အခန်း (၇၁၉-၇၂၀)
Vol. 72 Ch. 719-720
အခန်း ၇၁၉ - တောရိုင်းကျောင်းတော်သို့ ဝင်ရောက်ခြင်း
မကြာမီမှာပင် လူအများအပြား တဖြည်းဖြည်း ထွက်ခွာသွားကြပြီး အနည်းငယ်သော လူအချို့သာ ထိုနေရာတွင် ကျန်ရစ်တော့သည်။
ရွှီဖုန်းနှင့် အပေါင်းအပါများသည် ကျီးလျန် တစ်ယောက် စကားမဆိုဘဲ ငြိမ်သက်နေသည်ကို မြင်သောအခါ နှစ်သိမ့်ရန် ရှေ့သို့ တိုးလာကြသည်။
ထိုစဉ် ပုံရိပ်တစ်ခုမှာ ပတ်ဝန်းကျင်ကို ဝဲယာကြည့်ကာ ဘေးကင်းသည်ဟု ယူဆရမှ ကျီးလျန်၏ ရှေ့သို့ တိုးလာခဲ့သည်
"ကျီးလျန် ခုနက ဖြစ်ပျက်ခဲ့တာတွေကို ငါ အကုန်မြင်ပါတယ် စိတ်မပူနဲ့ နောက်ဆို ငါ့မှာ အခွင့်အရေးရရင် မင်းအတွက် ဒီအမုန်းကို ပြန်ချေပပေးမယ်"
စကားပြောလိုက်သူမှာ ကိုင်ဝူ ပင် ဖြစ်သည်။
"ကိုင်ဝူ မင်း ခုနက ဘယ်ရောက်နေတာလဲ"
ရွှီဖုန်းက မေးလိုက်သည်။
ကိုင်ဝူက မျက်နှာပျက်ပျက်ဖြင့်
"ပိုင်ချင်းမင်နဲ့ ဖန့်ချန် ကျုံးတူးကို ဝင်လာကတည်းက တစ်ယောက်ယောက်က ငါ့ကို သတင်းပေးတယ်၊ သူတို့နဲ့ ဝေးဝေးနေဖို့ပေါ့ ငါက သူတို့ကို ကြောက်လို့မဟုတ်ပါဘူး ဒါပေမဲ့ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ဓားသမားတွေက အရူးတွေဆိုတာ မင်းတို့လည်း သိတာပဲ ကျုံးတူးထဲမှာ သူတို့ ငါ့ကို တိုက်ခိုက်မှာကို ဘယ်သူ အာမခံနိုင်မှာလဲ"
လူအုပ်ကြီးက ခေါင်းညိတ်ပြကြသည်။
ကိုင်ဝူ၏ လုပ်ရပ်မှာ ကျိုးကြောင်းဆီလျော်သည်ဟု သူတို့ ထင်ကြသည်။
ခုနက ရွှီဖုန်း ပါးရိုက်ခံရသည်ကို ကြည့်ခြင်းဖြင့် ပိုင်ချင်းမင်မှာ မည်မျှ ရူးသွပ်သည်ကို သိသာလှသည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့ ဖန့်ချန် တောရိုင်းကျောင်းတော်ထဲ ရောက်သွားတာက ပိုတောင် ကောင်းသေးတယ် ငါတို့ ကောင်းကင်ဘုရင်ကျန့်အိမ်တော်က တောရိုင်းကျောင်းတော်ထဲမှာ ဩဇာအာဏာ အတိုင်းအတာတစ်ခုအထိ ရှိတယ်"
"ကျောင်းတော်က စီနီယာကျောက်က ငါ့အဖေနဲ့ တော်တော်လေး ရင်းနှီးတာ ငါ စာတစ်စောင်လောက် ရေးပေးလိုက်ရုံနဲ့ ဖန့်ချန်အတွက် ကျောင်းတော်မှာ သာယာတဲ့ နေ့ရက်တွေ ရှိလာမှာ မဟုတ်ဘူး"
ကိုင်ဝူက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
ရွှီဖုန်းက ဟန်လင်ချိုးကို ကြည့်ကာ
"ဟန်လင်ချိုး မင်းအဖေကလည်း တောရိုင်းကျောင်းတော်ရဲ့ စီနီယာ တစ်ယောက်ပဲလေ မင်းလည်း ကျီးလျန်ကို ကူညီဖို့ တစ်ခုခု ပြောပေးဦးမှပေါ့"
ဟန်လင်ချိုး၏ မျက်နှာတွင် အခက်တွေ့နေသည့် အရိပ်အယောင်များ ပေါ်လာသည်။
ထိုစဉ်မှာပင် ကျီးလျန်က ရုတ်တရက် ပြုံးလိုက်ပြီး
"ငါ စိတ်ဆိုးနေတယ်လို့ မင်းတို့ ထင်နေတာလားမဟုတ်ပါဘူး ငါက ခုနက ဖန့်ချန် ဆေးလုံးထဲက အညစ်အကြေးတွေကို သန့်စင်သွားတဲ့ နည်းစနစ်ကို ပြန်စဉ်းစားနေတာပါ"
"သူ့ရဲ့ ဆေးပညာပါရမီက ငါ့ထက် သာနေတော့ ကျိမသေမျိုးဘုရင်က ငါ့ကို မရွေးဘဲ သူ့ကို ရွေးလိုက်တာက ပုံမှန်ပါပဲ"
"ဒါပေမဲ့ ဒီတစ်ခါ နဂါးသွေးကြောဆေးလုံးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရှာဖွေပေးရာမှာ မင်းတို့ ကိုးဆက်မြောက်ဘုရင်အိမ်တော်ကလည်း အားစိုက်ခဲ့တာပဲလေ တောရိုင်းကျောင်းတော်က အခုလို လုပ်တာက အသုံးချပြီးရင် အမှိုက်လို လွှင့်ပစ်တာ မဟုတ်ဘူးလား"
