အခန်း (၇၁၅-၇၁၆)
Vol. 72 Ch. 715-716
အခန်း ၇၁၅ - အစီအစဉ်ကို ဖျက်ဆီးခြင်း
"ကောင်းပြီ မင်းတို့အားလုံး ငါအခုနက ပြသခဲ့တဲ့ နည်းစနစ်တွေကို စိတ်ထဲမှာ ပြန်ပြီး ပုံဖော်ကြည့်ကြပါ ပြီးရင်တော့ လက်တွေ့ စမ်းသပ်ထုတ်ဖော်ကြည့်ကြတာပေါ့ ငါကိုယ်တိုင် စောင့်ကြည့်ပေးမယ်"
ရှကျီ တစ်ယောက် စင်မြင့်ထက်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကျိမသေမျိုးဘုရင်က အားလုံးကို ဝေ့ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
သူ၏ အမူအရာမှာ တည်ငြိမ်ပြီး လူငယ်များအပေါ် အင်မတန် ကြင်နာတတ်သည့် အကြီးအကဲတစ်ဦးကဲ့သို့ ဖော်ရွေလှသည်။
စင်ပေါ်တွင် ရှိနေကြသော လူငယ်ကျင့်ကြံသူများမှာ အသက်ရှူပင် မဝကြတော့ဘဲ အာရုံစူးစိုက်မှု အပြည့်ဖြင့် ကျိမသေမျိုးဘုရင် ပြသခဲ့သော ဆေးမီးလျှံ ဖော်ထုတ်နည်းကို စိတ်ထဲတွင် အသည်းအသန် ပြန်လည် ပုံဖော်နေကြသည်။
အချို့မှာ မျက်စိကို မှိတ်ကာ ဝိညာဉ်စွမ်းအင်များကို လက်ဖဝါးဆီသို့ စုစည်းရန် ကြိုးစားနေကြ၏။
သို့သော် အချိန်အနည်းငယ် ကြာလာသည်နှင့်အမျှ လူအုပ်ထဲတွင် မသေချာ မရေရာသည့် အရိပ်အယောင်များ ပေါ်လာသည်။
ကျင့်ကြံသူ တစ်ဦးသည် ဆေးမီးလျှံကို စတင်ဖော်ထုတ်ရန် ကြိုးစားနေစဉ် အလယ်လောက်အရောက်၌ အဆင့်တစ်ခုကို ရုတ်တရက် မေ့လျော့သွားသဖြင့် သူ၏ လက်ဖဝါးထက်တွင် မီးတောက် ထွက်မလာဘဲ ကြက်ခိုးနံ့ နံသော မီးခိုးငွေ့စိမ်းများသာ ထွက်ပေါ်လာတော့သည်။
"ဟား... ဟား... ဟား...
စင်အောက်တွင် ရှိနေကြသော ကျင့်ကြံသူများထံမှ လှောင်ရယ်သံများ ထွက်ပေါ်လာသည်။
ထိုကျရှုံးသွားသော လူငယ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလို နီရဲတက်သွားပြီး ခေါင်းငုံ့ကာ စင်ပေါ်မှ ကမန်းကတန်း ဆင်းသွားရတော့သည်။
သူ ကိုယ်တိုင်လည်း နားမလည်နိုင် ဖြစ်နေရ၏။
သူသည် ကျိမသေမျိုးဘုရင် သင်ကြားပြသစဉ်က အဆင့်တိုင်းကို သေသေချာချာ မှတ်သားထားပါလျက်နှင့် လက်တွေ့လုပ်ဆောင်သည့်အခါမှ ဘာကြောင့် ရုတ်တရက် ဉာဏ်အလင်း ပိတ်ဆို့သွားရသနည်း ဆိုသည်မှာ အင်မတန် ထူးဆန်းနေသည်။
ထိုသို့ပင် အလယ်အဆင့် ကျင့်ကြံသူ အချို့လည်း တစ်ယောက်ပြီးတစ်ယောက် ကျရှုံးကာ စိတ်ပျက်လက်ပျက်ဖြင့် စင်ပေါ်မှ ဆင်းသွားကြရသည်။
ထိုအချိန်မှသာ ပထမဆုံး အောင်မြင်သူ ထွက်ပေါ်လာသည်။
ကျီးလျန်၏ လက်ချောင်းထိပ်တွင် စူးရှတောက်ပသော ဝိညာဉ်မီးတောက်လေးတစ်ခု တဖြဖြနှင့် ဝဲလည်နေသည်ကို အားလုံး မြင်လိုက်ကြရသည်။
"ကြည့်စမ်း နဝမမင်းသားကတော့ တကယ်ကို ပါရမီထူးတာပဲ အချိန်တိုလေးအတွင်းမှာတင် ဆေးမီးလျှံရဲ့ အနှစ်သာရကို သဘောပေါက်သွားတာပဲ"
လူအုပ်ကြီးက တအံ့တသြ ချီးကျူးလိုက်ကြသည်။
"အင်း... မင်း မဆိုးဘူးပဲ အခြေခံကို ကောင်းကောင်း နားလည်ထားတာပဲ"
