အခန်း (၇၂၉-၇၃၀)
Vol. 73 Ch. 729-730
အခန်း ၇၂၉ - သွေးဝိညာဉ်ဂိုဏ်း၏ အစီအစဉ်ကြီး
လူတိုင်းသည် ထိုသစ်သားရုပ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
ကျီးလျန်သည် ငယ်စဉ်ကတည်းက တာအိုအတတ်များကို ဝါသနာပါပြီး ကိုးဆက်မြောက်ဘုရင်၏ သားဖြစ်သဖြင့် သူ၏ အာဏာကို သုံးကာ ရှေးဟောင်း တာအိုလျှို့ဝှက်ချက်များကို ရှာဖွေခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။
ယခု ထိုသစ်သားရုပ်မှာ သက်သေတစ်ခုပင် ဖြစ်သည်။
ဤသို့ ဘေးဒုက္ခကို အစားထိုးခံပေးနိုင်သော ရတနာမျိုးကို ယနေ့ခေတ်တွင် မည်သည့်နေရာ၌ တွေ့နိုင်တော့မည်နည်း။
အနည်းဆုံးတော့ သူတို့၏ အမြင်တွင် ထိုအရာမျိုးကို တစ်ခါမျှ မမြင်ဖူးသလို မကြားလည်း မကြားဖူးကြပေ။
"ကျီးလျန်... ဒါက တကယ်ကို ရတနာပဲ နောက်ထပ် အပိုရှိသေးလား ကျုပ် အဖိုးတန်တဲ့ အဖိုးအခပေးပြီး ဝယ်ချင်ပါတယ်"
ကိုင်ဝူက ရုတ်တရက် လက်အုပ်ချီကာ မေးလိုက်သည်။
လူတိုင်းက ကျီးလျန်ကို ဝိုင်းကြည့်လိုက်ကြသလို၊ ယုံအန်းအစောင့်တပ် ဓားကိုင်ဗိုလ်ချုပ် ဟုန်ရှန့်ပင် ကျီးလျန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
ပေါင်းစပ်ခြင်းအဆင့် သူတို့လည်း ဘေးဒုက္ခကို ကျော်ဖြတ်ရဦးမည် မဟုတ်ပါလား။
တကယ်လို့ ဒီလို သစ်သားရုပ်မျိုး တစ်ရုပ်ရှိရင် နောက်ထပ် အသက်တစ်ချောင်း ပိုရသလို ဖြစ်သွားမည်လေ။
ကျီးလျန်က ပြုံးလိုက်သည်။
သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း လူတိုင်းက ထိုအထဲမှ ဒေါသအရိပ်အယောင်ကို ခံစားနေရသည်
"မရှိတော့ပါဘူး ဒီအရာက ကျုပ်ဆီမှာ တစ်ခုပဲ ရှိတာ အခုလို အချိန်မှာ သုံးလိုက်ရတာ တကယ့်ကို နှမြောစရာပါပဲ"
"တကယ့်ကို နှမြောစရာပဲ"
ကိုင်ဝူက နှုတ်ခမ်းမဲ့ကာ ပြောလိုက်ပြီးနောက် သူ၏ သူငယ်ချင်းများကို လှမ်းပြောသည်
"မင်းတို့ ငါ့ကို နားနေဆောင်ဆီ ပို့ပေးဦး ငါဖြစ်နေတာက ကံဆိုးခြင်းဘေးဒုက္ခ ဆိုတော့ သတိထားမှ ဖြစ်မယ် ငါ့အမေဆီကိုလည်း သတင်းပို့လိုက်ဦးမယ်၊ ငါ့ကို ကောင်းကင်ဘုရင်ကျန့်အိမ်တော် ဆီ လာခေါ်ခိုင်းရမယ်"
"ကိုင်ဝူ... ဖြည်းဖြည်းသွားပါဦး"
ကျင့်ကြံသူ အချို့က ချက်ချင်း ထရပ်ပြီး ကိုင်ဝူကို ဂရုတစိုက် လိုက်လံ ပို့ဆောင်ပေးကြသည်။
ရွှီဖုန်းလည်း ထိုနေရာမှာ ကြာကြာမနေရဲတော့ဘဲ ဟန်လင်ချိုးနှင့် ဝမ်ရိတို့ကို သူ့ကို လိုက်ပို့ခိုင်းလိုက်တော့သည်။
"စတုတ္ထအစ်မ ကျုပ်လည်း အရင်ပြန်ပြီး ပြင်ဆင်ရဦးမယ် အခု ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ပြီဆိုတော့ မကြာခင် ဝိညာဉ်သန္ဓေသားအဆင့်ကို တက်လှမ်းရတော့မယ်"
ကျီးလျန်က စတုတ္ထမင်းသမီးကို လက်အုပ်ချီ နှုတ်ဆက်ကာ ချန်မန်နှင့် ဟုန်ရှန့်တို့ကိုလည်း နှုတ်ဆက်လိုက်ပြီးနောက် လူအုပ်ကြီး ဝန်းရံလျက် ထွက်ခွာသွားသည်။
