← Chapters

အခန်း (၇၂၁-၇၂၂)

Vol. 73 Ch. 721-722

အခန်း (၇၂၁-၇၂၂)

Vol. 73 Ch. 721-722

ဖန့်ချန်

​အခန်း ၇၂၁ - စီနီယာရွှင်

​"စီနီယာချမ် ဒီလေးယောက်က ဆရာကျိ အခုလေးတင် အပ်နှံလိုက်တဲ့ နာမည်ခံတပည့်တွေပါ"

လီယန်ရှီးက သူတို့လေးဦးကို ထိုအဘိုးအိုရှေ့သို့ ခေါ်ဆောင်သွားပြီး ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

​စီနီယာချမ်၏ အကြည့်က လူစုကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ဖန့်ချန်ထံတွင် ရပ်တန့်သွားကာ ထူးဆန်းသော မျက်နှာပေးဖြင့် မေးလိုက်သည်

"မင်းက ဘာလို့ မျက်လုံးမှိတ်ထားတာလဲ"

​လီယန်ရှီးက ဖန့်ချန်ကိုယ်စား ဝင်ဖြေပေးသည်

"စီနီယာချမ် သူက ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ လက်ရှိ ဓားဦးဆောင်သူပါ သူ့မျက်လုံးတွေက ဒဏ်ရာရဖူးလို့ မမြင်ရတော့တာပါ"

​ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ လက်ရှိ ဓားဦးဆောင်သူ

ထိုဘွဲ့ထူးအမည်နာမက ပြင်ပလောကကို စိတ်မဝင်စားဘဲ စီနီယာချမ်၏ ဆေးပညာဟောပြောချက်ထဲတွင် နစ်မြုပ်နေသော ကျင့်ကြံသူများကိုပါ ချက်ချင်း ဆွဲဆောင်သွားတော့သည်။

သူတို့အားလုံး ဖန့်ချန်ကို လှည့်ကြည့်ကာ စူးစမ်းလာကြသည်။

​"မမြင်ရဘူးလား မမြင်ရဘဲနဲ့ ဆေးလုံးကို ဘယ်လိုဖော်စပ်မှာလဲ"

စီနီယာချမ်က မျက်မှောင်ကြုတ်လိုက်သည်။

​လီယန်ရှီးက ပြုံးလျက်

"ညီလေးဖန့်မှာ မျက်စိကျင့်စဥ် ရှိပါတယ် ဒါကြောင့် အနှောင့်အယှက် မဖြစ်နိုင်ပါဘူး မဟုတ်ရင်လည်း ဟင်လင်ပြင်ရဲ့ ဓားဦးဆောင်သူ ဖြစ်လာမှာ မဟုတ်ဘူးလေ"

​"အို မျက်စိကျင့်စဥ် ရှိတာလား ကျုံးကျိုးမှာ မျက်စိအတတ် ၃၆ မျိုး ရှိတဲ့အထဲက ငါတို့ တောရိုင်းကျောင်းတော်မှာတင် ၂၈ မျိုး ရှိတယ် မင်းကျင့်ထားတာက ဘယ်လိုအတတ်မျိုးလဲ"

စီနီယာချမ်က မေးလိုက်သည်။

​ဖန့်ချန်က ခေတ္တစဉ်းစားပြီးနောက် ပြုံးလျက်

"ပြောဖို့ မသင့်တော်လို့ပါခင်ဗျာ"

​"ညီလေး မင်း တောရိုင်းကျောင်းတော်ရဲ့ ဆေးပညာဌာနထဲ ရောက်လာပြီဆိုမှတော့ ငါတို့က လူယုံတွေ ဖြစ်သွားပြီပဲ ပြောဖို့မသင့်တာ ဘာရှိလို့လဲ"

သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးက ပြုံးလျက် ဝင်ပြောသည်

"ဒါက စီနီယာချမ်က မေးနေတာလေ ရိုင်းရာကျအောင် မလုပ်ပါနဲ့"

​ရှကျီက မျက်မှောင်ကြုတ်ကာ တုံ့ပြန်လိုက်သည်

"စီနီယာ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်နဲ့ အမွေအနှစ်တွေ ရှိကြတာပဲလေ အကုန်လုံးကို လိုက်ပြောပြနေရမှာလား ကျုပ် မနက်ပိုင်း အိမ်သာသွားတာတို့ ပဲပြားဟင်းထဲ သကြားထည့်စားတာတို့ကအစ သူများတွေကို လိုက်ပြောပြနေရမှာလား"

​ထိုကျင့်ကြံသူက ရှကျီကို ကြည့်ကာ ပြုံးလိုက်သော်လည်း အဓိပ္ပာယ်ပါပါဖြစ်သည်

"ဒီညီလေးက ဒေါသကြီးသားပဲ ပြောဖို့ မသင့်ဘူးဆိုရင်လည်း မပြောနဲ့တော့ပေါ့"

