← Chapters

အခန်း (၂၃၁)

Vol. 24 Ch. 231

အခန်း (၂၃၁)

Vol. 24 Ch. 231

ဤသည်မှာ ဒဏ္ဍာရီလာ အတွေးတစ်ချက်ဖြင့် အမှုကိစ္စ သန်းရှစ်ရာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုသည်က နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အစွမ်းထက်လှသော အချက်ဖြစ်ပြီး အမှုန်အမွှားတစ်ခုစီ၌ မရေမတွက်နိုင်သောအသုံးပြုပုံများရှိနေသည်။ အကယ်၍ ထိုအမှုန်အမွှားများအားလုံးကို စစ်မှန်သော အတ္တအမှုန်အမွှားများအဖြစ်အဆင့်မြှင့်တင်နိုင်ပါက ခန္ဓာကိုယ်အတွင်း၌ အဆင့် ၁ နတ်ဘုရားအဆင့်ကျင့်ကြံသူ သန်းရှစ်ရာတစ်ဆယ်၏ စွမ်းအားကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း မိမိအတ္တပုံရိပ်မှ စစ်မှန်သောအတ္တပုံရိပ်သို့ စတင်ပြောင်းလဲလာချိန်မှစ၍ ထိုသို့သော အဆင့်မြှင့်တင်မှု ဖြစ်စဉ်သည် အလွန်ပင် ခက်ခဲလာခဲ့လေသည်။ ကျုံးရှန်သည် မူလဇစ်မြစ်နတ်ဘုရားသန္ဓေသားကို အသုံးပြု၍ ရှီးရွှယ်ငရဲ၊ အပြစ်ငရဲ၊ နွားမိစ္ဆာငရဲနှင့် မူလအစကမ္ဘာ အစရှိသည့် ကမ္ဘာများ၏ စွမ်းအားကို ရရှိထားပေသည်။ သို့သော်လည်း စစ်မှန်သောအတ္တအမှုန်အမွှားတစ်ရာနီးပါးကိုသာ လင်းလက်လာစေနိုင်ခဲ့သေးပေသည်။

ရှစ်ရာ့တစ်ဆယ်သန်းသော စစ်မှန်သောအတ္တအမှုန်အမွှားများ အားလုံးကို လင်းလက်စေရန် သို့မဟုတ် ထိုထက်ပို၍ အစွမ်းထက်သော အတ္တမဲ့ခြင်းအမှုန်အမွှားများအဖြစ် ပြောင်းလဲရန်အတွက် လိုအပ်သော အခြေခံကမ္ဘာအရေအတွက်သည် နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းများကဲ့သို့ များပြားလှသည်။

အတိတ်အချိန်က နဂါးမဲ့နှလုံးသားကျင့်စဉ်ကိုတီထွင်သည့် နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ထိုကျင့်စဉ်ကိုလေ့ကျင့်စဥ်တွင် ကံကောင်းမှုအများ အပြားရှိခဲ့၏။ သူသည် မိမိ၏ ထူးခြားသောပညာရပ်နှင့် မဟာနတ်ဘုရားသတ်ဖြတ်ခြင်း နည်းစနစ်ကို ပေါင်းစပ်ကာ ကမ္ဘာ့သစ်ပင်၏အပြင်ဘက်ရှိ မရေမတွက်နိုင်သော ဟင်းလင်းပြင်များနှင့် ဆက်သွယ်နိုင်ခဲ့သည်။

ထို့နောက် ထိုဟင်းလင်းပြင်များမှ စွမ်းအားများကို စုပ်ယူခဲ့သလို သူ၏ အစွမ်းဖြင့် ငရဲမဟာကမ္ဘာကြီးတစ်ခုလုံးကို နှိမ်နင်းကာ ငရဲဘုံတစ်ခုလုံးကို သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမှုန်အမွှားများ လင်းလက်လာစေရန်အတွက် အထောက်အပံ့အဖြစ် အသုံးချခဲ့သည်။ ထိုသို့သော အခြေအနေမျိုးရှိခဲ့၍သာ ကောင်းကင်နှင့် မြေကြီးပင် လုယူရန် ခက်ခဲသော ဖန်ဆင်းခြင်း အစွမ်းဖြစ်သည့် နဂါမဲ့နှလုံးသားကျင့်စဉ်ကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။

နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံနှင့်နှိုင်းယှဉ်ပါက တစ်ဖက်ရှိ ကျုံးရှန်အတွက်မူ လျှောက်လှမ်းရမည့် လမ်းမှာ ရှည်လျားနေသေးသည်။ သို့သော်လည်း အကယ်၍ သူသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် ငရဲမဟာကမ္ဘာကြီးကို အပြည့်အဝ ပေါင်းစည်းနိုင်ခဲ့ပါက မကြုံစဖူးသော ထွန်းကားသည့် နတ်ဘုရားအင်ပါယာတစ်ခုကို တည်ထောင်နိုင်ပေလိမ့်မည်။

