← Chapters

အခန်း (၂၃၈)

Vol. 24 Ch. 238

အခန်း (၂၃၈)

Vol. 24 Ch. 238

"သွားတော့... ငါ အခုကျင့်ကြံတော့မယ်..."

ကျုံးရှန်၏ မျက်နှာသည် ဝမ်းသာဝမ်းနည်း အမူအရာ ကင်းမဲ့နေလျက် လိုအပ်သည်များကို မှာကြားပြီးသောအခါ ရှီမင်ကို ထွက်ခွာသွားစေလိုက်သည်။

ရှီမင်ထွက်ခွာသွားလျှင် သူသည်အခန်းငယ်တစ်ခုအတွင်းသို့ဝင်လိုက်ကာ ရှန်လုံတာအိုဆရာသခင်၏ ဖျာကို ထုတ်ယူလိုက်သည်။

ထို့နောက်ထိုဖျာပေါ်တွင် တင်ပလ္လင်ချိတ်ထိုင်လိုက်ပြီး တာအိုသိမြင်ခြင်း ဉာဏ်အလင်းပွင့် ခေါင်းလောင်းကို ဦးခေါင်းအထက်တွင်ထွက်ပေါ်စေလိုက်သည်။

ရှန်လုံတာအိုဆရာသခင်၏ လောကပယ်ဖျောက်ခြင်း ဖျာ။

ဤဖျာသည် ကံတရားအကျိုးဆက်များကို ဖုံးကွယ်ပေးနိုင်ရုံသာမက ကျင့်ကြံသူ၏ ဉာဏ်အလင်းပွင့်ရာ‌တွင်လည်း အထောက်အကူပြုသည်။

တာအိုသိမြင်ခြင်းဥာဏ်အလင်းပွင့်ခေါင်းလောင်းမှ အသိဉာဏ်ပွင့်လင်းစေသည့် အလင်းတန်းများထွက်ပေါ်လာသည်။ ထိုအလင်းတန်းများသည်ကျုံးရှန်ထိုင်‌နေသည့် အခန်းငယ်လေးအတွင်း၌ စုစည်းသွားပြီး မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာကာ သူ၏ ဦးခေါင်းအတွင်းသို့ တိုက်ရိုက် စီးဝင်သွားကြသည်။

ဤကဲ့သို့သော ထူးခြားသည့် ပတ်ဝန်းကျင်မျိုး၌ ကျင့်ကြံနိုင်ခြင်းဟူသည်မှာ မကြားဖူးလောက်အောင်ပင် ဆန်းပြားလှ၏။

ကျုံးရှန်သည် မျက်လုံးများကို မှိတ်လိုက်ကာ သူ၏ကျင့်ကြံခြင်းနည်းစနစ်နှင့် မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်ကို ဆက်လက်ဆင်ခြင်ရန် ပြင်လိုက်သည်။ ထိုအချိန်၌ပင် စူးရှသော အချက်ပေးသံတစ်ခုက သူ၏ အာရုံကို ဖြတ်တောက်လိုက်လေသည်။

[တင်... နတ်ဘုရားတစ်သောင်းဖြစ်ရပ်မှတ်တမ်း၏ အဆင့်မြင့် တာဝန်တစ်ခုကို စတင်လိုက်ပါပြီ။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ထိပ်ဆုံးသို့ တက်လှမ်းရမည်ဖြစ်သည်။ ဆုလာဘ်အဖြစ် သက်တမ်း တစ်သောင်း၊ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်တစ်ခု၊ မဟာတာအိုအဆင့် ကံစမ်းမဲ ၅ ကြိမ်နှင့် လွတ်မြောက်ခြင်းအဆင့် ကံစမ်းမဲ ၁ ကြိမ် ရရှိမည် ဖြစ်သည်။]

[အဆင့်သစ်ဖြစ်သော လွတ်မြောက်ခြင်းအဆင့် ဆုလာဘ်ကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်။]

ဤအချက်ပေးသံသည် ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သဖြင့် ကျုံးရှန်ပင် အံ့အားသင့်သွားရသည်။

ကျုံးရှန်၏မူလရည်ရွယ်ချက်ဖြစ်သည့် မျှော်စင်တက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ခန္ဓာကိုယ် ကန့်သတ်ချက်များကို ချိုးဖျက်ရန်နှင့် မျှော်စင်၏ ထိပ်ဆုံး၌ ကောင်းကင်ဘုံသို့သွားရန် သဲလွန်စ ရှိ၊ မရှိကို စူးစမ်း လေ့လာရန်သာ ဖြစ်သည်။

