အခန်း (၇၄၅-၇၄၆)
Vol. 75 Ch. 745-746
အခန်း ၇၄၅ - သူတောင်းစား တာအိုသမား
သူတောင်းစား တာအိုသမားသည် ထိုအရိုးစုပုံကို ကြည့်ပင်မကြည့်ဘဲ တာအိုကျမ်းစာများကို ဆက်လက်သီဆိုရင်း တောင်ပေါ်သို့ တက်လာခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ မည်သူကမျှ သူ့ကို တရားထူးရနေသော ပုဂ္ဂိုလ်ထူး (သို့မဟုတ်) လောကကို ကစားနေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ မမြင်ကြတော့ပေ။
လူတိုင်း၏ မျက်လုံးထဲတွင် ကြောက်လန့်တကြား ဖြစ်နေသော အရိပ်အယောင်များသာ ပြည့်နှက်နေတော့သည်။
"အဖေ... အဖေကြီး"
ထိုဧည့်သည်၏ သားဖြစ်သူမှာ နောက်ဆုံးတွင် သတိဝင်လာပြီး ငိုယိုအော်ဟစ်ကာ ထိုအရိုးစုပုံဆီသို့ ပြေးသွားတော့သည်။
လီတောက်ယဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အခြေအနေမဟန်တော့ကြောင်း သိလိုက်ပြီး ချက်ချင်းပင် အော်ဟစ်တားဆီးလိုက်သည်
"တာအိုမိတ်ဆွေ... ခေတ္တခဏလောက် စောင့်ပါဦး"
"ဆူညံလိုက်တာ"
သူတောင်းစား တာအိုသမားသည် တစ်ဖန် မျက်မှောင်ကြုတ်လိုက်ပြီး ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ပြန်သည်။
လေပြင်းတစ်ချက်က ထိုဧည့်သည်၏ သားဖြစ်သူကိုပါ သယ်ဆောင်သွားပြီး လတ်လတ်ဆတ်ဆတ် အရိုးစုပုံသစ်တစ်ခုကိုသာ ချန်ထားရစ်ခဲ့ပြန်သည်။
ထိုတစ်ကြိမ်တွင်မူ မည်သူကမျှ အသံတစ်သံတောင် မထွက်ရဲကြတော့ပေ။
ဧည့်သည်အားလုံးမှာ ရပ်နေသည့်နေရာတွင်ပင် ဘာလုပ်ရမှန်းမသိဘဲ ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
တာအိုတစ်ထောင်ဂိုဏ်း အပြင်ဝတ်ကျောင်းမှ တာအိုသမားများမှာ သတင်းကြားကြားချင်း ပြေးထွက်လာကြပြီး လီတောက်ယဲ့၏ အနားတွင် စုရုံးကာ ထိတ်လန့်တကြားနှင့် ဒေါသထွက်နေကြသည်။
သူတောင်းစား တာအိုသမားသည် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ပိုက်ထားသော အမျိုးသမီးဧည့်သည်တစ်ဦး၏ အနားမှ ဖြတ်သွားသည်။
ထိုအမျိုးသမီးမှာ အလွန်အမင်း ကြောက်လန့်နေသဖြင့် အပေါ်သွားနှင့် အောက်သွားများ တဖြတ်ဖြတ် ရိုက်ခတ်သံများ ထွက်ပေါ်နေသည်။
"ဆူညံမနေပါနဲ့လို့ ပြောထားတယ်လေ"
သူတောင်းစား တာအိုသမားက ထူးဆန်းစွာ ရယ်မောလိုက်သည်။
ထို့နောက် သူ၏ ဝတ်ရုံလက်စထဲမှ နက်မှောင်သော ပိုးကောင်များစွာ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအမျိုးသမီးနှင့် ကလေးငယ်ကို ဝါးမြိုပစ်လိုက်သည်။
တစ်စက္ကန့်ပင် မပြည့်မီ အချိန်အတွင်းမှာပင် မြေပြင်ပေါ်တွင် အသားစအချို့ ကပ်နေသော အရိုးစုပုံတစ်ခုသာ ကျန်ရစ်တော့သည်။
"မင်းအမေကို..."
