← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

19

​တာအိုဆရာကြီးကိုမြင်လိုက်ရသည်နှင့် ရှောင်အန်းလဲ့အလုပ်ထပ်ရတော့မည်ဆိုတာကိုသိလိုက်သည်။ ​ထင်သည့်အတိုင်းပင် တာအိုဆရာကြီးမှာသူမထံအပြေးအလွှားရောက်လာပြီး ပြောလာ၏။

"ရှောင်သခင်မလေး၊ ရှောင်ဆရာသခင်၊ အိုး သခင်မလေးနဲ့တွေ့မှပဲ ကျွန်တော်စိတ်အေးရတော့တယ်”

​ဘေးနားမှနားထောင်နေသော ရှောင်ချန်လင်းတစ်ယောက်် ထူးဆန်းနေမိတော့သည်။ ဒီလူအိုကြီးက အသက်ငါးဆယ်ကျော်လောက်ရှိနေပြီမလား။ ဒါပေမယ့် သူ့ညီမလေးကိုခေါ်ဝေါ်ဆက်ဆံပုံက.....

​ရှောင်အန်းလဲ့ တာအိုဆရာကြီး၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

​"မသန့်ရှင်းတာတွေနဲ့ ထပ်တွေ့ပြန်ပြီလား၊ ရှင်မွေးတဲ့နေ့ရက် အချိန်နာရီပေးပါဦး၊ ထားလိုက်တော့ မသန့်ရှင်းတဲ့ဝိညာဉ်ဆိုးက ဘာကောင်လဲဆိုတာသာ ကျွန်မကိုအရင်လိုက်ပြပေး”

​သူမသည် မူလကတာအိုဆရာကြီးကို ဗေဒင်ဟောပေးချင်ခဲ့သည်။ သို့သော်စောစောက သူ့မျက်နှာကိုကြည့်လိုက်ရာ ဒီနှစ်သည်တာအိုဆရာကြီးအတွက်ကံနိမ့်မည့်နှစ်ပင်။ သူ့ရာသီခွင်နှစ်နှင့်တိုက်နေ၍ မကောင်းဆိုးဝါးများဖြင့်တွေ့လွယ်နေသော်ငြား သူမဤနေရာ၌ရောက်နေပြီဖြစ်၍ သူ့အတွက် မကောင်းဆိုးဝါးများအားဖယ်ရှားပေး၍ရပြီပင်။ ​တာအိုဆရာကြီးမှာ သူ့မွေးသက္ကရာဇ်အားမေးလာသည်နှင့် ဘာတွေးနေသည်ကိုသိလိုက်သည်။ ကသိကအောက်ဖြစ်ဟန်ဖြင့် ​သူပြုံးလိုက်မိ၏။ ဤနှစ်မှာသူ့ရာသီခွင်နှစ်နှင့်တိုက်နေမှန်း သူမသိဘဲမနေပေ။ သူ့အတွင်းခံမှအစ အင်္ကျီ၊ ခါးစည်းကြိုး၊ ခြေအိတ်ထိ အနီရောင်များဝတ်ထားပြီးဖြစ်သည်။ ယခင်တုန်းကဆိုလျှင် ကံဆိုးပြီးစီးပွားရေးမကောင်းရုံမျှသာဖြစ်တတ်ပေသိ ရှောင်အန်းလဲ့နှင့်တွေ့ပြီးနောက်ပိုင်း သူ့အသက်အတွက်ပင်မရေရာတော့ဟု အမြဲခံစားနေရပြီး ထင်သည့်အတိုင်း နှစ်ရက်ပင်မကြာသေးသော်လည်း သရဲနှင့်ထပ်တွေ့ပြန်လေ၏။

​"မြို့ထဲကကျန်းမိသားစုရဲ့ ဝိုင်ချက်ဂ်ိုထောင်မှာလေ၊ သူတို့ရဲ့ရေတွင်းပျက်ထဲကို အမျိုးသမီးအလောင်းတစ်လောင်း ပစ်ချထားတာ၊ ဝိုင်ချက်စက်ရုံပိုင်ရှင်တွေက ရေကိုအရမ်းဂရုစိုက်ကြတာလေ၊ ဒီမနက် သူတို့အကြီးဆုံးသခင်လေးက ရေတွင်းကခပ်ထားတဲ့ရေကို သောက်ကြည့်လိုက်တာနဲ့ တစ်ခုခုမှားနေမှန်း ချက်ချင်းသိလိုက်တာ၊ အဲ့မှာသူလူလွှတ်ပြီး ဆင်းကြည့်ခိုင်းလိုက်တော့ အထဲမှာကိုယ်ဝန်သည်အမျိုးသမီးအလောင်းတစ်လောင်း ပေါ်နေတာတွေ့ပြီး လူတိုင်းလန့်သေမလိုဖြစ်ကုန်ကြပါရောလား”

​ဘေးနား၌နားထောင်နေသော ရှောင်ချန်လင်းတစ်ယောက် ကျစ်ခနဲစုတ်သပ်လိုက်မိသည်။ ​ရှောင်အန်းလဲ့ပင် မျက်မှောင်ကြုတ်လိုက်မိ၏။

​"အမျိုးသမီးအလောင်းရဲ့ဗိုက်ထဲကကလေးက အသေလား အရှင်လား”

