← Chapters

အခန်း (၂၃၄)

Vol. 24 Ch. 234

အခန်း (၂၃၄)

Vol. 24 Ch. 234

"လမ်းကိုပဲ အာရုံစိုက်.....မရပ်နဲ့..."

ထိုသည်မှာ ကျုံးရှန်၏ ရှီမင်ထံသို့ ချန်ထားခဲ့သော နောက်ဆုံး အမိန့် ဖြစ်သည်။

သူသည် မိမိ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်အတွက် နတ်ဘုရားအာရုံ တစ်စိတ်တစ်ပိုင်းသာ ချန်ထားခဲ့ပြီး ကျန်ရှိသော သူ၏အာရုံအားလုံးကို ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်ပေါ် စဉ်းစားဆင်ခြင်ခြင်းနှင့် တာအိုကို နားလည်သဘောပေါက်ခြင်းတို့တွင်နှစ်မြှုပ်ထားလိုက်သည်။

ငရဲဘုံ၏ ရှုပ်ထွေးမှု့နှင့် ငရဲ မျိုးနွယ်စုများစွာ၏ စည်းလုံးမှုသည် ကျုံးရှန် ထင်ထားသည်ထက် များစွာ ပိုနေသည်။ သူတို့သည်အတိုင်းအတာတစ်ခုအထိ အပြန်အလှန် တိုက်ခိုက်မှုများ ရှိနေသော်လည်း အဆင့်မြင့် ပုဂ္ဂိုလ်များမှာမူ အလွန် စည်းလုံးကြသည်။ အထူးသဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို ကျူးကျော်မည့် ကိစ္စတွင်မူ သူတို့၏ ရည်မှန်းချက်သည် အတူတူပင် ဖြစ်၏။

ထိပ်တန်း မိစ္ဆာအရှင်သခင်ကြီး အများအပြားသည် ကျင့်ကြံမှုအဆင့် အဟန့်အတားကြောင့် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့်၃ အထွတ်အထိပ်၌နှစ်ပေါင်းများစွာ ကြာအောင် ပိတ်မိနေခဲ့ကြရာ ငရဲဘုံတစ်ခုလုံးကို စူးစမ်းရှာဖွေပြီး ဖြစ်သည်။

သို့ဖြစ်ရာ ယခုအခါ သူတို့ရောက်နေသည့်အဆင့်ကိုကျော်လွန်နိုင်ရန်အတွက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ဘက်သို့ ဦးလှည့်လာကြလေသည်။

ပင်လယ်မိစ္ဆာဧကရာဇ် ဂျောင်ဘိုင်လန်၏ စကားများကိုမူ ငရဲဘုံရှိ မိစ္ဆာအရှင်သခင်များထဲတွင် ရိုးသားဖြူစင်သူ တစ်ဦးမျှ မရှိရာ ကျုံးရှန်သည် အလုံးစုံယုံကြည်သည့် အနေအထားတွင် ရှိမနေချေ။ သူ၏ မျှော်စင်တက်မည့် ခရီးစဉ်သည်လည်း ထိုမိစ္ဆာအရှင်သခင်ကြီးများ၏ အစီအစဉ်များနှင့် ထပ်တူကျနေခြင်းသာ ရှိသည်။

ကျုံးရှန်သည် သူတို့၏အစီအစဉ်များအတွင်း၌ ရှိနေကာ တစ်ချိန်တည်း၌ပင် ထိုအစီအစဉ်များ၏ အပြင်ဘက်တွင်လည်း ရှိနေ၏။

'လောလောဆယ်တော့ မီးစင်ကြည့်ကရ တာပေါ့...'