လီတောက်ယဲ့သည် အလွန်အမင်း ဒေါသထွက်သွားပြီး ချက်ချင်းပင် လေထဲသို့ ပျံတက်သွားသည်။
သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် သစ်သားဓာတ် စွမ်းအင်များ အရှိန်အဟုန်ဖြင့် စီးဆင်းသွားတော့သည်။
လမ်းတစ်လျှောက်ရှိ သစ်ပင်များ၊ ပန်းမန်များနှင့် မြက်ပင်များမှာ ရူးသွပ်သကဲ့သို့ လျင်မြန်စွာ ကြီးထွားလာပြီး လူတစ်ရပ်ခန့်ရှိသော စစ်သည်တော်များအဖြစ် ပြောင်းလဲသွားကာ လီတောက်ယဲ့နှင့်အတူ သူတောင်းစား တာအိုသမားဆီသို့ ပြေးဝင်သွားကြသည်။
စစ်သည်တော်အချို့သည် လမ်းတစ်လျှောက်ရှိ ဧည့်သည်များကို ဘေးကင်းရာ တောင်ပေါ်သို့ သယ်ဆောင်သွားရန်လည်း မမေ့ကြပေ။
အပြင်ဝတ်ကျောင်းမှ တာအိုသမားများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယုံကြည်မှုအချို့ ပြန်လည်ရရှိလာကြသည်။
သူတို့သည် ဤအတတ်ပညာကို ကြားဖူးကြသည်။
၎င်း၏ အမည်မှာ မြက်ပင်သစ်ပင်တိုင်းသည် စစ်သည်တော် ဖြစ်သည်။
၎င်းသည် တာအိုတစ်ထောင်ဂိုဏ်းတွင် အဆင့်အတန်း အမြင့်ဆုံးဖြစ်သော ဘိုးဘေးကြီး ချန်ပေးခဲ့သော ပညာရပ်ဖြစ်ပြီး ယခုအခါ အတွင်းဝတ်ကျောင်းရှိ ကျင့်ကြံသူ အများအပြားလည်း ၎င်းကို အသုံးပြုတတ်ကြသည်။
"ပုရွက်ဆိတ်လေး... မင်းကလည်း ဆူညံချင်တာလား"
သူတောင်းစား တာအိုသမားက ထူးဆန်းစွာ ရယ်မောလိုက်ပြီး မီးဓာတ် စွမ်းအင်များကို အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်သည်။
ပတ်ဝန်းကျင်တွင် တောက်လောင်နေသော မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် မီးသစ်ကျားများ ပေါ်လာပြီး သစ်သားစစ်သည်တော်များကို အတင်းအဓမ္မ လိုက်လံတိုက်ခိုက်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသစ်သားစစ်သည်တော်များမှာ မီးလောင်ကျွမ်းပြီး ပြာအဖြစ် ပြောင်းလဲသွားကြသည်။
မြက်ပင်သစ်ပင်တိုင်းသည် စစ်သည်တော် အတတ် ပျက်စီးသွားသည်ကို မြင်သော်လည်း လီတောက်ယဲ့သည် နောက်မဆုတ်ဘဲ အော်ဟစ်လိုက်သည်
"အစီရင် ပွင့်စမ်း"
သူသည် အစီရင်၏ အချက်အချာနေရာ တွင် ရပ်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။
ပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော အစီရင်ကြီးတစ်ခု ပေါ်လာပြီး သူတောင်းစား တာအိုသမားကို အတွင်းတွင် ပိတ်လှောင်ထားလိုက်သည်။
"အရူး... မင်းက ဘယ်ကလဲ ဘာလို့ ဒီမှာ အပြစ်မရှိတဲ့သူတွေကို လျှောက်သတ်နေတာလဲ"
လီတောက်ယဲ့က သူတောင်းစား တာအိုသမားကို စိုက်ကြည့်ရင်း မေးလိုက်သည်။
သူတောင်းစား တာအိုသမားက ရှေ့မှ အစီရင်ကို ကြည့်လိုက်ပြီးနောက် ထူးဆန်းစွာ ရယ်မောလိုက်သည်
"ရှေးဦးတာအိုဂိုဏ်း ရဲ့ အစီရင်လား ကြည့်ရတာ မင်းတို့ တာအိုတစ်ထောင်ဂိုဏ်းမှာ တကယ်ပဲ ရတနာကောင်းအချို့ ရှိနေတာပဲ"
"ငါမေးတာကို ဖြေစမ်း ကြားလား စကားတွေ လျှောက်မပြောနဲ့"
လီတောက်ယဲ့က ဒေါသတကြီး ပြောလိုက်သည်။
သူတောင်းစား တာအိုသမားက ရယ်ရင်း ဆိုသည်
"ငါ့ရှေ့မှာတောင် ငါ လို့ သုံးနှုန်းရဲတယ်ပေါ့"
သူ၏ မျက်နှာထက်ရှိ အပြုံးမှာ ပို၍ ထင်ရှားလာပြီး မျက်လုံးကို မှေးကာ ဝေးလံသော တာအိုနန်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေးဆေးစွာ ဆိုသည်
"တာအိုကျောင်းသားလေး ငါ ဒီနေ့ ဒီကိုလာတာက သတင်းလာပို့တာသက်သက်ပဲ ဒါပေမဲ့ မင်းက မျက်စိမရှိဘဲ ငါ့ကို အတင်းတိုက်နေမှတော့ ဒီနေ့ ငါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ လုပ်ရတော့မှာပေါ့"
"အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ ဟုတ်လား မင်းက အစီရင်ထဲမှာ အပိတ်ခံထားရတာလေ"
လီတောက်ယဲ့က အေးစက်စက် ဆိုသည်
"မင်း ဘာနဲ့သတ်မှာလဲ ဘာကို အားကိုးပြီး သတ်မှာလဲ"
