အခန်း (၁၄၈-၁၅၀)
Vol. 10 Ch. 148-150
အခန်း-(၁၄၈)
ဖုတ်ကောင်ကို သတ်ပြီးနောက်တော့ သူတို့ရဲ့ ကနဦးကြောက်ရွံ့မှုက လျော့နည်းသွားသည်။ အနက်ရောင်သွေးတွေနှင့် အသားပုပ်တွေကို ခဏကြည့်လိုက်ပြီးတော့မှ ရှောင်ဂျူးက အန်ချင်သလိုဖြစ်နေပေမယ့် ဖုတ်ကောင်ရဲ့ ဦးနှောက်ကို ထိုးဆွဖို့ သူ့တုတ်ကို အသုံးပြုနေတုန်းပါပဲ။
ငါးမိနစ်လောက်အကြာမှာတော့ နေရောင်ရဲ့အောက်မှာ သေးငယ်ပြီး တောက်ပနေတဲ့ အမြုတေငယ်လေးတစ်ခုကို သူမတွေ့လိုက်ရတယ်။ စိတ်လှုပ်ရှားစွာဖြင့် လှမ်းယူလိုက်ပြီး အနက်ရောင်သွေးများနှင့် အသားပုပ်များကို ဖယ်ရှားရန်အတွက် သူမရဲ့လက်များဖြင့် အကြိမ်ပေါင်းများစွာ ပွတ်သုတ်လိုက်သည်။
စစ်သားတွေက ခေါင်းညိတ်ပြီးပြောလိုက်တယ် "ဂုဏ်ယူပါတယ် ရဲဘော်။ မင်းက ဖုတ်ကောင်တစ်ကောင်ကို အောင်အောင်မြင်မြင် သတ်နိုင်ခဲ့ပြီး အမြုတေလည်း ရခဲ့ပြီ"
'အခုအချိန်တွင်တော့ အမြုတေက အစားအစာနှင့် ရေကို ကိုယ်စားပြုတယ်။' ဤအတွေးကြောင့် သူတို့သုံးဦးဟာ အမြုတေများကို ပိုမိုစုဆောင်းနိုင်ရန်အတွက် ဖုတ်ကောင်များအား တတ်နိုင်သမျှများများသတ်ပစ်ရန်ဆိုတဲ့ ရည်မှန်းချက်အသစ်တစ်ခုကို တွေ့ရှိခဲ့သည်။
အစ်မဝမ်းရဲ့အဖွဲ့က တိုးတက်နေချိန်တွင် အခြားအဖွဲ့တွေကတော့ ရုန်းကန်နေရတယ်။
စစ်သားတစ်ယောက်က သူ့ရဲ့ဓားမြှောင်ကို ဖုတ်ကောင်ရဲ့ဦးခေါင်းအနောက်ဘက်ကနေ စိုက်ချလိုက်ပြီး ချက်ချင်းပဲသတ်ပစ်လိုက်တယ်။ ဖုတ်ကောင်က မြေပြင်ပေါ်သို့ လဲကျသွားတာနဲ့သူက အသက်ရှင်ကျန်ရစ်သူများကို ကြည့်လိုက်တော့ အားလုံးကဦးခေါင်းကို လက်ဖြင့်အုပ်ထားပြီး မြေကြီးတွင် ငုတ်တုတ်ထိုင်နေတာကို တွေ့လိုက်ရသည်။
သူ့ရဲ့အဖော်ဘက်ကို လှည့်ပြီးမေးလိုက်တယ် "ငါတို့ ဘာလုပ်ကြမလဲ။ ဖုတ်ကောင်တွေကို သတ်ခိုင်းဖို့က မဖြစ်နိုင်ဘူး ထင်တယ်။ သူတို့က ကြည့်တောင် မကြည့်ရဲဘူး"
သူ့ရဲ့သူငယ်ချင်းက ခဏလောက်စဉ်းစားပြီးပြန်ပြောလာတယ် “သူတို့ကို ဒီအတိုင်းပြန်လွှတ်လိုက်ရင် ဗိုလ်ကြီးက ငါတို့ကို အပြစ်ပေးလိမ့်မယ်”
"ဒါပေမယ့် သူတို့က ကြောက်တတ်လွန်းတယ်။ တိုက်ခိုက်ရဲတဲ့ သတ္တိမရှိရင် သူတို့ကို လေ့ကျင့်ပေးဖို့က နည်းလမ်းမရှိ တော့ဘူး" ဟု စစ်သားက စိတ်ပျက်စွာပြောသည်။
သူတို့ရဲ့ပြောစကားတွေကိုကြားတော့ လူငယ်တစ်ယောက်က ခေါင်းကိုမော့လာပြီး "ရဲ-ရဲဘော်၊ ငါတို့က ငကြောက်မဟုတ်ဘူး... ငါတို့က အဲဒါကို ကျင့်သားမရသေးတာပါ" လို့ချီတုံချတုံနှင့် ပြောလာတယ်။
စစ်သားတွေက သူတို့ကို မယုံကြည်နိုင်စွာ ကြည့်လာကြသည်။ ယောက်ျားလေးတွေက နည်းနည်းတော့ ပိုကောင်းတယ်။ သူတို့က မျက်လုံးတွေမှိတ်ပြီး ထွက်ပြေးတာပဲလုပ်တယ်။
တကယ့်ပြဿနာက မိန်းကလေးတွေပဲ။ ဖုတ်ကောင်တစ်ကောင်ကို တွေ့လိုက်ရတာနဲ့ တိုက်ခိုက်မယ့်အစား သူမတို့က အော်ဟစ်လိုက်ကြတယ်။ ကံကောင်းလို့ သူတို့က လမ်းမကြီးပေါ်မှာရှိမနေတာ မဟုတ်ရင်တော့ သူတို့ရဲ့အော်သံများကြောင့် ဖုတ်ကောင်များကို ပိုမိုဆွဲဆောင်မိသွားနိုင်ပြီး သူတို့အားလုံးကို သေဆုံးသွားစေနိုင်သည်။
ခဏလောက် တုံ့ဆိုင်းနေပြီးမှ စစ်သားတစ်ယောက်ကပြောလာတယ် "ငါတို့ နောက်တစ်ကြိမ် ထပ်ကြိုးစားမယ်။ ဖုတ်ကောင်ကို မင်းတို့မသတ်နိုင်သေးရင်တော့ မင်းတို့ကို ဓာတ်ဆီဆိုင်ဆီ ပြန်ပို့ပေးမယ်။ အဲဒါပြီးရင်တော့ မင်းတို့ အစာစားရတာ မစားရဘူးဆိုတာက ငါတို့ကိစ္စ မဟုတ်တော့ဘူး"
သူ့ရဲ့စကားကိုကြားတော့မှ နောက်ဆုံးတော့ အသက်ရှင်ကျန်ရစ်သူများက အမှန်တရားကို နားလည်သွားကြသည်။ အကယ်၍ သူတို့သာ ဖုတ်ကောင်များကို မသတ်နိုင်ပါက အမြုတေမရနိုင်ဘဲ အစာငတ်သွားရလိမ့်မည်။
