အခန်း (၇၄၃-၇၄၄)
Vol. 75 Ch. 743-744
အခန်း ၇၄၃ - ဒီညရဲ့ လမင်းက အရမ်းသာတယ်
လူမနေသော အိမ်အိုကြီးသို့ ပြန်ရောက်သည့်အခါ ဖန့်ချန် မျက်မှောင်ကြုတ်ကာ အသည်းအသန် စဉ်းစားနေမိသည်။
မမှန်ဘူး၊ တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ။
ဒီသဲလွန်စတွေထဲမှာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အချက်တွေ ရှိနေတယ်လို့ သူ ခံစားနေရသည်။
စိတ်အာရုံတစ်ခုကြောင့် သူ၏ လည်ပင်းဘေးနှစ်ဖက်တွင် ခေါင်းနှစ်လုံး ထပ်မံထွက်ပေါ်လာသည်။
ဦးခေါင်းသုံးလုံးဖြင့် ထိုကိစ္စကို အသေအချာ သုံးသပ်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ကိစ္စရဲ့ အစက မဟာချန်းနယ်မြေတိုက်ပွဲမှာ ကျင်ယွဲ့ဟန် ဝင်ပါခဲ့လို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ စီမံကိန်း ပျက်စီးသွားခဲ့တယ်"
"ဒါကြောင့် သွေးဝိညာဉ်ဂိုဏ်းက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကို ကလဲ့စားချေဖို့အတွက် ကိုင်ဝူ ဓားဂိုဏ်းကို အလည်လာတဲ့အချိန်မှာ ယွီလေးကို ဒုက္ခပေးခိုင်းပြီး ပဋိပက္ခဖြစ်အောင် ဖန်တီးခဲ့တယ်"
"အဲ့ဒီလိုလုပ်ဖို့ သွေးထိုးပေးခဲ့တဲ့ သစ္စာဖောက်ကို ဖမ်းမိတော့ သူက လီရှောင်းနိုင်ငံမှာ နေခဲ့ဖူးတယ်ဆိုတာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက သိသွားတယ်"
"တကယ်လို့ အဲ့ဒီလူက ယွီချင်းမေ ဒါမှမဟုတ် သူမရဲ့အစ်ကို ယောင်ယန်ဝိညာဉ်အရှင် ရဲ့ လူဆိုရင် ဘာလို့ ကိုင်ဝူကို အသုံးချခံ ဖြစ်အောင် လုပ်ရမှာလဲ"
"အဲ့ဒီသစ္စာဖောက်က သွေးဝိညာဉ်ဂိုဏ်းကဆိုတာ မှန်ပေမဲ့... ယွီမိသားစုရဲ့ လူတော့ မဟုတ်ဘူး ဒါပေမဲ့ လီရှောင်းနိုင်ငံမှာတော့ နေခဲ့ဖူးတယ်..."
"အခု ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက လီရှောင်းနိုင်ငံမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ ခြေရာရှိနေတာကို သိသွားပြီ အကြီးအကဲတွေနဲ့ တောင်စဉ်ကိုးသွယ်ရဲ့ အရှင်တွေကလည်း သာမန်လူတွေ မဟုတ်ကြဘူး သူတို့ တစ်ခုခု လုပ်ကြမှာပဲ"
"လီရှောင်းနိုင်ငံကို ပစ်မှတ်ထားလိုက်ရင် ဘာဖြစ်လာမလဲ"
"လီရှောင်းနိုင်ငံထဲမှာ သွေးဝိညာဉ်ဂိုဏ်း ပုန်းနေတာကို သိသွားမှာပေါ့"
"ဒါပေမဲ့ အဲ့ဒီသစ္စာဖောက်ကိုယ်တိုင်က သွေးဝိညာဉ်ဂိုဏ်းက ဖြစ်နေပါလျက်နဲ့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်ပြီး လီရှောင်းနိုင်ငံကို မီးဟုန်းဟုန်းတောက်အောင် လုပ်ရတာလဲ"
"ဂိုဏ်းတွင်း အချင်းချင်း တိုက်ခိုက်တာလား"
ဦးခေါင်းသုံးလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဖန့်ချန် ဘယ်နေရာမှာ မှားနေသလဲဆိုတာကို နောက်ဆုံးတော့ ရှာတွေ့သွားပြီဖြစ်သည်။
ထိုကိစ္စတွင် အခြားသော ရည်ရွယ်ချက်တစ်ခု ရှိနေပုံရသည်။
သွေးဝိညာဉ်ဂိုဏ်းက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကို ကလဲ့စားချေဖို့အတွက် ကိုင်ဝူကို သွေးထိုးပြီး ရှောင်ယွီကို ဒုက္ခပေးခိုင်းတယ်လို့ ထင်ရပေမဲ့...
