အခန်း (၇၃၇-၇၃၈)
Vol. 74 Ch. 737-738
အခန်း ၇၃၇ - အိမ်တိုင်းက မီးရောင်တွေဟာ ငါ့ရဲ့ ဟိုဘက်ကမ်းပဲ
ဖုန်းယာသည် တစ်ကိုယ်လုံး တုန်ရီနေသည့်တိုင်အောင် ဒေါသထွက်နေသည်။
သူသည် ကျန်းအိမ်တော်ထိန်း၏ အလောင်းမှ အကြည့်လွှဲကာ ချန်မန်ကို ကြည့်လိုက်သည်
"အစ်ကိုကြီး ရှကျီကတော့ တကယ့်ကို သူပုန်စိတ်ဝင်နေပြီ သူ့ကို သေချာပေါက် အပြစ်ပေးရမယ်"
ချန်မန်က မျက်နှာသေဖြင့်ပင် ရှကျီတို့ နှစ်ဦး ထွက်ခွာသွားရာ နောက်ကျောကို စိုက်ကြည့်နေသည်။
"ငါတို့က ညီအစ်ကိုတွေပဲ တကယ်လို့ အပြစ်ပေးမယ်ဆိုရင်တောင် ဒါက မင်းနဲ့ငါ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး ခမည်းတော်ဆီ အရင်တင်ပြတာပေါ့"
ချန်မန်က အေးဆေးစွာ ပြောလိုက်သည်။
ထို့နောက် သူသည် လူလွှတ်၍ ကျန်းအိမ်တော်ထိန်း၏ အလောင်းကို သိမ်းခိုင်းကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
သူတို့ ထွက်သွားပြီးနောက် စံအိမ်တော်ရှိ အစောင့်များသည် ရွှီချင်းဆုန်း မပြန်သေးသည်ကို တွေ့ရာ ကော်ရှောက်က ရှေ့သို့တက်၍ လက်အုပ်ချီလိုက်သည်
"သခင်လေး... ကျွန်တော်တို့ သခင်လေးက အခု လောလောဆယ် ဧည့်သည်လက်ခံဖို့ မအားသေးဘူး ဒါကြောင့်..."
"အော်... ရပါတယ်"
ရွှီချင်းဆုန်းက ပြုံးလိုက်ပြီး ကော်ရှောက်ကို အပေါ်အောက် အကဲခတ်ကာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပစ်ပေးလိုက်သည်။
ဂတ်ရှောင် ကြောင်သွားသည်
"ဒါက ဘာအတွက်လဲ"
"တကယ်လို့ ဖန့်ဓားဦးဆောင်သူဘက်က ထူးခြားတာရှိရင် ငါ့ကို လူလွှတ်ပြီး အကြောင်းကြားပေးစေချင်တယ် ငါက ဒီနားက ချုံလို မှာပဲ တည်းနေတာပါ"
ရွှီချင်းဆုန်းက ပြုံးလျက် ပြောသည်။
ကော်ရှောက်က ခဏစဉ်းစားပြီးနောက် ဝိညာဉ်ကျောက်တုံးကို သိမ်းကာ ပြုံးပြလိုက်သည်
"စိတ်ချပါ သခင်လေး... သတင်းတစ်ခုခုရှိရင် ကျွန်တော် လူလွှတ်ပြီး အကြောင်းကြားပေးပါ့မယ်"
ရွှီချင်းဆုန်းက ခေါင်းညိတ်ပြကာ ထွက်ခွာသွားတော့သည်။
"ကော်ရှောက် အဲ့ဒီလူက မဟာချဲ့ထွင်းဂိုဏ်းကပဲ ဖန့်ဓားဦးဆောင်သူနဲ့ အဲ့ဒီ ဂိုဏ်းက အဆင်မပြေဘူးလေ မင်း ဒီကျောက်တုံးကို ယူလိုက်တာ လက်ပူနေမှာ မကြောက်ဘူးလား"
အစောင့်တစ်ဦးက ရှေ့တက်၍ ပြောသည်။
ကော်ရှောက်က ရယ်မောလိုက်ပြီး
"ဘာလက်ပူစရာ ရှိလဲ အလကားရတဲ့ ကျောက်တုံးပဲ ယူထားရမှာပေါ့ သူက ငါ့ကို သတင်းပေးခိုင်းချင်တာလား အိပ်မက်မက်နေတာပဲ"
"မင်း သူ့ရဲ့ လက်စားချေမှုကို မကြောက်ဘူးလား သူက မဟာချဲ့ထွင်းဂိုဏ်းက ကျင့်ကြံသူလေ..."
"ငါတို့က နဂါးစားဘုရင်အိမ်တော်ရဲ့ စစ်သည်တွေပဲသူ့ကို ကြောက်နေရမှာလား"
"အဲ့ဒါလည်း ဟုတ်တာပဲ..."
