလကားရမယ့်ကံတော့ကုန်ပြီကိုး။ ထားပါတော့ သရဲတစ်ကောင်ကို ကျွတ်လွတ်အောင်လုပ်ပေးလိုက်တာကမှ ပိုမြန်ဦးမယ်။
အိုး အလကားစားရမဲ့ကံမပါဘူးထင် ဖြတ်လမ်းနည်းကတော့ ပလုံပြီ။ ဒါနဲ့ နေပါဦး၊ ရှေ့ကမြင်းလှည်းက ဘာလို့ထွက်မသွားသေးတာလဲ။ ပြီးတော့ ယဲ့မင်းသားရဲ့အကြည့်က ဘာသဘောလဲ။ သူက ငါ့ကိုတကယ်ကြီးမြင်နေရတာလား။ ရှဲ့စစ်မင်သည် အမှန်တကယ်သူမကိုမြင်နေရပြီး အနီရောင်မင်္ဂလာဝတ်စုံထီးမိုးဖြင့် အရိုးဖြူထီးကိုလည်း မြင်နေရသည်။ ပထမဆုံးအကြိမ် လမ်းပေါ်၌စိတ်ရိုင်းဝင်သွားသောမြင်းကိုထိန်းရင်း သူမအားတွေ့ချိန်တွင် အရိုးဖြူထီးကိုင်ထားသည့် ရှောင်အန်းလဲ့အား ထူးထူးဆန်းဆန်းစိတ်ဝင်စားမိခဲ့၏။ ဒုတိယအကြိမ် ကျောက်အိမ်တော်ရှေ့ထပ်တွေ့ပြန်ချိန်တော့ သွေးစွန်းနေသည့်အဝတ်အစားများအစား အပြာရောင်ဝတ်စုံကို လဲဝတ်ထားပေသိ ထိုအရိုးဖြူထီးကိုတော့ ကိုင်ထားဆဲပင်။ တတိယအကြိမ်အဖြစ် ယခုညသန်းခေါင်ကြီး ထပ်တွေ့ကြပြန်၏။
ဆိုရိုးအရဆို လူတစ်ယောက်ကိုတစ်ရက်တည်း သုံးကြိမ်တွေ့ရင်ရေစက်တဲ့။
ညကြီးမင်းကြီး သူမတစ်ယောက်တည်းဖြစ်နေသည်ကိုမြင်၍ ရှဲစစ်မင်မှာ ဘာကြောင့်မှန်းမသိ သူမြင်းလှည်းကိုရပ်ခိုင်းလိုက်ပြီး သူမကိုလိုက်ပို့ပေးရန်စဉ်းစားလိုက်သည်။
"လိုက်ပို့ပေးရမလား”
မိုယွီသည် မြင်းလှည်းခုံပေါ်တွင်ထိုင်လျက် လူသူကင်းမဲ့နေသော လမ်းမကြီးကို ကြည့်လိုက်ပြီး သူ့သခင်ကိုပြန်လှည့်ကြည့်လိုက်သည်။ သခင်က ဘယ်သူ့ကို ပြောနေတာလဲ။ ရှောင်အန်းလဲ့သည်လည်း ဘယ်ညာကြည့်လိုက်ရာ ဘယ်သူ့ကိုမှမတွေ့ရသဖြင့် စပ်စုလိုစိတ်ဖြင့် ခေါင်းလေးစောင်းကာ မြင်းလှည်းထဲရှိ အမျိုးသားထံကြည့်လိုက်သည်။
အဟမ်း သူ့မျက်နှာလေးက တကယ်ကြည့်ပျော်ရှုပျော်ရှိတာပဲ။ ဒါပေမယ့် အဲဒီမကောင်းဆိုးဝါးအငွေ့အသက်တွေကြောင့် သူ့ဆီကရွှေရောင်ကုသိုလ်အလင်းတန်းတွေကို ခိုးယူလို့မရတော့ဘူး။ စိတ်ပျက်စရာပဲ ဟမ် နေပါအုံး မြင်းလှည်းထဲကလူက သူမကိုပြောနေတာလား။ ချင်းရှုရန်မှာ တုန်ရီနေပြီး သွားချင်းရိုက်သံများပင်ထွက်ပေါ်လာသည်။
"သူ.....သူ.....သူက.....ကျွန်မတို့.....ကျွန်မတို့ကို ပြောနေတာတော့ မဟုတ်ပါဘူးနော်"
ရှောင်အန်းလဲ့ သူမ၏ကိုယ်ယောင်ဖျောက်မန္တန်အား သာမန်လူမှ လွယ်လွယ်ကူကူဖောက်ထွင်းမြင်နိုင်မည်မဟုတ်မှန်း ယုံကြည်ထားပြီးဖြစ်ပေသိ ဒီတစ်ခေါက်တော့ စကားမပြောရဲတော့ပေ။ သူမပြောလိုက်လို့ တစ်ဖက်လူကြားသွားရင်ဘယ်လိုလုပ်မလဲ။ ဒါပေမယ့် သူမရှေ့ကလူက ဘယ်သူ့ကိုပြောနေတာလဲ။ သူမ စပ်စုလိုစိတ်ဖြင့် ဟိုကြည့်သည်ကြည့် လုပ်လိုက်သည်။ သူ့ရဲ့ကိုယ်ယောင်ဖျောက်ထားတဲ့ ကိုယ်ရံတော်တွေကို ပြောနေတာများလား။ ရှောင်အန်းလဲ့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည့်အပြင် ဘေးနားမှသရဲမပြောနေသောစကားကိုကြားသောအခါ ရှဲ့စစ်မင် ခဏတန့်သွားပြီးမှ သဘောပေါက်လိုက်သည်။ သူတို့က ကိုယ်ယောင်ဖျောက်ထားကြတာလား။