​လီယန်ရှီးက အခြေအနေ တင်းမာသွားသည်ကို မြင်သောအခါ ချက်ချင်း ကြားဝင်စေ့စပ်ပေးလိုက်သည်

"စီနီယာချမ် သူတို့ လေးယောက်က အခုမှ ရောက်ခါစဆိုတော့ ကျန်တဲ့နေရာတွေကို ဆက်ပြီး လိုက်ပြလိုက်ပါဦးမယ်"

​"သွားလေ"

စီနီယာချမ်က ခေါင်းညိတ်လိုက်ပြီးနောက် လူအုပ်ကို ဆေးကျမ်းများ ဆက်လက် ဟောပြောနေတော့သည်။

​ထိုနေရာမှ ထွက်လာပြီးနောက် ပဉ္စမမင်းသမီးက ရှကျီကို ဒေါသတကြီး ကြည့်ကာ

"ရှကျီ နင်က ဒီလိုအခွင့်အရေး ရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာကို ဘာလို့ ဝင်ဝင်ချင်း စီနီယာတွေကို ရန်စနေတာလဲ"

​"ငါက ဘယ်သူ့ကို ရန်စလို့လဲ"

ရှကျီက သူမကို ကြည့်ကာ ရယ်မောလိုက်သည်

"ကောင်မလေး နင်က နင့်အစ်မကိုယ်စား ငါ့ကို စောင့်ကြည့်ဖို့ လိုက်လာတာလား ငါပြောပြီးပြီလေ ငါနဲ့ စတ္တုထမင်းသမီးနဲ့က မကိုက်ညီဘူး လူကြီးတွေက ငါတို့ကို သဘောတူချင်ပေမဲ့ ငါတို့ရဲ့ ဆန္ဒကိုလည်း ထည့်တွက်ရဦးမယ်လေ နင့်အစ်မကလည်း တစ်ခါမှ မမြင်ဖူးတဲ့လူနဲ့ အဖော်ပြုချင်ပါ့မလား"

​"ဒါက လူကြီးတွေ စီစဉ်တာပဲလေ ငါတို့ဆီမှာက ဒီလိုပဲ ဘာပဲဖြစ်ဖြစ် နင်နဲ့ လေးယောက်မြောက်အစ်မ ကိစ္စကတော့ မလွတ်နိုင်ပါဘူး"

ပဉ္သမမင်းသမီးက မျက်စောင်းထိုးလိုက်သည်။

​ထိုစဉ် ဖန့်ချန်က လီယန်ရှီးကို လှမ်းမေးလိုက်သည်

"စီနီယာလီ ကျွန်တော်တို့ ကျမ်းစာဆောင် ကို သွားကြည့်လို့ ရမလား"

​"ရတာပေါ့ တောရိုင်းကျောင်းတော်က တပည့်ဆိုရင် ဘယ်သူမဆို ဝင်ခွင့်ရှိတယ်"

လီယန်ရှီးက ခေါင်းညိတ်ပြသည်။

​နောက်ထပ် နာရီအနည်းငယ်ကြာအောင် လီယန်ရှီးသည် သူတို့ကို ဆေးပညာဌာနအတွင်း လှည့်လည်ပြသပြီးနောက်၊ စောစောက စိမ်းလန်းသော ကွင်းပြင်တွင် ဂူကျောင်းဆောင်များ ကိုယ်တိုင် ဆောက်လုပ်ရန် ပို့ဆောင်ပေးခဲ့သည်။

ကျင့်ကြံသူများအတွက် ဂူကျောင်းဆောင် ဆောက်လုပ်ခြင်းမှာ ခက်ခဲသော ကိစ္စမဟုတ်ပေ။

သူတို့ လေးဦးသည် တောင်ကုန်းတစ်ခုစီကို အသီးသီး ရွေးချယ်ကာ အတွင်းပိုင်းကို အပေါက်ဖောက်လိုက်ရုံဖြင့် ဂူကျောင်းဆောင်၏ ပုံကြမ်း ထွက်ပေါ်လာတော့သည်။

​"ဖန့်ကြီး နောက် ဘယ်သွားကြမလဲ"

နင်ထျဲနယူးက သူ့ဂူ ဆောက်ပြီးသည်နှင့် ဖန့်ချန်ဆီ ပြေးလာသည်။

​"ငါ ကျမ်းစာဆောင်ကို သွားကြည့်မလို့ စီနီယာလီ ပြောတာတော့ အဲ့ဒီမှာ ရှေးဟောင်းကျမ်းစာတွေ အများကြီး ရှိတယ်တဲ့ လောကရဲ့ လျှို့ဝှက်ချက်တွေ သိရဖို့ ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူး"

ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်။

​"ငါလည်း လိုက်ခဲ့မယ်"

ရှကျီက ဂူထဲမှ ထွက်လာသည်။

​"ကျမ်းစာဆောင်လား စာဖတ်ရမှာလား ခေါင်းကိုက်လိုက်တာ"

နင်ထျဲနယူးက ချက်ချင်း ဆင်ခြေပေးကာ ပဉ္စမမင်းသမီးကို ရှာရန် ထွက်ပြေးသွားတော့သည်။

​"မင်းနဲ့ စတ္တုထမင်းသမီး ကိစ္စကတော့ တကယ် ဖြစ်လာနိုင်တယ်ထင်တယ်"

နင်ထျဲနယူး ထွက်သွားပြီးနောက် ဖန့်ချန်က ရှကျီကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

​"ငါက အဲ့ဒီမိန်းမကို မကြိုက်ဘူးလေ သူတို့ သဘောတူတာက သူတို့ကိစ္စပဲ"

ရှကျီက ရယ်မောလိုက်ပြီး

"ဒါတွေ ထားပါတော့ ကျမ်းစာဆောင်ကို သွားကြစို့ ငါလည်း လူမသိတဲ့ လျှို့ဝှက်ချက်တွေ ဘယ်လောက်ရှိလဲ သိချင်တယ်"

​သူတို့နှစ်ဦး ကျမ်းစာဆောင်သို့ ရောက်သွားသောအခါ လူသူ ကင်းမဲ့နေပြီး အဘိုးအိုတစ်ဦးသာ စောင့်ကြပ်နေသည်ကို တွေ့ရသည်။

ထိုသူက သူတို့ကို ဘာမှ မမေးဘဲ ကျမ်းစာတွေနဲ့ ကျောက်စိမ်းပြားတွေကို မဖျက်ဆီးဖို့သာ မှာကြားလိုက်သည်။

​ဖန့်ချန်သည် ရှေးဦးနတ်ဘုရားမျက်လုံး ကို ဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျမ်းစာဆောင် တစ်ခုလုံးသည် ရှေးဟောင်းကျမ်းစာများနှင့် ပြည့်နှက်နေသည်။

သူသည် ရည်ရွယ်ချက် မရှိဘဲ လိုက်မကြည့်ဘဲ အဘိုးအိုကို မေးမြန်းကာ မဟာဂိုဏ်းကြီး ၅ ခုအကြောင်း မှတ်တမ်းတင်ထားသော ကျမ်းစာကို ရှာတွေ့ခဲ့သည်။

​ထိုကျမ်းစာတွင် တောရိုင်းဂိုဏ်း၊ တာအိုလမ်းစဉ်ဂိုဏ်း၊ နတ်ရိုသေဂိုဏ်း၊ နံ့သာတိုင်ဂိုဏ်း နှင့် သွေးဝိညာဉ်ဂိုဏ်း တို့၏ အချက်အလက်အချို့ ပါဝင်သည်။

​သွေးဝိညာဉ်ဂိုဏ်း အကြောင်းကို ဖန့်ချန် ရှာကြည့်လိုက်ရာ စာသား အနည်းငယ်သာ တွေ့ရသည်

သွေးဝိညာဉ်ဂိုဏ်း - တည်ထောင်သည့် ကာလကို မသိရသော်လည်း နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည်။

ထိုဂိုဏ်း၏ လမ်းစဉ်မှာ မိစ္ဆာဆန်ပြီး၊ သာမန်လူသားတို့၏ အနှစ်သာရ သွေးများကို အသုံးချကာ သွေးဝိညာဉ်နတ်ဆေးလုံးများကို ဖော်စပ်ကြသည်။

​"ဒါပဲလား"

ဖန့်ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

တောရိုင်းကျောင်းတော်တွင် သွေးဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ရှိမည်ဟု မျှော်လင့်ထားသော်လည်း ထိုမျှသာ ရှိနေခြင်း ဖြစ်သည်။

​ထို့နောက် သူသည် တာအိုသုံးထောင်ဂိုဏ်း နှင့် ပတ်သက်သည့် မှတ်တမ်းများကို ရှာဖွေကာ သူ၏ ဆရာဖြစ်သူ ယွမ်ဟယ် ၏ အတိတ်အကြောင်းကို သိရန် ကြိုးစားသော်လည်း၊ မှတ်တမ်းမှာ အင်မတန် နည်းပါးလှသည်။

​"မင်းက ရွှေအမြုတေ အဆင့်ပဲ ရှိသေးတာ ဒါတွေကို ဘာလို့ ကြည့်နေတာလဲ"

