← Chapters

အခန်း (၇၄၇-၇၄၈)

Vol. 75 Ch. 747-748

အခန်း (၇၄၇-၇၄၈)

Vol. 75 Ch. 747-748

​​အခန်း ၇၄၇ - လက်ဖက်ရည်ခွက် မလောက်တော့ဘူး

​စက္ကူရုပ်ဖြူမည်း နှစ်ရုပ်ကို တံခါးဝတွင် ထားခဲ့ကာ သူတောင်းစား တာအိုသမားကို ဧည့်ခံခိုင်းပြီးနောက် ဖန့်ချန်သည် လူတိုင်းကို ခေါ်ဆောင်ကာ အတွင်းဝတ်ကျောင်းသို့ ပြန်လာခဲ့သည်။

​"ဘာ...ဦး... ဦးလေး... မြို့တော်က ကျွန်တော်တို့ တာအိုသုံးထောင်ဂိုဏ်း အမည်ကို အသိအမှတ်ပြုလိုက်ပြီ ဟုတ်လား"

​ဖေးချင်းဖုန်းနှင့် အခြားသူများသည် အလွန်အမင်း တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

​ချင်ဖုန်းနှင့် ချင်ရွှမ်တို့သည်လည်း တစ်ဦးနှင့်တစ်ဦး၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများကို မြင်တွေ့နေရသည်။

သို့သော်လည်း ဖန့်ချန်၏ နောက်ခံက နက်ရှိုင်းလှပြီး ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ကလည်း အာမခံပေးထားသဖြင့် မြို့တော်ဘက်က မျက်နှာသာပေးမည်မှာ သေချာသလောက် ရှိနေသည်ကို သူတို့ သိထားကြသည်။

​သို့သော်... ထိုကိစ္စသည် တစ်လောကလုံးရှိ တာအိုဂိုဏ်းများနှင့် သက်ဆိုင်နေသည်။

ယခုအခါ ထို တာအိုဂိုဏ်းကြီး သုံးဂိုဏ်း က ဤကိစ္စကို ဒီအတိုင်း လျစ်လျူရှုထားပါ့မလား

​ထိုနှစ်ယောက်စလုံး၏ စိတ်ထဲတွင် လေးလံမှုများ ရှိနေသည်။

​"ဘိုးဘေးဖန့်က ဘယ်လိုလူစားမျိုးလဲ ဆရာတို့ကတော့ အရမ်းစိုးရိမ်လွန်နေပြီ ကျွန်တော်ကတော့ ဒီ တာအိုတစ်ထောင်ဂိုဏ်း ဆိုတဲ့ နာမည်က မူလနာမည်ကို ပြန်ပြောင်းရမှာပဲလို့ ကြိုသိနေသားပဲ"

​လီတောက်ယဲ့က သူ၏ လက်အဆစ်များကို နှိပ်နယ်ရင်း ပြောလိုက်သည်။

ခုနက သူ အပြင်းအထန် ဒဏ်ရာရခဲ့သော်လည်း ရွှေအမြုတေအဆင့်ဖြစ်သော ဖေးချင်းဖုန်း ကိုယ်တိုင် ဝိညာဉ်စွမ်းအင် အမြောက်အမြားနှင့် ဆေးလုံးများ အသုံးပြုကာ ကုသပေးခဲ့သဖြင့် ယခုအခါတွင် အနည်းငယ် ကိုက်ခဲရုံမျှသာ ကျန်တော့ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီ ဖြစ်သည်။

​ဖန့်ချန်က ပြုံးလိုက်ပြီး

"အဆင့်မြင့် ပုဂ္ဂိုလ်ကြီး တစ်ယောက်က သဘောတူလိုက်ပြီဆိုတော့ ဒီကိစ္စက အတည်ဖြစ်သွားပါပြီ ထပ်ပြောင်းလဲမှာ မဟုတ်တော့ဘူး"

​ဖေးချင်းဖုန်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး မျက်ဝန်းများ နီမြန်းလာသည်

"ကောင်းလိုက်တာ... တကယ်ကို ကောင်းလိုက်တာ..."

​သူက ခေတ္တရပ်ပြီး စိတ်အားထက်သန်စွာ ပြောသည်

"ဒါဆိုရင် ကျွန်တော်တို့ ဖိတ်စာတွေ အမြောက်အမြား ပို့သင့်တယ် ချန်းတောက်နယ်မြေမှာရှိတဲ့ တာအိုဂိုဏ်းတွေအားလုံးကို အခမ်းအနားလာဖို့ ဖိတ်ရမယ်"

​"ဘိုးဘေး... အဲ့လိုလုပ်တာက... ပြဿနာတက်နိုင်မလား မသိဘူး..."

ရှုအကြီးအကဲက ထူးဆန်းသော မျက်နှာပေးဖြင့် မေးလိုက်သည်။

​ဖေးချင်းဖုန်းသည် တဖြည်းဖြည်း တည်ငြိမ်သွားပြီး

"အင်း... အဲ့ဒီလိုလုပ်တာက တော်တော်လေး လူသိရှင်ကြား ဖြစ်လွန်းရာ ကျမလား မကောင်းဘူး ထင်တယ်..."

