← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

15

​ရှောင်အန်းလဲ့မျက်နှာထားကို မြင်လိုက်ရတော့ ချင်းမိသားစုဝင်တွေ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ​ရှောင်ချန်လင်း ရှေ့တိုးလာပြီး မေးဖို့ပြင်လိုက်ပေမယ့် ရှောင်အန်းလဲ့မှာ တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် ရုတ်တရက်ပြောလိုက်သည်။

​"အကုန်လုံး အခုချက်ချင်း ခြံဝင်းထဲကနေ ထွက်သွားကြ”

​သူမအမူအရာကိုမြင်တော့ ရှောင်ချန်လင်းနဲ့ ချင်းမိသားစုဝင်တွေ လန့်သွားပြီး အမြန်ထွက်သွားကြ၏။ ရှောင်ချန်လင်းကတော့ စိတ်မချနိုင်သေးပေ။

​"ညီမလေး အကူအညီလိုလား၊ ဒုတိယအစ်ကို့ သိုင်းပညာကမဆိုးပါဘူး၊ နေခဲ့ပြီး ကူညီပေးရမလား”

​"မလိုဘူး”

​ရှောင်းအန်းလဲ့ ပြောပြီးသည်နှင့် ပိုက်ဆံအိတ်ထဲမှ အဆောင်လက်ဖွဲ့တစ်ခု ထုတ်ပြီး လေထဲပစ်တင်လိုက်သည်။

​ခဏချင်းမှာပင် ချင်းမိသားစုဝင်းဆောင်အပေါ်မှာ ဖောက်ထွင်းမြင်နိုင်တဲ့ အကာအကွယ်အတားအဆီးတစ်ခု ဖြစ်ပေါ်လာလေသည်။ ​ချင်းရှုရန် သူမကို နားမလည်နိုင်တဲ့အကြည့်ဖြင့်ကြည့်နေ၏။ သူမက တာအိုဆရာလူယုတ်မာတစ်ယောက်ကို သတ်လိုက်ရုံသာဖြစ်ရာ ကောင်းကင်ဘုံမှ အပြစ်ပေးစရာအကြောင်းမရှိပေ။ တကယ်လို့သာ ကောင်းကင်ဘုံအပြစ်ဒဏ်ခံရမည်ဆိုလျှင် ရှောင်အန်းလဲ့ဒေါသထွက်လွန်းလို့ သေသွားလောက်မည်ပင်။

​"သတိထား၊ တာအိုဆရာကြီးရဲ့ဝိညာဉ်ပဲ"

​သူမစကားဆုံးသည်နှင့် တာအိုဆရာကြီး၏ဝိညာဉ်မှာ သူ့ခန္ဓာကိုယ်ထဲမှနေ လွင့်မျောထွက်လာသည်။ ချင်းရှုရန်ကတော့ သူ့ကို အထင်သေးတုန်းပင်။ အခုမှ သေကာစသရဲအိုကြီးပဲမလား။

​"အခုမှ သေတာကိုဘာကြောက်စရာရှိလဲ၊ ငါ့လောက်တောင် စွမ်းအားမကြီးသေးဘူး"

​ရှောင်အန်းလဲ့ကတော့ အဲ့ဒီလိုမထင်ပေ။ သူမ စောစောက တာအိုဆရာကြီးနှလုံးကို ထိုးစိုက်ခဲ့သည့် မက်မွန်ဓားကိုသာ ကိုင်ထားပြီး အသင့်ပြင်ထားလိုက်သည်။ ​လုံးဝသေဆုံးသွားပြီဖြစ်တဲ့ တာအိုဆရာကြီးဆီကနေ အမည်းရောင်အငွေ့အသက်များထွက်လာပြီး သူ့အလောင်းပေါ်မှနေ မည်းနက်တဲ့အရိပ်တစ်ခု ထွက်ပေါ်လာ၏။ ​ချင်းရှုရန် အရိုးဖြူထီးကိုကိုင်ထားရင်း စုတ်သပ်လိုက်သည်။

​"ဒီတာအိုဆရာကြီးရဲ့ ဝိညာဉ်က တော်တော်စွမ်းမယ့်ပုံပဲ"

​ရှောင်အန်းလဲ့ လေးလေးနက်နက် သတိပေးလိုက်သည်။

​"ခဏနေရင် ကိုယ့်ကိုကိုယ်ဂရုစိုက်”

​တာအိုဆရာကြီးရဲ့ဝိညာဉ်ပတ်လည်မှာ အမည်းရောင်အငွေ့တွေ ဝဲပျံနေပြီး ရှောင်အန်းလဲ့ကို ကြည့်လိုက်သည်နှင့် မျက်လုံးထဲမှာ အမုန်းတရားတွေ ပေါက်ကွဲထွက်လာတော့သည်။

​"ကောင်မစုတ်လေး မင်းကငါ့လိုလူကြီးတစ်ယောက်ကို သတ်ရဲတယ်ပေါ့လေ၊ ငါသေသွားရင်တောင် မင်းကိုပါ တစ်ခါတည်း ဆွဲခေါ်သွားမယ်”

ထိုသို့​ပြောပြီးသည်နှင့် ရှောင်အန်းလဲ့ဆီ သူပြေးဝင်လာ၏။ ဘေးနားမှ ချင်းရှုရန်မှာ တာအိုအဘိုးကြီးဆီ အရင်ပြေးဝင်သွားလေသည်။

​"ငါ အရင်စမ်းကြည့်လိုက်မယ်၊ အခုမှသေတဲ့သရဲက ငါ့ထက်ပိုစွမ်းမယ်ဆိုတာမယုံဘူး”

​ချင်းရှုရန် သူမ၏မိစ္ဆာအငွေ့အသက်တွေနဲ့တိုက်ခိုက်ပေသိ တာအိုဆရာကြီး၏ဝိညာဉ်ကို မယှဉ်နိုင်ဘဲ ဆယ်ကွက်လောက်နဲ့တင် လွင့်ထွက်သွားပေသည်။