သူတောင်းစား တာအိုသမားက ဟားဟားတိုက် ရယ်မောလိုက်သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်မှ တောက်ပသော နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဓား တစ်စင်းသည် လေထုကို ခွင်းကာ အစီရင်ကို ချက်ချင်းပင် ဖောက်ထွက်သွားတော့သည်။
လီတောက်ယဲ့မှာ မှင်တက်သွားပြီး မျက်နှာမှာ အတော်လေး ပျက်ယွင်းသွားသည်။
ထိုအစီရင်မှာ ဖေးချင်းဖုန်း ကိုယ်တိုင် ချထားခဲ့ခြင်းဖြစ်ပြီး ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူကိုတောင် ခေတ္တမျှ တားဆီးထားနိုင်သည်ဟု ဆိုထားသော်လည်း တစ်ဖက်လူက အလွယ်တကူ ဖျက်ဆီးသွားနိုင်ခဲ့သည်။
အခုတော့ ရှင်းပြချက် တစ်ခုတည်းသာ ရှိတော့သည်။ ရှေ့ကလူသည် အနည်းဆုံး ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူ ဖြစ်ရမည်
"ကံဆိုးလိုက်တာ"
လီတောက်ယဲ့ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ထို့နောက် မျက်နှာပေါ်တွင် အပြုံးတုတစ်ခုကို ဖန်တီးလိုက်ပြီး
"စီနီယာမှာ ဒီလောက် စွမ်းအားတွေ ရှိနေတာပဲအစီရင်တောင် စီနီယာကို မတားနိုင်ဘူး စီနီယာ ဒီနေ့ ဒီကို လာတာ... ဘာများ ညွှန်ကြားချင်လို့လဲ မသိဘူး"
"အစက မာန်တက်ပြီး အခုကျတော့ နှိမ့်ချနေတာလား"
သူတောင်းစား တာအိုသမားက လီတောက်ယဲ့ကို ခနဲ့တဲ့တဲ့ ကြည့်လိုက်ပြီး ရုတ်တရက် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက လီတောက်ယဲ့၏ ကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။
သူသည် အဝတ်စုတ်အရုပ်ကလေးတစ်ရုပ်ကဲ့သို့ လွင့်ထွက်သွားပြီး ကျောက်တုံးတစ်ခုနှင့် တိုက်မိသော်လည်း အရှိန်မသေဘဲ ပေတစ်ရာကျော်အကွာအထိ လိမ့်ထွက်သွားခဲ့သည်။
"စီနီယာအစ်ကို"
သတင်းသွားမပို့ဘဲ ကျန်နေခဲ့သော ချင်ရွှမ်သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အသက်ရှူမှားသွားတော့သည်။
လီတောက်ယဲ့၏ ခြေထောက်နှစ်ဖက်လုံးမှာ လိမ်ဖယ်သွားပြီး အရိုးများလည်း ကျိုးသွားပြီ ဖြစ်သည်။
သာမန် တာအိုဝတ်ကျောင်းသားများသည် အတွင်းဝတ်ကျောင်းမှ ပုဂ္ဂိုလ်ကြီးပင် ထိုသို့ အရိုက်ခံရသည်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာတော့သည်။
သို့သော် ကြောက်ရွံ့နေသော်လည်း သူတို့သည် သတ္တိမွေးကာ လီတောက်ယဲ့ကို ပြန်သယ်လာရန် အပြေးအလွှား ထွက်လာကြသည်။
ရလဒ်အနေဖြင့် လေပြင်းတစ်ချက် ဝှေ့ယမ်းလာပြီး ရှေ့ဆုံးမှ ပြေးလာသော သာမန် တာအိုသမားမှာ တိုက်ရိုက်ပင် အရိုးစုအဖြစ် ပြောင်းလဲသွားခဲ့သည်။
လီတောက်ယဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်
"ပြန်သွားကြစမ်း ကျင့်ကြံသူတွေ တိုက်ခိုက်နေတာကို မင်းတို့ လူသားတွေက ဘာဝင်လုပ်တာလဲ"
ဆဲဆိုပြီးနောက် သူ၏ လက်ရှိအခြေအနေကို ကြည့်ကာ စိတ်ထဲတွင် တစ်ချက်ချက် နာကျင်နေမိသည်။
"နာလိုက်တာ... ဒီနေ့တော့ ဗေဒင်မကြည့်ခဲ့မိတာ မှားပြီ"
"စီနီယာ... ကျွန်မက ချင်မျိုးနွယ်စု ချင်မိသားစု အကြီးအကဲရဲ့ သမီး ချင်ရွှမ် ပါ စီနီယာ ဒီနေ့ ဒီကိုလာတာ တကယ့် ရည်ရွယ်ချက်က ဘာလဲတကယ်လို့ တာအိုတစ်ထောင်ဂိုဏ်းက စီနီယာကို ပြစ်မှားမိတာ ရှိရင်လည်းချင်မျိုးနွယ်စုရဲ့ မျက်နှာကို ထောက်ပြီး လက်လွှတ်ပေးပါဦး"
ချင်ရွှမ်က ရှေ့သို့ တစ်လှမ်းတက်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"အော်... မင်းက ချင်မိသားစု အကြီးအကဲရဲ့ သမီးလား"
သူတောင်းစား တာအိုသမားမှာ ခေတ္တမျှ မှင်တက်သွားပြီး ချင်ရွှမ်၏ နောက်ခံကို အနည်းငယ် ကြောက်ရွံ့ပုံရကာ သူ၏ မျက်နှာထက်မှ ထူးဆန်းသော အပြုံးမှာလည်း အနည်းငယ် လျော့ပါးသွားသည်။
ချင်ရွှမ်က တစ်ဖက်လူ ကြောက်သွားပြီဟု ထင်ကာ ထပ်ပြောရန် ပြင်လိုက်သော်လည်း တစ်ဖက်လူက လီတောက်ယဲ့ကို လှမ်းကြည့်ကာ ထပ်မံ၍ ထူးဆန်းစွာ ရယ်မောလိုက်သည်
