← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

13

ရှောင်အန်းလဲ့ ရောက်လာသည်ကိုမြင်သောအခါ ချင်းရှုရန် အော်ပြောလိုက်သည်။

"ဆရာသခင် ဒီတာအိုအဘိုးကြီးက တကယ့်လူယုတ်မာကြီး၊ လူတွေကို ဒုက္ခပေးဖို့ မကောင်းဆိုးဝါးဝိညာဉ်တွေကို ခိုင်းစေနေတာ”

ရှောင်အန်းလဲ့ ချင်းရှုရန်နှင့် တိုက်ခိုက်နေသော တာအိုအဘိုးကြီးထံသို့ အရိုးဖြူထီးကို ပစ်လွှတ်လိုက်သည်။ တာအိုအဘိုးကြီးသည် ရင်ဘတ်ကိုဖိလျက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ရှောင်အန်းလဲ့ကို အံ့သြတကြီး ကြည့်လိုက်သည်။

"မင်းက ဘယ်သူမလို့ ငါ့လိုလူကြီးကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ၊ ဟမ် ဒီသရဲမကို မင်းမွေးထားတာပေါ့လေ၊ တာအိုလောကအတွက် သိက္ခာကျလိုက်တာ၊ လမ်းဘေးကသရဲမကို မွေးထားရတယ်လို့၊ ဒီနေ့ ငါကိုယ်တိုင် ကောင်းကင်ဘုံကိုယ်စား စီရင်ပေးရတော့မှာပေါ့”

ဒီလောက်အရှက်မရှိတဲ့လူမျိုးအား တစ်ခါမှမတွေ့ဖူးသည်ကို ရှောင်အန်းလဲ့ ဝန်ခံရပေမည်။အရိုးဖြူထီး သူမလက်ထဲ ပြန်ရောက်လာသည်နှင့် ရှောင်အန်းလဲ့ တာအိုအဘိုးကြီးကိုစူးစိုက်ကြည့်လိုက်သည်။

"သူခိုးက လူပြန်ဟစ်နေပါလား၊ လူတွေကို ဒုက္ခပေးဖို့ သရဲမွေးထားတာ ရှင်လေ၊ တောင်ပေါ်ကဆင်းလာတာနဲ့ ရှင့်လိုလူယုတ်မာမျိုးနဲ့တွေ့ရမယ်လို့ ထင်မထားမိဘူး”

တောင်ပေါ်ကဆင်းလာသည်ဟူသောစကားကြားလိုက်ရသော် တာအိုဆရာကြီးမျက်နှာပေါ်တွင် အံ့သြရိပ်ဖြတ်ပြေးသွားသည်။

"မင်းရဲ့ဂိုဏ်းနာမည်ကို ပြောရဲလား”

ရှောင်အန်းလဲ့ သူမယခင်ဘဝမှဂိုဏ်းနာမည်ကို တိုက်ရိုက်ပြောလိုက်သည်။

"ငါက ချင်းယွမ်ဂိုဏ်းချုပ်ပဲ၊ လူ့လောကမှာ ပါရမီဖြည့်နေတုန်း ဒီသရဲမနဲ့ ကြုံခဲ့ရတာ၊ သူ့မှာ အငြိုးအတေးတွေ၊ မကောင်းဆိုးဝါးအငွေ့အသက်တွေ ရှိနေပေမယ့် လူ့အသက်ကို တစ်ခါမှ ရန်မရှာဖူးဘူး၊ ရှင်ကရော ဘယ်ဂိုဏ်းကလဲ၊ လူတွေကို ဒုက္ခပေးဖို့ မကောင်းဆိုးဝါးဝိညာဉ်တွေကိုတောင် ခိုင်းစေရဲသေးတယ်”

တာအိုဆရာကြီးမှာ သူမပြောသော ဂိုဏ်းနာမည်ကို တစ်ခါမှမကြားဖူးသဖြင့် ချက်ချင်းအထင်သေးသွားသည်။

"ဘာ ချင်းယွမ်ဂိုဏ်းလဲ၊ ငါတစ်ခါမှ မကြားဖူးဘူး၊ မဆိုင်တာတွေ ဝင်ပါနေမှတော့ သေလိုက်တော့”

မူလက ရှောင်အန်းလဲ့ သူ့ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိပေမယ့် ဒီတာအိုဆရာကြီးမှ သူမကို တကယ်သတ်ချင်နေမှန်းသိလိုက်ရတော့ အံ့သြသွားရသည်။ သူမ ပြန်တိုက်ဖို့ပြင်လိုက်စဉ်မှာပင် လူရိပ်တစ်ခုမှာတာအိုဆရာကြီးဆီ ပြေးဝင်သွားသည်။

"ဘိုးတော်ယုတ် ငါ့ညီမလေးကို သတ်ချင်သေးတယ်ပေါ့၊ ခင်ဗျားကို အမှုန့်ကြိတ်ပစ်မယ်”

သူမ၏ဒုတိယအစ်ကို ပြေးဝင်သွားပေမဲ့လည်း တစ်ချက်တည်းနှင့်လွင့်ထွက်လာသည်ကိုကြည့်၍ ရှောင်အန်းလဲ့ပြောစရာစကားမဲ့သွားရသည်။ သူမ အရိုးဖြူထီးကို လေထဲပစ်တင်လိုက်ပြီး တာအိုဆရာကြီးဆီ ပြေးဝင်သွားလိုက်၏။ စောစောက တစ်ချက်တည်းနဲ့ လူကိုလွင့်ထွက်အောင်လုပ်နိုင်ခဲ့ပေသိ ယခုတော့ တာအိုဆရာကြီးမှာမဲ့ပြုံးပြုံးလိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ အပြုံးမပျောက်သေးခင်မှာပင် ရှောင်အန်းလဲ့ သူ့ပါးကိုရိုက်ချလိုက်သည်။