သူတို့အမူအရာပြောင်းသွားတာကိုမြင်တော့ တခြားစစ်သားတစ်ယောက်က "ဖုတ်ကောင်တစ်ကောင်ကို ငါသွားဆွဲမယ်။ အဆင်သင့်ပြင်ထား" လို့ပြောလိုက်တယ်။
ထိုစစ်သားထွက်သွားတော့ လူအုပ်စုက အားတင်းပြီး သစ်သားတုတ်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြသည်။ သိပ်မကြာခင်မှာပဲ အဝေးဆီက ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေကို သူတို့ကြားလိုက်ရတယ်။
ထိုစစ်သား ပြန်လာတာကိုတွေ့တော့ အနောက်သို့ မသိမသာလှမ်းကြည့်လိုက်ကြတယ်။ ဖုတ်ကောင်အမျိုးသမီးက သူ့အနောက်မှလိုက်နေပြီး ဝမ်းဗိုက်ကကွဲနေလို့ အူများကတွဲလောင်းကျနေကာ ခြေလှမ်းတိုင်းမှာ အူတွေကပါ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
အမျိုးသမီးတွေရဲ့ပါးစပ်များက ပွင့်လာပြီး အော်ဟစ်ရန် အဆင်သင့်ဖြစ်နေသော်လည်း သူမတို့မအော်လိုက်နိုင်မီတွင်ပဲ စစ်သားကပြတ်သားစွာ ပြောလိုက်သည် “မင်းတို့ ဟစ်အော်လို့ ဖုတ်ကောင်တွေကို ပိုဆွဲဆောင်မိသွားရင် ဖုတ်ကောင်တွေကိုအစာကျွေးဖို့ မင်းတို့ကိုချန်ထားခဲ့မယ်”
သူ့ရဲ့သတိပေးချက်ကြောင့် သူတို့က ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပိတ်ထားလိုက်ကြပြီး ညည်းတွားသံများသာ ထွက်လာသည်။ သူတို့က အသံမထွက်ဝံ့တော့ဘဲ ဖုတ်ကောင်ကို ထိတ်လန့်စွာဖြင့်သာ ကြည့်နေနိုင်သည်။
ထိုစစ်သားက သူတို့ဆီပြန်ရောက်တာတေယင် သူတို့နှင့်ဖုတ်ကောင်ကြားမှာ အကွာအဝေးတစ်ခုရှိနေသေးသည်။ အဲဒီကနေပဲ သူတို့က ဖုတ်ကောင်ရဲ့အရှိန်ကို တိုင်းတာနိုင်သင့်တယ်။
ထိုစစ်သားပြန်လာပြီးနောက်မှာပဲ သူနှင့် သူ့သူငယ်ချင်းက နောက်ပြန်ဆုတ်သွားပြီး အုပ်စုရှိလူအများအပြားကို ဖုတ်ကောင်နှင့် ရင်ဆိုင်စေလိုက်သည်။
"ရားးးး"
ဖုတ်ကောင်က ချွန်ထက်သော သွားများကို ပြကာ ဟိန်းဟောက်လိုက်ပြီး လူငယ်ကို တိုက်ခိုက်ရန်လုပ်သည်။
ဖုတ်ကောင်က တိုင်ခိုက်ဖို့ဝင်လာတာကိုမြင်တော့ လူငယ်က စစ်သားများကို လှမ်းကြည့်တယ်။ ဘေးတွင်ရပ်ပြီး စောင့်ကြည့်နေတာကိုတွေ့တော့ သူ့ရဲ့နှလုံးသားက နစ်မြုပ်သွားခဲ့ပြီး ဒီတစ်ခါမှာတော့ သူ့ကိုကူညီဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာကို သူသဘောပေါက်သွားတယ်။
အကိုက်ခံရပြီး အရှင်လတ်လတ် စားသောက်ခံရနိုင်ခြေနှင့် ရင်ဆိုင်နေရသောအခါတွင်တော့ သူရဲ့ရှင်သန်လိုစိတ်က သူ့နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ သူ့ရဲ့သစ်သားတုတ်ကို မြှောက်ပြီး ခက်ခက်ခဲခဲ တိုက်ခိုက်လိုက်တယ်။
"အက်"
တုတ်က ဖုတ်ကောင်ရဲ့သွားများကြားတွင် ညှပ်နေပြီး ကွဲထွက်သွားတော့မည့် လက္ခဏာများ ပြသနေသည်။ ပါးစပ်ကို ပိတ်ဆို့ခံထားရသဖြင့် ဖုတ်ကောင်က သူ့ကို မကိုက်နိုင်တော့ဘဲ သူရဲ့လက်မောင်းများကို လေထဲတွင် အပြင်းအထန်လွှဲယမ်းရုံသာ လုပ်နိုင်တော့သည်။
"မျက်လုံးဖွင့်ပြီး တိုက်ခိုက်မှုရဲ့ ဦးတည်ရာကို ကြည့်ပါ" လို့ လူငယ်က သူ့မျက်လုံးတွေကို ပြန်မှိတ်ချင်နေတာကို တွေ့တဲ့အခါ စစ်သားတစ်ယောက်က အမိန့်ပေးသည်။
ဒါကိုကြားတော့ လူငယ်က မျက်လုံးဖွင့်ပြီး သူ့ဆီရောက်လာနေတဲ့ ပုပ်ပွနေတဲ့ လက်တွေကို စူးစိုက်ကြည့်လိုက်ပြီး အနောက်ကို အမြန်ပြန်ဆုတ်လိုက်သည်။လက်သည်းချွန်တွေက ပစ်မှတ်ကိုလွဲချော်သွားပြီး ဖုတ်ကောင်ကိုလည်း ယိုင်နဲ့ထိုးကျသွားစေသည်။
"ကန်လိုက်" အခြားစစ်သားတစ်ဦးက ပြောသည်။
