← Chapters

အခန်း (၂၃၂)

Vol. 24 Ch. 232

အခန်း (၂၃၂)

Vol. 24 Ch. 232

ပင်လယ်မိစ္ဆာဧကရာဇ်၏ ရုတ်တရက် ဖိတ်ကြားမှု...။

ဤသည်ကား တစ်စုံတစ်ခုကို တောင်းဆိုလိုခြင်း သို့မဟုတ် တစ်စုံတစ်ရာသော အခြေအနေကြောင့် ဖြစ်ပေလိမ့်မည်။

ချောက်နက်ငရဲအရှင်သခင်နှင့် သိရှိပြီးနောက် ကျုံးရှန်သည် ငရဲဘုံရှိ အင်အားကြီးများအား ပြန်လည်သုံးသပ်နေမိသည်။ ထိုမိစ္ဆာအိုကြီးများသည် တစ်ဦးထက်တစ်ဦး ဉာဏ်များကြသကဲ့သို့ နက်နဲသော အကြံအစည်များ ရှိကြရာ မည်သူ့ကိုမျှ လှည့်စားရန် မလွယ်ကူချေ။

သို့သော်လည်း ကျုံးရှန်တွင် စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိပေ။ သူသည် မျှော်စင်တက်ရန်သာမက ထိပ်ဆုံးသို့ ရောက်ရှိရန်ပါ ဆုံးဖြတ်ထားသူ ဖြစ်သည်။ အထွတ်အထိပ်သို့ တက်လှမ်းနိုင်သရွေ့ ထိုမိစ္ဆာအရှင်သခင်များ မည်သို့ပင် အကွက်ချစီစဉ်ထားစေကာမူ ကျုံးရှန်၏ အမွှေးတစ်ပင်ကိုမျှ ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။

အကယ်၍ မျှော်စင်ထိပ်သို့ မရောက်နိုင်ခဲ့လျှင်ပင် သူ၏ ဝှက်ဖဲများဖြင့် အဆင့် ၃ အထွတ်အထိပ် အစစ်အမှန်မိစ္ဆာနတ်ဘုရားဖြစ်သည့် မိစ္ဆာအရှင်သခင်ကြီးများကို ရင်ဆိုင်နိုင်စွမ်း ရှိနေသေးသည်။

ထို့အပြင် ထောင်ချောက်တစ်ခု အမှန်တကယ် ရှိနေပါမူ ထိုသည်က ကျုံးရှန်အတွက် ဘေးဒုက္ခတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုဘေးဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့ပါက သေချာပေါက် အကျိုးအမြတ် တစ်ခုခု ရရှိနိုင်မည်ဖြစ်သည်။

စစ်မှန်သော အင်အားကြီးသူများသည် ဘေးဒုက္ခများကို မည်သည့်အခါမျှ မကြောက်ရွံ့ကြပေ။ အခက်အခဲများကို ဖြတ်ကျော်ချိုးဖောက်နိုင်မှသာ ပိုမိုသန်မာအင်အားကြီးမားလာမည်ဖြစ်ပြီး လောကကြီးတွင် နာမည်တစ်လုံးချန်ထားနိုင်ခဲ့ပေမည်။

ကျုံးရှန်သည် ထိုအချက်အားလုံးကို အသေအချာ နားလည်ထားသည်။ သူသည် ပရိယာယ်များကို ထိုးဖောက် သိမြင်ရန် မလိုအပ်ဘဲ ထိုပရိယာယ်များကို တိုက်ရိုက်ချိုးဖျက် ကျော်ဖြတ်ရန်သာလိုအပ်နေခြင်းဖြစ်သည်။

ယခု ပင်လယ်မိစ္ဆာဧကရာဇ်သည် သူတို့ကို အဘယ်ကြောင့် ရုတ်တရက် ဖိတ်ကြားသည်ကိုမူ မသိရသေးချေ။ ငရဲဘုံအတွင်း၌ စူးစမ်းစရာ နေရာများစွာ ရှိနေသေးသကဲ့သို့ ဖန်ဆင်းခြင်းမိစ္ဆာဥ၏ အရည်များကိုလည်း ကျုံးရှန်တစ်ယောက် စိတ်ဝင်စားနေသည်။