​"ဒီသရဲအိုကြီးက တော်တော်စွမ်းတာပဲ၊ ငါမနိုင်ဘူးဆိုတာ မယုံဘူး လာခဲ့စမ်း ထပ်စမ်းမယ်”

​သူမ,မယုံနိုင်ဟန်ဖြင့်ထပ်ပြေးဝင်သွားသည်ကိုမြင်တော့ ရှောင်အန်းလဲ့ ပြောစရာစကားမရှိတော့ပေ။ ဤကောင်မလေးမှာ တကယ်ခေါင်းမာလှသည်။ ဒီတစ်ခါတော့ သုံးကွက်တည်းနဲ့ ချင်းရှုရန် လွင့်ထွက်သွားပြန်လေ၏။

​“ဘာလို့ သရဲချင်းကွာခြားချက်က ဒီလောက်ကြီးမားနေရတာလဲ၊ ငါက သေတာ သုံးနှစ်ရှိပြီ၊ အစုအပုံသင်္ချိုင်းဟောင်းမှာလည်း သရဲတွေအများကြီး စားခဲ့တာ၊ ဒါတောင် အခုမှသေတဲ့ သရဲကို မနိုင်ဘူးတဲ့လား၊ ဒါ ဖြစ်နိုင်ပါ့မလား”

​ရှောင်အန်းလဲ့ သူမပုံစံကိုကြည့်ပြီးရယ်ချင်နေမိသည်။

​"သရဲတိုင်း မတူဘူးလို့ ပြောသားပဲ"

​တာအိုဆရာကြီး၏ဝိညာဉ်မှာ ထွက်ပြေးဖို့ကြိုးစားပေသိ အကာအကွယ်အတားအဆီးနှင့်တိုက်မိပြီး ပြန်ကန်ထွက်လာသည်ကိုသာ တွေ့လိုက်ရာ ရှောင်အန်းလဲ့ လက်ထဲမှ မက်မွန်သားဓားကို တင်းတင်းဆုပ်ကိုင်ပြီး ပြေးဝင်သွားတော့သည်။

​"အပြင်ထွက်ပြီး လူတွေကို ဆက်ဒုက္ခပေးပြီး ကျင့်ကြံခြင်းအဆင့်တက်ချင်သေးတယ်ပေါ့လေ၊ ဟမ့် နင်ထွက်ပြေးမယ်ဆိုတာ ငါကြိုသိလို့ ဒီအဆောင်ထဲမှာအကာအကွယ်အတားအဆီးလုပ်ထားတာ၊ ဒီနေ့ နင်သေမှ ဒါမှမဟုတ် ငါသေမှ ဒီအတားအဆီးပျက်သွားမှာ”

​တာအိုဆရာကြီး၏ဝိညာဉ်မှာ ရှောင်အန်းလဲ့ဆီ ပြေးဝင်လာ၏။ သူ့ပတ်လည်မှာ အငြိုးအတေးတွေ၊ မကောင်းဆိုးဝါးအငွေ့အသက်တွေ များပြားနေခဲ့သည်။ ထိုသည်တို့မှာ သူဒုက္ခပေးခဲ့သည့်လူများဆီမှရခဲ့သော ကံကြမ္မာဆိုးကျိုးတွေဖြစ်ပြီး စည်းမျဉ်းအရဆို သူသေသွားသည့်အခါသူ့ကို နှိပ်စက်ရမည်ပင်။ ​သို့သော်တာအိုဆရာကြီး၏ဝိညာဉ်မှာ ထိုအရာများကိုစုပ်ယူပြီး သူ့ကျင့်ကြံခြင်းအတွက် အသုံးချလိုက်ပေသည်။ ရှောင်အန်းလဲ့ မျက်နှာထား တည်ကြည်လေးနက်သွားပြီး မက်မွန်သားဓားကို ပိုပြီးတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်၏။ ​သူမက ဒီခန္ဓာကိုယ်ထဲ ပြန်လည်မွေးဖွားလာပြီး ရွှေရောင်ကုသိုလ်အလင်းတန်းကို အသုံးပြုကာ ခန္ဓာကိုယ်၏စွမ်းဆောင်ရည်များကို အကောင်းဆုံးအခြေအနေရောက်အောင် ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။ လက်သီးတစ်ချက်တည်းနှင့် မြင်းတစ်ကောင်ကို သတ်နိုင်သည်ထိကိုစွမ်းရည်ရှိ၏။ ​အခုအချိန်မှာတော့ ရှောင်အန်းလဲ့အစွမ်းကုန်ကြိုးစားပြီး တာအိုဆရာကြီးမှ ပြောင်းလဲသွားသည့် မိစ္ဆာကိုရင်ဆိုင်တိုက်ခိုက်နေလေသည်။ ထိုမိစ္ဆာဖန်တီးထားသော ယင်ဓာတ်အငွေ့အသက်တွေကို သူမခွဲပစ်လိုက်ပေသိ တခြားတစ်နေရာမှာပြန်စုစည်းပြီး သူမကိုဆက်တိိုက်ဆိုသလို တိုက်ခိုက်နေခဲ့သည်။ သူမ သတိလွတ်သွားချိန်တွင် အလစ်ဝင်တိုက်ဖို့ကြိုးစားနေခြင်းဖြစ်၏။

