← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

17

​သူမ၏ဒုတိယအစ်ကိုမျက်နှာပေါ်မှ ပူပန်မှုကို မြင်လိုက်ရသဖြင့် ရှောင်အန်းလဲ့ နှုတ်ခမ်းထောင့်လေးကွေးတက်သွားလေသည်။ အဖေက သူမအတွက် ဈာပနအသုံးအဆောင်ပစ္စည်းဆိုင် ဖွင့်ပေးမည်ဟူသောအကြောင်းကို တွေးမိပြီးစိတ်ပြန်ကြည်သွားလေ၏။

​“ဒုတိယအစ်ကို အဖေဖွင့်ပေးမယ်ဆိုတဲ့ဆိုင်က ဘယ်တော့ရမလဲသိလား၊ နာမည်ကို ကျွန်မကိုယ်တိုင်ပေးချင်လို့”

​ရှောင်ချန်လင်းမှာမူ စိတ်ပူနေဆဲဖြစ်ပြီး သူမစကားကြောင့် ပြောစရာစကားမဲ့သွားရလေသည်။

​“ညီမလေးကိုယ်တိုင် ဆိုင်ထိုင်ချင်လို့လား၊ အမေက ခွင့်ပြုမှာမဟုတ်ဘူး၊ အဖေက ညီမလေးအတွက် စိတ်ချရတဲ့ ဆိုင်ရှင်တစ်ယောက် ရှာပေးပါလိမ့်မယ်၊ နောက်ဆိုလိုချင်တာရှိရင် အဲ့ဆိုင်ရှင်ကိုသွားဝယ်ခိုင်းလိုက်”

​ရှောင်အန်းလဲ့သည် သူ့အားဂရုမစိုက်ဟန်ဖြင့်တစ်ချက်ကြည့်ပြီး စကားဆက်မပြောတော့ပေ။ သူမစိတ်ထဲ၌ နာမည်ဘယ်လိုပေးရမည်ကိုသာ တိတ်တဆိတ် စဉ်းစားနေမိလေသည်။ ဘယ်လိုနာမည်မျိုးက ကောင်းမလဲ။

*ချင်းယွမ်ခန်းမ*

မဖြစ်သေးဘူး လူဆိုးဂိုဏ်းနာမည်နဲ့တူနေအုံးမယ်။

*စက္ကူအရုပ်ဆိုင်*

ဒါလည်း မဖြစ်သေးဘူး။ သူမက စက္ကူအရုပ်မှမလုပ်တတ်ဘဲ ပြီးတော့ လူတွေက တာအိုပညာကိုအောက်လမ်းပညာနဲ့မှားနေကြဦးမယ်။

*ဝိညာဉ်ထိန်းဆောင်၊ ဝိညာဉ်ချုပ်ဆောင်၊ မကောင်းဆိုးဝါးချေမှုန်းရေးဆောင်*

ကျစ် တစ်ခုမှစိတ်တိုင်းမကျသေးဘူး။

​နောက်ဆုံးတော့ သူမ*အမှတ် ၁၈အပေါင်ဆိုင်*ကို သတိရသွားပြီး သူမဆိုင်နာမည်ကို *ဘဝသစ်*ဟုပေးရန် ဆုံးဖြတ်လိုက်လေသည်။ ထိုနာမည်လေးသာကောင်းပေသည်။ သူမစိတ်ထဲ၌ နာမည်ပေးရန်ဆုံးဖြတ်လိုက်ပြီး ခဏနေလျှင် အဖေ့ကိုပြောပြရမည်ဟု တွေးလိုက်လေ၏။ ​ရှောင်ချန်လင်းသည် သူစကားပြောပြီးသည်တိုင် ညီမဖြစ်သူက ဘာမှပြန်မပြောသဖြင့် နှာခေါင်းကိုပွတ်ကာ နေရခက်စွာဖြင့် စကားလမ်းကြောင်း လွှဲလိုက်ရလေသည်။

​“အဟမ်း ညီမလေး အိမ်ပြန်ရောက်ရင် အဖေ့ကို ကိုယ်တိုင်မေးကြည့်လိုက်ပါလား၊ ပြီးတော့ ညီမလေးစဉ်းစားထားတဲ့ နာမည်ကိုပါ ပြောပြလိုက်လေ၊ ဒါဆို အဖေက အိမ်တော်ထိန်းကို စီစဉ်ခိုင်းလိုက်မှာပေါ့၊ ဒါပေမယ့် သိပ်တော့မမြန်လောက်ဘူး”

​“အင်း”

​ရှောင်ချန်လင်း : သူက စကားလမ်းကြောင်းလွှဲပြီး ပြောတာတောင် “အင်း” တစ်လုံးတည်းစကားပြန်ရတယ်ပေါ့လေ။

​“ဟို ဒါနဲ့ ညီမလေး အဲ့ဒီပညာတွေက သင်ရခက်လား၊ အစ်ကိုရော သင်လို့ရမလား”

​ရှောင်အန်းလဲ့ ရယ်ချင်သွားမိလေသည်။

​“ကျွန်မတို့လို လူမျိုးတွေက များသောအားဖြင့် တာအိုပညာသင်ဖို့ ချို့ယွင်းချက်ငါးပါး ၊ လိုအပ်ချက်သုံးပါးရှိတယ် ၊ ဒုတိယအစ်ကို သင်ချင်ရင် သင်လို့ရပါတယ် ၊ ဒါပေမယ့် ချို့ယွင်းချက်ငါးပါး ၊ လိုအပ်ချက်သုံးပါးထဲက ဘယ်ဟာတွေကအကျိုးဆက်ဖြစ်လာမယ်ဆိုတာတော့ အာမ,မခံနိုင်ဘူး”

​“အဲဒါတွေက အများကြီးရှိသေးတာလား”