စောင့်ကြပ်နေသော အဘိုးအိုက ဖန့်ချန်အနားသို့ လျှောက်လာပြီး သူကိုင်ထားသော ကျမ်းစာကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

​"ကျွန်တော် သိချင်စိတ် ဖြစ်လို့ လာကြည့်တာပါခင်ဗျာ စီနီယာ့ကို ဘယ်လို ခေါ်ရမလဲဆိုတာ သိပါရစေ"

ဖန့်ချန်က မေးလိုက်သည်။

​အဘိုးအိုက ရယ်မောလိုက်ပြီး

"ငါ့ကို စီနီယာရွှင် လို့ပဲ ခေါ်ပါ"

​"စီနီယာရွှင်"

ဖန့်ချန်က ခေါင်းညိတ်ကာ ထပ်မံ မေးမြန်းသည်

"စီနီယာရွှင် ဒီကျမ်းစာဆောင်မှာ ယွမ်ဟယ် ရဲ့ ဘဝမှတ်တမ်း အသေးစိတ် ရှိပါသလား"

​"ရှိတယ် ဒါပေမဲ့ မင်းရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် ဖတ်ရှုခွင့် မရှိသေးဘူး အခု မင်း မြင်နိုင်တာတွေ အကုန်လုံးက အောက်ခြေ အဆင့်လေးဆင့်မှာ ရှိတဲ့ ကျင့်ကြံသူတွေ သိသင့်တာတွေပဲ ရှိသေးတယ်"

စီနီယာရွှင်က ပြုံးလျက် ပြောသည်

"မင်းရဲ့ အခုအရွယ်မှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်သင့်တယ် တချို့အရာတွေကို စောစောသိတာက မင်းအတွက် ကောင်းကျိုးမရှိဘူး"

"ငါကြားတာတော့ မင်းက ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ လက်ရှိ ဓားဦးဆောင်သူဖြစ်ပြီး ယွမ်ဟယ်ရဲ့ လမ်းညွှန်မှုကိုလည်း ရခဲ့တယ်ဆိုပဲ အဲ့ဒီတော့ သစ်စိမ်းဂိုဏ်းက ကောင်လေးလိုပဲ မင်းကလည်း ယွမ်ဟယ်ရဲ့ တပည့်ပဲလား"

​သစ်စိမ်းဂိုဏ်းက ကောင်လေး

ဖန့်ချန်သည် ရှေ့က အဘိုးအိုမှာ နှစ်ပေါင်းများစွာ အသက်ရှင်နေသူဖြစ်မှန်း ချက်ချင်း ရိပ်မိသွားသည်။

မဟုတ်လျှင် သူ၏ စီနီယာဖြစ်သူ ချင်းမု ကို ကောင်လေး ဟု ခေါ်မည် မဟုတ်ပေ။

​"ဟုတ်ကဲ့ပါ"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

​"ဒီလို နောက်ခံမျိုး ရှိတာက တကယ့်ကို ရှားပါးတယ် စိတ်ဝင်စားစရာပဲ"

စီနီယာရွှင်က ပြုံးလျက် ဖန့်ချန်၏ ပုခုံးကို ပုတ်ကာ

"ငါ့နောက်ကို လိုက်ခဲ့ မင်းကို အရာတစ်ခု ပြမယ်"

​"ဗျာ"

ဖန့်ချန် စိတ်ဝင်စားသွားကာ အဝေးက ရှကျီကို နှုတ်ဆက်လိုက်ပြီး စီနီယာရွှင်နောက်သို့ လိုက်သွားတော့သည်။

​"ထူးဆန်းလိုက်တာ"

ရှကျီက မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်

"ဖန့်ကြီးက ငါ့ကို ဘာလို့ နှုတ်ဆက်တာလဲ သူ ဘယ်ကို သွားမလို့လဲ"

ခေတ္တ စဉ်းစားပြီးနောက် သူက ပြန်ပြုံးလိုက်သည်ဤနေရာက တောရိုင်းကျောင်းတော် ဖြစ်သောကြောင့် ဘာအန္တရာယ်မှ ဖြစ်လာနိုင်စရာ မရှိပေ။

​ဖန့်ချန်သည် စီနီယာရွှင်နောက်သို့ လိုက်ကာ သီးသန့် အခန်းတစ်ခုသို့ ရောက်ရှိလာသည်။

ထိုအခန်းထဲတွင်လည်း ရှေးဟောင်းကျမ်းစာများစွာ ရှိနေပြီး စီနီယာရွှင်က ကျမ်းစာတစ်အုပ်ကို ထုတ်ကာ ဖန့်ချန်အား ပေးလိုက်သည်။

​"ဒီကျမ်းစာကို ကြည့်လိုက်စမ်း မင်း ကြိုက်မလားလို့"