​ရွှေရောင်ကုသိုလ်အလင်းတန်းအထောက်အပံ့နှင့် ရှောင်အန်းလဲ့လက်ထဲမှ သစ်သားဓားမှာအကွက်ပေါင်းများစွာတိုက်ခိုက်ပြီး မိစ္ဆာမြူကိုကွဲသွားအောင်သာ လုပ်နိုင်ခဲ့၏။ ဤမိစ္ဆာမှာလည်း အစွမ်းထက်လှသည်။ လူပုံစံတစ္ဆေအငွေ့အသက် ဆယ်ခုအဖြစ် ပြန်လည်စုစည်းပြီး သူမကိုဝိုင်းတိုက်တော့သည်။ ချင်းရှုရန် ဘေးမှနေ စိုးရိမ်တကြီးကြည့်နေပြီး ဝင်ကူညီဖို့ ပြေးလာ၏။ သူမက တစ္ဆေအငွေ့အသက်တစ်ခုကိုတော့ ထိန်းထားနိုင်သေးသည်။ ​ရှောင်အန်းလဲ့မှာတော့ မိစ္ဆာကိုးကောင်ကို တစ်ယောက်တည်း ရင်ဆိုင်နေရရာ မကာကွယ်နိုင်ဘဲ တစ်ကောင်၏ တိုက်ခိုက်မှုကိုခံလိုက်ရပြီး လွင့်ထွက်သွားလေသည်။ ​သူမသွေးကြောများ ဆူပွက်လာသလိုခံစားလိုက်ရပြီး လက်ထဲရှိမက်မွန်ဓားကို လွှင့်ပစ်လိုက်၏။ သူမချက်ချင်းပင် တာအိုလက်ဟန်တွေ ပြုလုပ်လိုက်သည်။

​"လင်း ပင်း သို့ ကျယ် ကျဲ ကျန်း လဲ့ ချန် ရှင်း မကောင်းဆိုးဝါးများ ပျက်စီးစေ"

​ရွှေရောင်ကုသိုလ်အလင်းတန်းမှနေဖြစ်ပေါ်လာသည့် ရွှေနီရောင်ဇာမဏီငှက်တစ်ကောင် ကောင်းကင်ပေါ်ပျံတက်သွားပြီး ကျီကနဲအော်မြည်ကာ တာအိုဆရာမိစ္ဆာဆီ ဦးတည်သွားလေသည်။

​ရှောင်အန်းလဲ့ လက်ဟန်တွေပြုလုပ်နေတုန်းကတည်းမှ ချင်းရှုရန်သည် အရိုးဖြူထီးထဲပြန်ပုန်းဝင်နေပြီဖြစ်သည်။

​ကြောက်စရာကြီး သရဲမတောင်အပြင်ထွက်ရင် ကိုယ့်ကိုကိုယ် ကာကွယ်ထားရတယ်။ မဟုတ်ရင် ကြားညှပ်ပြီးသေသွားမှာပဲ။

မိစ္ဆာဆယ်ကောင်လုံးကို စားသောက်ပြီးနောက် ရွှေရောင်တောက်ပနေတဲ့ ဇာမဏီငှက်မှာ ရှောင်အန်းလဲ့ဆီပြန်ပျံလာပြီး သူမခန္ဓာကိုယ်ထဲတိုက်ရိုက်ဝင်ရောက်သွား၏။

​"ဟူး"

​နောက်ဆုံးတော့ ဖြေရှင်းလို့ ပြီးသွားပြီဖြစ်သည်။ ယခုမှ ကူးပြောင်းလာသည့် သူမကို အတွေ့အကြုံလေးတောင်မပေးဘူးလား။ ချက်ချင်းကြီး ဒီလောက်စွမ်းတဲ့ မိစ္ဆာနဲ့ပေးတွေ့တယ်ပေါ့လေ။ အဆောင်ပေါ်မှ အကာအကွယ်အတားအဆီး ပျက်စီးသွားပြီး နေရောင်ခြည်ဝင်ရောက်လာခဲ့လေသည်။ စောစောကကဲ့သို့ မှောင်မိုက်နေသောမြင်ကွင်းမျိုး မရှိတော့ပေ။

​သူမခန္ဓာကိုယ်ထဲမှ ရွှေဝါရောင်သမ်းနေသည့် ရွှေရောင်ကုသိုလ်အလင်းတန်း အတုံးလိုက်အခဲလိုက်ကြီးတိုးလာသည်ကို ခံစားလိုက်ရ၏။

​ရက်ပေါင်း ၆၀စာတောင်လား။

​သူမ ကိုယ့်ဘာသာတွက်ချက်ကြည့်လိုက်သည်။ စရောက်တုန်းက ရက် ၃၀စာ ပါလေ၏။ နောက်တော့ ကျောက်နီယန်ကိုကယ်လိုက်ရာ ၁၀ရက်စာ တိုးလာ၏။ ​စောစောက တာအိုဆရာကြီးကိုသတ်လိုက်၍ ၁၀ရက်စာ လျော့သွားတော့ ရက် ၃၀စာပြန်ဖြစ်သွားသည်။ အဲဒီ ရက် ၃၀စာရွှေရောင်ကုသိုလ်အလင်းတန်းကိုသုံးပြီး ဇာမဏီငှက်အဖြစ်ပြောင်းကာ တာအိုဆရာကြီးကိုသတ်လိုက်၍ ရက် ၃၀စာလည်းကုန်သွား၏။ ​အခု တာအို‌ဆရာကြီး၏ဝိညာဥ်ကိုသတ်လိုက်ရာ ရက် ၆၀စာတိုးလာသည်ဖြစ်ရာ နောက်ဆုံးရလဒ်က ရက် ၆၀ စာပင်ဖြစ်ပြီး ရက် ၉၀မဟုတ်ပေ။

ထားလိုက်ပါတော့၊ ကပ်စေးနည်းလိုက်တာ။ ကံကောင်းသည်မှာ ဒီသက်တမ်း ရက် ၆၀စာအပြင် သူမခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း နောက်ထပ်တစ်ဆင့် တိုးတက်လာလေသည်။ ​တာအိုဆရာကြီးလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက်တော့ သူသေသွားပြီးနောက် အဲ့ကံကြမ္မာဆိုးကျိုးတွေက သူ့ကိုငှားရမ်းခဲ့တဲ့လူတွေဆီသာ ပြန်ရောက်သွားလိမ့်မည်ပင်။ ​ချင်းအိမ်တော်အပြင်ဘက်တွင် ဇိမ်ခံမြင်းလှည်းတစ်စီး၏လိုက်ကာပြန်ကျသွားသည်။ ယဲ့မင်းသားသည် မြင်းလှည်းထဲမှနေ ရေရွတ်လိုက်၏။