သို့သော် ဖန့်ချန်၏ ဘေးမှ ဖြတ်သွားချိန်တွင် သူ၏ ခြေလှမ်းများ ခဏတာ တုန့်ဆိုင်းသွားပြီး ဖန့်ချန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
"နဝမမင်းသား ဘာကို ကြည့်နေတာလဲ"
ရှကျီက အံ့ဩဟန်ဖြင့် ကျီးလျန်၏ အကြည့်အတိုင်း ဖန့်ချန်ကို လိုက်ကြည့်ကာ မေးလိုက်သည်
"ဖန့်ကြီးရဲ့ မျက်နှာမှာ ပန်းတွေ ပွင့်နေလို့လား"
"ဘာမှမဟုတ်ပါဘူး ဖန့်မိတ်ဆွေနဲ့ မတွေ့တာ နှစ်အတော်ကြာပြီမို့ ရင်ထဲမှာ ခံစားချက်တစ်ခု ဖြစ်သွားရုံပါ"
ကျီးလျန်က ပြုံးလိုက်သည်။
"ကျုပ်လည်း အဲ့ဒီလိုပါပဲ ကျီးလျန်မိတ်ဆွေ ဒီနေ့ ဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တာ တွေ့ရလို့ ကျုပ်လည်း တကယ်ကို အားကျမိပါတယ်"
ဖန့်ချန်က ပြုံးလျက် ပြန်ပြောသည်။
"အားကျစရာ ဘာရှိလို့လဲ ဖန့်မိတ်ဆွေလို ပါရမီရှင်တစ်ယောက်အတွက်တော့ ဘေးဒုက္ခသုံးပါးနဲ့ ကပ်ဘေးကိုးပါးဆိုတာ ပြောပလောက်တဲ့ အတားအဆီး မဟုတ်ပါဘူး"
"ကျုပ်ကသာ ဖန့်မိတ်ဆွေကို အားကျမိတာ ဟင်လင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ဖြစ်နေသလို ယွမ်ဟယ်ဧကရာဇ် ရဲ့ မျက်နှာသာပေးမှုကို ခံရပြီး တာအိုအတတ်တွေပါ ချီးမြှင့်ခံထားရတာ မဟုတ်လား"
"ဟူး... ကျုပ် ကျီးလျန်က တာအိုအတတ်ကို ဘယ်လောက် ဝါသနာပါလဲဆိုတာ လူတိုင်းသိကြပါတယ် ဒါပေမဲ့ ယွမ်ဟယ်ဧကရာဇ်နဲ့တော့ ကံမပါခဲ့ဘူး သူက ကျုပ်ကို တစ်ခါမှ မတွေ့ဖူးခဲ့ဘူးလေ နောင်တစ်ချိန်မှာ ဖန့်မိတ်ဆွေနဲ့အတူ..."
ကျီးလျန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်
"တာအိုအကြောင်း ဆွေးနွေးခွင့်ရမယ်လို့ မျှော်လင့်ပါတယ်"
ပြောပြီးသည်နှင့် ကျီးလျန်က လှည့်ထွက်သွားတော့သည်။
ဝိုင်းပျက်တော့မည်ကို မြင်သဖြင့် ချန်မန်က စတုတ္ထမင်းသမီးကို ခဏလောက် ထပ်နေဖို့ ပြုံးလျက် ဖိတ်ခေါ်သော်လည်း၊ စတုတ္ထမင်းသမီးက ချက်ချင်း ငြင်းပယ်လိုက်သည်။
ချန်မန်၏ မျက်နှာ မည်မျှ တောင့်တင်းသွားသည်ကို ဂရုမစိုက်ဘဲ သူမက ဖန့်ချန်ဘက် လှည့်ကာ အသာအယာ ပြုံးလျက် ပြောလိုက်သည်
"ဖန့်သခင်လေး ကျွန်မနောက်ကို လိုက်ခဲ့ပါဦး"
ဟမ်
လူတိုင်း မှင်တက်သွားကြသည်။
ဒီဖန့်ချန်နဲ့ စတုတ္ထမင်းသမီးက ဘယ်လို ပတ်သက်မှု ရှိနေတာလဲ
ရှကျီလည်း ကြောင်သွားသည်
"စတုတ္ထမင်းသမီး ခေါ်တာ ဖန့်ကြီးကိုလား ကျုပ် ကို မဟုတ်ဘူးလား"
"ဘာလို့ နင့်ကို ခေါ်ရမှာလဲ နင်နဲ့ ငါနဲ့က ဘာမှ မဆိုင်သေးဘူးလေ"
စတုတ္ထမင်းသမီးက အေးအေးဆေးဆေး ပြောလိုက်ပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ခြံရံသူများနှင့်အတူ အပြင်သို့ ထွက်သွားသည်။
"ငါသွားကြည့်လိုက်ဦးမယ် ငါ့ကို ဒီချုံလိုမှာ ခဏစောင့်နေဦး"
ဖန့်ချန်က ရှကျီကို မှာကြားပြီးနောက် နောက်က လိုက်သွားသည်။
"ထူးဆန်းလိုက်တာ..."