“ဖြန်း"

တာအိုဆရာကြီးသည် ရှောင်းအန်းလဲ့ကို အံ့သြတကြီးကြည့်လိုက်ပြီး ဒေါသငယ်ထိပ်ရောက်သွားတော့သည်။ ချက်ချင်းသူ့လက်ထဲမှ မြင်းမြီးယပ်နှင့် ရှောင်အန်းလဲ့ကိုရိုက်လိုက်ပေသိ ရှောင်အန်းလဲ့မှာ လျင်မြန်စွာဖမ်းဆွဲပြီး ချိုးပစ်လိုက်ကာ တာအိုဆရာကြီး၏ဝမ်းဗိုက်အောက်ပိုင်းကို ထိုးလိုက်သည်။ သူမလက်သီးကြောင့် လွင့်ထွက်သွားခါနီးမှာပင် သူ့လက်မောင်းကို ပြန်ဆောင့်ဆွဲကာ မြေကြီးပေါ်ကိုင်ပေါက်လိုက်၏။ ထို့နောက် အခွင့်ကောင်းယူပြီး မြေကြီးပေါ်လဲကျနေသည့် တာအိုဆရာကြီးကို ကိုယ်ခန္ဓာချုပ်မန္တန်ကပ်လိုက်ပြီး နောက်ဆုတ်ကာပြန်ကျလာသော အရိုးဖြူထီးကိုဖမ်းယူလိုက်သည်။

အချိန်ကိုက်ပဲ

ဘေးမှကြည့်နေသော ချင်းရှုရန်တောင် ရှောင်အန်းလဲ့ကိုကြည့်၍ ချီးကျူးနေသည်။

“ရေလည်လန်းတယ်"

သိုင်းပညာအနည်းအကျဉ်းသာတတ်သော ချင်းရှောင်မှာတော့ ရှေ့မတိုးရဲဘဲ ရှောင်ချန်လင်းကို တွဲထူပေးရင်း သက်ပြင်းချလိုက်သည်။

"မင်းညီမလေးက တကယ်စွမ်းတာပဲ"

ရှောင်ချန်လင်း ချက်ချင်းခါးမတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာပြောလိုက်သည်။

"ဒါပေါ့၊ ငါ့ညီမလေးကအစွမ်းထက်တယ်လေ”

ဒါပေမဲ့ဒီလောက်အစွမ်းထက်ဖို့ ဒီနှစ်တွေအတောအတွင်း အပြင်လောကမှာ ဒုက္ခတွေအများကြီး ခံစားခဲ့ရမှာပဲ။

"အဟမ်း၊ ဒီတာအိုဆရာကြီးကို ဘယ်လိုလုပ်ကြမလဲ”

အိမ်ထဲမှထွက်လာသည့် အမျိုးသမီးကို ကြည့်ပြီး ချင်းရှောင်မျက်နှာမည်းမှောင်သွားသည်။ ထိုအမျိုးသမီးမှာ သူ၏ချစ်လှစွာသော ဒုတိယအဒေါ်မှလွဲပြီး ဘယ်သူရှိဦးမှာလဲ။ သူမထွက်လာသည်ကိုမြင်သည်နှင့် ချင်းရှုရန်အမုန်းတရားတွေကို မထိန်းချုပ်နိုင်တော့ဘဲ ပြေးဝင်သွားတော့သည်။

"ငါ့အမေကို ဒုက္ခပေးတာ ဒီမိန်းမပဲ"

ချင်းမိသားစု ဒုတိယသခင်မသည် အေးစက်စက်လေတစ်ချက်တိုက်သလို ခံစားလိုက်ရပြီး မြေကြီးပေါ် လဲကျသွားကာ တစ်စုံတစ်ယောက်မှ သူမကို ထိုးကြိတ်ကန်ကျောက်နေသလို ခံစားလိုက်ရသည်။

"အား ကယ်ကြပါဦး၊ ဆရာကြီး မြန်မြန်ကယ်ပါဦး၊ သရဲ သရဲ”

ရှောင်အန်းလဲ့ သူမအနားလျှောက်သွားပြီး ချင်းရှုရန်ကိုဆွဲခွာလိုက်သည်။

"ဒုတိယသခင်မချင်း ရှင်က လူတွေကို ဒုက္ခပေးဖို့ သရဲတွေကို ခိုင်းရတာ ကြိုက်တယ်ဆို၊ ဘာလို့ ကိုယ်တိုင်ကျတော့ သရဲကိုကြောက်နေရတာလဲ”

ဒုတိယသခင်မချင်း ပါးစပ်တင်းတင်းစေ့ထားပြီး ဝန်ခံဖို့ငြင်းဆန်ကာ ခေါင်းကိုခါရင်းပြောလိုက်သည်။

"မဟုတ်ဘူး ငါမလုပ်ဘူး၊ ငါဘာမှမသိဘူး၊ နင်ဘာပြောနေမှန်း ငါမသိဘူး”

ရှောင်အန်းလဲ့ အဆောင်ပြန်ရောက်သည်နှင့်အမှန်တိုင်းပြောစေသော အဆောင်တွေ ပိုရေးထားမှဖြစ်မည်ဟုတွေးလိုက်မိ၏။ ဒီလူတွေရဲ့ပါးစပ်က တကယ်ဒရမ်မာဆန်လွန်းတယ်။ သူမအကြည့်မှာ ဘေးနားမှမကောင်းဆိုးဝါးအငွေ့အသက်တွေထွက်နေသည့် ချင်းရှုရန်ဆီရောက်သွားပြီး အဆောင်လက်ဖွဲ့ ချွေတာနိုင်မည့် နည်းလမ်းကောင်းတစ်ခုကိုတွေးမိလိုက်သည်။ သူမဒုတိယသခင်မချင်း၏ပခုံးကိုပုတ်ပြီး ယန်မီးတောက်တစ်ခုကိုငြိမ်းသတ်လိုက်၏။ ပြီးတော့ နဖူးကိုတို့ပြီး လူအများစုမပိုင်ဆိုင်နိုင်သည့် နတ်မျက်စိကို သဘောကောင်းကောင်းဖြင့် ဖွင့်ပေးလိုက်သည်။