​တာအိုဆရာကြီးလည်း မထွက်လာခင် ထိုအရာကိုသေချာစစ်ဆေးခဲ့သည်။

​"သေနေပြီ၊ သေနေလို့ ပိုပြဿနာကြီးတာပေါ့၊ ဒီအဘိုးကြီးသာ မမှားဘူးဆိုရင် အဲဒီအမျိုးသမီးအလောင်းက ယင်းနှစ်၊ ယင်းလ၊ ယင်းရက်မှာ မွေးဖွားခဲ့တာဖြစ်ရမယ်၊ အလောင်းတွေ့,တွေ့ချင်းအချိန်တုန်းကဆို ဒီအဘိုးကြီးတစ်ကိုယ်လုံးကြက်သီးထပြီး ဆံပင်တွေတောင်ထောင်ထသွားတာ၊ ဒီကိစ္စမဟန်တော့ဘူးဆိုတာသိလိုက်လို့ သခင်မလေးကိုလာရှာတာပါ၊ သခင်မလေးက မျိုးရိုးနာမည်ရှောင်လို့ ပြောဖူးတာ မှတ်မိနေသေးတယ်၊ မြို့တော်က ဘယ်ရှောင်မိသားစုလဲဆိုတာ လိုက်ရှာဖို့ပြင်နေတုန်း လမ်းမှာမမျှော်လင့်ဘဲတွေ့လိုက်ရတာပဲ၊ ဒီကိစ္စဖြေရှင်းလို့ ရနိုင်မလား"

​ရှောင်အန်းလဲ့ တောက်ပသောမျက်ဝန်းအစုံဖြင့် တာအိုဆရာကြီးထံစိုက်ကြည့်ကာ မေးလိုက်သည်၊

​"ဒီနေ့က ဘယ်လ၊ ဘယ်ရက်လဲ”

​တာအိုဆရာကြီး ပါးစပ်ဟပြီးပြောရန်ပြင်လိုက်ပေသိ ရုတ်တရက် တစ်ခုခုကိုသတိရသွားကာ သူ့ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများလည်း ပြူးကျယ်သွားရသည်။

​"ယင်းနှစ်၊ ယင်းလ၊ ယင်းရက်”

​"မှန်တယ်”

​"ဒါဆို ဒါဆို ဒါဆိုဘယ်လိုလုပ်ကြမလဲ၊ ဒီအဘိုးကြီး တစ်သက်လုံး ဒီလိုတစ်ခါမှ မကြုံဖူးဘူး”

​ရှောင်ချန်လင်းမှာတော့ တာအိုဆရာကြီးကိုကြည့်လိုက် ရှောင်အန်းလဲ့ကိုကြည့်လိုက်နှင့် သူတို့ပြောသမျှကို လုံးဝနားမလည်နိုင်ဖြစ်နေရသည်။ သို့သော်အခြေအနေမှာ တော်တော်လေးနက်နေသည်ကိုတော့ သူခံစားမိ၏။ ​ရှောင်အန်းလဲ့ သူ့ဘက်လှည့်ကြည့်လာသည်။

​"ဒုတိယအစ်ကို အိမ်တော်ကိုအရင်ပြန်နှင့်လိုက်၊ နေ့လည်စာကို ကျွန်မအပြင်မှာပဲ စားလိုက်မယ်၊ ဒီကိစ္စက ဒုတိယအစ်ကိုလိုက်လာဖို့ အဆင်မပြေဘူး”

​ရှောင်ချန်လင်းသည် ထိတ်လန့်သော်ငြား တံတွေးမြိုချလိုက်ပြီး ခါးကိုမတ်လိုက်၏။

​"အစ်ကိုပါလိုက်ခဲ့မယ်၊ ဒုတိယအစ်ကိုမှာလည်း အရည်အချင်းနည်းနည်းပါးပါး ရှိပါတယ်၊ အရေးကြုံရင် ညီမလေးကို ကာကွယ်ပေးနိုင်တာ‌ပေါ့”

​ရှောင်အန်းလဲ့ သူ့ထံအေးစက်စက် ကြည့်လိုက်ပြန်သည်။

​"အမှန်တော့ ဒုတိယအကိုက ကျွန်မကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာစိုးလို့ပါ”

​ရှောင်ချန်လင်း : ပြောလိုက်ရင် တည့်တိုးကြီးပဲ၊ မင်းအကိုဖြစ်သူရဲ့ခံစားချက်ကို နည်းနည်းလေးတောင်မငဲ့ဘူးနော်

​"ဒါဆို အစ်ကိုကူညီပေးလို့ရတာ ဘာရှိမလဲ"

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်ပြလိုက်သည်။

​"ရှိတယ်၊ အိမ်ပြန်ပြီး အဖေနဲ့အမေကို ကျွန်မအတွက် စိတ်မပူဖို့သာပြောပေး ဒါပဲ”

​"ဒါပဲလား”

​ရှောင်ချန်လင်း မလိုလားသော်ငြား တွန့်ဆုတ်စွာဖြင့်သဘောတူလိုက်ရသည်။

​"ဒါဆို ကိုယ့်ကိုကိုယ် ဂရုစိုက်နော်၊ ဒါမှမဟုတ် အစ်ကိုကျွမ်းကျင်တဲ့ အစေခံမလေးတစ်ယောက်ရှာပြီး လွှတ်ပေးရမလား”

​"မလိုပါဘူး ဒုတိယအစ်ကိုသာပြန်ပါတော့”

​အပြာရောင်ပန်းပွင့်လေးတွေပါသည့် စကတ်အရှည်ဝတ်ထားသော မိန်းမလှလေးနှင့် အနည်းငယ်ဟောင်းနွမ်းနေသောအပြာနှင့်အဖြူစပ်တာအိုဝတ်ရုံဝတ်ထားသည့် တာအိုဆရာကြီးတို့ အတူထွက်ခွါသွားသွားကြလေသည်။ မည်သူကြည့်ကြည့် ၎င်းမှာထူးဆန်းနေသောမြင်ကွင်းတစ်ခုပင်။ အထူးသဖြင့် တာအိုဆရာကြီးမှ အရမ်းရိုသေပြ နေသည်ပင်။ သို့သော်ငြား တစ်မျိုးတစ်မည်တော့လိုက်ဖက်နေပုံလည်းရှိ၏။ ​ရှောင်အန်းလဲ့ ဘေးမှတာအိုဆရာကြီးကို မေးလိုက်သည်။