​"သူမက တကယ်စွမ်းတာပဲ၊ ငါဝင်ပါစရာတောင် မလိုတော့ဘူးထင်တယ်၊ မိုထင် သွားကြစို့"

​မိုထင် ဘေးနားမှာမြင်းစီးပြီး အစောင့်အဖြစ်လိုက်လာသည့် မိုယွီထံလှမ်းကြည့်လိုက်သည်။ ​ငါတို့သခင်က ဘာလုပ်ချင်နေတာလဲ။ ​မိုယွီက သူ့ကို မသိမသာမျက်စပစ်ပြလိုက်သည်။ "သခင့်ကိစ္စ ဝင်မပါနဲ့"ဆိုသည့်သဘောပင်။

​ရှောင်အန်းလဲ့ တာအိုဆရာကြီးကိစ္စရှင်းပြီးနောက် သူ့အလောင်းနားလျှောက်သွားပြီး ခါးကြားရှိပိုက်ဆံအိတ်ကိုဖြုတ်ယူကာ သူမ၏နေရာလွတ်အိတ်ထဲသို့ တွေဝေခြင်းမရှိထည့်လိုက်တော့သည်။ ​ဟင်္သာပြဒါး၊ စက္ကူဝါ၊ မက်မွန်သားဓား စသည့်သူ့ပစ္စည်းကိရိယာတွေကိုလည်း အကုန်သိမ်းယူလိုက်၏။ ပူဇော်သည့်စားပွဲခုံကိုတောင် မချန်ခဲ့ပေ။ တာအိုဆရာကြီး၏ အဝတ်အစားများမှာ ရွံစရာကောင်းလွန်း၍သာမဟုတ်လျှင် အကုန်ချွတ်ယူမိမည်ဖြစ်သည်။ ​သူမအမြင်အရတော့ ဒါတွေက စစ်နိုင်လို့ရတဲ့သုံ့ပန်းတွေပဲလေ ဘာလို့မယူရမှာလဲ။ ​မီးနတ်ဘုရားအဆောင်တစ်ခုကို တာအိုဆရာကြီးအလောင်းပေါ် ပစ်တင်လိုက်သည်။ ​မီးနတ်ဘုရား၏မီးကိုငှါးပြီးမကောင်းဆိုးဝါးတွေကို လောင်ကျွမ်းစေလိုက်ရာ တာအိုဆရာကြီး၏အလောင်းမှာ သူ့ဝိညာဉ်လိုပင် ချက်ချင်းပြာကျပြီး ပျောက်ကွယ်သွားလေ၏။ ​ထို့နောက်သူမ လျှောက်သွားပြီး အရိုးဖြူထီးကိုကောက်ယူကာ ဖွင့်လိုက်သည်။ ​သူမ ရယ်မောပြီး ချင်းရှုရန်ကို စလိုက်၏။

​"နင့်ရဲ့ လုံခြုံရေးအသိက တော်တော်ကောင်းတာပဲ၊ ပုန်းရကောင်းမှန်းတောင် သိတယ်”

​ချင်းရှုရန် ထီးအောက်ကနေထွက်လာပြီး မျက်လုံးလေးတွေမှေးစင်းကာ မျက်နှာချိုသွေးပြီး ပြုံးပြလိုက်သည်။

​"ကျွန်မက သေသွားတာပဲရှိတာပါ တုံးအသွားတာ မဟုတ်ဘူးလေ၊ ဒါပေမယ့် ဆရာသခင်က တကယ်အစွမ်းထက်တာပဲ၊ ကျွန်မ ဆရာသခင်ကို လေးစားတာ မြစ်ရေတွေစီးဆင်းသလို အဆုံးအစမရှိပါဘူး၊နောက်ဆိုရင် ဆရာသခင်က အရှေ့သွားခိုင်းရင် အနောက်မသွားဘူး၊ ခွေးဖမ်းခိုင်းရင် ကြက်မလိုက်ဘူး”

​ရှောင်အန်းလဲ့ : "မြှောက်မနေနဲ့တော့၊ သွား နင့်မိသားစုကို သွားတွေ့ရအောင်”

ခြံ​ဝင်းအပြင်မှလူများမှာ စိုးရိမ်တကြီးစောင့်နေကြပြီး သူမထွက်လာသည်ကိုတွေ့တော့ အနားကိုအမြန်ပြေးလာပြီး နှုတ်ဆက်ကြလေသည်။

16

​ရှောင်ချန်လင်း သူမအားစိုးရိမ်တကြီး အကဲခတ်ကြည့်လိုက်လေသည်။

​“ညီမလေး အဆင်ပြေရဲ့လား”

​ရှောင်အန်းလဲ့ ပြုံးလိုက်ပြီး အရိုးဖြူထီးကို ကိုင်ထားရင်း ခေါင်းခါပြလိုက်လေသည်။

​“ညီမလေး အဆင်ပြေပါတယ်၊ တာအိုဆရာကြီးကိစ္စက ဖြေရှင်းပြီးသွားပါပြီ ၊ ကျန်တာကချင်းမိသားစုရဲ့ကိုယ်ရေးကိုယ်တာကိစ္စဆိုတော့ ညီမတို့တွေ ဝင်မပါသင့်တော့ဘူး”

​သတိပြန်ရလာပြီဖြစ်သော ချင်းသခင်မကြီးနှင့်ချင်းသခင်ကြီးတို့မှာ အပြေးအလွှားရောက်လာကြပြီး သူမကိုင်ထားသည့် အနီရောင်ဆီစိမ်စက္ကူထီးကို ကြည့်လိုက်ကြလေသည်။

​“ကျေးဇူးတင်ပါတယ် ရှောင်သခင်မလေး၊ ကျွန်မရဲ့ရန်အာ အဆင်ပြေရဲ့လားဟင်”