ကျိမသေမျိုးဘုရင်က ကျီးလျန်ကို ကြည့်ကာ သဘောကျသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျီးလျန်သည် သူ၏ ဆေးမီးလျှံကို ပြန်လည် ရုပ်သိမ်းကာ ကျိမသေမျိုးဘုရင်ကို ရိုသေစွာ အရိုအသေပေးလိုက်ပြီး ဘေးသို့ တည်ငြိမ်စွာပင် တိုးကပ်ရပ်လိုက်သည်။
ဒုတိယမြောက် အောင်မြင်သူမှာမူ အမျိုးသမီး ကျင့်ကြံသူလေး တစ်ယောက်ဖြစ်သည်။
သူမသည် အသက်အရွယ် အင်မတန် ငယ်ရွယ်သော်လည်း သူမ၏ လက်ဝါးထက်တွင် ဆေးမီးလျှံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် အောက်မှ ဝတ်စုံဖြူဝတ် မိန်းမလှလေးရှိရာဘက်သို့ ကြည့်ကာ လျှာထုတ်ပြလိုက်သည်။
သူမမှာ ပဉ္စမမင်းသမီး ဖြစ်ပြီး ဆေးပညာတွင် ထူးခြားသော ပါရမီ ရှိနေခြင်းကြောင့် ပတ်ဝန်းကျင်မှ လူများက
"တော်ဝင်မိသားစုမှာလည်း ပါရမီရှင်တွေ ရှိတာပဲ"
ဟု တီးတိုး ပြောဆိုနေကြသည်။
တတိယမြောက် အောင်မြင်သူမှာမူ ထူးထူးခြားခြားပင် အသက် ရှစ်နှစ်၊ ကိုးနှစ်အရွယ်ခန့်သာ ရှိပြီး ဘေးတွင် နွားပြာကြီးတစ်ကောင် ပါလာသည့် နင်ထျဲနယူး ဖြစ်သည်။
သူသည် မိခင်ဝမ်းဗိုက်ထဲတွင်တင် နှစ်ပေါင်း ၅၀၀ ကြာ ကျင့်ကြံခဲ့သည့် နတ်မျိုးစေ့ ဖြစ်သည်နှင့်အညီ ခက်ခဲသော ဆေးမီးလျှံ နည်းစနစ်ကို အလွယ်တကူပင် ဖော်ထုတ်ပြနိုင်ခဲ့သည်။
"ဟီးဟီးဟီး..."
နင်ထျဲနယူး က သူ၏ အောင်မြင်မှုကို ကျေနပ်စွာဖြင့် ရယ်မောနေသည်။
သုံးယောက်တောင် အောင်မြင်သွားသည်ကို မြင်သောအခါ ဆေးပညာကို နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် လေ့လာခဲ့သည့် ဖုန်းယာ မှာ နှဖူးမှ ချွေးစေးများ ပြန်လာသည်။
'မဖြစ်နိုင်တာ ငါ ဒီနည်းလမ်းတွေကို သေသေချာချာ မှတ်မိနေတာပဲ ဘာလို့ ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေက ဆေးမီးလျှံအဖြစ် ပြောင်းလဲမသွားရတာလဲ'
"ဒါက ဆေးမီးလျှံလား မခက်ပါဘူးနော်၊ အလွယ်လေးပဲဟာ"
ဘေးမှ ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာသည့် အသံကြောင့် ဖုန်းယာ လှည့်ကြည့်လိုက်သည့်အခါ ရှကျီ၏ လက်ဝါးပေါ်တွင် မီးတောက်လေးတစ်ခု တည်ငြိမ်စွာ တောက်လောင်နေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ မျက်နှာမှာ ပို၍ပင် ပျက်သွားတော့သည်။
"မင်းတို့ လေးယောက်ကတော့ ဆေးပညာ ပါရမီ ရှိကြတာပဲ ငါနဲ့အတူ တောရိုင်းကျောင်းတော် ကို လိုက်ပြီး ဆေးပညာ သင်ယူချင်ကြသလား"
ကျိမသေမျိုးဘုရင်က ရုတ်တရက် ကမ်းလှမ်းလိုက်သည်။
ဤစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ဟိုးဟိုးကျော်သွားသည်။
ကျိမသေမျိုးဘုရင်က ယနေ့ အခမ်းအနားတွင် တပည့်ရွေးချယ်နေခြင်း ဖြစ်သည်ကို လူတိုင်း သတိထားမိသွားကြသည်။
မသေမျိုးဘုရင်တစ်ပါး၏ တပည့်ဖြစ်ရဖို့ဆိုသည်မှာ ကျင့်ကြံသူတိုင်း အိပ်မက်မက်ရသော အခွင့်အရေးပင်။