"မိုယွီ အိမ်တော်ပြန်မယ်"
မိုယွီ : "ဟုတ်ကဲ့"
အမလေး သခင်လေးက မဟုတ်မဟက်တွေမြင်နေရပြန်ပြီထင်တယ်။ ပြီးတော့ သူတို့ကို လိုက်ပို့ပေးချင်နေသေးတယ်တဲ့ ဘုရား ဘုရား။ အစေခံလေးမှာကြက်သီးထသွားပြီး မြင်းကြာပွတ်ကိုမြှောက်ကာ အိမ်တော်သို့အမြန်မောင်းနှင်တော့သည်။ ပတ်ဝန်းကျင်မှာလည်း တဖြည်းဖြည်းခြောက်ခြားစရာကောင်းလာပြီး အေးစိမ့်နေသလိုခံစားလိုက်ရသည်။ မြင်းလှည်းထွက်ခွာသွားသည်ကိုကြည့်ပြီးမှ ရှောင်အန်းလဲ့ သက်ပြင်းချလိုက်၏။ ခုနက ယဲ့မင်းသား သူမကိုကြည့်နေသလိုပဲလို့ သူမခံစားလိုက်ရသလိုပဲ။ ဒါပေမဲ့ဘယ်သူကမှ သူမရဲ့ကိုယ်ယောင်ဖျောက်မန္တန်ကို ဖောက်ထွင်းမြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ ထားပါတော့။ လေဟုန်စီး အဆောင်တစ်ခုကပ်ကာ ချင်းရှုရန်ကိုခေါ်၍ သူမအဆောင်သို့တိုက်ရိုက်ပျံသန်းပြန်လာခဲ့သည်။
နောက်တစ်နေ့မနက်တွင် ရှောင်မိသားစု ထမင်းလက်ဆုံစားကြသည်။ ပြောစရာရှိသည်မှာ အဖေရှောင်ထံတွင် မယားငယ်တွေ၊ ကိုယ်လုပ်တော်တွေ မရှိပါဘဲ သူ့အိမ်အနောက်ဆောင်တွင် ဇနီးသည်တစ်ဦးတည်းသာရှိလေသည်။ ဒါကြောင့်လည်း သခင်မရှောင်မှာ အပြင်ထွက်တိုင်း အမြဲတမ်းအဖေရှောင်အကြောင်းကို ဂုဏ်ယူဝင့်ကြွားနေတတ်၏။ မြို့တော်မှာ သူမခင်ပွန်းလို ယောကျ်ားမျိုးက တကယ်လည်းရှားမှရှားလေ။
ဒါပေမယ့် ဒီလောက်ကောင်းတဲ့ ခင်ပွန်းသည်က သူတို့သမီးပြန်ရောက်လာတာနဲ့ သူမကို မျက်နှာပျက်အောင်လုပ်တော့တာပဲ။ မနေ့ညအကြောင်း သူမစဉ်းစားလေ ဒေါသထွက်လေဖြစ်ပြီး ကောင်းကောင်း အိပ်မပျော်တော့၍ အဖေရှောင် အခန်းထဲဝင်လာသည်ကိုတောင် မောင်းထုတ်လိုက်လေသည်။ မနက်စောစော သူမစိတ်အခြေအနေမကောင်းသည့်အပြင် ထမင်းဝိုင်းကလည်း ပုံမှန်ထက်တိတ်ဆိတ်ငြိမ်သက်နေ၏။
"ကျင်းရုံက ဘာလို့မလာသေးတာလဲ၊ သွားကြည့်ခိုင်းလိုက်ပါဦး”
သူမဘေးနားရှိ အထိန်းတော်ကျန်းသွားကြည့်ပြီး ပြန်ရောက်လာကာ ရှောင်အန်းလဲ့ထံ မသိမသာအကဲခတ်ကြည့်လိုက်ပြီးမှ သခင်မရှောင်ထံပြောလိုက်သည်။
"ဝမ်းကွဲသခင်မလေးက နေမကောင်းပါဘူး၊ ကျွန်မသွားကြည့်တော့ ဝမ်းကွဲသခင်မလေးက အားနည်းနေပါတယ်၊ သူ့ရောဂါက တခြားလူတွေကို ကူးစက်မှာစိုးလို့ ထမင်းလာမစားတော့ဘူးလို့ ပြောခိုင်းလိုက်ပါတယ်”
သခင်မရှောင် ဤစကားကိုကြားသော် ရှောင်အန်းလဲ့ထံ တစ်ချက်ကြည့်လိုက်ပြီး အထိန်းတော်ကျန်းကိုမှာကြားလိုက်သည်။