ကျုံးရှန်သည် ရှုပ်ထွေးသော အတွေးများကို ဖယ်ထုတ်လိုက်ကာ ကျင့်စဉ်ကိုလေ့လာခြင်းတွင်သာ အာရုံအပြည့်စိုက်ထားလိုက်သည်။

ဆဌမအထပ်အတွင်း၌ ပုံမှန်အားဖြင့်ရှားပါးသော ရှုမြေအဆီအနှစ်များနှင့် သတ္ထုဒြပ်စင်များစွာ ရှိနေကာ ထိုသည်တို့သည် တန်ဖိုးကြီးသော ရတနာသွန်းလုပ်သည့် ပစ္စည်းများ ဖြစ်ကြသည်။ သို့သော်လည်း လက်ရှိ ကျုံးရှန်တွင်မူ အေးအေးဆေးဆေး စူးစမ်းရှာဖွေရန် စိတ်ဆန္ဒ ရှိမနေချေ။

သူတို့သည် ဆဌမအထပ်၏ ဂိတ်တံခါးကို ချောမွေ့စွာ ဖြတ်ကျော်ပြီးနောက် သတ္တမအထပ်ရှိ ကုန်းမြေတိုက်အတွင်းသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ကြသည်။

ဤသတ္တမအထပ်သည် ကျုံးရှန် မျှော်လင့်ထားသည့်အတိုင်းပင် ကုန်းမြေတိုက်တစ်ခုလုံးပြင်းထန်သော သေခြင်းတရား တာအိုနိယာမများဖြင့် ဖုံးလွှမ်းနေကာ မြေပြင်သည်မည်းနက်နေပြီး နေရာအနှံ့တွင်ဖြူဖွေးသော အရိုးများ ရှိနေသည်။ ဤအထပ်ကို အုပ်ချုပ်သူသည် အရိုးခြောက်နယ်စား ဖြစ်ပြီး အရိုးမိစ္ဆာမျိုးနွယ်စုမှ ဖြစ်ကာ သေခြင်းတရား တာအိုကို အဓိကထား ကျင့်ကြံသည်။

သေခြင်းတရား တာအိုနိယာမသည် ငရဲဘုံ၏ အဓိက တာအိုနိယာမများထဲမှ တစ်ခုပင် ဖြစ်၏။ ဤအထပ်၏ အကျယ်အဝန်းသည် ပထမအထပ်နှင့်နှိုင်းယှဉ်ပါက အလွန်သေးငယ်ပြီး ကုန်းမြေတိုက်အလယ်ဗဟိုရှိ မြို့တော်ကြီးမှာလည်း အရိုးများဖြင့်သာ တည်ဆောက်ထားလေသည်။ မြို့ထဲတွင်အရိုးမိစ္ဆာမျိုးနွယ် အမျိုးအစားများစွာ ရှိနေပြီး သားရဲအရိုးမိစ္ဆာများ၊ ငရဲအရိုးမိစ္ဆာများနှင့် ဖန်စီရောင် အလင်းတန်းများ ဖြာထွက်နေသော ထူးခြားသည့် သားရဲအရိုးမိစ္ဆာများလည်း ပါဝင်ပေသည်။

ထိုအရိုးမိစ္ဆာများသည်သတ္တမထပ်ကုန်းမြေတိုက်၏ အဓိကနေထိုင်သူများဖြစ်ပြီး သူတို့သည် သေခြင်းတရား၏ ထူးခြားသော အလှတရား တစ်မျိုးကို ဖော်ကျူးနေသည်။

အရိုးမိစ္ဆာများတွင်လည်း အတိုင်းအတာတစ်ခုအထိ အသိဉာဏ် ရှိကြပြီး မြို့အတွင်း၌ ဈေးတန်းများ တည်ဆောက်ထားသည်။ သို့သော်လည်း သက်ရှိများ၏ သက်ဝင်တက်ကြွနေသော ဈေးတန်းများလောက် အလွန်စည်ကားနေခြင်း မရှိချေ။