​“သူအဆင်ပြေပါတယ်၊ ဒါပေမယ့် ရှင်တို့ သူ့ကိုထပ်တွေ့လို့ မရတော့ဘူး၊ သူ့ဝိညာဉ်ကို လူတွေရှေ့ ခဏခဏပေါ်ခိုင်းတာက သူ့ဝိညာဉ်စွမ်းအားကို အရမ်းလျော့နည်းစေတယ်”

​ရှောင်အန်းလဲ့ ထိုသို့ပြောသည်ကို ကြားသော် ချင်းသခင်ကြီးနှင့် ချင်းသခင်မကြီးတို့ ခေါင်းအမြန်ခါလိုက်ကြလေသည်။

​“ဒါဆို မတွေ့တော့ပါဘူး၊ သူအဆင်ပြေရင် ပြီးတာပါပဲ၊ ရှောင်သခင်မလေး ကျွန်တော်တို့ သူ့အတွက် ဘာလုပ်ပေးလို့ရမလဲ၊ အမွှေးတိုင်တို့ ဖယောင်းတိုင်နဲ့ စက္ကူပိုက်ဆံတွေရှို့ပေးရမလား၊ ပြီးတော့ သူ့အရိုးတွေကရော ဘယ်မှာလဲ၊ဘယ်လိုလုပ်ရမလဲဆိုတာကို ရှောင်သခင်မလေးလမ်းညွှန်ပေးပါဦး”

​ရှောင်အန်းလဲ့ သူတို့သမီးအပေါ်ထားရှိသည့် သံယောဇဉ်ကို နားလည်လေသည်။

​“သူ့အရိုးတွေကို ကျွန်မသိမ်းဆည်းပေးထားပါတယ်၊ လောလောဆယ် ရှင်တို့လုပ်ပေးနိုင်တာက အမွှေးတိုင်တို့ ဖယောင်းတိုင်တို့နဲ့ စက္ကူပိုက်ဆံနည်းနည်းရှို့ပေးပါ၊ ဒါပေမယ့် အရမ်းအများကြီးတော့မရှို့ပါနဲ့၊ အရေးကြီးဆုံးက လူသတ်သမားကိုရှာဖို့ပါပဲ ၊ ဖုန်းမျိုးရိုးနဲ့သူကို ရှာတွေ့ပြီး ဝဋ်ကြွေးပြန်ဆပ်ခိုင်းနိုင်မှ သူ့ကိုလူဝင်စားလို့ရအောင် ကျွန်မပို့ပေးလို့ရမှာ”

​ချင်းသခင်မကြီးနှင့် ချင်းသခင်ကြီးတို့ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ကြပြီး ရှောင်အန်းလဲ့ဘေးရှိ ထီးအောက်သို့ သံယောဇဉ်အပြည့်ဖြင့် ကြည့်လိုက်ကြလေသည်။ ဘာမှမမြင်ရသော်လည်း သူတို့သမီးသည် ထိုထီးအောက်မှနေ၍ သူတို့ကိုကြည့်နေမည်ဟု ခံစားနေရပေသည်။

​“ကျွန်တော် ချင်းမိသားစုရဲ့ အဆက်အသွယ်အကုန်လုံးကို သုံးလိုက်မယ်၊ ကောင်းကင်နဲ့မြေကြီးကို လှန်ပြီးတော့ပဲဖြစ်ဖြစ် မြေကိုသုံးပေအနက် တူးပြီးတော့ပဲဖြစ်ဖြစ် အဲဒီလူကိုရှာတွေ့အောင်ကိုရှာမယ်”

​ချင်းသခင်ကြီးပြောပြီးသည်နှင့် ဘေးနားရှိ ချင်းသခင်မကြီး၊ အကြီးဆုံးသခင်လေးနှင့် အငယ်ဆုံးသခင်လေးတို့လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် သူတို့လည်း အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း ပြသလာကြသည်။ ​ချင်းရှောင်သည် သူ့အင်္ကျီလက်ဝမှနေ အနီရောင်အဝတ်ဖြင့်ထုပ်ထားသော စာအိတ်နီတစ်ခုကိုထုတ်ယူပြီး ရှောင်အန်းလဲ့အား ပေးလိုက်လေသည်။

​“ဒီတစ်ခေါက် ရှောင်သခင်မလေးကို ဒုက္ခပေးမိပါပြီ၊ ညီမလေးက ရှောင်သခင်မလေးဆီမှာရှိနေတာဆိုတော့ သူ့ကို ကျွတ်လွတ်အောင်လုပ်ဖို့ကိစ္စကို ရှောင်သခင်မလေးပဲ ကူညီပေးပါဦး”

​ရှောင်အန်းလဲ့ ထူထဲသောစာအိတ်နီကို ယူလိုက်ရာ သူမမျက်နှာပေါ်မှပင်ပန်းနွမ်းနယ်မှုများ လျော့ပါးသွားလေသည်။ ထိုအချိန်မှာပင် အိမ်တော်ထိန်းတစ်ဦးအပြေးအလွှား ရောက်လာပြီး ချင်းသခင်ကြီးနှင့် ချင်းသခင်မကြီးထံကြည့်လိုက် ထို့နောက် အကြီးဆုံးသခင်လေးထံကြည့်လိုက်နှင့် သူ့မျက်နှာထားမှာ ပြောရခက်နေသည့်ပုံပေါက်နေလေသည်။ ​ချင်းသခင်ကြီးသည် ယနေ့ သရဲတစ္ဆေများနှင့် နတ်ဘုရားကိစ္စများကိုမြင်တွေ့ခဲ့ရပြီး ရှောင်အန်းလဲ့၏စွမ်းရည်ကိုလည်းမြင်ခဲ့ရသဖြင့် ယခုအခါ ရှောင်အန်းလဲ့ကို လေးစားသမှုဖြင့် ဆက်ဆံနေပြီဖြစ်သည်။ အိမ်တော်ထိန်း၏ လက်ရှိဗလုံးဗထွေးဖြစ်နေပုံကို မြင်သော် မကျေမနပ်ဖြစ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