"ရှင့်မှာ ဆရာမရှိဘူးလား”

​တာအိုဆရာကြီးဝူက ရှက်ရယ်,ရယ်ပြလာ၏။

​"အမှန်အတိုင်းပြောရရင် ကျွန်တော်က စာသင်သားပါ၊ အသက် ၄၀ကျော်တဲ့ထိ စာမေးပွဲတွေ ထပ်ခါထပ်ခါကျခဲ့တာ၊ ကျွန်တော့်ကြောင့် မိသားစုလည်း မွဲပြာကျသွားတယ်၊ နောက်တော့ ဘုရားကျောင်းတစ်ခုမှာ တာအိုကျမ်းစာအုပ်တချို့မတော်တဆရလိုက်ပြီး ကိုယ့်ဘာသာလေ့လာခဲ့တာပါ၊ ဇာတာခွင်တွက်တာ၊ ဗေဒင်ဟောတာ၊ ယတြာချေတာတွေ နည်းနည်းပါးပါးလေ့လာထားပါတယ်၊ ခဏခဏဟောတာမှန်တော့ မိသားစုအခြေအနေ နည်းနည်းပြန်ကောင်းလာတယ်လေ၊ ကံဆိုးချင်တော့ ကပ်ဘေးတစ်ခုဆိုက်ပြီး မိသားစုဝင်တွေအကုန်ဆုံးပါးသွားကြတယ်၊ ဒီအဘိုးကြီးတစ်ယောက်တည်း ကျန်ခဲ့တာ‌ပေါ့၊ ဒါနဲ့ပဲမြို့တော်ရဲ့စည်ကားမှုကို လာကြည့်ဖို့ စဉ်းစားမိလိုက်တာပါ၊ ပြီးခဲ့တဲ့တစ်ခေါက် အခွန်ဝန်ကြီးအိမ်တော်မှာလုပ်ပေးတာက တကယ်တော့ ပထမဆုံးအကြိမ်လေ၊ အဲဒီလောက်ခက်ခဲတဲ့ကိစ္စနဲ့ကြုံရမယ်လို့ ထင်မထားခဲ့ဘူး”

​သူ့အကြောင်းရှင်းပြပြီးနောက် သူနားမလည်သောမေးခွန်းကိုပါတစ်ခါတည်းမေးလိုက်သည်။

​"ဒီနေရာကမြို့တော်ကြီး မဟုတ်ဘူးလား၊ ဘာလို့ပြဿနာရှာရဲတဲ့ သရဲတွေ ဒီလောက်တောင်များနေရတာလဲ”

​သူမေးလိုက်ရာ ရှောင်အန်းလဲ့အကြည့်သည် အရှင်မင်းကြီးစံမြန်းရာနန်းတော်ဘက်သို့ရောက်သွားခဲ့၏။

​"အကြောင်းရင်းကို တကယ်သိချင်တာ သေချာလား၊ မသိတာက ရှင့်အတွက်ပိုကောင်းလိမ့်မယ်”

​သူမစကားကြားတော့ တာအိုဆရာကြီး အမြန်ခေါင်းခါလိုက်သည်။

​"ဒါဆို မမေးတော့ပါဘူး"

​စကားပြောရင်းနှင့်ပင် သူတို့ဝိုင်ချက်ဂိုထောင်ဝင်ပေါက်ဆီ ရောက်လာကြသည်။ အတွင်းမှထွက်လာသောဝိုင်နံ့ကို ရှူရှိုက်ရင်း ရှောင်အန်းလဲ့တိတ်တဆိတ် ခေါင်းငြိမ့်လိုက်၏။ ​ဆိုရိုးစကားရှိတယ်လေ 'လူကောင်းရင် ဝိုင်ကောင်းတယ်' တဲ့။ ​တခြားသူတွေ မသိနိုင်ပေမယ့် ဝိုင်ချက်တဲ့သူရဲ့စိတ်ထားက မဆိုးဘူးဆိုတာတော့ သူမသိနိုင်တယ်။

​"ဒါကကျန်းမိသားစုရဲ့ ဝိုင်ချက်ဂိုထောင်ပါ”

​စားပွဲထိုးလေးမှာ တာအိုဆရာကြီးပြန်ရောက်လာသည်ကိုမြင်တော့ ရိုရိုသေသေနှင့်အပြေးအလွှား လာနှုတ်ဆက်လေသည်။

​"တာအိုဆရာကြီး ပြန်ရောက်လာပြီလား၊ ပြီးတော့ ဒီမိန်းကလေးက”

​တာအိုဆရာကြီးဝူက လေးစားသမှုနှင့်မိတ်ဆက်ပေးလိုက်၏။

​"ဒါက ဆရာသခင်ရှောင်ပါ၊ ဒီအဘိုးကြီး စောစောကဆရာသခင်ရှောင်ကို သွားရှာတာ”