​ရှောင်ချန်လင်း သိပ်နားမလည်သော်လည်း သူ့အာရုံခံစားမှုအရတော့ မကောင်းဘူးဟု ထင်နေမိသည်။ ထင်သည့်အတိုင်းပင် သူ့ညီမဆက်ပြောလာသည်ကို ကြားလိုက်ရလေ၏။

​“ချို့ယွင်းချက်ငါးပါးက မုဆိုးဖို၊ မုဆိုးမ၊ မိဘမဲ့၊ အထီးကျန်၊ မသန်စွမ်း၊ လိုအပ်ချက်သုံးပါးကတော့ အာဏာ (ကံ)၊ ဥစ္စာ (ရာထူး)၊ အသက် (အသက်ရှည်ခြင်း) ဒီရှစ်ချက်ထဲက နှစ်ချက် သုံးချက်လောက်တော့ သေချာပေါက်ဖြစ်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ထုတ်ဖော်တာတို့ ချောင်းမြောင်းကြည့်ရှုတာတို့က ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကိုခံရတတ်လို့လေ၊ ဒါ့အပြင် အကုန်လုံးရှိနေတာမျိုးလည်းဖြစ်နိုင်တယ်”

​“အမလေး အကုန်လုံးရှိနေတာမျိုး ဟုတ်လား၊ အဲ့ဒီထဲက တစ်ခုခုရှိတာနဲ့တင်မကောင်းတော့ဘူးလေ ၊ ဒါဆို ညီမလေးက ဘယ်အချက်တွေရှိနေတာလဲ”

​ရှောင်အန်းလဲ့ လက်နှစ်ချောင်းထောင်ပြလိုက်လေသည်။ ရှောင်ချန်လင်း စိတ်မကောင်းဖြစ်သွားရလေ၏။

​“နှစ်ခုတောင်လား၊ ဒီနှစ်ခုဆိုတာ များလွန်းမနေဘူးလား ဘယ်နှစ်ခုလဲ”

​ရှောင်အန်းလဲ့ပြုံးပြီး မျက်လုံးလှန်ပြလိုက်လေသည်။

​“ဘယ်လိုလုပ် ပြောပြလို့ရမလဲ၊ ဒါပေမယ့် တစ်ခုကတော့ ပိုက်ဆံပဲ၊ ဒါကြောင့် ညီမပိုက်ဆံရှာရတာ၊ မတရားသေဆုံးရတဲ့ ဝိညာဉ်တွေကို လူဝင်စားအောင် ကူညီပေးတာက ကုသိုလ်ရတယ် ၊ အဲဒါကညီမအတွက် ကောင်းတယ်၊ အဲ့ဒါကြောင့် သူတို့ကိုကူညီပေးဖို့ ညီမကြိုးစားနေရတာပေါ့”

​ရှောင်ချန်လင်း ပြန်စဉ်းစားကြည့်သော် ဟုတ်သလိုလိုပင် ရှိလေသည်။

​“ဒါဆိုရင်”

​“ဒါရှောင်အိမ်တော်က မြင်းလှည်း မဟုတ်ဘူးလား ဟေး ခဏလေး အထဲမှာထိုင်နေတာ ရှောင်ဒုတိယသခင်လေး မလား”

​ရှောင်ချန်လင်းအသံကြား၍ လိုက်ကာကိုလှန်ကြည့်လိုက်ရာ သူနှင့်ပုံမှန် လည်ပတ်နေကျ ဆက်ခံသူသခင်လေးကျိုးဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

​“မင်း ဘာလို့ဒီရောက်နေတာလဲ”

​“တကယ်ပဲမင်းကိုး၊ ငါတို့ ဟုန်ကွေ့နန်းတော်ကိုသွားမလို့ကွ၊ မင်းရောလိုက်ဦးမလား”

​ရှောင်ချန်လင်း ရုတ်တရက်ရှက်ရွံ့သွားသလိုဟန်ဖြင့် ချောင်းဟန့်လိုက်မိလေသည်။ ညီမလေးက မြင်းလှည်းထဲတွင် ရှိနေသေးသည်ပင်။ အခုမှပြန်ရောက်လာတဲ့ ညီမလေးက သူ့ကိုမည်ကဲ့သို့ထင်မြင်သွားမည်နည်း။ ​ဆက်ခံသူသခင်လေးကျိုးထံ သူစိတ်ပျက်လက်ပျက်ဖြင့်ကြည့်လိုက်လေ၏။

​“မလိုက်တော့ဘူး မင်းတို့ပဲသွားကြ”

ဆက်ခံသူ​ကျိုးနှင့် သူသည် ပုံမှန်ဆိုလျှင် အတူတူလည်ပတ်နေကျ ဖြစ်သည်။ ယခုအချိန်၌မူ မြင်းလှည်းထဲတွင် မိန်းကလေးတစ်ယောက်ရှိနေသည်ကိုရိပ်မိပြီး ချက်ချင်း အော်ဟစ်လိုက်လေသည်။

​“ဟေ့ကောင် မြင်းလှည်းထဲမှာ ဘယ်သူပါလဲ၊ မင်း အလှလေးတစ်ယောက်ကို ဝှက်ထားတာတော့ မဟုတ်ပါဘူးနော်”

​ရှောင်ချန်လင်း မျက်လုံးလှန်လိုက်လေသည်။

​“သခင်လေးကျိုး ပေါက်ကရတွေ လျှောက်မပြောနဲ့၊ ဒါကပညာသင်ပြီး အခုမှပြန်ရောက်လာတဲ့ ငါ့ညီမအရင်း”

​“မင်းညီမလေးက ပညာသင်ပြီးပြန်ရောက်လာတာဟုတ်လား၊ ဟာသပဲ အာ ငါသိပြီ ဟိုတုန်းကပျောက်သွားတဲ့ တစ်ယောက်မလား၊ ဟေး သူက ခွန်းမင်းသားနဲ့ စေ့စပ်ထားတယ်ဆိုတာ ငါမှတ်မိပါသေးတယ်၊ အခု ခွန်းမင်းသားနဲ့ မင်းရဲ့ဝမ်းကွဲညီမက နောက်လ လက်ထပ်တော့မှာမလား၊ အခု ပိုင်ရှင်အစစ်ပြန်ရောက်လာပြီဆိုတော့ ဘယ်လိုလုပ်ကြမလဲ”