​"ဘာလို့ မကောင်းရမှာလဲ တကယ်ပဲ ဖိတ်စာပို့ရမယ် ချန်းတောက်နယ်မြေက တာအိုဂိုဏ်းတွေတင်မကဘူး တာအိုဂိုဏ်းကြီး သုံးဂိုဏ်းဆီကိုလည်း ဒီဒေသရဲ့ မြို့ဝန်ကတစ်ဆင့် သတင်းပို့ခိုင်းလိုက်ပါ လာခြင်း မလာခြင်းက သူတို့အပိုင်း ကျုပ်တို့ဘက်ကတော့ ယဉ်ကျေးမှုကို မပျက်ကွက်စေရဘူး"

​ဖန့်ချန်က ပြုံးလျက် ဆိုသည်

"တကယ်လို့ တိတ်တဆိတ်ပဲ နာမည်ပြောင်းလိုက်မယ်ဆိုရင် သူတို့က ဒါကို လှောင်ပြောင်ကြလိမ့်မယ် စိတ်ထဲလည်း ထားမှာ မဟုတ်ဘူး"

​ဖန့်ချန်က ထိုသို့ပြောလိုက်သဖြင့် လူတိုင်းလည်း ထပ်မကန့်ကွက်တော့ဘဲ စိုးရိမ်စိတ်များကို ဖယ်ထုတ်ကာ တစ်ဦးချင်းစီမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

​"ဘိုးဘေးဖန့် ကျွန်တော်တို့ မောင်နှမနှစ်ယောက်လည်း မိသားစုဆီ ပြန်ပြီး သတင်းပို့ပါ့မယ် ကျွန်တော်တို့ရဲ့ ဘိုးဘေးကိုလည်း အခမ်းအနားလာဖို့ ဖိတ်ပါ့မယ်"

"ပြီးတော့ ကျွန်တော့်အမေကလည်း ဘိုးဘေးကို အမြဲတမ်း သတိရနေတာပါ ဘိုးဘေး ပြန်ရောက်လာတာကို သိရင် သေချာပေါက် လာတွေ့ပါလိမ့်မယ်"

ချင်ဖုန်းက ရုတ်တရက် စကားဆိုသည်။

​"ဦးလေး... မျိုးနွယ်စုကြီးတွေကိုလည်း ဖိတ်စာ ပို့ရမလား"

ဖေးချင်းဖုန်းက စဉ်းစားဟန်ဖြင့် မေးသည်။

​"ဒါပေါ့"

ဖန့်ချန်က ခေါင်းညိတ်ပြသည်

"ဒီကိစ္စကို မင်းတို့ပဲ တာဝန်ယူပြီး လုပ်လိုက်ကြပါ နောက်တစ်ပတ်ခွဲ နေရင် တာအိုသုံးထောင်ဂိုဏ်း အမည်ကို တရားဝင် စိုက်ထူမယ်"

​"ဦးလေး စိတ်ချပါ"

ဖေးချင်းဖုန်းက လေးနက်သော မျက်နှာပေးဖြင့် နှုတ်ဆက်သည်

"ကျွန်တော်တို့ ဒီကိစ္စကို သေချာပေါက် အကောင်းဆုံး ဖြစ်အောင် လုပ်ပါ့မယ်"

​နောက်ရက်အနည်းငယ်အတွင်း လူတိုင်းသည် ထိုကိစ္စအတွက် အလုပ်ရှုပ်နေကြပြီး သတင်းစကားများ အမျိုးမျိုး ပေးပို့နေကြသည်။

ချင်ဖုန်းမောင်နှမ နှစ်ယောက်လည်း ချင်မျိုးနွယ်စုဆီသို့ ကိုယ်တိုင် ပြန်သွားကြသည်။

​ဖန့်ချန်သည် လီတောက်ယဲ့ကို ခေါ်ကာ အပြင်ဝတ်ကျောင်း တံခါးဝသို့ လာခဲ့သည်။

လက်ဖက်ရည်စားပွဲရှေ့တွင် ဒူးထောက်နေရပြီး ရှေ့တွင် လက်ဖက်ရည်ခွက် ရာနှင့်ချီ ချထားခြင်းခံနေရသော လူရိပ်ကို တည်ငြိမ်စွာ ကြည့်နေလိုက်သည်။

​"ခဏနေရင် လက်ဖက်ရည်ခွက်... မလောက်ဘဲ နေလိမ့်မယ်"

ဖန့်ချန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

​လီတောက်ယဲ့က မလှမ်းမကမ်းရှိ တာအိုသမားတစ်ဦးကို လက်လှမ်းခေါ်လိုက်သည်

"လာခဲ့ဦး"

​ထိုတာအိုသမားလေးမှာ ပြေးလာပြီး ဖန့်ချန်ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်နေသည်။

​"ဘိုးဘေးဖန့်က ပြောတယ် ခဏနေရင် လက်ဖက်ရည်ခွက် မလောက်ဘဲ နေလိမ့်မယ်တဲ့ မင်းသွားပြီး ဝတ်ကျောင်းထဲမှာရှိတဲ့ လက်ဖက်ရည်ခွက်တွေ အကုန်လုံး ရှာခဲ့စမ်း"

လီတောက်ယဲ့က အမိန့်ပေးလိုက်သည်။

​ထိုတာအိုသမားလေးမှာ ခေတ္တကြောင်သွားပြီး

"ဘယ်နှခွက်လောက်လဲ ခင်ဗျာ"

​"ရှိသမျှ အကုန်ယူခဲ့ များလေ ကောင်းလေပဲ မင်းမေ့နေပြီလား ဒီနေ့ စီယန်တာအိုဂိုဏ်းက ဧည့်သည်အဖြစ် လာလိမ့်မယ်လေ"

လီတောက်ယဲ့က ဆိုသည်။

​"ဟုတ်ကဲ့ပါ"

ထိုတာအိုသမားလေးမှာ ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လှည့်ပြေးသွားတော့သည်။

​"လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော် ရှေးဟောင်းမြေရိုင်း အကြောင်း ကြားလိုက်ရတယ် ကျွန်တော်တို့ရဲ့ ဘိုးဘေးက မသေမျိုးဧကရာဇတစ်ယောက်ကိုတောင် လက်ဖြတ်စေခဲ့တယ်ဆိုတာ ဟုတ်သလား"