ရှကျီကတော့ မျက်နှာကြီး ရှုံ့မဲ့လျက် ကျန်ရစ်ခဲ့သည်။
ချန်မန်က မျက်မှောင်ကြုတ်ကာ ရှကျီအနားသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး တိုးတိုးလေး မေးသည်
"မင်းနဲ့ ဒီဖန့်ချန်က ဘယ်တုန်းကတည်းက ခင်တာလဲ သူနဲ့ စတုတ္ထမင်းသမီး သိနေတာကို ငါ တစ်ခါမှ မကြားဖူးပါဘူး"
"ဒါကတော့ ပြောရရင် ဇာတ်လမ်းက ရှည်တယ် အစ်ကိုကြီး နောက်မှပဲ အေးအေးဆေးဆေး ပြောပြတော့မယ်"
ရှကျီက ရယ်မောကာ ပြောပြီးနောက် လှည့်ထွက်သွားသည်။
ချန်မန်က သူ၏ကျောပြင်ကို အေးစက်စက် ကြည့်နေပြီးမှ ဟုန်ရှန့်ဘက် လှည့်လိုက်သည်
"ဟုန်မိတ်ဆွေ ဒီည ကျုပ်အိမ်တော်ကို လာပြီး သောက်ကြမလား"
ဟုန်ရှန့်၏ မျက်လုံးများ လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်သည်
"ဒါဆိုရင်တော့ ဒီည ကျုပ် လာနှောင့်ယှက်ရတော့မှာပဲ ချန်သခင်လေး"
ထို့နောက် သူက သူ၏လက်အောက်ငယ်သားများကို ခေါ်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။
မြို့တော်ထဲတွင် ပျံသန်းခွင့်ရှိသူ အနည်းငယ်ထဲတွင် ယုံအန်းအစောင့်တပ်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
ချုံလို၏ အခြား တိတ်ဆိတ်သော အခန်းတစ်ခုတွင်၊ စတုတ္ထမင်းသမီးသည် ဖန့်ချန်ကို ခေါ်လာပြီးနောက် ဘေးလူများကို ဖယ်ခိုင်းလိုက်သည်။
"နင့်ရဲ့ ဘေးဒုက္ခသုံးပါးနဲ့ ကပ်ဘေးကိုးပါးလည်း ရောက်လာပြီပဲ"
စတုတ္ထမင်းသမီးက ဖန့်ချန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ စကားစလိုက်သည်။
သူမ စကားပြောလိုက်သည့် အသံမှာ အစောပိုင်းကနှင့် လုံးဝ ခြားနားသွားသည်။
ဖန့်ချန်၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်
"တကယ်တော့ ရှန်ကျီ စီနီယာ ဖြစ်နေတာကိုး"
စတုတ္ထမင်းသမီးက ရှန်ကျီ ဖြစ်နေလိမ့်မည်ဟု သူ အစက မထင်ထားခဲ့ပေ။
နှစ်ယောက်စလုံးက ရုပ်ရည် လုံးဝမတူသလို အရှိန်အဝါလည်း မတူကြပေ။
အခုကြည့်ရတာ သူမမှာ တစ်ဖက်လူ မရိပ်မိအောင် ရုပ်ဖျက်နိုင်တဲ့ ထူးခြားတဲ့ ကျင့်စဥ်တစ်ခု ရှိနေတာ သေချာသည်။
"ပြောပါဦး မင်းကြုံနေရတဲ့ ဘေးဒုက္ခက ဘယ်လိုမျိုးလဲ"
စတုတ္ထမင်းသမီး က အသာအယာ ရယ်မောကာ မေးလိုက်သည်။
"နားထဲမှာ ထူးဆန်းတဲ့ အသံတွေ ကြားနေရတယ်"
ဖန့်ချန်က ဖြေလိုက်သည်။
"အသံတွေလား ဒါဆို မင်းကြုံနေရတာ မိစ္ဆာဘေးဒုက္ခ ပဲ အစပိုင်းမှာတော့ အဲ့ဒီအသံတွေက အစစ်လိုလို အတုလိုလို ဖြစ်နေလိမ့်မယ် မိစ္ဆာက အစစ်အမှန် ကျမလာသေးလို့ပဲ"
"ဒါပေမဲ့ အချိန်တန်လာတဲ့အခါ မိစ္ဆာက အစစ်အမှန် ဖြစ်လာပြီး မင်းရဲ့ နားထဲက အသံတင်မကတော့ဘဲ မင်းရဲ့ သွေးသားနဲ့ ဝိညာဉ်ကိုပါ ဝါးမျိုလိမ့်မယ်"
စတုတ္ထမင်းသမီးက မျက်မှောင်ကြုတ်လိုက်သည်
"ဒါက မိုးကြိုးဘေးဒုက္ခထက်တောင် ပိုပြီး ဒုက္ခများတယ် မင်းရဲ့ ကိုယ်ပေါ်မှာ ကြီးမားတဲ့ ကံကြမ္မာ အကြောင်းတရားတွေ ပတ်သက်နေလို့သာ ဒီ မိစ္ဆာဘေးဒုက္ခ ကို ဆွဲခေါ်လာနိုင်တာ ဘယ်လို ရင်ဆိုင်ဖို့ အစီအစဉ် ရှိလဲ"
"ဒါမှမဟုတ် ယွိယွိနန်းတော်ကို သွားပြီး မူလအသီးနဲ့ နေမင်းအသီး ရှိမလား သွားကြည့်မလား"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းခါလိုက်သည်