​ရှောင်ချန်လင်း မြင်းလှည်းဘေးမှာ မြင်းစီးပြီး အလိုက်ကမ်းဆိုးမသိမေးနေသော သူ့ကိုမြန်မြန်မောင်းထုတ်ချင်နေပြီ ဖြစ်သည်။

​“သခင်လေးကျိုး မင်းအရမ်းအားနေလား၊ ကိုယ့်ကိစ္စကိုယ် သွားလုပ်စမ်းပါ၊ ငါ့ညီမလေးက အဲ့ဒီလက်ထပ်ပွဲကိုစိတ်မဝင်စားဘူး”

​သူပြောသည်ကိုကြားသော် ဆက်ခံသူသခင်လေးကျိုး ပိုစိတ်ဝင်စားသွားလေသည်။

​“ဟေး မင်းညီမလေး ဘယ်လိုပုံစံလဲ ငါ့ကိုကြည့်ခွင့်ပေးပါလား၊ တော်ကြာ ငါမသိဘဲ ပြစ်မှားမိနေဦးမယ်”

​ဤဆက်ခံသူကျိုးသည် ဝူယန်နယ်စားမင်းနှင့် ချန်အန်းမင်းသမီးကြီးတို့မှ မွေးဖွားလာသူဖြစ်သည်။ သူ့အဆင့်အတန်းက မြင့်မားပြီး ပုံမှန်အချိန်များတွင် ဆိုးသွမ်းသည်ဆိုသော်လည်း လူသေအောင်တော့ တစ်ခါမှမလုပ်ဖူးပေ။ ​သူသည် ခွေးများ ကြောင်များကို စနောက်ရသည်ကို ကြိုက်ခြင်း၊ ပြည့်တန်ဆာအိမ်များသွားပြီး ကြွားဝါရသည်ကို ကြိုက်ခြင်း၊ အထူးသဖြင့် ပုံပြောကောင်းသူများထံမှ အတင်းအဖျင်း နားထောင်ရသည်ကို ကြိုက်ခြင်းတို့ ရှိလေသည်။ အတင်းအဖျင်းဆိုလျှင် သူအကြိုက်ဆုံးပင်။ ​ကောလဟာလများအရဆိုလျှင် သူသည် အတင်းအဖျင်း နားထောင်ရန်အတွက် ကျန်းဟူပိုင်ရှောင်ရှန်းကိုပင် ပိုက်ဆံအများကြီးပေးပြီး ရှာခိုင်းဖူးသည်ဟု ဆိုကြသည်။ ယခု သူ့ညီမလေးကို စပ်စုချင်နေသည်ကိုမြင်သော် ရှောင်ချန်လင်း အဆင်မပြေဘူးဟု ငြင်းရန်ပြင်လိုက်လေသည်။ ထိုစဉ်ရှောင်အန်းလဲ့ကိုယ်တိုင် မြင်းလှည်းပြတင်းပေါက်လိုက်ကာကို မတင်လိုက်ပြီး ဘေးတွင်မြင်းစီးရင်း စကားပြောနေသော ဆက်ခံသူသခင်လေးကျိုးကို ကြည့်လိုက်လေ၏။ သူမသည် လူတစ်ယောက်၏မျက်နှာသွင်ပြင်ကို အရင်ကြည့်လေ့ရှိသည်။ ဤဆက်ခံသူသခင်လေးသည် လူယုတ်မာရုပ် လူဆိုးရုပ်မျိုးပုံမပေါက်ပေ။ ​ဓားသွားလို မျက်ခုံး၊ မက်မွန်ပွင့်ပုံစံမျက်လုံးများနှင့် ကြည့်လိုက်လျှင် နွေဦးရာသီ၏အချစ်ရိပ်သန်းနေသော်လည်း ဤဆက်ခံသူလေး၌ အချစ်ရေးရှုပ်ထွေးတာမျိုးမရှိပေ။ ဤသည်ကိုကြည့်လျှင် သူ့အကျင့်စာရိတ္တ မဆိုးဘူးဟုပြော၍ရလေသည်။

​“သခင်‌လေးကျိုး ကျွန်မက ရှောင်မိသားစုကပြန်ရှာတွေ့တဲ့ သမီးပါ၊ ဒီနှစ်တွေအတောအတွင်း ချင်းယွမ်ကျောင်းမှာပညာတွေ အများကြီးသင်ယူခဲ့ပါသေးတယ်၊ ကျွန်မအမြင်အရတော့ သခင်လေးကျိုး ဒီနေ့သွေးထွက်သံယိုဖြစ်မယ့်ဘေးနဲ့ကြုံရလိမ့်မယ်”

ဆက်ခံသူသခင်လေး​ကျိုး ပြောစရာစကားမရှိဘဲ မျက်လုံးလှန်လိုက်မိလေသည်။ ဤရှောင်သခင်မလေးက သူ့အာရုံစိုက်မှုရအောင် လုပ်သည့်နည်းလမ်းမှာ တော်တော်ထူးခြားလှပေသည်။ သူအနားတိုးကပ်ရန်ပြင်လိုက်စဉ် သူမကငြိမ်းချမ်းရေးအဆောင်နှစ်ခု ထုတ်ပြလိုက်လေသည်။

​“ဆက်ခံသူသခင်‌လေးကျိုး ကျွန်မဆီမှာ ငြိမ်းချမ်းရေးအဆောင်နှစ်မျိုးရှိတယ်၊ ရိုးရိုးအတန်းစားက တေးငါးဆယ်၊ အဆင့်မြင့်ကျောက်စိမ်းအဆောင်က တေးနှစ်ရာပါ ဝယ်ဦးမလား၊ မကောင်းဆိုးဝါးတွေကို ကာကွယ်ပေးပြီး ဘေးကင်းစေလိမ့်မယ်နော်”