ရှကျီသည် အခန်းကျဉ်းလေး၏ တံခါးရှေ့တွင် ရပ်နေရင်း စိုးရိမ်တကြီး ဖြစ်နေသည်။
ရုန့်ချိုက တိုးတိုးလေး နှစ်သိမ့်လိုက်သည်
"မောင်လေး... ဖန့်သခင်လေးက ကံကောင်းတဲ့သူပါ အရင်က မဟာချန်းပြည်နယ်မှာ ရှင်သန်ခဲ့တာပဲ ဒီလောက် မိစ္ဆာဘေးလေးကတော့ သူ့အတွက် ဘာမှမဟုတ်ပါဘူး"
"ဒါကတော့ ဒါပေါ့ ဒါပေမဲ့ ငါ နည်းနည်းတော့ ကြောက်မိတယ် အစ်မ ဒီမှာ စောင့်ပေးပါ ငါ လူတချို့ဆီ သွားပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ သွားချေးဦးမယ် ပြီးရင် ယွိယွီနန်းတော်မှာ သွားပြီး မူလအသီး ဝယ်လို့ရမလား သွားကြည့်မလို့"
ရှကျီက ပြောသည်။
ရုန့်ချို၏ မျက်လုံးများ လှုပ်ရှားသွားသည်
"မောင်လေး ကြားဖူးတာတော့ ရှေးဟောင်းမိစ္ဆာနယ်မြေမှာတုန်းက ဖန့်သခင်လေးနဲ့ သစ်စိမ်းဂိုဏ်းက ဘိုးဘေးဟာ ညီအစ်ကိုတွေလို့ ပြောကြတယ် သူတို့နှစ်ယောက်လုံးက စီနီယာ ယွမ်ဟယ် ရဲ့ လမ်းညွှန်မှုကို ခံခဲ့ရတာလေ တကယ်လို့ မူလအသီး လိုချင်ရင် သစ်စိမ်းဂိုဏ်းဘက်က..."
"မမှီတော့ဘူး သစ်စိမ်းဂိုဏ်းက မြို့တော်နဲ့ သိပ်ဝေးတယ် အသွားအပြန်ဆိုရင် အနည်းဆုံး လအတော်ကြာလိမ့်မယ်"
ရှကျီက ခေါင်းခါလိုက်သည်
"ကံကောင်းတာက ငါ့မှာဆက်ဆံရေးကောင်း ရှိနေတော့ သူငယ်ချင်းတချို့ဆီကနေ ဝိညာဉ်ကျောက်တုံးတွေ စုပြီး ချေးမယ်ဆိုရင် ပြဿနာ သိပ်မရှိလောက်ပါဘူး"
ရုန့်ချိုကို သေချာမှာကြားပြီးနောက် ကော်ရှောက်နှင့် အစောင့်တစ်ဒါဇင်ခန့်ကို တံခါးရှေ့တွင် စောင့်ခိုင်းကာ ရှကျီသည် စံအိမ်တော်မှ အပြေးအလွှား ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
တာအိုသုံးထောင်နယ်မြေ အတွင်း၌။
ဖန့်ချန်သည် မြေပြင်ပေါ်တွင် ထိုင်နေပြီး အဖြူအမည်း စက္ကူရုပ်နှစ်ရုပ်မှာ သူ၏ နောက်ကျော နှစ်ဖက်တွင် ရပ်နေကြသည်။
သူတို့၏ ထူးဆန်းသော မျက်လုံးများထဲတွင် စိုးရိမ်မှုများ အရိပ်အယောင် ပေါ်နေသည်။
ဖန့်ချန်၏ ကိုယ်ပေါ်ရှိ မြူခိုးမည်းများမှာ ပို၍ ထူထပ်လာပြီး၊ အငွေ့အသက်မှာလည်း ပို၍ မိစ္ဆာဆန်လာသည်။
ထိုအတိုင်းသာ ဆက်သွားပါက ရလဒ်တစ်ခုတည်းသာ ရှိသည် မိစ္ဆာ ဖြစ်သွားရန်ပင်။
"အရှင့်ရဲ့ အခြေအနေက မကောင်းဘူးပဲ သူ ဘာလို့ အရေခွံဆုပ်ခွာခြင်းအတတ် ကို သုံးပြီး ကံတရားအကျိုးဆက် တွေကို ဖယ်ရှားပြီး မိစ္ဆာဘေးကို မဖြေရှင်းတာလဲ"
စက္ကူရုပ်အမည်းက စဉ်းစားနေမိသည်။
စက္ကူရုပ်အဖြူက ခဏ ငြိမ်နေပြီးမှ တိုးတိုးလေး ပြောသည်
"အရေခွံဆုပ်ခွာခြင်းအတတ်က သုံးရတာ ကောင်းတာတော့ မှန်ပါတယ် ဒါပေမဲ့ ကိုယ့်အစွမ်းနဲ့ကိုယ် ဒီဘေးဒုက္ခကို ကျော်ဖြတ်နိုင်ရင်တော့ သိသိသာသာ တိုးတက်မှု မရှိရင်တောင် တာအိုစိတ်ဓာတ် အတွက်တော့ တကယ့် လေ့ကျင့်မှုပဲ မိစ္ဆာဘေးဆိုတာ စိတ်ဓာတ်ကို အဓိက စမ်းသပ်တာလေ"
"တကယ်လို့ မကျော်ဖြတ်နိုင်ရင်ရော"
စက္ကူရုပ်အမည်းက ခေါင်းကို အသာစောင်းကာ မေးသည်။
"ဒါဆိုရင် ငါတို့ ရှိနေတာပဲလေ၊ ငါတို့လည်း အရေခွံဆုပ်ခွာခြင်းအတတ်ကို သုံးနိုင်တာပဲ"