ရှေးဟောင်းကာလများတွင် ကောင်းကင်ဘုံသည် ဧကရာဇ်များနှင့် နတ်ဘုရားဘုရင်များ၏ ကောင်းကင်နန်းတော်အဖြစ် အသုံးပြုခဲ့ခြင်းခံခဲ့ရသည်။ ယင်းသည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီး၏ ကောင်းချီးပေးခံရသည့် မြင့်မြတ်သော ကျင့်ကြံရာ နယ်မြေလည်း ဖြစ်ခဲ့၏။

ထိုနေရာကို ပိုင်ဆိုင်သူသည် ဝမ်ရှန့်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်နိုင်သော အခြေခံကို ရရှိမည် ဖြစ်သည်။

ထို့အပြင် ကောင်းကင်နန်းတော်အတွင်း၌ ဝမ်ရှန့်နတ်ဘုရားကုန်း‌မြေတိုက်တွင်ပျောက်ကွယ်သွားပြီဖြစ်သော အမွေအနှစ်များနှင့် ရတနာများစွာ ရှိနေသေးသည်။ ထိုရတနာများနှင့်အမွေအနှစ်များသည် နတ်ဘုရားမင်းဆက်အဆက်ဆက်၏ ဧကရာဇ်တစ်ဦးစီချန်ထားခဲ့သော အထွတ်အထိပ်အဆင့်ပစ္စည်းများနှင့် အမွေအနှစ်များဖြစ်သည်။

မတူညီသည့်ဧကရာဇ်တစ်ဦးစီ၏ မတူညီသောအမွေအနှစ်ရတနာများ။

ထိုအရာများသာမက ဧကရာဇ်အဆက်ဆက် ချန်ထားရစ်ခဲ့သော စစ်လက်နက်များ၊ ဆေးဝါးများနှင့် စွမ်းအားများကို စုပ်ယူနိုင်သော ထူးခြားသည့် ရတနာများလည်း ရှိနိုင်ချေ ရှိလေသည်။

အရေးကြီးဆုံးအချက်မှာ ထိုနေရာတွင် ထူးခြားသော ခန္ဓာကိုယ်အမျိုးအစား တစ်မျိုး ရှိနေခြင်းပင် ဖြစ်၏။ အကယ်၍ ကျုံးရှန်သာ ယင်းနှင့် ပေါင်းစပ်နိုင်ပါက သူ၏ ခန္ဓာကိုယ်သည် မဟာတာအိုအဆင့်သို့ တက်လှမ်းသွားမည်ဖြစ်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကံတရားကျိန်စာသည်လည်း သူ့ကို ဆက်လက်၍ ဖိနှိပ်နိုင်တော့မည် မဟုတ်ပေ။

တာဝန်များကို မပေးအပ်သည်မှာ ကြာပြီဖြစ်သော စနစ်က ယခုကဲ့သို့ ကြီးကျယ်သော ဆုလာဘ်များကို ချီးမြှင့်လာလိမ့်မည်ဟု ကျုံးရှန်တစ်ယောက် ထင်မထားခဲ့ချေ။

သူအနေဖြင့်လည်း စနစ်မှ ပေးအပ်လာမည့် ဆုလာဘ်များကိုလည်း ငြင်းပယ်မည်မဟုတ်။

အထူးသဖြင့် မဟာတာအိုအဆင့်ထက် မြင့်မားသောလွတ်မြောက်ခြင်းအဆင့် ဟူသည့် ဆုလာဘ်သည် တစ်လောကလုံးကို လွှမ်းမိုးနိုင်သည့် စွမ်းအားမျိုး ရှိနိုင်ပေသည်။

ကောင်းကင်မျှော်စင် ဖွင့်လှစ်ခြင်းသည် ငရဲဘုံတစ်ခုလုံးအတွက် ကြီးကျယ်သော ကိစ္စတစ်ခု ဖြစ်ရာ အစွမ်းထက်သူ များစွာသည် လာရောက်ကြပေလိမ့်မည်။ ကျုံးရှန်သာ မျှော်စင်ထိပ်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့လျှင် ယင်းသည် ငရဲဘုံရှိ အစွမ်းထက်သူများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်မည်။

ထို့နောက်တွင် မျှော်စင်ထိပ်၌ ကောင်းကင်ဘုံသို့သွားသည့် လမ်းကြောင်း ရှိမနေခဲ့ပါက ကျုံးရှန်တစ်ယောက်အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုလည်း ခံရနိုင်ချေရှိသည်။ သူ၏လက်ရှိ စွမ်းအားဖြင့် ဆိုလျှင် မဟာမိစ္ဆာအရှင်သခင်ကြီး တစ်ဦးတည်းကိုပင် ခက်ခဲစွာ ရင်ဆိုင်နေရခြင်း ဖြစ်ရာ ဝိုင်းဝန်းတိုက်ခိုက်ခံရပါက အသက်အန္တရာယ်ပင် ရှိနိုင်သည်။