လီတောက်ယဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

​"မင်း ဘယ်လိုသိတာလဲ"

ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

​ချန်းတောက်နယ်မြေသည် ရှေးဟောင်းမြေရိုင်းနှင့် အလွန်ဝေးကွာလှသည်။

ကောင်းကင်လျှိုဝှက်မှန် ရှိသော်လည်း သတင်းရောက်ဖို့ အချိန်အတော်ကြာတတ်သည်။

​"ဟဲဟဲ... ကျွန်တော်က စပ်စုရတာ ဝါသနာပါလို့ပါ သတင်းတွေ ကြားရတာပါပဲ အဲ့ဒီတုန်းက အခြေအနေတွေက တကယ်လား အတုလားဆိုတာတော့ မသိဘူးပေါ့"

လီတောက်ယဲ့က ရယ်ဖြဲဖြဲဖြင့် ပြောသည်။

​"အင်း... အစစ်ပဲ"

ဖန့်ချန်က ခေါင်းညိတ်ပြသည်

"စီနီယာယွင်ဟယ် နဲ့ တခြားစီနီယာတစ်ယောက်က ကစားပွဲတစ်ခု ကစားခဲ့ကြတာလေ..."

​သူသည် တကယ်ပင် မဟာရှ ကို တစ်ခေါက် ပြန်သွားပြီး အဘိုးအိမ်မှာ ရှိ မရှိ သွားကြည့်သင့်သည်ဟု ခံစားမိသည်။

သို့သော် အချိန်က မစောင့်ဆိုင်းတော့ပေ။

မဟာရှကို ပြန်လျှင် အသွားအပြန် အချိန်အများကြီး ကုန်ဆုံးလိမ့်မည်။

ယခု အရေးကြီးဆုံးမှာ နတ်ဆိုးပင်လယ် သို့ သွားရန်၊ နတ်ဘုရားအကြွင်းအကျန်နေရာကို ရှာဖွေရန်နှင့် ထိုမှတစ်ဆင့် ရွှမ်ဖျင့် မိစ္ဆာသားရဲကို ရှာဖွေရန်သာ ဖြစ်သည်။

​"အဲ့ဒီ နယ်ရုပ်ကစားပွဲက အဲ့ဒီမသေမျိုးဧကရာဇ်ကို မြှူဆွယ်ဖို့ ခင်းထားတာ ဖြစ်ရမယ် မသေမျိုးဧကရာဇ် လည်း အကွက်ထဲ ဆင်းမိသွားပြီး နောက်ဆုံးတော့ သူ့ရဲ့ လက်တစ်ဖက်ကို စတေးခဲ့ရတယ်"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

​"နှမြောစရာပဲ ကျုပ်သာ အဲ့ဒီမှာ ရှိရင် ကောင်းမှာပဲ အဲ့ဒီလို မြင်ကွင်းမျိုးက သေချာပေါက် ခမ်းနားမှာ"

လီတောက်ယဲ့က သက်ပြင်းချရင်း ပြောသည်။

​"ဒါနဲ့ ပြောရဦးမယ် ငါ မြို့တော်မှာ ရှကျီ နဲ့ တွေ့ခဲ့တယ်"

ဖန့်ချန်က ပြုံးလိုက်ပြီး

"သူက အခု မြောက်ပိုင်းကျွန်းက နဂါးစားဘုရင် ရဲ့ မွေးစားသား ဖြစ်နေပြီ မင်းက ဗေဒင်အတတ် ကျွမ်းကျင်တယ်ဆိုတော့ နဂါးစားဘုရင်က ဘယ်လိုနောက်ခံရှိလဲဆိုတာ တွက်ပေးနိုင်မလား"

​"ဘိုးဘေး ကျွန်တော့်ကို နောက်နေတာလား"

လီတောက်ယဲ့က ဖန့်ချန်ကို ထူးဆန်းသော မျက်နှာပေးဖြင့် ကြည့်သည်

"ကျွန်တော့်မှာ ရှိတဲ့ အသက်တမ်းလေးနဲ့ဆိုရင် နဂါးစားဘုရင်ကို ထားပါဦး သူ့ရဲ့ ခြေသလုံးမွှေး တစ်ပင် ဘယ်တော့ ကျွတ်မလဲဆိုတာ တွက်ရင်တောင် ဘဝပေါင်း ဆယ်ဘဝစာ ကုန်သွားလိမ့်မယ်"

"မဟုတ်ဘူး အနည်းဆုံး ဘဝပေါင်း နှစ်ဆယ်စာ အသက်တမ်း ကုန်သွားလိမ့်မယ် ကျွန်တော့်ရဲ့ ကျင့်ကြံမှု အဆင့်အတန်း ပိုမြင့်လာမှ ရမယ်တကယ်လို့ ကျွန်တော် မသေမျိုးအဆင့်ကို တက်လှမ်းနိုင်ရင်တော့ တွက်လို့ရနိုင်မှာပါ"

​"ဒါလည်း ဟုတ်တာပဲ"

ဖန့်ချန်က သက်ပြင်းအသာချရင်း လီတောက်ယဲ့၏ ပုခုံးကို ပုတ်လိုက်သည်

"သေချာ ကြိုးစားပါ စောစောစီးစီး မသေမျိုးအဆင့် ရောက်အောင် လုပ် အခမ်းအနားပြီးရင် မင်းက တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ရတော့မယ်"

​"တာဝန်ကြီး ဟုတ်လား"

လီတောက်ယဲ့က ကြောင်သွားသည်

"ဘာကို ဆိုလိုတာလဲ"