​တာအိုဆရာကြီးဝူပြောပြီးသည်နှင့် ရှောင်အန်းလဲ့ကို ဖိတ်ခေါ်သည့်လက်ဟန်ပြလိုက်သည်။ ​သူအသက်နှင့်ရင်းပြီး မစွန့်စားချင်ပေသိ ရွေးချယ်စရာမရှိပေ။ သူ့ထံတွင် ရှောင်အန်းလဲ့ကဲ့သို့စွမ်းရည်မရှိသလို ဒီတစ်ခါလည်း မည်မျှခက်ခဲမည်ကိုမသိပါပေ။ ​အစကတည်းမှ ကျန်းမိသားစု၏ပိုက်ဆံအားယူထားမိပြီဖြစ်သလို ထိုပိုက်ဆံကလည်း သုံးကုန်သွားပြီဖြစ်၍ ပြန်ပေး၍မရတော့ပေ။ ထို့ကြောင့်မဖြစ်မနေရှေ့ဆက်တိုးရပေတော့မည်။ ​တာအိုဆရာကြီးဝူမှ ရှောင်အန်းလဲ့အားအလွန်တရာလေးစားနေသည်ကိုမြင်ရာ စားပွဲထိုးလေးလည်း မပြစ်မှားရဲဘဲ အထဲကိုဖိတ်ခေါ်လိုက်သည်။

​ကျန်းမိသားစုဝင်များသည်ဧည့်ဆောင်တွင် စုဝေးနေကြပြီး မျက်နှာများထက်တွင်လည်း စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နေကြသည်။ အမျိုးသမီးအလောင်းက ဘယ်ကရောက်လာတာလဲ၊ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ တိုင်ပင်နေကြခြင်းပင်။ ​တာအိုဆရာကြီးဝူမှ ပိုစွမ်းသောတာအိုဆရာတစ်ယောက် ခေါ်လာသည်ဟုကြားသည်နှင့် အမြန်ထကြိုဆိုလိုက်ကြသည်။ ရှောင်အန်းလဲ့ကိုမြင်လိုက်ရတော့ ကျန်းမိသားစုဝင်များကြောင်အသွားကြ၏။ အသက် ၁၅နှစ်လောက်ပဲရှိမယ့် မိန်းကလေးတစ်ယောက်ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

​"တာအိုဆရာကြီးဝူ ဒီတစ်ယောက်က”

​တာအိုဆရာကြီးဝူမှာ ရှောင်အန်းလဲ့အားထပ်မဲမိတ်ဆက်ပေးလိုက်သည်။

​"ဆရာသခင်ရှောင်ရဲ့ အသက်ငယ်တာကိုကြည့်ပြီး အထင်မသေးလိုက်ပါနဲ့၊ သူ့ရဲ့ဝါစဥ်ကမြင့်ပါတယ်၊ သူကကျွန်တော့်ရဲ့ဘိုးဘေးဆရာသခင်ပါ”

​ထိုစကားကြောင့်ကျန်းမိသားစုဝင်များနားမလည်နိုင်ဖြစ်သွားခဲ့သည်။ သူပြောတဲ့စကားကို သူသေချာရောနားလည်ရဲ့လား။ ဒါပေမယ့်လည်း နားလည်ပေးလို့ ရပါတယ်လေ။ အသက်ငယ်ပေမယ့် ဝါရင့်သမ္ဘာမြင့်တာမျိုးက ရှိတတ်စမြဲပဲမလား။ ​ရှောင်အန်းလဲ့ သူ့မိတ်ဆက်စကားကိုကြားပေသိ မငြင်းဘဲသူ့အားဆရာသခင်အဖြစ် အသိအမှတ်ပြုခံလိုက်သည်။

​"ဆရာသခင်ဝူ ရှောင်"

​"ကျွန်မကို မိန်းကလေးရှောင်လို့ပဲခေါ်ပါ"

​သူမ ဒီလိုပြောတော့မှ ကျန်းမိသားစုဝင်များသက်ပြင်းချနိုင်တော့၏။

​"သခင်မလေးရှောင် ဒီကိစ္စကိုဘယ်လိုဖြေရှင်းကြမလဲ၊ ကျွန်တော်တို့ ဒီအမျိုးသမီးကိုတကယ်မသိပါဘူး၊ ကျွန်တော်တို့ ကျန်းမိသားစုရေတွင်းထဲ ရုတ်တရက်ရောက်လာတာပါ၊ ဘာလုပ်ရမှန်းလည်း တကယ်မသိတော့ပါဘူး”

​ကျန်းသခင်ကြီးပြောပြီးသည်နှင့် ကျန်းသခင်ကြီး၏သားအကြီးဆုံးဖြစ်သည့် အကြီးဆုံးသခင်လေးကလည်း ဝင်ပြောလေသည်။

​"ကျွန်တော်အာဏာပိုင်တွေကို သွားတိုင်ခိုင်းပြီးပါပြီ၊ အာဏာပိုင်တွေက အဖြေရှာပေးနိုင်ပါ့မလားတော့မသိဘူး”

​သူ့စကားဆုံးသည်နှင့် သူ့စကားအတိုင်း အာဏာပိုင်များ ရောက်လာကြလေပြီပင်။

20

​ရောက်လာသော အစိုးရအရာရှိသုံးဦးကို အနီရင့်ရင့်ဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်ပတ်ထားသည့် အမျိုးသားတစ်ဦးမှ ဦးဆောင်လာသည်။ သူ့ပုံစံမှာ ကျန်နှစ်ဦးနှင့်မတူဘဲ ခေါင်းဆောင်ဖြစ်ကြောင်းသိသာထင်ရှား၏။ သူအထဲသို့ဝင်လာပြီး ကျန်းမိသားစုဝင်များထံဝေ့ကြည့်လိုက်ရာ တာအိုဆရာကြီးဝူနှင့် ရှောင်အန်းလဲ့တို့ထံတွင် အကြည့်ခဏရပ်တန့်သွားသည်။ ထို့နောက်သူ ကျန်းမိသားစုဘက်သို့ လှည့်မေးလိုက်၏။

​"ဒီအမျိုးသမီးအလောင်းက ခင်ဗျားတို့ ကျန်းမိသားစုရေတွင်းထဲ ရောက်နေတာ၊ ခင်ဗျားတို့ ကျန်းမိသားစုထဲက တစ်ယောက်ယောက် လက်ချက်လား”