သို့သော်လည်း ကျုံးရှန်၏ ကောင်းကင်ကို ကျော်လွှားအနိုင်ယူခြင်း တာအို၌ ကြောက်ရွံ့ခြင်းဟူ၍ မရှိချေ။ သူသည် နှစ်ပေါင်း တစ်သန်းတိုင်တိုင် လောကကို ရှောင်ခွာခဲ့ပြီး ဖြစ်ရာ ယခုအချိန်တွင် အသက်ရှင်ခြင်းနှင့် သေခြင်းကို ဂရုမစိုက်တော့ပေ။

သို့ဖြစ်ရာ ကျုံးရှန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး မျက်စိမှိတ်ကာ တွေးတောဆင်ခြင်ခြင်း၌ နှစ်မြှုပ်နေလိုက်သည်။

အထူးသဖြင့် မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်၏ စွမ်းအင်အနည်းငယ်မျှကိုထုတ်ဖော်နိုင်ပါက ကောင်းကင်တက်လှမ်းမျှော်စင်တက်ရန်အတွက် ကြီးမားသောဝှက်ဖဲတစ်ခုရှိလာမည်ပင် ဖြစ်၏။

....

ငရဲမဟာကမ္ဘာကြီး၏ ဟင်းလင်းပြင် အတွင်း၌။

ဦးခေါင်းကိုးလုံးရှိသော အနက်ရောင် ဝိညာဉ်ငှက်များ ပြေးဆွဲသည့် ကြီးမားလှသော နန်းတော်ကြီးတစ်ခု ဖြည်းညှင်းစွာ ရွေ့လျားနေသည်။

ထိုဝိညာဉ်ငှက်များ၏ အရွယ်အစားသည် အလွန်ကြီးမားလှပြီး ယင်းတို့၏ မျက်လုံးများထဲတွင် အေးစက်သော ဝိညာဉ်မီးလျှံများ တောက်လောင်နေ‌လေသည်။ သူတို့၏ အရှိန်အဝါသည်ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် ပျက်စီးသွားစေသည်။ဤသည်က ထိုငှက်များ၌အနည်းဆုံးအနေနှင့် နတ်ဘုရားအဆင့်ရှိ မိစ္ဆာအရှင်သခင်များ၏ အစွမ်းရှိနေကြောင်းဖော်ပြနေသည်။

မိစ္ဆာအရှင်သခင် အဆင့်ရှိသော ငှက်ကိုးကောင်ကို ရထားလုံးဆွဲရန် အသုံးပြုထားသည်ကို ကြည့်ခြင်းဖြင့် ထိုနန်းတော်၏ ပိုင်ရှင်သည် မည်မျှ အစွမ်းထက်မည်ကို ခန့်မှန်းနိုင်သည်။ နန်းတော်ကြီးသည် ဧရာမကြယ်ကြီးတစ်လုံးကဲ့သို့ ကြီးမားပြီး အတွင်း၌ ဥယျာဉ်များ၊ မြစ်ချောင်းများနှင့် တောင်တန်းများ ရှိနေ၏။

ထို့ပြင် နန်းတော်ကြီးမှထုတ်လွှတ်နေသောမိစ္ဆာအငွေ့အသက်များသည်လည်း ကိုးထပ်မြောက် ကုန်းမြေတိုက်ရှိ အကောင်းဆုံး နေရာများကဲ့သို့ပင် ထူထပ်လှသည်။

ယခုအခါ ဤနန်းတော်ကြီးသည် ကိုးထပ်မြောက် ကုန်းမြေတိုက်သို့ ဦးတည်၍ ခရီးနှင်နေခြင်း ဖြစ်၏။

နန်းတော်၏အမြင့်ဆုံးနေရာရှိ မျှော်စင်ထက်၌ ကချေသည် အမျိုးသမီး များစွာ ကပြဖျော်ဖြေနေကြပြီး မျှော်စင်၏ အောက်ခြေတွင် မိစ္ဆာအငွေ့အသက်များဖြင့် မြူဆိုင်းနေကာ မှော်ဆန်သောမြင်ကွင်းတစ်ခုကိုဖန်တီးထားသည်။

''သခင်... နောက်ထပ် တစ်ရက်ကြာရင် ပထမထပ် ကုန်းမြေတိုက်ကို ရောက်ပါတော့မယ်..."