စကားအတိုင်းလိုက်နာကာ ခြေထောက်ကို မြှောက်ပြီး ဖုတ်ကောင်အား နံဘေးဆီကန်ထုတ်လိုက်သည်။
သူ့ရဲ့ ကန်ချက်အားက ဖုတ်ကောင်ကို မြေပြင်ပေါ် ကျသွားစေသည်။ ဖုတ်ကောင်က ထရန်ရုန်းကန်နေချိန်မှာပဲ စစ်သားက "မင်းရဲ့လက်နက်ကိုသုံးပြီးတော့ ခေါင်းကိုရိုက်" လို့ ဆက်ပြီး ညွှန်ပြတယ်။
လက်နက်မရှိတော့ဘဲ လူငယ်က အနီးနားရှိအမျိုးသမီးတစ်ဦးရဲ့ လက်ထဲကနေ သစ်သားတုတ်ကို လုယူလိုက်သည်။ ဖုတ်ကောင်က ပြန်မထလာနိုင်ခင်မှာပဲ သစ်သားတုတ်ဖြင့် ဖုတ်ကောင်ရဲ့ခေါင်းအနောက်ဖက်ကို အားပါပါရိုက်ချလိုက်တယ်။
" ဒုတ် ဒုတ် ဒုတ် ခရစ် "
အရိုးများ ကွဲအက်သွားသံထွက်လာပြီး သွေးမည်းများနှင့် အသားပုပ်များက ရောနှောကုန်သည်။ အခြားသော အသက်ရှင်ကျန်ရစ်သူများဟာ သူ့ရဲ့ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုကိုကြည့်ရင်း အလိုလိုနောက်ပြန်ဆုတ်သွားကြပြီး သူနှင့်အကွာဝေးခြားလိုက်ကြသည်။
မိနစ်အနည်းငယ်အကြာတွင် ဖုတ်ကောင်ရဲ့ဦးခေါင်းက ပုပ်နေသောငါးပိကန်အဖြစ်ကဲ့သို့ ပြောင်းလဲသွားသောအခါတွင်မှ သူကရပ်တန့်လိုက်ပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ သူ့ရဲ့ဗိုက်က ပြင်းပြင်းထန်ထန် တုန်ခါနေပြီးတစ်ဖက်ကို လှည့်ကာ အန်လိုက်တယ်။
စစ်သားတစ်ယောက်က သူ့ကျောပိုးအိတ်ထဲက ရေတစ်ပုလင်းကို ဆွဲထုတ်ပြီး သူ့ဆီ ပေးလိုက်တယ်။ သူက လူငယ်လေးရဲ့ ကျောကို ပွတ်သပ်ပြီးပြောလာတယ် "ကောင်းပြီ၊ အခု ဦးနှောက်ကို စစ်ကြည့်ပြီး အမြုတေရှိမရှိ ကြည့်လိုက်"
လူငယ်က ဖုတ်ကောင်ရဲ့ဦးနှောက်ကို မစစ်ဆေးမီတွင် ပါးစပ်ကိုဆေးကြောလိုက်ပြီး ရေအနည်းငယ်သောက်ကာ ပျို့အန်ခြင်းကိုရပ်တန့်ရန် တွန်းအားပေးလိုက်သည်။ ကံကောင်းထောက်မစွာနဲ့ပဲ ကံကောင်းခြင်းက သူ့ဘက်တွင်ရှိနေပြီး အကြည်ရောင်အမြုတေကို တွေ့ရှိခဲ့တယ်။
ဒါကိုမြင်တော့ လုအုပ်စုက ရွှင်မြူးသွားကြပြီး အမျိုးသမီး တစ်ယောက်က အော်လာသည်"အစ်ကို ၊ ငါတို့က ကံကောင်းလိုက်တာ၊ အနည်းဆုံးတော့ ရေတစ်ပုလင်းနှင့် ဘီစကွတ်တစ်ဗူး ရနိုင်တယ်"
လူငယ်လေးက သူ့နှုတ်ခမ်းကို သုတ်ပြီး လှောင်ပြောင်လိုက်တယ်။ "ငါ အန္တရာယ်ထဲ ရောက်နေတုန်းမှာတော့ မင်းတို့အားလုံးက ရပ်ကြည့်နေကြတာလေ။ အခုတော့ ငါ့မှာ အမြုတေရှိနေပြီဆိုတော့ ဝေစုလိုချင်တာလား။ အိပ်မက်မက်နေလိုက်"
ပြောပြီးဒါနဲ့ သူက ဖုတ်ကောင်ရဲ့ပါးစပ်ထဲက သစ်သားတုတ်ကို ဆွဲထုတ်ကာ အမျိုးသမီးငယ်လေးဆီ ပြန်ပစ်ပေးလိုက်ပြီး သူ့ရဲ့လက်နက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ လမ်းမဘက်ကို ဆက်လျှောက်သွားလို့ နောက်ထပ်ဖုတ်ကောင်တွေကို သူ့ဘာသာသူသတ်ပစ်ဖို့ စိတ်ဆုံးဖြတ်လိုက်သည်။
အခန်း-(၁၄၉)
ဤအတောအတွင်း၌ လမ်းမကြီးပေါ်က အဖွဲ့အများစုဟာ စစ်သားများရဲ့ ပံ့ပိုးကူညီမှုနှင့် ညွှန်ကြားချက်များအတိုင်းလိုက်နာခြင်းဖြင့် ဖုတ်ကောင်များကို တိုက်ခိုက်နေကြသည်။
အဖွဲ့တိုင်းတွင် အနည်းဆုံးတော့ လူငါးဦးပါဝင် ဒီထက်လည်းပိုများနိုင်သည်။ ကြံ့ခိုင်သောလူတွေကသာ ဖုတ်ကောင်များကို တစ်ယောက်တည်း တိုက်ခိုက်သည်။
" ခရစ် "
သူ့လက်ထဲရှိ သံတုတ်နှင့် ဖုတ်ကောင်ရဲ့ဦးခေါင်းကို ခမ်းကြမ်းကြမ်းရိုက်လိုက်ပြီး အသားပုပ်တွေက ကွဲကြေသွားစေသလို ဖုတ်ကောင်ရဲ့ဦးခေါင်းခွံကလည်း အက်ကွဲသွားသည်။ ဖုတ်ကောင်က လဲကျသွားပြီး အနက်ရောင်သွေးများက မြေပြင်အနှံ့ စီးကျသွားခဲ့သည်။
"ရားးးးး"