သက်ရှိအားလုံး၏ ယုံကြည်မှုစွမ်းအားနှင့် ကောင်းကင်တာအို၏ ကံကြမ္မာကို အရယူကာ အထွဋ်အထိပ်သို့ တက်လှမ်းပြီး နဂါးမဲ့နတ်ဘုရားဘုရင်ကို ကျော်လွန်ရန်မှာ မဖြစ်နိုင်သည့်အိပ်မက် မဟုတ်တော့ပေ။

သို့သော် ယခုအချိန်တွင် ကျုံးရှန်သည် သူ၏ကိုယ်ပိုင်လမ်းစဉ်ဖြစ်သည့် ကောင်းကင်ကိုအနိုင်ယူကျော်လွှားခြင်းတာအိုကို အပြည့်အဝ နားမလည်သေး၍ နဂါးမဲ့နှလုံးသားကျင့်စဉ်ကိုသာ အဓိကထား၍ ကျင့်ကြံရန် လိုအပ်နေသည်။ ထို့ပြင် တာ့ဝေထျန်းလုံကျင့်စဉ်၊ ဓာတ်ကြီးငါးပါး ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်နှင့် အခြားသော ကျင့်စဉ်များစွာကိုလည်း အရန်အဖြစ် ကျင့်ကြံထားရမည်ဖြစ်သည်။

ဤသည်ကားကျုံးရှန်၌ အင်အားကြီးလူသားမျိုးနွယ်များ၏ အတွေ့အကြုံများအပေါ် အခြေခံကာ ပညာရပ်ပေါင်းစုံ၏ အားသာချက်များကိုစုစည်းထားသည့် ကျင့်စဉ်များရှိနေခြင်းပင်ဖြစ်သည်။

ယခုအချိန်တွင် ကျုံးရှန်သည် ချောက်နက်ငရဲမိစ္ဆာအရှင်သခင်ဆီမှ ငါးပုံတစ်ပုံသာရရှိထားသော ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ် ကို လေ့လာဆန်းစစ်နေခြင်း ဖြစ်သည်။ ဤကျင့်စဉ်သည် တစ်ဦးတစ်ယောက်တည်း၏ အသိပညာဉာဏ်အလင်းများသာမက ချောက်နက်ငရဲတစ်ခုလုံးရှိ နှစ်ပေါင်းများစွာသော မရေမတွက်နိုင်သည့် အင်အားကြီးငရဲသက်ရှိများ၏ အတွေ့အကြုံဗဟုသုတများကို စုစည်းထားခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်အတွင်း၌ ငရဲဘုံ၏လျှို့ဝှက်ချက်များနှင့် ဆန်းကြယ်သော ကျင့်စဉ်များစွာ ကိန်းအောင်းနေသေးသည်။ ယင်းကို စွယ်စုံကျမ်းတစ်ခုဟု ခေါ်ဆိုလျှင်ပင် မှားမည် မဟုတ်ပေ။

'ဒီချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်က တကယ်ကို ဆန်းကြယ်တာပဲ... လောကမှာ အဆင့်မြင့်ဆုံး ကျင့်စဉ်တွေထဲက တစ်ခုလို့တောင် ဆိုလို့ရတယ်'

'ငရဲကမ္ဘာက သက်ရှိတစ်ယောက်မဟုတ်တဲ့ ငါတောင် အကြမ်းဖျင်း လေ့လာကြည့်တာနဲ့တင် နတ်ဘုရားစွမ်းအင် အချို့ကို နားလည်လိုက်တယ်'

'အင်း...ဒီလိုဆိုတော့လည်း ကောင်းကင်တက်လှမ်းမျှော်စင် ခရီးစဉ်ကိုသွားမယ့်ခရီးအတွက် ဝှက်ဖဲပိုများလာတာပေါ့'

ကျုံးရှန်သည် သူ၏ စိတ်အာရုံအချို့ကို ခွဲထုတ်ကာ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ရှီမင်၊ လီလီဗီတို့နှင့်အတူ ပင်လယ်မိစ္ဆာမြို့တော်အတွင်းသို့ လမ်းလျှောက်ဝင်လာခဲ့လိုက်သည်။