​"အခမ်းအနားပြီးရင် မင်းက တာအိုသုံးထောင်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ဖြစ်လာလိမ့်မယ် ငါနဲ့ ဖေးချင်းဖုန်းကတော့ ဘိုးဘေး တွေပဲ မင်းသိတဲ့အတိုင်းပဲ အခု ဂိုဏ်းထဲမှာ အပြင်က သူလျှိုတွေ အများကြီး ရှိနေတယ်"

" မင်းရဲ့ 'းကြယ်တာရာဟောကိန်း ဗေဒင်အတတ်နဲ့ဆိုရင် သူတို့ရဲ့ နောက်ကြောင်းကို ရှာရတာ ပိုလွယ်လိမ့်မယ် ဒီတာဝန်ကို မင်းပဲ ထမ်းဆောင်နိုင်မှာမို့ ငြင်းမနေနဲ့ ငါ့ဆီမှာ ပစ္စည်းကောင်းတွေ ရှိရင်လည်း မင်းကိုပဲ အရင်ပေးမယ်"

​ဖန့်ချန်က အေးဆေးစွာ ပြုံးလျက် ဆိုသည်

"အရင်က တာအိုတစ်ထောင်ဂိုဏ်း အနေနဲ့ဆိုရင် သူတို့ ဒီမှာ ပုန်းနေတာကို ခွင့်လွှတ်ပေးလို့ ရပေမဲ့နောက်ဆိုရင်တော့ တာအိုသုံးထောင်ဂိုဏ်း အနေနဲ့ အညစ်အကြေးတွေကို သေချာ သန့်စင်ပစ်ရမယ်"

​"ကျွန်တော်... တာအိုသုံးထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဟုတ်လား"

​လီတောက်ယဲ့က မိမိဘာသာ ရေရွတ်နေသည်

"ဒါက တာအိုလောကရဲ့ မူလအစစ်အမှန် ဂိုဏ်းချုပ်နေရာပဲ အိမ်မက်တောင် မမက်ဖူးတဲ့ ကိစ္စပဲ ကျွန်တော် လီတောက်ယဲ့က ဒီဘဝမှာ မူလအစစ်အမှန် ဂိုဏ်းချုပ် ဖြစ်ခွင့်ရမယ်ပေါ့ ဒါက သူတောင်းစား တစ်ယောက် ဧကရာဇ် ဖြစ်သွားတာထက်တောင် ပိုပြီး အိမ်မက်ဆန်နေသေးတယ်..."

​ရုတ်တရက် သူ သတိပြန်ဝင်လာပြီး ဖန့်ချန်ကို သံသယဖြင့် ကြည့်လိုက်သည်

" ကျွန်တော်တို့က မိတ်ဆွေတွေပဲ ကျွန်တော့်ကိုတော့ မနှိပ်စက်ပါနဲ့"

​"ငါက မင်းကို ဘာလို့ နှိပ်စက်ရမှာလဲ"

​"တစ်လောကလုံးက တာအိုဂိုဏ်းတွေက ကျွန်တော်တို့ကို ရန်သူလို သတ်မှတ်ထားတာ သိသားပဲ တကယ်လို့ ကျွန်တော်သာ ဂိုဏ်းချုပ် ဖြစ်သွားရင် သူတို့က ကျွန်တော့်ကိုပဲ နေ့တိုင်း စောင့်ကြည့်နေကြမှာပေါ့ ကျွန်တော် ရေသောက်ရင်း သီးပြီး သေသွားတာပဲဖြစ်ဖြစ်၊ လှေကားပေါ်ကနေ ပြုတ်ကျပြီး သေသွားတာပဲဖြစ်ဖြစ် ဖြစ်သွားနိုင်တယ်လေ"

လီတောက်ယဲ့က ပြောရင်းနှင့် ပိုပြီး ကြောက်လာသည်။

​"မင်းကိုယ့်ကိုယ်ကိုယ် ကြည့်ပါဦး ဂိုဏ်းချုပ်တစ်ယောက်နဲ့ တူလို့လား"

ဖန့်ချန်က ပြန်မေးလိုက်သည်။

​လီတောက်ယဲ့

"မတူပါဘူး"

​"ဒါဆို ပြီးတာပဲလေ သူတို့လည်း မင်းက နယ်ရုပ်သက်သက်ပဲဆိုတာ သိကြမှာပါ ရှေ့ထွက်ပေးရတဲ့ လူတစ်ယောက်ကို သူတို့က ဘာလို့ လာတိုက်ခိုက်နေမှာလဲ မင်း ဘေးကင်းမှာပါ စိတ်ချပါ"

"ဒီကိစ္စမှာ အဆင့်မြင့် ပုဂ္ဂိုလ်ကြီး ပါဝင်နေတာမို့တခြား တာအိုဂိုဏ်းတွေက လာတိုက်ချင်ရင်တောင် သူတို့ရဲ့ ဂိုဏ်းတွေ ပျက်စီးသွားမှာကို ပြန်တွေးရလိမ့်မယ်"

ဖန့်ချန်က အေးဆေးစွာ ဆိုသည်။

​လီတောက်ယဲ့ ထပ်မံ မေးမြန်းရန် ပြင်နေစဉ်မှာပင် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်

​"စီယန်တာအိုဂိုဏ်းမှ ကျိုးပုဖန် နှင့် တပည့်များ တာအိုစိန်ခေါ်ပွဲအတွက် ရောက်လာပါပြီ မိတ်ဆွေတို့ဘက်က ထွက်ပြီး ကြိုဆိုကြပါဦး "