တကယ်တမ်းတော့ ဒါဟာ မျိုးစေ့ချလိုက်တာပဲ။
အဲ့ဒီမျိုးစေ့ကနေတစ်ဆင့် ဓားဂိုဏ်းရဲ့ ပစ်မှတ်ကို ကျန့်ဘုရင်အိမ်တော်ကနေ လီရှောင်းနိုင်ငံဆီကို ပြောင်းသွားအောင် လုပ်လိုက်တာ။
ဒီနေ့ ကိုင်ဟုန် ဒီကို ရောက်လာတာရော ချင်ဟော့ချန်နဲ့ သူတို့ စကားပြောတာကို ကြည့်ရင်တောင် သိသာနေပြီ။
ဝိညာဉ်သုတ်သင်ခြင်းဌာနကတောင် လီရှောင်းနိုင်ငံကို သံသယဝင်နေကြပြီ။
"မဟာချန်းနယ်မြေတိုက်ပွဲမှာ သွေးဝိညာဉ်ဂိုဏ်းက ငါ့ကို အမုန်းဆုံး ဖြစ်ရမှာ ဒါပေမဲ့ သူတို့က ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကိုပဲ ကလဲ့စားချေဖို့ ရွေးချယ်ခဲ့တယ် ဒါကို အရင်က သေသေချာချာ မစဉ်းစားမိခဲ့ဘူး တကယ်တော့ ဒါက ယုတ္တိမရှိတဲ့အချက်ပဲ"
"မဟုတ်သေးဘူး နောက်ထပ်တစ်ချက် ရှိသေးတယ် မဟာချန်း စီမံကိန်းကို ဘယ်သူက ဦးဆောင်တာလဲ တကယ်လို့ ယောင်ယန်ဝိညာဉ်အရှင်က ဦးဆောင်တာဆိုရင် ဓားဂိုဏ်းက ဝင်နှောက်ယှက်လို့ စိတ်တိုပြီး သူ့တူကိုတောင် အသုံးချခံဖြစ်အောင် လုပ်ခဲ့တာလား"
"ဟင်လင်းပြင်ထာဝရဓားဂိုဏ်းကို ကလဲ့စားချေရင်းနဲ့ တစ်ကမ္ဘာလုံးကို သွေးဝိညာဉ်ဂိုဏ်းရဲ့ စီမံကိန်းတွေကို လာမဖျက်ဆီးနဲ့ ဖျက်ဆီးရင် ပြန်ပေးဆပ်ရလိမ့်မယ်လို့ သတိပေးချင်တာလား"
"လူရှိတဲ့နေရာမှာတော့ အရှုပ်အထွေး ဆိုတာ ရှိမှာပဲ ဒီစကားက ကျင့်ကြံခြင်းလောကမှာလည်း မလွဲဘူး သွေးဝိညာဉ်ဂိုဏ်းမှာလည်း တူတူပဲ"
"ရှန်ကျီ ပြောဖူးတာက သွေးဝိညာဉ်ဂိုဏ်းက စီမံကိန်းအကြီးကြီး တစ်ခုလုပ်တော့မယ် အဲ့ဒါက မသေမျိုးအဆင့် တစ်ယောက်ကို မသေမျိုးဘုရင် အဆင့် ရောက်အောင် ကူညီဖို့ပဲ"
"မသေမျိုးတစ်ယောက်က မသေမျိုးဘုရင် ဖြစ်လာမယ်ဆိုရင် အကျိုးစီးပွား တိုက်ပွဲတွေ ဖြစ်လာမှာ သေချာတယ် သွေးဝိညာဉ်ဂိုဏ်းထဲမှာ ဒီလိုဖြစ်လာမှာကို မလိုလားတဲ့သူတွေ ရှိနေနိုင်တယ်မဟုတ်လား အဲ့ဒီလူရဲ့ အဆင့်တက်တာကို တားဆီးချင်နေတဲ့သူတွေပေါ့"
"ယွီချင်းမေရဲ့ အစ်ကိုက တောရိုင်းကျောင်းတော်ရဲ့ ဆေးဖော်စပ်ရေးဌာနမှာ ကျင့်ကြံနေတယ် သူက ယောင်ယန်ဝိညာဉ်အရှင် ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း ရှိတယ် ပြီးတော့ သူက အဲ့ဒီလူ မသေမျိုးဘုရင်ဖြစ်ဖို့အတွက် သွေးဝိညာဉ်နတ်ဆေး ကို ဖော်စပ်ပေးရမယ့် အဓိကလူပဲ..."
"အဲ့ဒီ အဆင့်တက်မယ့်သူက... လီရှောင်းဘုရင်လား သူက သွေးဝိညာဉ်ဂိုဏ်းထဲမှာ ယွီမိသားစုရဲ့ အကြီးဆုံး နောက်ခံလား"
"တစ်ယောက်ယောက်က မဟာချန်းနယ်မြေတိုက်ပွဲ ရှုံးနိမ့်သွားကတည်းက ဒီကိစ္စကို ကြံစည်နေခဲ့တာပဲဒါမှမဟုတ် အဲ့ဒီမတိုင်ခင်ကတည်းက တိတ်တဆိတ် ကြံစည်နေပြီးတော့ အခုဖြစ်တဲ့ကိစ္စကို လွှဲချဖို့ အသုံးချလိုက်တာလား"
ဦးခေါင်းသုံးလုံး၊ လက်ခြောက်ဖက် အတတ်ကို ရုပ်သိမ်းလိုက်ပြီးနောက် ဖန့်ချန်သည် သဲလွန်စများကို စုစည်းပြီး အဖြေတစ်ခုကို မြင်လာရသည်။
လီရှောင်းဘုရင်က သွေးဝိညာဉ်ဂိုဏ်းဝင်ဖြစ်ပြီး မသေမျိုးအဆင့် ဆိုရင် ဂိုဏ်းထဲမှာ သူ့ရဲ့ အဆင့်အတန်းက အတော်လေး မြင့်မှာပဲ။
အဲ့ဒီလိုလူမျိုးမှာ ရန်သူ ရှိမှာပဲ။
ဘာလို့လဲဆိုတော့ သွေးဝိညာဉ်နတ်ဆေး ဆိုတာ သွေးဝိညာဉ်ဂိုဏ်းသားတွေ အဆင့်တက်ဖို့အတွက် အလိုအပ်ဆုံးအရာလေ။
ဒီအကျိုးစီးပွားကို အခြေခံပြီး ဂိုဏ်းခွဲအချင်းချင်းကြားမှာ ပဋိပက္ခတွေ၊ အချင်းချင်း ကြံစည်တာတွေ ရှိမှာပဲ။
ဒါကလည်း သွေးဝိညာဉ်ဂိုဏ်းသားတွေ အကျွမ်းကျင်ဆုံး နည်းလမ်းမဟုတ်ဘူးလား ကိုယ့်လူချင်းကို ပြန်ကြံစည်တာလေ။
လီရှောင်းဘုရင်ရဲ့ ရန်သူက သူ မကြာခင်မှာ မသေမျိုးဘုရင် ဖြစ်တော့မယ်ဆိုတာ သိလို့၊ ကြိုတင်ကြံစည်ပြီး နောက်ဆုံးမှာ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းနဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာနရဲ့ အာရုံတွေကို လီရှောင်းနိုင်ငံဆီ ရောက်အောင် လုပ်လိုက်တာပဲ။
"တကယ်လို့ အဲ့ဒီအတိုင်းသာဆိုရင် တစ်ဖက်လူမှာ နောက်ထပ် အစီအစဉ်တွေ ရှိဦးမှာပဲ လီရှောင်းနိုင်ငံဘက်ကလည်း ကိုင်ဝူကိစ္စ ဖြစ်ပြီးကတည်းက သတိထားနေမှာပဲ"
"ဒါပေမဲ့ ဒါက ပေါ်တင်ကြံစည်တဲ့ ထောင်ချောက် ပဲ မင်း မသေမျိုးဘုရင် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီထောင်ချောက်ထဲကို မဝင်ဘဲ မနေနိုင်ဘူး..."