အမြုတေကို မစစ်ဆေးနိုင်ခင်မှာပဲ နောက်ထပ်ဖုတ်ကောင်နှစ်ကောင်က ပြေးဝင်လာပြီး အဲဒီလူရဲ့ နောက်ကျောကို တိုက်ခိုက်လာကြသည်။ ဖုတ်ကောင်တွေရဲ့ဟောက်သံကိုကြားတော့ သူက လျင်မြန်စွာလှည့်၍ သံတုတ်ဖြင့် အားအပြည့်တိုက်ခိုက်လိုက်သည်။
သက်ရောက်မှုက ဖုတ်ကောင်းရဲ့ လည်ပင်းကို ကျိုးသွားစေရုံသာမကဘဲ အနားရှိ အခြားဖုတ်ကောင်တစ်ကောင်နှင့်အတူ လွှင့်ထွက်သွားစေသည်။ လွှင့်ထွက်သွားသောဖုတ်ကောင်က မတ်တပ်ရပ်ရန် ရုန်းကန်နေတာမြင်တော့ သူကပြေးသွားပြီး သံတုတ်ကို မြှောက်ကာ ရိုက်ချလိုက်သည်။
သံတုတ်က ဖုတ်ကောင်ရဲ့ဦးခေါင်းကို ထိသွားပြီး ချက်ချင်းပဲသတ်ပစ်လိုက်တယ်။
"ရားးးး"
အောက်က ဖုတ်ကောင်က ချွန်ထက်တဲ့ လက်သည်းတွေကို သူ့ဆန့်ထုတ်လာနေတာ သတိထားမိတော့ အဲဒီလူက ဖုတ်ကောင်ရဲ့လက်မောင်းကို တက်နင်းလိုက်သည်။
" ခရစ်"
အရိုးများ ကွဲကြေသွားတဲ့အသံက ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်သွားသည်။ ဖုတ်ကောင်ကို ငုံ့ကြည့်နေတဲ့ သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုမရှိတော့ဘဲ၊ စိတ်လှုပ်ရှားမှုနှင့် မုန်းတီးမှုများသာ ကျန်တော့သည်။
" ခရစ် ခရစ် ခရစ် "
ဖုတ်ကောင်က မလှုပ်ရှားတော့ဘဲ ငြိမ်ကျသွားသည်အထိ သူရဲ့ သံတုတ်ဖြစ် အကြိမ်ကြိမ် ရိုက်လိုက်တယ်။ ဦးနှောက်ကို ထိုးဆွဖို့ သူတို့ရဲ့လက်နက်တွေကို အသုံးပြုတဲ့ တခြားသူတွေနှင့် မတူဘဲ သူကတော့ သူ့လက်ဗလာနှင့်ပဲ အမြုတေကို ရှာဖွေခဲ့သည်။
ဘေးနားတွင် ရပ်နေတဲ့ သင်ပြရန် တာဝန်ကျသော စစ်သားတွေက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဒီလူက အလားအလာရှိတဲ့ လူသစ်ပဲ သူ မကြောက်ဘဲ စွမ်းအင်ကလဲ နိုးထနေပုံရတယ်။
ခဏအကြာတွင် သူက အမြုတေတစ်လုံး တွေ့ရှိခဲ့ပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ လမ်းမပေါ်ပြန်လှည့်သွားစဉ်တွင် စစ်သားများက ချဉ်းကပ်လာတယ်။
"ရဲဘော်၊ ကျေးဇူးပြု၍ ခဏစောင့်ပါ"
ဒါကိုကြားတော့ ဟယ်ယွိဖန်က လှည့်လာပြီး "ဘာဖြစ်လို့လဲ"လို့ မေးလိုက်တယ်။
"ရဲဘော် ၊ မင်းရဲ့ စွမ်းရည်က နိုးထနေပြီလား" စစ်သားတစ်ယောက်က မေးမြန်းလာသည်။
"ကျွန်တော် မသေချာဘူး။ ဒါပေမယ့် အဖျားကြီးပြီး ပြန်ကောင်းလာတော့ ကျွန်တော့်ရဲ့ ခွန်အားတွေက သိသိသာသာ တိုးလာတယ်။ အဲဒါက စွမ်းရည်တစ်ခုလို့ မှတ်လို့ရလား" ယွိဖန်က ပြန်မေးလိုက်တယ်။
စစ်သားတွေက ခပ်ပြုံးပြုံးလေး ဖြစ်သွားကြပြီး သူတို့ထဲက တစ်ယောက်ကပြောလာတယ် "ရဲဘော်၊ လင်းယုန်အဖွဲ့ထဲကိုဝင်ဖို့ မင်းစိတ်ဝင်စားလား"
ကမ်းလှမ်းမှုကြောင့် ဟယ်ယွိဖယ်က အံ့အားသင့်သွားသည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူကမေးလိုက်တယ် "မင်းတို့အဖွဲ့က စစ်တပ်မဟုတ်ဘူးလား ၊ ကျွန်တော်က အရပ်သားတစ်ယောက်လေ ။ ဘယ်လိုလုပ်ပြီးပူးပေါင်းရမှာလဲ"
"ရဲဘော် ၊ အခြေအနေတွေက ပြောင်းသွားပြီ။ ရဲဘော်တွေ အများကြီးက မစ်ရှင်မှာအသက်စွန့်သွားကြပြီမို့ ငါတို့နှင့် ပူးပေါင်းဖို့ သန်မာတဲ့လူတွေ လိုတယ်။ မင်းစိတ်ဝင်စားရင်တော့ အသေးစိတ်ကို ဗိုလ်ကြီးဝေနှင့် ဆွေးနွေးဖို့ ငါတို့နှင့်လိုက်ခဲ့လို့ရတယ်"
အစပိုင်းတွင်တော့ဟယ်ယွိဖန်က မည်သည့်အဖွဲ့ကိုမျှ ပါဝင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သို့သော်လည်း စက်ရုံခရိုင်၏ ဖုတ်ကောင်တိုက်ခိုက်ခံရမှုရဲ့ ကြောက်မက်ဖွယ်မြင်ကွင်းကို မြင်တွေ့ပြီးနောက်တော့ အဖွဲ့တစ်ဖွဲ့ရှိခြင်းက သူရဲ့ရှင်သန်နိုင်ခြေကို တိုးမြင့်လာစေမည်ကို သူနားလည်လိုက်သည်။
သူက သန်မာသောလူများကို ရှာဖွေကာ သူကိုယ်တိုင် အဖွဲ့တစ်ဖွဲ့ ဖွဲ့ရန် စီစဉ်ထားသော်လည်း စစ်သားများက သူရဲ့ခွန်အားကို စိတ်ဝင်စားလာလိမ့်မည်ဟုတော့ သူက မမျှော်လင့်ခဲ့ပေ။