"ကောင်လေး... အခု ဘယ်သူက တာအိုဆရာ လဲ"
ရယ်မောပြီးနောက် သူက လက်ကို မြှောက်ကာ နောက်ထပ် လက်ဝါးချက်တစ်ခု ထပ်မံ ထုတ်လွှတ်လိုက်သည်။
လီတောက်ယဲ့မှာ ကြောက်မက်ဖွယ် လက်ဝါးစွမ်းအားကြောင့် လွင့်ထွက်သွားပြီး ချင်ရွှမ်၏ ရှေ့တွင် ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ဧည့်သည်များပင်လျှင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးမှာ ကျိုးကြေသွားခဲ့ပြီ ဖြစ်သည်။
"ဒီနေ့တော့ ငါ လီတောက်ယဲ့ရဲ့ မျက်နှာ တစ်ခုလုံး ပျက်စီးသွားပြီပဲ"
လီတောက်ယဲ့၏ မျက်လုံးထဲတွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထိုအခြေအနေကို တွေးမိသည့်အခါ ပြင်းထန်သော နာကျင်မှုကိုပင် သူ လျစ်လျူရှုထားမိတော့သည်။
"ကောင်လေး... ငါ့ကို မဖြေဘူးလား ကြည့်ရတာ ငါ နှစ်ကြိမ်တိုင်တိုင် လက်လွှတ်ပေးခဲ့တာကို မင်းက သဘောမပေါက်သေးဘူးပဲ"
သူတောင်းစား တာအိုသမားက ထပ်မံ ရယ်မောလိုက်ပြန်သည်။
လီတောက်ယဲ့က ဒေါသတကြီး ပြောလိုက်သည်
"မင်းရဲ့ အဘိုး ငါ့နာမည်က လီတောက်ယဲ့ ကွ ခွေးသား သတ္တိရှိရင် မင်းနာမည်ကို ပြောစမ်း မင်းအဘိုးက ဒီမှာ သေသွားရင်တောင် မသေခင်မှာ မင်းရဲ့ နိဂုံးက ဘယ်လိုဖြစ်မလဲဆိုတာကို ဗေဒင်ဟောပေးခဲ့မယ်"
"တပည့်... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့ ဒီပုဂ္ဂိုလ်က နန်ခုံတောင် ရဲ့ တစ်ကိုယ်တော် ကျင့်ကြံသူ တန် ရင်ရင် ပဲ"
ဖေးချင်းဖုန်း၏ အသံ ထွက်ပေါ်လာသည်။
သူသည် ကွမ်းအာ တို့နှင့်အတူ အလင်းတံခါးထဲမှ ထွက်လာပြီး လီတောက်ယဲ့၏ ရှေ့သို့ ရောက်လာသည်။
ဖေးချင်းဖုန်းသည် သူတောင်းစား တာအိုသမားကို ကြည့်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်
"တန်ရင်ရင် ကျွန်တော်တို့ တာအိုတစ်ထောင်ဂိုဏ်းက ခင်ဗျားကို ပြစ်မှားမိတာ မရှိဘူး မဟုတ်လား"
"အရင်ကတော့ မရှိပါဘူး ဒါပေမဲ့ ခုနက မင်းရဲ့တပည့်က ငါ့ကို တော်တော်လေး ဆဲလိုက်တယ်လေ"
သူတောင်းစား တာအိုသမားက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ပွင့်ပွင့်လင်းလင်းပဲ ပြောကြစို့"
ဖေးချင်းဖုန်းက ပြုံးလျက် ဆိုသည်
"တန်ရင်ရင်က လူသားလောကမှာ လှည့်လည်သွားလာရတာကို ဝါသနာပါပြီး လွတ်လွတ်လပ်လပ် နေတတ်သူလို့ ကြားဖူးပါတယ် ဒီနေ့ ဘာလို့ ကျုပ်တို့ တာအိုတစ်ထောင်ဂိုဏ်းကို ရောက်လာတာလဲ ပြီးတော့ ဘာလို့ ကျုပ်တို့ ဂိုဏ်းရဲ့ ဧည့်သည်တွေကို လက်ဦးမှုယူ သတ်ဖြတ်ခဲ့တာလဲ"
"ဘာလို့လဲ ဟုတ်လား ဘာလို့လဲဆိုတော့ သူတို့က ဆူညံနေလို့ပေါ့ ဒီအကြောင်းပြချက်က မလုံလောက်သေးဘူးလား"
သူတောင်းစား တာအိုသမားမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရယ်မောကာ
"တကယ်တော့ ဘာမှ မဟုတ်ပါဘူး၊ ငါကလည်း တာအိုလောကသား တစ်ယောက်ပဲ ဒီနေ့ ဒီကိုလာတာက စီယန်တာအိုဂိုဏ်း အတွက် သတင်းလာပို့တာပါ"
"နောက်သုံးရက်ကြာရင် စီယန်တာအိုဂိုဏ်း တစ်ဂိုဏ်းလုံးက ဒီကိုလာပြီး တာအိုစိန်ခေါ်ပွဲ လုပ်လိမ့်မယ် အဲ့ဒါ မင်းတို့အားလုံး အဆင်သင့် ပြင်ထားကြဖို့ပဲ"
ဖေးချင်းဖုန်းနှင့် အခြားသူများ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
ထိုစီယန်တာအိုဂိုဏ်းသည် အလွန်အမင်း မသန်မာသော်လည်း ဝိညာဥ်ခွဲဖြာခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ရှိပြီး ချန်းတောက်နယ်မြေတွင် အတော်လေး နာမည်ကြီးသည်။
အရေးကြီးဆုံးအချက်မှာ စီယန်တာအိုဂိုဏ်း၏ နောက်ကွယ်တွင် ကျိုယန်တာအိုဂိုဏ်း ရှိနေခြင်း ဖြစ်သည်။
တစ်ဖက်လူ၏ ထိုလုပ်ရပ်မှာ တာအိုတစ်ထောင်ဂိုဏ်းကို အမြစ်ဖြတ်ရန် ပြင်ဆင်နေခြင်းလား
"သတင်းပို့တာ ပြီးပြီဆိုတော့ ငါ သွားတော့မယ် နောက်သုံးရက်နေရင် ပြန်တွေ့ကြတာပေါ့"