"တပည့် လိုက်ပါရစေမယ်ခင်ဗျာ"
ကျီးလျန်၊ ပဉ္စမမင်းသမီးနှင့် နင်ထျဲနယူး တို့က ချက်ချင်းပင် ဦးညွှတ်ကာ အရိုအသေပေးကြသည်။
သို့သော် ရှကျီကမူ ထူးဆန်းစွာပင် တစ်ခုခုကို တွေးတောနေသည့် အမူအရာဖြင့် ငြိမ်သက်နေသည်။
"ဘာလဲ... လူငယ်လေး မင်းက ငါ့ရဲ့ တပည့်အဖြစ် မလိုက်ချင်ဘူးလား"
ကျိမသေမျိုးဘုရင်က ရှကျီကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
"မလိုက်ချင်တာ မဟုတ်ပါဘူး ဒါပေမဲ့ ဘာလို့ ကျွန်တော် ဖြစ်နေရတာလဲ ဘာလို့ ဒီလောက် အလွယ်တကူ ရွေးချယ်ခံရတာလဲဆိုတာ တွေးနေမိလို့ပါ"
ရှကျီက သူ၏ စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်သည်။
ထိုစဉ် အောက်မှ ဝတ်စုံဖြူဝတ် မိန်းမလှလေး၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ရှကျီအား အသံလှိုင်းဖြင့် အသည်းအသန် သတိပေးလိုက်သည်
"ရှကျီ နင် အရူးမလုပ်နဲ့ ဒါက နင့်အဖေ နဂါးစားဘုရင် နဲ့ ငါတို့ တော်ဝင်မိသားစုရဲ့ ဆန္ဒပဲ နင် ငါ့ကို လက်ထပ်ချင်တယ်ဆိုရင် မသေမျိုးဘုရင်ရဲ့ တပည့်ဆိုတဲ့ ဂုဏ်ပုဒ်မျိုး လိုအပ်တယ်"
'ငါက ဘယ်တုန်းက နင့်ကို လက်ထပ်ချင်လို့လဲ'
ရှကျီ တစ်ယောက် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ယခုမှပင် သူ နားလည်သွားသည်မှာ သူ၏ နေရာမှာ ကြိုတင် အကွက်ချ စီစဉ်ထားပြီးသား ဖြစ်နေခြင်းပင်။
"ကျိမသေမျိုးဘုရင် ခင်ဗျား တပည့်ယူမည်ဆိုလျှင်လည်း ကြိုတင် အသိပေးသင့်တာပေါ့ ယခုလိုမျိုး ရုတ်တရက်ကြီး လုပ်လိုက်ခြင်းက ဒီနေရာတွေကို ကြိုတင် သတ်မှတ်ထားသလို ဖြစ်နေပြီ ဒါက တကယ့် ပါရမီရှင်တွေအတွက် မတရားဘူးလို့ ကျွန်တော် ထင်တယ်"
ရုတ်တရက် ဟိန်းထွက်လာသည့် အသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။
မည်သူကများ မသေမျိုးဘုရင်ကို ထိုမျှအထိ ပြတ်ပြတ်သားသား ပြန်ပြောရဲရသနည်း
ကျိမသေမျိုးဘုရင်က နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ဆင်မြန်းလိုက်ပြီး
"တူတော် ပိုင်ချင်းမင် ဒါဆို ဘယ်လိုလုပ်ရင် တရားမျှတမယ်လို့ မင်းထင်သလဲ"
ဟု မေးလိုက်သည်။
အားလုံး၏ အကြည့်များမှာ ပြုံးဖြဲဖြဲ လုပ်နေသည့် ပိုင်ချင်းမင်ထံသို့ ရောက်ရှိသွားသည်။
"တကယ်တော့ ကျွန်တော့်မှာ ပါရမီထူးတဲ့ ညီငယ်တစ်ယောက် ရှိတယ် သူကလည်း ဒီကျောင်းတော်မှာ ဆေးပညာ သင်ယူဖို့ အရည်အချင်း အပြည့်ရှိတယ်လို့ ကျွန်တော် ယုံကြည်တယ် ခင်ဗျားက ဆေးမီးလျှံ ထုတ်နိုင်ရင် ကျောင်းတော်ဝင်လို့ရမယ်လို့ ကြိုပြောရင် ကျွန်တော့်ညီကို စင်ပေါ်တက်ခိုင်းမှာပေါ့"
ပိုင်ချင်းမင်က ပြောလိုက်သည်။
ဖန့်ချန် တစ်ယောက် မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
"ဖန့်လေး ငါတို့ ဓားဂိုဏ်းက ဆေးဆရာ မထွက်တာ ကြာပြီ မင်းကို မသေမျိုးဧကရာဇ်တောင် မျက်စိကျထားတာဆိုတော့ မင်း သွားစမ်းကြည့်သင့်တယ် ငါ ရှာပေးတဲ့ အခွင့်အရေးကို လက်မလွှတ်နဲ့"