စစ်မှုထမ်းခြင်းက သူရဲ့လွတ်လပ်မှုကို ကန့်သတ်ချုပ်ချယ်ခြင်းဟု ဆိုလိုသော်လည်း၊ ၎င်းက ငွေပေးချေမှုအဖြစ် ရိက္ခာနှင့် အမြုတေများကို တည်ငြိမ်သောဝင်ရောက်ခွင့်ဖြင့်ပေးစွမ်းမည်ဖြစ်သည်။
အားသာချက် အားနည်းချက်တွေကို ချိန်ဆပြီးနောက်တော့ ခေါင်းညိတ်ပြကာ "ကောင်းပြီ" လို့ ပြောလိုက်တယ်။
စစ်သားများက သူရဲ့ဆုံးဖြတ်ချက်ကို ကျေနပ်ကြ ဝေယင်းနှင့်တွေ့ပေးရန် ခေါ်ဆောင်သွားကြသည်။
ကျင်းရွှီယန်းက သူ့ရဲ့နတ်ဆိုးအဖွဲ့ထဲသို့ စွမ်းရည်အသုံးပြုသူများ ခေါ်ယူပုံကို မြင်တွေ့ခဲ့ကြသည်။ သူ့အဖွဲ့က စစ်တပ်မဟုတ်တော့ဘဲ ကြေးစားအဖွဲ့ဖြစ်လာမည်ဟု အခိုင်အမာဆိုသော်လည်း သူ့အဖွဲ့ကို အားကောင်းအောင်ပြုလုပ်ရန်ဆိုတဲ့ သူရဲ့ဆုံးဖြတ်ချက်က ပညာရှိသည်။
အဲဒီနေ့ကတည်းက အသက်ရှင်ကျန်ရစ်သူများကိုစောင့်ကြည့်ရန် ဝေယင်းက သူတို့ကို ညွှန်ကြားထားပြီးဖြစ်သည်။ အရည်အချင်းရှိသူကို တွေ့ရှိပါက လင်းယုန်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားရမည်။
စစ်သားတွေနောက်ကို ဟဲယွိဖန် လိုက်လာချိန်မှာ အသက်ရှင်ကျန်ရစ်သူတချို့ သူတို့ရဲ့ ဦးတည်ရာဆီကို ကြည့်လာကြတယ်။
အများစုက သာမန်လူများဖြစ်ကြသော်လည်း အချို့က စွမ်းရည်အသုံးပြုနိုင်သူများ ဖြစ်ကြသည်။ စစ်တပ်ထဲကိုဝင်နိုင်ရင် စားနပ်ရိက္ခာနှင့်ရေအတွက် စိတ်ပူစရာ မလိုတော့ဘူး။
ဤအတွေးများကို တွေးတောနေရင်းဖြင့်၊ လူအများအပြားက စစ်သားများရဲ့နောက်သို့ လိုက်သွားပြီး လင်းယုန်အဖွဲ့တွင် ပါဝင်ခြင်းက တကယ်မှန်တဲ့ ရွေးချယ်စရာတစ်ခု ဟုတ်မဟုတ်ကို သိလိုကြတယ်။
တစ်ချိန်တည်းမှာပဲ လူငယ်တစ်ဦးက နှစ်ထပ်ဆိုင်တစ်ဆိုင်ရဲ့ ခေါင်မိုးပေါ်တွင် ပုန်းအောင်းနေသည်။ သူ့ဘေးမှာတော့ ကျောက်တုံးတွေပုံထားတယ်။ ဤဧရိယာတွင် လှည့်လည်သွားလာနေသော ဖုတ်ကောင်အရေအတွက်က ဓာတ်ဆီဆိုင်ရဲ့အနီးမှာထက် အဆများစွာ ပိုများနေသည်။
ဓာတ်ဆီဆိုင်ရဲ့အနီးတွင်တော့ ဖုတ်ကောင်များကိုသတ်ကာ တိုက်ပွဲဝင်နေသူတွေ များစွာရှိသဖြင့် သူမှာ မည်သည့်အမြုတေကိုမျှ မစုဆောင်းနိုင်ခဲ့ပါဘူး။ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းမဖြစ်နိုင်ကြောင်းကို ယုံကြည်ပြီး ဤနေရာတွင် တစ်ယောက်တည်း စွန့်စားခဲ့သည်။
အခုတော့ သူ့ရဲ့လက်ထဲမှာ ကျောက်တုံးတစ်တုံးကို ကိုင်ထားပြီး မျက်လုံးတစ်ဖက်ကို မှိတ်ထားလိုက်တယ်။ ဖုတ်ကောင်တစ်ကောင်က ခေါင်းကိုလှည့်လာတာနဲ့ ကျောက်တုံးကို တိကျစွာ ပစ်ချလိုက်သည်။
" ဝှစ် ခရစ် "
သာမာန်ကျောက်တုံးလေးက ကျည်ဆန်တစ်တစ်တောင့်ပစ်လိုက်သလို အရှိန်ဖြင့် ရှေ့သို့ ပြေးသွားပြီး ဖုတ်ကောင်ရဲ့ဦးခေါင်းခွံအနောက်ဘက်အထိ ဖောက်ဝင်သွားသည်။ ဖုတ်ကောင်လံကျသွားတာကို ကြည့်ပြီး သူ့ရဲ့နှုတ်ခမ်းထောင့် လေးတွေက အပြုံးကြောင့် ကွေးညွှတ်လို့သွားတယ်။
"တစ်ကောင်ပြီးပြီ" လို့ သူက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
သူရဲ့ လျှို့ဝှက်နေရာနှင့် တိုတောင်းသော အကွာအဝေးကြောင့် ဖုတ်ကောင်များကိုအလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ မိနစ်နှစ်ဆယ်အတွင်းမှာပဲ ဖုတ်ကောင် ဆယ်ကောင်ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်။
ခေါင်မိုးပေါ်မှာ ရပ်ပြီး ဧရိယာတစ်ဝိုက်ကို စစ်ဆေးလိုက်တယ်။ နောက်ထပ် ဖုတ်ကောင်တွေ အနားမလာတော့ကြောင်းကို အတည်ပြုပြီးတာနဲ့ ပထမထပ် လသာဆောင်ပေါ်ကို ခုန်ဆင်းပြီး နောက်တော့ မြေကြီးပေါ်ကို တစ်ဖန်ခုန်ဆင်းသွားလိုက်သည်။