စက္ကူရုပ်အဖြူက ခပ်ပြုံးပြုံး ပြောလိုက်သည်။
မဲမှောင်နေသော ပင်လယ်ပြင်သည် လှိုင်းတံပိုးများ ထန်နေသည်။
ဖန့်ချန်က ငုံ့ကြည့်လိုက်ရာ ပင်လယ်ရေမှာ ဒူးဆစ်အထိ မြုပ်နေသည်ကို တွေ့ရသည်။
သူသည် ယခုအခါ အဆုံးအစမရှိသော ဒုက္ခပင်လယ် ထဲတွင် ရပ်နေခြင်း ဖြစ်သည်။
နောက်ဆုံးအကြိမ် ထိုနေရာသို့ ရောက်ခဲ့သည်မှာ မဟာချန်းပြည်နယ်ရှိ စွမ်းအားမြင့်ဗလာကျောင်း တွင် ဖြစ်သည်။
သူက ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာမှာ အဆုံးမရှိသလိုပင်။
မဲမှောင်နေသော ပင်လယ်ရေနှင့် သူမှလွဲ၍ အခြား ဘာမှမရှိပေ။
"မင်းရဲ့ ပါရမီက မဆိုးဘူးပဲ မိစ္ဆာသခင် က မင်းကို သဘောကျနေတယ် မိစ္ဆာဖြစ်လိုက်ရင် ဘယ်လိုလဲ"
မလှမ်းမကမ်းရှိ ပင်လယ်ရေများမှာ ဝုန်းဒိုင်းကြဲ လှုပ်ရှားလာပြီးနောက်၊ လူတစ်ရပ်ခန့်ရှိသော လူပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာကာ ဖန့်ချန်ကို စိုက်ကြည့်နေသည်။
"ဒါက ငါ့ရဲ့ ဒုက္ခပင်လယ်ပဲ မင်းက ဒီကို ဘယ်လို ရောက်လာတာလဲ"
ဖန့်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မိစ္ဆာဆိုတာ အသွင်အပြင် မရှိဘူး စိတ်အလိုကျ သွားလာနိုင်တာပဲ ဘယ်နေရာကို မသွားနိုင်ဘဲ ရှိမှာလဲ"
တစ်ဖက်လူက ပြုံးလျက် ဖြေသည်။
ဖန့်ချန်က တစ်ဖက်လူကို သေချာ အကဲခတ်ပြီးနောက် ရုတ်တရက် မေးလိုက်သည်
"မင်း အခုနက ပြောတဲ့ မိစ္ဆာသခင် ဆိုတာက ဘယ်သူလဲ အော် ဒါက ငါ့စိတ်ထဲက စိတ်ကူးယဉ်မှုသက်သက် ဖြစ်မှာပါ မင်းကလည်း ငါ့စိတ်ကူးယဉ်မှုရဲ့ အစိတ်အပိုင်း တစ်ခုပဲပေါ့ ဒါက စိတ်မိစ္ဆာ ဆိုတာလား"
"စိတ်ကူးယဉ်မှု ဒါက လူသားတွေ မိစ္ဆာအပေါ် ထားတဲ့ အမြင်လား ရယ်စရာကောင်းလိုက်တာ"
တစ်ဖက်လူက လှောင်ပြုံး ပြုံးလိုက်ပြီး
"မင်း ငါ့ကို မဖြေရသေးဘူး မိစ္ဆာဖြစ်ဖို့ သဘောတူလား တကယ်လို့ မင်း မိစ္ဆာဖြစ်လိုက်ရင် ဒီဒုက္ခပင်လယ်ဟာ ဟိန်းဟောက်နေတဲ့ မိစ္ဆာပင်လယ် ဖြစ်သွားမယ် အဆုံးမရှိတဲ့ မိစ္ဆာစွမ်းအင်တွေကို မင်း သုံးနိုင်လိမ့်မယ် မင်းရဲ့ နောင်တစ်ချိန် လမ်းခရီးဟာလည်း ဖြောင့်ဖြူးသွားပြီး ဒုက္ခတွေနဲ့ ဝေးရလိမ့်မယ်"
"ငါက မိစ္ဆာ မဖြစ်ချင်ဘူးဆိုရင်ရော"
ဖန့်ချန်က အေးဆေးစွာ ပြောသည်။
"မိစ္ဆာ မဖြစ်ချင်ဘူးလား ဒါဆိုရင် မင်း မိစ္ဆာဖြစ်တဲ့အထိ ဒီနေရာမှာ ထာဝရ ပိတ်မိနေလိမ့်မယ်"
တစ်ဖက်လူက ပြုံးလိုက်သည်
"မင်းကို မိစ္ဆာသခင်က သဘောကျထားတဲ့အတွက် မင်းဆီမှာ မိစ္ဆာသခင်ရဲ့ ကံတရားအကျိုးဆက် တွေ ပါနေပြီ မင်းမှာ ဖယ်ရှားပစ်နိုင်တဲ့ နည်းလမ်းတွေ ရှိမှန်း ငါသိပါတယ် ဒါပေမဲ့ ဒီအကျိုးဆက်က မိစ္ဆာသခင်ဆီက လာတာဆိုရင်တော့ ပြင်ပအစွမ်းတွေက မင်းအပေါ် သက်ရောက်မှာ မဟုတ်တော့ဘူး"
ဖန့်ချန် ခေတ္တမျှ ကြောင်သွားသည်။
တစ်ဖက်လူ ပြောနေသည်မှာ အရေခွံဆုပ်ခွာခြင်းအတတ် ကို ဆိုလိုခြင်းလော