ဒုတိယသခင်မချင်း၏အစေခံမှာ ဖမ်းချုပ်ခံထားရပေသိ ရှောင်းအန်းလဲ့ရဲ့လက်ကို ပုတ်ထုတ်ဖို့ကြိုးစားလိုက်သော်လည်း နောက်တစ်ခဏမှာပင် မကောင်းဆိုးဝါးအငွေ့အသက်တွေ ထွက်နေတဲ့ ချင်းရှုရန်ကိုမြင်လိုက်ရတော့၏။

"အား အား အား သရဲကယ်ကြပါဦး၊ ကယ်ကြပါဦး မလာနဲ့၊ မလာနဲ့”

ထိုအချိန်ပြေးလာကြသော ချင်းမိသားစုဝင်တွေမြင်လိုက်ရသည်မှာတော့ ဒုတိယသခင်မချင်းတစ်ယောက် ခြံဝင်းထဲမှာ ခေါင်းကိုကိုင်ပြီးအရူးမတစ်ယောက်လို ပြေးလွှားနေသည်ကိုပင်။ ပြေးရင်းနှင့်ပင် သူမလက်တွေကို ဝှေ့ယမ်းပြီး သူတို့မမြင်ရသည့်အရာတစ်ခုခုရန်မှ ကာကွယ်ဖို့ကြိုးစားနေသလိုဖြစ်နေ၏။ ချင်းရှုရန် စနောက်ချင်စိတ်နဲ့ သူမခေါင်းကိုဖြုတ်ပြီး လက်ထဲမှာခဏကိုင်ထားလိုက်သည်။ ပြီးတော့ လက်နှစ်ဖက်လုံးဖြုတ်ပြီး ဒုတိယသခင်မချင်း၏ခါးကိုဖက်လိုက်ကာ ဖြူဖျော့ပြီး မျက်ရည်တွေပေပွနေသည့် သရဲမျက်နှာအား သူ့မျက်နှာနားကပ်ပြီး ပြောလိုက်၏။

"ဒုတိယအဒေါ် ရက်စက်လိုက်တာ ဘာလို့ ကျွန်မအမေကို ဒုက္ခပေးရတာလဲ၊ ပြီးတော့ ကျွန်မအဖေနဲ့ အစ်ကိုကိုရော ဘာလို့ ဒုက္ခပေးတာလဲ”

"ငါမလုပ်ဘူး ငါမလုပ်ဘူး၊ အား အား အား ငါမှားသွားပါတယ်၊ ငါ့ကို မခြောက်ပါနဲ့၊ ငါမှားသွားပါတယ် အဲဒီတာအိုဆရာကို သူတို့ကိုဒုက္ခပေးခိုင်းမိတာ ငါမှားသွားပါတယ်၊ ဘယ်သူက သူတို့ကို အိမ်ခွဲဖို့ သဘောမတူခိုင်းလို့လဲ၊ သူတို့က ငါတို့ဒုတိယအိမ်ခွဲရဲ့ သွေးကို စုပ်ချင်နေကြတာ ၊ သူတို့က နန်းတွင်းထဲကအာဏာရှိသူတွေနဲ့ အဆက်အသွယ်ရဖို့ ငါတို့ဒုတိယအိမ်ခွဲကို အသုံးချချင်နေကြတာ၊ ဒါတောင် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို ငါတို့ကို ကိုယ်တိုင်စီမံခွင့်မပေးဘဲ သူတို့လက်ထဲပဲ သိမ်းထားကြသေးတယ်၊ အဲ့တာဘာသဘောလဲ”

ချင်းရှုရန် လှောင်ပြောင်ရယ်မောလိုက်သည်။

"မိသားစုပိုင်ဆိုင်မှုတွေကို အဖေနဲ့အစ်ကိုပဲ စီမံခန့်ခွဲခဲ့တာလေ၊ ရှင်တို့ဒုတိယအိမ်ခွဲမှာ စီးပွားရေးလုပ်တတ်တဲ့ ဦးနှောက်ရှိလို့လား၊ ရှင်တို့သမီးတစ်ယောက် နန်းတွင်းဝင်ပြီး သတ္တမမင်းသားကိုမွေးပေးနိုင်ရုံနဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးနေကြတာမလား၊ အိမ်ခွဲချင်ရင်ခွဲကြလေ! အခုပဲ အဖေနဲ့အစ်ကိုကိုသွားပြောလိုက်မယ်၊ ငါတို့က ရှင်တို့ဒုတိယအိမ်ခွဲရဲ့ အစေခံတွေ မဟုတ်ဘူးလို့”

ရှောင်အန်းလဲ့ သူတို့ပြောသမျှကို နားထောင်ရင်း နှုတ်ခမ်းထောင့်လေး ကွေးတက်သွားသည်။ ဒီချင်းမိသားစု ဒုတိယအိမ်ခွဲကတော့ တကယ်ကို ကယ်မရတော့ဘူး။ ချင်းဒုတိယသခင်ကြီးလည်းပြေးရောက်လာပြီး သူ့ဇနီးသည်ပြောသမျှကြားလိုက်ရရာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း၊ တကယ်ကိုဆံပင်သာရှည်ပြီး ဉာဏ်နည်းတဲ့မိန်းမ”