သူတို့လေးဦးသည် အဋ္ဌမထပ်သို့ဦးတည်သည့်လမ်းကိုသာ အာရုံစိုက်နေကြသဖြင့် မည်သည့် အနှောင့်အယှက်မှ မကြုံတွေ့ရဘဲ သတ္တမအထပ်၏ ဂိတ်တံခါးကို အမြန် ဖြတ်ကျော်ကာ အဋ္ဌမအထပ်၏ကုန်းမြေတိုက်အတွင်းသို့ ရောက်ရှိလာလေသည်။ ဤနေရာမှာမူ အမှောင် တာအို၏ အခြေစိုက်စခန်းပင် ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးသည် အမှောင်ထုအတွင်း နစ်မြုပ်နေသကဲ့သို့ လက်တစ်ကမ်းရှိ အရာများကိုပင် မြင်တွေ့ရန် ခက်ခဲလှသည်။ ပိန်းပိတ်အောင်မှောင်မိုက်နေသည့်အမှောင်ထုကုန်းမြေတိုက်ဖြစ်ရာ မျက်စိဖြင့်ကြည့်ရှုခြင်းသည် အသုံးမဝင်တော့ဘဲ နတ်ဘုရားအာရုံဖြင့်သာ လမ်းကြောင်းများကို ခွဲခြားနိုင်သည်။

အဋ္ဌမအထပ်၏ အဓိက တာအိုဖြစ်သော အမှောင် တာအိုသည် ရှေးဟောင်းငရဲမိစ္တာအရှင်သခင်ကြီးတစ်ဦးဖြစ်သည့် အမှောင်နတ်ဘုရား၏တာအိုလမ်းစဥ်ဖြစ်ရာ ငရဲဘုံ၌ မည်မျှ အဆင့်အတန်း မြင့်မားသည်ကို ပြောနေရန်ပင် မလိုတော့ချေ။

ရှီမင်တို့သည် နတ်ဘုရားအာရုံကို အသုံးပြုကာ နဝမအထပ်သို့ခရီးဆက်နေကြသည်။

"ဒီအထပ်က တကယ်ကို ထူးဆန်းတာပဲ... တကယ်လို့ အမှောင်နတ်ဘုရားငယ်သာ ဒီမှာ ရှိနေရင် ရေထဲက ငါးလို ဖြစ်နေမှာသေချာတယ်..."

ရှီမင်သည် လမ်းတစ်လျှောက် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် မနေနိုင်ဘဲ ပြောလိုက်မိသည်။

"ဒီအထပ်မှာ အမှောင် တာအိုနိယာမတွေ အပြည့်ရှိနေတဲ့အတွက်... အမှောင်လမ်းစဉ်ကို ကျင့်ကြံတဲ့ မိစ္ဆာတွေအတွက်တော့ အကောင်းဆုံးနေရာပဲလေ..."

"မြို့လယ်ခေါင်မှာရှိတဲ့ အမှောင်မြို့တော်မှာ မဟုတ်ရင်တောင် အပြင်ဘက်မှာ ဂူတစ်ခုလောက် အလွယ်တကူ တည်ဆောက်ပြီး ကျင့်ကြံမယ်ဆိုရင် ပိုပြီးတော့ ခရီးရောက်နိုင်တယ်..."

လီလီဗီသည် လမ်းညွှန်သူတစ်ဦးကဲ့သို့ စိတ်ရှည်လက်ရှည် ရှင်းပြပေးလာသည်။

သူတို့နှစ်ဦး စကားပြောနေစဉ်တွင် ကျုံးရှန်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလိုက်၏။ ပတ်ဝန်းကျင်ရှိ အမှောင်ထုသည် မသိမသာ ပြောင်းလဲလာပြီး ရွှံ့နွံများကဲ့သို့ စေးကပ်လာကာကျယ်လောင်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဟားဟားဟား... ငါ ထင်တဲ့အတိုင်းပဲ... မင်းတို့တွေက ကိုးထပ်မြောက်ကိုသွားပြီး မျှော်စင်တက်ဖို့ ကြံနေကြတာကိုး..."

ရှီမင်နှင့် လီလီဗီတို့၏ မျက်နှာများ ချက်ချင်းပင် ပျက်ယွင်းသွားကြ၏။

ဤအသံသည် အမှောင်နတ်ဘုရားငယ်၏ အသံပင်ဖြစ်ကာ ထိုအကောင်သည် အငြိုးအတေး အလွန် ကြီးမားသူ ဖြစ်သဖြင့် အဋ္ဌမအထပ် ကုန်းမြေတိုက်တွင် ကျုံးရှန်တို့ကို ထောင်ချောက်ဆင်စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။ သူသည် မြေပြင်အနေအထား အားသာချက်ကို အသုံးချကာ ရှီမင်တို့ကို ဖမ်းဆီး နှိပ်စက်ရန် ပြင်ဆင်ထားလေသည်။

ယခုအခါ ပတ်ဝန်းကျင်ရှိ အမှောင်စွမ်းအားများသည် အမှောင်နတ်ဘုရားငယ်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ကျုံးရှန်တို့လူစုအား ပိတ်လှောင်ထားလိုက်သည်။

"ဂရုခ်ကို ခေါ်ပြီး ပုန်းနေလိုက်တော့..."