ရွှီဖုန်းက ဒေါသတကြီး ပြောလိုက်သည်။
"အားစိုက်ခဲ့တာကတော့ မှန်တယ် ဒါပေမဲ့ အဲ့ဒါနဲ့ ငါ ကျောင်းတော်ဝင်ခွင့် ရဖို့က တိုက်ရိုက် မပတ်သက်ပါဘူး အားလုံးလည်း စိတ်မဆိုးကြပါနဲ့တော့"
ကျီးလျန်က ပြုံးလျက် ပြောလိုက်သည်။
သူသည် အဝေးမှ ရွှီချင်းဆုန်ကို ကြည့်ကာ အပြုံးက ပို၍ ကျယ်ပြန့်လာပြီး လူအုပ်ကို နှုတ်ဆက်လိုက်သည်
"မဟာချဲ့ထွင်းဂိုဏ်းက ရွှီချင်းဆုန်နဲ့ စကားခေတ္တ ပြောစရာရှိလို့ပါ နောက်မှ ငါတို့ ချုံးလို မှာ ဆုံကြတာပေါ့"
"ကောင်းပြီလေ"
လူအုပ်ကြီးက ခေါင်းညိတ်ပြကြသည်။
ကျီးလျန် ထွက်ခွာသွားပြီးနောက် လင်းယွင်ဓားဂိုဏ်းမှ ဝမ်ယိက ရွှီဖုန်းကို ကြည့်ကာ ပြုံးလိုက်သည်
"မင်းက ကျီးလျန်နဲ့ ပေါင်းပြီး ဖန့်ချန်ကို တိုက်ခိုက်ချင်တာလား မင်းရဲ့ ဒီအကြံကို ကျီးလျန်က မရိပ်မိဘူးလို့ ထင်နေတာလား "
"မင်း ဘာကို ဆိုလိုတာလဲ"
ရွှီဖုန်း၏ မျက်နှာ ပျက်သွားသည်။ သို့သော် ဝမ်ယိက ဘာမှ ထပ်မပြောဘဲ ထွက်ခွာသွားတော့သည်။
"သွားစို့... သွားစို့... ချုံးလိုမှာ ဆုံကြတာပေါ့"
စူးလင်ကျူ က ဟန်လင်ချိုးကို ဆွဲကာ အမြန် ထွက်ခွာသွားသည်။
"မင်းရဲ့ ကိစ္စကို ငါ မြင်ပါတယ် စိတ်မပူနဲ့... ဘယ်သူကမှ မင်းဘက်မှာ မရှိရင်တောင် ငါ ရှိနေပေးမယ်"
ကိုင်ဝူက ရွှီဖုန်း၏ ပုခုံးကို ပုတ်ကာ ထွက်ခွာသွားပြန်သည်။
ရွှီဖုန်းက မျက်မှောင်ကြုတ်ကာ ဘေးမှ ရွှီထျဲခွန်ကို ကြည့်လိုက်သည်
"ထျဲခွန် ဦးလေး ဒီကျီးလျန်က တကယ့်ကို စိတ်ဓာတ် နက်နဲတဲ့သူပဲ အစက သူက ငါ့လက်ကို သုံးပြီး ဖန့်ချန်ကို ရန်စခိုင်းတယ် အခု ငါက သူ့ကို ဝိုင်းကူမယ်ဆိုတော့တောင် ငါ့ကို အခွင့်အရေး မပေးဘူး"
"နတ်ဘုရားအိမ်တော်တွေရဲ့ အရှင်သခင်တွေဆိုတာ ဒီလို အကျင့်မျိုးရှိတာပဲ သူတို့ကပဲ လူတွေရဲ့ စိတ်ကို ကစားနိုင်ရမယ် ဘယ်သူကမှ သူတို့ကို လာပြီး မလှည့်စားစေရဘူး"
ရွှီထျဲခွန်က အေးစက်စွာ ပြောလိုက်သည်
"နောက်ဆိုရင် မင်း ပိုနားလည်လာလိမ့်မယ် ကျင့်ကြံခြင်းလမ်းမှာ လူမှုရေးဆိုတာထက် အစွမ်းရှိသူကပဲ အသာစီးရတာ သူတို့နဲ့ ဆက်ဆံလို့ရပေမဲ့ အလွန်အကျွံတော့ မယုံကြည်နဲ့ ကျင့်ကြံခြင်း လောကမှာ သူငယ်ချင်းဆိုတာ မရှိဘူး ပြိုင်ဘက်ပဲ ရှိတယ်"
"နားလည်ပါပြီ ဦးလေး"
ရွှီဖုန်းက ခေါင်းညိတ်လိုက်သည်။
ချုံးလို သည် ကျုံးတူးမြို့တော်၏ အကျော်ကြားဆုံး စားသောက်ဆိုင် ဖြစ်သည်။
ကျီးလျန်နှင့် ရွှီချင်းဆုန်တို့သည် အထူး တားမြစ်ချက် များဖြင့် ပိတ်ဆို့ထားသော အခန်းတစ်ခုအတွင်း ရောက်နေကြသည်။
"ရွှီဖုန်းက တကယ့်ကို ကိုယ့်အခြေအနေကိုယ် မသိဘူး၊ ငါ့ကို အသုံးချချင်နေတာ"
ကျီးလျန်က လှောင်ပြောင်သည့် အမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။ ထို့နောက် ရွှီချင်းဆုန်ကို ကြည့်ကာ
"မင်း ဒီကို လာတာ ဖန့်ချန်အတွက်လား"
"မှန်ပါတယ်"
ရွှီချင်းဆုန်က ခေါင်းညိတ်သည်