ထိုသို့ပြောပြီးသည်နှင့် အရင်ရောက်နေသော သူ့အစ်ကိုကြီးကိုကြည့်လိုက်သည်။

"အစ်ကိုကြီး ဒီမိန်းမပေါက်ကရပြောနေတာတွေ နားမထောင်ပါနဲ့၊ ကျွန်တော့်မှာ အဲဒီလိုအတွေးမျိုး တစ်ခါမှမရှိခဲ့ပါဘူး၊ ကျွန်တော် စီးပွားရေးမလုပ်တတ်မှန်း ကိုယ့်ကိုယ်ကို သိပါတယ်၊ မိသားစုပိုင်ဆိုင်မှုတွေကို အစ်ကိုကြီးစီမံတာ အစိတ်အချရဆုံးပါပဲ”

ချင်းပထမသခင်ကြီးက သူ့ညီအရင်းဖြစ်သူကို ဗလာသက်သက် မျက်နှာထားနဲ့ ကြည့်နေခဲ့သည်။ အခုပင် သူသိလိုက်ရသည်မှာ သူတို့ပထမအိမ်ခွဲကိုဒုက္ခပေးဖို့ တာအိုဆရာငှားခဲ့သည်မှာ ဒုတိယအိမ်ခွဲဖြစ်နေသည်ကိုပင်။ ထို့ကြောင့်မူလ၌ရှိခဲ့သည့်ညီအစ်ကိုသံယောဇဉ်များ ချက်ချင်း ပျောက်ကွယ်သွားတော့၏။

"ညီလေး အဲ့ဒီလိုမပြောပါနဲ့၊ တကယ်တော့ ညီလေးလည်း စီးပွားရေးမှာ တော်တော်ပါးနပ်ပါတယ်၊ နှစ်တွေအကြာကြီး အစ်ကိုကြီးကကိုယ့်ကိုကိုယ် အမှန်ထင်ပြီး မင်းမလုပ်တတ်ဘူးလို့ ထင်နေခဲ့တာ၊ ဒါပေမယ့် ပြန်စဉ်းစားကြည့်ရင် မင်းစီမံတဲ့ဆိုင်နှစ်ဆိုင်က အမြတ်မရဘူးလား ဒါကိုကြည့်ရင် မင်းက တကယ့် ချင်းမိသားစုဝင်စစ်စစ်ပါပဲ၊ စီးပွားရေးလုပ်တတ်တဲ့ ပါရမီက မင်းသွေးထဲမှာပါပြီးသား၊ ဒီနှစ်တွေအတောအတွင်း မင်းတို့ကို ကန့်သတ်ထားမိတာ အစ်ကိုကြီး အမှားပါ”

ချင်းပထမသခင်ကြီး၏ပခုံးများ အနည်းငယ်လျော့ကျသွားခဲ့သည်။ လေးလံသည့်ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့သွားသလိုပင်။ သူချင်းရှောင်ဘက်လှည့်ပြီး ပြောလိုက်၏။

"မျိုးနွယ်စုလူကြီးတွေကို သွားအကြောင်းကြားလိုက်၊ ဘိုးဘွားပိုင်ခန်းမဆောင်ကိုဖွင့်ပြီး အိမ်ခွဲကြမယ်”

တစ်ဘက်မှာတော့ ဒုတိယသခင်မချင်းမှာ ချင်းရှုရန်ကိုကာကွယ်ဖို့ လက်တွေဝှေ့ယမ်းနေတုန်းပင်။

"အား အား အား အား မလာနဲ့ အစ်ကိုကြီး ရှင့်သမီးကို မြန်မြန်ခေါ်သွားစမ်းပါ”

ချင်းရှောင်မှထိန်းကိုင်ပေးထားသော ချင်းပထမသခင်ကြီးမှာ ဤစကားကြားတော့တန့်သွားပြီး ဒုတိယသခင်မချင်းထံလှည့်ကြည့်လိုက်သည်။ သူအခု ဘာပြောလိုက်တာလဲ။ သူ့သမီးဟုတ်လား။ စာပေပညာရှင်ပုံစံပေါက်နေတဲ့ အကြီးဆုံးချင်းသခင်လေးတောင်မျက်လုံးပြူးပြီး ဒုတိယသခင်မချင်းကို အံ့သြတကြီးဖြင့်ကြည့်လာ၏။

"ဒုတိယအဒေါ် ဘာတွေလျှောက်ပြောနေတာလဲ၊ ကျွန်တော့်ညီမလေးက အရှင်လတ်လတ်ရှိပါသေးတယ်၊ လူလွှတ်ပြီးရှာခိုင်းထားပြီ၊ မကြာခင်ပြန်တွေ့တော့မှာပါ”

သားအဖနှစ်ယောက်၏မျက်နှာထားကိုကြည့်ပြီး ချင်းရှောင် သူတို့ကိုအမှန်အတိုင်းမပြောပြထားမှန်း ရှောင်အန်းလဲ့သိလိုက်၏။ တကယ်ပါပဲ လူအများစုက ဒီလိုမျိုး ကိုယ့်ကိုကိုယ်အနစ်နာခံပြီး အရာရာကိုတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းတတ်တဲ့ ဇာတ်လမ်းမျိုးကိုကြိုက်ကြတာကိုး။

14

​ချင်းဒုတိယသခင်မမှာ လက်များဝှေ့ယမ်းရင်း အော်လိုက်၏။

​"ဘာကို လိုက်ရှာနေတာလဲ၊ သူက ဒီမှာလေ၊ သူ့ကို မြန်မြန်မောင်းထုတ်ကြစမ်းပါ”