ရှီမင်သည် လီလီဗီဘက်သို့လှည့်ကာ မှာကြားလိုက်သည်။

ထိုစကားကို ကြားသောအခါ လီလီဗီလည်း တုန့်ဆိုင်းခြင်း မရှိဘဲ ညို့ယူဝိညာဉ် ကြေးမှုန်မှန် ကို ထုတ်ယူလိုက်သည်။ ဤရတနာသည် သူမအတွက် ခိုလှုံရာနေရာတစ်ခု ဖြစ်လာခဲ့ချေသည်။ မှန်မျက်နှာပြင်ပေါ်မှ ရတနာအလင်းတန်းသည် တခဏမျှ လက်ခနဲ ဖြစ်သွားသော်လည်း ချက်ချင်းပင် အမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

လီလီဗီ မရှိတော့သဖြင့် ကျုံးရှန်သည်ဟန်ဆောင်ရန်မလိုတော့ဘဲ စိတ်ချလက်ချအစွမ်းကုန်သုံးတိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ လက်ရှိတွင် ထိပ်တန်း မိစ္ဆာအရှင်သခင်ကြီးများသည် သူ၏ အသွင်ယူမှုကို သိမြင်နိုင်ကြောင်း ကျုံးရှန် သိရှိထားသော်လည်း လူသားတစ်ဦးအဖြစ် ငရဲဘုံ၌ အထင်အရှား သွားလာ၍ မရနိုင်သေးပေ။ သို့မဟုတ်ပါက သာမန် မိစ္ဆာအရှင်သခင်လေးများ မြင်တွေ့သွားလျှင် ဆူညံပွက်လောရိုက်သွားပေလိမ့်မည်။

အမှောင် တာအိုသည် ပြင်းထန်သော ချိပ်ပိတ်ခြင်းနှင့် ပိတ်ဆို့ခြင်း အစွမ်းများ ရှိနေသည်။ ကျုံးရှန်၏ မဟာအမှောင်ထု နတ်ဘုရားအတားအဆီးအကာကွယ် သည်လည်း ထိုသဘောတရားပင် ဖြစ်သည်။

ယခုအခါ ကျုံးရှန်တို့အနီးပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းသည် လုံးဝ ချိပ်ပိတ်ခံထားရ၏။ အကယ်၍ အမှောင်နတ်ဘုရားငယ်သာ အဋ္ဌမအထပ်ကို စောင့်ကြပ်နေသည့် အရိပ်မိစ္ဆာအရှင်သခင် သတိထားမိသွားမည်ကို မစိုးရိမ်ခဲ့ပါက ချိပ်ပိတ်မှု နယ်ပယ်သည် ယခုထက် များစွာ ပိုမို ကျယ်ဝန်းနိုင်ကာ သတ္တမအထပ်တစ်ခုလုံးကို လွှမ်းခြုံထားရန်ပင် ခဲယဉ်းလိမ့်မည် မဟုတ်ချေ။

ဤသည်မှာ အစွန်းရောက် ကောင်းကင်ဝါးမြိုခြင်း အမှောင်အစီအရင်ပင် ဖြစ်တော့သည်။

မဟာပိတ်‌လှောင်ခြင်းအစီအရင်တစ်ခုဖြစ်သည့်အလျောက် ထိုအစီအရင်သည် အဋ္ဌမအထပ် ကုန်းမြေတိုက်၏ အမှောင်စွမ်းအားများကို စုပ်ယူနိုင်ပြီး အစီအရင် စွမ်းအားများအဖြစ်အဆက်ပြတ် ပြောင်းလဲပေးနိုင်သည်။ ထို့ပြင်အစီအရင်အတွင်းရှိ အရာအားလုံးကို ဝါးမြိုကာ အမှောင်ထုအဖြစ် ပြောင်းလဲပစ်နိုင်သလို ဟင်းလင်းပြင်တစ်ခုလုံးကိုလည်း ချုပ်နှောင်ထားနိုင်ကာ အစိုင်အခဲအမှောင်ထု အဖြစ်ပြောင်းလဲပစ်နိုင်လေသည်။