"ဘေးဒုက္ခကျော်ဖြတ်ဖို့ ကိစ္စကို ကျုပ် စိတ်ထဲမှာ အစီအစဉ် ရှိပြီးသားပါ စီနီယာရှန်ကျီ စိတ်မပူပါနဲ့"
"စိတ်ထဲမှာ အစီအစဉ် ရှိပြီးသား ဟုတ်လား"
စတုတ္ထမင်းသမီးက ဖန့်ချန်ကို ခဏ စိုက်ကြည့်နေပြီးမှ ခေါင်းညိတ်ကာ ထပ်မမေးတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်
"မင်း အခု တောရိုင်းကျောင်းတော်ရဲ့ တပည့် ဖြစ်နေပြီလား"
"ဟုတ်ကဲ့"
ဖန့်ချန်က ခေါင်းညိတ်သည်။
သူက ကျောင်းရဲ့ တပည့်တင် မကပါဘူး၊ မကြာခင် သတ္တမမြောက် ဆရာကြီး ဖြစ်လာတော့မှာပါ။
"ငါ စုံစမ်းရရှိထားတဲ့ သဲလွန်စတွေအရ သွေးဝိညာဉ်ဂိုဏ်း ထဲက ယောင်ယန် ဝိညာဉ်အရှင်က တောရိုင်းကျောင်းတော်ရဲ့ ဆေးဖော်စပ်ရေးဌာနက တပည့် ဖြစ်နိုင်တယ်"
"ဒီကိစ္စက တော်တော် အရေးကြီးတယ် ငါ့ရဲ့ အဆင့်အတန်းနဲ့တောင် ခိုင်လုံတဲ့ သက်သေမရှိရင် ကျောင်းထဲကို ဝင်ဖမ်းဖို့ မလွယ်ဘူး"
"နင့်ကို တောင်းဆိုချင်တာက အဲ့ဒီလူကို တိတ်တဆိတ် စုံစမ်းပေးဖို့ပဲ သူဟာ ယောင်ယန်ဝိညာဉ်အရှင် ဖြစ်ကြောင်း သက်သေရတာနဲ့ ကျန်တဲ့ကိစ္စတွေကို ငါ့ကို လွှဲပေးလိုက်လို့ ရပြီ"
စတုတ္ထမင်းသမီးက ပြောလိုက်သည်။
"တောရိုင်းလို နေရာမျိုးကိုတောင် သွေးဝိညာဉ်ဂိုဏ်းက လူလွှတ်ပြီး ဝင်ခိုင်းရဲတာလား"
ဖန့်ချန်က သက်ပြင်းချလိုက်သည်
"ဆေးဖော်စပ်ရေးဌာနမှာ ကျုပ်ရယ်၊ ရှကျီရယ်၊ ပဉ္စမမင်းသမီးရယ်၊ နင်ထျဲိယူးရယ် အပါအဝင် အခုဆို တပည့် ၇၂ ယောက် ရှိတယ်"
"အဲ့ဒီထဲမှာ အလယ်ပိုင်း အဆင့် ကျင့်ကြံသူ ၂၀ ကျော် ရှိတယ် သွေးဝိညာဉ်ဂိုဏ်းရဲ့ ဝိညာဉ်သခင် ရာထူးကို အလယ်ပိုင်းအဆင့် ကျင့်ကြံသူတွေပဲ တာဝန်ယူတာ များပေမဲ့ တစ်ယောက်ယောက်က တိတ်တဆိတ် အဆင့်မြင့်အဆင့် ကို တက်သွားတာမျိုးလည်း ရှိနိုင်တယ်"
"သဲလွန်စ တိတိကျကျ မရှိရင် ကျုပ်အတွက် စုံစမ်းဖို့ ခက်လိမ့်မယ်"
"ငါ သဲလွန်စ အချို့ ပေးမယ် ယောင်ယန်ဝိညာဉ်အရှင် က ယောင်္ကျားလေးပဲ ဒါကြောင့် အမျိုးသမီး တပည့်တွေကို ဖယ်ထုတ်ထားလို့ ရတယ် သူက ကျောင်းမှာ မျက်နှာသာ မပေးခံရတဲ့သူ ဖြစ်ပြီး ကျင့်စဉ်အဆင့်က အနည်းဆုံး ဝိညာဉ်ခွဲဖြာခြင်းအဆင့် ဒါမှမဟုတ် အဲ့ဒီအထက်မှာ ရှိတယ်"
စတုတ္ထမင်းသမီးက စဉ်းစားရင်း ဆက်ပြောသည်
"အဲ့ဒီအပြင် ကျန်တာကိုတော့ နင်ကိုယ်တိုင်ပဲ စုံစမ်းရလိမ့်မယ် ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် အချို့ဆီက ရတဲ့ သတင်းအရ မကြာခင်မှာ သွေးဝိညာဉ်ဂိုဏ်းက အစီအစဉ်ကြီး တစ်ခု လုပ်ဖို့ ရှိနေတယ်"
"အဲ့ဒီမှာ ယောင်ယန်ဝိညာဉ်အရှင်က အဓိက အခန်းကဏ္ဍက ပါဝင်နေတာ သူ့ကို ရှာတွေ့နိုင်မှ သွေးဝိညာဉ်ဂိုဏ်းရဲ့ ပရိယာယ်ကို ဖျက်ဆီးနိုင်မှာ"
"အစီအစဉ်ကြီး ဟုတ်လား အဲ့ဒါက ဘာမျိုးလဲဆိုတာ သိရမလား"
ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားတော့သည်။
အခန်း ၇၃၀ - စစ်မှန်သော သိုင်းသမား
စတုတ္ထမင်းသမီး၏ မျက်ဝန်းထဲတွင် အေးစက်သော လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်