"ထားလိုက်ပါတော့ ငါ့ရဲ့ လက်ရှိကျင့်ကြံမှုနဲ့က ဘာမှ ဝင်ကူညီလို့ မရဘူး ကိုင်ဝူကို အရင်သတ်မယ် ပြီးမှ တောရိုင်းကျောင်းတော်က ယောင်ယန်ဝိညာဉ်အရှင်ရဲ့ သတင်းကို ရှန်ကျီဆီ ပေးလိုက်မယ် နောက်ကိစ္စတွေကိုတော့ လူကြီးတွေပဲ ရှင်းကြပါစေ"
ဖန့်ချန် ပြုံးကာ ခေါင်းခါလိုက်သည်။
သူသည် လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ထိုကဲ့သို့သော အဆင့်မြင့် တိုက်ပွဲကြီးများတွင် ဝင်ပါနိုင်သည်အထိ မာန်မတက်ခဲ့ပေ။
သူသိထားတဲ့ သတင်းတွေကို ရှန်ကျီဆီ ပို့ပေးလိုက်ရင်တောင် သွေးဝိညာဉ်ဂိုဏ်းကို တော်တော်လေး ဒုက္ခပေးနိုင်ပြီ။
သူတို့ အချင်းချင်း တိုက်ကြလို့ဖြစ်ဖြစ်၊ ဝိညာဉ်သုတ်သင်ခြင်းဌာနကြောင့်ဖြစ်ဖြစ် မသေမျိုးတစ်ယောက်က မသေမျိုးဘုရင် မဖြစ်နိုင်တော့ဘူးဆိုရင်...
ဒီဆုံးရှုံးမှုက သွေးဝိညာဉ်ဂိုဏ်းသား ထောင်ဂဏန်း သေတာထက်တောင် ပိုပြီး အထိနာစေမှာပါ။
ကျွီ
အလွန်တိုးညှင်းသော တံခါးဖွင့်သံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် လူငယ်တစ်ဦးသည် လူမနေသော အိမ်အိုကြီးထဲသို့ ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာပြီး၊ ခြံထဲတွင် ရပ်ကာ ကောင်းကင်ယံမှ လမင်းကြီးကို ငေးကြည့်နေသည်။
"ကိုင်ဝူ"
ဖန့်ချန် ခေတ္တမျှ မှင်တက်သွားသည်။
ထိုပုံရိပ်မှာ အခုလေးတင် ပြန်ရောက်လာသော ကိုင်ဝူ ဖြစ်နေသောကြောင့်ပင်။
သူက ဒီညမှာ နန်းတော်ထဲမှာ ရှိနေလိမ့်မယ်လို့ ထင်ထားခဲ့တာ၊ အခုတော့ ဒီကို ရောက်လာတာလား။
ဒီလူမနေတဲ့ အိမ်ကြီးက... ကိုင်ဝူရဲ့ အိမ်လား
"ဘာလို့ အခုထိ ကိုယ်ထင်မပြသေးတာလဲ"
ကိုင်ဝူက ခပ်တိုးတိုး ပြောလိုက်သည်။
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်သည်။
ကိုင်ဝူက သူ့ကို ပြောနေတာ မဟုတ်မှန်း သူသိသည်။
သူ တစ်နေရာကို လှမ်းကြည့်လိုက်သည့်အခါ၊ မျက်ခုံးတန်းထူထူနှင့် ရဲရင့်သော အသွင်ရှိသည့် လူငယ်တစ်ဦးသည် ကိုင်ဝူ၏ ရှေ့သို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
"မင်းအစ်ကိုကြီးက ဒီရက်ပိုင်းအတွင်း ဒီနေရာကို စုံစမ်းလိမ့်မယ် သူ့ကို ဘယ်လို သဲလွန်စတွေ ပေးမလဲဆိုတာကတော့ မင်းရဲ့ လက်ရည်ပေါ်မှာပဲ မူတည်တယ်"
ချင်ဟော့ချန်က ပြုံးလျက် ပြောလိုက်သည်။
အရိပ်ထဲတွင် ဖန့်ချန်၏ မျက်နှာကို မမြင်ရသော်လည်း၊ သူ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေမည်မှာ သေချာသည်။
သူသည် ချင်ဟော့ချန် လီရှောင်းကို ရောက်နေလိမ့်မည်ဟု မထင်ထားခဲ့သလို၊ ကိုင်ဝူနှင့် ထိုမျှ ရင်းနှီးနေလိမ့်မည်ဟုလည်း လုံးဝ မထင်ထားခဲ့ပေ။
"စိတ်ချပါ ဒီကိစ္စအတွက် ငါ အကြီးအကျယ် ပေးဆပ်ခဲ့ရတာ သူ့ရဲ့ အစီအစဉ် ပျက်စီးသွားတာမျိုး လုံးဝ ခွင့်မပြုနိုင်ဘူး"
ကိုင်ဝူက သူ့ကိုယ်သူ လှောင်ပြုံးပြုံးရင်း ပြောသည်။
"မင်း သေသေချာချာ စဉ်းစားပြီးပြီလား အဆင့်တက်မှာက မင်းတို့မိသားစုရဲ့ ဘိုးဘေးလေ"
ချင်ဟော့ချန်က ပြုံးလျက် မေးသည်။
ကိုင်ဝူက သူ့ကို တစ်ချက်ကြည့်ကာ
"ဒီအချိန်ထိ ငါ့ကို စမ်းသပ်နေတုန်းပဲလား ငါ့မျိုးရိုးက ကိုင် လေ ယွီ မဟုတ်ဘူး ဆိုတာ မမေ့နဲ့ ငါရော မင်းရောက သခင်ကြီး ရဲ့ နောက်လိုက်တွေပဲ သူတစ်ယောက်တည်းသာ ကမ္ဘာကို အုပ်စိုးဖို့ အရည်အချင်းရှိတာ"