​အခန်း ၇၄၈ - ဧည့်သည်က အိမ်ရှင်စီစဉ်သမျှ လိုက်နာရမယ်

​မရေမတွက်နိုင်သော ဘုရားဖူးဧည့်သည်များသည် ထိုအသံကို ကြားလိုက်ရသဖြင့် တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြရာ ဝတ်ကျောင်းတံခါးဝမှ မလှမ်းမကမ်းတွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော တာအိုဝတ်စုံ အမျိုးမျိုး ဝတ်ဆင်ထားသည့် လူပေါင်းတစ်ထောင်ကျော်ကို တွေ့လိုက်ရသည်။

​တာအိုဝတ်စုံများ၏ အရောင်နှင့် ပုံစံများမှာ အနည်းငယ် ကွဲပြားသော်လည်း ခြွင်းချက်မရှိ အားလုံး၏ ရင်ဘတ်တွင် စီယန် ပုံသဏ္ဌာန်ကို ထိုးနှံထားကြသည်။

​ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အသက် ၅၀ ကျော်ခန့်ရှိသော တာအိုသမားတစ်ဦးဖြစ်ပြီး သူ၏ ရင်ဘတ်မှ ခရမ်းရောင်နေမင်းပုံမှာ အဝိုင်းဆုံးနှင့် အထည်ဝါဆုံး ဖြစ်သည်။

သူ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှပြီး သူကား စီယန်တာအိုဂိုဏ်း၏ ဘိုးဘေး ကျိုးပုဖန် ပင် ဖြစ်သည်။

​ကျိုးပုဖန်၏ နောက်တွင် စီယန်တာအိုဂိုဏ်းမှ အခြားသော ဘိုးဘေးအဆင့် အကြီးအကဲ သုံးဦး ရပ်နေကြပြီး သူတို့အားလုံးမှာ ခြွင်းချက်မရှိ ဝိညာဥ်သန္ဓေသား အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

​ထိုသူတို့နောက်တွင်မူ စီယန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အဆင့်မြင့် အရာရှိကြီးများ ဖြစ်ကြသည့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့် ရှိနေသည်။

​ကျန်ရှိသော လူတစ်ထောင်ကျော်မှာမူ အပိုင်းအစလေးတစ်ခုက အခြေခံတည်ဆောက်ခြင်း အဆင့်ဖြစ်ပြီး အများစုမှာ အဆင့်နိမ့်ကျင့်ကြံသူ များ ဖြစ်ကြသည်။

​ကျိုးပုဖန်၏ အသံကို ကြားလိုက်ရသည့်အခါ သူတောင်းစား တာအိုသမားမှာ ခန္ဓာကိုယ် တုန်ရင်သွားပြီးနောက် ကျိုးပုဖန်ကို ခေါင်းမော့ကြည့်လိုက်သည်။

သူ၏ မျက်နှာပေးမှာ ထုံထိုင်းမှိုင်ေဝလျက် ရှိသည်။

​"ဘိုးဘေး... ဟိုမှာ စီနီယာတန် မဟုတ်လား"

ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးက သူတောင်းစား တာအိုသမားကို ကြည့်ကာ အံ့အားသင့်စွာ ဆိုသည်

"သူက မပြန်သေးဘဲနဲ့ လက်ဖက်ရည်စားပွဲနဲ့ အိုးတွေတောင် ပြင်ပြီး ဒီမှာ အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေပါလား"

​ကျိုးပုဖန်က ပြုံးလိုက်ပြီး

"သူလည်း ငါတို့ ဒီနေ့ တာအိုစိန်ခေါ်ပွဲရဲ့ ခမ်းနားတဲ့ မြင်ကွင်းကို ကြည့်ချင်လို့ ကျန်နေခဲ့တာ ဖြစ်မှာပေါ့ ဒါမျိုး အခွင့်အရေးက နှစ်ပေါင်းရာချီမှ တစ်ခါ ကြုံရတာလေ တကယ်လို့ ကျိုယန်တာအိုဂိုဏ်း ကသာ ခွင့်မပြုခဲ့ရင် ဒီ တာအိုတစ်ထောင်ဂိုဏ်းကို လှုပ်ရှားဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စပဲ"

​ပြောပြီးသည်နှင့် ကျိုးပုဖန်သည် အဆင့်မြင့် အရာရှိများကို ခေါ်ဆောင်ကာ သူတောင်းစား တာအိုသမားဆီသို့ လျှောက်သွားသည်။

သူ၏ လက်အောက်မှ အခြေခံတည်ဆောက်ခြင်းနှင့် အဆင့်နိမ့်ကျင့်ကြံသူများသည် ချက်ချင်းပင် ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားကြပြီး တစ်တောင်လုံးကို ဝိုင်းရံပိတ်ဆို့လိုက်ကြရာ ယင်ကောင်တစ်ကောင်တောင် ပျံထွက်သွားရန် ခက်ခဲပေလိမ့်မည်။

​"စီနီယာတန် ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးကို မြင်တာတောင် ဘာလို့ ထိုင်နေသေးတာလဲ နှုတ်မဆက်သေးဘူးလား"

​ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးက ပြုံး၍ မေးလိုက်သည်။

​သူတောင်းစား တာအိုသမားက ထိုသူကို အချိန်အတော်ကြာ ကြည့်နေပြီးမှ မျက်နှာပေါ်တွင် အတင်းအကျပ် ဖန်တီးထားသော အပြုံးတစ်ခုဖြင့်

​"ဝူဝေကျိ ငါ အရင်ဘဝက မင်းအဖေကို သတ်ခဲ့လို့လား ဒါမှမဟုတ် ဒီဘဝမှာ မင်းအမေကို သတ်ခဲ့လို့လား... မင်း ငါ့ကို ဘာလို့ ဒီလောက်တောင် ဒုက္ခပေးရတာလဲ"

