အခန်း (၂၃၃)
Vol. 24 Ch. 233
ဂျောင်ဘိုင်လန်၏ ရှင်းပြချက်များကြောင့် ကျုံးရှန်၏ စိတ်ထဲတွင် ကျန်ရှိနေသော သံသယအနည်းငယ်မှာ ရှင်းလင်းသွားလေသည်။
'ဒါကြောင့်ကိုး... အဲဒီ ချောက်နက်မိစ္ဆာအိုကြီးက တခြား လှည့်ကွက်တစ်ခု ရှိနေဦးမယ်လို့ ငါ ထင်နေတာ...'
'ဒါကြောင့်လည်း သူက ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်ရဲ့ငါးပုံတစ်ပုံကို အလွယ်တကူ လဲလှယ်ပေးခဲ့တာပဲ...'
'သူ့ကြည့်ရတာ ရိုးသားသလိုလိုနဲ့ အမှန်ကငါ့ကို အသုံးချပြီး ကောင်းကင်တာအို တံဆိပ်တော်ကို ထုတ်ဖော်ဖို့ ကြံစည်နေတာပဲ...'
ကျုံးရှန်သည် စိတ်ထဲတွင် တွေးတောလိုက်ပြီးနောက် အရာအားလုံးကို ချက်ချင်းပင် နားလည်သွားလေသည်။
ထို့နောက် သူသည် လက်ထဲမှ ကောင်းကင်တက်လှမ်းခြင်းပုံစံငယ်စေတီတော်ကို ထုတ်ယူကာ ပင်လယ်မိစ္ဆာဧကရာဇ်အား မေးမြန်းလိုက်သည်။
"ဒါဆိုရင် ဒီပစ္စည်းကကော ဘာအတွက် အသုံးဝင်တာလဲ..."
ပင်လယ်မိစ္ဆာဧကရာဇ်သည် ဘာမှမပြောဘဲ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ ပုံရိပ်များသည် တစ်ဖန် ပြောင်းလဲသွားလေသည်။ ထိုပုံရိပ်သည် ကျုံးရှန်ထွက်သွားပြီးနောက် ရွှံ့နွံမိစ္ဆာအရှင်သခင်နှင့် ချောက်နက်မိစ္ဆာအရှင်သခင်တို့ တွေ့ဆုံနေကြသည့် မြင်ကွင်းဖြစ်၏။ သူတို့၏ စကားသံများသည် ကျုံးရှန်၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။
ပင်လယ်မိစ္ဆာဧကရာဇ်၏ အပြုအမူများသည် ကျုံးရှန်အား ဖြစ်ကြောင်းကုန်စင်ကို သိရှိသွားစေသော်လည်း ကျုံးရှန်အတွက် သူ၏ရပ်တည်ချက်ကို ပို၍ စိတ်ဝင်စားသွားစေသည်။
"ဧကရာဇ်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို မသေးဘူးပဲ... မိစ္ဆာနတ်ဘုရားနယ်ပယ်အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီး နှစ်ယောက်ကိုတောင် စောင့်ကြည့်နိုင်တယ်ဆိုတော့..."
ကျုံးရှန်က မသိမသာ ချီးကျူးလိုက်သော်လည်း ပင်လယ်မိစ္ဆာဧကရာဇ်က လက်ကာပြလိုက်သည်။
"ဒီလို ပုံရိပ်တွေကို ဖမ်းယူနိုင်တာက အကြောင်းရင်း နှစ်ချက် ရှိတယ်..."
"ပထမအချက်က ဒီပဉ္စမအထပ်ရဲ့ ပင်လယ်ပြင်တစ်ခုလုံးကို ငါက အပြည့်အဝ သန့်စင်ပြီးသား ဖြစ်လို့ပဲ... အခြေခံအားဖြင့် ပြောရရင် ဒီပင်လယ်ပြင်ကြီး တစ်ခုလုံးက ငါ့ရဲ့ ရတနာပေါ့..."
"ဒုတိယအချက်က အဲဒီမိစ္ဆာအိုကြီးတွေနဲ့ ငါနဲ့ကြားမှာ သဘောတူညီချက် ရှိထားလို့ပဲ... အတိအကျ ပြောရရင် ငရဲဘုံတစ်ခုလုံးမှာ ရှိတဲ့ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင် အများစုနဲ့ သဘောတူညီချက် ရှိထားတာ..."