လက်ရှိတွင် ကျုံးရှန်၏ အမိန့် မရသဖြင့် ရှီမင်သည် ထိုပင်လယ်မိစ္ဆာ အရာရှိအိုများ၏ဖိတ်ခေါ်မှုကို အလွယ်တကူ သဘောမတူဘဲ နေရာတွင်ပင်ရှိနေလေသည်။ သူ သဘောမတူသဖြင့် လီလီဗီသည်လည်း မလှုပ်ရဲဘဲ ဖြစ်နေကာ သူတို့အဖွဲ့သည် ထိုနေရာတွင်ပင် ရပ်တန့်နေကြ၏။

ပင်လယ်မိစ္ဆာ အရာရှိအိုကြီးများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သည့်အပြုအမူမျှ မလုပ်ရဲကြချေ။ ပင်လယ်မိစ္ဆာဧကရာဇ်သည် ထိုလူများကို မည်သည့်နည်းနှင့်မျှ မစော်ကားမိစေရန် အကြိမ်ကြိမ် မှာကြားထားလေသည်။ ထို့ကြောင့် အရာရှိအိုကြီးများသည် ရှီမင်တို့ကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေကြရလေသည်။

ရှီမင်ကမူ ပတ်ဝန်းကျင်ကိုသာ ကြည့်နေပြီး ဘာမှ မသိသလို ဟန်ဆောင်နေ၏။

'ငါ မရှက်သရွေ့... ရှက်ရမှာက တခြားလူတွေပဲ...'

မိနစ်အနည်းငယ် ကြာပြီးနောက် ပင်လယ်မိစ္ဆာနန်းတော်အတွင်းမှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ကျယ်ဝန်းသော တံခါးဝတစ်ခုလုံး လင်းထိန်သွားသည်။ ထို့နောက်တံခါးအတွင်းမှ တောက်ပသော ဝဲကရက်တစ်ခု ထွက်ပေါ်လာပြီး နဂါးပုံပါသော ဝတ်ရုံနက်ကို ဝတ်ဆင်ထားသူ တစ်ဦး ထွက်လာသည်။ သူ၏ ဦးခေါင်းထက်တွင် ပုလဲများ ပါဝင်သော သရဖူကို ဆောင်းထားပြီး တည်ကြည်ခန့်ညားကာ သနားကြင်နာတတ်သော အမူအရာရှိနေသည်။

သူ၏ ခန္ဓာကိုယ် အောက်ပိုင်းသည်လည်း လူသားပုံစံသို့ ပြောင်းလဲထားပြီးဖြစ်ရာ လူသားတစ်ဦးနှင့် မခြားနားချေ။

လူသားမျိုးနွယ်သည် အများအားဖြင့် သာမန်ပါရမီသာ ရှိကြသော်လည်း သက်ရှိသတ္တဝါအားလုံးတို့တွင် ဉာဏ်အကောင်းဆုံးဖြစ်ကာ အလွန် အားကောင်းလှသောမျိုးပွားနိုင်စွမ်းကိုပိုင်ဆိုင်ထားသည်။ လူသားတစ်ဦးစီ၏ ပါရမီသည် ကောင်းကင်တာအို၏ လူသားမျိုးနွယ်အပေါ် ခတ်နှိပ်ထားသော အချုပ်အနှောင်ကန့်သတ်ချက်များသာ ဖြစ်သည်ဟုပင် အချို့က ဆိုကြပေသည်။ ထို့ကြောင့် မိစ္ဆာများနှင့် သားရဲများသည် လူသားပုံစံသို့ ပြောင်းလဲကာ လှည့်လည်သွားလာလေ့ ရှိကြပြီး တိုက်ပွဲဝင်ချိန်မှသာ သူတို့၏ မူလမိစ္ဆာခန္ဓာကိုယ်ကို ထုတ်ဖော်ကြခြင်း ဖြစ်သည်။ ထိုသို့ဖြင့် လူသားပုံစံသည် သူတို့၏စွမ်းအင်အများစုကို အသုံးမပြုနိုင်ရန်ကန့်သတ်ထားလေသည်။

ထွက်ပေါ်လာသည့်နဂါးပုံပါသောဝတ်ရုံနက်ကိုဝတ်ဆင်ထားသူသည် ပင်လယ်မိစ္ဆာဧကရာဇ်ပင် ဖြစ်၏။ သူသည် ထွက်ပေါ်လာချင်းပင်လျှင် ကျယ်လောင်စွာ ပြောလိုက်သည်။

"မင်းတို့က တကယ်ကို သတိကြီးတာပဲ..."