​ကျန်းမိသားစုဝင်များ အလောတကြီး ခေါင်းခါငြင်းဆိုကြသည်။ ကျန်းသခင်ကြီး ရှေ့တိုးလာပြီး မှုခင်းအရာရှိကြီးထံ လက်ခုပ်အုပ်၍နှုတ်ဆက်လိုက်သည်။

​"စစ်ဆေးရေးမှူးလု ဒီအမျိုးသမီးအလောင်းက ကျွန်တော်တို့ရေတွင်းထဲ ဘာလို့ရောက်နေလဲ ကျွန်တော်တို့လည်း မသိပါဘူး၊ သူ့ကို ကျွန်တော်တို့သိကိုမသိတာပါ”

​စစ်ဆေးရေးမှူးလု စိတ်မရှည်ဟန်ဖြင့်ကြည့်လာသည်။

​"ဒါဆို လူလွှတ်ပြီး အလောင်းကိုရင်ခွဲရုံပို့လိုက်၊ ခဏနေရင် မှုခင်းသမား‌တော်ဆီ စစ်ဆေးခိုင်းပြီး ဘယ်လိုသေလဲဆိုတာကြည့်ခိုင်းမယ်၊ ပြီးတော့ ခင်ဗျားတို့ ကျန်းမိသားစုဝင်တွေ နောက်နှစ်ရက်အတွင်း မြို့ထဲကနေ ဆန္ဒတိုင်းထွက်ခွာခွင့်မရှိဘူး၊ ရုံးတော်ရဲ့စစ်ဆေးမေးမြန်းမှုကို အချိန်မရွေး ပူးပေါင်းဆောင်ရွက်ရမယ်၊ ဒါ့အပြင် ခင်ဗျားတို့ကျန်းမိသားစုထဲက အမျိုးသမီးဆွေမျိုးတွေအကုန်လုံးကိုခေါ်ထုတ်လာခဲ့၊ လူပျောက်ရှိမရှိ ကျွန်တော်စစ်ဆေးရမယ်”

​စစ်ဆေးရေးမှူးလု ပြောပြီးသည်နှင့် ရှောင်အန်းလဲ့မျက်နှာပေါ်သို့ အကြည့်ရောက်သွားပြီး စူးစမ်းကြည့်ရှုလိုက်သည်။

​"မင်းကရော ကျန်းအိမ်တော်ကသခင်မလေးလား”

​ရှောင်အန်းလဲ့ ခေါင်းခါလိုက်သည်။

​"ကျွန်မက စစ်ဘက်ဆိုင်ရာဒုတိယဝန်ကြီးအိမ်တော်ကပါ၊ ဂိုဏ်းကနေအခုမှ ပြန်ရောက်တာ၊ ဒီမှာထူးဆန်းတာတွေ ဖြစ်နေတယ်ဆိုလို့ လာကြည့်တာပါ၊ ရှင်စောစောက သူ့ကိုရင်ခွဲရုံပို့မယ်လို့ ပြောလိုက်တယ်မလား၊ ကျွန်မအကြံပေးချင်တာက မပို့ပါနဲ့၊ ဒီသားအမိအလောင်းတွေက ဖြေရှင်းရ အရမ်းခက်နေပြီ၊ ရှင်သာသူ့ကို ရင်ခွဲရုံပို့လိုက်ရင် သူ့စွမ်းအားတွေပိုတိုးလာအောင် လုပ်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်၊ အဲ့လိုဆိုရင် လူတွေအများကြီးသေသွားနိုင်တယ်”

​စစ်ဆေးရေးမှူးလုမှာ ရှောင်အန်းလဲ့စကားကိုမယုံကြောင်း သိသာထင်ရှားသည်။ ​သို့သော် သူမမှာစစ်ဘက်ဆိုင်ရာ ဒုတိယဝန်ကြီးအိမ်တော်၏ သခင်မလေးဟုပြောလာ၏။ အနည်းဆုံး အဆင့်လေးရှိမည့် အရာရှိအိမ်တော်ပင်။ အရာရှိသမီး၏စကားကို သူနားမထောင်၍မရပေ။ သူမျက်မှာင်အသာကြုတ်လိုက်၏။

​"မင်းပြောချင်တာက ဘာသဘောလဲ၊ ဒီအမျိုးသမီးအလောင်းက လူတွေကို ဒုက္ခပေးမယ်လို့ ပြောချင်တာလား၊ ဒါမှမဟုတ် ဒီအမျိုးသမီးအလောင်းက သရဲမဖြစ်လာပြီး လူတွေကိုဒုက္ခပေးမယ်လို့ ပြောချင်တာလား”

​ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်သည်။

​"ဒါက သားအမိအလောင်းပါ၊ အမေရော ကလေးရောက လက်စားချေလိုစိတ်ပြင်းထန်တဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေဖြစ်လာကြမှာ၊ အခုလုပ်ရမှာက ဒီအမျိုးသမီးအလောင်းကို မီးရှို့ပစ်ရမယ်၊ မဟုတ်ရင် ညရောက်တာနဲ့ သရဲမကအလောင်းကို ထိန်းချုပ်ပြီး လူတွေကိုသတ်လိမ့်မယ်၊ ကျန်းမိသားစုတစ်ခုလုံးတင်မကဘူး၊ ဒီအနီးအနားက အိမ်ခြေတော်တော်များများပါ ဒုက္ခရောက်ကုန်ကြလိမ့်မယ်”

​စစ်ဆေးရေးမှူးလု သူမပြောသမျှကိုနားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