"ငါတို့ရဲ့ ရည်မှန်းချက်က နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ချန်ထားခဲ့တဲ့ ချိပ်ပိတ်မှုကို ဖျက်ဆီးပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ဆီ သွားတဲ့ လမ်းကြောင်းကို ဖွင့်ဖို့ပဲ..."
"ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို အသုံးချပြီး ငရဲဘုံရဲ့ အင်အားကို မြှင့်တင်မယ်.... လွတ်မြောက်ခြင်း အခွင့်အလမ်းကို ရှာဖွေမယ်ပေါ့..."
ထိုစကားကိုကြားသောအခါ ကျုံးရှန်သည်ခေါင်းညိတ်လိုက်ပြီး ထပ်မံ မေးမြန်းလိုက်သည်။
"ဒါက ငရဲဘုံတစ်ခုလုံးရဲ့ အစီအစဉ်ပဲကို... ဧကရာဇ်က ဘာဖြစ်လို့ ဒါတွေကို ငါ့ကို ပြောပြနေတာလဲ..."
ဤမေးခွန်းကြောင့် ပင်လယ်မိစ္ဆာဧကရာဇ်၏ မျက်နှာထားမှာ တည်ကြည် လေးနက််သွားလေသည်။
"ဘာလို့လဲဆိုတော့... ငါလည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ပြန်သွားချင်လို့ပဲ..."
"ငါတို့ ပင်လယ်မိစ္ဆာမျိုးနွယ်က ငရဲဘုံရဲ့ မူလမျိုးနွယ် မဟုတ်သလို ငါကလည်း ငရဲဘုံက မွေးဖွားလာတဲ့ သက်ရှိ မဟုတ်ဘူး..."
"ငါတို့မျိုးနွယ်က ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် လင်ယွမ်ပင်လယ်ထဲက ရေသူမျိုးနွယ်စုရဲ့ မျိုးနွယ်ခွဲ တစ်ခုပဲ..."
"ရှေးဟောင်းခေတ်က ငရဲဘုံရဲ့ ကျူးကျော်မှုကြောင့် ငါတို့မျိုးနွယ်စုတစ်ခုလုံး ငရဲဘုံထဲမှာ ပိတ်မိနေခဲ့တာ..."
"ငါတို့မျိုးနွယ်မှာ ပင်လယ်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရှိသလို...ဟင်းလင်းပြင် စွမ်းအားတွေကိုလည်း ကျွမ်းကျင်ကြတယ်..."
"ဒါကြောင့် ငရဲဘုံရဲ့ ရေဒြပ်စင် စွမ်းအားတွေနဲ့ နိယာမတွေကို ထိန်းညှိပေးဖို့အတွက် ငါတို့ကို ဒီမှာ နေဖို့နေရာချထားတာပဲ..."
"ငရဲဘုံတစ်ခုလုံးရဲ့ စွမ်းအင် ညီမျှမှုကို ကူညီ ထိန်းညှိပေးနေရတာပေါ့..."
"အချိန်တွေ ကြာလာတာနဲ့အမျှ ငါ့ရဲ့ ခန္ဓာကိုယ်က ငရဲအငွေ့အသက်တွေရဲ့ တိုက်စားမှုကို ခံရပြီး မိစ္ဆာအသွင် ပြောင်းလဲသွားခဲ့ရတယ်..."
"ဒါပေမဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ အရှင်သခင် အနေနဲ့ ငါက ငါ့ရဲ့ မူလဇာတိကို တစ်ခါမှ မေ့လျော့မသွားခဲ့ဘူး..."
"ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ စည်းမျဥ်းဥပဒေတွေနဲ့ပဲ မျိုးနွယ်စုတစ်ခုလုံးကို အုပ်ချုပ်ခဲ့တာ..."