​မြင်းလှည်းပေါက်ဝတွင်ရပ်နေသော ရှောင်ချန်လင်း ပြောစရာစကား ပျောက်သွားရလေသည်။ သူ့ညီမလေးက ဘယ်လောက်တောင် ငွေလိုနေသနည်း။ စောစောကမှ တေးတစ်ထောင်နှစ်ရာရထားသေးသည်ကိုပင် အဘယ်ကြောင့် ထပ်စနေပြန်ပြီနည်း။ မဟုတ်ဘူး စောစောက သူ့ညီမလေးပြောတာ ကျိုးနယ်စားမင်းသားသွေးထွက်သံယိုဖြစ်မယ်တဲ့။ ဤသည်ကိုတွေးမိပြီး ဆက်ခံသူသခင်လေးကျိုးကို သူချက်ချင်းပြောလိုက်လေ၏။

​“သခင်လေးကျိုး ငါ့ညီမလေးက တကယ်စွမ်းတာကွ၊ သူပြောရင် မှန်မှာသေချာတယ်၊ ငြိမ်းချမ်းရေးအဆောင်တစ်ခုဝယ်ပြီး ဆောင်ထားလိုက်ပါလား”

ဆက်ခံသူသခင်လေး​ကျိုးသည် မောင်နှမနှစ်ယောက်ကို ပြောစရာစကားမဲ့ဟန်ဖြင့်ကြည့်လိုက်မိလေသည်။ သူ့မှာ ဒီလောက်ပိုက်ဆံမရှိတာ မဟုတ်ပေမဲ့ ဒါကြီးကအရမ်းကိုအတုအယောင်ဆန်လွန်းနေသည်ဟုခံစားနေရ၏။

​“မဝယ်ပါဘူး ရှောင်ဒုတိယသခင်လေး မင်းကတော့ ဟူး ငါတကယ် လက်မြှောက်ပါတယ်၊ ထားလိုက်တော့ တေးနှစ်ရာတန်တစ်ခုပေး၊ ကျောက်စိမ်းသားက သိပ်မကောင်းပေမယ့် ငါ့လိုသခင်လေးနဲ့တော့တန်သေးတယ်”

​သူအင်္ကျီလက်ဝကြားမှ ငွေစက္ကူနှစ်ရွက်ဆွဲထုတ်ပြီး ရှောင်အန်းလဲ့ကို ပေးလိုက်လေသည်။ ​ရှောင်အန်းလဲ့ ငွေစက္ကူကိုဝမ်းသာအားရယူလိုက်ပြီး ကျောက်စိမ်းအဆောင်ကို သူ့ထံပေးကာမှာလိုက်သေး၏။

​“ဆက်ခံသူကျိုး ကိုယ်နဲ့မကွာဆောင်ထားနော်၊ ဒီနေ့အတွက် ဘေးကင်းစေလိမ့်မယ်၊ ကျောက်စိမ်းအဆောင်ကွဲသွားရင် ဘေးအန္တရာယ်တစ်ခုကိုကာကွယ်ပေးလိုက်ပြီလို့ မှတ်လိုက်ပါ၊ အဲဒီကျရင် နောက်တစ်ခုထပ်လာဝယ်ဖို့မမေ့နဲ့နော်”

ဆက်ခံသူသခင်လေး​ကျိုး ရှောင်မိသားစုမှ ချောမောလှပသောမိန်းမပျိုလေးကို ကြည့်လိုက်မိလေသည်။ သူမမျက်လုံးများသည် ငွေစက္ကူကိုကိုင်ထားရင်း တောက်ပနေသည်ကိုမြင်သော် သူတော်တော်ပြောစရာစကားမရှိ ဖြစ်သွားရလေ၏။ သူသည်ချက်ချင်း ရှောင်ချန်လင်းဘေးကို မြင်းခြေနှစ်လှမ်းစာခန့်အမြန်စီးသွားပြီး ပြောလိုက်လေသည်။

​“မင်းညီမလေးက ပညာသင်ပြီးပြန်ရောက်လာတာဆို၊ ဒါကြီးပဲ သင်လာတာတော့မဟုတ်ပါဘူးနော်”

​သူ ကျောက်စိမ်းအဆောင်ကို ရှောင်ချန်လင်းမျက်နှာရှေ့တွင် ယမ်းပြလိုက်လေသည်။ ​ရှောင်ချန်လင်း ခေါင်းငြိမ့်လိုက်ပြီး သူ့မျက်နှာထားမှာ ဖော်ပြရခက်နေလေ၏။ သူ့မျက်စိနဲ့သာတပ်အပ်မမြင်ခဲ့ရလျှင် လောကကြီး၌ ဒီလိုထူးဆန်းသောအရာများရှိသည်ကို သူဘယ်တော့မှယုံမည်မဟုတ်ပေ။

​“သခင်လေးကျိုး ငါ့ကိုယုံပါ၊ ငါ့ညီမလေးက တာအိုကျောင်းမှာ တကယ့်ပညာအစစ်တွေသင်လာခဲ့တာ”

ဆက်ခံသူသခင်လေး​ကျိုး : ငါက သရဲကိုယုံသလိုမျိုး မင်းကိုယုံပေးလိုက်ပါ့မယ်ကွာ။

သူငွေညှစ်ခံလိုက်ရပြီဟု ခံစားလိုက်ရပြီး ဆက်ခံသူသခင်‌လေးကျိုး မျက်လုံးလှန်ပြလိုက်လေသည်။ ထို့နောက် တဟဲ ဟဲရယ်ကာ ကျောက်စိမ်းအဆောင်ကို အင်္ကျီရင်ဘတ်ထဲထိုးထည့်၍ မြင်းကိုဒုန်းဆိုင်းစီးပြီးထွက်ခွာသွားတော့၏။