"သူ ကျုံးတူးကို မလာခင် ငါတို့ ဂိုဏ်းကို လာပြီး ငါတို့ ဂိုဏ်းသားတွေကို အရှက်ခွဲသွားတယ် ဒီရန်ငြိုးကို သူ့အသက်နဲ့ပဲ ပြန်ချေပရမယ်"
"ငါ သူ့ရဲ့ ဆံပင် ဒါမှမဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု ရအောင် ကြိုးစားပေးမယ် အဲ့ဒီအခါကျရင် မင်းရဲ့ ကပ်ဘေးကျိန်စာကို သုံးလို့ရပြီ ဒီ ချုံးလိုရဲ့ တားမြစ်ချက်တွေက တော်တော်လေး ကောင်းမွန်တော့ ဒီမှာပဲ လုပ်တာပေါ့ ဘယ်သူမှ သိမှာ မဟုတ်ဘူး"
ကျီးလျန်က အေးဆေးစွာ ပြောလိုက်သည်။
"ဒါ့အပြင် မင်း ဆုံးရှုံးသွားတဲ့ အနှစ်သာရ သွေးတစ်စက်အတွက် ငါ နဂါးသွေးဆေးလုံး တစ်လုံးနဲ့ ပြန်လျော်ကြေးပေးမယ်"
"ကျေးဇူးတင်ပါတယ် မင်းသားလေး"
ရွှီချင်းဆုန်က လက်အုပ်ချီကာ ဂါရဝပြုလိုက်သည်။
ဖန့်ချန်သည် ပတ်ဝန်းကျင် တစ်ခုလုံး ဝေဝါးသွားသည်ဟု ခံစားလိုက်ရပြီး၊ ပြန်လည် ကြည်လင်လာသောအခါ အဆောက်အဦး အစုအဝေးတစ်ခု ရှေ့သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။
အဦးဆုံး မြင်လိုက်ရသည်မှာ အနက်ရောင် အမိုးပြားများနှင့် ဖြူလွလွ နံရံများရှိသည့် အင်မတန် ရိုးရှင်းလှသော ခြံဝင်းတစ်ခု ဖြစ်သည်။
"ကျိမသေမျိုးဘုရင် ဒီနေရာက တောရိုင်းကျောင်းတော်လား တောရိုင်းကျောင်းတော်က ကျုံးကျိုး ထဲမှာ မရှိဘူးလို့ ကြားဖူးတယ် အဲ့ဒါ အမှန်ပဲလား"
ပဉ္စမမင်းသမီးက စိတ်ဝင်တစား မေးလိုက်သည်။
နင်ထျဲနယူးကလည်း စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေသည်။
ဖန့်ချန်နှင့် ရှကျီတို့မှာမူ စကားတစ်ခွန်းမှ မဆိုဘဲ အချင်းချင်း နားလည်မှုဖြင့် မျက်လုံးချင်း ဆုံလိုက်ကြသည်။
သူတို့ဘေးတွင် မသေမျိုးဘုရင် ရှိနေသဖြင့် စိတ်ချင်းဆက်သွယ်ခြင်း ကိုပင် မသုံးရဲကြပေ။
"တောရိုင်းကျောင်းတော်က ကျုံးကျိုးထဲမှာ မရှိတာ အမှန်ပဲ"
ကျိမသေမျိုးဘုရင်က ပြုံးလျက် ခေါင်းညိတ်ပြကာ သူတို့ကို ခြံဝင်းထဲသို့ ခေါ်ဆောင်သွားသည်။
"ဒါဆို အခုက ဘယ်နေရာမှာလဲဟင်"
မင်းသမီးလေးက ထပ်မေးပြန်သည်။
ကျိမသေမျိုးဘုရင်က ပြုံးရုံသာ ပြုံးပြီး မဖြေတော့ပေ။
ခြံဝင်းတံခါးဝသို့ ရောက်သောအခါ အသက် (၄၀) ခန့်ရှိသော စာပေသမားတစ်ဦး ထွက်လာပြီး ဂါရဝပြုလိုက်သည်။
ထိုသူ၏ အရှိန်အဝါမှာ အင်မတန် နက်နဲလှသဖြင့် ဖန့်ချန်မှလွဲ၍ ကျန်သူများမှာ ထိုသူ ကျင့်ကြံသူ ဟုတ်မဟုတ်ပင် မသိနိုင်ကြပေ။
"ဒီ လေးယောက်ကို မှတ်ပုံတင်ပေးလိုက်ပါ သူတို့ကို တောရိုင်းတံဆိပ် တွေ ပေးလိုက်ပြီး ငါ့ရဲ့ နာမည်ခံ တပည့် တွေအဖြစ် သတ်မှတ်ပေးလိုက်ပါ"
ကျိမသေမျိုးဘုရင်က မှာကြားပြီးနောက် ထွက်ခွာသွားတော့သည်။
နင်ထျဲနယူးမှာ အံ့သြသွားပြီး
"ကျိမသေမျိုးဘုရင် ကိုယ်တိုင် ဆေးပညာ မသင်ပေးဘူးလား"
"ကျောင်းတော်မှာ စီနီယာတွေ အများကြီး ရှိပါတယ် သူတို့ဆီမှာ သင်ယူလို့ ရပါတယ် ဒုတိယ ကျောင်းအုပ်ကြီးကတော့ တစ်ခါတလေမှ စာသင်တာပါ မင်းတို့က နာမည်ခံ တပည့်တွေဆိုတော့ ဦးစားပေး နေရာရမှာပေါ့"
ထိုပညာရှိက ပြုံးလျက် ပြောလိုက်သည်
"ငါ့နောက်ကို လိုက်ခဲ့ကြပါ"
ထိုအချိန်မှာပင်...