ပိုင်ချင်းမင်၏ အသံက ဖန့်ချန် နားထဲသို့ ရောက်လာသည်။
ဖန့်ချန်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
သူသည် ဆေးပညာကျမ်းစာများကို ပိုင်ဆိုင်ထားသူဖြစ်ရာ မည်သည့်ကျောင်းတော်တွင်မှ သွားတက်ရန် မလိုအပ်ပေ။
သို့သော် ရှကျီကလည်း ချက်ချင်းပင်
"ကျိမသေမျိုးဘုရင် ကျွန်တော့်ရဲ့ ညီအစ်ကိုက ပါရမီ ပိုရှိပါတယ် သူ့ကိုလည်း အခွင့်အရေး ပေးလို့ရမလား"
ဟု ထပ်လောင်း ဝင်ပြောလိုက်ပြန်သည်။
"ရိုင်းစိုင်းလိုက်တာ မသေမျိုးဘုရင် တပည့်ယူတာကို မင်းတို့က ဝင်ပြောရအောင် ဘာကောင်တွေလဲ"
တစ်ယောက်က အော်ဟစ်လိုက်သော်လည်း ကျိမသေမျိုးဘုရင်က လက်ကာပြကာ တားလိုက်သည်။
"ကောင်းပါပြီလေ ငါလည်း ကြိုမပြောမိတာ မှန်ပါတယ် ဒါဆို နောက်ထပ် အခွင့်အရေး တစ်ခုပေးမယ် ဆေးမီးလျှံ ထုတ်ချင်သည့်သူ မှန်သမျှ စင်ရှေ့သို့ လာခဲ့ကြ"
ဟု ပြောလိုက်သည့်အခါ ဖုန်းယာ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြန်လည် တောက်ပလာသည်။
"ဖန့်ကြီး... တက်လာခဲ့"
"ဖန့်လေး... တက်သွားစမ်း"
ရှကျီနှင့် ပိုင်ချင်းမင်တို့က ပြိုင်တူပင် ခေါ်လိုက်ကြရာ ဖန့်ချန်မှာ ရှောင်လွှဲ၍ မရတော့ဘဲ စင်ပေါ်သို့ လှမ်းတက်လာခဲ့ရသည်။
စင်ပေါ်မှ နင်ထျဲနယူး ကလည်း ဖန့်ချန်ကို မြင်သည်နှင့် အံ့အားသင့်စွာ ပြေးလာပြီး နှုတ်ဆက်လေသည်။
ယခုအခါတွင် ကျိမသေမျိုးဘုရင်၏ အစီအစဉ်များမှာ ပိုင်ချင်းမင်ကြောင့် ပြောင်းလဲသွားပြီး တကယ့် ပါရမီရှင်များ၏ ယှဉ်ပြိုင်ပွဲကြီး ဖြစ်သွားပါတော့သည်။
အခန်း ၇၁၆ - ကျီးလျန် ငါတို့ အစွမ်းချင်း ယှဉ်ကြစို့
ဖန့်ချန် တစ်ယောက် ထိုကိစ္စတွင် ဝင်ပါရန် လိုအပ်ပါသလားဟု စဉ်းစားနေစဉ်မှာပင် ရင်းနှီးကျွမ်းဝင်လှသော အသံတစ်ခုသည် သူ၏ နားစည်ထဲသို့ တိုးဝင်လာခဲ့သည်။
"တောရိုင်းကျောင်းတော်ကို သွားစမ်းပါ ငါ့အတွက် လူတစ်ယောက်ကို စုံစမ်းပေး သူဟာ သွေးဝိညာဉ်ဂိုဏ်းရဲ့ ယောင်ယန်ဝိညာဉ်အရှင် ဖြစ်နေမလားလို့ ငါ သံသယရှိနေတယ်"
'ရှန်ကျီ လား'
ဖန့်ချန်သည် အမူအရာမပျက်ဘဲ ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးနောက် စင်မြင့်ထက်သို့ လှမ်းတက်သွားတော့သည်။
မူလက ရှန်ကျီသည် ယနေ့ပွဲသို့ ရောက်မလာဟု သူ ထင်မှတ်ထားသော်လည်း ယခုကြည့်ရသည်မှာ သူမသည် တစ်နေရာရာတွင် ပုန်းကွယ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
သူမ ပေးပို့လိုက်သော သတင်းစကားမှာ အင်မတန် အရေးကြီးလှသည်။
ယောင်ယန်ဝိညာဉ်အရှင် ထိုစဉ်က ချင်နယဲ့ ၏ နောက်ကွယ်တွင် ရှိနေခဲ့သူမှာ ထိုသူပင် မဟုတ်ပါလော။
'တကယ်လို့ သွေးဝိညာဉ်ဂိုဏ်းက တောရိုင်းကျောင်းတော်အထိတောင် ထိုးဖောက် ဝင်ရောက်နေပြီဆိုရင်တော့...'