"ငါက မင်းတို့ကို အသက်ကယ်နိုင်မယ့်အရေးကြီး သတင်းစကားတစ်ခုပေးဖို့ ဖိတ်ခေါ်လိုက်တာပါ..."

သူသည် တည်ကြည်သော မျက်နှာထားဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပြီး ကျုံးရှန် အသွင်ပြောင်းထားသော ဆိတ်ချိုမိစ္ဆာလေးကိုလည်း တစ်ချက် ကြည့်လိုက်သည်။

"အို... အသက်ကယ်သတင်း ဟုတ်လား..."

ထိုသို့ မြင်လျှင် ကျုံးရှန်သည် ရှီမင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး... ငါ့နောက်ကို လိုက်ခဲ့ပါ..."

ပင်လယ်မိစ္ဆာဧကရာဇ်က ထပ်မံ ပြောကြားပြီးနောက် နန်းတော်အတွင်းသို့ လှည့်ဝင်သွားလေသည်။ ထိုစကားကို သူသည် ရှီမင်အား ပြောလိုက်ခြင်း ဖြစ်သော်လည်း ကျုံးရှန်က ရှီမင်ကို ထိန်းချုပ်နေကြောင်း သိရှိနေပုံရသည်။ ကျုံးရှန်သည်လည်း ရှီမင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ နန်းတော်ထဲသို့ ဝင်သွားလိုက်သည်။ သူ၏ မူလကိုယ်နှင့် လီလီဗီ၊ ဂရုခ်တို့မှာမူအပြင်တွင် ကျန်ရစ်ခဲ့လေသည်။

ပင်လယ်မိစ္ဆာမျိုးနွယ်စုသည် ဟင်းလင်းပြင်ကို ထိန်းချုပ်ရာတွင် အလွန် ကျွမ်းကျင်ပုံရ ၏။ ဥပမာအားဖြင့် ကျုံးရှန်တိ့အဖွဲ့သည် လမ်းပေါ်တွင် လျှောက်နေစဉ် ရုတ်တရက် အချိန်နှင့် ဟင်းလင်းပြင် ပြောင်းလဲသွားကာ နန်းတော်ရှေ့သို့ ရောက်လာခြင်းမျိုးပင် ဖြစ်သည်။ ပင်လယ်မိစ္ဆာမြို့တော်ကြီးတစ်ခုလုံးသည် လိပ်နက်တစ်ကောင်ပင်လယ်မှထွက်လာသည့် မြေအနေအထားအဖြစ် ပြုပြင်ထားပြီးအလွန် ရှုပ်ထွေးသော အစီအရင်များချထားသည်ကို ကျုံးရှန် တွေ့ရှိခဲ့ပြီးဖြစ်သည်။ ထိုအစီအရင်များထဲတွင် မြို့စောင့်အစီအရင်များသာမက ဟင်းလင်းပြင် ချိတ်ဆက်မှုများစွာလည်း ပါဝင်နေသည်။

ပင်လယ်မိစ္ဆာနန်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့် ကျုံးရှန်သည် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ တစ်ဖန် သွေဖယ်သွားကြောင်း ခံစားလိုက်ရသည်။ ထို့နောက်မျက်စိတစ်မှိတ်အတွင်း သူသည် နေရောင်ခြည် ဖြာကျနေသော ရွှေရောင် သဲသောင်ပြင်တစ်ခုပေါ်သို့ ရောက်ရှိသွားလေသည်။ သူသည် စိမ်းပြာရောင် ပင်လယ်နှင့် ပြာလွင်သော ကောင်းကင်ကြီးရှိသည့် ရွှေရောင်သောင်ပြင်အတွင်း၌ရပ်နေခြင်း ဖြစ်သည်။