​“ပြောစရာမရှိတာ ဘာမှမရှိဘူးလား၊ ပြောစရာရှိရင် တန်းပြောလိုက်စမ်း”

​အိမ်တော်ထိန်းသည် နဖူးမှချွေးများကို သုတ်လိုက်ပြီး ရှောင်အန်းလဲ့နှင့်သူမအစ်ကိုထံ တစ်ချက်ကြည့်ကာ အားတင်းပြီး ပြောလိုက်လေသည်။

​“သခင်ကြီးကို တင်ပြပါရစေ၊ တံခါးဝမှာ သားအမိနှစ်ယောက် ရောက်နေပါတယ်၊ အဲဒီအမျိုးသမီးက သူကလေးက အကြီးဆုံးသခင်လေးရဲ့ကလေးပါလို့ ပြောနေပါတယ်”

​သူတို့၌ဖြေရှင်းစရာမိသားစုကိစ္စရှိနေသည်ကိုမြင်သော် ရှောင်ချန်လင်းမှာ သူ့ညီမကိုခေါ်ပြီး ချက်ချင်းနှုတ်ဆက်လိုက်လေသည်။

​“ချင်းသခင်ကြီးတို့ မိသားစုကိစ္စဖြေရှင်းစရာရှိနေတော့ ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါဦး”

​ချင်းသခင်ကြီးနှင့် အကြီးဆုံးသခင်လေးတို့ မျက်နှာမကောင်းဖြစ်သွားကြသော်လည်း သူတို့ပြန်ချင်နေသည်ကို တွေ့၍တားထားရန် ခက်ခဲနေလေသည်။

​“ကောင်းပါပြီ၊ ဒုတိယညီကို ကိုယ်တိုင် လိုက်ပို့ခိုင်းလိုက်ပါ့မယ်”

​ချင်းရှောင်သည် ရှောင်အန်းလဲ့နှင့်ရှောင်ချန်လင်းကို ခေါ်ထုတ်လာခဲ့လေသည်။ ​ချင်းရှောင်အနေဖြင့် ရှောင်အန်းလဲ့တို့မောင်နှမကို နောက်ဖေးပေါက်မှ ခေါ်ထုတ်သွားမည်မဟုတ်ဘဲ အဓိကတံခါးမကြီးမှသာ ခေါ်ထုတ်သွားမည်မှာ သေချာပေသည်။ ​ထိုအမျိုးသမီးမှာ ကလေးနှင့်အတူ တံခါးဝတည့်တည့်၌ပိတ်ရပ်နေသဖြင့် ရှောင်အန်းလဲ့သည် ထိုအမျိုးသမီးနှင့်သူမပွေ့ချီထားသောကလေးကို မြင်လိုက်ရသည်မှာသဘဝကျပေ၏။ ချင်းရှောင် မျက်မှောင်ကြီး တွန့်ချိုးသွားလေသည်။ သူက သူ့အစ်ကိုအတွက် ဆင်ခြေပေးနေခြင်း မဟုတ်သော်လည်း သူ့အစ်ကိုကြီးသည် စာပေလေ့လာရာ၌ တကယ်ကိုဝီရိယရှိသူဖြစ်ပြီး ဒီလိုကိစ္စမျိုးလုပ်လိမ့်မည်ဟု သူစိတ်ကူး၍ပင်မရပေ။ ​ချင်းမိသားစုသည် တော်ဝင်ကုန်သည်ဖြစ်သော်လည်း ကုန်သည်သာဖြစ်သည်။ ပညာရှင်၊ လယ်သမား၊ လက်မှုပညာရှင်၊ ကုန်သည်ဟူသော အဆင့်အတန်းခွဲခြားမှု၌ ကုန်သည်အဆင့်အတန်းသည် နိမ့်ကျလေသည်။

​ထို့ကြောင့် အကြီးဆုံးသခင်လေးသည် နောင်တစ်ချိန် ချင်းမိသားစုကိုကာကွယ်ရန်အတွက် စာမေးပွဲဖြေဆိုပြီး အရာရှိလောကသို့ ဝင်ရောက်လိုသူ ဖြစ်သည်။ ဒုတိယအိမ်ခွဲမှ သမီးကိစ္စတွင်လည်း ချင်းမိသားစုမှာ ငွေအများကြီးသုံးပြီး သူမကိုအရာရှိသမီးတစ်ယောက်နံဘေးတွင်နေရာရအောင်လုပ်ပေးခဲ့၍သာ နန်းတွင်းဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အရှင်မင်းကြီးနှင့် အိပ်စက်ခွင့်ရပြီး နဂါးသားတော်မွေးဖွားပေးနိုင်ခြင်းကပင် ကံကောင်းလွန်းလှပြီပင်။ သို့သော် ဒုတိယအိမ်ခွဲမှ သူတို့ကိုဒီလိုနည်းနှင့် ဖယ်ထုတ်ဖို့ကြိုးစားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

​“အဟမ်း တကယ်တော့ ကျွန်တော့်အစ်ကိုကြီးက ပုံမှန်ဆိုရင် ကိုယ့်ကိုယ်ကိုအရမ်းထိန်းသိမ်းပါတယ်၊ လက်ရှိမှာ လက်ထပ်ဖို့ဆွေးနွေးနေတာတွေလည်း ရှိနေတော့ ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး”