"အရမ်းကောင်းတယ် ဒီကိစ္စသာ အောင်မြင်ရင် သခင်ကြီးက မင်းကို ငါ့လိုမျိုးပဲ ယုံကြည်ရတဲ့ လက်ရုံးအဖြစ် သတ်မှတ်မှာ သေချာတယ်"
ချင်ဟော့ချန်က ရယ်မောကာ
"လမ်းမှာရော အဆင်ပြေရဲ့လား ငါ့ညီလေးဖန့်ချန် က မြို့တော်မှာ မရှိတော့ဘူး မင်းဆီကို လိုက်လာမလားလို့ ထင်နေတာ"
"ကိုင်ဟုန် အနားမှာ ရှိနေတာကို ဖန့်ဓားဦးဆောင်သူက ငါ့ဆီ လာရဲပါ့မလား"
ကိုင်ဝူက အေးဆေးစွာ ပြောသည်
"မင်း အားရင် သူ့ကို စမ်းသပ်ကြည့်ဦးလေ သူ ငါတို့နဲ့အတူ လက်တွဲချင်သလားဆိုတာကို"
"သူ့ကိုလား"
ချင်ဟော့ချန် မျက်မှောင်ကြုတ်သွားသည်။
"ဟုတ်တယ်"
ကိုင်ဝူက ခေါင်းညိမ့်ကာ
"ဖန့်ချန်ရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာ ငါမြင်တယ် သူက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းအပေါ် တကယ်ကြီး သစ္စာရှိနေတာမျိုး မဟုတ်လောက်ဘူး "
"အခုလို ခေတ်ကာလမှာ သခင်ကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ဆိုရင် ဒီလို အရည်အချင်းရှိတဲ့ လူတွေရဲ့ အကူအညီ လိုအပ်တယ်"
"သူ့ကို အလွယ်တကူ မစမ်းသပ်သင့်ဘူး"
ချင်ဟော့ချန်က ခေါင်းခါလိုက်သည်
"ငါက ဒီဖန့်ညီလေးကို အတော်လေး သဘောကျတာ တကယ်လို့ စမ်းသပ်လို့ သူက သဘောမတူရင် ရန်သူဖြစ်သွားမှာပေါ့ အဲ့ဒီလိုမျိုး ငါ မမြင်ချင်ဘူး"
"မင်းက သူ့ကို သဘောကျတယ် ဟုတ်လား ဟဲဟဲ... တကယ်လို့ အဲ့ဒီတုန်းက ကိစ္စက မင်းရဲ့ အကြံဉာဏ်ဆိုတာကိုသာ သူသိသွားရင် သူက ငါ့ကို အရင်သတ်မလား ဒါမှမဟုတ် မင်းကို အရင်သတ်မလားဆိုတာ မင်းစဉ်းစားကြည့်ဦး"
ကိုင်ဝူက နှုတ်ခမ်းထောင့်ကို အနည်းငယ်တင်ကာ လှောင်ပြောင်သလို ကြည့်လိုက်သည်။
"ငါ့ကိုသတ်သတ် မင်းကိုသတ်သတ် သူ့ရဲ့ လက်ရှိ အစွမ်းနဲ့ကတော့ ဘာမှ မလုပ်နိုင်ပါဘူး ပြီးတော့ သူလည်း ဒီကိစ္စကို ဘယ်တော့မှ သိမှာ မဟုတ်ဘူး"
ချင်ဟော့ချန်က ကိုင်ဝူကို တစ်ချက်ကြည့်ကာ
"ငါ သွားတော့မယ် နောက်ကိစ္စတွေကိုတော့ မင်းပဲ ကြည့်ရှင်းတော့"
"သွားတော့လေ"
ကိုင်ဝူက ခေါင်းညိမ့်ပြသည်။
ချင်ဟော့ချန် ထွက်သွားပြီဖြစ်သည်။
ကိုင်ဝူသည် ခြံထဲတွင် တစ်ယောက်တည်း လသာတာကို ငေးကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်
"ဒီညရဲ့ လမင်းက... အရမ်းသာတယ်"
ပြောပြီးသည်နှင့် သူလည်း လှည့်ထွက်သွားတော့သည်။
အစမှ အဆုံးထိ ဖန့်ချန်သည် ဤမျှ ကောင်းမွန်သော အခွင့်အရေးကို ရပါလျက်နှင့် လှုပ်ရှားခြင်း မပြုခဲ့ပေ။
အကြောင်းမှာ ချင်ဟော့ချန် ပြောခဲ့သော စကားကြောင့်ပင်။
「ငါ့ကိုသတ်သတ်၊ မင်းကိုသတ်သတ် သူ့ရဲ့ လက်ရှိ အစွမ်းနဲ့ကတော့... ဘာမှ မလုပ်နိုင်ပါဘူး」
ဖန့်ချန်သည် မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် မလှုပ်မယှက် ရပ်နေမိသည်။
ချင်ဟော့ချန်က သူ့ရဲ့ စွမ်းအားကို သိထားပါလျက်နဲ့ ဒီစကားကို ပြောရဲတယ်ဆိုရင် ကိုင်ဝူ့ဆီမှာ အသက်ဘေးက လွတ်မြောက်နိုင်တဲ့ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။
"စီနီယာအစ်ကိုကြီး ချင်... မင်းသာ ဒီလိုလူမျိုး မဟုတ်ခဲ့ရင်... ငါလည်း မင်းကို အတော်လေး သဘောကျမိမှာပါ..."