သူသည် မိမိဘာသာ မိစ္ဆာဘေးကို မကျော်ဖြတ်နိုင်ပါက အရေခွံဆုပ်ခွာခြင်းအတတ်ကို သုံးရန် ပြင်ဆင်ထားသည်မှာ အမှန်ပင်။
"တကယ်ပဲ မင်းက ငါ့ရဲ့ စိတ်ကူးယဉ်မှုကနေ လာတာပဲ ဒါကြောင့် ငါ့စိတ်ထဲက အတွေးတွေကို သိနေတာပေါ့ မိစ္ဆာသခင်ရဲ့ အကျိုးဆက် ငါ ကျင့်ကြံလာတဲ့ တစ်လျှောက်လုံး မိစ္ဆာသခင် ဆိုတာကို မကြားဖူးဘူး"
ဖန့်ချန်က ပြုံးလိုက်သည်
"ဒီလို စကားလုံးလေးတွေနဲ့တော့ ငါ့ကို ခြောက်လို့ မရဘူး"
သူ့စိတ်ထဲက အတွေးကို အတည်ပြုရန်အတွက် ဖန့်ချန်က မျက်စိကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး ဒုက္ခပင်လယ်မှ ထွက်ခွာကာ အရေခွံဆုပ်ခွာခြင်းအတတ်ကို သုံးရန် ကြိုးစားလိုက်သည်။
ခဏအကြာတွင် တစ်ဖက်လူ၏ လှောင်ရယ်သံ ထပ်ထွက်လာပြန်သည်
"ထွက်သွားလို့ မရတော့ဘူး မဟုတ်လား"
ဖန့်ချန် မျက်လုံးပြန်ဖွင့်လိုက်ရာ၊ သူ၏ မျက်ဝန်းထဲတွင် တွေးတောနေသည့် အရိပ်အယောင်များ ပေါ်လာသည်။
"မင်းက ငါ့ကို ဒီမှာပဲ တစ်သက်လုံး ပိတ်ထားဖို့ ကြံနေတာလား"
"အဲ့လို ပြောလို့တော့ မရဘူး ဒါက မင်းရဲ့ ဒုက္ခပင်လယ်ပဲလေ မင်းသာ မင်းရဲ့ ဟိုဘက်ကမ်း ကို ရှာတွေ့ရင် လွယ်လွယ်ကူကူ ထွက်သွားနိုင်ပါတယ်ဒါပေမဲ့... ငါ နည်းနည်း လက်ပါထားလို့ နတ်ဘုရားတွေရဲ့ ဟိုဘက်ကမ်းကတော့ ပေါ်လာမှာ မဟုတ်တော့ဘူး"
တစ်ဖက်လူက အောင်နိုင်သူအလား ရယ်မောလိုက်ပြီး ဝတ်ရုံလက်ကို ဝေ့ယမ်းလိုက်ရာ အဝေးရှိ ပင်လယ်ရေများ လှုပ်ခတ်သွားပြီး ကျွန်းကြီးတစ်ကျွန်း ဖန့်ချန်၏ မျက်စိရှေ့တွင် ပေါ်လာသည်။
"မင်း အဲ့ဒီကျွန်းပေါ်ကို တက်လိုက်တာနဲ့ မိစ္ဆာဖြစ်သွားလိမ့်မယ် မိစ္ဆာဖြစ်ချင်တဲ့သူ အမြောက်အမြားဟာ ဒီဟိုဘက်ကမ်းကို မရှာနိုင်ကြဘူးဆိုတာ မင်းသိသင့်တယ် ဒါဟာ မိစ္ဆာသခင်က မင်းကို သဘောကျလို့ ရတဲ့ အခွင့်အရေးပဲ"
"အဲ့ဒီ ဟိုဘက်ကမ်းကို တက်လိုက်တာနဲ့ ဒီကနေ ထွက်သွားလို့ ရမှာလား"
ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။
"ဟုတ်တယ်"
တစ်ဖက်လူက ခေါင်းညိတ်ပြသည်
"သွားပါ... မိစ္ဆာအဖြစ် ကူးပြောင်းလိုက်ပါတော့"
"နတ်ဘုရားတွေနဲ့ သက်ဆိုင်တဲ့ ဟိုဘက်ကမ်းက ဒီမှာ ပေါ်လာလို့ မရဘူးပေါ့"
"သေချာတာပေါ့"
"နားလည်ပြီ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သော်လည်း သူသည် ထိုကျွန်းဆီသို့ မသွားဘဲ အခြားတစ်ဖက်သို့ လှည့်ထွက်သွားတော့သည်။
တစ်ဖက်လူ၏ မျက်လုံးထဲတွင် လှောင်ပြုံးများဖြင့် ပြည့်နှက်နေသည်
"မင်း ဟိုဘက်ကို သွားရင်တော့ ဘယ်တော့မှ ဟိုဘက်ကမ်းကို ရောက်မှာ မဟုတ်ဘူး"
"မင်း ပြောတာ မဟုတ်သေးဘူး"
ဖန့်ချန်က ရုတ်တရက် ပြုံးလိုက်သည်။
နောက်တစ်ခဏတွင် ဧရာမ ကျွန်းကြီးတစ်ကျွန်း ဖြည်းဖြည်းချင်း ပေါ်ပေါက်လာပြီး၊ ထိုကျွန်းပေါ်တွင် ကြယ်တာရာများကဲ့သို့ လင်းလက်နေသော အလင်းစက်များစွာ ရှိနေသည်။
တစ်ဖက်လူ ကြောင်သွားရပြီးနောက် နားမလည်နိုင်သော အကြည့်များဖြင့်
"ဒါက... သာမန်လူသားတွေရဲ့ ကျွန်း ပဲ မဟုတ်လား..."