"သွေးဝိညာဉ်ဂိုဏ်းက မသေမျိုး တစ်ပါးက မသေမျိုးဘုရင် အဆင့်ကို တက်လှမ်းဖို့ ကြံစည်နေတယ်"
"အဲ့ဒီအတွက် လိုအပ်တဲ့ သွေးဝိညာဉ်ဆေး ရဲ့ အရည်အသွေးက အမြင့်ဆုံး ဖြစ်နေရမယ် အဲ့ဒီလို ဆေးမျိုးကို ဖော်စပ်နိုင်တဲ့ ဆေးဆရာတွေက ဆယ်ယောက်မှာ ခုနစ်ယောက်၊ ရှစ်ယောက်လောက်က တောရိုင်းကျောင်းတော်ထဲမှာပဲ ရှိတာ"
"ယောင်ယန်ဝိညာဉ်အရှင်ကသာ တောရိုင်းကျောင်းတော် ဆေးဖော်စပ်ရေးဌာနက တပည့်ဆိုရင် သူဟာ ဒီကိစ္စအတွက် အဓိက သော့ချက်လူသား ဖြစ်လာလိမ့်မယ်"
"ဒါဆိုရင် ယောင်ယန်ဝိညာဉ်အရှင်ကိုသာ ရှာတွေ့ရင် သွေးဝိညာဉ်ဂိုဏ်းမှာ မသေမျိုးဘုရင်တစ်ပါး တိုးလာမယ့်ကိစ္စကို တားဆီးနိုင်မယ်ပေါ့"
ဖန့်ချန် စဉ်းစားလိုက်သည်။ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ။
"အဲ့ဒီလို ပြောလို့ရပေမဲ့ တစ်ဖက်လူ မသေမျိုးဘုရင်ဖြစ်မယ့် အချိန်ကို ဆွဲဆန့်လိုက်ရုံပဲ ရှိမှာပါ"
စတုတ္ထမင်းသမီးက အေးဆေးစွာ ပြောသည်
"တကယ်လို့ ငါတို့သာ အဲ့ဒီ မသေမျိုး ကိုပါ ရှာတွေ့ရင်တော့ သူ့ကို တိတ်တဆိတ် သတ်ပစ်ပြီး သွေးဝိညာဉ်ဂိုဏ်းရဲ့ လက်ရုံးတစ်ဖက်ကို ဖြတ်ပစ်နိုင်လိမ့်မယ်"
"ကောင်းပါပြီ ကျုပ် ကျောင်းတော်ကို ပြန်ရောက်ရင် ဒီကိစ္စကို တိတ်တဆိတ် စုံစမ်းကြည့်ပါ့မယ် ဒါပေမဲ့ ရလဒ် ထွက်မထွက်တော့ ကျုပ် အာမမခံနိုင်ဘူး"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။
တောရိုင်းကျောင်းတော်လို နေရာမျိုးမှာ မသေမျိုးဘုရင် ၆ ပါးနဲ့ မသေမျိုး ၂၂ပါး ရှိတာ။
အရင်က သူ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကနေ ထွက်ခွာချိန်မှာ စီနီယာအစ်ကိုချင်းမုက မြင်သွားခဲ့တာကို ကြည့်ရင်၊ သူ့ရဲ့ ဝိညာဉ်ဟာ မသေမျိုးတွေရှေ့မှာ ပုန်းလို့မရဘူးဆိုတာ သိသာနေသည်။
တကယ်လို့ ဒီစွမ်းအားကို သုံးလို့မရရင် စုံစမ်းရတာ တော်တော် ဒုက္ခများလိမ့်မည်။
ဒါပေမဲ့ ကံကောင်းတာက...
သူဟာ မကြာခင် တောရိုင်းကျောင်းတော်ရဲ့ သတ္တမမြောက် ဆရာကြီး ဖြစ်လာတော့မှာမို့လို့ ဒီအဆင့်အတန်းနဲ့ဆိုရင်တော့ စုံစမ်းရတာ နည်းနည်း ပိုလွယ်ကူသွားနိုင်သည်။
"ဘာမှမဖြစ်ဘူး မင်းတစ်ယောက်တည်း စုံစမ်းနေတာ မဟုတ်ပါဘူး တခြား လုပ်ဖော်ကိုင်ဖက်တွေလည်း စုံစမ်းနေကြတာပဲ"
စတုတ္ထမင်းသမီး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။
မထွက်ခွာမီ သူမက ရုတ်တရက် မေးလိုက်သည်
"ရှကျီက သူ့ရဲ့ စီနီယာအစ်မကို ကြိုက်နေတာ မဟုတ်လား"
ဖန့်ချန်က ဘာခံစားချက်မှ မရှိသော မျက်နှာဖြင့် ခေါင်းခါလိုက်သည်
"ကျုပ် မသိဘူး"
ညီအစ်ကိုချင်း သစ္စာဖောက်မည့်အလုပ်ကို သူ လုံးဝ မလုပ်ပေ။
"ဟင်း နင် မသိဘဲ နေမလား ငါ့ကိုယ်စား သူ့ကို တစ်ခု ပြောပေးလိုက်ပါ ငါနဲ့သူက တာအိုအဖော် ဖြစ်လာဖို့ လုံးဝ မဖြစ်နိုင်ဘူး"
"ဒါပေမဲ့ တချို့လူတွေ ပါးစပ်ပိတ်သွားအောင်လို့ ပြဇာတ်တစ်ပုဒ်တော့ အတူကပြလို့ ရတယ် သူ့ကို ကောင်းကောင်း ပူးပေါင်းခိုင်းလိုက်ပါ ပြီးတော့ ငါက သူ့ကို လုံးဝ သဘောကျမှာ မဟုတ်ဘူးဆိုတာလည်း ပြောပြလိုက်ဦး"
စတုတ္ထမင်းသမီးက အသာအယာ ရယ်လိုက်သည်