ဖန့်ချန်၏ မျက်နှာထက်တွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
အခန်း ၇၄၄ - ကောင်းကင်ချောက်ကမ္ဘာမြွေ
ဖန့်ချန်သည် ခြံဝန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။
သူသည် လီရှောင်းနိုင်ငံမှ တိုက်ရိုက်ထွက်ခွာရန် ရည်ရွယ်ထားသော်လည်း ကိုင်ဝူသည် နန်းတော်ဘက်သို့ မသွားဘဲ အခြားအရပ်မျက်နှာတစ်ခုသို့ ဦးတည်သွားနေသည်ကို တွေ့လိုက်ရသည်။
မြို့တော်၏ ဝေးလံသီခေါင်သော ထောင့်တစ်နေရာ၊ ကြာမြင့်စွာ စွန့်ပစ်ထားသော အိမ်ဟောင်းတစ်ခုအတွင်း ကြမ်းပြင်ပေါ်တွင် နက်မှောင်သော ဓားမြှောင်တိုတစ်စင်း ငြိမ်သက်စွာ ရှိနေသည်။
ကိုင်ဝူသည် ထိုဓားမြှောင်ကို ကောက်ယူလိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်
"ဒီလောက်ထိတောင် ဂရုစိုက်နေဖို့ လိုလို့လား ငါ့ကို ပေါ်တင်ပေးလိုက်ရင်ရော ဘာဖြစ်မှာမို့လို့လဲ"
နောက်တစ်ခဏတွင် ထိုနက်မှောင်သော ဓားမြှောင်တိုသည် မြွေနက်ကလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကိုင်ဝူ၏ လက်မောင်းတစ်လျှောက် တွားသွားကာ ဝတ်ရုံထဲတွင် ပျောက်ကွယ်သွားတော့သည်။
ထိုအမှုကို ပြုလုပ်ပြီးနောက် ကိုင်ဝူသည် တိတ်တဆိတ်ပင် ထွက်ခွာသွားခဲ့သည်။
"မှန်လေး အဲ့ဒီဓားမြှောင်က ဘာအမျိုးအစားလဲ"
ဖန့်ချန်က ခပ်တိုးတိုး မေးလိုက်သည်။
"အစ်ကိုယကိုယ်တိုင် မျက်မြင်တွေ့လိုက်ပြီဆိုတော့ကာ... အလိုက်တသိနဲ့ အလတ်စား ဝိညာဉ်ကျောက်တုံး ၁၀ တုံးလောက်ပဲ ပေးလိုက်ပါ"
ဟု ဦးမှန်လေး က ဆိုသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်...
[ကောင်းကင်ချောက်ကမ္ဘာမြွေ သို့မဟုတ် ကံကြမ္မာမြွေ ဟုလည်း ခေါ်သည်။ ထိုမြွေသည် အကျိုးအကြောင်းတရား ကို မွှေနှောက်နိုင်စွမ်း ရှိသည်။ အကိုက်ခံရပါက ကံကြမ္မာများ ရှုပ်ထွေးသွားပြီး ကြောက်မက်ဖွယ် ကပ်ဘေးကြီးများ ကျရောက်လာလိမ့်မည်။ အထက်ဘုံလောက တွင် အတော်အတန် တွေ့ရတတ်သည်။]
"အစ်ကို ဒီ ကောင်းကင်ချောက်ကမ္ဘာမြွေ ဆိုတာ လူသားလောကက အရာမဟုတ်ဘူး သူ့ရဲ့ အရွယ်အစားက သေးသေးလေးဆိုပေမဲ့ တကယ်လို့ အကိုက်ခံရရင် သာမန်နတ်ဘုရား တစ်ယောက်တောင်မှ ကံကြမ္မာရဲ့ ပြန်လှန်ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
မှန်လေးက ဆက်ပြောသည်
"ဒါဟာ တစ်နေရာရာက နတ်ဘုရားတစ်ပါးရဲ့ အကြွင်းအကျန် နန်းတော်ထဲကနေ ရှာတွေ့ထားတဲ့ အရာ ဖြစ်ရမယ် ဘယ်နတ်ဘုရားကများ တစ်ဖက်လူကို ကွယ်ရာကနေ ဒုက္ခပေးဖို့ တိတ်တဆိတ် မွေးမြူထားလဲတော့ မသိဘူး"
ဖန့်ချန် သဘောပေါက်သွားသည်။
ချင်ဟော့ချန် ကိုယ်တိုင်လာရသည့် အဓိက ရည်ရွယ်ချက်မှာ... ထို ကောင်းကင်ချောက်ကမ္ဘာမြွေ ကို လာပို့ရန် ဖြစ်ဟန်တူသည်။