သူက ဖုတ်ကောင်ရဲ့အလောင်းဆီသို့ လျှောက်သွားပြီး သူ့ရဲ့နောက်ကျောမှ ဓားရှည်ကို ဆွဲထုတ်ကာ အောက်ဘက်သို့ ငုံ့ချလိုက်သည်။
" ခရစ် "
တစ်ခုတည်းသော လှုပ်ရှားမှုဖြင့် သူက ဖုတ်ကောင်ရဲ့ဦးခေါင်းကို ခွဲထုတ်လိုက်တယ်။ အမြုတေကိုရှာဖွေရန်အတွက် ဓားကို အသုံးပြု၍ ပုပ်နေသောဦးနှောက်ကို ထိုးဆွခဲ့သည်။ ဖုတ်ကောင် ဆယ့်ခြောက်ကောင်တွင် အမြုတေခုနစ်ခုသာ သူတွေ့ရှိခဲ့သည်။
သူရဲ့ခါးပတ်အိတ်ထဲတွင် အမြုတေများကို လုံခြုံအောင်ထားပြီးနောက်မှ ဓာတ်ဆီဆိုင်ဆီသို့ ပြန်ပြေးသွားခဲ့တယ်။ သူများတွေ နာရီဝက်လောက်ကြာမယ့် ခရီးမှာ သူကတော့ ဆယ်မိနစ်တောင် မကြာခဲ့ပါဘူး။
အံ့အားသင့်ဖွယ်အရှိန်ဖြင့် ရွေ့လျားသွားသောအခါတွင်တော့ သူ့ရဲ့ပုံသဏ္ဍာန်က မှုန်ဝါးသွားသည်။ သူက ပြေးနေရင်းနှင့် စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
တစ်ခါက စက်ရုံခရိုင်မှာ ဖုတ်ကောင်အဖြစ်ပြောင်းသွားတဲ့ အမျိုးသမီးတစ်ဦးကို သူတွေ့ခဲ့ဖူးတယ်။ ထိုအချိန်မှစ၍ သူမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းကို သိလိုက်ရသည်။ အကြောင်းအရင်းကတော့ သူမှာ အနက်ရောင်သွေးများဖုံးလွှမ်းနေသော သံအချွန်တစ်ခုကြောင့် အခြစ်ခံခဲ့ရတယ်။
ပထမကတော့ သူတော့ကံဆိုးပြီလို့ သူယုံကြည်ခဲ့တယ်။ အသိစိတ်မရှိသော ဘီလူးတစ်ကောင်အဖြစ်သို့ မပြောင်းသွားမီတွင်ပဲ သူ့ဘဝကိုအဆုံးသတ်ရန် ကြံစည်ခဲ့သည်။
အခန်း-(၁၅၀)
သူ့ရဲ့ခန္ဓာကိုယ်အပူချိန်က ကျဆင်းလာတဲ့အခါမှာတော့ အနည်းဆုံးတော့ ဗိုက်ပြည့်ပြီးမှ သေလိုက်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ ထို့ကြောင့် စစ်သားတွေပေးတဲ့ ရေနှင့်ရိက္ခာ အားလုံးကို အပြီးတိုင် ဖြတ်တောက်လိုက်သည်။
မျှော်လင့်ထားသလိုမဟုတ်ဘဲ တစ်ညလုံး အဖျားကြီးပြီး နောက်တစ်နေ့မနက်တွင်တော့ အိပ်ရာက နိုးလာပြီး ခန္ဓာကိုယ်ကလည်းလုံးဝပုံမှန်ပါပဲ။ ဒါတင်မကဘဲ မျက်လုံးရဲ့အမြင်အာရုံနှင့် ခန္ဓာကိုယ်ရဲ့ခွန်အားကလည်း သိသိသာသာ တိုးတက်လာပါတယ်။
ထိုအချိန်မှာပဲ သူ့စွမ်းရည်က နိုးထလာခဲ့ပြီဆိုတာကို သိလိုက်ရတယ်။ ပြီးတော့ အမြန်နှုန်းအမျိုးအစား စွမ်းရည်ပါ ထပ်မံပေါင်းစပ်သွားတာကြောင့် အခုဆို စွမ်းရည်သုံးမျိူးနှင့် စွမ်းရည်အသုံးပြုသူတစ်ဦး ဖြစ်လာသည်။ အဲဒီအချက်ကပဲ သူ ဤကဲ့သို့အန္တရာယ်များသော နယ်မြေတွင် တစ်ကိုယ်တည်း အမဲလိုက်ရန် ရဲရင့်နေရသည့် အကြောင်းရင်းခံဖြစ်သည်။
ဓာတ်ဆီဆိုင်ကို ပြန်ရောက်လာပြီး သိပ်မကြာခင်မှာပဲ ဖုတ်ကောင်တွေကို သတ်မယ့်အစား စကားစမြည်ပြောနေကြတဲ့ လူတစ်စုကို သတိထားမိလိုက်သည်။ သိချင်စိတ်အပြည့်ဖြင့် သူကလျှောက်သွားပြီး "အစ်ကို ဘာဖြစ်နေတာလဲ ၊ ဘာလို့ ဖုတ်ကောင်တွေကို မသတ်ကြတာလဲ"လို့ မေးလိုက်တယ်။
သူ့မေးခွန်းကိုကြားတော့ သူတို့ထဲက တစ်ယောက်ကပြန်ဖြေလာတယ် "စွမ်းရည်အသုံးပြုသူတစ်ယောက်က သူ့ရဲ့စွမ်းရည်ကိုပြသပြီး အလုပ်ရှုပ်နေတဲ့အချိန်မှာ ဖုတ်ကောင်တွေကို ငါတို့က ဘယ်လိုလုပ်ပြီးသတ်နိုင်မှာလဲ"
"ဘယ်သူလဲ"လို့ လူငယ်က စိတ်ဝင်တစားဖြင့် မေးလိုက်တယ်။
အသက်ရှင်ကျန်ရစ်သူက လမ်းမကြီးဆီသို့ ညွှန်ပြပြီးပြောလာတယ် "ဒီလူက စွမ်းအားကြီးတဲ့လူရဲ့အဖွဲ့ထဲက တစ်ယောက်လို့တော့ ငါကြားတယ်"
လူငယ်က မေးခွန်းတွေထပ်မမေးခင်မှာပဲ တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်တယ်။ လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်က သူ့ကို မကျေမနပ်နဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။