ကမ်းခြေတွင် မြင့်မားသော အုန်းပင်များ ရှိနေပြီး နွေးထွေးသော နေရောင်ခြည်သည် လူကို ပျင်းရိငြီးငွေ့စေကာ အိပ်ချင်စိတ် ပေါက်လာစေသည်။

ပင်လယ်မိစ္ဆာဧကရာဇ်သည် ကမ်းခြေတွင် လက်ကို နောက်ပစ်ကာ ရပ်နေပြီး ဝေးကွာလှသော ပင်လယ်ပြင်ကို လှမ်းကြည့်နေ၏။

"ဒီမှာ တခြားလူ မရှိဘူး... မင်းလည်း ဟန်ဆောင်နေဖို့ မလိုတော့ဘူး..."

ပင်လယ်မိစ္ဆာဧကရာဇ်၏ ကြည်လင်သော အသံသည် ပင်လယ်လှိုင်းသံများနှင့်အတူ ထွက်ပေါ်လာသည်။

"ဧကရာဇ် ဆိုလိုတာကို... ကျွန်တော် နားမလည်ပါဘူး..."

ကျုံးရှန်က ဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။

"ဟားဟား... မင်းက တကယ်ကို သတိကြီးတာပဲ..."

"ငါ ဂျောင်ဘိုင်လန် မင်းကို ဒီမှာတွေ့ဖို့ ဖိတ်တာက မင်းရဲ့ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို သိလို့ပဲ..."

"ငါ မှန်တယ်ဆိုရင်... မင်းက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်က လာတာ မဟုတ်လား..."

ဂျောင်ဘိုင်လန်ဟု ခေါ်သော ပင်လယ်မိစ္ဆာဧကရာဇ်သည် တစ်လုံးချင်း ပြောလိုက်သည်။

ယခုအခါ အရာအားလုံး ပွင့်လင်းသွားပြီဖြစ်ရာ ကျုံးရှန်အနေဖြင့် ဆက်လက် ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။

"အင်း... ဧကရာဇ် ပြောတာ မှန်ပါတယ်... ငါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်က လာတာပါ..."

"ဒါပေမဲ့ ငါ့မှာ သိချင်တာ တစ်ခု ရှိတယ်... ငါ့ရဲ့ အသွင်ယူထားတာက အဲဒီလောက်တောင် အလွယ်တကူ ဖော်ထုတ်ခံလိုက်ရတာလား..."

သူက တိုက်ရိုက်ပင် မေးလိုက်သည်။

ပင်လယ်မိစ္ဆာဧကရာဇ်သည် ကျုံးရှန်ဘက်သို့ လှည့်ကြည့်လာပြီး ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး... မင်းရဲ့ အသွင်ယူထားတာက အရမ်းကို ဆန်းကြယ်တယ်... မင်းက ဘယ်လိုနည်းနဲ့ ငရဲကမ္ဘာတစ်ခုရဲ့ မူလအငွေ့အသက်ကို အသုံးချနိုင်တာလဲ မသိပေမဲ့... အဲဒီအချက် တစ်ခုတည်းနဲ့တင် မင်းရဲ့ အသွင်ယူမှုက အစစ်နဲ့ မခြားဘူး..."

"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာတွေရဲ့ သွေးကြောတည်‌ဆောက်ပုံတွေကိုတောင် ဖန်တီးထားသေးတယ်..."

"ဒါပေမဲ့ နတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးတွေက မင်းကို အသေအချာ အကဲခတ်မယ်ဆိုရင်တော့ ဟာကွက်ကို ချက်ချင်း ရှာတွေ့သွားလိမ့်မယ်..."