ဤမြို့သည်လည်း ကြီးမားသော မြို့တော်ကြီးတစ်မြို့ ဖြစ်ပြီး အလွန် ကျယ်ဝန်းသော နယ်မြေနယ်နိမိတ်ကိုပိုင်ဆိုင်ထားသည်။ သို့သော် မြို့တွင်းရှိ ဈေးတန်းများနှင့် ဆိုင်များသည် ရှေ့ပိုင်းအထပ်များရှိ ကုန်းမြေတိုက်များလောက် မစည်ကားပေ။ မြို့တော်အတွင်း၌ လူမျက်နှာနှင့် ငါးခန္ဓာကိုယ် ပိုင်ဆိုင်ထားသော ပင်လယ်မိစ္ဆာမျိုးနွယ်ဝင် အများအပြား ရှိနေပြီး ထိုပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များ၏ မျက်နှာပေါ်တွင် သူစိမ်းများအနားမကပ်ရ ဟူသော အမူအရာများ အထင်းသား ပေါ်လွင်နေပေသည်။

ကျုံးရှန်သည် လမ်းတစ်လျှောက် လေ့လာကြည့်လိုက်သောအခါ ဤပင်လယ်မိစ္ဆာမျိုးနွယ်စုဝင်များသည် သာမန် ငရဲမိစ္ဆာသက်ရှိများနှင့် အလွန် ကွဲပြားနေသည်ကို တွေ့ရှိလိုက်ရ၏။ သူတို့သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ ရေသူမျိုးနွယ်စုများနှင့်ပင် ဆင်တူနေလေသည်။

ငရဲကမ္ဘာအတွင်း၌ ခွေးမိစ္ဆာ၊ နွားမိစ္ဆာ၊ မြင်းမိစ္ဆာနှင့် ယခု ကျုံးရှန် အသွင်ပြောင်းထားသော ဆိတ်ချိုမိစ္ဆာ အစရှိသည့် သားရဲနှင့်ဆင်တူသော မျိုးနွယ်စုများ ရှိသော်လည်း ထိုမိစ္ဆာများအားလုံးသည် စစ်မှန်သည့် ငရဲအငွေ့အသက်များကို ပိုင်ဆိုင်ထားကြသည်။

သို့သော် သူ၏မျက်စိရှေ့မှ ဤပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်ထက်တွင်မူ မိစ္ဆာအငွေ့အသက်များအပြင် မှေးမှိန်သော သားရဲစွမ်းအားအငွေ့အသက်များလည်း ရှိနေသည်။ ထိုအငွေ့အသက်များသည်သူတို့၏ ဝိညာဉ်အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်နေခြင်းပင်ဖြစ်သည်။

ကိုးထပ်ငရဲဘုံ ကုန်းမြေတိုက်သည် ပြန်လည် တည်ဆောက်ထားသော ကုန်းမြေ တိုက်ကြီးဖြစ်သဖြင့် အထပ်တိုင်းရှိ မျိုးနွယ်စုများနှင့် တည်နေရာ ချထားမှုများတွင် သတ်မှတ်ထားသော အဓိပ္ပာယ်များ ရှိနေကာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးရှိ ဒြပ်စင်ညီမျှမှုကို ထိန်းညှိထားသည်။

ပထမအထပ်သည် အမျိုးမျိုးသောမိစ္ဆာများ၏စွမ်းအင်များရောနှောနေသဖြင့် အခြေခံအထပ်အဖြစ် သတ်မှတ်နိုင်ပြီး ဒုတိယအထပ်သည် မီးဒြပ်စင် ဖြစ်သည့် ယန်မော်မိစ္ဆာမျိုးနွယ်စုက စိုးမိုးထားသည်။ တတိယအထပ်မှာမူ သစ်သားဒြပ်စင် ဖြစ်ကာ သစ်ပင်မိစ္ဆာမျိုးနွယ်က စိုးမိုးထားပြီး စတုတ္ထအထပ်သည် မြေဒြပ်စင် ဖြစ်သည့် ရွှံ့နွံမိစ္ဆာမျိုးနွယ်၏ နေရပ် ဖြစ်သည်။

ယခု ပဉ္စမအထပ်မှာမူ ရေဒြပ်စင် ဖြစ်သဖြင့် ပင်လယ်မိစ္ဆာမျိုးနွယ်က ထိန်းချုပ်ထားခြင်း ဖြစ်၏။

ကျုံးရှန်သည်ချောက်နက်ငရဲဘုံနှလုံးသားကျင့်စဉ်ကို လေ့လာနေရင်း တစ်ဖက်မှလည်း ငရဲကိုးထပ်၏ တည်ဆောက်ပုံနှင့် ပင်လယ်မိစ္ဆာမြို့တော်၏ ဆူညံသံများကို လေ့လာအကဲခတ်နေသည်။ သူသည် ဒြပ်စင်များနှင့် တာအိုနိယာမများကြားရှိ အပြန်အလှန် အထောက်အကူပြုမှုနှင့် အပြန်အလှန် ဖျက်ဆီးမှုများကိုပင် စတင် စဉ်းစားမိလာသည်။