"လင်းဖေး မင်းဘယ်သွား နေတာလဲ" လို့ သူမကမေးလာသည်။
လင်းဖေးက မျက်ခုံးပင့်လိုက်ပြီးပြန်ဖြေသည် "ဗိုက်နာလို့ အိမ်သာသွားတာ။ ဘာဖြစ်လို့လဲ ၊ မင်းက ငါ့နှင့်ပူးပေါင်းချင်လို့လား"
အမျိုးသမီးက မျက်မှောင်ကြုတ်ကာမေးတယ် "လင်းဖေး၊ မင်းရဲ့ သဘောထားက ဘယ်လိုလုပ်ပြီး ပြောင်းသွားရတာလဲ ၊ ဖုတ်ကောင်တွေကို အတူတူသတ်ဖို့ ငါတို့ သဘောတူခဲ့တာ မဟုတ်ဘူးလား"
"အဖွဲ့ထဲမှာက လူတွေအများကြီးရှိတာပဲကို လူတစ်ယောက်ဆုံးရှုံးလိုက်ရတာက ဘာထူးခြားသွားမှာမဟုတ်ဘူးမလား" လင်းဖေးက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
"လင်ဖေး၊ မင်းဒီလိုပဲ ဆက်လုပ်နေရင်
မန်နေဂျာဝမ်က မင်းကို အဖွဲ့ထဲကထုတ်လိုက်တာနဲ့ ငါလည်း မင်းကို ကူညီနိုင်မှာ မဟုတ်တော့ဘူး" လို့ အမျိုးသမီးက ဒေါသတကြီးဖြင့် အရိပ်အမြွက်ပြောလာတယ်။
လင်းဖေးက သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ "စုလင်၊ ငါတို့လမ်းခွဲရအောင်" ပြောလိုက်တယ်။
သူ့စကားကိုကြားသောအခါ မယုံနိုင်ဖြစ်သွားတဲ့ စုလင်ရဲ့မျက်လုံးများက ပြူးကျယ်သွားသည်။ သူမက သူ့လက် မောင်းကိုဆွဲပြီး "လင်းဖေး နင်ဘာကိုဆိုလိုတာလဲ ၊ ငါမင်းအတွက်အကုန်လုပ်ပေးပြီးတော့မှ မင်းကငါ့ကိုလမ်းခွဲချင်နေတာလား"လို့ မေးလာတယ်။
လင်းဖေးက သူမလက်ကို တွန်းဖယ်လိုက်ပြီး "စုလင်၊ ငါ့နောက်ကွယ်မှာ မင်းဘာတွေလုပ်နေလဲဆိုတာကို ငါမသိဘူးထင်နေတာလား။ မင်းရဲ့ညစ်ပတ်တဲ့ အကြောင်းအရာတွေကို ထုတ်မပြောစေချင်ရင် ငါ့ကို လာမရှုပ်နဲ့"
မထွက်သွားခင်မှာ သူကဆက်ပြောခဲ့သေးတယ် "အဲဒီအဘိုးကြီးကို ကျေနပ်စေချင်ရင်တော့ ဒါက မင်းရဲ့ရွေးချယ်မှုပဲ၊ ဒါပေမယ့် ငါ့ကိုတော့ မင်းရဲ့ခြေနင်းကျောက်အဖြစ် သုံးနိုင်မယ်လို့တော့ တွေးမနေနဲ့"
သူ့ရဲ့စကားတွေကြောင့် စုလင်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် သူ့နောက်ကျောကို စိုက်ကြည့်နေမိသည်။ မန်နေဂျာဝမ် နှင့် တွေ့တိုင်း သူမက အမြဲသတိထားနေခဲ့တယ်။ဒါကို လင်းဖေးက ဘယ်လိုလုပ်ပြီးသိတာလဲ။
ထွက်လာပြီးနောက်မှာတော့ လင်းဖေးက ကြွားဝါနေသူကို ကြည့်ရန်အတွက် လမ်းမကြီးဆီသို့ သွားလိုက်သည်။ မသွားရောက်ခင်မှာတောင် ဖုတ်ကောင်တွေရဲ့ဟောက်သံကို သူကြားနေရပါပြီ။
"ဘုန်းး"
ကျယ်လောင်သောအသံကိုကြားတော့ သူက မျက်မှောင်ကြုတ်ကာ အရှိန်ကိုမြှင့်လိုက်တယ်။ ရက်အတော်ကြာ စောင့်ကြည့်ပြီးနောက်တော့ ထိုသို့သောဆူညံသံက ဖုတ်ကောင်များကို ပို၍ဆွဲဆောင်နိုင်တာကို သူသိခဲ့တယ်။
"အဲဒီလူက ဦးနှောက်မရှိဘူးလား" လို့ မျက်မှောင်ကြုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
တစ်ကယ့်အခြေအနေကို မြင်လိုက်ရသောအခါတွင်တော့ စကားမပြောနိုင်ဖြစ်သွားတယ်။ ဟန်ဂျီယင်းက ရှေ့တန်းရှိ ဖုတ်ကောင်တွေကို သစ်သားဘောလုံးတွေနှင့်ပစ်ပေါက်ပြီး ခေါင်းကို ရိုက်တယ်။
သစ်သားဘောလုံးတွေ ဖုတ်ကောင်များကို သတ်နိုင်ပေမယ့်လည်း ဦးနှောက်တွေကို ဖျက်စီးနိုင်ဖို့အတွက်ကတော့ ကြိမ်ဖန်များစွာ ရိုက်ယူရသည်။
သစ်သားဘောလုံးများက လမ်းတစ်လျှောက် ပြန့်ကျဲနေပြီး လွဲချော်သွားသော တိုက်ခိုက်မှုများကြောင့် လမ်းက အက်ကွဲကာ ပျက်စီးနေသည်။ သူတို့သာ ထွက်သွားဖို့လုပ်ရင် နောက်မှ တခြားလမ်းကို ရှာရမှာလား။
လင်းဖေးက ဟန်ဂျီယင်းအား တိတ်တဆိတ်ဝေဖန်နေချိန်တွင် ဝေယင်းကတော့ သူရဲ့နှာတံကို ဖိလိုက်တယ်။ ဟန်ဂျီယင်းရဲ့ တိုက်ပွဲကို ကြည့်ပြီး သူခေါင်းကိုက်သွားသည်။