​ဝူဝေကျိမှာ ခေတ္တကြောင်သွားပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားသည်

"တန် မင်း ဘာစကား ပြောတာလဲ"

​"နေဦး"

​ကျိုးပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီး ဝူဝေကျိကို တည်ငြိမ်ရန် လက်ကာပြလိုက်သည်။

ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အကြည့်တို့က သူတောင်းစား တာအိုသမားဆီတွင် ကျရောက်သွားသည်။

ထိုအခါမှသာ တစ်ဖက်လူမှာ လက်ဖက်ရည်စားပွဲရှေ့တွင် ထိုင်နေခြင်းမဟုတ်ဘဲ ဒူးထောက်နေခြင်းဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။

​ထို့ပြင် တစ်ဖက်လူ၏ ရှေ့မှ လက်ဖက်ရည်မှာလည်း အလွန်ထူးဆန်းနေသည်။

အရောင်မှာ အဝါပုပ်ရောင် ဖြစ်နေပြီး ထူးဆန်းသော အနံ့တစ်ခု ထွက်ပေါ်နေသည်။

ထိုအနံ့မှာ သူ့အတွက် အနည်းငယ် ရင်းနှီးနေသော်လည်း ခဏချင်း မခွဲခြားနိုင်ပေ။

အလွန်ဝေးကွာလှသော အတိတ်ကာလတစ်ခုက ရဖူးသည့် အနံ့မျိုး ဖြစ်နေသည်။

​"ငါ ဘာစကားပြောတာလဲ ဟုတ်လား ဟဲဟဲဟဲ... ကိစ္စမရှိပါဘူး မကြာခင် မင်းတို့အားလုံးလည်း ဒီမှာ ဒူးထောက်ပြီး လက်ဖက်ရည်သောက်ရတော့မှာပဲ ဟားဟားဟား... မင်းတို့ ဒီလက်ဖက်ရည်ကို မမှတ်မိကြဘူး နေမှာပေါ့ မင်းတို့လည်း နှစ်ပေါင်း ရာချီ အသက်ရှင်လာကြတာ အစာမစားဘဲ နေလာကြတာလည်း ရာစုနှစ်တွေ ကြာပြီဆိုတော့ ဒီလို လူသားလောကက အရာတွေကို မေ့ကုန်ကြပြီပေါ့"

​သူတောင်းစား တာအိုသမားက ထူးဆန်းစွာ ရယ်မောလိုက်သည်။

​သူ၏ ထူးဆန်းသော အပြုအမူကို မြင်လိုက်ရသည့်အခါ ဝူဝေကျိနှင့် ကျန်သော ဝိညာဥ်သန္ဓေသားအဆင့် နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ကျန်သော အဆင့်မြင့် အရာရှိများလည်း ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။

​ဒါက ဘာဖြစ်တာလဲ

​ထိုစဉ်မှာပင် မည်သည့် ကျင့်ကြံမှုမျှမရှိဘဲ လူသားလောကမှ သာမန်စစ်သည်တော်တစ်ဦးဖြစ်သော တာအိုသမားတစ်ဦးသည် တံမြက်စည်းကို ကိုင်ဆောင်ထားရင်း သူတောင်းစား တာအိုသမားကို ကြောက်ကြောက်လန့်လန့်နှင့် ဟိန်းဟောက်လိုက်သည်

​"မင်း... ဘာဖြစ်နေတာလဲ မည်းကြီး (စက္ကူရုပ်မည်း) က မင်းကို ဝအောင်သောက်ဖို့ ပြောထားတယ်လေ၊ ဘာလို့ သူများနဲ့ စကားပြောနေတာလဲ"

​သူတောင်းစား တာအိုသမားမှာ တစ်ခွန်းမှ ပြန်မပြောဘဲ ရှေ့မှ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သည်။

ထို့နောက် မိမိဘာသာ နောက်တစ်ခွက် ထပ်ငှဲ့ပြန်သည်။

​လုပ်ငန်းစဉ်တစ်ခုလုံးတွင် သူသည် အလွန်တိတ်ဆိတ်နေသော်လည်း ရံဖန်ရံခါ ဝူဝေကျိကို ကြည့်လိုက်သော သူ၏ မျက်လုံးထဲတွင် နာကျည်းချက်များ ပြည့်နှက်နေသည်။

တကယ်လို့ အရင်က သူငယ်ချင်းဖြစ်ခဲ့ဖူးသော ဤလူကသာ သူ့ကို ထိုအလုပ်အတွက် မဖိတ်ခေါ်ခဲ့လျှင် ဒီနေ့ သူ ဘာလို့ ဒီလို အခြေအနေမျိုး ကြုံတွေ့ရပါ့မလဲ

​"ဒါတွေက တကယ်ပဲ ဘာတွေလဲ"

​ဝူဝေကျိက ထိုတာအိုသမားလေးကို တစ်ချက်ကြည့်၊ သူတောင်းစား တာအိုသမားကို တစ်ချက်ကြည့်ရင်း လေးနက်သော အသံဖြင့် မေးလိုက်သည်။

ထိုတာအိုသမားလေးမှာ သာမန်လူသား သက်သက်သာ ဖြစ်ပြီး ကျင့်ကြံသူပင် မဟုတ်ချေ။

သို့သော် အဘယ်ကြောင့် သူ၏ စကားတစ်ခွန်းက သူတောင်းစား တာအိုသမားကဲ့သို့ ကျင့်ကြံသူကို နာခံစေသနည်း သူပြောလိုက်သော မည်းကြီးဆိုသည်မှာကော မည်သူနည်း