​ဖန့်ချန် စိတ်ဝင်တစားဖြင့် ကျမ်းစာကို လှန်ကြည့်လိုက်ရာ

ရှေးဦးဝိညာဉ် ပုံဖော်သန့်စင်ခြင်း နည်းစနစ်

​ပုံဖော်ခြင်းနှင့် သန့်စင်ခြင်း

ထိုနေရာတွင် သန့်စင်ခြင်း ဆိုသည်မှာ ကျင့်ကြံခြင်း မဟုတ်ဘဲ အရည်ကျိုသန့်စင်ခြင်း ဟု ဖန့်ချန်က သတိပြုမိလိုက်သည်။

ထို့နောက် သူက ဆက်လက် ဖတ်ရှုကြည့်လိုက်ရာ ၎င်းမှာ ဝိညာဉ်သန္ဓေသား နှင့် ပတ်သက်သည့် နည်းစနစ်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

​သို့သော် ထိုကျမ်းစာထဲတွင် ဝိညာဉ်သန္ဓေသားကို ခေါ်ဝေါ်သည့် အခေါ်အဝေါ်မှာ ယခုခေတ်နှင့် မတူဘဲ ကွဲပြားနေလေတော့သည်။

​​အခန်း ၇၂၂ - ခုနစ်ယောက်မြောက် ဆရာကြီး

​"စီနီယာရွှင် ဒီရှေးဟောင်းကျမ်းစာက ဝိညာဉ်ဦးကင်း ကို ဘယ်လိုပုံဖော်ရမလဲဆိုတာ ရေးထားတာပဲ ဒီထဲမှာ ပြောထားတဲ့ ဝိညာဉ်ဦးကင်းဆိုတာ ဝိညာဉ်သန္ဓေသားကို ပြောတာမလားဗျ"

ဖန့်ချန်က ကျမ်းစာကို ဖတ်ပြီးနောက် မေးလိုက်သည်။

​စီနီယာရွှင်က ပြုံးရုံသာ ပြုံးပြီး မဖြေပေ။

ထို့နောက် နောက်ထပ် ကျမ်းစာတစ်အုပ်ကို ထုတ်ပေးပြန်သည်။

​ထိုကျမ်းစာမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ဟု ခေါ်သော ကျင့်စဥ်တစ်ခု ဖြစ်သည်။

ဖန့်ချန်သည် ထိုကျင့်စဥ်ကို အလွန်စိတ်ဝင်စားသွားသည်။

စောစောက ရှေးဦးဝိညာဉ် ပုံဖော်သန့်စင်ခြင်း နည်းစနစ် က သူ့အတွက် အသုံးမဝင်သော်လည်း ထိုတိုက်ခိုက်ရေးကျင့်စဥ်ကမူ ဆွဲဆောင်မှု ရှိလှသည်။

​"ခေါင်းသုံးလုံး လက်ခြောက်ဖက်..."

​ဖန့်ချန်သည် ထိုအတတ်ပညာထဲတွင် တဖြည်းဖြည်း အာရုံနစ်မြုပ်သွားသည်။

မည်သည့်အချိန်က စသည်မသိ၊ သူ၏ ပုခုံးနှစ်ဖက်ပေါ်တွင် ဦးခေါင်းပုံရိပ် နှစ်ခု ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်တွင်လည်း လက်မောင်းပုံရိပ် လေးခု ထပ်တိုးလာသည်။

ထိုပုံရိပ်များသည် ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသကဲ့သို့ ရှိသော်လည်း အသွေးအသားကဲ့သို့ အသက်ဝင်လှပေသည်။

​ဖန့်ချန်ကမူ ထိုအချက်ကို သတိမပြုမိဘဲ ကျမ်းစာပါ စာသားများကိုသာ တစ်လုံးချင်း အာရုံစိုက်ဖတ်နေတော့သည်။

​"စီနီယာရွှင် ဒီ ခေါင်းသုံးလုံး လက်ခြောက်ဖက် ကျင့်စဥ်က သာမန်နည်းလမ်းတစ်ခု မဟုတ်ဘူးပဲ"

ဖန့်ချန်က ကျမ်းစာကို ပိတ်လိုက်ချိန်တွင် သူ၏ မျက်ဝန်း၌ အံ့ဩရိပ်များ ပြည့်နှက်နေသည်။

ထိုသီးသန့်အခန်းထဲရှိ ကျမ်းစာများအားလုံးမှာ အဆင့်မြင့်ကျင့်စဥ်များ ဖြစ်နေသလော

​"ဒီနေရာက ကျမ်းစာတွေကို မင်း စိတ်ကြိုက်ဖတ်လို့ရပါတယ် အေးအေးဆေးဆေးသာ ဖတ်ပါ"