​"မင်းပြောတာက သိပ်ပြီးချဲ့ကားလွန်းမနေဘူးလား၊ ကျွန်တော်အမှုတွေကိုင်တွယ်လာတာ နှစ်ပေါင်းအတော်ကြာလှပြီမလို့ ဖြစ်စဉ်အစုံမြင်ဖူးပါတယ်၊ ဒီအမျိုးသမီးက သနားစရာကောင်းတယ်ဆိုပေမယ့် မင်းပြောသလောက်ကြီး ဆိုးရွားမနေပါဘူး”

​ထိုလူမယုံသည်ကိုတွေ့သော်လည်း ရှောင်အန်းလဲ့ထံတွင် သက်သေပြရန်နောက်တစ်နည်း ရှိသေးသည်။ သူမအမျိုးသမီးအလောင်းနား လျှောက်သွားပြီး စစ်ဆေးကြည့်လိုက်၏။ အလောင်းမှာ ရေစိမ်ထားသလို ဖူးရောင်နေပြီး ဗိုက်မှာလည်းအတော်လေး ပူဖောင်းနေသည်။ မည်းနက်သော အငွေ့အသက်များမှာ အလောင်းထဲမှလျှံကျလာတော့မည့်အတိုင်း သူမပတ်လည်၌ဖုံးလွှမ်းနေ၏။ ရှောင်အန်းလဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ကံကောင်းသည်မှာ မွန်းတည့်ချိန်မရောက်သေးပေ။

​"ထင်းမီးမြန်မြန်ပြင်ပြီး ဒီအမျိုးသမီးအလောင်းကိုရှို့လိုက်၊ ကျွန်မ လုံးဝခြောက်လှန့်နေတာမဟုတ်ဘူး”

​သူမမှာမီးဖန်တီးနိုင်ပေသိ မီးတောက်သေးသေးလေးမျှသာဖန်တီးနိုင်ပြီး စက္ကူစအားလောင်ရုံလောက်သာရ၍ အလောင်းအားလောင်ကျွမ်းဖို့တော့ မလောက်ပါပေ။ သူမ၏ရွှမ်စွမ်းအားမှာ အထွတ်အထိပ်သို့မရောက်သေးသောကြောင့်ပင်။

​"မရဘူး သေဆုံးရတဲ့အကြောင်းရင်းသိရအောင်နဲ့ သူ့အတွက်တရားမျှတမှုရအောင် ရင်ခွဲစစ်ဆေးဖို့ ဒီအလောင်းကိုပြန်သယ်သွားရမယ်၊ မင်းက အလောင်းကိုမီးရှို့ပြီး သက်သေဖျောက်လိုက်ရင် ဒီကိစ္စကိုကျန်းမိသားစုကိုယ်တိုင်လုပ်ထားတာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ”

ဤသည်ကိုကြားတော့ ကျန်းသခင်ကြီး ခေါင်းအမြန်ခါပြီးငြင်းလိုက်သည်။

​"ကျွန်တော်တို့ လုံးဝမလုပ်ပါဘူး၊ ဒီအမျိုးသမီးက ဘယ်သူလဲဆိုတာတောင် ကျွန်တော်တို့မသိတာပါ၊ မဟုတ်ရင် အာဏာပိုင်တွေဆီလာတိုင်ပါ့မလား”

​ရှောင်အန်းလဲ့မှာတော့ အလောင်းအားနေရာမှာတင် မီးရှို့ဖို့အတင်းတိုက်တွန်းနေသည်။ ထိုသို့လုပ်ပါမှ ညဘက်၌ထိန်းချုပ်စရာအလောင်းမရှိတော့သည့် လက်စားချေလိုသောဝိညာဉ်၏စွမ်းအားမှာ အလောင်းရှိနေသည်ထက်စာလျှင် အများကြီးလျော့နည်းသွားမည်ပင်။ ​ကျန်းမိသားစုမှာတော့ မည်သူ့စကားအားနားထောင်ရမည်ကိုမသိတော့ရာ အကျပ်ရိုက်နေကြတော့သည်။ စစ်ဆေးရေးမှူးလုမှာ မူလကတော့ ရှောင်မိသားစုအားမျက်နှာသာပေးချင်ပေသိ ရှောင်အန်းလဲ့၏တင်းမာသောသဘောထားကိုမြင်သော် သူမမှာသူ့အားမလေးစားဟု ခံစားလိုက်ရပြီး နောက်လိုက်များကို ချက်ချင်းအမိန့်ပေးလိုက်၏။

​"အလောင်းကို ပြန်သယ်သွားကြ”

​သူပြောသည်ကိုကြားတော့ ရှောင်အန်းလဲ့ရှေ့တိုးလိုက်ပြီး ခန္ဓာချုပ်မန္တန်သုံးကာ သူတို့အားချုပ်ပြီး အလောင်းကိုအတင်းမီးရှို့ခိုင်းဖို့ ကြံလိုက်သည်။ စစ်ဆေးရေးမှူးလု မျက်လုံးမှေးကျဥ်းပြီး ရှောင်အန်းလဲ့အားကြည့်ကာ မျက်လုံးအားလှည့်ပြီးပြောလိုက်၏။

​"ရှောင်သခင်မလေး ဒီလူကိုကျန်းမိသားစုသတ်တာမဟုတ်ဘူးလို့ မင်းကဒီလောက်တောင် သေချာနေတာလား၊ တကယ်လို့ သူတို့ကသာ လူသတ်သမားတွေ ဖြစ်နေရင်ရော၊ ဒါမှမဟုတ် မင်းက သူတို့ပိုက်ဆံယူထားပြီး သူတို့အတွက်ဖုံးကွယ်ပေးချင်နေတာလို့ ပြောရမလား”