"ငါနဲ့ အတူရှိနိုင်မယ့်သူက အနည်းဆုံးတော့ နင့်ရဲ့ ဘိုးဘေး ဖန့်ထန့်ယွမ် လို ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ် ရှကျီကတော့ အဲ့ဒီအဆင့်ရောက်ဖို့ အများကြီး လိုသေးတယ်"
သူမက ပြောပြီးသည်နှင့် လေလို လွင့်ပျံကာ ထွက်ခွာသွားတော့သည်။
ဖန့်ချန် မျက်မှောင်ကြုတ်သွားသည်။
ဒီပတ်သက်မှုတွေက... ရှုပ်ထွေးလွန်းလှသည်။
စတုတ္ထမင်းသမီးက အနှစ်တော်တော်များများ အသက်ရှင်ခဲ့ပုံရပြီး အသက်အရွယ်က သူ့ထက်ရော ရှကျီထက်ရော အများကြီး ကြီးပုံရသည်။
သူမ ပြောတဲ့စကားအရ ဆိုရင် သူ့ဘိုးဘေး ဖန့်ထန့်ယွမ်နဲ့ သူမရဲ့ ပတ်သက်မှုကလည်း သာမန်တော့ မဟုတ်တာ သေချာသည်။
အခုတော့ သူ့ညီအစ်ကို ရှကျီက သူ့ဘိုးဘေးရဲ့ မိန်းမဟောင်း ဖြစ်နိုင်တဲ့ အမျိုးသမီးနဲ့ လက်ထပ်ရတော့မလို ဖြစ်နေပြီ။
"ရှုပ်လိုက်တာ တကယ်ကို ရှုပ်တာပဲ"
ဖန့်ချန် ခေါင်းခါရင်း ထိုတိတ်ဆိတ်သော အခန်းထဲမှ ထွက်လာခဲ့သည်။
"ဖန့်ဓားဦးဆောင်သူ ဒီဘက်ကို ကြွပါ"
ကော်ရှောက်က တိတ်တဆိတ် ရောက်လာပြီး တိုးတိုးလေး လမ်းညွှန်ပေးသည်။
ဖန့်ချန်က ခေါင်းညိတ်ပြပြီး ကော်ရှောက်နောက်ကနေ အခြား အခန်းတစ်ခုထဲသို့ ဝင်သွားရာ၊ ထိုနေရာတွင် ရှကျီနှင့် ရှိန်းကျင်ထော် တို့ ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
"ဖန့်ဓားဦးဆောင်သူ အခုနက ကျုပ်ရဲ့ ရိုင်းစိုင်းမှုတွေအတွက် ခွင့်လွှတ်ပေးပါဦး"
ရှိန်းကျင်ထော်က ထရပ်ကာ လက်အုပ်ချီ နှုတ်ဆက်သည်။
"ရှိန်းမိတ်ဆွေကလည်း နောက်နေပြန်ပြီ ရှကျီက ဒီကိစ္စကို ကျုပ်ကို အကုန်ပြောပြထားပြီးသားပါ"
ဖန့်ချန်ကလည်း ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်သည်။
"ကျင်ထော် ငါ မင်းကို ပြောသားပဲ ဖန့်ကြီးက ဒီလိုကိစ္စတွေကို စိတ်ထဲထားမယ့်သူ မဟုတ်ပါဘူး ဒါ့အပြင် မင်းက ငါတို့ကို အများကြီး ကူညီပေးခဲ့တာပဲ"
ရှကျီက ရယ်မောကာ ပြောလိုက်သည်။
ရှိန်းကျင်းထော်၏ မျက်ဝန်းထဲတွင် စူးစမ်းလိုစိတ်များ ပေါ်လာသည်။
ရှကျီနှင့် ဟင်လင်ပြင်ထာဝရဓားဂိုဏ်းက ဓားဦးဆောင်သူတို့ကြားက ပတ်သက်မှုက ဘာကြောင့် ဒီလောက်အထိ ရင်းနှီးနေရတာလဲဆိုတာ သူ သိပ်နားမလည်ပေ။
သူမှတ်မိသလောက်ဆိုရင် နတ်ဘုရားနန်းတော် တိုက်ပွဲတုန်းက ဒီဓားဦးဆောင်သူကို လူတွေက ရူးသွပ်ဘုရင် လို့တောင် လျှို့ဝှက် ခေါ်ဝေါ်ခဲ့ကြတာ။
ရှေးဟောင်းမြေရိုင်း ကို ရောက်တော့လည်း သူ့ရဲ့ သတ်ဖြတ်လိုစိတ်က ကြောက်စရာကောင်းလောက်အောင် ကြီးမားခဲ့ပြီး၊ မဟာချဲ့ထွင်းဂိုဏ်းရဲ့ မျက်နှာကိုတောင် မထောက်ဘဲ အဆင့်မြင့်ကျင့်ကြံသူ ဒါဇင်နဲ့ချီပြီး သတ်ဖြတ်ခဲ့တာ မဟုတ်လား။
ဒီဓားဦးဆောင်သူဟာ ဆက်ဆံရခက်တဲ့သူလို့ သူ ထင်ထားခဲ့တာ။
ရှကျီကတစ်ဆင့် အခုလို ခင်မင်ခွင့်ရလိမ့်မယ်လို့ မထင်ထားသလို၊ သူတို့ကြားက ဆက်ဆံရေးကိုလည်း ပိုပြီး စိတ်ဝင်စားသွားမိသည်။
"ဖန့်ကြီး အခု နေလို့ ဘယ်လိုနေလဲ ဟိုကောင် သုံးယောက်စလုံးဆီ ဘေးဒုက္ခတွေ ရောက်လာတာကို ငါမြင်လိုက်တယ် မင်းဆီမှာကျ ဘာလို့ ဘာသံမှ မကြားရတာလဲ"
ရှကျီက စိတ်ဝင်တစား မေးသည်။
"သံတော့ ကြားရတယ် ဒါပေမဲ့ မသိသာဘူး ဘာမှတော့ မဖြစ်ပါဘူး"