သာမန် နတ်ဘုရားတစ်ပါးတောင် ခံနိုင်ရည်မရှိဘူးဆိုရင်... တကယ်လို့ ဘေးဒုက္ခကျော်ဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ အကိုက်ခံရလျှင် မသေလျှင်တောင် အသက်ဓာတ် အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။
"မှန်လေး မင်းထင်တာတော့ ဒီမြွေက သွေးဝိညာဉ်ဂိုဏ်းက မသေမျိုးဘုရင် အဆင့်တက်မယ့် အဲ့ဒီ မသေမျိုး အတွက် ပြင်ဆင်ထားတာ ဖြစ်နိုင်မလား"
ဖန့်ချန်က စဉ်းစားရင်း မေးလိုက်သည်။
"ဒါကိုတော့... ငါလည်း မသိဘူး"
ဟု မှန်လေးက ဝေ့ဝိုက်ပြောလိုက်သည်။
"ယွီချင်းမေ တို့တစ်သိုက်ဟာ ကိုင်ဝူက သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေတယ်ဆိုတာကို သိမှာမဟုတ်ဘူး အထူးသဖြင့် သူတို့ရဲ့ ရန်သူဘက်တော်သားထဲကို ဝင်သွားလိမ့်မယ်လို့ ပိုတောင် မထင်ထားလောက်ဘူး"
"ဓားဂိုဏ်းကိစ္စ ဖြစ်ပြီးတဲ့နောက်မှာတော့ သွေးဝိညာဉ်ဂိုဏ်းရဲ့ နယ်ရုပ်လေး ဖြစ်နေတဲ့ ကိုင်ဝူမှာ ဒီလို လျှို့ဝှက်ချက်ရှိမယ်လို့ သူတို့ လုံးဝ တွေးမိမှာမဟုတ်ဘူး"
"ဒီလိုနဲ့ပဲ သူက မှောင်ရိပ်ထဲမှာ အခွင့်အရေးကို တိတ်တဆိတ် ရှာနေလိမ့်မယ် အရေးကြီးတဲ့ အချိန်ကျရင် ထွက်တိုက်ပြီးတော့မှ ဘေးကင်းကင်းနဲ့ ပြန်ဆုတ်သွားနိုင်မှာပဲ"
"သွားစို့၊ သွားစို့"
ဖန့်ချန် ခေါင်းခါရင်း လှည့်ထွက်လာခဲ့သည်။
ကျုံးကျိုးနိုင်ငံ၊ စတုတ္ထမင်းသမီးအိမ်တော်။
"မင်း ထွက်သွားပြီ မဟုတ်လား"
ရှန်ကျီသည် ဖန့်ချန်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။
"ငါ့အိမ်တော်ရဲ့ အစီရင်တွေက ထူထပ်လှတာကို မင်းက ဘယ်လိုလုပ်ပြီး သူတို့ကို ကျော်ဖြတ်ပြီး ငါ့အခန်းထဲထိ တိတ်တဆိတ် ရောက်လာတာလဲ"
ဖန့်ချန်က ပြုံးရုံသာ ပြုံးပြပြီး ဘာမှ မပြောပေ။
ရှန်ကျီသည် သူ့ကို ခေတ္တမျှ ကြည့်နေပြီးနောက် ဆက်မမေးတော့ဘဲ အေးအေးဆေးဆေးပင် ဆိုသည်
"တောရိုင်းကျောင်းတော် က ကိစ္စ သတင်းရလို့လား"
"ကျန့်ဘုရင်ရဲ့ ကိုယ်လုပ်တော် ယွီချင်းမေရဲ့ အစ်ကိုဟာ တောရိုင်းကျောင်းတော်ရဲ့ တပည့်တစ်ဦးပဲ သူက သွေးဝိညာဉ်ဂိုဏ်းသား ဖြစ်ဖို့ သေချာသလောက် ရှိပေမဲ့ သူက ယောင်ယန်ဝိညာဉ်အရှင် ဟုတ်မဟုတ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး"
ဟု ဖန့်ချန်က ဆိုသည်။
ရှန်ကျီ မှင်တက်သွားပြီး မျက်မှောင်ကြုတ်ကာ
"ဒီသတင်းက တိကျရဲ့လား ခိုင်လုံတဲ့ အထောက်အထားရော ရှိလား"
"မရှိဘူး ဒါပေမဲ့ ရှန်ကျီစီနီယာကို အသိပေးရုံသက်သက်ပါ ကျွန်တော် ခွင့်ပြုပါဦး"
ဖန့်ချန်က နှုတ်ဆက်ကာ လှည့်ထွက်သွားသည်။
ရှန်ကျီက စကားနှစ်ခွန်း၊ သုံးခွန်းလောက် ထပ်မေးရန် ပြင်လိုက်သော်လည်း ခေါင်းမော့ကြည့်လိုက်သည့်အခါ ဖန့်ချန်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အစီရင်များမှာလည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
"ဒီကောင်လေးကတော့..."