​ထိုစဉ်မှာပင် လူအုပ်စုတစ်စုသည် တာအိုဝတ်ကျောင်းထဲမှ ဖြည်းညင်းစွာ ထွက်လာကြသည်။

​ကျိုးပုဖန်က မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့မှ တာအိုသမား အုပ်စုကို အကဲခတ်လိုက်သည်။

သူတို့အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတစ်ခါ တွေ့ဖူးသော ဖေးချင်းဖုန်း မဟုတ်ပေ။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ သူ့အတွက် အလွန်စိမ်းကားလှသည်။

​"စီယန်တာအိုဂိုဏ်းက မိတ်ဆွေတွေ အဝေးကနေ ရောက်လာကြတာပဲ ကြိုဆိုဖို့ ပျက်ကွက်ခဲ့တာ ခွင့်လွှတ်ပါ"

​လီတောက်ယဲ့က လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး အေးအေးဆေးဆေး ပြုံးပြလိုက်သည်။

​"အခြေခံတည်ဆောက်ခြင်း အဆင့်..."

​ကျိုးပုဖန်က မျက်မှောင်ကြုတ်ကာ ဆိုသည်

"တာအိုတစ်ထောင်ဂိုဏ်းက မင်းလို အခြေခံတည်ဆောက်ခြင်း အဆင့် တစ်ယောက်ကိုပဲ ဧည့်ကြိုခိုင်းတာလား ဖေးချင်းဖုန်း ဘယ်မှာလဲ ဒီနေ့ ငါတို့ စီယန်တာအိုဂိုဏ်း ဘာလာလုပ်သလဲဆိုတာ မင်း သိရဲ့လား"

​"ဘာကိစ္စပဲ ဖြစ်ဖြစ် ငါတို့ရဲ့ ဘိုးဘေးဖန့်က ပြောလိုက်တယ်၊ ရောက်လာသူတိုင်းဟာ ဧည့်သည်ပဲတဲ့ ထိုင်ပြီး လက်ဖက်ရည် တစ်ခွက်သောက်ပြီးမှ တခြားအကြောင်းတွေ ပြောကြတာပေါ့"

​လီတောက်ယဲ့က ပြုံး၍ ဆိုသည်။

​ရှုအကြီးအကဲမှာ ထူးဆန်းသော မျက်နှာပေးဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်

"သူတို့က လူအများကြီး လာတာဆိုတော့ သောက်ဖို့ လောက်ပါ့မလား..."

​"ဒီငါးစာလေးတွေကိုတော့ ထားလိုက်ပါ စီယန်တာအိုဂိုဏ်းရဲ့ အဆင့်မြင့် အရာရှိတွေပဲ ဒီလက်ဖက်ရည်ကို သောက်ဖို့ အရည်အချင်းရှိတာပါ လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ လူလွှတ်ပြီး လက်ဖက်ရည် (ဆီး) တွေ ရှာခိုင်းထားတယ်၊ ဧည့်ခံဖို့ လုံလောက်ပါတယ်"

​လီတောက်ယဲ့က ပြန်ပြောသည်။

​"လူကို လှည့်စားနေတာပဲ"

​ဝူဝေကျိက ရုတ်တရက် နှာခေါင်းရှုံ့လိုက်ပြီး သူတောင်းစား တာအိုသမားကို ကြည့်ကာ

"သူတို့ မင်းကို ဘယ်လောက်တောင် ပေးပြီး ဝယ်လိုက်လို့ မင်းက ဒီမှာ သူတို့နဲ့အတူ ဟန်ဆောင်နေရတာလဲ"

​သူတောင်းစား တာအိုသမားက သူ့ကို တစ်ချက်ကြည့်ကာ ရုတ်တရက် ဟားတိုက် ရယ်မောလိုက်သည်

"မင်း ခဏနေရင် သိရမှာပေါ့ ဘာလို့ အလျင်လိုနေတာလဲ ခဏနေရင် မင်း ငါ့ရှေ့မှာ ထိုင်ရလိမ့်မယ် ငါတို့ လက်ဖက်ရည်သောက်ရင်း တာအိုအကြောင်း ဆွေးနွေးကြတာပေါ့၊ မပျော်စရာကောင်းဘူးလား"

​"မင်း"

​ဝူဝေကျိသည် သူတောင်းစား တာအိုသမား၏ စကားထဲတွင် ကြီးမားသော မကောင်းသည့် အငွေ့အသက်များ ပါဝင်နေသည်ကို ခံစားနေရသည်။

သူ၏ သူငယ်ချင်းက ဘာကြောင့် ထိုကဲ့သို့ ဖြစ်သွားသနည်းဆိုသည်ကို သူ နားမလည်နိုင်သဖြင့် သူ၏ ဒေါသကို တာအိုတစ်ထောင်ဂိုဏ်း အပေါ်သို့သာ ပုံချလိုက်သည်။

​သူက ကျိုးပုဖန်ကို လက်အုပ်ချီကာ

"ဘိုးဘေး... အမိန့်ပေးပါတော့ အခုပဲ တာအိုစိန်ခေါ်ပွဲကို စလိုက်ကြရအောင် ဒီနေ့ တာအိုတစ်ထောင်ဂိုဏ်းက ဘယ်သူမှ လွတ်ထွက်သွားစေရဘူး"

​ကျိုးပုဖန်က စကားမဆိုဘဲ မျက်လုံးကို မှေးထားလိုက်သည်။ ရုတ်တရက် သူ၏ မြင်ကွင်းထဲသို့ လူရိပ်တစ်ခု ပေါ်လာသည်။

​၎င်းမှာ ဖြူဖွေးသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် စက္ကူရုပ်တစ်ခုပင် ဖြစ်သည်။