''အခု သခင့်ရဲ့ နတ်ဘုရားကျင့်စဉ်က အောင်မြင်သွားပြီဆိုတော့ အစစ်အမှန် မိစ္ဆာနတ်ဘုရား အဆင့် ၃ အထွတ်အထိပ်ဖြစ်သွားပါပြီ..."

"မျှော်စင်ရဲ့ ထိပ်ဆုံးကို တက်လှမ်းပြီး တခြားသူတွေအားလုံးက သခင့်အတွက် စွမ်းအင်အရင်းအမြစ် ဖြစ်လာမှာပါ..."

"အဲဒီအချိန်ကျရင် လျန့်ယွီ မိစ္ဆာအရှင်ကို အရင်က အကြွေးတွေ တောင်းလို့ ရပြီ..."

လှပသော အမျိုးသမီးတစ်ဦးသည် အဆောင်ငယ်တစ်ခုအတွင်း၌ အမျိုးသား တစ်ဦး၏ ပုခုံးကို နှိပ်နယ်ပေးရင်း ပြောကြားလိုက်၏။

ထိုလူ၏ မျက်နှာသည် ထက်ရှတည်ကြည်နေပြီး သူသည် ခြေထောက်ကို ချိတ်ကာ ထိုင်နေသည်။ သူ၏ ပေါင်ပေါ်တွင် မိစ္ဆာအမှတ်အသားများ ပါရှိသည့် ဓားရှည်တစ်လက်ကို တင်ထားသည်။ သူသည် မည်သည့် စွမ်းအားကိုမျှ ထုတ်ဖော်ထားခြင်းမရှိသော်လည်း သူ၏ပတ်ဝန်းကျင်၌ ထက်ရှသော ဓားအရှိန်အဝါများလှည့်ပတ်နေသည်။

သူ၏ ပုခုံးကို နှိပ်ပေးနေသော အမျိုးသမီးသည် နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး မဟုတ်ခဲ့ပါက ထိုဓားအရှိန်အဝါများကြောင့် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သွားပေလိမ့်မည်။

အမျိုးသမီး၏ စကားအဆုံးတွင် သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါ့ပါးသွားကာ ရှေ့မှ မြင်ကွင်းများဝေဝါးသွားသလို ခံစားလိုက်ရသည်။ ထို့နောက်သူမ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ပြတ်တောက်သွားကာ မြေပြင်ပေါ်သို့ ကျဆင်းသွား၏။

ပတ်ဝန်းကျင်တစ်ခုလုံး၌ ဓားအရှိန်အဝါများ ဖုံးလွှမ်းသွားသည်။

ထိုင်နေသော အမျိုးသားသည် သူ၏မျက်လုံးကို ဖွင့်လိုက်လျှင် ရှေ့ရှိ ကချေသည် အမျိုးသမီးများသည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ အသားစများအဖြစ်သို့ ပြောင်းလဲသွားကာ ရေကန်အတွင်းသို့ ကျဆင်းသွား၏။

"နောက်တစ်ခါ စကားများဦးမယ်ဆိုရင် မင်းကို ငါ့ရဲ့ ဓားဝိညာဉ်အတွက် ယဇ်ပူဇော်လိုက်မယ်..."

"ဒီလောကမှာ ငါ ဂူကျဲထူ ရဲ့မိစ္ဆာသတ်ဖြတ်ခြင်း ဓားကို တားဆီးနိုင်တဲ့သူ မရှိဘူး..."

သူ၏ အသံသည် အလွန်ပင် အေးစက်လှသဖြင့် မည်သည့် ခံစားချက်မျှ မရှိသကဲ့သို့ပင် ဖြစ်သည်။

မြေပြင်ပေါ်ရှိ အပိုင်းပိုင်းပြတ်တောက်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန်လည် စုစည်းသွားပြီး အမျိုးသမီး၏ ပုံစံသို့ ပြောင်းလဲသွားသည်။ သူမသည် မျက်နှာ ဖြူလျော်နေလျက် ဒူးထောက်ကာ အသနားခံလိုက်၏။

"ကျွန်တော်မျိုးမ မှားသွားပါတယ်... သခင်..."

"အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

သူမသည် တုန်လှုပ်လွန်းသဖြင့် လဲကျလုနီးပါးပင် ဖြစ်နေသည်။

နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးကို ထိုမျှအထိ ကြောက်ရွံ့အောင် ပြုလုပ်နိုင်ခြင်းသည် အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှသည်။

All Chapters