​သူမပုံစံမှာ ဟန်ဆောင်နေသည်နှင့်မတူသည့်အတွက် ချင်းသခင်ကြီးနှင့် ချင်းရှောင်တို့ အံ့ဩတကြီးဖြင့် သူမပြသည့်နေရာကို ကြည့်လိုက်သော်ငြား ဘာမျှမတွေ့ရပေ။ သူမ၏အဖေနှင့်အစ်ကိုကြောင့် ချင်းရှုရန်ပုံရိပ်မှာ မှိန်ဖျော့သွားပြီး အရိုးဖြူထီးထဲသို့ ပြန်ပုန်းဝင်သွားခဲ့သည်။

​"ဝူး ဝူး ဝူး ကျွန်မအဖေနဲ့ အစ်ကိုကို အရှက်ခွဲမိပြီ”

​ရှောင်အန်းလဲ့ : "...…."

​သူတို့၏ ရုပ်ရည်သွင်ပြင်များတူနေ၍သာ သူတို့သမီးအရင်းဆိုသည်ကို ယုံရပေမည်။ မဟုတ်လျှင် ချင်းရှုရန်ကို ချင်းမိသားစုက ကောက်ရလာသည်ဟု ထင်မိမည်သာ။ မင်းဆက်တစ်ခု၏ တော်ဝင်ကုန်သည်ဖြစ်ရန်ဆိုသည်မှာ ဉာဏ်ရည်မြင့်မားကာ လူရည်လည်ပြီး စီးပွားရေးအမြင် ထက်မြက်ရမည်ပင်။ ဤသို့သော မိသားစုကြီးတွင် တစ်ခါတစ်ရံ အရည်အသွေးမမီသော ထုတ်ကုန်တစ်ခု ပါလာတတ်သည်ကိုလည်း နားလည်ပေး၍ရပေသည်။ ချင်းဒုတိယသခင်မမှာ ရှောင်အန်းလဲ့ရှိရာဘက်သို့ လက်ညှိုးထိုးပြလာ၏။

​"သူက ဟိုမှာလေ ဟိုမှာ"

​ချင်းသခင်ကြီးနှင့် ချင်းရှောင်တို့ သူမပြသည့်ဘက်ကို လိုက်ကြည့်လိုက်ရာ ခြံဝင်းထဲ၌ အနီရောင်ထီးကိုင်၍ ရပ်နေသော ရှောင်အန်းလဲ့ကို တွေ့လိုက်ရသည်။ ယခုမှသာ ရှောင်အန်းလဲ့အား သူတို့ သတိထားမိကြပေသည်။ အပြာနုရောင်ဝတ်စုံလေး ဝတ်ဆင်ထားပြီး အနီရောင် ဆီစိမ်စက္ကူထီးကိုကိုင်ဆောင်ထားသော သူမပုံစံမှာကျက်သရေရှိပြီး နတ်သမီးလေးတစ်ပါးနှင့် တူလှသည်။ ထိုနေရာတွင်ရပ်နေသော သူမပုံစံမှာ လူ့လောကနှင့် မသက်ဆိုင်သကဲ့သို့ ထင်ရပေ၏။

​"ဒီတစ်ယောက်က"

​ချင်းရှောင် အမြန်ရှင်းပြလိုက်သည်။

​"ဒါက စစ်ဘက်ဆိုင်ရာဒုတိယဝန်ကြီးရှောင်ရဲ့ သမီးအကြီးဆုံးပါ၊ တောင်ပေါ်မှာ တာအိုပညာသင်ပြီးပြန်ရောက်လာကာစလေ”

​ရှောင်အန်းလဲ့၏ နှုတ်ခမ်းနီနီလေးမှာ အနည်းငယ်ကွေးတက်သွား၏။

သိကြပြီမလား။ ဤမိသားစု၏ဉာဏ်ရည်မှာ အွန်လိုင်းပေါ်တွင်ရှိနေသည်ဟု သူမပြောခဲ့သည်ပင်။ ​သူ့ပါးစပ်မှ ထွက်လာသောအခါ သူမ၏ 'ငယ်စဉ်ကတည်းက ပျောက်ဆုံးသွားသော'ဆိုသည့် ရှောင်အိမ်တော်သမီးအကြီးဆုံး ဂုဏ်ပုဒ်မှနေ 'ပညာသင်ပြီးပြန်ရောက်လာသော'ဟု ပြောင်းလဲသွားလေရာ သူမအဆင့်အတန်းမှာ ချက်ချင်း မြင့်တက်သွားတော့သည်။ ​ရှောင်ချန်လင်းလည်း ယခုမှသတိဝင်လာပြီး ချက်ချင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ ဤချင်းသခင်လေးမှာ တကယ်ပင် စကားပြောတတ်ပေ၏။ သူ့ညီမလေးမှာ တကယ်ပင် ပညာသင်ပြီးပြန်ရောက်လာခြင်းဖြစ်သည်။ ကြည့်လိုက်လေ သူ့ညီမလေးက ဘယ်လောက်စွမ်းလိုက်သလဲ လုံးဝအမှန်ပဲ။ သူဘေးတွင်ရပ်လျက် ခေါင်းညိတ်ထောက်ခံလိုက်၏။

​"ဟုတ်ပါတယ်၊ ကျွန်တော့်ညီမလေးက ပညာသင်ပြီး ပြန်ရောက်လာတာပါ"