"သူ့အဆောင်ကို အစားအသောက်သွားပို့ခိုင်းလိုက်၊ ပြီးရင် မြို့တော်က အတော်ဆုံးသမားတော်ကို သွားပင့်ပြီး စမ်းသပ်ခိုင်းလိုက်၊ မနေ့ညကလို အအေးမိသွားတာမျိုးမဖြစ်စေနဲ့တော့”
ရှောင်အန်းလဲ့ သူတို့အကြည့်များကိုဂရုမစိုက်ဘဲ ထမင်းကိုသာ အာရုံစိုက်စားနေသည်။ ဒီနေ့ သူမလုပ်စရာတွေရှိသေးတယ်လေ။ မနက်စောစောကတည်းက သစ်ကိုင်းပေါ်မှာ ငှက်တွေ တေးဆိုနေကြလို့ တွက်ချက်ကြည့်လိုက်တာ ဒီနေ့ဝင်ငွေရှိမယ့်ကိန်းရှိတယ်တဲ့လေ မွားဟားဟားဟား။ ထင်ထားသည့်အတိုင်းပင် မနက်စာတောင်မစားရသေးခင် အပြင်ဝင်းဆောင်မှ အိမ်တော်ထိန်းရောက်လာပြီးအကြောင်းကြားလာ၏။။
"တော်ဝင်ကုန်သည် ချင်းမိသားစုရဲ့ ဒုတိယသခင်လေးချင်းက လက်ဆောင်ပစ္စည်းတွေနဲ့ အကြီးဆုံးသခင်မလေးကို လာတွေ့ပါတယ်”
သခင်မရှောင်တန့်သွားပြီး ရှောင်အန်းလဲ့ထံကြည့်လိုက်သည်။
"မနေ့မနက် အပြင်ထွက်သွားတုန်းက နင်ဘာတွေလုပ်ခဲ့တာလဲ၊ နင်က တာအိုကျောင်းမှာ ကြီးပြင်းလာလို့ မြို့တော်ရဲ့ စည်းကမ်းတွေကို နားမလည်ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် လူတိုင်းနဲ့လျှောက်ပြီး ပေါင်းသင်းဆက်ဆံလို့မရဘူးလေ”
သခင်မရှောင် စကားပြောနေချိန်တွင် ရှောင်ညီအစ်ကိုသုံးယောက်မှာ ငြိမ်သက်နေပြီး ဝင်မပြောရဲကြပေ။ ရှောင်ကျားဟော်မှာတော့ ကြက်ဥပေါင်းတစ်ဇွန်းစားလိုက်ပြီး မျက်လုံးဝိုင်းကြီးများဖြင့် ဟိုကြည့်ဒီကြည့်ကစားနေသည်။ ဒီနေ့ ကြက်ဥပေါင်းက အရင်ကထက် ပိုစားကောင်းနေသလိုပဲ။ အဖေရှောင်တစ်ယောက်တည်းသာ မျက်မှောင်ကြုတ်ပြီး အိမ်တော်ထိန်းထံပြောလိုက်သည်။
"သူတို့ကို ရှေ့ဧည့်ခန်းမဆောင်ကိုခေါ်သွားလိုက်ပါ၊ ငါနဲ့သခင်မလေး အခုပဲ လာခဲ့မယ်လို့ပြောလိုက်”
ထိုသို့ပြောပြီးသည်နှင့် ဇနီးသည်ကို ကြည့်လိုက်သည်။ သူတို့သမီးပြန်မရောက်ခင်တုန်းက သူမ ဒီလိုမဟုတ်ပါဘူး။ သမီးပြန်ရောက်မှ ဘာလို့နေရာတိုင်းမှာ လိုက်ပြီးအပြစ်ရှာနေရတာလဲ။သူသက်ပြင်းချလိုက်မိပြန်သည်။
"ကိုယ်တို့သမီးက တကယ်အစွမ်းအစရှိတာပါ၊ နောက်ဆိုရင် သူ့ကိုရှာဖို့ အိမ်တော်ကို လာတဲ့လူတွေပိုများလာဦးမှာ၊ ဒီနေ့ပဲ ဆိုင်တစ်ဆိုင်ဝယ်ပြီး အမွှေးတိုင်နဲ့ ဖယောင်းတိုင်ဆိုင် ဖွင့်ခိုင်းလိုက်မယ်၊ နောက်ဆို လဲ့အာကို ရှာချင်တဲ့သူတွေ အဲဒီဆိုင်ကိုပဲ သွားကြလိမ့်မယ်၊ မင်းလည်း နှစ်ရက်လောက်တော့ သည်းခံပေးလိုက်ပါ"
ထိုသို့ပြောပြီးသည်နှင့် ထမင်းစားပြီးပြီဖြစ်သော သမီးအကြီးဆုံးကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ချက်ချင်း ပြည့်နှက်သွားသည်။ သူ့သမီးက ယခင်ဘဝမှာရော၊ အခုဘဝမှာရော တကယ့်ကို အံ့မခန်းပါပဲလား!