ကျိမသေမျိုးဘုရင်သည် ရှေးဟောင်းကျမ်းစာများ ပြည့်နှက်နေသော ခန်းမဆောင်တစ်ခုသို့ ရောက်ရှိလာသည်။
ထိုနေရာတွင် ပုံရိပ်တစ်ခုက ကျမ်းစာတစ်အုပ်ကို ဖတ်ရှုနေပြီး ကျိမသေမျိုးဘုရင် ရောက်လာသည်ကို သိသောအခါ ပြုံးလျက် နှုတ်ဆက်လိုက်သည်
"ကျိမသေမျိုးဘုရင် ဖန့်လေးက မင်းရဲ့ တပည့် ဖြစ်လာပြီဆိုတော့ မင်း ငါ့ကို ကျေးဇူးကြွေး တစ်ခု တင်သွားပြီ မဟုတ်လား"
ပိုင်ချင်းမင်က ပြုံးဖြဲဖြဲဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ကျိမသေမျိုးဘုရင်က ရယ်မောလိုက်ပြီး
"မင်းတို့က ဒီဓားဦးဆောင်သူကို တစ်ယောက်ယောက်က လာသတ်မှာစိုးလို့ ငါ့ရဲ့ တောရိုင်းကျောင်းတော်ကို အကာအကွယ်အဖြစ် သုံးချင်နေတာ မဟုတ်လား"
"သူ့ကို ဝိညာဥ်သန္ဓေသား အဆင့် ရောက်အောင် အချိန်ဆွဲပေးချင်လို့ ငါ့ကို ဆွဲထည့်တာဆိုတော့ မင်းတို့ကသာ ငါ့ကို ကျေးဇူးကြွေး တင်တာပါ"
"အဲ့လိုတော့ တွက်လို့ မရဘူးလေ"ာ
ပိုင်ချင်းမင်က ခေါင်းယမ်းလိုက်သည်
"သူက မင်းရဲ့ ကျောင်းတော်ထဲ တကယ် ဝင်သွားတာပဲ တကယ်လို့ အခြေအနေက ထူးခြားမနေဘူးဆိုရင် ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူက မင်းတို့ ကျောင်းတော်ကို ဘာလို့ လာမှာလဲ မမေ့နဲ့ဦး ဖန့်လေးက စီနီယာယွမ်ဟယ် သဘောကျတဲ့သူ"
"ရှေးဟောင်းမြေရိုင်း တိုက်ပွဲတုန်းက စီနီယာယွမ်ဟယ် က ဝိညာဉ်ကြွင်းကျန်ရုံပဲ ရှိပြီး တစ်ခါတလေ အရူးလို ဖြစ်နေတယ်လို့ မင်းတို့ ထင်နေကြတုန်းလား"
ကျိမသေမျိုးဘုရင်သည် စီနီယာယွမ်ဟယ် အမည်ကို ကြားလိုက်ရသည့်အခါ မျက်နှာတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်
"အဲ့ဒီတိုက်ပွဲ ပြီးကတည်းက ဘယ်သူမှ အဲ့လို မတွက်ရဲတော့ပါဘူး"
"ဒါဆိုရင် ဟုတ်ပြီလေ တာအိုသုံးထောင်ဂိုဏ်း၊ ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၊ အခု တောရိုင်းကျောင်းတော် ဖန့်လေးက ဒီ သုံးမျိုးစလုံးရဲ့ အတတ်ပညာတွေကို စုစည်းနိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ ဂိုဏ်းတည်ထောင်သူ တစ်ယောက် ဖြစ်လာနိုင်မလား အဲ့လို ပုဂ္ဂိုလ်မျိုးကို ပြုစုပျိုးထောင်ပေးရတာ စဉ်းစားကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာပဲ"
ပိုင်ချင်းမင်က ရယ်မောလျက် ပြောလိုက်သည်။
ကျိမသေမျိုးဘုရင်၏ မျက်လုံးထဲတွင် ထူးခြားသော အလင်းတန်းများ ဖြတ်ပြေးသွားပြီးနောက် သူလည်း လိုက်၍ ပြုံးလိုက်တော့သည်။
အခန်း ၇၂၀ - တောရိုင်းကျောင်းတော်၏ အစိတ်အပိုင်း ခြောက်ခု
"ဆရာ့ ကို ဘယ်လိုမျိုး ခေါ်ရမလဲဆိုတာ သိပါရစေ"
ဖန့်ချန်က ယဉ်ကျေးစွာ မေးလိုက်သည်။
အလယ်အလတ်အရွယ် ပညာရှိကြီးက ပြုံးလျက် ခေါင်းယမ်းလိုက်သည်