သူတောင်းစား တာအိုသမားက ဟားဟားတိုက် ရယ်မောလိုက်ပြီး တာအိုကျမ်းစာများကို သီဆိုရင်း တောင်အောက်သို့ ဆင်းရန် ပြင်လိုက်သည်။
"တာအိုမိတ်ဆွေ ရောက်လာမှတော့ လက်ဖက်ရည်တစ်ခွက်လောက် သောက်ပြီးမှ သွားရင် မကောင်းဘူးလား"
တောင်အောက်မှ လူရိပ်တစ်ခု လမ်းလျှောက်လာပြီး သူတောင်းစား တာအိုသမားကို နှုတ်ဆက်လိုက်သည်။
အခန်း ၇၄၆ - ဧည့်ဝတ်ပြုခြင်း ပညာ
ဖေးချင်းဖုန်းနှင့် အခြားသူများသည် လာနေသောသူကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ဝမ်းသာသွားကြသည်။
ရန်သူကြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေချိန်တွင် ထိုဘိုးဘေးဖန့်က အချိန်ကိုက် ပြန်ရောက်လာလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ချင်ဖုန်းနှင့် ချင်ရွှမ်တို့မှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားကာ ဝမ်းသာနေကြသည်။
လီတောက်ယဲ့က တိုးတိုးလေး အသံလွှင့်ကာ ပြောလိုက်သည်
"ဆရာ... ကျွန်တော့်ကို နောက်ဘက်နည်းနည်းလောက် ရွှေ့ပေးပါဦး ဘိုးဘေး... ဖန့် ကို ကျွန်တော့်ရဲ့ အခုလို ပုံစံမျိုး မမြင်စေချင်လို့ပါ"
ဖေးချင်းဖုန်းက သူ့ကို တစ်ချက်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် အသံလွှင့်ပြန်ပြောသည်
"ဘာကို ရွှေ့ရမှာလဲ ပညာချင်း မယှဉ်နိုင်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် အတင်းဝင်တိုက်တာ အခုလိုဖြစ်တာ မင်းနဲ့ ထိုက်တန်ပါတယ်"
"တပည့်က အရမ်းဒေါသထွက်သွားလို့ပါ သာမန်အချိန်ဆိုရင် တပည့်က သေချာစဉ်းစားပြီး အပိုင်တွက်မှ တိုက်တာပါ"
လီတောက်ယဲ့မှာ မတရားသဖြင့် ခံစားနေရသကဲ့သို့ ဖြစ်နေသည်။
ထိုသူတောင်းစား တာအိုသမားကမူ ဖန့်ချန်ကို မြင်လိုက်ရသည့်အခါ ရယ်မောလိုက်ပြီး
"မင်းက ငါ့ကို လက်ဖက်ရည်သောက်ဖို့ ဆွဲထားချင်တာလား မင်းကလည်း တာအိုတစ်ထောင်ဂိုဏ်းက ကျင့်ကြံသူပဲလား ငါ့ကို ဒီမှာ ဆွဲထားလိုက်ရင် မင်းတို့ တာအိုတစ်ထောင်ဂိုဏ်းက ဖေးချင်းဖုန်း တစ်ယောက် အိပ်မပျော် စားမဝင် ဖြစ်သွားလိမ့်မယ်ဆိုတာ သိလား"
"တာအိုမိတ်ဆွေရဲ့ စကားက တော်တော်လေး စိမ်းကားတာပဲ"
ဖန့်ချန်က ပြုံးလိုက်ပြီး
"ဖြူလေး၊ မည်းလေး... ရှေ့ကိုတက်ပြီး ဧည့်သည်တော်ကို ဧည့်ခံလိုက်ကြစမ်း"
"ဟုတ်ကဲ့ပါ"
စက္ကူရုပ်ဖြူနှင့် စက္ကူရုပ်မည်းတို့မှာ ခါးကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီးနောက် သူတောင်းစား တာအိုသမားဆီသို့ လျှောက်သွားကြသည်။
ထိုစက္ကူရုပ်နှစ်ရုပ် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ တာအိုတစ်ထောင်ဂိုဏ်းမှ ကျင့်ကြံသူအားလုံး စိတ်သက်သာရာရသွားကြသည်။
အားလုံး အဆင်ပြေသွားပြီ ဖြစ်သည်။
သူတောင်းစား တာအိုသမားမှာ ခေတ္တမျှ ကြောင်သွားသည်။
ဤစက္ကူရုပ်နှစ်ရုပ် မည်သည့်အချိန်တွင် ပေါ်လာသနည်း၊ ပတ်ဝန်းကျင်တွင်လည်း မည်သည့် ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုမျှ မရှိသည်ကို သူ သတိမထားမိခဲ့ပေ။
သို့သော်... နာမည်သိပ်မကြီးသော ဝိညာဉ်တာအိုဂိုဏ်း ဆိုသည်မှာ စက္ကူရုပ်ပုံတူများကို အသက်သွင်းသည့် အတတ်ပညာကို တတ်မြောက်ထားကြသည်ကို သူ သတိရသွားသည်။
"မင်းက ဝိညာဉ်တာအိုဂိုဏ်းက ကျင့်ကြံသူလား"
သူတောင်းစား တာအိုသမားက မျက်လုံးကို မှေးကာ မေးလိုက်သည်။
"မင်းရဲ့ သတင်းက တော်တော်လေး နောက်ကျနေတာပဲ ကြည့်ရတာ မင်းက အသုံးချခံ သက်သက်ပဲ ဖြစ်ရမယ်"
ဖန့်ချန်က ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
"လာပြီး ဟန်ဆောင်မနေနဲ့"
သူတောင်းစား တာအိုသမားက ဒေါသထွက်သွားပြီး ဝတ်ရုံလက်စကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် လေပြင်းများ တဟူးဟူး ထွက်ပေါ်လာပြီး စက္ကူရုပ်ဖြူနှင့် စက္ကူရုပ်မည်းဆီသို့ တိုက်ခိုက်သွားသည်။