"လာ၊ အဖေနဲ့အတူ လိုက်ကြည့်ရအောင်"
သခင်မရှောင် ဒေါသထွက်လာသည်။
"သခင်ကြီး မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ်မျက်နှာပြပြီး စီးပွားရေးလုပ်လို့ရမှာလဲ၊ ပြီးတော့ သူကအရာရှိမျိုးရိုးက သခင်မလေးလေ၊ အခု သူအလိုအပ်ဆုံးက မြို့တော်ရဲ့စည်းကမ်းတွေနဲ့ ကျင့်ဝတ်တွေကိုလေ့လာဖို့ပဲ၊ နောက်သုံးရက်နေရင် သူ့အတွက် ကြိုဆိုပွဲကျင်းပပေးမယ်လို့ ရှင်ပြောထားတယ်မလား၊ အဲဒီအချိန်ကျရင် အရာရှိကတော်တွေ၊ သခင်မလေးတွေ အများကြီးလာကြမှာ၊ သူ့ရဲ့ နေထိုင်ပြုမူပုံတွေကို စောင့်ကြည့်ကြမှာ၊ သူသာ စည်းကမ်းနဲ့ ကျင့်ဝတ်တွေကို သေချာမလေ့လာထားရင် ရယ်စရာမဖြစ်သွားဘူးလား”
အမေက သားကိုအလိုလိုက်ရင် ပျက်စီးတတ်သလို၊ အဖေက သမီးကို အလိုလိုက်ရင်လည်း ပျက်စီးတတ်တယ်လို့ သူမယုံကြည်သည်။
အဖေရှောင် ရှောင်အန်းလဲ့ကိုကြည့်ကာမေးလိုက်သည်။
"သမီး အဲဒီစည်းကမ်းတွေ၊ ကျင့်ဝတ်တွေကို သင်ချင်လား”
ရှောင်အန်းလဲ့ : "အချိန်မရှိဘူး"
အဖေရှောင် : "ဒါဆိုမသင်နဲ့ သမီးနားမှာ အထိန်းတော်လီရှိသားပဲ၊ အပြင်သွားရင် သူ့ကိုခေါ်သွားပြီး တစ်ခါတလေ ရှင်းပြခိုင်းပေါ့၊ အားတဲ့အချိန် နားထောင်လိုက် ဟုတ်ပြီလား”
ရှောင်အန်းလဲ့ ထိုအချက်မှာလက်ခံနိုင်စရာရှိသည်ဟုခံစားလိုက်ရသည်။
"ဟုတ်ကဲ့"
သားအဖနှစ်ယောက် ပျော်ရွှင်စွာ ဆုံးဖြတ်လိုက်ကြသည်မှာ သခင်မရှောင်ကို ဒေါသထွက်စေပြီး အစားအသောက်ပျက်စေပြန်၏။ ရှောင်ချန်ဖုန်း ပန်းကန်ထဲမှထမင်းကို အမြန်ကုန်အောင်စားပြီးနောက် မတ်တပ်ရပ်ကာပြောလိုက်သည်။
"အမေ စိတ်မဆိုးပါနဲ့၊ သားအပြင်ဝင်းဆောင်ကိုသွားပြီး သူတို့ဘာတွေပြောကြလဲ သွားကြည့်လိုက်ဦးမယ်”
ထိုသို့ပြောပြီးသည်နှင့် သခင်ရှောင် ဘာမှမပြောနိုင်ခင် ထွက်ပြေးသွားတော့သည်။ အပြင်ဝင်းဆောင်တွင် ချင်းရှောင်သည် ရှောင်အန်းလဲ့အား ချင်းမိသားစုသို့လိုက်ခဲ့ရန် လာရောက်ဖိတ်ခေါ်ခြင်းဖြစ်သည်။ အကြောင်းမှာ ယနေ့မနက်စောစောတွင် သူ့မိခင်ဖြစ်သူမှာ ရုတ်တရက်သွေးအန်ကာသတိလစ်သွားသောကြောင့်ဖြစ်သည်။
12
ရှောင်အန်းလဲ့ အမြန်မေးလိုက်သည်။
"ကျွန်မပေးတဲ့ အဆောင်လက်ဖွဲ့ကို ရှင့်အမေရဲ့ကိုယ်ပေါ်မှာ သေချာဆောင်ထားခိုင်းရဲ့လား”
ချင်းရှောင်၏ ပထမဆုံးတုံ့ပြန်မှုမှာ"လုပ်ပါတယ်"ဟုပြောဖို့ပင်။ ထို့နောက် သူ့မျက်နှာရိပ်မျက်နှာကဲ ရုတ်တရက် ပြောင်းသွားသည်။ သူရော၊ သူ့အဖေနဲ့ အစ်ကိုတွေရော အကုန်လုံး အဆင်ပြေနေကြတာ၊ ဘာလို့ သူ့အမေတစ်ယောက်တည်း နေမကောင်းဖြစ်ရတာလဲ။ တစ်ယောက်ယောက်က သူ့အမေရဲ့အဆောင်လက်ဖွဲ့ကို ယူသွားတာဖြစ်နိုင်တယ်။ ရှောင်အန်းလဲ့လည်း ဒီပြဿနာကိုတွေးမိပြီး ချက်ချင်းမတ်တပ်ရပ်လိုက်သည်။
"သွားစို့ ကျွန်မချင်းအိမ်တော်ကို အခုပဲ လိုက်ခဲ့မယ်”