"ငါက ဆရာ မဟုတ်ပါဘူး တောရိုင်းကျောင်းတော်မှာ ဆရာ ခြောက်ယောက်ပဲ ရှိတာပါ မင်းတို့ အစောပိုင်းက တွေ့ခဲ့တဲ့ ကျိမသေမျိုးဘုရင် ကလည်း အဲ့ဒီထဲက တစ်ယောက်ပေါ့"
"ဒါဆိုရင် ကျုပ်တို့က စီနီယာကြီးကို ဘယ်လိုခေါ်ရမလဲဗျ"
ရှကျီက ဝင်မေးသည်။
"ငါက တောရိုင်းကျောင်းတော်ရဲ့ နည်းပြ တစ်ယောက်ပါ တကယ်တော့ မင်းတို့နဲ့ အတူတူပါပဲ၊ ဒီမှာ ပညာသင်နေတဲ့ ကျောင်းသားပါပဲ ဒါပေမဲ့ ဒီမှာ နေလာတာ ကြာပြီဖြစ်သလို ကျင့်စဉ်အဆင့်လည်း မြင့်နေတာကြောင့် ဆရာတွေကို ကူညီပြီး စာသင်ပြပေးနေရတာပါ"
ထိုလူက ပြုံးလျက်
"ငါ့ကို လီယန်ရှီး လို့ပဲဖြစ်ဖြစ်၊ စီနီယာလီ လို့ပဲဖြစ်ဖြစ် အဆင်ပြေသလို ခေါ်လို့ရပါတယ်"
"ကျမ သိတယ်... ကျမ သိတယ်"
ပဉ္စမမင်းသမီးက ဂုဏ်ယူစွာဖြင့် ဝင်ပြောသည်
"မလာခင်က မယ်တော်က ကျမကို ပြောပြလိုက်တယ် တောရိုင်းကျောင်းတော်မှာ ကျောင်းအုပ်ကြီးအပြင် ဆရာ ၆ ယောက်၊ အဆင့်မြင့်နည်းပြ ၂၂ ယောက်နဲ့ နည်းပြဆရာ ၅၃ ယောက် ရှိတာ စီနီယာလီက အဲ့ဒီ ၅၃ ယောက်ထဲက တစ်ယောက်ပေါ့"
"အဆင့်မြင်နည်းပြတွေက မသေမျိုး အဆင့်တွေဖြစ်ပြီး၊ နည်းပြဆရာတွေက တာအိုပေါင်းစပ်ခြင်း အဆင့်တွေ၊ ဆရာကြီးတွေကတော့ မသေမျိုးဘုရင် အဆင့်တွေပေါ့"
"တောရိုင်းကျောင်းတော်ဆိုတာ နာမည်နဲ့လိုက်အောင်ကို အစွမ်းထက်တာပဲ"
နင်ထျဲနယူးမှာ တအံ့တဩ ရေရွတ်မိသည်။
သူ၏ နင်မိသားစုတွင် ယခုအခါ မသေမျိုး တစ်ဦးသာ ရှိပြီး နတ်ဘုရားအိမ်တော်အဖြစ် မနည်းရပ်တည်နေရခြင်း ဖြစ်သည်။
သို့သော် ထိုကျောင်းတော်တွင် မသေမျိုးအဆင့်မှာပင် ၂၂ ဦးရှိနေပြီး၊ သူတို့မှာလည်း မသေမျိုးများထဲမှ အစွမ်းထက်ဆုံးသူများ ဖြစ်ကြပေလိမ့်မည်။
ဖန့်ချန်သည် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းနှင့် တောရိုင်းကျောင်းတော်၏ အင်အားကို နှိုင်းယှဉ်ကြည့်လိုက်မိသည်။
တောရိုင်းကျောင်းတော်သည် နံပါတ်တစ် ကျောင်းတော်အဖြစ် သတ်မှတ်ခံရခြင်းမှာ ကျိုးကြောင်းဆီလျော်လှပေသည်။
ကျောင်းအုပ်ကြီးမှာ ဂိုဏ်းတည်ထောင်ဆရာကြီး ဖြစ်ရန် အခွင့်အလမ်းများသလို၊ ဆရာကြီး ၆ ဦးမှာ မသေမျိုးဘုရင်များ ဖြစ်ကြသည်။
သူ၏ဆရာမှလွဲ၍ ဓားဂိုဏ်းတွင် အခြားမသေမျိုးများ ရှိမရှိ သူ မသေချာသော်လည်း၊ ရှိခဲ့လျှင်ပင် ၂ ဦး သို့မဟုတ် ၃ ဦးထက် မပိုနိုင်ပေ။
သို့သော် ထိုကျောင်းတော်မှ အဆင့်မြင့်နည်းပြဆရာများ၏ အစွမ်းမှာ သူ၏ဆရာဖြစ်သူလောက်တော့ အစွမ်းထက်မည် မဟုတ်ဟု သူ တွေးလိုက်မိသည်။
"စီနီယာလီ ကျုပ်တို့ ဘယ်အချိန်မှာ ကျုံးတူးကို ပြန်လို့ရမလဲ"
ရှကျီက ရုတ်တရက် မေးလိုက်သည်။