အနားရှိ ဧည့်သည်များမှာ ထိတ်လန့်သွားကြသည်။
ခုနက ဤလေပြင်း၏ ပြင်းအားကို သူတို့ မျက်မြင်တွေ့ခဲ့ရပြီးဖြစ်သဖြင့် အလွန် ကြောက်စရာကောင်းမှန်း သိကြသည်။
သို့သော် ထိုလေပြင်းအောက်တွင် စက္ကူရုပ်နှစ်ရုပ်မှာ ဘာမှမဖြစ်ဘဲ ဘေးကင်းနေဆဲပင်။
"အရှင်က မင်းကို လက်ဖက်ရည်သောက်ဖို့ ဖိတ်နေတာကို မင်းက လေလည်ပြနေတာလား"
စက္ကူရုပ်မည်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"မည်းကြီးကတော့ မည်းကြီးပဲ၊ မည်းကြီး ဒေါသထွက်တော့မယ်"
တာအိုတစ်ထောင်ဂိုဏ်းမှ ကျင့်ကြံသူများသည် တစ်ဖက်လူ၏ ကံဆိုးမည့်အရေးကို ကြည့်ကာ ခနဲ့တဲ့တဲ့ ပြုံးနေကြသည်။
လေပြင်းက စက္ကူရုပ်များအပေါ် အကျိုးသက်ရောက်မှု မရှိသည့်အပြင် ပြန်လည် လှောင်ပြောင်ခံရသည်ကို မြင်သော် သူတောင်းစား တာအိုသမား မျက်မှောင်ကြုတ်သွားပြီး ဝတ်ရုံလက်စကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။
နက်မှောင်သော ပိုးကောင်များစွာ ထွက်ပေါ်လာသော်လည်း စက္ကူရုပ်နှစ်ရုပ်၏ ကိုယ်ပေါ်သို့ မကျရောက်မီမှာပင် စက္ကူရုပ်မည်းက လေတစ်ချက် မှုတ်လိုက်သည်။
ဝူးးးး
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော ပိုးကောင်မည်းများမှာ ချက်ချင်းပင် အသက်ပျောက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပြာအဖြစ် ပျောက်ကွယ်သွားတော့သည်။
သူတောင်းစား တာအိုသမားမှာ မှင်တက်သွားသည်။
သူ၏ မျက်နှာမှာ တင်းမာသွားပြီး မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ရှိလာကာ လက်တွန့်မနေတော့ဘဲ သူ၏ အပြင်းထန်ဆုံး အတတ်ပညာကို ထုတ်သုံးလိုက်တော့သည်။
"ငါ့မှာ တောင်ကို ဖြတ်နိုင်တဲ့ နတ်ဘုရားဓား ရှိတယ်"
တောက်ပသော အလင်းတန်းများ ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားသည် စက္ကူရုပ်ဖြူနှင့် စက္ကူရုပ်မည်းကို ဖောက်ထွက်ရန် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
စက္ကူရုပ်မည်းက လက်ဖြင့် အမှတ်တမဲ့ ပုတ်ထုတ်လိုက်သည်။
ဝုမ်း
ဓားမှာ နှစ်ပိုင်းကျိုးသွားပြီး မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ စိုက်ဝင်သွားကာ ဓားအမြီးပိုင်းမှာ တုန်ခါနေပြီး အသံများ ထွက်ပေါ်နေသည်။
"ဖူးးး"
သူတောင်းစား တာအိုသမားမှာ နေရာတင် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
စက္ကူရုပ်ဖြူနှင့် စက္ကူရုပ်မည်းမှာ သူ၏ရှေ့သို့ ရောက်လာပြီ ဖြစ်သည်။
စက္ကူရုပ်ဖြူက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူတောင်းစား တာအိုသမား၏ ရှေ့တွင် လက်ဖက်ရည်စားပွဲတစ်ခု ချက်ချင်း ပေါ်လာသည်။
လက်ဖက်ရည်ခွက်နှင့် လက်ဖက်ရည်အိုးများ အစုံအလင် ပါရှိသည်။
"အရှင်က မင်းကို လက်ဖက်ရည်သောက်ဖို့ ဖိတ်နေတယ်"
စက္ကူရုပ်မည်းက သူ၏ ပုခုံးကို လက်ဖြင့် ဖိချလိုက်ရာ သူတောင်းစား တာအိုသမားမှာ လက်ဖက်ရည်စားပွဲရှေ့တွင် တိုက်ရိုက်ပင် ဒူးထောက်ကျသွားတော့သည်။
ဤသို့ အမှတ်တမဲ့ ဖိချလိုက်ရုံမျှနှင့်ပင် ရုန်းမထွက်နိုင်သော အင်အားကြောင့် သူတောင်းစား တာအိုသမားသည် ထိုစွမ်းအားကို ခံစားမိပြီးနောက် ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။
ဖန့်ချန်သည် လက်ဖက်ရည်စားပွဲရှေ့သို့ လျှောက်လာသည်။
စက္ကူရုပ်ဖြူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသော ထိုင်ခုံတစ်ခု ပေါ်လာသည်။
ဖန့်ချန် ထိုင်လိုက်သည့်အခါ သူတောင်းစား တာအိုသမားထက် ကိုယ်တစ်ပိုင်းခန့် မြင့်နေပြီး သူ့ကို အေးအေးဆေးဆေး ငုံ့ကြည့်နေသည်။
"ကျုပ်... ကျုပ်က သတင်းလာပို့တာ သက်သက်ပါ..."