အဖေရှောင်လည်းအနောက်မှနေ အမြန်လိုက်လာသည်။
"အဖေ လိုက်ကူညီပေးရမလား"
ရှောင်အန်းလဲ့ ခဏတန့်သွားသည်။ သူ့အဖေက ဒီမှာရှိနေတုန်းလေ။ သူမ အပြင်ထွက်ပြီး အလုပ်လုပ်မယ်ဆိုတာက သိပ်မသင့်တော်ဘူးမလား။
"မလိုပါဘူး"
ရှောင်အဖေလည်း သူရုံးတော်တက်ရဦးမည်ဖြစ်၍လိုက်သွားရန် မသင့်တော်ကြောင်း သတိပြုမိသွားသည်။ သို့သော် ချင်းအိမ်တော်မှာ ဘာတွေဖြစ်နေလဲဆိုတာ သူတကယ်သိချင်မိသည်။ သူ့အကြည့်မှာ တံခါးဝမှနေချောင်းကြည့်နေသည့်ဒုတိယသားဆီ ရောက်သွားသည်။ သူအမြန်လျှောက်သွားပြီး ရှောင်ချန်လင်းကို ဆွဲခေါ်လာကာ ရှောင်းအန်းလဲ့ကို ပြောလိုက်သည်။
"ဒါဆိုရင် သမီးရဲ့ဒုတိယအစ်ကိုကို ခေါ်သွားလိုက်၊ ဘာပဲပြောပြော သမီးကမိန်းကလေးဆိုတော့ တစ်ယောက်တည်းသွားရင် သိပ်မကောင်းဘူးလေ၊ အစ်ကိုတစ်ယောက် ပါသွားတော့ ပိုအဆင်ပြေတာပေါ့”
ရှောင်အန်းလဲ့ ခေါင်းလေးစောင်းပြီး အကိုဖြစ်သူကိုကြည့်လိုက်သည်။ ကောင်းပြီလေ၊ သူသည် ယခင်ဘဝမှ အဖေနှင့်ရုပ်ချင်းဆင်နေသည်ကြောင့် အဖေဖြစ်သူ၏သားဖြစ်သော ဒုတိယအစ်ကိုကိုခေါ်သွားလည်းရပါသည်။
"ကောင်းပြီလေ၊ ဒုတိယအစ်ကိုနဲ့ သခင်လေးချင်း အခုပဲ သွားကြရအောင်”
ချင်းရှောင်မှာတော့ စိတ်ပူနေသဖြင့် မြန်မြန်သွားလေ ကောင်းလေပင်။ ရှောင်အန်းလဲ့ ရှောင်းအိမ်တော်တံခါးဝရောက်တော့ ခါးကြားရှိပိုက်ဆံအိတ်ထဲမှ အရိုးဖြူထီးကို ထုတ်ယူလိုက်သည်။ ဒီလောက်သေးတဲ့ ပိုက်ဆံအိတ်ထဲမှထီးကြီးတစ်ချောင်း ထွက်လာသည်ကိုမြင်လိုက်ရာ ချင်းရှောင်ရောရှောင်ချန်လင်းပါ ပါးစပ်အဟောင်းသားဖြင့်မျက်လုံးတွေပြူးကုန်ကြသည်။
ဒါက သူတို့ရဲ့အသိဉာဏ်ကို မှောက်လှန်ပစ်လိုက်တာပဲ။ နှစ်ယောက်လုံး မျက်လုံးပြူး ပါးစပ်ဟပြီး အသက်ရှူသံများမှအစ ရှောင်အန်းလဲ့ကိုကြည့်ကာ အံ့ဩနေကြသည့်ပုံစံချင်းတူနေခဲ့၏။ ရှောင်အန်းလဲ့ သူတို့ပုံစံကိုကြည့်ပြီး ရယ်ချင်သွားသည်။
"ရှင်းပြဖို့လိုမယ်ထင်တယ်၊ အဟမ်း ပိုက်ဆံအိတ်ထဲမှာ နေရာလွတ်အဆောင်တစ်ခု ရေးဆွဲထားလို့ ကျွန်မရဲ့ပိုက်ဆံအိတ်ထဲမှာ ၁၀စတုရန်းမီတာလောက်ကျယ်တယ်လေ၊ အဲ့တော့ပစ္စည်းတွေထည့်လို့ရတယ်”
ရှောင်ချန်လင်း သူ့မေးရိုးကိုလက်ဖြင့် ပင့်တင်လိုက်ပြီး သူ့မျက်လုံးများမှာ ရှောင်အန်းလဲ့ပိုက်ဆံအိတ်ကို စူးစိုက်ကြည့်ကာ အရောင်တောက်လာသည်။
"ညီမလေး အဲဒီနေရာလွတ်အဆောင်ရှိသေးလား”
ရှောင်အန်းလဲ့ မျက်ခုံးပင့်ကာပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်။
"ရှိတယ်၊ ဒါပေမယ့် ကျင့်ကြံခြင်းမရှိဘဲ သုံးလို့မရဘူး၊ မဟုတ်ရင် ကျွန်မအများကြီးရေးပြီး အရှင်မင်းကြီးကိုပဲဆက်သလိုက်မှာပေါ့၊ ဒါမှမဟုတ် လေလံတင်ပြီး ပိုက်ဆံဒလဟောရှာတော့မှာပေါ့”
ရှောင်ချန်လင်း : “သွားပြီ၊ မျှော်လင့်ချက်မရှိတော့ဘူး”