"ရှကျီ နင်ကလည်း အခုမှ ရောက်သေးတာကို ပြန်ဖို့က လောလှချည်လား စတ္တုထ အစ်မတော်က နင့်ကို ဆေးပညာမှာ အောင်မြင်စေချင်တာ၊ ဒါမှ နောင်ကျရင် နင့်ကို လက်ထပ်တဲ့အခါ ဘယ်သူမှ ကဲ့ရဲ့လို့ မရမှာ"
ပဉ္စမမင်းသမီးက မျက်မှောင်ကြုတ်ကာ ပြောသည်။
"ဘယ်သူက နင့်အစ်မကို ယူမယ်ပြောလို့လဲ အဲ့ဒါက ငါ့မွေးစားဖခင်ရဲ့ ဆန္ဒပဲ ငါ့ဆန္ဒ မဟုတ်ဘူး"
ရှကျီက ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်သည်။
"အဲ့ဒါကတော့ နင်တို့ သဘောနဲ့ မဆိုင်ဘူးလေ"
မင်းသမီးက နှာခေါင်းရှုံ့ကာ ပြန်ပြောသည်။
လီယန်ရှီးက သူတို့နှစ်ဦးကို ကြည့်ကာ ပြုံးလိုက်သည်
"မှတ်ပုံတင်ပြီးသွားရင် မင်းတို့ တောရိုင်းတံဆိပ် တစ်ခုစီ ရလိမ့်မယ် အဲ့ဒါရရင် ကြိုက်တဲ့အချိန် ပြန်လို့ရပါတယ် ဒါပေမဲ့ မှတ်ထားရမှာက အဲ့ဒီတံဆိပ်ကို တစ်ခါသုံးပြီးရင် နောက်တစ်ခါ သုံးနိုင်ဖို့ တစ်နှစ်စောင့်ရမယ်"
"ကျောင်းတော်ထဲကို ဝင်လာရင်လည်း တစ်နှစ်ပဲ နေခွင့်ရှိတယ် ဒါကြောင့် အခု ပြန်သွားမယ်ဆိုရင် တစ်နှစ် အချိန်ဖြုန်းလိုက်သလို ဖြစ်သွားပြီး နောက်တစ်ခါ ပြန်ဝင်ဖို့ဆိုရင် တစ်နှစ် စောင့်ရလိမ့်မယ်"
ဖန့်ချန်နှင့် ရှကျီတို့ အချင်းချင်း ကြည့်လိုက်ကြသည်။
"ဖန့်ကြီး စီနီယာအစ်မ တစ်ယောက်တည်း ကျန်ခဲ့တာ ငါ စိတ်မချဘူး"
"အင်း ငါလည်း ဒီမှာ အကြာကြီးနေဖို့ အစီအစဉ်မရှိဘူး တံဆိပ်ရရင် အခြေအနေ ကြည့်ရမှာပေါ့၊ ဖြစ်နိုင်ရင် ဒီနေ့ပဲ ပြန်မယ်"
"အိုကေ"
မကြာမီ လီယန်ရှီးသည် သူတို့ကို အင်မတန် အေးချမ်းလှသော ခန်းမတစ်ခုသို့ ခေါ်သွားသည်။
ခန်းမကြီးထဲတွင် သမ်းဝေနေသော အဘိုးအိုတစ်ဦးသာ အလယ်တွင် ထိုင်နေသည်။
"ရောက်လာပြီလား သူတို့ပဲ မဟုတ်လား ဒီမှာ တောရိုင်းတံဆိပ် လေးခုယူသွား ငါ အိပ်နေတာ နှစ်ပေါင်း ၃၀ ပဲ ရှိသေးတယ် ကျိမသေမျိုးဘုရင်က လာနှိုးပြန်ပြီ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်"
အဘိုးအိုက လီယန်ရှီးထံသို့ တံဆိပ်လေးခု ပစ်ပေးလိုက်ပြီး ထရပ်ကာ ထွက်သွားတော့သည်။
လီယန်ရှီးမှာ အနည်းငယ် အနေခက်သွားပြီးနောက် တံဆိပ်များကို သူတို့လေးဦးအား ဝေပေးလိုက်သည်
"ဒါက မှတ်ပုံတင်တာနဲ့ တံဆိပ်ဖော်စပ်တာကို တာဝန်ယူရတဲ့ စီနီယာချန် ပါ သူက အိပ်မက်ထဲဝင်စားခြင်း ကျင့်စဉ်ကို ကျင့်နေတာဆိုတော့ ထူးခြားတဲ့ ကိစ္စမရှိရင် အမြဲတမ်း အိပ်နေတတ်တယ်"
သူက ခေတ္တရပ်ကာ
"မင်းတို့ရဲ့ အနှစ်သာရ သွေးတစ်စက်စီ ချပေးပြီး ဒီတံဆိပ်ကို သန့်စင်လိုက်ကြ နောင်ကျရင် ဒါက တောရိုင်းကျောင်းတော် တပည့်ဖြစ်ကြောင်း မင်းတို့ရဲ့ အမှတ်အသားပဲ"
သူတို့လေးဦးသည် လီယန်ရှီး ပြောသည့်အတိုင်း လုပ်လိုက်ကြရာ၊ ဖန့်ချန်မှာ အံ့သြသွားသည်။
ဤတံဆိပ်မှာ တာအိုသုံးထောင်နယ်မြေ မှ ကျောက်စိမ်းလုံး နှင့် ဆင်တူနေပြီး သန့်စင်ပြီးနောက် ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားတော့သည်။