​ရှောင်အန်းလဲ့ ပြုံးလိုက်သည်။

​"ရှင်မယုံရင် ယုံအောင်လုပ်ပေးလို့ရပါတယ်၊ ကျွန်မတောင်ပေါ်က ဆင်းလာတယ်ဆိုတာ ပညာစုံပြီမလို့ဆင်းလာတာပါ၊ ရှင်မယုံရင်လည်းရပါတယ်၊ ရှင့်မိဘနေရာမှာ တစ်ခုလင်းပြီး တစ်ခုမှိန်နေတယ်၊ ဆိုလိုတာက ရှင်ကဖခင်ဆုံးပါးသွားပြီး မုဆိုးမမိခင်ရဲ့ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရတာ၊ အသက် ၁၀နှစ်အရွယ်တုန်းက ကပ်ဘေးတစ်ခုကြုံခဲ့ရတယ်၊ ရေတွင်းထဲ ပြုတ်ကျပြီး သေလုနီးပါးဖြစ်ခဲ့ဖူးတယ်၊ ရှင့်အိမ်ဘေးက တတိယသားလီဆိုတဲ့သူကကယ်ခဲ့တာ၊ အသက် ၁၅နှစ်ရောက်တော့ ရှင်ကအဆက်အသွယ်ရှာပြီး စစ်ဆေးရေးရုံးမှာအလုပ်ဝင်ခဲ့တယ်၊ သူ့ကျေးဇူးကိုဆပ်တဲ့အနေနဲ့ သူ့ကိုအနိုင်ကျင့်တဲ့ လူမိုက်တစ်ယောက်ကို ထောင်ချပေးခဲ့တယ်၊ အဲဒီလူမိုက် ထောင်ထဲမှာပဲသေသွားခဲ့တယ်၊ နောက်ပိုင်း အဲဒီလူမိုက်က ဆားမှောင်ခိုမှုမှာ ပါဝင်ပတ်သက်နေမှန်းပေါ်သွားတယ်၊ အဲဒါကြောင့် ရှင်ကဂုဏ်ထူးရပြီး အထက်လူကြီးတွေရဲ့ သဘောကျမှုကို ရခဲ့တယ်၊ ရှင့်ဇနီးက မှုခင်းဌာနမှာရှင့်အထက်လူကြီးဟောင်းရဲ့ သမီး၊ ရှင့်ရဲ့အထက်လူကြီးဟောင်း အငြိမ်းစားယူပြီးတဲ့နောက် ရှင်ကဇနီးသည်အပေါ် အေးစက်လာပြီး အပြင်မှာမယားငယ်ထားခဲ့တယ်၊ ကျွန်မ သတိပေးချင်တာက အပြင်ကနေမယားငယ်မွေးထားတဲ့ ကလေးက ရှင့်ကလေးမဟုတ်ဘူးနော်၊ သေချာစုံစမ်းကြည့်တာ ကောင်းလိမ့်မယ်”

​"ပါးစပ်ပိတ်ထားစမ်း”

​အရာရှိလု၏ဓားကိုင်ထားသည့်လက်မှာ တင်းကြပ်သွားခဲ့သည်။ သူထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ရှောင်သခင်မလေးပြောသမျှ အကုန်မှန်နေ၍ပင်။ အထူးသဖြင့် လီလော့ဆန်းကို အနိုင်ကျင့်ခဲ့သည့်လူမိုက်ကိစ္စဖြစ်သည်။ တခြားသူများမှာတော့ သူသည်ထိုလူအား ဆားမှောင်ခိုမှုကြောင့် တမင်သက်သက်စွပ်စွဲခဲ့သည်ဟု ပြောကြပေသိ အမှန်မဟုတ်ခဲ့ပေ။ ထိုလူကသာ ကိုယ့်သေတွင်းကိုယ်တူးခဲ့ခြင်းပင်။ အပြင်ရှိမယားငယ်မွေးသော ကလေးကိစ္စမှာတော့.....

"ကျွန်မ ပါးစပ်ပိတ်ပေးလို့ရပါတယ်၊ ဒါပေမယ့် ရှင် ကျွန်မကိုယုံရမယ်၊ ဒီအလောင်းကို လုံးဝသိမ်းထားလို့မဖြစ်ဘူး၊ ကျွန်မကြည့်ရသလောက် ကျန်းမိသားစုရဲ့ဘိုးဘေးတွေက ကောင်းမှုကုသိုလ်တွေ စုဆောင်းခဲ့ကြတာမလို့ သူတို့ကိုစောင့်ရှောက်နေကြတယ်၊ သူတို့ထဲက ဘယ်သူမှလူသတ်သမားမဟုတ်ပါဘူး၊ ဒါကြောင့်လည်း သူတို့ကတာအိုဆရာကြီးဝူနဲ့တွေ့ပြီး ကျွန်မကိုရှာတွေ့ခဲ့တာပေါ့”

ထိုသို့​ပြောပြီးနောက် ရှောင်အန်းလဲ့ အချိန်ကိုမော့ကြည့်လိုက်သည်။

​"အရာရှိလု နေ့လည်စာစားချိန်ရောက်တော့မယ်၊ ဒီကိစ္စက ကျန်းမိသားစုနဲ့မဆိုင်ဘူးဆိုတာ ရှင်ယုံအောင် ကျွန်မ အခုပဲလုပ်ပြမယ်”