ပင်လယ်မိစ္ဆာဧကရာဇ်၏ စကားများသည် ကျုံးရှန်၏ စိတ်ထဲရှိ သံသယများကို အပြည့်အဝ ဖြေရှင်းပေးလိုက်လေသည်။
ထိုသည်က အဘယ်ကြောင့် ပင်လယ်မိစ္ဆာမျိုးနွယ်စု၏ ကိုယ်ပေါ်တွင် မိစ္ဆာစွမ်းအားအပြင် သားရဲစွမ်းအားများပါ ရှိနေရသည့် အကြောင်းရင်းပင် ဖြစ်၏။
"ဒါဆိုရင် ဧကရာဇ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ..."
"ဒါတွေကို ငါ့ကို ပြောပြလိုက်ရင် ဟိုမိစ္ဆာအရှင်သခင်ကြီးတွေရဲ့ အကြံအစည်ကို ပျက်စီးသွားစေမှာ မကြောက်ဘူးလား..."
"ဒါမှမဟုတ် ဧကရာဇ်ကလည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ပြန်ချင်တာလား..."
ကျုံးရှန်က တည်ငြိမ်စွာပင်မေးလိုက်သည်။
"ဟုတ်တယ်... ငါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ပြန်ချင်တာ... ပြီးတော့ မင်းကိုလည်း ကောင်းကင်တာအို တံဆိပ်တော်ကို ရစေချင်တယ်... ဒါပေမဲ့ အခုချက်ချင်းတော့ မဟုတ်သေးဘူး..."
ပင်လယ်မိစ္ဆာဧကရာဇ်က ပွင့်လင်းစွာပင် ဝန်ခံလိုက်သည်။
"ငရဲဘုံနဲ့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြားမှာ အက်ကြောင်းတွေ ပေါ်နေတာက လျှို့ဝှက်ချက် မဟုတ်တော့ဘူး... မိစ္ဆာအရှင်သခင်ကြီးတွေက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ဆီ သူလျှိုတွေ လွှတ်ထားကြပြီးသားပဲ..."
"ဉာဏ်များတဲ့ မိစ္ဆာအရှင်သခင်အချို့ဆိုရင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်က အင်အားစုအချို့နဲ့တောင် ဆက်သွယ်နေကြပြီ..."
"ငါလည်း ရေသူမျိုးနွယ်စုနဲ့ ဆက်သွယ်ထားပြီးထားတယ်..."
"လက်ရှိ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှာ လူသားမျိုးနွယ်က အားလုံးရဲ့ ပစ်မှတ် ဖြစ်နေပြီး... သားရဲမျိုးနွယ်က ကြားနေ အနေအထားမှာ ရှိနေတယ်... ရေသူမျိုးနွယ်ကလည်း အဲဒီအတိုင်းပဲ..."
"မင်းသာ ကောင်းကင်တာအို တံဆိပ်တော်ကို ရခဲ့ရင် အဲဒီအချိန်ကျရင် ငါ့ဆီ ပြန်လာခဲ့ပါ... တံဆိပ်တော်ရဲ့ ကောင်းကင်တာအိုနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအားကို အသုံးပြုပြီး ဒီပဉ္စမအထပ် ကုန်းမြေတိုက်တစ်ခုလုံးကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ဆီ ငါ ရွှေ့ပြောင်းလိုက်မယ်..."
"ကိုးထပ်ငရဲဘုံရဲ့ ညီမျှမှုကို အပြတ်အသတ် ဖျက်ဆီးပစ်ပြီး ငါလည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို အဲဒီနည်းနဲ့ ပြန်သွားနိုင်လိမ့်မယ်..."
"ဒီနှစ်တွေအတွင်း ငရဲဘုံမှာ ငါ စုဆောင်းထားတဲ့ အထောက်အပံ့တွေလည်း အများကြီး ရှိတယ်... ဒါပေမဲ့ ငရဲမဟာကမ္ဘာကြီးရဲ့ အဆင့်အတန်းက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ထက် တစ်ဆင့် နိမ့်နေတယ်..."
"အထွတ်အထိပ်ကို တက်လှမ်းချင်ရင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ပြန်မှပဲ ရလိမ့်မယ်..."