"ငါတို့ ကျောင်းတော်ကို အစိတ်အပိုင်း (၆) ခု ခွဲထားတယ် အဲ့ဒါတွေကတော့ တိုက်ခိုက်ရေးဌာန၊ ကျင့်စဉ်ဌာန၊ နည်းစနစ်ဌာန၊ လက်နက်ဌာန၊ ဆေးပညာဌာနနဲ့ အဆောင်ဌာန တို့ပဲ"
လီယန်ရှီးက ရှင်းပြသည်
"မင်းတို့ လေးယောက်က ကျိမသေမျိုးဘုရင်ရဲ့ လက်အောက်မှာ ဆိုတော့ ဆေးပညာဌာန တပည့်တွေပေါ့ ငါကလည်း အဲ့ဒီဌာနက စကားပြဆရာ တစ်ယောက်ပဲ နောင်ကျရင် ဆေးပညာနဲ့ ပတ်သက်လို့ မသိတာရှိရင် ငါ့ကို အချိန်မရွေး လာမေးလို့ရပါတယ်"
"ဟာ ကျွန်တော်က တိုက်ခိုက်ရေးဌာနကို သွားချင်တာဗျ အဲ့ဒီမှာက တိုက်ခိုက်တဲ့ နည်းလမ်းတွေချည်းပဲ သင်ပေးတာလို့ ကြားဖူးတယ်"
"ကျွန်တော်က ဆေးဖော်တာထက် တိုက်ခိုက်တာနဲ့ ပိုကိုက်ညီတယ်လို့ ထင်တာပဲ ဒါပေမဲ့ ကျွန်တော်မိသားစုရဲ့ ကျေးဇူးကြွေးက ကျိမသေမျိုးဘုရင်ဆီမှာ ဖြစ်နေတော့ တခြားဆရာတွေက လက်မခံကြဘူး"
နင်ထျဲနယူးက သက်ပြင်းချကာ ပြောသည်။
နင်ထျဲနယူး၏ ပွင့်လင်းလွန်းသော စကားကြောင့် လီယန်ရှီးက မကြားချင်ယောင်ဆောင်လိုက်ကာ သူတို့ကို ဆေးပညာဌာနသို့ ခေါ်သွားသည်။
ဆေးပညာဌာနတွင် သူတို့အပါအဝင် စုစုပေါင်း တပည့် ၁၃၂ ဦးရှိပြီး၊ ၆၀ မှာ ကွယ်လွန်သွားပြီဖြစ်ရာ ၇၂ ဦးသာ ကျန်တော့သည်။
အသက် ၁၀၀၀ ကျော် ကျင့်စဉ်အလယ်အဆင့်ရှိသူ ၂၂ ဦး၊ အသက် ၂၀၀၀ ကျော် အဆင့်မြင့်ကျင့်ကြံသူ ၅ ဦး ရှိသည်။
ကျန်သူများမှာ အသက် ၈၀၀ မကျော်သေးသော ဝိညာဥ်သန္ဓေသား အဆင့်များ ဖြစ်ကြသည်။
"ငါတို့ ကျောင်းတော်က နှစ်ပေါင်းများစွာ တည်တံ့လာတာဖြစ်ပြီး ကျောင်းအုပ်ကြီး အဆက်ဆက်ရဲ့ ကြိုးစားမှုကြောင့် ကမ္ဘာပေါ်က ရှေးဟောင်းကျမ်းစာတွေ အများကြီး စုဆောင်းထားနိုင်ခဲ့တယ်"
"ကျင့်စဉ်ပိုင်းမှာ အခက်အခဲရှိရင် ကျင့်စဉ်ဌာနမှာ သွားနားထောင်နိုင်သလို ကျမ်းစာဆောင်မှာလည်း သွားဖတ်လို့ရတယ်"
လီယန်ရှီးက ပြုံးလျက်
"ပထမတစ်နှစ်မှာတော့ မင်းတို့ နေရာအနှံ့ လျှောက်ကြည့်ဖို့ ငါ အကြံပေးချင်တယ် ဆေးပညာထဲမှာပဲ တန်းပြီး နှစ်မမြုပ်လိုက်ပါနဲ့ဦး ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက တခြားသူတွေရဲ့ ကျင့်ကြံတဲ့ ဂူ တွေကို ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး စည်းကမ်းဖောက်ဖျက်ရင် ကျောင်းထုတ်ခံရလိမ့်မယ်"
စကားပြောနေစဉ်မှာပင် သူတို့သည် စိမ်းလန်းစိုပြေပြီး တိမ်မြူများ ဖုံးလွှမ်းနေသော နေရာတစ်ခုသို့ ရောက်လာကြသည်။
ထိုနေရာတွင် လူစုလူဝေးနှင့် ဝေးကွာသော နေရာ၌ ဂူကျောင်းဆောင် အနည်းငယ်ကို တွေ့ရသည်။
"နောက်ကျရင် မင်းတို့လည်း တခြားသူတွေကို မနှောင့်ယှက်စေဘဲ ဒီမှာ ကိုယ်ပိုင်ကျင့်ကြံဖို့ ဂူလေးတွေ ဆောက်လို့ရပါတယ်"