18

​လမ်းမပေါ်တွင် ကြွားဝါဟန်ဖြင့်မြင်းစီးသွားသော ထိုဆက်ခံသူအားကြည့်ပြီး ရှောင်အန်းလဲ့ပြုံးလိုက်ကာ အကြည့်လွှဲ၍ မြင်းလှည်းလိုက်ကာကိုပြန်ချလိုက်လေသည်။ ​မလှမ်းမကမ်းရှိ စားသောက်ဆိုင်တစ်ခုပေါ်တွင် ယဲ့မင်းသားရှဲ့စစ်မင်သည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို လှည့်ကစားရင်း အောက်မှမြင်ကွင်းအားကြည့်နေလေ၏။ ရုတ်တရက်ဘေးနားရှိ မိုယွီကို သူအမိန့်ပေးလိုက်သည်။

​“ရှောင်သခင်မလေးဆီသွားပြီး တေးနှစ်ရာတန်ကျောက်စိမ်းအဆောင်တစ်ခု ဝယ်ခဲ့၊ မင်းကိုယ်တိုင်အတွက် ဝယ်တာလို့ပဲပြောလိုက်”

​မိုယွီသည် အနှစ်သုံးသောင်းလောက်ကြာသည်ထိ တုန်လှုပ်သွားရလေသည်။

​“ဟုတ်ကဲ့”

​ဘုရားရေ သခင်က သူ့ကိုကျောက်စိမ်းအဆောင် သွားဝယ်ခိုင်းသည်တဲ့လား။ သူ့သခင်က ဒီလိုအရာတွေကို ဘယ်တုန်းက ယုံသွားတာလဲ။ ​သခင်က ဒီလိုအရာတွေကို အရင်ကလုံးဝမယုံဘူးမလား။ ​သခင်ကရှောင်အိမ်တော်ကို အခုမှပြန်ရောက်လာတဲ့ ရှောင်သခင်မလေးကို သဘောကျနေပုံပဲ။ စိတ်ထဲတွင် မကျေမနပ်ရေရွတ်နေရင်း အောက်ထပ်သို့အမြန်ဆင်းကာ ရှောင်မိသားစုမြင်းလှည်းနောက်ကို လိုက်သွားလိုက်လေသည်။

​“အဟမ်း စောစောကဆက်ခံသူသခင်လေးကျိုး ငြိမ်းချမ်းရေးကျောက်စိမ်းအဆောင်ဝယ်တာ မြင်လိုက်လို့ ကျွန်တော်လည်း တစ်ခုလောက်ဝယ်ချင်လို့ပါ၊ သခင်မလေးရောင်းပေးနိုင်မလား”

​ကိုယ့်သဘောဆန္ဒနှင့်ကိုယ် ပိုက်ဆံလာပေးသူကိုတွေ့ဖူးခြင်းမှာ ရှောင်အန်းလဲ့အတွက် ပထမဆုံးအကြိမ်ပင်ဖြစ်၍သေချာပေါက်ရောင်းပေးရပေမည်။ သို့ဖြင့်လိုက်ကာအား မတင်လိုက်ရာ ဟိုလူ၏ကိုယ်ရံတော်ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။ အင်းလေ သူ့ကိုယ်ရံတော်လုပ်ရတာ အန္တရာယ်များရှာမှာပေါ့ ဝယ်ထားတာမထူးဆန်းပါဘူး။

​“ကျွန်မဆီမှာ နောက်ဆုံးတစ်ခုပဲကျန်တော့တယ်”

​သူမစကားမဆုံးသေးခင် တေးတစ်ရာတန်နှစ်ရွက်သူမလက်ထဲရောက်လာလေသည်။

​“စောစောက ဈေးနှုန်းကြားလိုက်လို့ပါ၊ နှစ်ရာဟုတ်တယ်မလား”

​ရှောင်အန်းလဲ့ ငွေစက္ကူကိုယူလိုက်ပြီး အားပါးတရပြုံးပြလိုက်လေသည်။

​“ရှင်က အရည်အချင်းမရှိတာမဟုတ်ဘူးပဲ၊ ပိုက်ဆံအရမ်းချမ်းသာတဲ့သူဖြစ်လာမှာပါ၊ နောက်တစ်ခါထပ်လာဝယ်ဖို့ ကြိုဆိုပါတယ်နော်”

​မိုယွီ ပြောစရာစကားမဲ့သွားရလေ၏။ နောက်တစ်ခါ ဟုတ်လား။

​“ကျေးဇူးတင်ပါတယ် ရှောင်သခင်မလေး”

​ရှောင်အန်းလဲ့ပြုံးပြီး ခေါင်းငြိမ့်ပြကာ လိုက်ကာကို ပြန်ချလိုက်လေသည်။ သူမနှုတ်ခမ်းများ အလိုလိုကွေးတက်နေသည်ကို ထိန်းမရတော့ပေ။ ဒီနေ့သည် တကယ့်ကိုနေ့ကောင်းရက်မြတ်ပင်။ တစ်ခေါက်တည်းအပြင်ထွက်လိုက်သည်နှင့်ပင် တေးတစ်ထောင့်ခြောက်ရာရလိုက်လေပြီ။ သောက်ရမ်းမိုက်တာပဲ။ ဘေးနားမှ ရှောင်ချန်လင်းပင်လုံးဝလက်ဖျားခါသွားရလေ၏။

​“ညီမလေး ဒီလောက်မြန်မြန်ပိုက်ဆံရှာနိုင်တာတောင် ပိုက်ဆံပြတ်မယ့်ကံပါသေးတယ်လား၊ ဒီလောက်ရတာတောင်ပိုက်ဆံပြတ်တာဆိုရင် အကိုလည်းပြတ်ချင်ပါတယ်”