ထိုသို့ တွေးမိသည်နှင့် ဖန့်ချန်၏ စိတ်ထဲတွင် သွေးဝိညာဉ်ဂိုဏ်း၏ ခြိမ်းခြောက်မှု အဆင့်အတန်းကို အသစ်တစ်ဖန် ပြန်လည် သတ်မှတ်လိုက်ရတော့သည်။
နင်ထျဲနယူးသည် ဖန့်ချန် စင်ပေါ်တက်သွားသည်ကို မြင်သည်နှင့် အပြေးအလွှား လိုက်ပါလာပြီး တတွတ်တွတ် မေးမြန်းနေတော့သည်။
"ဖန့်အစ်ကိုကြီး အစ်ကိုကြီး ရှေးဦးမနတ်ဘုရားလမ်းစဉ်ကို သွားခဲ့တယ်လို့ ကြားတယ်၊ အဲ့ဒါ ဘယ်လိုဖြစ်တာလဲ သူတို့ပြောတာတော့ အစ်ကိုကြီးက နှစ်အတော်ကြာ ပုန်းနေခဲ့တယ်ဆိုပဲ အဲ့ဒါ အမှန်ပဲလား ဒါမှမဟုတ် အဲ့ဒီလမ်းစဉ်ထဲမှာ ထူးခြားတဲ့ အခွင့်အရေးတွေ ဘာတွေများ ရခဲ့သေးလဲ ကျုပ်ကိုလည်း နည်းနည်းလောက် မျှဝေပေးပါဦး"
နင်ထျဲနယူး တစ်ယောက် တတွတ်တွတ် ပြောနေသမျှကို ဖန့်ချန်က ပြုံးလျက်သာ တုံ့ပြန်နေခဲ့သည်။
လူအုပ်ကြီး၏ အကြည့်များမှာ ဖန့်ချန်နောက်သို့ လိုက်ပါနေစဉ်မှာပင်၊ လူအုပ်ထဲသို့ ပုံရိပ်တစ်ခု တိတ်တဆိတ် ရောက်ရှိလာပြီး ဖန့်ချန်ကို စိုက်ကြည့်နေခဲ့သည်။
ရွှီချင်းဆုန် သည် ဖန့်ချန်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် သူနှင့် ရင်းနှီးသော ကျင့်ကြံသူများရှိရာသို့ လျှောက်သွားလိုက်သည်။
စင်မြင့်ထက်တွင် ကျီးလျန် က ဖန့်ချန်ကို ပြုံးဖြဲဖြဲဖြင့် ကြည့်ကာ
"ဖန့်တာအိုမိတ်ဆွေ ငါတို့ မဆုံဖြစ်တာ နှစ်အနည်းငယ်တောင် ရှိသွားပြီပဲ"
"ဟုတ်တယ်လေ"
ဖန့်ချန်ကလည်း ပြုံးလျက်ပင် ခေါင်းညိတ်ပြလိုက်သည်။
ယခုအခါ စင်မြင့်ထက်တွင် ကျင့်ကြံသူ အယောက်ပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေပြီး သူတို့၏ ကျင့်စဉ်အဆင့်အတန်းများမှာလည်း မတူညီကြပေ။
"မင်းက ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ဖန့်ချန်လား"
ဖုန်းယာသည် အံ့အားသင့်သော မျက်လုံးများဖြင့် ဖန့်ချန်ကို ကြည့်လိုက်ပြီးနောက် ရှကျီကို တစ်လှည့် ကြည့်လိုက်ပြန်သည်။
သူ နားမလည်နိုင်သည်မှာ... ရှကျီကဲ့သို့သော လူစားမျိုးက ဖန့်ချန်ကဲ့သို့ အဆင့်မြင့်ပုဂ္ဂိုလ်မျိုးနှင့် မည်သို့ရင်းနှီးနေရသနည်း ဆိုသည်မှာပင်။
"ဖုန်းယာညီလေး သူက ဓားဦးဆောင်သူဖြစ်နေတာ ထူးဆန်းလို့လား"
ရှကျီက ဖုန်းယာ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်
"ငါကကော ဒီလို လူကုံထံတွေနဲ့ မသိရဘူးလား"
"မထူးဆန်းပါဘူး"
ဖုန်းယာက မျက်နှာကို အတင်းပြင်ကာ ဟန်ဆောင်ပြုံးလိုက်ရသည်။
ကျိမသေမျိုးဘုရင်၏ အကြည့်မှာ လူငယ်များထံသို့ တစ်ဦးချင်း ဝေ့ကြည့်သွားပြီးနောက် ဟင်းလင်ပြင်ထဲရှိ ပုဂ္ဂိုလ်တစ်ဦးနှင့် အကြည့်ချင်း ဆုံလိုက်ကာ လေသံခပ်အေးအေးဖြင့် ပြောလိုက်သည်
"ဒီနေ့တော့ ငါလည်း စိတ်ကူးပေါက်လာတာနဲ့ပဲ အဓိကကတော့ တောရိုင်းကျောင်းတော်မှာ ဆေးပညာ လေ့လာတဲ့ လူငယ်တွေက နည်းသထက် နည်းလာလို့ပါပဲ"