လီယန်ရှီးက မှာကြားပြီးနောက် သူတို့ကို ဆက်လက် ခေါ်ဆောင်သွားရာ အဆောက်အဦး အစုအဝေးတစ်ခုဆီသို့ ရောက်ရှိလာသည်။
ထိုနေရာတွင် ဆေးဖော်စပ်သည့် အခန်းများစွာရှိသလို၊ ဆေးဖက်ဝင် အပင်များ စိုက်ပျိုးထားသော လယ်ကွင်းပြင်ကြီးများကိုလည်း တွေ့ရသည်။
အချို့မှာ အင်မတန် ရှားပါးပြီး တန်ဖိုးကြီးလှသည်။
ဖန့်ချန်သည် မူလအသီး နှင့် နေမင်းအသီး တို့၏ အနံ့အသက်များကိုပင် ခံစားလိုက်ရသည်။
"ဆေးဖော်စပ်ခြင်း အတတ်ပညာဆိုတာ ဘာလဲ ငါ့အမြင်မှာတော့ အထွတ်အထိပ် ရောက်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်ကို ဆေးလုံးတစ်လုံးအဖြစ် သဘောထားပြီး လောကရဲ့ စွမ်းအင်တွေကို ပေါင်းစပ်ကာ ကံတရားတွေကို ကျော်ဖြတ်ရမယ်"
"အဲ့ဒီအခါမှသာ လွတ်လပ်တဲ့ မသေမျိုး အဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်တယ် အထက်ဘုံလောကကို ရောက်သွားရင်တောင် မင်းတို့က သာမန်လူတွေ ဖြစ်နေမှာ မဟုတ်တော့ဘူး"
အဆောက်အဦးတွေကြားက ကွင်းပြင်တစ်ခုမှာ အသက်အရွယ် အင်မတန် ကြီးရင့်နေသော အဘိုးအိုတစ်ဦးက လူအုပ်ရှေ့မှာ လက်ကို နောက်ပစ်ကာ ဆေးပညာနှင့် ပတ်သက်သည့် သူ၏ အမြင်များကို ဟောပြောနေသည်။
သူ၏ ရှေ့တွင် လူပေါင်းများစွာ ရှိနေပြီး အများစုမှာ ဝိညာဥ်သန္ဓေသားအဆင့်များ ဖြစ်ကြသလို၊ ကျင့်စဉ်အလယ်အဆင့် အချို့လည်း ပါဝင်သည်။
အဘိုးအို၏ စကားကို နားထောင်ရင်း အချို့က စဉ်းစားခန်း ဝင်နေကြသလို၊ အချို့က ခေါင်းယမ်းနေကြသည်။
အချို့မှာမူ မကျေနပ်သည့် ပုံစံရှိပြီး မျက်မှောင်ကြုတ်နေကြသည်။
အချို့က သဘောတူသော်လည်း အချို့က ပယ်ချကြသည်။
ထို့ကြောင့် တစ်ယောက်က ထပြီး ကန့်ကွက်ပြောဆိုလိုက်ရာ အဘိုးအိုက ပြုံးလျက် ခေါင်းညိတ်ရုံသာ ပြုပြီး စိတ်မဆိုးပေ
"ကိုယ့်အမြင်နဲ့ကိုယ် ရှိတာ မှန်ပါတယ် ဆေးဆရာ တစ်သောင်းမှာ ဆေးပညာအမြင် တစ်သောင်း ရှိနိုင်တာပဲ အကုန်လုံးကို စမ်းသပ်ကြည့်လို့ ရပါတယ်"
လီယန်ရှီးက သူတို့လေးဦးကို မိတ်ဆက်ပေးသည်
"အဲ့ဒါကတော့ စီနီယာချမ် ပါ အခု ကျန်ရှိနေတဲ့ ဆေးပညာဌာန တပည့် ၇၂ ယောက်ထဲမှာ အသက်အကြီးဆုံးနဲ့ ဝါရင့်ဆုံးပုဂ္ဂိုလ်ပေါ့"
ထိုစဉ် စီနီယာချမ်က လီယန်ရှီးကို သတိပြုမိသွားပြီး ဖန့်ချန်တို့ဘက်သို့ ကြည့်ကာ ရယ်မောလိုက်သည်
"ငါတို့ ဆေးပညာဌာနကို ညီလေးအသစ် လေးယောက် ထပ်ရောက်လာပြန်ပြီလား"
လူအုပ်ကြီးက လှည့်ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများထဲတွင် စိတ်ဝင်တစားရှိသူ၊ အေးတိအေးစက် နိုင်သူ စသည်ဖြင့် အမျိုးမျိုး ရှိသော်လည်း၊ အများစုမှာမူ ဂရုမစိုက်ဘဲ ကိုယ့်အတွေးနှင့်ကိုယ်သာ နစ်မြုပ်နေကြတော့သည်။