ပိုင်ရီကျီးရဲ့အဖွဲ့မှလူတိုင်းက မထက်မြက်ကြရင်တောင် အနည်းဆုံးတော့ သူတို့ရဲ့ခေါင်းဆောင်လိုပဲ အရည်အချင်းပြည့်ဝကြလိမ့်မည်လို့ သူထင်ခဲ့တယ်။ သို့သော် သူတို့ကို သေသေချာချာ လေ့လာကြည့်ပြီးနောက်တော့မှ ချူကျိမြောင်က ရေထုတ်နည်းကိုသာ သိရုံမျှဖြစ်ပြီး တိုက်ပွဲတွင်တော့ သူမကဲ့စွမ်းရည်ကို အသုံးမချနိုင်ကြောင်း သူသဘောပေါက်သွားသည်။
ဟန်ဂျီယင်း ကတော့ ရန်သူ ၁၀၀၀ ကို ချေမှုန်းဖို့ စစ်သား ၈၀၀ ကို စတေးပစ်တဲ့ အမျိုးအစားပါ။ ထိရောက်မှုမရှိသော တိုက်ခိုက်မှုများဖြင့် သူရဲ့စွမ်းအင်ကို ဖြုန်းတီးနေရုံသာမကဘဲ သူရဲ့စွမ်းရည်ကိုလည်း အလွန်အမင်း အားကိုးနေသည်။
ပိုင်ရီကျီးရဲ့အဖွဲ့တွင် လီယောင် တစ်ဦးတည်းကသာ သင့်တော်သော တိုက်ခိုက်နိုင်စွမ်းရှိသည်။ အခြားသော ခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူများနှင့် နှိုင်းယှဉ်ပါက သူက ပိုသန်မာသည်။ လီယောင် ပြောခဲ့တဲ့အတိုင်းဆို သူက အဆင့်တစ်ဖြစ်နေသင့်ပြီ။ ဟန်ချက်မညီသောအသင်းနှင့်အတူ အားကောင်းသောရန်သူများကို ရင်ဆိုင်ရသောအခါတွင်တော့ သူတို့က သေချာပေါက် ရှုံးနိမ့်မည်ဖြစ်သည်။
ဝေယင်းက အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေစဉ်တွင် ပိုင်ရီကျီးကလည်း ထိုနည်းလည်းကောင်းပင်။ ဟန်ဂျီယင်းကို တစ်ပတ်ကျော် စောင့်ကြည့်နေခဲ့တယ်။ ယခုတော့ သူ့အား အစွမ်းကုန်ထုတ်ပြလာတာကို မြင်လိုက်ရသောအခါမှာတော့ ကျန်းနင်မြို့ကို ရောက်တာနှင့် သူ့ကို အသင်းမှ ထုတ်ပစ်ရန် အကြံထုတ်လိုက်သည်။
ထိုဆုံးဖြတ်ချက်ချပြီးတာနဲ့ သူ့အကြည့်တွေက ရုန်မိုအာ နှင့် ကုရှကျယ်ဆီကို ပြောင်းသွားတယ်။ သူတို့တွင် လူနှစ်ဦးသာရှိသော်လည်း ဖုတ်ကောင်ပေါင်း သုံးဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။
သူတို့ရဲ့ တိုက်ခိုက်မှုပုံစံများက သမားရိုးကျမဟုတ်သော်လည်း ထိရောက်မှုရှိသည်။ သူတို့က မြေပြင်နှင့် ပတ်ဝန်းကျင်ကို ကောင်းစွာအသုံးချတတ်ကြတယ်။ သူတို့ကို သူ့က်ုသာ အဖွဲ့ထဲကိုဖိတ်ခေါ်နိုင်ရင် သူ့အဖွဲ့ရဲ့ အလုံးစုံ အင်အားကို တိုးတက်စေနိုင်သည်။
"ဘုန်းးး"
ဘေ့စ်ဘောအရွယ် မီးလုံးတစ်လုံးက ဖုတ်ကောင်ရဲ့ဦးခေါင်းကို ထိမှန်ကာ မီးတောက်လောင်သွားသည်။
"ရားးးး"
ဖုတ်ကောင်က ဟိန်းဟောက်ပြီး ရုန်မိုအာကို တိုက်ခိုက်လိုက်တယ်။ ချွန်ထက်သောလက်သည်းတွေက သူမထံသို့မရောက်လာမီတွင်ပဲ ကုရှကျယ်က ဘေးမှပေါ်လာပြီး ဖုတ်ကောင်ရဲ့ ဦးခေါင်းအနောက်ဘက်သို့ ဓားမြှောင်နှင့်ထိုးချလိုက်သည်။
ရုန်မိုအာက ဒါကိုမြင်တော့ သူမရဲ့ လက်ဖဝါးကို လက်သီးပုံစံဆုပ်လိုက်ပြီးတာနဲ့ ဖုတ်ကောင်ရဲ့ခေါင်းမှာ တောက်လောင်နေတဲ့ မီးတောက်တွေက ချက်ချင်း ငြိမ်းသွားသည်။
ကုရှကျယ်က ဖုတ်ကောင်ရဲ့ဦးခေါင်းထဲက ဓားမြှောင်ကို ဆွဲထုတ်ပြီး "မိုအာ၊ နောက်တစ်ကြိမ်ကြရင် သတိထားအုံး၊ ငါမင်းရဲ့မီးနှင့် ကင်ခံရလုနီးပါးဖြစ်နေပြီ" လို့ပြောလိုက်တယ်။
သူ့ရဲ့တိုင်တောချက်ကို လျစ်လျူရှုထားပြီး
အသက်ကိုပြင်းပြင်းရှူကာ ရုန်မိုအာက
"ရှကျယ် အမြုတေကို စစ်ဆေးလိုက်" ဟုပြောသည်။
ဓားမြှောင်ကို အသုံးပြု၍ ကုရှကျယ်က ဖုတ်ကောင်ရဲ့ဦးခေါင်းကို ခွဲထုတ်ကာ"အမြုတေ မရှိဘူး" လို့ မပြောခင်မှာ ခဏလောက် ရှာဖွေခဲ့ပါသေးတယ်။
ဒါကိုကြားတော့ ရုန်မိုအာက သက်ပြင်းတစ်ချက်ချပြီး " အမြုတေတွေ ထွက်လာဖို့က မလွယ်ဘူးထင်တယ်" လို့ ပြောလိုက်တယ်။