" ငါ တပည့်ရွေးတာ မတရားဘူးလို့ တစ်ယောက်ယောက်က ပြောနေမှတော့ ငါလည်း အမျှတဆုံးဖြစ်မယ့် ဆေးပညာ စမ်းသပ်မှုနဲ့ပဲ မင်းတို့ လူငယ်တွေကို စမ်းသပ်ကြည့်တော့မယ်"
"ဒီစမ်းသပ်မှုကို အောင်မြင်တဲ့ လေးယောက်ပဲ ငါနဲ့အတူ တောရိုင်းကျောင်းတော်ကို လိုက်ခွင့်ရမယ် တကယ်လို့ မအောင်မြင်ရင်တော့ မင်းတို့ရဲ့ မိဘ ဆရာသမားတွေကို လာပြီး အသနားခံခိုင်းမနေနဲ့တော့"
ထိုစကားကို ကြားသောအခါ လူအများမှာ သဘောပေါက်သွားကြသည်။
'ပိုင်ချင်းမင် ပြောခဲ့တဲ့ ကြိုတင်သတ်မှတ်ထားတယ်ဆိုတာ တကယ်ပဲ ဖြစ်နေတာကိုး'
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
ကျိမသေမျိုးဘုရင်သည် မျက်နှာနာရသဖြင့် ကြိုတင်ရွေးချယ်ထားခြင်း ဖြစ်နိုင်သော်လည်း၊ ယခုအခါ ပိုင်ချင်းမင်က ဝင်ရောက် ဖျက်ဆီးလိုက်သဖြင့် သူသည်လည်း အစီအစဉ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ကျိမသေမျိုးဘုရင် ကျေးဇူးပြုပြီး စမ်းသပ်ပေးပါ"
ကျီးလျန်က လက်အုပ်ချီကာ ပြောလိုက်သည်။
ကျိမသေမျိုးဘုရင်က ပြုံးလိုက်ပြီး
"အရင်ဆုံး ငါမေးမယ် မင်းတို့ထဲမှာ ဆေးလုံး ဖော်စပ်ဖူးတဲ့သူ ဘယ်နှစ်ယောက် ရှိသလဲ"
လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရှစ်ဆယ်ရာခိုင်နှုန်းကျော်သော လူများမှာ ဆေးဖော်စပ်ဖူးကြောင်း လက်မြှောက်ပြကြသည်။
ဆေးဖော်စပ်ခြင်း အတတ်ပညာမှာ အခြေခံအားဖြင့် လက်လှမ်းမမီလှသော်လည်း၊ ဆေးနည်းအချို့မှာ ကျယ်ပြန့်စွာ ပြန့်နှံ့နေသဖြင့် အင်အားစုကြီးတစ်ခုခုမှ ကျင့်ကြံသူတိုင်း အလွယ်တကူ ရရှိနိုင်ကြသည်။
သို့သော် ဆေးပညာတွင် ကျွမ်းကျင်သူဖြစ်ရန်မှာမူ အချိန်အင်မတန် ပေးရသဖြင့်၊ ဆရာကောင်း မရှိပါက အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် လူအများစုမှာ အပေါ်ယံသာ သိကြပြီး အနှစ်သာရကို သိသူမှာ အင်မတန် ရှားပါးလှသည်။
"မင်းတို့ ဆေးဖော်စပ်တဲ့အခါ မီးဓာတ်စွမ်းအင် ကိုပဲ အဓိက သုံးကြတယ်၊ ဟုတ်သလား"
ကျိမသေမျိုးဘုရင်က မေးလိုက်သည်။
အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားကြသည်။ မီးဓာတ်ကို မသုံးဘဲ ဘာကို သုံးရဦးမှာလဲ
"မီးဓာတ်ကို သုံးတာ မမှားပါဘူး ဒါဟာ ဆေးပညာရဲ့ အခြေခံ အုတ်မြစ်ပဲ ဒါပေမဲ့ မီးဓာတ်မှာလည်း အမျိုးအစားတွေ အများကြီး ရှိတယ် မတူညီတဲ့ နည်းစနစ်တွေကနေ ထွက်လာတဲ့ မီးဓာတ်ရဲ့ စွမ်းအားနဲ့ အပူရှိန်ကလည်း ကွာခြားကြတယ်"
" မင်းတို့ တိုက်ခိုက်တဲ့အခါ သုံးတဲ့ မီးဓာတ်က တခြား ဆေးဆရာတွေ သုံးတဲ့ မီးဓာတ်က တခြားပဲ အဲ့ဒါကို ဆေးမီးလျှံ လို့ ခေါ်တယ်"