စီနီယာရွှင်က ပြုံးလျက် ခေါင်းညိတ်ပြီးနောက် လှည့်ထွက်သွားတော့သည်။

​ဖန့်ချန်အတွက်မူ ဤသည်မှာ ရှားပါးသော အခွင့်အရေးပင်။

မည်သူမဆို အတတ်ပညာ များများသိထားခြင်းကို ငြင်းပယ်မည်မဟုတ်ပေ။

အထူးသဖြင့် ဤအတတ်မှာ အသက်ဘေးမှ လွတ်မြောက်စေနိုင်သော အတတ်လည်း ဖြစ်သည်။

ခေါင်းသုံးလုံး ရှိခြင်းက အသက်သုံးချောင်း ရှိခြင်းနှင့် တူပေသည်။

​ထို့ပြင် တိုက်ခိုက်ရာတွင်လည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် တစ်ပြိုင်နက်တည်း ကျင့်စဥ် သုံးမျိုးကို သုံးနိုင်မည် မဟုတ်ပါလား။

ဖန့်ချန်သည် တစ်ဖက်က ဓားကျင့်စဥ်၊ တစ်ဖက်က မိုးကြိုးကျင့်စဥ်၊ နောက်တစ်ဖက်က အရေခွံဆုပ်ခွာခြင်းကျင့်စဥ် တို့ကို တစ်ပြိုင်တည်း သုံးနေသည့် ပုံရိပ်ကိုပင် မြင်ယောင်ကြည့်လိုက်မိသည်။

​

​"ဖန့်ကြီး မင်း ဘယ်ရောက်နေတာလဲဟ"

ရှကျီသည် မိုးချုပ်စပြုလာသဖြင့် ဖန့်ချန်ကို လိုက်ရှာသော်လည်း ရှာမတွေ့ပေ။

​"အရင်ပြန်သွားတာလား မဖြစ်နိုင်ပါဘူး"

ရှကျီက ဂူကျောင်းဆောင်သို့ အရင်ပြန်ကြည့်သော်လည်း မတွေ့။

နင်ထျဲနယူးနှင့် ပဉ္စမမင်းသမီးကို သွားမေးသော်လည်း သူတို့လည်း မသိကြပေ။

​"ထားလိုက်ပါတော့လေ"

ရှကျီသည် သက်ပြင်းချကာ မိမိဂူသို့ ပြန်သွားတော့သည်။

​သူသည် ဖန့်ချန်ကို ငါးရက်တိုင်တိုင် စောင့်ခဲ့သည်။

ထိုအတောအတွင်း နည်းပြလီယန်ရှီးကို သွားမေးရာ လီယန်ရှီးကလည်း မသိကြောင်း ပြောသည်။

တောရိုင်းကျောင်းတော်မှာ အလွန်ကျယ်ပြောပြီး ဆန်းကြယ်လှသဖြင့် တစ်ခါတစ်ရံ နေရာတစ်ခုခုတွင် ပိတ်မိနေတတ်သော်လည်း အသက်အန္တရာယ် မရှိနိုင်ကြောင်း ပြောသဖြင့် ရှကျီလည်း စိတ်အေးသွားကာ ကျုံးတူးမြို့သို့ အရင်ပြန်သွားတော့သည်။

​

​"စွမ်းအင်သုံးပုံ တစ်ပုံ၊ သွေးသုံးပုံ တစ်ပုံ၊ ဝိညာဉ်သုံးပုံ တစ်ပုံ..."

ဖန့်ချန်သည် ကျမ်းစာကို ကိုင်ကာ ရေရွတ်နေပြီး စာသားများ၏ အဓိပ္ပာယ်ကို ဆင်ခြင်နေသည်။

သူ၏ ရှေးဦးနတ်ဘုရားမျက်လုံး ထဲမှ ရွှေရောင်အလင်းတန်းများမှာ ပိုမိုတောက်ပလာသည်။

​မျက်စိကျင့်စဉ်ကို သုံးလိုက်သည့်အခါ သူ၏ အတွေးအခေါ်များမှာ အရင်ကထက် ပိုမို ကြည်လင်လာပြီး ခေါင်းသုံးလုံး လက်ခြောက်ဖက် ကျင့်စဥ်၏ အနှစ်သာရကို နားလည်လာသည်။

မည်သည့်အချိန်က စသည်မသိ၊ သူ လှည့်ကြည့်လိုက်သောအခါ မိမိနှင့် တစ်ပုံစံတည်း တူသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

နောက်တစ်ဖက်သို့ လှည့်ကြည့်သောအခါတွင်လည်း ထိုကဲ့သို့ပင်။

​"ဒီခံစားချက်က တကယ် ထူးဆန်းတာပဲ"