​ရှောင်အန်းလဲ့စိတ်ကြည်နေသဖြင့် သူ့ကို သဘောကောင်းကောင်းနှင့်ရှင်းပြလိုက်လေသည်။

​“ကျွန်မလက်ထဲမှာ တေးသုံးထောင်ထက်ပိုကိုင်ထားလို့မရဘူး၊ ပိုတာနဲ့ ကုန်စရာအကြောင်းအမျိုးမျိုးပေါ်လာတတ်တယ်၊ ဒါနဲ့ မြို့တော်မှာ သံလိုက်အိမ်မြှောင်ရောင်းတဲ့နေရာရှိလား၊ ညီမ သံလိုက်အိမ်မြှောင်တစ်ခုဝယ်ချင်လို့”

​သံလိုက်အိမ်မြှောင်ဘယ်မှာဝယ်ရမလဲဆိုသောမေးခွန်းမှာ ရှောင်ချန်လင်းကိုအခက်တွေ့စေလေသည်။ သူက ပုံမှန်ဆိုလျှင် ဒီလိုပစ္စည်းများအားစိတ်မဝင်စားသဖြင့် ဘယ်မှာရှိမှန်းမည်သို့သိမည်နည်း။

​“ဒါကကျ တာအိုဆရာတစ်ယောက်လောက်ရှာမေးကြည့်ရင် မကောင်းဘူးလား”

​ရှောင်အန်းလဲ့ ပြောစရာစကားမဲ့သွားလေသည်။ သူမကိုယ်တိုင်က တာအိုဆရာမလေ။ ​သို့သော် သူမမှာ သူများအတွက်သာ တွက်ချက်ပေးခြင်းဖြစ်ပြီး ကိုယ့်အတွက်ကိုယ် မတွက်ချက်ပေ။

​“ဩော် ငါသိပြီ ဟိုလမ်းထဲမှာ ရတနာခန်းမတစ်ခုရှိတယ်၊ အဲဒီမှာ ရှိမလားသွားကြည့်ရအောင်လေ”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်လေသည်။ သူမလည်းဆင်းပြီး လမ်းလျှောက်ချင်နေသည်လေ။ လှည်းအပြင်တွင် လူများလှုပ်ရှားသွားလာနေသည်မှာ အလွန်တရာစည်ကားလှပေ၏။ သူတို့ ရတနာခန်းမရှေ့တွင်ဆင်းလိုက်ကြပြီး ရှောင်ချန်လင်းမှာ သူမအား ဆိုင်ရှင်ထံတန်းခေါ်သွားပြီးမေးလိုက်လေသည်။

​“ဆိုင်ရှင် ဒီမှာသံလိုက်အိမ်မြှောင်ရောင်းလား”

​အသက်လတ်ပိုင်းအရွယ်ဆိုင်ရှင်မှာ ထိုစကားကြားသည်နှင့် မျက်လုံးများ အရောင်တောက်သွားလေသည်။

​“ရှိပါတယ် ရှိပါတယ် ခဏလေး စောင့်ပေးပါ၊ အခုပဲ သွားယူပေးပါ့မယ်”

​ခဏကြာသော် ဆိုင်ရှင်မှာ စန္ဒကူးနီသစ်သားဘူးလေးတစ်ခု ကိုင်ပြီး အနောက်ခန်းထဲမှ ထွက်လာလေသည်။ သစ်သားဘူးမှာ လက်နှစ်ဝါးစာလောက် ကျယ်ပြီး ဖွင့်လိုက်သော် အတွင်းထဲ၌ လက်ဖဝါးအရွယ် ရွှေရောင်သံလိုက်အိမ်မြှောင်တစ်ခု ရှိနေလေ၏။

​“သခင်လေး ဒီသံလိုက်အိမ်မြှောင်ကို ဘယ်လိုမြင်လဲ”

​ရှောင်ချန်လင်းနားမလည်သည့်အတွက် ရှောင်အန်းလဲ့ဘက် လှည့်ကြည့်လိုက်လေသည်။ ​ရှောင်အန်းလဲ့မှာတော့ သံလိုက်အိမ်မြှောင်ကို မယုံနိုင်သည့်အကြည့်နှင့် ကြည့်နေမိလေသည်။ ဒါသူမအရင်ဘဝတုန်းကသုံးခဲ့တဲ့ သံလိုက်အိမ်မြှောင်မဟုတ်ဘူးလား။ ​သူမရှေ့တိုးပြီး သံလိုက်အိမ်မြှောင်ကိုယူလိုက်လေသည်။ ဒီအထိအတွေ့၊ တကယ့်ကို သူမ၏ယခင်ဘဝ၌သုံးခဲ့သော ထျန်ရှင်းသံလိုက်အိမ်မြှောင်အစစ်ပင်။

​“ဆိုင်ရှင် ဒီသံလိုက်အိမ်မြှောင်က ဘယ်လောက်လဲ”

​ဆိုင်ရှင်မှာ သူမလိုချင်နေပုံကိုမြင်သော် မျက်လုံးမှေးပြီး ပြောလိုက်လေသည်။

​“အဟမ်း ဒီသံလိုက်အိမ်မြှောင်ကတစ်ခွန်းဈေး တေးတစ်ထောင့်ခြောက်ရာပါ”

​“ရော့ ကွက်တိပဲ တစ်ထောင့်ခြောက်ရာနော်၊ ဒီသံလိုက်အိမ်မြှောင်က ကျွန်မဟာပဲ”

​ရှောင်အန်းလဲ့ ချက်ချင်းပိုက်ဆံရှင်းလိုက်သဖြင့် ဘေးနားမှရှောင်ချန်လင်း ကြောင်အသွားရလေသည်။ သံလိုက်အိမ်မြှောင်တစ်ခုတည်းကို တစ်ထောင့်ခြောက်ရာ ဟုတ်လား။ ​ဆိုင်ထဲမှထွက်လာသော် ရှောင်ချန်လင်း သူမကိုဘေးသို့ဆွဲခေါ်ပြီး မေးလိုက်လေသည်။

​“ညီမလေး ဒါလေးတစ်ခုတည်းကို တစ်ထောင့်ခြောက်ရာပေးလိုက်တာလား”