"ဆေးမီးလျှံကို ကျွမ်းကျင်တဲ့သူက တူညီတဲ့ ဆေးနည်း၊ တူညီတဲ့ ဆေးမြက်တွေနဲ့ပဲ သာမန်လူတွေထက် ပိုကောင်းတဲ့ ပိုများတဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်တယ်"
"ဥပမာ မင်းတို့က ဆေးတစ်လုံးကို ဖော်စပ်ဖို့ (၁၀) နှစ် အချိန်ယူရပြီး အရည်အသွေးကို မသေချာဘူး ဆိုပါစို့ ဒါပေမဲ့ ဆေးမီးလျှံကို သုံးတတ်တဲ့သူက (၃) နှစ်ပဲ အချိန်ယူရပြီး အရည်အသွေးကိုလည်း အာမခံနိုင်တယ် ဒါဆို ဘယ်သူက တကယ့် ဆေးဆရာလဲ"
"သေချာပေါက် နောက်က လူပါပဲ"
ကျီးလျန်က ချက်ချင်း ဖြေလိုက်သည်။
"မှန်တယ် အပေါ်ယံ သိရုံနဲ့ ဆေးဆရာလို့ မခေါ်နိုင်ဘူး အနှစ်သာရကို သိပြီး ဆေးမီးလျှံကို ကျွမ်းကျင်စွာ အသုံးချနိုင်မှသာ ဆေးဆရာတစ်ယောက်ရဲ့ အစပျိုးခြင်းပဲ အခု ငါက မင်းတို့ရဲ့ ဆေးမီးလျှံ အသုံးချနိုင်စွမ်းကို စမ်းသပ်မယ် ငါ့မျက်စိထဲမှာ အရည်အချင်း ပြည့်မီသူပဲ ကျောင်းတော်ကို လိုက်ခွင့်ရမယ်"
ကျိမသေမျိုးဘုရင်က သူ၏ လက်အင်္ကျီစကို ဝေ့ယမ်းလိုက်ရာ ကျင့်ကြံသူ တစ်ဦးချင်းစီ၏ ရှေ့တွင် သစ်ကိုင်းခြောက် တစ်ခုစီ ကျရောက်လာသည်။
ထိုသစ်ကိုင်းခြောက်များမှာ သာမန်ဟု ထင်ရသော်လည်း ၎င်းတို့အပေါ်တွင် နက်နဲလှသော ဝိညာဉ်ရေးရာ ပုံရိပ်လွှာများ ထွင်းထုထားသည်။
"ဆေးမီးလျှံ နည်းစနစ်ကို သုံးပြီး ဒီသစ်ကိုင်းကို သစ်သားဝိညာဉ်ဆေးလုံး ဖြစ်အောင် ဖော်စပ်ပါ ဒါဆိုရင် မင်းတို့ အောင်မြင်ပြီပဲ"
ကျိမသေမျိုးဘုရင်က ပြုံးလျက် ပြောလိုက်သည်။
နင်ထျဲနယူးက ကလေးဆန်စွာဖြင့်
"ကျိမသေမျိုးဘုရင် တကယ်လို့ ကျရှုံးသွားရင်ကော"
ဟု မေးလိုက်သည်။
"ဒါဆိုရင်တော့ လာရာလမ်းအတိုင်း ပြန်ပေတော့"
ကျိမသေမျိုးဘုရင်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။
အဆင့်မြင့် ပုဂ္ဂိုလ်အချို့မှာ မျက်မှောင်ကြုတ်သွားကြပြီး ပိုင်ချင်းမင်ကို ကြည့်နေကြသည်။
ဒီလူသာ ဝင်မဖျက်ရင် သူတို့ လူတွေ အေးအေးဆေးဆေး ကျောင်းတော်ဝင်ခွင့် ရနေပြီ မဟုတ်ပါလော။
ဖန့်ချန်သည် သူ၏ ရှေ့ရှိ သစ်ကိုင်းကို သေချာစွာ ကြည့်နေသည်။
အခြားသူများ မသိနိုင်သော်လည်း သူ၏ ခေါင်းထဲတွင် ဆေးဖက်ဝင် ပစ္စည်းပေါင်း သောင်းခြောက်ထောင်၏ အချက်အလက်များ ရှိနေသည်။
ထိုသည်မှာ ဝိညာဉ်သစ်ပင် ခြောက်သွေ့သွားသော အကိုင်းအခက် ဖြစ်သည်။
၎င်းတွင် ကမ္ဘာမြေ၏ အဆီအနှစ်များ ကျန်ရှိနေပြီး၊ မီးအပူရှိန်နှင့် ထိတွေ့သည်နှင့် တပြိုင်နက် ဝိညာဉ်စွမ်းအင်များအဖြစ် လွင့်ပျံသွားတတ်သည်။
၎င်းကို ဆေးလုံးဖြစ်အောင် ဖော်စပ်ရန်မှာ ဆေးမီးလျှံကို အင်မတန် သိမ်မွေ့စွာ အသုံးချနိုင်မှသာ ရပေလိမ့်မည်။
လူအချို့ စတင်စမ်းသပ်ကြသည်။
သို့သော် ဆေးမီးလျှံ ထွက်လာသည်နှင့် သစ်ကိုင်းမှာ ဘုန်း ခနဲ မြည်ကာ ဝိညာဉ်စွမ်းအင်များအဖြစ် ပျောက်ကွယ်သွားတော့သည်။
"ဒါက..."