ဖန့်ချန်က ပြုံးလျက် ဖြေပြီးနောက် ရှိန်းကျင်ထော်ဘက် လှည့်လိုက်သည်
"ကျင်ထော်မိတ်ဆွေ မင်းရဲ့ သိုင်းပညာအပေါ် ထားတဲ့ စိတ်ဓာတ်ကို ကျုပ် တကယ်ကို လေးစားမိတယ် အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျုပ်ကို နည်းနည်းလောက် လမ်းညွှန်ပေးလို့ ရမလား"
"ရှကျီ ပြောတာတော့ ဖန့်ဓားဦးဆောင်သူက တစ်ချိန်က သိုင်းပညာကို အလွန်ဝါသနာပါခဲ့တယ်ဆိုတာ အမှန်ပဲပေါ့ အခုနက ဖန့်ဓားဦးဆောင်သူနဲ့ လက်ရည်စမ်းကြည့်တော့လည်း ဒီသိုင်းပညာမှာ မင်း တော်တော်လေး အားစိုက်ထားတာကို မြင်နိုင်ပါတယ်"
"လမ်းညွှန်ပေးတယ်လို့တော့ မပြောပါနဲ့ ကျုပ်က ကံကောင်းလို့ ရှေးဟောင်းနတ်ဘုရားလမ်းစဉ်မှာ အခွင့်အရေးတစ်ခု ရခဲ့တာပါ အဲ့ဒါက သိုင်းပညာနဲ့ ပတ်သက်နေတာ"
ရှိန်းကျင်ထော်က ပြုံးလျက် ဆက်ပြောသည်
"လောကလူသားတွေ သိထားတာက သိုင်းသမားတွေဟာ သိုင်းဧကရာဇ်အဆင့် ရောက်ရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကို တက်ဖို့ မဖြစ်နိုင်တော့ဘူး တကယ်လို့ တက်နိုင်ခဲ့ရင်တောင် အဲ့ဒါက မသေမျိုးလမ်းစဉ်ရဲ့ လမ်းဟောင်းအတိုင်း သွားနေတဲ့ ခန္ဓာကိုယ်ကျင့်ကြံသူ တွေလိုပဲ ဖြစ်သွားမှာ"
"ဟုတ်တယ် အဲ့ဒီအတိုင်းပဲ"
ဖန့်ချန်နှင့် ရှကျီက တစ်ပြိုင်တည်း ခေါင်းညိတ်ကြသည်။
"ဒါပေမဲ့ ကျုပ်သာ ပြောပြရင်ရော သိုင်းဧကရာဇ်အဆင့် နောက်ကွယ်မှာ သိုင်းသမားတွေအတွက် သွားနိုင်တဲ့ နောက်ထပ် လမ်းစဉ်တစ်ခု ရှိသေးတယ်ဆိုရင်ရော"
" အဲ့ဒီအဆင့်ကိုသာ ကျော်ဖြတ်နိုင်ရင် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူကိုတောင် ကြောက်စရာ မလိုတော့ဘူးဆိုရင် မင်းတို့ နှစ်ယောက် ယုံကြမလား"
ရှိန်းကျင်ထော်က သူတို့နှစ်ယောက်ရဲ့ မျက်နှာကို စိုက်ကြည့်နေသည်။
သူတို့နှစ်ယောက်ဟာ တခြားလူတွေလို လှောင်ပြောင်တာမျိုး မလုပ်ဘဲ အလေးအနက် စဉ်းစားနေတာကို မြင်တော့ သူ စိတ်ထဲမှာ နည်းနည်း ကျေနပ်သွားသည်။
"ကျင်ထော် စကားကို ဝှေ့ဝိုက်မနေနဲ့တော့ တိုက်ရိုက်ပဲ ပြောပါတော့"
ရှကျီက စိတ်မရှည်သလို ပြောလိုက်သည်။
"ကျုပ် ပြောမပြတတ်ဘူး အခုချိန်မှာတော့ ကျုပ်က ဒီလိုလမ်းမျိုး ရှိတယ်ဆိုတာကိုပဲ သိသေးတာ ကြိုးစားလည်း ကြိုးစားနေဆဲပဲ"
" ဖြစ်နိုင်တာကတော့ ကျုပ်ဟာ နောက်ပိုင်းမှာ မအောင်မြင်နိုင်တဲ့ လမ်းတစ်ခုအတွက် အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်လိုက်ရပြီး ဝိညာဉ်သန္ဓေသားအဆင့်ကို ဘယ်တော့မှ တက်နိုင်မှာ မဟုတ်တာမျိုး ဖြစ်သွားနိုင်သလို ဒါမှမဟုတ်လည်း ကျုပ် ဒီလမ်းကို ဖောက်ထွက်နိုင်သွားတာမျိုးလည်း ဖြစ်နိုင်တယ်"
ရှိန်းကျင်ထော်၏ မျက်နှာတွင် ရိုးသားသော အပြုံးတစ်ခု ပေါ်လာသည်
"ကျုပ်ကတော့ ဆုံးဖြတ်ချက် ချပြီးပြီ ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ ကျုပ် လုံးဝ နောင်တရမှာ မဟုတ်ဘူး"
ရှကျီ၏ မျက်နှာမှာ လေးနက်သွားပြီး ရှိန်းကျင်ထော်ကို ကြည့်ကာ
"နှစ်လမ်းစလုံးကို ပြိုင်တူ သွားလို့ မရဘူးလား အဲ့ဒီလမ်းက မအောင်မြင်ရင် မင်းရဲ့ ကျင့်စဉ်အဆင့်ကို ဆက်မြှင့်လို့ ရသေးတာပဲ"