ဤတည်ဆောက်ပုံများသည် ကိုးထပ်ငရဲဘုံကုန်းမြေတိုက်တစ်ခုလုံး ခိုင်မြဲစေရန်အတွက် သံသရာတစ်ခု ဖန်တီးထားပြီး ကောင်းကင်တာအို၏ သံသရာလည်ပတ်မှုနှင့်လည်း ဆက်နွှယ်မှုအချို့ရှိနေသည်။

ကျုံးရှန်တို့အဖွဲ့သည် မြို့ထဲတွင် လှည့်ပတ်လမ်းလျှောက်နေကြ၏။ ရှီမင်သည် ကျုံးရှန်၏ ညွှန်ကြားချက် မရသေးသဖြင့် ဆဌမအထပ်သို့အလောတကြီး ထွက်မသွားသေးဘဲ ပင်လယ်မိစ္ဆာမြို့တော်ထဲတွင်အေးအေးဆေးဆေးပင် လှည့်လည်ကြည့်ရှုနေခြင်းဖြစ်သည်။

ထိုအခြေအနေကိုကြည့်ကာ ဘေးမှလိုက်ပါလာသည့် လီလီဗီသည် အနည်းငယ် စိုးရိမ်ပူပန်လာလေသည်။

သူတို့လာခဲ့သော လမ်းတစ်လျှောက်အချိန်ကို တွက်ချက်ကြည့်ပါက ယခုအခါ မျှော်စင်ပွင့်ရန် ရက်ပေါင်း နှစ်ဆယ်ပင် မလိုတော့ပေ။ သို့သော်လည်း သူတို့သည် ပဉ္စမအထပ်သို့သာ ရောက်ရှိနေသေးပြီး ထိပ်ဆုံးအထပ်ဖြစ်သော ကိုးထပ်မြောက်သို့ ရောက်ရှိရန်အတွက် နောက်ထပ် လေးထပ် တက်ရဦးမည်ဖြစ်သည်။

အကယ်၍ လမ်းတွင် တစ်ခုခု ဖြစ်ပွားခဲ့ပါက သို့မဟုတ် အင်အားကြီး ရန်သူနှင့် တွေ့၍ ရက်အနည်းငယ် ထပ်မံကြန့်ကြာသွားပါက အချိန်မီတော့မည် မဟုတ်ပေ။

သို့သော်လည်း လွန်ခဲ့သော ရက်များအတွင်း ရှီမင်ပြသခဲ့သည့် သူ၏လျှို့ဝှက်ဆန်းကြယ်မှု၊ အင်အားကြီးမှုနှင့် ကြွယ်ဝချမ်းသာမှုတို့ကြောင့် လီလီဗီ၏ စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့မှုများ ရှိနေလေသည်။

ထို့ပြင် ယခုအချိန်အထိ သူမသည် ကျုံးရှန်၏ တည်ရှိမှုကို ရိပ်မိခြင်း မရှိသေးပေ။ သူမ၏ အစွမ်းသည် မျိုးဆက်သစ်များထဲတွင် ထိပ်သီးစာရင်းဝင်ဖြစ်ပြီး ပါရမီ ထူးချွန်သဖြင့် မိန်းမော်မိစ္ဆာမျိုးနွယ်စု၏ အလေးပေး မြေတောင်မြှောက်ပေးခြင်းကို ခံရကာ ငရဲဘုံ၏ ထိပ်တန်းနတ်ဘုရားမ ဆယ်ဦးထဲတွင်ပင် ပါဝင်သည်။ သို့သော်လည်း သူမ၏အခြေခံသည် အားနည်းနေသေးကာ ငရဲမိစ္ဆာအိုကြီးများ၏ အဆင့်ကိုမမှီသေးဘဲရှိ နေလေသည်။

ယခုတစ်ကြိမ် ကျုံးရှန်နှင့် တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံရခြင်းသည် သူမအတွက်ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား ဆိုသည်ကို မည်သူမျှ မသိရှိနိုင်ပေ။