လူအုပ်ကြီး ဆွံ့အသွားကြသည်။ ထိုကျရှုံးသွားသူမှာ မျက်နှာပျက်ပျက်ဖြင့် စင်ပေါ်မှ ဆင်းသွားရတော့သည်။
ယခုတစ်ကြိမ်တွင် မည်သည့် လျှို့ဝှက်စွမ်းအားမှ နှောင့်ယှက်ခြင်း မရှိသဖြင့် လူအတော်များများက နည်းစနစ်ကို မှတ်မိကြသော်လည်း၊ အပူရှိန်ကို မထိန်းချုပ်နိုင်သဖြင့် တစ်ယောက်ပြီးတစ်ယောက် ကျရှုံးကုန်ကြသည်။
ကျီးလျန်၊ ပဉ္စမမင်းသမီးနှင့် နင်ထျဲနယူး သုံးယောက်သာလျှင် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ကြသည်။
တော်သေးတာပေါ့ အဘိုးက ကျိမသေမျိုးဘုရင် ဒီလိုစမ်းသပ်မယ်ဆိုတာ ဘယ်လိုသိနေတာလဲ မသိဘူး။
ငါ့ကို အိမ်မှာ အကြိမ်ကြိမ် လေ့ကျင့်ခိုင်းထားလို့သာ တော်တော့တယ် ဟု နင်ထျဲနယူးက ချွေးသုတ်ရင်း တွေးလိုက်မိသည်။
နောက်ဆုံးတွင် စင်မြင့်ထက်၌ လူခြောက်ဦးသာ ကျန်ရှိတော့သည်။
အောင်မြင်ပြီးသား ကျီးလျန်၊ ပဉ္စမမင်းသမီး၊ နင်ထျဲနယူး၊ ဖုန်းယာ နှင့် လက်ရှိတွင် မစမ်းသပ်ရသေးသော ဖန့်ချန်နှင့် ရှကျီတို့ပင် ဖြစ်သည်။
ဖုန်းယာသည် သူ၏ လက်ထဲမှ ဆေးလုံးကို ကြည့်ကာ အင်မတန် ဝမ်းသာနေသည်။ သူသည် ရှကျီထက် ပိုတော်ကြောင်း သက်သေပြနိုင်တော့မည် မဟုတ်ပါလော။
"ရှကျီ မင်း ဘာလို့ မလုပ်သေးတာလဲ"
ဖုန်းယာက လှောင်ပြုံးဖြင့် မေးလိုက်သည်။
ရှကျီက သူ့ကို တစ်ချက်ကြည့်ကာ လက်ကို ဝေ့ယမ်းလိုက်ရာ၊ စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ လက်ထဲမှ သစ်ကိုင်းမှာ ဆေးလုံးအဖြစ် ပြောင်းလဲသွားတော့သည်။
ဖုန်းယာ တစ်ယောက် ဆွံ့အသွားရသည်။
ထိုနည်းတူစွာပင် ဖန့်ချန်၏ လက်ထဲမှ သစ်ကိုင်းသည်လည်း အားလုံး ငေးမောနေစဉ်မှာပင် ဆေးလုံးဖြစ်သွားခဲ့သည်။
သူတို့နှစ်ဦး၏ နည်းစနစ်မှာ ကျီးလျန်တို့ထက်ပင် ဆယ်ဆမက ပိုမိုသိမ်မွေ့ပြီး လွယ်ကူနေပုံရသည်။
"မင်းတို့ ခြောက်ယောက်စလုံးမှာ ဆေးပညာ ပါရမီ ရှိကြပါတယ် ဒါပေမဲ့ ငါပြောခဲ့သလိုပဲ... လေးယောက်ပဲ ယူမယ်"
ကျိမသေမျိုးဘုရင်က ပြုံးလျက် ဖန့်ချန်နှင့် ရှကျီကို ကြည့်ကာ ပြောလိုက်သည်
"မင်းတို့ နှစ်ယောက်က နောက်ဆုံးမှ အောင်မြင်တာဆိုတော့ နောက်တစ်ဆင့်မှာ ယှဉ်ပြိုင်ဖို့ တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ကြပါ"
ရှကျီက ဖုန်းယာကို လက်ညှိုးထိုးပြလိုက်ပြီး
"ဖုန်းယာညီလေး... ငါတို့ နှစ်ယောက် ယှဉ်ကြတာပေါ့"
ဖန့်ချန်က ကျီးလျန်ကို ပြုံးကြည့်ကာ
"ကျီးတာအိုမိတ်ဆွေ ငါတို့ အစွမ်းချင်း ယှဉ်စို့"
ကျီးလျန်နှင့် ဖုန်းယာတို့၏ မျက်နှာများမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။