သူတောင်းစား တာအိုသမားက ရုတ်တရက် အပြုံးတုတစ်ခုကို အတင်းဖန်တီးကာ ပြောလိုက်သည်။
"ဦးလေး... သူက နန်ခုံတောင်က တစ်ကိုယ်တော်ကျင့်ကြံသူ တန်ရင်ရင် ပါ စီယန်တာအိုဂိုဏ်းအတွက် သတင်းလာပို့တာပါ နောက်သုံးရက်နေရင် စီယန်တာအိုဂိုဏ်း တစ်ဂိုဏ်းလုံးက ဒီကိုလာပြီး တာအိုစိန်ခေါ်ပွဲ လုပ်မယ်လို့ ပြောပါတယ်"
ဖေးချင်းဖုန်းက အနားသို့ လာကာ တိုးတိုးလေး ပြောပြသည်။
သူက ခေတ္တမျှ ရပ်ပြီးမှ ထပ်ဖြည့်ပြောသည်
"စီယန်တာအိုဂိုဏ်းရဲ့ နောက်ကွယ်မှာ ကျိုယန်တာအိုဂိုဏ်း ရှိနေပါတယ်"
"ကျိုယန်တာအိုဂိုဏ်းရဲ့ နောက်ကွယ်မှာတော့ တာယန်တာအိုဂိုဏ်း ရှိတာပေါ့ ကြည့်ရတာ တစ်ယောက်ယောက်က ငါ့ကို ရှာမတွေ့လို့ ဒီနည်းလမ်းနဲ့ ငါ့ကို ထွက်လာအောင် အကျပ်ကိုင်တာ ဖြစ်ရမယ်"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
တာယန်တာအိုဂိုဏ်း ဆိုသည့် အမည်ကို ကြားလိုက်ရသည့်အခါ သူတောင်းစား တာအိုသမားမှာ ကြောင်သွားသည်။
ကျိုယန်တာအိုဂိုဏ်းက တာအိုတစ်ထောင်ဂိုဏ်းကို အမြစ်ဖြတ်ချင်နေသဖြင့် စီယန်တာအိုဂိုဏ်းကို ရှေ့ထွက်ခိုင်းသည်ကို သူ သိထားသည်။
သို့သော် ထိုကိစ္စတွင် တာယန်တာအိုဂိုဏ်း၏ အရိပ်အယောင် ပါဝင်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ထို့ပြင် ရှေ့မှလူသည် အရာအားလုံးကို သိရှိနေသည့်ပုံရပြီး တာယန်တာအိုဂိုဏ်းအမည်ကို ပြောသည့်အခါတွင်လည်း စိုးရိမ်ပူပန်မှု အနည်းငယ်မျှ ရှိမနေပေ...
"ကျုပ်... ကျုပ်က တကယ်ပဲ သတင်းလာပို့တာ သက်သက်ပါ"
သူတောင်းစား တာအိုသမားက အသည်းအသန် ပြောလိုက်သည်။
"သတင်းလာပို့တာကို ဘာလို့ အပြစ်မရှိတဲ့သူတွေကို သတ်တာလဲ ငါတို့ တာအိုတစ်ထောင်ဂိုဏ်းရဲ့ ဧည့်သည်တွေကို မင်းက သတ်ချင်သလို သတ်နေတာ၊ မင်းက မိစ္ဆာတာအိုသမားပဲ "
လီတောက်ယဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းက ဘာလို့ ဒီလိုပုံစံ ဖြစ်နေတာလဲ တူတော်ဖေး... သူ့ကို ဆေးကုပေးလိုက်ဦး"
"ဟုတ်ကဲ့ပါ"
ဖေးချင်းဖုန်းက လီတောက်ယဲ့ကို ချက်ချင်း ဆေးကုပေးလိုက်သည်။
ခုနက ဖန့်ချန် မပေါ်လာသေးခင်က သူတောင်းစား တာအိုသမား ရှိနေသဖြင့် သူ လက်မလှုပ်ရဲခဲ့ပေ တစ်ဖက်လူ ဒေါသထွက်ပြီး အကုန်သတ်ပစ်မှာကို သူ စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။
ဖန့်ချန်က သူတောင်းစား တာအိုသမားကို ပြန်ကြည့်ကာ
"မင်း ပြောကြည့်စမ်း... သတင်းလာပို့တာကို ဘာလို့ အပြစ်မရှိတဲ့သူတွေကို သတ်ရတာလဲ "
အနားရှိ ဧည့်သည်များသည် သူတောင်းစား တာအိုသမားကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေကြသည်။
သေဆုံးသွားသော ဧည့်သည်များ၏ ဆွေမျိုးသားချင်းများမှာ သူ့ကို အသားကုန် ဝါးစားပစ်ချင်နေကြပြီ ဖြစ်သည်။
သူတောင်းစား တာအိုသမားမှာ အတော်ကြာအောင် စဉ်းစားသော်လည်း မည်သို့ ဖြေရမှန်း မသိပေ။
သူက... ပုရွက်ဆိတ် အချို့ကို အမှတ်တမဲ့ သတ်လိုက်ရုံပဲလေ၊ တစ်ဖက်လူက ဘာလို့ ဒီကိစ္စကိုပဲ ဆွဲကိုင်ထားတာလဲ
"ကျုပ်... ကျုပ်... ဂိုဏ်းနှစ်ခု တိုက်ခိုက်နေချိန်မှာ သံတမန်ကို မသတ်ရဘူး ဆိုတဲ့ ထုံးစံ ရှိပါတယ်၊ ကျုပ်ကလည်း ဒီကိစ္စထဲကို အမှတ်မထင် ပါဝင်မိသွားတာပါ ကျုပ် တကယ်ပဲ ဘာမှ မသိပါဘူး သတင်းလာပို့တာ သက်သက်ပါ..."