"ဟုတ်တယ်လေ ဒီအိမ်တိုင်းက မီးရောင်တွေဟာ ငါ့ရဲ့ ဟိုဘက်ကမ်းပဲ"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
သူ၏ ပုံရိပ်မှာ ပြောင်းလဲသွားပြီး၊ သူသည် ထိုကျွန်းပေါ်တွင် ရပ်နေရင်း ပင်လယ်ထဲရှိ မိစ္ဆာကို စိုက်ကြည့်နေသည်။
"ငါ... တွက်ချက်မှု မှားသွားတာပဲ..."
တစ်ဖက်လူ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး၊ သူ၏ ပုံရိပ်မှာ ပင်လယ်ရေအဖြစ် ပြန်လည် ပြောင်းလဲကာ ပင်လယ်ထဲသို့ ပျော်ဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဖန့်ချန် မျက်လုံးပွင့်လာပြီး သူ၏ တစ်ကိုယ်လုံးတွင် ကြည်လင်သန့်ရှင်းသော အငွေ့အသက်များ လွှမ်းခြုံနေသည်။
စက္ကူရုပ်အဖြူနှင့် အမည်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ အံ့သြသွားကြသည်။
"သခင်လေး... မိစ္ဆာဘေးကို ကျော်ဖြတ်ပြီးပြီလား"
"ကျော်ဖြတ်ပြီးပြီ ထင်တာပဲ"
ဖန့်ချန်က သူ၏ အခြေအနေကို ပြန်စစ်ဆေးကာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါက... မြန်လွန်းတယ်"
စက္ကူရုပ်အဖြူ၏ အကြည့်များမှာ ရှုပ်ထွေးနေသည်။
ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားပြီး တိုးတိုးလေး မေးလိုက်သည်
"ဖြူလေး၊ မည်းလေး... မင်းတို့ မိစ္ဆာသခင် အကြောင်း ကြားဖူးလား"
အခန်း ၇၃၈ - ကိုးပါးနတ်ဘုရား ဝိညာဉ်သန္ဓေသား
"မိစ္ဆာသခင်လား..."
စက္ကူရုပ်ဖြူနှင့် အမည်းတို့သည် တွေးတောနေသည့် အမူအရာများ ပြသကြပြီးနောက် ခေါင်းယမ်းလိုက်ကြသည်။
သူတို့သည်လည်း မိစ္ဆာသခင်ဟူသော အခေါ်အဝေါ်ကို တစ်ခါမျှ မကြားဖူးကြပေ။
ဖန့်ချန်က ခဏစဉ်းစားပြီးနောက် ဒုက္ခပင်လယ်ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။
စက္ကူရုပ်ဖြူက ချင့်ချိန်စွာ ပြောသည်
"အရှင် ဒါဟာ အရှင့်ကို လှည့်ဖျားဖို့အတွက် စိတ်မိစ္ဆာ က လုပ်ကြံဖန်တီးထားတဲ့ မုသားစကားတွေလည်း ဖြစ်နိုင်ပါတယ်"
စက္ကူရုပ်မည်းကလည်း ခေါင်းညိတ်ထောက်ခံသည်
"ဟုတ်ပါတယ် လောကမှာ မိစ္ဆာတွေ ရှိတာတော့ အမှန်ပဲ ဒါပေမဲ့ အသွင်အပြင်မရှိဘဲ အရှင်ရှိရာဆီအထိ လိုက်လာနိုင်ဖို့ဆိုတာ တကယ်ကြီး ဖြစ်နိုင်ပါ့မလား"
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
မိစ္ဆာဘေးကို ကျော်ဖြတ်ပြီးပြီ ဖြစ်သဖြင့် ယခုအချိန်သည် ရွှေရောင်အမြုတေကို ဝိညာဉ်သန္ဓေသားအဖြစ် ပြောင်းလဲကာ အောက်ခြေအဆင့် လေးဆင့်၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းရန် အချိန်တန်ပြီ ဖြစ်သည်။
"ညီလေး မင်း အခုနက ပြောတာတွေသာ အမှန်ဆိုရင်တော့ နည်းနည်းတော့ သတိထားရလိမ့်မယ်"
မှန်ချပ်လေး ၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်း တစ်ခုခု သိထားတာ ရှိလို့လား"
ဖန့်ချန်၏ အကြည့်က တည်ငြိမ်သွားသည်။
"ငါက နတ်ဘုရားလောကနဲ့ လူ့လောကအကြောင်းပဲ ကျွမ်းကျင်တာပါ မိစ္ဆာတွေအကြောင်းကတော့ သာမန်မိစ္ဆာတွေကိုတော့ ဂရုစိုက်စရာ မလိုဘူး မိစ္ဆာဘေးကို ကျော်ဖြတ်နိုင်ရင် ပြီးတာပဲ"
"ဒါပေမဲ့ တကယ်လို့ မိစ္ဆာတစ်ကောင်က မင်းကို မိစ္ဆာသခင် ဆိုတဲ့ စကားလုံး သုံးနှုန်းခဲ့ရင်တော့ မင်း သတိထားရတော့မယ်"
"ဟိုးအရင် အထက်လောကမှာ နတ်ဘုရားတစ်ပါး ဒီလိုကိစ္စမျိုး ကြုံခဲ့ဖူးတယ် မိစ္ဆာသခင် ရဲ့ မျက်စိကျခြင်းကို ခံရပြီး မိစ္ဆာဘေးတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရတယ် နောက်ဆုံးတော့ မိစ္ဆာအဖြစ် ကူးပြောင်းသွားပြီး သွေးကြွေးတွေ အမြောက်အမြား တင်ခဲ့ရတယ်"