ရှန်ကျီ တစ်ခုခုကို စဉ်းစားနေမိသည်။
ဖန့်ချန်သည် မြို့တော်တွင် မနေတော့ဘဲ ချန်းတောက်နယ်မြေ ဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။
နတ်ဆိုးပင်လယ် သို့ မသွားမီ တာအိုသုံးထောင်ဂိုဏ်း ရဲ့ ကိစ္စကို အပြီးသတ်ရမည် ဖြစ်သည်။
လီရှောင်းနိုင်ငံရဲ့ ကိစ္စကိုတော့ သူ ဆက်ပြီး မပတ်သက်ချင်တော့ပေ။
ရှန်ကျီဆီကို ယောင်ယန်ဝိညာဉ်အရှင် ရဲ့ သဲလွန်စ ပေးလိုက်ပြီဆိုတော့ကာ ကျန်တဲ့ကိစ္စတွေကိုတော့ ဝိညာဉ်သုတ်သင်ခြင်းဌာန ကပဲ ဖြေရှင်းပါစေ။
ဒါပေမဲ့ သူက ချင်ဟော့ချန်နဲ့ ကိုင်ဝူတို့ရဲ့ ကိစ္စကိုတော့ ရှန်ကျီကို မပြောပြခဲ့ဘူး။
တခြားကြောင့် မဟုတ်ဘဲ၊ အခုဆိုရင် ချင်ဟော့ချန်လို လူမျိုးတောင် သွေးဝိညာဉ်ဂိုဏ်းသား သို့မဟုတ် ထိုကဲ့သို့သော လူစားမျိုး ဖြစ်နေနိုင်ခြေ ရှိနေပြီဆိုတော့ကာ၊ ဒီ ရှန်ကျီ ဆိုတဲ့ အမျိုးသမီးကိုရော တကယ် ယုံကြည်လို့ ရပါ့မလားဆိုတာ ဖန့်ချန် မသေချာတော့လို့ပဲ ဖြစ်သည်။
ချန်းတောက်နယ်မြေ၊ ချင်မျိုးနွယ်စု၊ တာအိုတစ်ထောင်ဂိုဏ်း။
အပြင်ဘက်ရှိ တာအိုနန်းဆောင်တွင် အမွှေးတိုင်နံ့သာများမှာ ပို၍ ဝေစည်လာပြီး သာမန် တာအိုဝတ်ကျောင်းသား အရေအတွက်မှာလည်း ယခင်ကထက် များပြားလာသည်။
"အဘိုးအို... အဘိုးရဲ့ ခြေထောက်က မကောင်းဘူးပဲ ဒီကို အမွှေးတိုင်လာထွန်းတာ ဘာဆုတောင်းချင်လို့လဲ"
လီတောက်ယဲ့ သည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင် ခန့်ညားလှသည်။
အခုတော့ သူက အပြင်ဘက် ဝတ်ကျောင်းမှာ သာမန် ဧည့်ကြိုတာအိုဝတ်ကျောင်းသားတွေ လုပ်ရမယ့် အလုပ်တွေကို လုပ်နေသည်။
အပြင်ဝတ်ကျောင်းက တာအိုသမားတွေက ဒါကို မြင်ပေမဲ့ ဘာမှ မပြောရဲကြဘူး။
သူတို့က ဒီလူ့ရဲ့ နောက်ခံက သာမန်မဟုတ်မှန်း သိထားကြလို့ပဲ။
သူက အတွင်းဝတ်ကျောင်းက ဘိုးဘေး ဖေး ရဲ့ တိုက်ရိုက်တပည့် ဖြစ်ရုံတင်မကဘဲ၊ ဘိုးဘေးဖေးထက်တောင် အဆင့်အတန်း မြင့်တဲ့ ဘိုးဘေးတစ်ဦးနဲ့တောင် ရင်းနှီးတယ်လို့ သတင်းထွက်နေလို့ပဲ။
လီတောက်ယဲ့ရဲ့ မေးခွန်းကို ကြားတော့ တုတ်ကောက်ကို အားပြုပြီး ခြေထောက်တစ်ဖက်တည်း ကျန်တော့တဲ့ အဘိုးအိုက ခါးသက်သက် ပြုံးရင်း ဆိုသည်
"တာအိုဆရာ ကျွန်တော့်မြေးလေး ခုတလော အိပ်ရာထဲမှာတင် ဖျားနေလို့ပါ အဲ့ဒါ နတ်ဘုရားဆီမှာ ကျွန်တော့်မြေးလေးအတွက် ဆုတောင်းပေးဖို့ လာခဲ့တာပါ"
"ဒါကတော့ လွယ်ပါတယ်၊ ဒီဆေးလုံးကို ယူသွားပြီး မင်းမြေးကို တိုက်လိုက် အကြီးအကျယ် ပြဿနာ မဟုတ်ရင်တော့ ချက်ချင်း သက်သာသွားလိမ့်မယ်"
လီတောက်ယဲ့က အဘိုးအိုကို နဂါးမျက်စိခန့်ရှိသော အနီရောင် ဆေးလုံးလေးတစ်လုံး ပေးလိုက်သည်။
အဘိုးအိုမှာ ခေတ္တမျှ မှင်တက်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။
စက္ကန့်အနည်းငယ် ကြာမှ သတိဝင်လာပြီး ဆေးလုံးကို အသည်းအသန် လက်ခံကာ ကျေးဇူးတင်စကားများ တတွတ်တွတ်ပြောရင်း တုတ်ကောက်ကို အားပြုကာ အပြေးအလွှား ပြန်သွားတော့သည်။
မလှမ်းမကမ်းတွင် ချင်ဖုန်း နှင့် ချင်ရွှမ် မောင်နှမနှစ်ဦးက ထိုမြင်ကွင်းကို ထူးဆန်းစွာ ကြည့်နေကြပြီး အဘိုးအို ထွက်သွားမှ အနားသို့ လာခဲ့ကြသည်။
"စီနီယာအစ်ကို လီ အဲ့ဒီဆေးလုံးက သာမန် အသက်ဓာတ် ဖြည့်ဆေး ဆိုပေမဲ့ အပြင်မှာဆိုရင် အနည်းဆုံးတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး၊ နှစ်တုံးလောက် တန်တာကို... ဒီအတိုင်း ပေးလိုက်တာလား..."