စက္ကူရုပ်ဖြူလေးသည် တာအိုတစ်ထောင်ဂိုဏ်းမှ ကျင့်ကြံသူများဆီသို့ ဖြည်းညင်းစွာ လျှောက်သွားရင်း လမ်းတစ်ဝက်တွင် ရပ်တန့်ကာ ကျိုးပုဖန်ကို တစ်ချက် ကြည့်လိုက်သည်။

​ပါးနီများ ခြယ်သထားသော မျက်နှာလေးပေါ်တွင် ရုတ်တရက် အပြုံးတစ်ခု ပေါ်လာသည်။

​ကျိုးပုဖန်သည် အဘယ်ကြောင့်မှန်းမသိ ဦးရေပြားများ ထုံကျင်သွားပြီး ခြေဖဝါးမှစ၍ ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

​"နေဦး"

​ကျိုးပုဖန်က ဝူဝေကျိနှင့် အခြားသူများကို မလှုပ်ရှားရန် အချက်ပြလိုက်ပြီး ထိုစက္ကူရုပ်ဖြူလေးကိုသာ စိုက်ကြည့်နေသည်။

​"အရှင်... အပြင်မှာ တခြားလူတွေ မရှိတော့ပါဘူး"

​စက္ကူရုပ်ဖြူလေးသည် ဖန့်ချန်၏ ရှေ့သို့ လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။

​ထိုအခါမှသာ ကျိုးပုဖန်နှင့် အခြားသူများသည် လူအုပ်ထဲရှိ ဖန့်ချန်ကို သတိပြုမိသွားကြသည်။

​ထိုစဉ်မှာပင် နောက်ထပ် လူရိပ်တစ်ခု ပေါ်လာပြန်သည်၊ ၎င်းမှာ စက္ကူရုပ်မည်းပင် ဖြစ်သည်။

​"အရှင်... အပြင်က အခြေခံတည်ဆောက်ခြင်းနဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေ အကုန်လုံးကို ရှင်းလင်းပြီးပါပြီ တစ်ရက်လောက် အိပ်မပျော်ဘဲနဲ့တော့ နိုးလာမှာ မဟုတ်ဘူး"

​ဘာ...

​ကျိုးပုဖန်နှင့် အခြားသူများသည် တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြရာ သူတို့ ခေါ်ဆောင်လာသော စီယန်တာအိုဂိုဏ်းသား အားလုံးမှာ မျက်နှာများ ဖြူဖျော့လျက် မြေပြင်ပေါ်တွင် လဲကျနေကြပြီး သူတို့၏ ကိုယ်ပေါ်တွင် ပြင်းထန်သော အေးစိမ့်သည့် အငွေ့အသက်များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

​ဤမျှ တိတ်တဆိတ်နှင့် လူပေါင်းတစ်ထောင်ကျော်ကို ရှင်းလင်းပစ်နိုင်ခဲ့သည်လား

​စီယန်တာအိုဂိုဏ်း၏ အဆင့်မြင့် အရာရှိများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ပေါ်လာသည်။

​"ကောင်းပြီ၊ ဒါဆိုရင် ဒီဧည့်သည်တွေကို ထိုင်ပြီး လက်ဖက်ရည် သောက်ခိုင်းလိုက်ကြစမ်း"

​ဖန့်ချန်က ခေါင်းညိတ်ပြသည်။

​စက္ကူရုပ်ဖြူမည်း နှစ်ရုပ်စလုံးသည် ကျိုးပုဖန်ဆီသို့ လှည့်ကြည့်လိုက်ကြပြီး သူတို့၏ ကိုယ်ရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားကာ ကျိုးပုဖန်၏ ရှေ့တွင် ပြန်လည် ပေါ်လာကြသည်။

​"ဧည့်သည်တော် အရှင်က မင်းတို့ကို ထိုင်ပြီး လက်ဖက်ရည် သောက်ဖို့ ဖိတ်ခေါ်နေတယ်"

​စက္ကူရုပ်ဖြူလေးက ဝတ်ရုံလက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူတောင်းစား တာအိုသမား၏ ရှေ့မှ စားပွဲကဲ့သို့သော လက်ဖက်ရည်စားပွဲများ လူတိုင်း၏ ရှေ့တွင် တစ်ပြိုင်နက် ပေါ်လာသည်။

​"မင်း..."

​ကျိုးပုဖန် စကားပြောရန် ပြင်လိုက်သော်လည်း...

​စက္ကူရုပ်မည်းက ပြုံး၍ ဆိုသည်

"လက်ဖက်ရည် သောက်ပြီးမှ တခြားအကြောင်းတွေ ပြောတာပေါ့ ဧည့်သည်က အိမ်ရှင် စီစဉ်သမျှ လိုက်နာရမယ် ဆိုတဲ့ စည်းကမ်းကို ဧည့်သည်တော်က မသိတာတော့ မဟုတ်ဘူးမလား"

​ထိုစကားထဲမှ ခြိမ်းခြောက်မှု အငွေ့အသက်ကို နားမကြားသောသူပင် ခံစားမိလိမ့်မည်။

​ဝူဝေကျိနှင့် အခြားသူများသည် စက္ကူရုပ်ဖြူမည်းကို စိုက်ကြည့်ရင်း ကျိုးပုဖန်၏ အမိန့်ကို စောင့်နေကြသည်။

​ဤစက္ကူရုပ်နှစ်ရုပ်မှာ ထူးဆန်းနေသော်လည်း သူတို့၏ ဘိုးဘေးမှာမူ ဝိညာဥ်ခွဲဖြာခြင်းအဆင့် ကျင့်ကြံသူဖြစ်သဖြင့် တိုက်ခိုက်မည်ဆိုပါက ကြောက်ရွံ့နေရန် မလိုအပ်ဟု သူတို့ ယူဆနေကြသည်

All Chapters