သူနဲ့ချင်းရှောင်တို့မျက်နှာထားကိုမြင်တော့ ရှောင်အန်းလဲ့မရယ်ဘဲမနေနိုင်တော့ပေ။ နေရာလွတ်အဆောင်မှမဟုတ်ပေ နေရာရွှေ့ပြောင်းအဆောင်နှင့် တခြားအဆောင်တွေလည်း အတူတူပင်။ ကျင့်ကြံခြင်းမရှိသူများလုံးဝအသုံးပြု၍မရပေ။ ဆန်းကြယ်ပညာရပ်များကို လေ့လာလိုက်စားသူတွေမှသာ သုံးနိုင်ပေသည်။ မဟုတ်ပါက လောကကြီးကမောက်ကမဖြစ်ကုန်ပေလိမ့်မည်။ ချင်းရှောင် သတိဝင်လာပြီး အရိုးဖြူထီးဖွင့်ထားပြီးဖြစ်သော ရှောင်အန်းလဲ့ကို အိမ်တော်သို့အမြန်ဖိတ်ခေါ်လိုက်သည်။ ရှောင်အန်းလဲ့ အရိုးဖြူထီးကို ဖွင့်လိုက်သည်နှင့် ချင်းရှုရန်၏ဝိညာဉ်ထွက်ပေါ်လာသည်။
"အိုး ဒါကကျွန်မအိမ်မလား၊ ကျွန်မမိသားစု ဘာဖြစ်လို့လဲ"
"စိတ်မပူပါနဲ့၊ နင့်အမေ ဘယ်လိုနေလဲဆိုတာ အခုသွားကြည့်ပေးမယ်”
ချင်းရှောင်မှာ ရှောင်အန်းလဲ့ သူ့ကိုပြောနေသည်ထင်ပြီး ချက်ချင်းခေါင်းငြိမ့်ကာ သူ့အမေ၏အဆောင်သို့ခေါ်သွားရင်း ပြောလိုက်သည်။
"မိန်းကလေးရှောင် ခွင့်လွှတ်ပါနော်"
ရှောင်အန်းလဲ့ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ ချင်းရှုရန်ကတော့ ထီးထဲမှထွက်ပြီး သခင်ချင်း၏အဆောင်ဘက်ကို ဦးတည်သွားနေခဲ့သည်။ ချင်းရှုရန်ကို ကြိုသွားခိုင်းလိုက်ပြီး ရှောင်အန်းလဲ့ သခင်မချင်း၏အဆောင်ဆီရောက်သည်နှင့် ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။ သူမ ချင်းရှောင်ဘက် လှည့်ပြောလိုက်သည်။
"ရှင့်အမေကိုပြုစုနေတဲ့ အစေခံတွေအကုန်လုံး ခေါ်ထုတ်လိုက်ပါ၊ ပထမဆုံးအနေနဲ့ ရှင့်ကိုလျှို့ဝှက်ဆန့်ကျင်နေတဲ့သူတွေကို ရှင်းထုတ်ရမယ်။ ဩော် ပြီးတော့ ဒီတစ်ခါကျွန်မ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးတာဆိုတော့ အပိုကြေးယူမယ်နော်”
ချင်းရှောင်၏တည်ကြည်လေးနက်သော မျက်နှာထားမှာ ဒီစကားကြားတော့ ခဏတာအက်ကွဲသွားသည်။
"စိတ်မပူပါနဲ့၊ ကျွန်တော်တို့ချင်းမိသားစုက တော်ဝင်ကုန်သည်ပါ၊ ကျန်တာမရှိတာသာရှိမယ် ပိုက်ဆံတော့မရှားပါဘူး”
ရှောင်အန်းလဲ့ခေါင်းငြိမ့်ပြီး အဆောင်ထဲဝင်လိုက်သည်။ သခင်မချင်းအခန်းထဲဝင်လိုက်သည်နှင့် သရဲမတစ်ကောင်ကို ဖမ်းချုပ်ထားသော ချင်းရှုရန်ထွက်လာသည်ကိုတွေ့လိုက်ရ၏။ ချင်းရှုရန် ထိုသရဲမကို ရှောင်အန်းလဲ့ခြေရင်းသို့ ဒေါသတကြီးပစ်ချလိုက်သည်။
"ဆရာသခင် မတားပါနဲ့၊ ဒီနေ့ ဒီသရဲမကိုစားပစ်မှရမယ်၊ ကျွန်မအမေကို သူကများဒုက္ခပေးရဲတယ်၊ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”
ရှောင်အန်းလဲ့ သူမကိုဂရုမစိုက်သလို ကြည့်လိုက်သည်။ ထို့နောက်သူမလက်ကိုမြှောက်ပြီး သရဲမခေါင်းပေါ်ကို အမှန်တိုင်းပြောစေသောအဆောင် တစ်ခု ကပ်လိုက်၏။
"ပြောစမ်း၊ သခင်မချင်းကို ဒုက္ခပေးဖို့ ဘယ်သူလွှတ်လိုက်တာလဲ”
ရှောင်ချန်လင်း : .....