​ဖန့်ချန်သည် သူ၏ ပင်မဦးနှောက်ရော၊ အသစ်ထွက်လာသော ဦးခေါင်းနှစ်လုံးပါ ကြည်လင်နေသည်ကို သတိပြုမိသည်။

တစ်ပြိုင်နက်တည်းတွင် ကွဲပြားသော အကြောင်းအရာ သုံးခုကို ရှုပ်ထွေးမှုမရှိဘဲ စဉ်းစားနိုင်သည်။

၎င်းကို စမ်းသပ်ရန်အတွက် ကျမ်းစာသုံးအုပ်ကို တစ်ပြိုင်တည်း ဖတ်ကြည့်လိုက်ရာ မည်သည့် အဟန့်အတားမှ မရှိဘဲ နားလည်နိုင်စွမ်း ရှိနေသည်ကို တွေ့ရသည်။

​ထိုကျင့်စဥ်သည် အသက်ဘေးမှ လွတ်မြောက်ရန်နှင့် တိုက်ခိုက်ရန်သာမက ကျင့်ကြံခြင်းတွင်လည်း အလွန်အမင်း အထောက်အကူပြုပေသည်။

ဖန့်ချန်သည် ကျမ်းစာဖတ်သည့် အရှိန်ကို မြှင့်လိုက်သည်။

သူသည် အနှစ်သာရကို အကုန်နားမလည်သေးသော်လည်း အကြောင်းအရာအားလုံးကို မှတ်ဉာဏ်ထဲတွင် သေချာမှတ်သားထားလိုက်သည်။

​အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ သီးသန့်အခန်းထဲရှိ ကျမ်းစာပေါင်း တစ်ထောင်ကျော်ကို သူ ဖတ်ပြီးသွားပြီ ဖြစ်သည်။

နောက်ဆုံးတစ်အုပ်ကို ချလိုက်ပြီးနောက် ဖန့်ချန်သည် ကျမ်းစာဆောင်သို့ ပြန်ထွက်လာရာ လီယန်ရှီးနှင့် ထိပ်တိုက်ဆုံတော့သည်။ စီနီယာရွှင်ကိုမူ မတွေ့ရတော့ပေ။

​"စီနီယာလီ"

ဖန့်ချန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

​"မင်း ဘယ်ရောက်နေတာလဲ ရှကျီက မင်း ပျောက်နေတယ်ဆိုပြီး လိုက်ရှာနေတာ ကြာပြီ"

လီယန်ရှီးက အံ့ဩတကြီး မေးလိုက်သည်။

​"ဪ ကျွန်တော် စီနီယာရွှင်နဲ့ တွေ့လို့ပါ သူက ကျွန်တော် ကို သီးသန့်အခန်းတစ်ခုထဲ ခေါ်သွားပြီး ကျင့်စဉ်တွေ၊ အတတ်ပညာတွေ ဖတ်ခိုင်းလို့ပါ"

​"စီနီယာရွှင်"

လီယန်ရှီး ကြောင်သွားသည်

"ငါတို့ ကျောင်းတော်မှာ စီနီယာရွှင်ဆိုတဲ့ နာမည်နဲ့လူ မရှိပါဘူး မင်း ဘယ်သူနဲ့ တွေ့တာလဲ"

​"ဒီကျမ်းစာဆောင်ကို စောင့်တဲ့ စီနီယာရွှင်လေဗျာ"

ဖန့်ချန်လည်း အနည်းငယ် ထူးဆန်းသွားသည်။

​"ကျမ်းစာဆောင်မှာ စောင့်တဲ့သူ ဒီနေရာမှာ ဘယ်သူမှ စောင့်စရာ မလိုဘူးလေ ဒီက ကျမ်းစာတွေက ကောလာဟလ မှတ်တမ်းတွေပဲ ရှိတာဆိုတော့ ဘယ်သူမှလည်း ဖျက်ဆီးမှာ မဟုတ်ဘူး ဒါကြောင့် ဒီမှာ လူမထားဘူးလေ"

လီယန်ရှီး၏ မျက်နှာမှာ လေးနက်သွားသည်

"မင်း တွေ့ခဲ့တာ ဆရာကြီး တစ်ယောက်ယောက် ဖြစ်မယ်ထင်တယ်"

​"ဆရာကြီးတွေထဲမှာ ရွှင် လို့ နာမည်ရှိတဲ့သူ ရှိလား"

​"မရှိဘူးလေ ငါတို့ဆီက ဆရာကြီး ၆ ယောက်က ကျိ၊ ကျောက်၊ ဟန်၊ ချူ၊ လုံ၊ ယွဲ့ တို့ပဲ ရွှင် ဆိုတာက တော်ဝင်မျိုးနွယ်တွေရဲ့ မျိုးရိုးနာမည်ပဲဟာကို"