​ချင်းရှောင် နေရခက်စွာဖြင့်ပြောလိုက်လေသည်။ ရှောင်အန်းလဲ့ ထိုအမျိုးသမီးနား လျှောက်သွားပြီး မျက်နှာကိုအကဲခတ်ကြည့်လိုက်သည်။ ထို့နောက် သူမလက်ထဲတွင်ပွေ့ထားသော သုံးနှစ်အရွယ်ကလေးကိုကြည့်ပြီး ခေါင်းခါလိုက်လေသည်။ ​ထိုအမျိုးသမီးသည် ရှည်သွယ်သော မျက်လုံး၊ မေးစေ့ချွန်ချွန်နှင့် ပါးရိုးမြင့်မြင့်များရှိသည်။ လက်ထဲမှ ကလေးကိုကြည့်လိုက်သော် တကယ်ပင် သူမ၏ကလေးစစ်စစ်ဖြစ်ပေ၏။ ​ရှောင်အန်းလဲ့မှ သူမကိုစစ်ဆေးနေသည်ကိုမြင်သော် ထိုအမျိုးသမီးမှာ ရှောင်အန်းလဲ့အား ချင်းမိသားစုမှ အကြီးဆုံးသခင်လေးအတွက် စီစဉ်ပေးထားသော သတို့သမီးလောင်းဟုထင်သွားလေသည်။ သူမသည် ကလေးကို ပွေ့ထားလျက် ရှောင်အန်းလဲ့ထံ ချက်ချင်း ဦးညွှတ်လာလေ၏။

​“သခင်မလေး ကျေးဇူးပြုပြီးသနားပါဦး၊ ကျွန်မတို့သားအမိကို အိမ်တော်ထဲ ဝင်ခွင့်ပေးပါနော်၊ အပြင်မှာဆက်နေဖို့ နည်းလမ်းမရှိတော့လို့ပါ၊ ရွှမ်အာက အကြီးဆုံးသခင်လေးရဲ့ သွေးသားရင်း ဖြစ်ပေမယ့် ကျွန်မတို့သားအမိအတွက် တရားဝင်နေရာ မတောင်းဆိုပါဘူး၊ ကလေးဗိုက်ဝပြီး နွေးနွေးထွေးထွေးနေရဖို့နဲ့ အနိုင်ကျင့်မခံရဖို့လောက်ပါပဲ”

​ထိုစကားများကြောင့် ချင်းရှောင်၏မျက်နှာထား ပြောင်းလဲသွားလေသည်။ ရှောင်အန်းလဲ့မှာ သူတို့အိမ်တော်၏ဧည့်သည်တော်ဖြစ်သည်။ ဒီအမျိုးသမီးစကားကြောင့် အထင်လွဲသွားပါက ခက်ပေတော့မည်။ ​သူရှင်းပြရန် ရှေ့တိုးလိုက်စဉ် ရှောင်အန်းလဲ့ ပြောသည်ကို ကြားလိုက်ရလေသည်။

​“ရှင် လူမှားတောင်းဆိုနေပြီ၊ ချင်းအိမ်တော်ထဲဝင်ခွင့်ရမရက ကျွန်မနဲ့မဆိုင်ဘူး၊ ဒါပေမယ့် ဒီကလေးက အကြီးဆုံးသခင်လေးရဲ့ ကလေးမဟုတ်ဘူးဆိုတာကိုတော့ ကျွန်မပြောပြနိုင်တယ်၊ ကလေးရဲ့အဖေက ရှင်နဲ့အမျိုးတော်စပ်တယ်၊ ရှင့်ရဲ့ ဝမ်းကွဲအစ်ကိုပဲ”

​ထိုစကားဆုံးသည်နှင့် အမျိုးသမီး၏မျက်နှာတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်ဖြတ်ပြေးသွားပြီး မျက်လွှာကိုအမြန်ချကာ ခေါင်းခါလိုက်လေသည်။

​“သခင်မလေး ဘာပြောနေလဲ ကျွန်မ,မသိပါဘူး၊ ကျွန်မရဲ့ရွှမ်အာက အကြီးဆုံးသခင်လေးနဲ့ရထားတဲ့ ကလေးပါ၊ ကျွန်မသာလိမ်ပြောနေရင် မိုးကြိုးပစ်ပြီး သေပါစေ”

​ရှောင်အန်းလဲ့ ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။ ဒီကောင်းကင်ကတော့ အသေကောင် လုပ်နေပြန်ပြီ။ လူတွေအများကြီး တစ်နေ့တစ်နေ့ ကျိန်စာတိုက်နေကြတာ တစ်ယောက်မှ အပစ်ခံရတာမတွေ့ဖူးဘူး။ ​သူမအလှည့်ကျတော့ မေးခွန်းထုတ်ရုံရှိသေးတယ် မိုးခြိမ်းပြီး သတိပေးတယ်တဲ့ ဟမ့်။ ​ချင်းရှောင်သည် ရှောင်အန်းလဲ့၏စွမ်းရည်များကို မြင်တွေ့ဖူးသဖြင့် သူမကိုယုံကြည်လေသည်။

​“ရှောင်သခင်မလေးပြောတာ တကယ်လား”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်လေသည်။

​“သေချာတာပေါ့ ရှင်လူလွှတ်ပြီးစုံစမ်းကြည့်လို့ရတယ်၊ ဒါမှမဟုတ် သွေးစစ်ကြည့်လို့ရတယ်၊ ဒါပေမယ့် ကလေးရဲ့ညာဘက်လက်ညှိုးကိုတော့ မဖောက်နဲ့နော်၊ အဲ့ဒီမှာရှင့်အစ်ကိုကြီးရဲ့သွေးစက်နည်းနည်းဖွက်ထားတယ်”

​ကိုယ့်သွေးနဲ့ကိုယ့်သွေးမရောဘဲ သီးခြားဖြစ်နေတာမျိုးက တကယ့်ဆဲလ်ကွဲပြားခြင်းဖြစ်စဉ်ပဲ။ ထိုစကားဆုံးသည်နှင့် အမျိုးသမီးသည် ကလေး၏ညာဘက်လက်ကို ချက်ချင်း အုပ်လိုက်လေသည်။ သူမ၏မသိစိတ်မှ တုံ့ပြန်လိုက်သောလုပ်ရပ်အရ ရှောင်အန်းလဲ့၏စကားမှန်ကန်ကြောင်း ချက်ချင်းသက်သေပြလိုက်သလိုဖြစ်သွားလေ၏။ ချင်းရှောင် ဝမ်းသာသွားပြီး သားအမိနှစ်ယောက်ကို အိမ်တော်တွင်းသို့ခေါ်သွားရန် လူလွှတ်လိုက်ကာ ရှောင်အန်းလဲ့၏စကားကိုလည်း ပြန်ပြောပြလိုက်လေသည်။