သူမတို့လေးဦးထဲတွင် စိတ်အေးအေးအထားနိုင်ဆုံးသူသည် ဂရုခ်ပင် ဖြစ်သည်။ သူသည် လွန်ခဲ့သောရက်များအတွင်း စားစရာ၊ သောက်စရာ ရှိနေသဖြင့် အလွန် ပျော်ရွှင်နေ လေသည်။ ကျုံးရှန်အနေဖြင့်လည်း ယခုအချိန်သည် ဂရုခ်ကို ပျိုးထောင်ရန် မသင့်တော်သေးသဖြင့် မျှော်စင်တက်ပြီးမှသာ သူ့ကို အသေအချာ လေ့ကျင့်ပေးရန် ဆုံးဖြတ်ထားသည်။

သူတို့အားလုံးသည် ကိုယ်စီ အတွေးများဖြင့် လမ်းလျှောက်နေကြစဉ် ဖော်ပြ၍မရသော ပျင်းရိငြီးငွေ့မှုတစ်ခုကို ခံစားလိုက်ရသည်။

ထိုအချိန်သည် သူတို့အဖွဲ့ သာမန် လမ်းမတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သောအခါတွင်ဖြစ်၏။ ရုတ်တရက် ပတ်ဝန်းကျင်မြင်ကွင်းများပြောင်းလဲသွားပြီး ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ရေမျက်နှာပြင်ကဲ့သို့ လှိုင်းထလာကာ အလွန် ထူးဆန်းသောဝေဝါးမှုကို ခံစားလိုက်ရသည်။

ထို့နောက်သူတို့ရှေ့ရှိ မြင်ကွင်းသည် လုံးဝ အစားထိုးခံလိုက်ရကာ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားကြ၏။ လီလီဗီတို့အဖွဲ့သည် ခမ်းနားထည်ဝါလှသော ပင်လယ်ရေအောက် မိစ္ဆာနန်းတော်ကြီး တစ်ခုအရှေ့၌ပေါ်လာလေသည်။

ထိုနန်းတော်ကြီးသည် ကျောက်ဆောင်များကို ထွင်းထုထားသကဲ့သို့ မည်းနက်နေပြီး နန်းတော်ပေါ်တွင် မရေမတွက်နိုင်သော ပုလဲလုံးကြီးများဖြင့် အလှဆင်ထားကာ ရောင်စုံအလင်းတန်းများ ဖြာထွက်နေသော ကမာခွံများသည် အလင်းမီးတိုင်များအဖြစ် ရှိနေလေသည်။

ရုတ်တရက် ရေပူဖောင်းများ တိုးထွက်လာပြီး ထိုပင်လယ်ရေအောက် မိစ္ဆာနန်းတော်ကြီးမှ ငါးမန်းအရေခွံသံချပ်ကာများ ဝတ်ဆင်ထားသော ပင်လယ်မိစ္ဆာ စစ်သည်အုပ်စု တန်းစီ၍ ထွက်လာကြသည်။ ထိုစစ်သည်များ၏ နောက်ကွယ်တွင် အလွန် လှပသော ပင်လယ်မိစ္ဆာ အမျိုးသမီးတစ်စုလိုက်ပါလာကာ ရဲရင့်သော သီချင်းများကို ဟစ်ကြွေး သီဆို‌နေကြ၏။

ထို့နောက်တွင် ရွှေချည်ထိုး ဝတ်စုံများ ဝတ်ဆင်ထားသော ပင်လယ်မိစ္ဆာအိုကြီးများသည် အစေခံများ ခြံရံလျက် ထွက်လာကြလေသည်။

"ဧကရာဇ်ရဲ့ အမိန့်တော်အရ မြင့်မြတ်တဲ့ ဧည့်သည်တော်တွေကို ပင်လယ်မိစ္ဆာနန်းတော်ဆီ ဖိတ်ကြားလိုက်ပါတယ်"

"ဧည့်သည်တော်တို့... အခုလို ရုတ်တရက် အနှောင့်အယှက် ပေးမိသွားတာ ခွင့်လွှတ်ပါ.."

"ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ဧကရာဇ်က ဧည့်သည်တော်တို့နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့ တွေ့ဆုံဖို့ ဖိတ်ကြားလိုက်တာပဲဖြစ်ပါတယ်"

ထိုပင်လယ်မိစ္ဆာ အရာရှိအိုများသည် အလွန် ယဉ်ကျေးပျူငှာကြကာ သူတို့၏ပြောပုံဆိုပုံနှင့် လုပ်ကိုင်ဆောင်ရွက်မှု အစဉ်အလာများသည် စည်းစနစ်ကျရှိနေသည်။ ဤသည်မှာ ငရဲဘုံ၏ စရိုက်လက္ခဏာနှင့် လုံးဝ မတူဘဲ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ အင်ပါယာကြီးများ၏ ပုံစံနှင့် ပို၍ ဆင်တူနေသည်။

All Chapters