ကျိုးထျန်းကျင့်က ဆက်ပြောသည်
"အင်အားကြီး ကျင့်ကြံသူတွေက ဒီကိစ္စကို စုံစမ်းဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ပေမဲ့ မိစ္ဆာသခင် ဆိုတာ တကယ် ရှိ၊ မရှိ ဆိုတာကိုတော့ အခုထိ အတည်မပြုနိုင်သေးဘူး"
"အစ်ကို မင်းမှာ ကျော်ဖြတ်ဖို့ ဘေးဒုက္ခ နှစ်ခု ကျန်သေးတယ် ဒုတိယဘေးက ဝိညာဉ်ခွာဖြာခြင်းအဆင့် မှာ ဖြစ်ပြီး တတိယဘေးက ပေါင်းစပ်ခြင်းအဆင့် မှာ ဖြစ်မယ် အဲ့ဒီ ဘေးဒုက္ခ နှစ်ခုလုံးက မိစ္ဆာဘေးတွေ ဖြစ်လာဖို့ အလားအလာ အများကြီး ရှိတယ်"
ကျိုးထျန်းကျင့်၏ စကားကြောင့် ဖန့်ချန်သည် အခုနက မိစ္ဆာပြောသွားသော စကားများကို ပြန်လည် သံသယဝင်လာမိသည်။
မိစ္ဆာသခင်... တကယ်ပဲ တည်ရှိနေတာလား
"ဒါပေမဲ့ အထက်ဘုံလောက က အကြီးအကဲတွေတောင် မသိတဲ့ကိစ္စပဲ မင်းလည်း နားထဲ ထည့်ထားရုံပေါ့ နောက်ပိုင်းကျမှ သတိထားရင် ရပါတယ်"
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီးနောက် တာအိုနန်းဆောင်အတွင်းရှိ စင်တစ်ခုကို ဖွင့်ကာ တာအိုသုံးထောင်ကျင့်စဉ် ကျမ်းစာကို ထုတ်ယူလိုက်သည်။
ဝိညာဉ်သန္ဓေသား ကဏ္ဍ ပါ စာသားများမှာ ဖန့်ချန်၏ စိတ်ထဲတွင် တစ်လုံးချင်း ပေါ်လာသည်။
သူသည် အာရုံစိုက်ကာ ထိုအကြောင်းအရာများကို အချိန်ယူ၍ နားလည်အောင် ကြိုးစားနေသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ ဖန့်ချန် မျက်လုံးပွင့်လာချိန်တွင် သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေမိသည်။
"အရှင်... အခက်အခဲ တစ်ခုခု ရှိလို့လား"
စက္ကူရုပ်ဖြူက ဖန့်ချန်၏ အမူအရာကို ကြည့်ကာ ရိပ်မိသွားသည်။
"နည်းနည်းတော့ အခက်တွေ့နေတယ်"
ဖန့်ချန် ခေါင်းညိတ်ပြလိုက်သည်။
သူသည် တာအိုနယ်မြေထဲတွင် မိစ္ဆာဘေးကို ကျော်ဖြတ်ပြီးသည်နှင့် တစ်ဆက်တည်း ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းရန် ကြံရွယ်ထားသော်လည်း၊ တာအိုသုံးထောင်ကျင့်စဉ် ၏ လမ်းစဉ်မှာ သာမန်ကျင့်စဉ်များနှင့် မတူညီပေ။
ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန်အတွက် ကျင့်ကြံရုံသာမကဘဲ အလွန်အရေးကြီးသည့် ရတနာ တစ်ခု လိုအပ်နေသည်။
"မင်းတို့ သိထားတာ ရှိလား ငါက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ဘယ်နေရာမှာ အမြန်ဆုံး ရနိုင်မလဲ"
ဖန့်ချန်က စက္ကူရုပ်နှစ်ရုပ်ကို မေးလိုက်သည်။
သူတို့သည်လည်း မသေမျိုးတစ်ပါးနောက်တွင် လိုက်ခဲ့ဖူးသူများ ဖြစ်သဖြင့် အတွေ့အကြုံ များပေလိမ့်မည်။
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံးလား"
စက္ကူရုပ်နှစ်ရုပ်မှာ ခေတ္တ ကြောင်သွားကြသည်။
"အရှင် လူ့လောကမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးဆိုတာ အလွန် ရှားပါးပါတယ် အထက်သုံးဆင့်က ကျင့်ကြံသူတွေတောင် အလယ်အလတ်အဆင့်ကိုပဲ သုံးကြတာပါ တကယ်လို့ အဆင့်မြင့်ကျောက်တုံး ရှိရင်လည်း အဆင့်တက်ဖို့အတွက်ပဲ သိမ်းထားတတ်ကြလို့ ဈေးကွက်ထဲမှာ ဝယ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ"
စက္ကူရုပ်ဖြူက ပြောသည်။
သူတို့ဆီမှ အဖြေမရသဖြင့် ဖန့်ချန်သည် မှန်းလေးဘက်သို့ လှည့်လိုက်သည်။
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံးလား အင်း... အဲ့ဒီသတင်းကို သိဖို့ဆိုရင် အစ်ကိုဆီကနေ အလယ်အလတ်အဆင့် ကျောက်တုံးတွေ အများကြီး လိုလိမ့်မယ်..."