ထိုစကားကို ကျုံးရှန် အလေးအနက်စဉ်းစားကြည့်လိုက်သောအခါ မှန်ကန်နေကြောင်းသတိထားမိလိုက်သည်။

ပထမဆုံး ဖြူမဲ သေမင်းတမန်နှစ်ပါးထဲမှတစ်ပါးဖြစ်သည့် ဟေးဝူချန်၊ ထို့နောက် ချောက်နက်ငရဲအရှင်သခင်နှင့် ကောင်းကင်တက်လှမ်းခြင်းပုံစံငယ်စေတီတော်ကို လာပေးသော ရွှံ့နွံမိစ္ဆာအရှင်သခင်ကြီးသည်ပင် သူ၏ အစစ်အမှန်ကို သိရှိသွားပုံရလေသည်။

"ဒါဆိုရင် ငါ လမ်းတစ်လျှောက်မှာ မိစ္ဆာအရှင်သခင်ကြီးတွေ အများကြီးနဲ့ တွေ့ခဲ့ပေမဲ့ သူတို့က ဘာလို့ ငါ့ကို မတားကြတာလဲ..."

"ငရဲမိစ္ဆာတွေက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်က သက်ရှိတွေကို ရန်သူလို သဘောထားကြတာ မဟုတ်ဘူးလား..."

"သူတို့က ငါ မျှော်စင်ပေါ် တက်သွားတာကို ဒီအတိုင်း ကြည့်နေကြမှာလား..."

ကျုံးရှန်က ထပ်မံ မေးခွန်းထုတ်လိုက်သည်။ သူသည် အမှန်တရားကို သိရှိနေသော်လည်း ဂျောင်ဘိုင်လန်ကိုသာ ပြောပြခိုင်းလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ပင်လယ်မိစ္ဆာဧကရာဇ်သည် ထပ်မံ ရယ်မောလိုက်ရာ ကျုံးရှန်၏ ရိုးသားမှုကို လှောင်ပြောင်လိုက်သကဲ့သို့ပင် ဖြစ်သည်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရေငွေ့များဖြင့် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်သည် ကျုံးရှန်နှင့်ချောက်နက်ငရဲအရှင်သခင်တို့ ရေအောက်စစ်မြေပြင်ဟောင်းတွင် ပြောဆိုခဲ့သော စကားများပင် ဖြစ်သည်။

ပဉ္စမထပ် ကုန်းမြေတိုက်၏ အရှင်သခင်တစ်ပါးအနေဖြင့် သူ၏နယ်မြေအတွင်းဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်များကိုသိရှိရန်မခက်ခဲလှ‌ပေ။ ပုံရိပ်အတွင်းရှိ ချောက်နက်မိစ္ဆာအရှင်သခင်နှင့် ကျုံးရှန်တို့နှစ်ဦးသား‌ ပြောခဲ့သည့်စကားသံများသည် အလွန်ပင် ရှင်းလင်းပြတ်သားစွာကြား‌ နေရ၏။

"ဟာကွက်က... မင်းရဲ့ ဝိညာဉ်ပဲ..."

"မင်းရဲ့ အသွင်ယူမှုက ဘယ်လောက်ပဲ ဆန်းကြယ်နေပါစေ ဝိညာဉ်ကို ပြောင်းလဲဖို့က ခက်ခဲတယ်... အထူးသဖြင့် မင်းက မင်းရဲ့ မူလခန္ဓာကိုယ်နဲ့ အသွင်ယူထားတာ ဖြစ်လို့ ဟာကွက်က ပိုကြီးတာပေါ့..."

"ငါ့အနေနဲ့တော့... ငါက မင်းရဲ့ ရန်သူ မဟုတ်ဘဲ မိတ်ဆွေပါ..."

"ချောက်နက်ငရဲအရှင်သခင်နဲ့ ရွှံ့နွံမိစ္ဆာအရှင်သခင်တို့က မင်းကို အသုံးချနေတာ သက်သက်ပဲ..."

"သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က မင်းကို မျှော်စင်ထဲ ချောချောမွေ့မွေ့ ဝင်သွားစေဖို့လေ..."

"ဘာလို့လဲဆိုတော့... ကောင်းကင်တာအို တံဆိပ်တော်က ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်က လူသားတွေပဲ ရနိုင်တာမလို့ပဲ..."

ပင်လယ်မိစ္ဆာဧကရာဇ်သည် သူသိထားသည်များကို ရှင်းရှင်းလင်းလင်းပင်ဖွင့်ပြောလာ၏။

All Chapters