စကားပြောရင်း လီယန်ရှီးမှာ ရုတ်တရက် ဆွံ့အသွားပြီး ဖန့်ချန်ကို မယုံနိုင်စရာ အကြည့်ဖြင့် ကြည့်လိုက်မိသည်

"မင်း... မင်း တွေ့ခဲ့တာ ကျောင်းအုပ်ကြီး များလား "

​"ကျောင်းအုပ်ကြီး"

ဖန့်ချန်၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ထိုစီနီယာရွှင်က ဂိုဏ်းတည်ထောင်ဆရာကြီး တစ်ဦးလား

​"တကယ်လည်း ဖြစ်နိုင်တယ် ငါလည်း ကျောင်းအုပ်ကြီးရဲ့ မျိုးရိုးနာမည်ကို မသိဘူးလေ ဒါကို ဆရာကျိ ကို သွားပြောပြရမယ် မင်း ငါနဲ့ လိုက်ခဲ့"

လီယန်ရှီးသည် ဖန့်ချန်ကို ဆွဲကာ ဆရာကျိ၏ ဂူကျောင်းဆောင်သို့ အမြန်ခေါ်သွားတော့သည်။

လမ်းတွင် သူက စပ်စုမေးမြန်းသည်

"အဲ့ဒီ စီနီယာရွှင်က မင်းကို ဘာတွေ ဖတ်ခိုင်းတာလဲ"

​"ကျင့်စဉ်တွေနဲ့ အတတ်ပညာတွေပါ ရှေးဦးဝိညာဉ် ပုံဖော်သန့်စင်ခြင်း နည်းစနစ်၊ ခေါင်းသုံးလုံး လက်ခြောက်ဖက် ကျင့်စဥ် ၊ ဓာတ်ငါးပါး လွတ်မြောက်ခြင်းကျင့်စဥ် နောက်ပြီး မိုးကြိုးလွတ်မြောက်ခြင်းကျင့်စဥ် တွေပါ"

​"ဒီကျင့်စဥ်တွေအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး ဓာတ်ငါးပါး လွတ်မြောက်ခြင်း ကျင့်စဥ်ဆိုတာက ငါတို့ ကျောင်းတော်မှာ ရေအတတ်နဲ့ မြေအတတ်ပဲ ရှိတာ ရွှေ၊ သစ်သား၊ မီး အတတ်တွေက မရှိဘူးလေ..."

လီယန်ရှီး၏ မျက်နှာမှာ ပိုမို လေးနက်လာသည်။

​"ဒီလိုလား..."

ဖန့်ချန် စဉ်းစားခန်း ဝင်သွားသည်။

ထိုစီနီယာရွှင်က ကျောင်းအုပ်ကြီးသာ ဆိုလျှင်၊ လီယန်ရှီးတို့လို နည်းပြတွေတောင် မသိတဲ့ ကျင့်စဥ်တွေကို သူ့ကို ဘာလို့ ပြရတာလဲ

​သူတို့နှစ်ဦး ကျိမသေမျိုးဘုရင်ထံ ရောက်သွားပြီး အကြောင်းစုံ ပြောပြသောအခါ ဆရာကျိမှာ ခေတ္တမျှ ဆွံ့အသွားသည်။

​"ဆရာကျိ ဒါက ဘယ်လိုမျိုးလဲ"

လီယန်ရှီးက အသာအယာ မေးလိုက်သည်။

​"ငါတို့ ကျောင်းတော်မှာ လျှို့ဝှက်ကျမ်းစာတွေ ရှိတယ် အဲ့ဒါတွေက ရှေးဟောင်းနတ်ဘုရား နယ်မြေတွေက ရလာတာ ဒါမှမဟုတ် အထက်ဘုံလောက က ဆင်းသက်လာတာလည်း ဖြစ်နိုင်တယ်"

ကျိမသေမျိုးဘုရင်က ဖန့်ချန်ကို ထူးဆန်းစွာ ကြည့်လိုက်သည်

"ဒါပေမဲ့ အဲ့ဒီကျမ်းစာတွေက စာသားမပါတဲ့ ကျမ်းစာတွေ ဖြစ်နေလို့ ငါတို့တောင် ဘာမှ မမြင်ရဘူးလေ"

​လီယန်ရှီးမှာ အသက်ရှူပင် မှားသွားတော့သည်။

​"မကြာခင်မှာ ငါတို့ ကျောင်းတော်မှာ ခုနစ်ယောက်မြောက် ဆရာကြီး ပေါ်လာတော့မယ်ထင်တယ်"

ကျိမသေမျိုးဘုရင်က ဖန့်ချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

​ဆရာကြီး

ကျနော်လား

​ဖန့်ချန် တစ်ယောက် ကြောင်အသွားတော့သည်။

All Chapters