​ရှောင်အန်းလဲ့ ခပ်ဖွဖွပြုံးလိုက်သည်။

​"ကျွန်မပြန်ရောက်လာတော့ ချင်းအိမ်တော်က ညီမငယ်လေးရဲ့ဝိညာဉ်ကို အစုအပုံသင်္ချိုင်းဟောင်းမှာ တွေ့လိုက်လို့ သူ့ကိုကျွတ်လွတ်အောင် ကူညီပေးဖို့ ခေါ်လာခဲ့တာပါ၊ ဒါပေမယ့် သူ့ကိုသတ်တဲ့လူသတ်သမားကိုတော့ မတွေ့သေးပါဘူး၊ ချင်းမိသားစုက တော်ဝင်ကုန်သည်ဆိုတော့ လူရှာတာသိပ်မခက်လောက်ဘူးလို့ ထင်ပါတယ်"

"ဒါဆို တကယ်ပဲ ဖုန်းမျိုးရိုးဆိုတဲ့ကောင်လေးပေါ့၊ ကျွန်တော် ထင်သားပဲ၊ အဲဒီဖုန်းမျိုးရိုးပေါ်လာတာ တိုက်ဆိုင်လွန်းတယ်လို့၊ အဲ့ဒီမယားငယ်သားက တကယ်ပဲ ရည်မှန်းချက်ကြီးလွန်းတယ်၊ ငါ့သမီးကို လှည့်စားပြီး ခိုးပြေးခိုင်းရဲတယ်လေ၊ ဒါပေမဲ့ သူကရန်အာကို သတ်ဖို့ထိ ကြံစည်လိမ့်မယ်လို့ ငါတစ်ခါမှမထင်ခဲ့ဘူး၊ မိန်းကလေး စိတ်ချပါ၊ ဖုန်းမျိုးရိုးကို အမြန်ဆုံးရှာတွေ့အောင် ရှာပါ့မယ်၊ ဒါပေမယ့်"

​ဤနေရာသို့ရောက်သော် ချင်းသခင်ကြီးမှာ ရှောင်အန်းလဲ့ပတ်ပတ်လည်ကိုလိုက်ကြည့်ပြီး ချင်းရှုရန်၏ဝိညာဉ်ကို ရှာနေလေသည်။ ချင်းရှုရန်မှာ ထီးအောက်မှနေ၍ ရှိုက်သံထွက်လာ၏။

​"သမီး မျက်နှာမပြရဲဘူး၊ သူတို့ကို တွေ့ဖို့ တကယ်မျက်နှာမရှိတော့တာပါ”

​ရှောင်အန်းလဲ့ တိတ်တဆိတ်မျက်လုံးလန်လိုက်မိသည်။ သူမတွင် ချင်းဒုတိယသခင်မ၏ နတ်မျက်စိကိုဖွင့်ပေးနိုင်သောနည်းလမ်းရှိနေမှတော့ ချင်းရှုရန်၏ဝိညာဉ်ကို လူတိုင်းရှေ့ပေါ်လာအောင်လုပ်နိုင်သောနည်းလမ်းလည်းရှိသည်ပင်။ ​ထို့ကြောင့် သူမဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရှောင်အန်းလဲ့ကတော့ လူတိုင်းရှေ့တွင် သူမကို တိုက်ရိုက်ပြသလိုက်ပြီဖြစ်သည်။ မူလက ခါးအနည်းငယ်ကုန်းနေသော ချင်းသခင်ကြီးမှာ သမီးဖြစ်သူ၏ဝိညာဉ်ကို မြင်လိုက်ရသောခဏတွင် သိသိသာသာအိုစာသွားသကဲ့သို့ ဖြစ်သွားပေသည်။ ရုပ်ပိုင်းဆိုင်ရာ အိုစာခြင်းမျိုး မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာနာကျင်မှုကြောင့်ပင် ဖြစ်သည်။ သူ ချင်းရှုရန်ဆီသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်၏။

​"သမီးလိမ္မာလေး ဘာလို့အဖေ့ကို အိပ်မက်စောစောမပေးတာလဲ၊ ဒါဆို အဖေ သမီးကိုလာရှာလို့ရတာပေါ့၊ ဒီနှစ်တွေအတောအတွင်း အဖေလူလွှတ်ပြီး ခဏခဏ ရှာခိုင်းပေမယ့် ဘာသတင်းမှမရခဲ့ဘူး၊ သမီးက စိတ်ဆိုးပြီး အဖေ့ကို တမင်ရှောင်နေတယ်လို့ပဲထင်ခဲ့တာ၊ ဒါပေမယ့် ဖုန်းမျိုးရိုးဆိုတဲ့ တိရစ္ဆာန်ကောင်က သမီးအသက်ကို ယူသွားလိမ့်မယ်လို့ အဖေဘယ်တုန်းကမှ မထင်ထားခဲ့ဘူး စိတ်မပူပါနဲ့၊ အဖေ အသက်ရှင်နေသရွေ့ အဲဒီတိရစ္ဆာန်ကောင်ကိုရှာပြီး သမီးအတွက် လက်စားချေပေးပါ့မယ်”

​သူလျှောက်လာသည်ကိုမြင်တော့ ချင်းရှုရန် အမြန်သတိပေးလိုက်သည်။

​"အဖေ မလာပါနဲ့၊ သမီးဆီက ယင်ဓာတ်နဲ့ မကောင်းဆိုးဝါးအငွေ့အသက်တွေက အဖေ့ရဲ့ သက်တမ်းကို ထိခိုက်စေလိမ့်မယ်”

​လူတွဲ၍ရောက်လာပြီး တံခါးဝတွင်ရပ်နေသော ချင်းသခင်မကြီးမှာ ဤမြင်ကွင်းကိုမြင်လိုက်ရသော် မျက်ဖြူလန်ကာ မူးလဲသွားတော့သည်။