ချင်ရွှမ်က အနည်းငယ် ဝေခွဲမရစွာ မေးလိုက်သည်။
"မင်းပြောသလိုပဲလေ ဝိညာဉ်ကျောက်တုံး တစ်တုံး နှစ်တုံးပဲဟာကို ဘာမှ မဟုတ်ပါဘူး ဖန့်ဘိုးဘေးက ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပေးထားတာ၊ အခုထိ သုံးလို့တောင် မကုန်သေးဘူး"
လီတောက်ယဲ့က အေးအေးဆေးဆေး ပြုံးကာ ဆိုသည်။
"ဒါပေမဲ့လည်း..."
ချင်ဖုန်း၏ မျက်လုံးထဲတွင် ဝေဝါးမှုအချို့ ရှိနေသည်
"ဒါတွေက ကျင့်ကြံခြင်းနဲ့ ဘာဆိုင်လို့လဲ"
သူတို့ မောင်နှမနှစ်ဦးမှာ အတွင်းဝတ်ကျောင်းတွင် အပတ်တကုတ် ကျင့်ကြံရန် ရည်ရွယ်ထားသော်လည်း လီတောက်ယဲ့က သူတို့ကို အပြင်ဝတ်ကျောင်းဆီ ခေါ်လာပြီး သာမန် တာအိုသမားတွေ လုပ်ရမယ့် အလုပ်တွေကို ခိုင်းနေသည့်အတွက် စိတ်ထဲတွင် သံသယ ဖြစ်နေကြခြင်း ဖြစ်သည်။
တကယ်လို့သာ ချင်အိမ်တော်မှာ ရှိစဉ်က လီတောက်ယဲ့နဲ့ ဖန့်စီနီယာတို့ ရင်းနှီးတာကို မမြင်ခဲ့ရင် သူတို့ ဒါတွေကို လုပ်နေမှာ မဟုတ်ဘူး။
"ဒါတွေက ကျင့်ကြံခြင်းနဲ့ ဘာလို့ မဆိုင်ရမှာလဲ ဒါကို လောကထဲဝင်ခြင်း လို့ ခေါ်တယ် လူထုရဲ့ အခြေအနေကို လေ့လာတာလေ မင်းတို့ အလေးစားဆုံး ဖန့်ဘိုးဘေးကိုယ်တိုင်က ဒီလိုအလုပ်မျိုး လုပ်ရတာကို သဘောကျတာ သူကိုယ်တိုင်က ဒါဟာ ကျင့်ကြံခြင်းအတွက် အကျိုးရှိတယ်လို့ ယူဆထားရင်တော့ ဒါဟာ မှားစရာ မရှိဘူး"
လီတောက်ယဲ့က သွားဖြဲပြရင်း ရယ်သည်
"ငါ မင်းတို့ကို မေးမယ် ဒီရက်ပိုင်းအတွင်း မင်းတို့ ဘာတွေ ခံစားသိရှိ ရသလဲ"
"ခံစားသိရှိမှု"
သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းခါပြကြသည်။
"ကြည့်ရတာ မင်းတို့က အချိန်မတန်သေးဘူးပဲ"
လီတောက်ယဲ့က ရယ်ရင်း ဆိုသည်
"ငါကတော့ မတူဘူး ဒီရက်ပိုင်းမှာ တော်တော်လေး ခံစားသိရှိရတယ်"
"စီနီယာ လီ... ဘာတွေ ခံစားသိရှိရသလဲ"
ချင်ဖုန်းက ထူးဆန်းစွာ မေးသည်။
"လောလောဆယ်တော့ ဘာမှ မရှိသေးဘူး"
လီတောက်ယဲ့က ဟီးဟီးဟားဟား လုပ်လိုက်သည်။
သူတို့နှစ်ဦးမှာ ဆွံ့အသွားကြသည်။
စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် တောင်အောက်မှ သူတောင်းစားတစ်ဦး လာနေသည်ကို မြင်လိုက်ရသည်။
သူတောင်းစားလို့တော့ လုံးဝ ပြောလို့မရပေ။
တစ်ဖက်လူသည် အဖာအထေးများဖြင့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ညစ်ပတ်နေသော မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။
လမ်းတစ်လျှောက်လုံး တာအိုကျမ်းစာတွေကို သီဆိုလာခဲ့သည်။
အသံမှာ ရင့်ကျက်တည်ငြိမ်ပြီး လေးနက်လှသဖြင့် အမွှေးတိုင်လာထွန်းသူများနှင့် အပြင်ဝတ်ကျောင်းမှ တာအိုသမားများစွာကို ဆွဲဆောင်သွားသည်။
ချမ်းသာပုံရသော ဧည့်သည်တစ်ဦးက ထိုလူကို မြင်လိုက်သည့်အခါ ဝမ်းသာအားရဖြင့် အနားသို့ သွားကာ နှုတ်ဆက်လိုက်သည်
"ကျွန်တော့်နာမည် ဝမ်ဖုကွေ့ ပါ စီနီယာ နတ်ဘုရားကို နှုတ်ဆက်ပါတယ်၊ စီနီယာက..."
"ဆူညံလိုက်တာ"
သူတောင်းစား တာအိုသမားက ဝတ်ရုံလက်စကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
လေပြင်းတစ်ချက် ဝှေ့ယမ်းသွားပြီးနောက် ထိုဧည့်သည်၏ အသားအရည်များမှာ ချက်ချင်း ပျောက်ကွယ်သွားကာ အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားတော့သည်။
အနားရှိ အစေခံများနှင့် ဆွေမျိုးများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိတ်လန့်တကြား အော်ဟစ်ကာ နေရာအနှံ့သို့ ထွက်ပြေးကြတော့သည်။
လီတောက်ယဲ့သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားပြီး ထိုမောင်နှမနှစ်ဦးကို ပြောလိုက်သည်
"အတွင်းဝတ်ကျောင်းကို သွားပြီး ငါ့ဆရာကို အကြောင်းကြားလိုက်တော့၊ ရန်သူ ရောက်လာပြီ"