​ပြီးတော့ သူပြဿနာတစ်ခုကို သတိရသွားလေသည်။ သူ့ညီမလေးက စောစောကမှ တစ်ထောင့်ခြောက်ရာရှာထားပေသိ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုပိုက်ဆံများပြန်ကုန်သွားခဲ့၏။ သူမမှာ တကယ်ကိုပိုက်ဆံပြတ်မည့်ကံပါလာခြင်းပင်။ ဒီအတိုင်းသာဆို ဘယ်လောက်ရှာရှာမြဲမည်မဟုတ်ပေ။ ​ရှောင်အန်းလဲ့ကတော့ သံလိုက်အိမ်မြှောင်၏တန်ဖိုးကို သူမေးခွန်းထုတ်နေသည်ဟု ထင်လိုက်လေသည်။

​“ဒုတိယအစ်ကို ဒီသံလိုက်အိမ်မြှောင်က ထျန်ရှင်းသံလိုက်အိမ်မြှောင်လို့ခေါ်တယ် ၊ ဒါက.....ဒါက အရမ်းကောင်းတဲ့ သံလိုက်အိမ်မြှောင်ပဲ”

​သေချာပေါက် ကောင်းပေသည်။ ယခင်ဘဝ၌ သူမကိုယ်တိုင်စီရင်ထားသော နတ်ဘုရားရတနာပင်ဖြစ်ရာ မည်ကဲ့သို့မကောင်းဘဲနေမည်နည်း။ ​သူမဝိညာဉ်ကူးပြောင်းလာသောအခါ ဒီသံလိုက်အိမ်မြှောင်ပါ,ပါလာလိမ့်မည်ဟုထင်မထားခဲ့ပေ။ ဘယ်လောက်ပေးရပေးရ၊ ယခင်ဘဝက ရတနာကိုပြန်ရမည်ဆိုလျှင် မည်မျှပင်ကုန်ကုန်တန်သည်ဟု သူမ ခံစားရလေသည်။ ​ရှောင်ချန်လင်းမှာမူ ရတနာရလိုက်သလိုပျော်နေသည့် သူမအားကြည့်၍ သူ့ညီမလေးပျော်လျှင်ပြီးတာပါပဲဟုသာ ဆုံးဖြတ်လိုက်လေ၏။ ဒီသံလိုက်အိမ်မြှောင်ကတကယ်ကောင်းလို့ပဲနေမှာပါ။

​“သံလိုက်အိမ်မြှောင်ရပြီဆိုတော့ ဘာလိုသေးလဲ”

​ရှောင်အန်းလဲ့ ခေါင်းခါလိုက်သည်။ ဘာမှမလိုတော့ပေ။ သို့သော် သူမဆီတွင် တာအိုဆရာကြီး၏ပိုက်ဆံအိတ်ထဲမှရသော တေးနှစ်ထောင်ကျန်သေးလေသည်။

​“ဒုတိယအစ်ကို မြို့တော်မှာမိဘမဲ့ကလေးတွေကို လက်ခံစောင့်ရှောက်တဲ့နေရာတွေရှိလား၊ ဒါမှမဟုတ် ဆန်ပြုတ်ဝေလို့ အဆင်ပြေမယ့်နေရာမျိုးပေါ့”

​ရှောင်ချန်လင်း သူမထံပြောစရာစကားမဲ့ဟန်ဖြင့် ကြည့်လိုက်လေသည်။

​“ညီမလေးဆီမှာ ပိုက်ဆံကျန်သေးလို့လား”

​ရှောင်အန်းလဲ့ သူ့ကိုပြုံးပြပြီး တာအိုဆရာကြီးဆီမှ တေးနှစ်ထောင်ရထားကြောင်း ပြောပြလိုက်လေသည်။

​“ကျွန်မ ဆန်ပြုတ်ဝေတာမျိုး ပရဟိတဂေဟာကိုလှူတာမျိုး သူဖုန်းစားကလေးတွေကိုကူညီတာမျိုး ဒါမှမဟုတ်လည်း တံတားခင်းလမ်းပြင်တာမျိုးလုပ်ချင်လို့ပါ အတိုချုပ်ပြောရရင် ကုသိုလ်ဖြစ်မယ့်အလုပ်မျိုးပေါ့”

​သူမ၏ကနဦးရည်မှန်းချက်ဖြစ်သော ဗိုက်ဝဖို့ဆိုသည်မှာ ပြည့်မီသွားပြီဖြစ်၍ သူမ၏လိုအပ်ချက်များလည်း ပိုမြင့်လာခြင်းဖြစ်သည်။ ​သေချာသည်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ဝိညာဉ်ကို ရှာဖို့ကိစ္စလည်းရှိသေးလေ၏။ ဤသည်ကိုတွေးမိပြီး သူမလက်ညှိုးကိုကိုက်၊ သွေးတစ်စက်ကို သံလိုက်အိမ်မြှောင်ပေါ်ချလိုက်ပြီး မန္တန်ရွတ်လိုက်သော် သံလိုက်အိမ်မြှောင်ညွှန်တံမှာ မရပ်မနားလည်ပတ်လာလေသည်။ ​ဘေးနားမှမြင်နေရသော ရှောင်ချန်လင်း မျက်မှောင်ကြုတ်လိုက်လေ၏။

​“ဒီသံလိုက်အိမ်မြှောင် ပျက်နေတာတော့ မဟုတ်ပါဘူးနော်”

​ရှောင်အန်းလဲ့ တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။ သံလိုက်အိမ်မြှောင်မှာ လည်နေတုန်းဖြစ်ပြီး ရှောင်ချန်လင်းပြောသည်ကိုလည်း သူမကြားနေရလေသည်။