ပင်လယ်မိစ္ဆာဧကရာဇ်က သူ၏ ရည်ရွယ်ချက်ကို မဖုံးကွယ်ဘဲ ပွင့်လင်းစွာ ပြောပြလိုက်လေသည်။
"ကောင်းပြီလေ... အကယ်၍ အဲဒီ ကောင်းကင်တာအို တံဆိပ်တော်ကို ငါ ရခဲ့ရင် ဧကရာဇ်ဆီ သေချာပေါက် ပြန်လာခဲ့ပါ့မယ်..."
ကျုံးရှန်က ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်လုံးများသည် နက်ရှိုင်းလှရာ မည်သည့်အရာကို တွေးတောနေသည်ကို မည်သူမျှ မသိနိုင်ချေ။
ပင်လယ်မိစ္ဆာဧကရာဇ်က ရုတ်တရက် ပြုံးလိုက်သည်။
"ဟားဟား... မင်း ငါ့ကို သံသယ ရှိနေသေးတာ ငါ သိပါတယ်... ဒါပေမဲ့ မကြာခင်မှာပဲ ဘယ်သူက ရန်သူ... ဘယ်သူက မိတ်ဆွေဆိုတာ မင်း သိလာပါလိမ့်မယ်..."
"မျှော်စင်ပွင့်ဖို့ ရက်ပေါင်း နှစ်ဆယ်တောင် မလိုတော့ဘူးဆိုတော့ ငါလည်း မင်းရဲ့ အချိန်အများကြီး မယူတော့ပါဘူး..."
"မင်း မှတ်ထားရမှာက မျှော်စင် မတက်ခင်အထိတော့ လူသိမခံဘဲ နေပါ..."
"တကယ်လို့ ထိပ်တန်း မိစ္ဆာအရှင်သခင်ကြီးတွေရဲ့ အာရုံစိုက်မှုကို ထပ်ရလာရင် ဒီကိစ္စက ပိုပြီး ရှုပ်ထွေးသွားလိမ့်မယ်..."
သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ပွင့်လာလေသည်။
ကျုံးရှန် ထွက်ခွာတော့မည့် အချိန်တွင် ပင်လယ်မိစ္ဆာဧကရာဇ်က ထပ်မံဖြည့်စွက် ပြောလိုက်ပြန်သည်။
"ဒါနဲ့... မင်း မျှော်စင်တက်တာ ရှုံးနိမ့်သွားခဲ့ရင် မိစ္ဆာပျက်သုဉ်းနယ်မြေလို့ ခေါ်တဲ့ ငရဲကမ္ဘာငယ်လေးဆီကို ပို့ဆောင်ခံရလိမ့်မယ်..."
"အဲဒီမှာတော့ သူတို့တွေက ထောင်ချောက်တွေနဲ့ မင်းရောက်လာမှာကို စောင့်နေကြလိမ့်မယ်..."
ကျုံးရှန်၏ တည်ငြိမ်သော အသံမှာ ပြန်လည် ထွက်ပေါ်လာလေသည်။
"ကိစ္စမရှိဘူး... ငါက သေချာပေါက် ထိပ်ဆုံးကို ရောက်မှာ..."
ထို့သို့ပြောပြီးနောက် မျက်စိတစ်မှိတ်တွင်း၌ပင် ကျုံးရှန်သည် ရှီမင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ဟင်းလင်းပြင် လမ်းကြောင်းအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ပင်လယ်မိစ္ဆာဧကရာဇ်သည် ကျုံးရှန်၏ယုံကြည်မှုအပြည့်ဖြင့်ပြောခဲ့သည့်စကားကြောင့် နေရာတွင်ပင် မှင်သက်၍ ကျန်ရစ်ခဲ့သည်။ ထို့နောက် အချိန်အတော်ကြာပြီးမှသာ သူ၏ မျက်လုံးများသည် တစ်ဖန် ပြန်လည် တည်ငြိမ်သွားလေသည်။
ကျုံးရှန်တစ်ယောက် ဟင်းလင်းပြင် လမ်းကြောင်းမှ ထွက်လာသောအခါ ပင်လယ်မိစ္ဆာနန်းတော်၏ အပြင်ဘက်သို့ ပြန်လည် ရောက်ရှိလာ၏။ ကျုံးရှန်သည် ရှီမင်၏ ခန္ဓာကိုယ်အားထိန်းချုပ်နေမှုကို ချက်ချင်းပင် ရုတ်သိမ်းလိုက်သည်။ ပင်လယ်မိစ္ဆာဧကရာဇ်၏ စကားများကို ရှီမင်လည်း ကြားသိခဲ့ရာ ယခုအခါ ကိုးထပ်မြောက် ကုန်းမြေတိုက်သို့ အမြန်ဆုံး သွားရောက်ရန် အရေးကြီးဆုံးဖြစ်မှန်းသိရှိ နေသည်။
လူသိမခံဘဲ မျှော်စင်ပွင့်မည့်အချိန်ကို စောင့်ဆိုင်းရမည် ဖြစ်ကာ အခြား မိစ္ဆာအရှင်သခင်ကြီးများ၏ အာရုံစိုက်မှုကို မခံရအောင် နေရပေမည်။
"ဧည့်သည်တော်တို့ မြို့ထဲကို ပြန်သွားချင်တာလား..."