မှန်ချပ်၏ လေသံကို ကြားရုံနှင့်တင် ဖန့်ချန်မှာ မတတ်နိုင်တော့ပေ။
လက်ရှိတွင် သူ ပေးနိုင်စွမ်း မရှိသေး။
"ငါ ဟင်လင်ပြင်ထာဝရဓားဂိုဏ်း ဒါမှမဟုတ် တောရိုင်းကျောင်းတော် မေးကြည့်ရမယ် ဒီနှစ်ဖွဲ့က ထိပ်တန်းအင်အားစုတွေဆိုတော့ အဆင့်မြင့်ကျောက်တုံး ရှိကောင်း ရှိနိုင်တယ် ဒါပေမဲ့..."
ဖန့်ချန် စိတ်ထဲမှ ပြုံးမိသည်။
အမှန်တကယ်တော့ အဆင့်မြင့်ကျောက်တုံးသည် သူလိုအပ်သည့် ရတနာ မဟုတ်ပေ။
တာအိုသုံးထောင်ကျင့်စဉ် အရ ဖွဲ့စည်းရမည့် ဝိညာဉ်သန္ဓေသားကို ကိုးပါးနတ်ဘုရား ဝိညာဉ်သန္ဓေသားဟု ခေါ်သည်။
၎င်းကို ဖွဲ့စည်းရန်အတွက် ရွှမ်ဖျင့် မိစ္ဆာသားရဲ ၏ သွေး လိုအပ်နေသည်။
"မင်းတို့ ရွှမ်ဖျင့် မိစ္ဆာသားရဲ အကြောင်း ကြားဖူးလား"
"ရွှမ်ဖျင့် မိစ္ဆာသားရဲလား ဒါက တာအိုဂိုဏ်းရဲ့ နတ်သားရဲပဲလေ ဒါပေမဲ့ လူ့လောကမှာ မရှိတော့ဘူး အထက်ဘုံလောကမှာပဲ ရှိတယ်လို့ ကြားဖူးတယ်"
ဟု စက္ကူရုပ်ဖြူက ဆိုသည်။
"လူ့လောကမှာ မရှိဘူးလား"
ဖန့်ချန် တွေးတောနေမိသည်။
လူ့လောကမှာ မရှိရင် အရင်က ဒီကျင့်စဉ်ကို ကျင့်တဲ့သူတွေ ဘယ်လို အဆင့်တက်ခဲ့ပါ့မလဲ။
"လူ့လောကမှာ မတွေ့ရတာလည်း ဖြစ်နိုင်ပေမဲ့ နတ်ဘုရားတွေရဲ့ အကြွင်းအကျန် နယ်မြေတွေမှာတော့ ရှိကောင်း ရှိနိုင်ပါတယ်"
ဟု စက္ကူရုပ်မည်းက ဝင်ပြောသည်။
"နတ်ဘုရားအကြွင်းအကျန် နယ်မြေလား"
"အစ်ကို အဲ့ဒီသားရဲအကြောင်း သိချင်ရင် ငါ့ကို မေးလေ၊ ဈေးမကြီးပါဘူး အလယ်အလတ်အဆင့် ကျောက်တုံး ၅၀၀ ပဲ"
ဟု ကျိုးထျန်းကျင့်က ဆိုလာသည်။
၅၀၀ ဆိုလျှင်တော့ မဆိုးပေ။
ဖန့်ချန်သည် ကျောက်တုံး ၅၀၀ ကို ထုတ်ပေးလိုက်သည်။
ယခုအခါ သူ့တွင် ကျောင်းမှ ကြိုတင်ထုတ်ထားသော လစာကျောက်တုံး ၁၀၀၀ သာ ကျန်တော့သည်။
ကျောက်တုံးများကို ဝါးမြိုပြီးနောက် ကျိုးထျန်းကျင့်က ကျေနပ်စွာဖြင့်
"မင်း နတ်မိစ္ဆာပင်လယ် ကို သွားပြီး ဖီထု အကြွင်းအကျန် နယ်မြေ ကို ရှာကြည့်ပါ သတိထားရမှာက မင်း ဒီသားရဲသွေး လိုအပ်နေတာကို ဘယ်သူ့ကိုမှ မပြောပါနဲ့ မဟုတ်ရင် တစ်ယောက်ယောက်က မင်းကို နှောင့်ယှက်ပါလိမ့်မယ်"
"ဖီထု နယ်မြေက နတ်ဘုရားအကြွင်းအကျန် နယ်မြေလား"
"အင်း... ဖီထု လို့ ခေါ်တဲ့ နတ်ဘုရားတစ်ပါး ချန်ထားခဲ့တာပဲ အဲ့ဒီနတ်ဘုရားက ထူးဆန်းတဲ့ အိမ်မွေးတိရစ္ဆာန်တွေ မွေးရတာ ဝါသနာပါတော့ ရွှမ်ဖျင့် မိစ္ဆာသားရဲကိုလည်း မွေးထားဖူးတယ်"