သူတောင်းစား တာအိုသမားက အတင်းပြုံးကာ ပြောလိုက်သည်။
"ဒါဆို မင်း သေချာပေါက် ရေငတ်နေမှာပေါ့"
ဖန့်ချန်က ရုတ်တရက် ပြောလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့၊ ရေငတ်နေပါပြီ"
သူတောင်းစား တာအိုသမားက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
တစ်ဖက်လူ ဘာလုပ်ချင်မှန်း သူ မသိသော်လည်း တစ်ဖက်လူ ပြောသမျှကို လိုက်လျောရန်သာ တတ်နိုင်တော့သည်၊ အသက်ချမ်းသာရဖို့က အရေးကြီးဆုံးပင်။
"မင်းက သတင်းပို့ရုံသက်သက် ဆိုမှတော့ ဝေးဝေးလံလံကနေ လာရတာ မလွယ်ဘူး ငါတို့ တာအိုတစ်ထောင်ဂိုဏ်းမှာ ငါတို့ရဲ့ ဧည့်ဝတ်ပြုခြင်း အတတ် ရှိတယ် မင်းကို ရေငတ်လျက်နဲ့ ပြန်မလွှတ်နိုင်ဘူး၊ အပြင်မှာ ငါတို့ ဂိုဏ်းက လူကြီးလူကောင်း မဆန်ဘူးလို့ အပြောခံရလိမ့်မယ်"
ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်
"လက်ဖက်ရည် တည်လိုက်ကြစမ်း"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အခုအချိန်မှာ ဘယ်မှာ လက်ဖက်ရည် ရှိသနည်း
တာအိုတစ်ထောင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ကြောင်အအဖြင့် ပြောသည်
"ဘိုးဘေး... ကျွန်တော့်ဆီမှာ လက်ဖက်ရည်ကောင်းအချို့ ဝှက်ထားတာ ရှိပါတယ် ကျွန်တော် သွားယူ..."
စက္ကူရုပ်မည်းက ရုတ်တရက် စကားဖြတ်ပြောသည်
"မင်းရဲ့ လက်ဖက်ရည် မလိုဘူး"
၎င်းက ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ ပတ်ဝန်းကျင်ရှိ သာမန်လူ ဧည့်သည်များကို ကြည့်လိုက်သည်။
၎င်း၏ ပုံစံမှာ အလွန် ကြောက်စရာကောင်းသော်လည်း ထိုဧည့်သည်များသည် ၎င်းမှာ တာအိုတစ်ထောင်ဂိုဏ်းမှ နတ်ဘုရားများ၏ အစေခံဖြစ်မှန်း သိထားသဖြင့် မကြောက်ကြပေ။
"မင်းတို့ထဲမှာ ဘယ်သူ ဆီးသွားချင်နေလဲ"
စက္ကူရုပ်မည်းက လေးနက်သော အသံဖြင့် မေးလိုက်သည်။
ရှူးးးး
ဆေးကုခံနေရသော လီတောက်ယဲ့မှာ နေရာတင် အသက်ရှူမှားသွားတော့သည်။
ကျန်သောသူများလည်း တဖြည်းဖြည်း သဘောပေါက်လာကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
သူတောင်းစား တာအိုသမားကမူ တစ်ခုခု မှားနေပြီဟု ခံစားမိပြီး ရုတ်တရက် တစ်ခုခုကို တွေးမိကာ သူ၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
"ငါတို့ အရှင်က ပြောပြီးပြီ ဧည့်သည်ကို ပစ်ပယ်လို့ မရဘူး မင်းတို့ထဲမှာ ဘယ်သူ ဆီးသွားချင်လဲ မြန်မြန် လာခဲ့ကြစမ်း ဒီနေ့ ဧည့်သည်ကို ဝအောင် တိုက်ရမယ်"
စက္ကူရုပ်မည်းက ဧည့်သည်များ တုံ့ဆိုင်းနေသည်ကို မြင်သဖြင့် လေသံကို ပိုမြှင့်လိုက်သည်။
"ကျွန်တော် လာမယ်"
အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် သူတောင်းစား တာအိုသမားကို မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ရှေ့သို့ ထွက်လာသည်။
သူ၏ ဇနီးနှင့် သားမှာ ခုနကပဲ ထိုသူတောင်းစား တာအိုသမား၏ လက်ထဲတွင် ပိုးကောင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား
တစ်ယောက်က စံနမူနာပြပြီးနောက် အခြားလူများစွာလည်း အလုအယက် ရှေ့သို့ ထွက်လာကြသည်၊ သူတို့အားလုံးမှာ အပြစ်မရှိဘဲ သေဆုံးသွားရသူများ၏ ဆွေမျိုးများပင် ဖြစ်သည်။
"မလောကြနဲ့ သူက တစ်ထိုင်တည်းနဲ့ ဝမှာ မဟုတ်ဘူး အားလုံး အလှည့်ကျ ရလိမ့်မယ်"
စက္ကူရုပ်မည်းက သူတောင်းစား တာအိုသမားကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ဆိုသည်။
စက္ကူရုပ်ဖြူကမူ ထိုအချိန်တွင် ချင်ရွှမ်နှင့် ကွမ်းအာ တို့ကို ကြည့်ကာ
"အမျိုးသမီးများ... ခေတ္တ ရှောင်ပေးကြပါဦး"
ကွမ်းအာနှင့် အခြားသူများမှာ ထူးဆန်းသော မျက်နှာပေးများဖြင့် လှည့်ထွက်သွားကြသည်။
"ဒီလို မလုပ်ပါနဲ့... ကျုပ်... ကျုပ် မှားသွားပါပြီ..."
ထိုအမျိုးသားက ရှေ့သို့ တိုးလာသည်ကို မြင်သော် သူတောင်းစား တာအိုသမားမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ဖန့်ချန်ကို အသည်းအသန် တောင်းပန်တော့သည်။
ဖန့်ချန်က ပြုံးလိုက်ပြီး ထိုအရိုးစုပုံများကို ညွှန်ပြလိုက်သည်။
"သွားပြီး သူတို့ကို ပြောလေ"