"ကျွန်တော်တို့ အစီအရင်ကို ဖွင့်ပေးပါ့မယ်..."
သူတို့၏ရှေ့တွင် ရှိနေသော ပင်လယ်မိစ္ဆာ အရာရှိအိုကြီးများသည် တစ်စုံတစ်ခုသော အမိန့်ကို ရရှိထားပုံရသဖြင့် ဦးဆောင်၍ ပြောလိုက်ကြကာ အချိန်ဆွဲခြင်း မရှိဘဲ ချက်ချင်းပင် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း အစီအရင်ကို စတင်လိုက်ကြသည်။
ပတ်ဝန်းကျင် မြင်ကွင်းများ တစ်ဖန် ပြောင်းလဲသွားပြန်သည်။ ကျုံးရှန်တို့အဖွဲ့သည် မြို့လယ်ခေါင် အနီးတွင်ပြန်၍ပေါ်လာကြ၏။ ထို့နောက်သူတို့သည် အချိန်မဆိုင်းဘဲ ပဉ္စမအထပ်၏ ဂိတ်တံခါးမှတစ်ဆင့် ဆဌမအထပ် ကုန်းမြေတိုက်အတွင်းသို့ ဝင်ရောက်သွားကြသည်။
သူတို့ ထွက်ခွာသွားပြီးနောက် ပင်လယ်ရေအောက်နန်းတော်အပြင်ဘက်တွင် ကြီးမားသော မိစ္ဆာမျက်လုံးကြီး တစ်လုံး ထွက်ပေါ်လာကာ ပင်လယ်မိစ္ဆာနန်းတော်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
...
ဆဌမအထပ် ကုန်းမြေတိုက်အတွင်းရှိမြေပြင်သည် ရှုမြေဒြပ်စင်၏ အဆီအနှစ်များဖြင့် ဖွဲ့စည်းထားကာ သတ္တုဒြပ်စင်များ ကိန်းအောင်းနေသည်။ ထိုအချက်ကြောင့် ဤနေရာရှိ မိစ္ဆာအငွေ့အသက်များသည်ပင် ထက်ရှသော အငွေ့အသက်များ ပါဝင်နေ၏။ ကျုံးရှန်မျှော်လင့်ထားသည့်အတိုင်းပင် ဤနေရာ၏ အဓိက ဒြပ်စင်သည် သတ္တုဒြပ်စင် ဖြစ်နေလေသည်။
ကိုးထပ်ငရဲဘုံ ကုန်းမြေတိုက်ကြီးအား ပြန်လည် တည်ဆောက်ရာတွင် နက်နဲသော ရည်ရွယ်ချက်များ ရှိနေပြီး အထပ်ကိုးထပ်ကို အသုံးပြု၍ စွမ်းအားများ၏ သံသရာ လည်ပတ်မှုကို တည်ဆောက်ထားသည်။ ဆဌမအထပ်၏ အထက်တွင် ကျန်ရှိနေသေးသည့် အထပ်များသည်လည်း ငရဲမဟာကမ္ဘာကြီးအတွက် အလွန် အရေးပါသော တာအိုနိယာမများ သို့မဟုတ် စွမ်းအားအရင်းမြစ်များ၏ဒြပ်စင်များသာ ဖြစ်ပေလိမ့်မည်။