ချင်းရှောင် : ......
လူကောင်ကြီးကြီးနှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လေထဲမှာ တွဲလောင်းကျနေသည့် အဆောင်လက်ဖွဲ့ကိုကြည့်ကာ တံတွေးမမြိုချမိဘဲမနေနိုင်ကြတော့ပေ။ ရှောင်ချန်လင်းအသံတောင် နည်းနည်းတုန်လာခဲ့သည်။
"ညီမလေး ဘယ်သူနဲ့ စကားပြောနေတာလဲ"
ရှောင်အန်းလဲ့ : "သခင်မချင်းကို ဒုက္ခပေးဖို့လာတဲ့ သရဲမလေ”
မြေကြီးပေါ်မှ သရဲမမှာအမှန်တိုင်းပြောစေသောအဆောင် မိထားသည့်အတွက် အကုန်ဖွင့်ပြောလာတော့သည်။
"ဒုတိယအိမ်ခွဲက သခင်မလွှတ်လိုက်တာပါ”
ဤစကားကြားတော့ ချင်းရှုရန်ဒေါသထောင်းကနဲထွက်လာပြီး သူမပုံရိပ်မှာ ချင်းအိမ်တော်၏တခြားတစ်နေရာဆီ ဦးတည်ရွေ့လျားသွားတော့သည်။ သူမမှ လူသေအောင်လုပ်မိမည်ကို စိုးရိမ်တာကြောင့် ရှောင်အန်းလဲ့ပိုက်ဆံအိတ်ထဲမှ စက္ကူအရုပ်လေးတစ်ရုပ်ထုတ်လိုက်ပြီး လက်ညှိုးနဲ့ လက်ခလယ်ကြားညှပ်ကာ ချင်းရှုရန်သွားသည့်ဘက်ကို ပစ်လွှတ်လိုက်၏။
"သွား သူ့ကိုစောင့်ကြည့်ထား၊ လူသေအောင် မလုပ်စေနဲ့”
ဤစက္ကူအရုပ်လေးထဲတွင် ခုနကနောက်ဖေးပေါက်၌တွေ့ခဲ့သည့် အထိန်းတော်သရဲရှိနေခဲ့၏။ ရှောင်အန်းလဲ့အမိန့်ရသည်နဲ့ လှစ်ကနဲထွက်သွားပြီး ချင်းရှုရန်နောက်လိုက်သွားတော့သည်။ ရှောင်အန်းလဲ့ နောက်ထပ် စက္ကူအရုပ်လေးတစ်ရုပ် ထပ်ထုတ်ပြီး အမှန်တိုင်းပြောစေသော အဆောင် ကပ်ခံထားရသည့် သရဲမဆီပစ်လိုက်သည်။ ထို့နောက် သရဲမကိုစက္ကူအရုပ်လေးထဲ ထည့်သိမ်းထားလိုက်သည်။ စက္ကူအရုပ်လေးကို သိမ်းပြီးနောက် ရှောင်အန်းလဲ့အခန်းထဲဝင်ပြီး သခင်မချင်းကို သွားကြည့်လိုက်၏။
ထိုအချိန် ရှောင်ချန်လင်းခံစားမိလိုက်မိသည်မှာ သူ့ညီမလေးက တကယ်စွမ်းရည်တစ်ချို့ရှိနေသာ်ဟူ၍ပင်။ စောစောက လှုပ်ရှားမှုတွေကို မြင်လိုက်ရတော့ သူနည်းနည်းယုံကြည်လာ၏။ ရှောင်အန်းလဲ့ သခင်မချင်းကုတင်ဘေးရောက်သွားသည်ကိုကြည့်ပြီး သူအထဲလိုက်မဝင်တော့ဘဲ သံသယကင်းအောင် အခန်းအပြင်မှာသာရပ်နေလိုက်သည်။ သခင်ချင်း၏မျက်နှာကိုကြည့်ပြီး ရှောင်အန်းလဲ့သက်ပြင်းချလိုက်သည်။ ကံကောင်းလို့ အသက်ရှူနေသေးတယ်။ ယန်ဓာတ်လည်း သရဲမစုပ်ယူတာ အကုန်မခံလိုက်ရသေးဘူး။ ပထမဆုံးအနေနဲ့ သခင်မချင်းကို ဝိညာဉ်အားဖြည့်အဆောင်တစ်ခုကပ်ပေးပြီး သူမ၏ဝိညာဉ်သုံးပါး စိတ်ခုနစ်ပါးကို အားဖြည့်ပေးလိုက်သည်။
"ရှင့်အမေ အဆင်ပြေပါတယ်၊ ကျွန်မပေးထားတဲ့ အဆောင်စာရွက်ကို အလဲခံလိုက်ရတာ၊ ဒါကရှင့်အမေကိုယ်ပေါ်က အဆောင်စာရွက်၊ ကျွန်မပေးလိုက်တာနဲ့ မတူဘူး၊ ယှဉ်ကြည့်လိုက်”