​ချင်းရှုရန် စိတ်ပူပြီး ရှေ့တစ်လှမ်းတိုးလိုက် နောက်ပြန်ဆုတ်လိုက်ဖြစ်နေတော့၏။

​"ဆရာသခင် ကျွန်မအမေ အဆင်ပြေပါ့မလားဟင်”

​“စိတ်မပူပါနဲ့၊ ခဏနေရင် သူ့အတွက် အားဆေးဖော်ပေးလိုက်မယ်၊ နင့်အမေအသက်ရှည်ရှည်နေရအောင်လုပ်ပေးမှာပါ”

​ရှောင်အန်းလဲ့ပြောရင်း တာအိုဆရာကြီး၏ယဇ်ပုလ္လင်ဆီသို့ လျှောက်သွားလိုက်ပြီး ချင်းရှုရန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

​"ဒီတာအိုဆရာကြီးကို မှတ်မိလား”

​ချင်းရှုရန် ခေါင်းခါလိုက်၏။

​"မသိဘူး မမှတ်မိဘူး"

​ရှောင်အန်းလဲ့ တာအိုဆရာကြီးထံတည့်တိုးမေးလိုက်သည်။

​"ဘယ်သူငှားတာလဲ၊ ဘယ်လောက်ရလဲ”

​တာအိုဆရာကြီးမှာ ရှောင်အန်းလဲ့ထံဒေါသတကြီး စိုက်ကြည့်နေကာ သူစကားမပြောချင်သော်ငြား သူ့ပါးစပ်ကတော့နားမထောင်ပေ။

​"ချင်းဒုတိယသခင်မ ငှားတာပါ၊ ဆုကြေးအဖြစ်တေးတစ်ထောင်ရတယ်၊ ချင်းသခင်မကြီးနဲ့ ချင်းသခင်ကြီးသေသွားရင် နောက်ထပ်တေးတစ်ထောင် ထပ်ရမယ်”

​ရှောင်အန်းလဲ့ မဲ့ပြုံးပြုံးလိုက်သည်။ ယနေ့ သူမသာမြန်မြန်မရောက်လာလျှင် ချင်းသခင်မကြီးအသက်ပါသွားလောက်ပြီဖြစ်သည်။

​"ပြောစမ်း၊ နောက်ထပ် ဘာမကောင်းမှုတွေ လုပ်ခဲ့သေးလဲ၊ နင့်လက်ထဲမှာ သေသွားတဲ့လူ့အသက်ဘယ်လောက်ရှိနေပြီလဲ”

​တာအိုဆရာကြီး မျက်လုံးပြူးကာ ရှောင်အန်းလဲ့ကို စိုက်ကြည့်နေခဲ့၏။ လူပုံအလယ်တွင် သူ့မကောင်းမှုများကို ဝန်ခံခိုင်းခြင်းမှာ လူသိရှင်ကြား ကွပ်မျက်ခြင်းနှင့် အတူတူပင်ဖြစ်သော်လည်း သူ့ပါးစပ်မှာမူ မနာခံဘဲ ပွင့်ဟလာပြီး ပြောတော့သည်။

​"ဒီအဘိုးကြီး တစ်သက်လုံးမကောင်းမှုတွေ အများကြီးလုပ်ခဲ့တယ်၊ အနည်းဆုံး လူ့အသက် ၁၀ချောင်းကျော်လောက် လက်ထဲမှာရှိတယ်၊ သူဌေးကြီးကျန်းရဲ့ တရားဝင်မယားကြီးက မယားငယ်သားကိုမကြိုက်လို့ တေးငါးရာပေးပြီးခိုင်းဖူးတယ်၊ ဒီအဘိုးကြီးက သရဲတွေသုံးပြီး အဲ့ကလေးအသက်ကို နှုတ်ယူပေးခဲ့တာ၊ အရှေ့လမ်းက ဆီကုန်သည်ကလည်း သူ့မိန်းမအသက်ကို လိုချင်လို့ တေးသုံးရာပေးတယ်၊ ဒီအဘိုးကြီးက မကောင်းဆိုးဝါးဝိညာဉ်ကို သူ့မိန်းမကိုယ်ထဲဝင်ပူးခိုင်းပြီး မြစ်ထဲခုန်ချ သေခိုင်းလိုက်တယ်၊ အန်းယန်ခရိုင်တရားသူကြီးရဲ့မယားငယ်က တရားဝင်မယားကြီးနေရာရောက်လာတော့ မယားကြီးကျန်ရစ်ခဲ့တဲ့ သားကိုမကြိုက်လို့ တေးတစ်ထောင်ပေးတယ်၊ ငါက မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်နဲ့ တစ္ဆေလက်ထပ်ပွဲကျင်းပပေးပြီး သူ့အသက်ကိုယူလိုက်တယ်၊ သခင်မဝူရဲ့မိထွေးက မယားကြီးသမီးကို ဒုက္ခပေးချင်လို့ တေးငါးရာပေးတယ်၊ ငါက သရဲအထီးတစ်ကောင်ကိုသုံးပြီး အဲ့ဒီသမီးကိုဖြားယောင်းသွေးဆောင်ပြီး သရဲကိုလင်တော်ခိုင်းလိုက်တယ်၊ လီမိသားစုက......"