​“ရှောင်သခင်မလေး ကျေးဇူးတင်ပါတယ်၊ သခင်မလေးက တကယ်စွမ်းတာပဲ၊ မျက်နှာတောင်ဖတ်တတ်သေးတယ်”

​ရှောင်အန်းလဲ့ အခွင့်ကောင်းယူပြီး သူမ၏ဝန်ဆောင်မှုများကို ကြော်ငြာလိုက်လေသည်။

​“ရှေ့ဖြစ်ဟောတာ၊ သရဲဖမ်းတာ၊ ဖုန်းရွှေကြည့်တာ၊ ကျွန်မ အကုန်ကျွမ်းကျင်တယ်၊ နောက်ဆို လိုအပ်တာရှိရင် ကျွန်မကို ရှာလို့ရတယ်နော်၊ သင့်တင့်တဲ့ဈေးနှုန်းနဲ့ပေးမှာပါ ပ်ိုမတောင်းဘူး စိတ်ချ”

​ချင်းရှောင်သည် ရှောင်အန်းလဲ့ သူ့ကိုပေးခဲ့သောငြိမ်းချမ်းရေးအဆောင်ကို ရုတ်တရက်သတိရသွားပြီး အားနာဟန်ဖြင့်ပြုံးလိုက်လေသည်။

​“ဒါဆိုရင် ရှောင်သခင်မလေး မကောင်းဆိုးဝါးကာကွယ်ပြီး ဘေးကင်းစေတဲ့ အဆောင်တစ်ခုလောက် ကျွန်တော့်ကို ထပ်ရောင်းပေးနိုင်မလား”

​ရှောင်အန်းလဲ့ စောစောကပြင်ဆင်ထားသည်များကို ချက်ချင်းပြောလိုက်လေသည်။

​“ချင်းဒုတိယသခင်လေးက ဘယ်လိုအမျိုးအစားလိုချင်တာလဲဆိုတာပေါ် မူတည်တယ်၊ ကျွန်မဆီမှာရှိတာက ရိုးရိုးအမျိုးအစားဆိုရင် စက္ကူဝါနဲ့ ဟင်္သာပြဒါးပါရင် တစ်ခုကို တေးငါးဆယ်၊ အဆင့်မြင့်အဆောင်အမျိုးအစားဆိုရင် ကျွန်မကိုယ်တိုင်ထွင်းထုထားတဲ့ ကျောက်စိမ်းပြားပါ တစ်ခုကိုတေးနှစ်ရာ”

​ချင်းရှောင်သည် ပိုက်ဆံမရှားသူဖြစ်၍ တေးနှစ်ရာကို ချက်ချင်းထုတ်ပေးကာ အဆင့်မြင့်ကျောက်စိမ်းအဆောင်ကို ဝယ်ယူလိုက်လေသည်။ ဘေးနားတွင် ရပ်နေသော ရှောင်ချန်လင်းသည် လက်သီးဆုပ်ဖြင့် ပါးစပ်ကိုအုပ်ကာ အကြည့်လွှဲလိုက်မိလေ၏။ ဒီပိုက်ဆံက ရှာရလွယ်လွန်းနေသည်ပင်။ ​ကျောက်စိမ်းပြား၏ အရည်အသွေးကို သူကြည့်လိုက်သည်။ တေးတစ်ရာဆိုလျှင် ငါးခု ခြောက်ခုလောက် ဝယ်၍ရပေ၏။ အပြန်လမ်းမြင်းလှည်းပေါ်တွင် ရှောင်ချန်လင်းသည် နားရွက်ကုတ်လိုက် ပါးကုတ်လိုက်လုပ်ရင်း ရှောင်အန်းလဲ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေလေသည်။ ရှောင်အန်းလဲ့ ပြောစရာစကားမရှိ ဖြစ်သွားရလေ၏။

​“ဒုတိယအစ်ကို ဘာပြောချင်လို့လဲ”

​ရှောင်ချန်လင်း ခေါင်းကိုရှက်ရွံ့စွာ ကုတ်လိုက်လေသည်။

​“ဟိုအစ်ကို သိချင်လို့ပါ၊ ချင်းမိသားစုက ညီမလေးကို ငွေဘယ်လောက်ပေးလိုက်တာလဲ”

​ရှောင်အန်းလဲ့ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး စာအိတ်နီကိုထုတ်ကာ ဖွင့်ပြလိုက်လေသည်။ အတွင်းထဲတွင် တေးတစ်ရာတန်ငွေစက္ကူဆယ်ရွက်ရှိနေ၏။

​“ဆယ်ရွက်”

​

"ဟိုက်ရှားဘား တေးတစ်ထောင့်နှစ်ရာတောင် ဒီအတိုင်းရလိုက်တာပေါ့လေ”

​ရှောင်အန်းလဲ့ သူ့စကားကြောင့် ရယ်ချင်သွားမိလေသည်။

​“ဟုတ်တယ် ကျွန်မပင်ပင်ပန်းပန်းလုပ်ခဲ့ရတာလေ၊ ဒုတိယအစ်ကို နောက်ကျစီးပွားရေးလုပ်စရာရှိရင် ညီမကိုမိတ်ဆက်ပေးနော် ကော်မရှင်ခွဲပေးပါမယ်”

​ရှောင်ချန်လင်း ပြောစရာစကားမဲ့သွားရလေသည်။ ခဏတာမျှ သူသည် ယခုကဲ့သို့ကိစ္စမျိုးကြုံရတာ ကောင်းသည်လား ဆိုးသည်လား ဝေခွဲမရဖြစ်သွားမိလေတော့သည်။

All Chapters