"တိကျတဲ့ တည်နေရာကို သိနိုင်မလား"
"နတ်မိစ္ဆာပင်လယ် ရောက်ရင် အဲ့ဒီက ကျင့်ကြံသူတွေကို မေးကြည့်လိုက်ရင် သိမှာပဲ ကျောက်တုံးတွေ မဖြုန်းပါနဲ့တော့"
"သိချင်ရင် ကျောက်တုံး ဘယ်လောက် ပေးရမှာလဲ"
"နတ်ဘုရားနယ်မြေဆိုတော့ ကံတရားအကျိုးဆက်တွေ များတယ်လေ၊ တိကျတဲ့နေရာ သိဖို့ဆိုရင် ကျောက်တုံး ၁၀၀၀ ပေးရမယ်"
"ဒါဆိုလည်း ငါ လမ်းပဲ မေးလိုက်တော့မယ်"
ဖန့်ချန် သက်ပြင်းချလိုက်သည်။
သားရဲသွေးအတွက် လမ်းစရပြီဖြစ်သော်လည်း၊ အဲ့ဒီသွေးကို အဆိပ်မဖြစ်အောင် ဓာတ်ပြယ်စေဖို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကလည်း လိုအပ်နေသေးသည်။
နောက်ထပ် ဆယ်နှစ်တာ ကာလအတွင်း ဖန့်ချန်သည် အချိန်ကို အလဟဿ မဖြုန်းဘဲ တောရိုင်းကျောင်းတွင် သင်ယူခဲ့သော နတ်ပညာများကို ကျွမ်းကျင်အောင် လေ့ကျင့်နေခဲ့သည်။
နောင်တွင် တပည့်များကို သင်ပြရမည် ဖြစ်သဖြင့် သူကိုယ်တိုင် အမှားအယွင်း မရှိစေရန် အာရုံစိုက်နေသည်။
ထိုကာလပတ်လုံး သူသည် ခေါင်းသုံးလုံးလက်ခြောက်ဖက် အတတ်ကို သုံး၍ ကျင့်ကြံရာ၊ ဆယ်နှစ်တာ ကာလသည် အနှစ်သုံးဆယ် ကျင့်ကြံသကဲ့သို့ ထိရောက်မှု ရှိခဲ့သည်။
ဆယ်နှစ်တာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသော်လည်း ပြင်ပလောကတွင်မူ တစ်ရက်သာ ရှိသေးသည်။
ဖန့်ချန် အခန်းထဲမှ ထွက်လာချိန်တွင် အပြင်၌ စောင့်နေသူများမှာ လန့်သွားကြသည်။
"ဖန့်သခင်လေး... အဆင်ပြေသွားပြီလား"
ရုန့်ချိုက အမြန်ပြေးလာပြီး ဖန့်ချန်ကို အကဲခတ်လိုက်သည်။ သူ ဘာမှမဖြစ်သည်ကို မြင်မှ စိတ်အေးသွားတော့သည်။
"မိစ္ဆာဘေး ကျော်ဖြတ်ပြီးပြီ ရှကျီရော"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
မိစ္ဆာဘေးက ဒီလောက် မြန်မြန် ပြီးသွားတာလား
ကော်ရှောက်တို့မှာ အံ့သြသွားကြသည်။
ဟင်လင်ပြင်ထာဝရဓားဂိုဏ်း၏ ဓားဦးဆောင်သူမှာ တကယ်ကို မခေလှပေ။
"မောင်လေးက ရှင် ဘေးဒုက္ခ ကြုံနေရမှာစိုးလို့ မူလအသီး ဝယ်ဖို့ ပိုက်ဆံသွားချေးနေတာလေ"
"ကောင်းကင်ဘုရင်ကျန့်အိမ်တော် ကတော့ တကယ့်ကို လွန်လွန်းတယ်၊ ကောက်ကျစ်လိုက်တာ"
ရှကျီသည် ဒေါသတကြီးဖြင့် ပြေးဝင်လာရာမှ ဖန့်ချန်ကို မြင်လျှင် အံ့သြသွားသည်
"ဖန့်ကြီး မင်း အခု ဘယ်လို ခံစားရလဲ"