​“မြို့တော်မှာ အရင်တုန်းကမိဘမဲ့ဂေဟာတစ်ခု ရှိဖူးတယ်၊ အခုတော့မရှိတော့ဘူး၊ ဆန်ပြုတ်ဝေတာကတော့ မြို့ပြင်မှာပဲဝေကြတာ ၊ မြို့ထဲမှာလည်း သူဖုန်းစားတွေ ရှိပါတယ်၊ ဒါပေမယ့် အနောက်ဘက်ပိုင်းမှာ စုနေကြတာ၊ မြို့တော်မှာ ဆိုရိုးစကားရှိတယ်၊ အရှေ့အရပ်က ဂုဏ်သရေရှိသူတွေ၊ အနောက်အရပ်က ဆင်းရဲသားတွေ၊ တောင်အရပ်က ချမ်းသာသူတွေ၊ မြောက်အရပ်က နွမ်းပါးသူတွေတဲ့၊ ကုသိုလ်လုပ်ချင်ရင် အနောက်ဘက်ကိုသွားလို့ရတယ်၊ အဲဒီမှာ သာမန်ပြည်သူတွေနဲ့ သူဖုန်းစားတွေ အများစုနေကြတာ”

​ရှောင်အန်းလဲ့ လက်ထဲမှသံလိုက်အိမ်မြှောင်ကိုကြည့်ရင်း သူ့စကားကို နားထောင်နေလိုက်သည်။ ပြီးတော့မှ သူ့ထံတစ်ချက်ကြည့်လိုက်လေ၏။

​“မြို့တော်ဆိုတာ တိုင်းပြည်တစ်ခုရဲ့ပင်တိုင်မဟုတ်ဘူးလား၊ တာဝန်ယူမယ့်သူ မရှိဘူး‌ပေါ့”

​ထိုမေးခွန်းမှာ ရှောင်ချန်လင်းကို အခက်တွေ့စေလေ၏။

​“အဲဒါတော့ အစ်ကိုလည်းမသိဘူး၊ ဟေး ဘယ်သွားမလို့လဲ”

​ရှောင်အန်းလဲ့ သံလိုက်အိမ်မြှောင်ညွှန်တံပြရာလမ်းကြောင်းအတိုင်း ထွက်သွားနေပြီဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ကံကြမ္မာကို မည်သူယူသွားပြီး အသက်အားမည်သူနှုတ်ယူသွားသည်ကိုသိချင်၍ပင်။ ​သံလိုက်အိမ်မြှောင်ညွှန်တံမှာ ကြီးကျယ်ခမ်းနားသောအိမ်တော်ကြီးတစ်ခုရှေ့တွင် ရပ်တန့်သွားလေ၏။ ရှောင်အန်းလဲ့ လှေကားထစ်ပေါ်တက်ရန်ပြင်လိုက်စဉ် ရှောင်ချန်လင်းမှအမြန်ဆွဲထားလိုက်လေသည်။

​“အိုး ညီမလေး ဘာလုပ်မလို့လဲ ဒါကနဝမတော်ဝင်ဦးရီးတော်ယဲ့မင်းသားရဲ့ အိမ်တော်လေ၊ သူကလူသတ်နတ်ဘုရားကြီး သူ့အိမ်တော်ထဲဘယ်လိုလုပ် ဝင်လို့ရမှာလဲ”

​ရှောင်အန်းလဲ့ တောင့်ခဲသွားရလေသည်။

နေ့ခင်းဘက်ဆို သူ့အနားကပ်ပြီး ကုသိုလ်ယူလို့ရမယ့် ရတနာသိုက်ကြီးရဲ့အိမ်လား။

သို့သော် ညဘက်၌ သတ်ဖြတ်ခြင်းအငွေ့အသက်များထွက်နေသည့် သူ့ပုံစံကိုတွေးမိပြီး ရှောင်အန်းလဲ့လေအေးတစ်ချက် ရှူလိုက်မိလေ၏။

​“ယဲ့မင်းသားအိမ်တော်လား”

​ရှောင်ချန်လင်း သူမကိုဆွဲပြီး ထွက်ခွာလာလေသည်။

​“ဟုတ်တယ် ဟုတ်တယ် ဒါကြောင့် သူ့ကို လုံးဝသွားမစနဲ့၊ သူက အရှင်မင်းကြီးရဲ့ ညီတော်အရင်း၊ စစ်မြေပြင်မှာဆို မျက်တောင်မခတ်ဘဲ လူသတ်တဲ့သူ၊ တစ်ခါတုန်းကဆို မြို့တစ်မြို့လုံးကိုသတ်ပစ်ဖို့ အမိန့်တောင်ပေးခဲ့ဖူးတယ်တဲ့၊ စဉ်းစားကြည့် မြို့တစ်မြို့မှာ လူဘယ်လောက်ရှိမလဲ၊ အကုန်အသတ်ခံလိုက်ရတာနော်”

​ရှောင်ချန်လင်းပြောရင်းနှင့် ကိုယ်တိုင် ကြက်သီးထလာလေသည်။

​“သံလိုက်အိမ်မြှောင်တစ်ခုတည်း ကြည့်လို့မရဘူး၊ ဘယ်လိုနေရာလဲဆိုတာပါ ကြည့်ဦးမှပေါ့၊ သူ့ကိုသွားထိမိရင် အလကားနေရင်း သေသွားလိမ့်မယ်”

​ရှောင်အန်းလဲ့ ဝေးသထက်ဝေးလာသော ယဲ့မင်းသားအိမ်တော်ထံပြောစရာစကားကင်းမဲ့ဟန်ဖြင့်လှမ်းကြည့်လိုက်မိလေ၏။ ထားပါတော့ နေ့ခင်းဘက်မရရင် ညဘက်မှသွားကြည့်ရမယ်။ ​လမ်းတစ်ဖက်ခြမ်း၌ “ရှေ့ဖြစ်ဟော၊ ယတြာ၊ ဖုန်းရွှေ” ဟုရေးထားသောအလံကို ကိုင်ထားသည့် တာအိုဆရာကြီးတစ်ယောက်မှာ ရှောင်အန်းလဲ့ကိုမြင်သည်နှင့် မျက်လုံးများအရောင်တောက်သွားပြီး သူမဆီအပြေးအလွှား ရောက်လာလေတော့သည်။

All Chapters