​ရှောင်အန်းလဲ့နှင့် ချင်းမိသားစုဝင်များမှာ သူရွတ်ပြသည်ကို နားထောင်နေခဲ့ကြသည်။ ​တကယ်ပင် လူ့အသက် ၁၁ယောက်တောင်ရှိနေပြီး၊ မျက်လုံးကန်းအောင်၊ ခြေကျိုးအောင်လုပ်သည်များလည်း ပါသေးပေသည်။ ​ရှောင်အန်းလဲ့ တာအိုဆရာကြီးထံ မျက်ဝန်းနက်နက်များဖြင့်ကြည့်လိုက်ပြီး လက်ထဲမှအရိုးဖြူထီးကို ဘေးနားရှိချင်းရှုရန်ဆီပေးလိုက်၏။ ​သူမ တာအိုဆရာကြီး ပူဇော်ပွဲလုပ်သည့်စားပွဲခုံဆီ လျှောက်သွားပြီး တာအိုဆရာကြီး၏ မက်မွန်သားဓားကိုကောက်ယူကာ တာအိုဆရာကြီးအနား ကပ်သွားလိုက်သည်။ ​ရုတ်တရက် စကားတစ်ခွန်း ခေါင်းထဲပေါ်လာသဖြင့် မပြုံးမိဘဲမနေနိုင်တော့ပေ။

​"ငါက လမင်းကြီးကိုယ်စား နင့်ကို အပြစ်ပေးမယ်”

ထိုသို့​ပြောရင်းနှင့် သူမဓားကိုတာအိုဆရာကြီး၏ နှလုံးတည့်တည့် ထိုးစိုက်လိုက်တော့သည်။

​"ညီမလေး"

​ရှောင်အန်းလဲ့၏လုပ်ရပ်ကြောင့် ရှောင်ချန်လင်း လန့်ဖျပ်သွားရ၏။ သူ့ညီမလေးမှာ မည်သို့လုပ်၍ လူတစ်ယောက်ကို ဤအတိုင်းကြီးသတ်ပစ်လိုက်ရပါသနည်း။ ​ရှောင်အန်းလဲ့ မက်မွန်သားဓားကို တာအိုဆရာကြီး၏ရင်ဘတ်ထဲတွင် ရက်ရက်စက်စက်လှည့်မွှေလိုက်ရာ တာအိုဆရာကြီးသည် ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့လေသည်။

​"ဒုတိယအစ်ကို ဒီလိုအန္တရာယ်ကောင်မျိုးကို အရှင်ထားလို့မဖြစ်ဘူး”

​ရှောင်ချန်လင်းလည်း အရှင်ထား၍မဖြစ်မှန်း သိပေသည်။

​"ဒါပေမယ့် ညီမလေး ကိုယ်တိုင်လုပ်စရာမလိုပါဘူး၊ နောက်တစ်ခါ လူသတ်ချင်ရင် ဒုတိယအစ်ကို့ကိုပြော၊ ဒုတိယအစ်ကိုသတ်ပေးမယ်”

​ရှောင်အန်းလဲ့ မျက်ခုံးပင့်လိုက်၏။ ဤဒုတိယအစ်ကိုမှာ မဆိုးလှပေ။ သို့သော် နောက်တစ်ခဏတွင်ပင် သူမ၏ကွေးတက်နေသော နှုတ်ခမ်းထောင့်များပြန်ကျသွားသည်။ ​သူမစိတ်ထဲမှ ရွှေရောင်ကုသိုလ်အလင်းတန်းလေး လျော့သွား၏။ ၁၀ ရက်စာတောင်ပင်။ ရှောင်အန်းလဲ့ မျက်လုံးများနက်မှောင်သွားပြီး ရင်ထဲမှ ဒေါသကိုဖိနှိပ်ထားလိုက်ရ၏။ စောစောက 'လမင်းကြီးကိုယ်စား'ဟု မပြောခဲ့သင့်ဘူး။ 'နေမင်းကြီးကိုယ်စား' ဟုပြောခဲ့သင့်သည်။ ဂါထာမှားသွားတာများလား။ ​သူမမှာ ကောင်းကင်ဘုံကိုယ်စား ဤလူယုတ်မာအိုကြီးကို သတ်လိုက်ခြင်းဖြစ်ရာ မည်သည့်အတွက် သူမ၏ရွှေရောင်ကုသိုလ်အလင်းတန်းမှာ လျော့သွားရသနည်း။ ဤသို့ မဖြစ်သင့်ပေ သူမတိုင်ကြားချင်၏။ ​ရှောင်းအန်းလဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။

​"ကောင်းကင်ကြီးရေ ရှင်မျက်စိကန်းနေတာများလား”

​ဂျိန်း

​ခေါင်းပေါ်တွင် မိုးချိန်းသံကြီး မြည်ဟည်းသွားခဲ့သည်။ ​ရှောင်အန်းလဲ့ တကယ်ပြောချင်သည်မှာ 'သတ္တိရှိလျှင် ငါ့ကို မိုးကြိုးပစ်သတ်လိုက်လေ' ဟု ပြောချင်သော်ငြား နှုတ်ဖျားမှထွက်လာသည်ကတော့

​"ငါက ကောင်းကင်ဘုံကိုယ်စား စီရင်တာလေ ဘာမှားလို့လဲ”

​သူမ အနည်းငယ်တော့ပြန်အာခံချင်သေးသည်။ ဤလူယုတ်မာအိုကြီးကို သတ်လိုက်ခြင်းမှာ နောက်ထပ်လူများကို ဒုက္ခမပေးနိုင်အောင် တားဆီးလိုက်ခြင်းပင်ဖြစ်သည်။ ထိုအတွက် ကုသိုလ်ရသင့်သည်ပင်။ ကုသိုလ်မပေးလျှင်တောင် မည်သည့်အတွက်ပြန်နှုတ်ရသနည်း။ ဤသည်မှာ လုံးဝမဖြစ်သင့်ပေ။

​ကောင်းကင်ပေါ်တွင် နောက်ထပ်မိုးခြိမ်းသံကြားလိုက်ရပြီး သူမကို တိုင်တောခွင့်ပင်မပေးတော့ချေ။

​လွန်လွန်းတယ် တစ်ကယ်ကို လွန်လွန်းတယ်။

All Chapters