ချင်းရှောင် ကုတင်ပေါ်မှနေ ရှောင်အန်းလဲ့လက်ဝှေ့ယမ်းပြီးပေးလိုက်သောအဆောင်ကို ကိုင်ထားရင်းရှုပ်ထွေးသွားရသည်။ ယှဉ်ကြည့်စရာတောင် မလိုပါဘူး၊ မတူမှန်း သူသိနေပြီ။
"ဟင်္သာပြဒါးနဲ့ အဆောင်စက္ကူ အကုန်မတူဘူး”
သူ့ထံတွင်ခွဲခြားသိမြင်နိုင်စွမ်းရှိသည့်အတွက် ရှောင်အန်းလဲ့အံ့သြသွားသည်။ ချင်းရှောင် မမေးဘဲမနေနိုင်တော့ပေ။
"စောစောက တစ်ခုခုနဲ့ စကားပြောနေတာလား၊ ကျွန်တော့်အမေကို ဘယ်သူဒုက္ခပေးတာလဲဆိုတာသိရပြီပေါ့”
ရှောင်အန်းလဲ့ သူ့လက်ထဲမှ အဆောင်အတုကိုယူလိုက်ပြီး လေထဲပစ်တင်လိုက်ရာ အဆောင်အတုမီးလောင်ကျွမ်းပြီး ပြာကျသွားသည်။
"စောစောက ရှင့်အမေကို ဒုက္ခပေးဖို့ လွှတ်လိုက်တဲ့ သရဲမကို မေးလိုက်တော့ ရှင့်ရဲ့ဒုတိယအဒေါ် လွှတ်လိုက်တာတဲ့၊ ဒါကြောင့် ကျွန်မပြောတာပေါ့၊ အိမ်တွင်းမအေးချမ်းရင် ဘေးဥပဒ်သင့်တယ်လို့၊ အခု ရှင့်ညီမလေး သွားရှင်းနေပြီ၊ လူသေအောင်မလုပ်ဖို့ မျှော်လင့်ရတာပဲ၊ မဟုတ်ရင် သူ့ကိုလူဝင်စားအောင်လုပ်ပေးဖို့ အရမ်းခက်သွားလိမ့်မယ်”
ချင်းရှုရန်ကို လူဝင်စားအောင်ကူညီပေးမည်ဟု သူမဆုံးဖြတ်ခဲ့သည်ကလည်း ချင်းရှုရန်မှာ သရဲတွေအများကြီးစားခဲ့ပေမယ့် လူကိုမသတ်ခဲ့ဖူးသလို လူ့အသက်ကိုလည်းရန်မရှာခဲ့ဘူး၍ပင်။ ဤစကားကြားတော့ ချင်းရှောင် ဒုတိယအိမ်ခွဲဆီ ချက်ချင်းပြေးသွားတော့သည်။ သူ့ညီမလေးကို တားရမယ်လေ။ သူ့ညီမလေး လူပြန်မဝင်စားနိုင်တော့မှာ သူကြောက်တယ်။ ချင်းရှောင် ပြေးထွက်သွားသည်ကိုကြည့်ပြီး ရှောင်ချန်လင်း ကြောင်အသွားသည်။
ရှောင်အန်းလဲ့ နောက်ထပ်အဆောင်တစ်ခုထုတ်ပြီး သခင်မချင်းလက်ထဲ ထည့်ပေးလိုက်သည်။ ပြီးနောက် လှည့်ထွက်လာပြီး ရှောင်ချန်လင်းလက်မောင်းကိုဆွဲကာ ကိုယ်ပေါ်ကို လေထိန်းချုပ်ခြင်းအဆောင်တစ်ခုကပ်လိုက်၏။ ထို့နောက် ရှောင်ချန်လင်းကိုပါဆွဲခေါ်ပြီး ချင်းမိသားစုဒုတိယအိမ်ခွဲဆီ ပျံသန်းသွားတော့သည်။ ရှောင်ချန်လင်း လေထဲမှပြန်ဆင်းသက်လာချိန်မှာတော့ သူ့အာမေဋိတ်သံမှာပါးစပ်ထဲမှတစ်ဝက်သာထွက်လာနိုင်တော့၏။
ဝိုး မိုက်တယ်ဟေ့ ရင်ခုန်စရာကြီးပါလား။
ခြံထဲသို့ရောက်သည်နှင့် ရှောင်အန်းလဲ့ ရှောင်ချန်လင်းကို ချထားလိုက်သည်။ ချင်းရှောင်မရောက်သေးပေသိ ချင်းရှုရန်ကတော့ ဝင်းထဲမှာတာအိုဆရာတစ်ယောက်နှင့်တိုက်ခိုက်နေပြီဖြစ်သည်။