"ရွှေအမြုတေအဆင့်ရဲ့ သက်တမ်းက အကြာကြီး မဟုတ်ဘူးလေ အချိန်တွေ အများကြီး ဖြုန်းလိုက်ရင် နောက်ကျ ဝိညာဉ်သန္ဓေသားအဆင့်ကို ဘယ်လို တက်မလဲ"
"မရဘူး"
ရှိန်းကျင်ထော်၏ မျက်ဝန်းထဲတွင် အလင်းရောင်များ တောက်ပနေသည်
"ဒီလမ်းကိုသာ မဖောက်ထွက်နိုင်ရင် သေသွားရလည်း ဘာအရေးလဲ"
ဖန့်ချန် ရုတ်တရက် နားလည်သွားသည်။
ရှိန်းကျင်ထော်ဟာ သူ့ရဲ့ ပန်းတိုင်ကို ရှာတွေ့သွားပြီ။
သိုင်းပညာဟာ သူ့ရဲ့ ဘဝတစ်ခုလုံးပဲ။
ဒါဟာ တကယ့်ကို စစ်မှန်တဲ့ ကျင့်ကြံသူ ဒါမှမဟုတ် စစ်မှန်တဲ့ သိုင်းသမား တစ်ဦးပဲ။
ကျင့်ကြံသူဆိုတာက သူ့ရဲ့ သိုင်းသမားဘဝအပေါ်မှာ ဖုံးအုပ်ထားတဲ့ အလွှာတစ်ခုသာ ဖြစ်သည်။
"မိတ်ဆွေတို့ ကျုပ် မြို့တော်ကနေ ထွက်သွားတော့မယ် နောက်တစ်ခါ ဘယ်တော့ ပြန်တွေ့မလဲဆိုတာ မသိဘူး"
"တကယ်လို့ နောင်တစ်ချိန်မှာ မင်းတို့ အောင်မြင်မှုတွေ ရလာပြီး ကျုပ်သာ မရှိတော့ရင် ဟွာကျစ်ကျိုက်ဂိုဏ်း ကို နည်းနည်းလောက် စောင့်ရှောက်ပေးဖို့ အကူအညီတောင်းချင်ပါတယ်"
"ကျုပ်ကတော့ ကျုပ်ရဲ့ လူကြီးတွေကို တော်တော်လေး စိတ်ပျက်အောင် လုပ်မိတော့မှာပဲ"
ရှိန်းကျင်ထော်က ထရပ်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးရင်း အခန်းထဲမှ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားသည်။
"ဒီကောင်ကတော့..."
ရှကျီ သက်ပြင်းချလိုက်သည်
"တစ်ခါတလေကျရင် သူ့ကို တကယ် အားကျမိတယ် စိတ်ထဲမှာ သိုင်းပညာကလွဲရင် တခြား ဘာအာရုံမှ မရှိဘူး"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်သည်
"လောကမှာ ကျင့်ကြံသူတွေက သိုင်းပညာကို စိတ်မဝင်စားကြတော့ဘူးလို့ ထင်ထားတာ ရှိန်းမိတ်ဆွေလို လူမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး ဒီကိစ္စမှာတော့ ကျုပ် သူ့ကို မမှီဘူး"
"တကယ်လို့ နောင်တစ်ချိန်မှာ သူသာ ဒီလမ်းသစ်ကို ဖောက်ထွက်နိုင်သွားရင် ဒီလောကရဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာ သေချာတယ်"
"အဲ့ဒီအချိန်ကျရင် သူ့ရဲ့ ခြေထောက်ကို ဖက်ထားလို့ ရတာပေါ့ ကောင်းလိုက်လေခြင်း"
ရှကျီက နောင်အနာဂတ်ကို စိတ်ကူးယဉ်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။
ဖန့်ချန်လည်း ရယ်လိုက်ပြီး
"ဒါနဲ့ စတုတ္ထမင်းသမီးရဲ့ ခြေထောက်ကိုကျ ဘာလို့ မဖက်တာလဲ"
"သူ့ကိုလား"
ရှကျီက မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ အခန်းတံခါးကို အဆက်မပြတ် ခေါက်သံ ကြားလိုက်ရသည်။
သူ တံခါးကို ဖွင့်လိုက်တော့ ကော်ရှောက်က အလွန် စိုးရိမ်နေသော မျက်နှာဖြင့် တိုးတိုးလေး ပြောလိုက်သည်
"သခင်လေး အိမ်တော်က သတင်းပို့လာတယ် ရုန့်ချို မိန်းကလေး တစ်ခုခု ဖြစ်ပြီတဲ့"
"ဘာဖြစ်တာလဲ"
ရှကျီ ခဏ မှင်တက်သွားပြီးနောက် သူ၏ မျက်နှာတွင် အလွန် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
ဖန့်ချန်ကတော့ ဒီအပြုံးကို ကောင်းကောင်း သိသည်။
ရှကျီ ဒီလိုမျိုး ပြုံးပြီဆိုရင် တစ်ယောက်ယောက်ကတော့ သေဖို့ သေချာနေပြီ ဖြစ်သည်။