​ကျန်းမိသားစုဝင်များ ချက်ချင်းတက်ကြွလာကြသည်။ သူတို့တောင်ကိုယ့်အပြစ်ကင်းကြောင်း သက်သေမပြနိုင်သေးပေသိ သူမမှသက်သေပြပေးနိုင်သည်ဖြစ်ရာ ဘယ်လိုလုပ်စိတ်မလှုပ်ရှားဘဲနေနိုင်ပါမည်နည်း။ လူစုံအောင်ခေါ်ဖို့ ရှောင်အန်းလဲ့ပြောသည်ကိုကြားသော် ကျန်းသခင်ကြီးလည်း အကုန်လုံးကို ချက်ချင်းခေါ်လိုက်သည်။ ရှောင်အန်းလဲ့မှာ ရေတစ်အိုးသွားယူခိုင်းလိုက်ပြီး အမှန်တိုင်းပြောစေသော အဆောင်တစ်ခုကိုထုတ်၍ လက်ဝှေ့ယမ်းလိုက်ရာ အဆောင်သည်မီးလောင်ပြာကျသွားပြီး ထိုပြာများကိုလက်ဖက်ရည်အိုးထဲ ပစ်ထည့်လိုက်ကာ လူတိုင်းကိုသောက်ခိုင်းလိုက်၏။

​"ဒါကအမှန်တိုင်းပြောစေတဲ့ အဆောင် ပါ၊ သောက်ပြီးရင် အမှန်တိုင်းပဲပြောထွက်လာလိမ့်မယ်၊ ဒီအလောင်းကို ရေတွင်းထဲ ဘယ်သူထည့်ခဲ့တာလဲ”

​ကျန်းမိသားစု၏ အစေခံများတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ တစ်ယောက်မှာတော့ တမင်ပါးစပ်ပိတ်ထားပေသိ မပြောဘဲမနေနိုင်ဖြစ်လာတော့၏။

​"စုန့်မိသားစုက ကျွန်တော်တို့ကိုတေးနှစ်ဆယ်ပေးပြီးလူကိုရွှေ့ ရေတွင်းထဲပစ်ချခိုင်းတာပါ၊ ကျွန်တော်နဲ့ကျောက်စစ်တို့လုပ်ခဲ့တာလေ”

ထိုသို့​ပြောပြီးသည်နှင့် သူ့ပါးစပ်သူအမြန်ပြန်ပိတ်လိုက်သည်။ ကျောက်စစ်ဆိုသည့် နောက်တစ်ယောက်မှာလည်း အမှန်တိုင်းပြောလာပြန်၏။ နှစ်ယောက်လုံး အတူတူပြောလိုက်မိပြီးကာမှ ဇာတ်လမ်းဆုံးပြီမှန်းသိလိုက်ကြကာ ဒုန်းကနဲ ဒူးထောက်ချလိုက်ကြသည်။

​"သခင်ကြီး ခွင့်လွှတ်ပါ၊ ကျွန်တော်တို့ လောဘစိတ်မွှန်ပြီးလုပ်မိတာပါ၊ ကျွန်တော်တို့ သေသင့်ပါတယ်”

​ကျန်းသခင်ကြီးဒေါသကြောင့် ရင်ဘတ်များပင် နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။ အကြီးဆုံးသခင်လေးမှာတော့ ဒေါသတကြီးရှေ့တိုးသွားပြီး သူတို့ကိုတစ်ယောက်တစ်ချက် ကန်ကျောက်လိုက်၏။

​"မိုက်ရိုင်းလိုက်တာ ငါတို့ကျန်းမိသားစုက မင်းတို့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာတောင် မင်းတို့ကဒီလိုလုပ်ရက်တယ်၊ ကျန်းမိသားစုပျက်စီးသွားရင် မင်းတို့အတွက်ဘာအကျိုးရှိမှာမလို့လဲ၊ အမြင်ကျဥ်းတဲ့ခွေးကောင်တွေ”

​ရှောင်အန်းလဲ့ အရာရှိလုထံကြည့်လိုက်သည်။

​"အရာရှိလုတွေ့ပြီမလား၊ မယုံရင် ရှင်လည်း တစ်ငုံလောက်သောက်ကြည့်ပြီး အမှန်လား အမှားလား စမ်းကြည့်လို့ရတယ်နော်”

​အရာရှိလု ဘယ်သောက်ရဲပါမည်နည်း။ ရှောင်အန်းလဲ့ထံတွင် စွမ်းရည်အချို့ရှိသည်ကို ယခုသူလုံးဝယုံကြည်သွားခဲ့သည်။

​"ဒီကိစ္စက စုန့်မိသားစုနဲ့ ပတ်သက်နေတယ်ဆိုရင်တောင် ဒီအလောင်းကို မီးရှို့လိုက်ရင် သက်သေမရှိတော့ဘူး၊ ဒါဆို ဒီအမျိုးသမီးအတွက် တရားမျှတမှုကို ဘယ်လိုရှာပေးမလဲ”

​သူပြောသည်ကိုကြားတော့ ရှောင်အန်းလဲ့ ခေါင်းငြိမ့်လိုက်သည်။ အနည်းဆုံးတော့ ဒီလူကအသည်းနှလုံးမရှိတဲ့သူ မဟုတ်ဘူးပဲ။ သေသူအတွက် တရားမျှတမှုရှာပေးဖို့ကို တွေးပေးတတ်သေးတယ်လေ။

​"အလောင်းမရှိရင်တောင် ဝိညာဉ်ရှိသေးတယ်လေ၊ ကျွန်မပြောပြီးပြီပဲ၊ အလောင်းကို မီးရှို့လိုက်တာက သားအမိနှစ်ယောက်လုံးကို ပိုပြီးစွမ်းအားကြီးတဲ့ လက်စားချေလိုစိတ်ပြင်းပြင်းနဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေဖြစ်မလာအောင်လို့ပါ၊ အရာရှိလုကသာ အမှုမှန်ပေါ်ချင်ရင် ဒီညလာခဲ့လိုက်လေ၊ သူတို့ကို ဘယ်သူဒုက္ခပေးတာလဲဆိုတာ သားအမိနှစ်ယောက် ကိုယ်တိုင်ပြောပြအောင် ကျွန်မလုပ်ပေးမယ်”

All Chapters