'အင်း...ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်ထဲက ငါနားလည်လိုက်တဲ့ နတ်ဘုရားစွမ်းရည်ကို စမ်းသပ်ကြည့်ဖို့ အတော်ပဲ...'

ဆိတ်ချိုမိစ္ဆာလေးအသွင်ယူထားသော ကျုံးရှန်သည် အေးစက်စွာ ပြုံးလာ၏။

ရှီမင်သည်လည်း အမှောင်နတ်ဘုရားငယ်၏ ပိတ်လှောင်ထားမှုအ‌ပေါ် မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ လက်ပိုက်ကာ ရပ်နေပြီး မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုဖြင့် ပြဇာတ်ကြည့်နေသကဲ့သို့ ရှိနေသည်။

ထိုအချိန်တွင်အမှောင်နတ်ဘုရားငယ်၏ မျက်လုံးထဲတွင် အရေးမပါသော သူတော်စင်အဆင့် ဆိတ်ချိုမိစ္ဆာလေးသည် ရုတ်တရက်လေထဲခုန်တက်သွား၏။

ထို့နောက်တွင် ကျုံးရှန်၏ ဦးခေါင်းထက်၌ စစ်မှန်သောအတ္တပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် မျက်လုံးများကို မှိတ်ကာ တရားထိုင်နေသည့် ဟန်ပန်ဖြင့် ရှိနေ လေသည်။

"ဒီပုံရိပ်က..."

"မင်း... မင်းက လူလား... မိစ္ဆာလား..."

အမှောင်နတ်ဘုရားငယ်သည် အမှောင်ထုပိတ်လှောင်ခြင်းအစီအရင်၏ အပြင်ဘက်တွင် ရပ်နေရင်းမှ မေးလိုက်သည်။

သူသည် ယခုတစ်ကြိမ်၌ တစ်ဦးတည်း လာခဲ့ခြင်း ဖြစ်ပြီး မည်သည့် အကူအညီမှ ခေါ်မလာခဲ့ချေ။ မူလက ရှီမင်ကို သတ်ဖြတ်ပြီး ရတနာများကို တစ်ဦးတည်း သိမ်းပိုက်ရန် ကြံစည်ထားသော်လည်း ယခုကဲ့သို့ အပြောင်းအလဲ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ထိုဆိတ်ချိုမိစ္ဆာသည် မရိုးရှင်းလှဘဲ သူ၏အနောက်တွင်ထွက်ပေါ်နေသောထိုပုံရိပ်မှာလည်း ငရဲဘုံရှိ မိစ္ဆာများ၏ ပုံရိပ်နှင့် လုံးဝ မတူညီပေ။

ကျုံးရှန်သည် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။ အမှောင်နတ်ဘုရားငယ်အတွက် ပြန်လည်တုံ့ပြန်မှုသည် စစ်မှန်သောအတ္တပုံရိပ်၏ လှောင်ပြုံးတစ်ခုသာ ဖြစ်နေ၏။

ထို့‌နောက် စစ်မှန်သောအတ္တပုံရိပ်သည် ရုတ်တရက်ထရပ်လိုက်ပြီး လက်မောင်း လေးဖက် ထပ်မံ ထွက်ပေါ်လာကာ လက်မောင်းခြောက်ဖက်မိစ္ဆာနတ်ဘုရားပုံစံသို့ ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်နှင့် မျက်နှာမှာမူ လူသားပုံစံအတိုင်းပင် ရှိနေဆဲ ဖြစ်၏။

ဤသည်မှာ ကျုံးရှန်ရရှိထားသော ငါးပုံတစ်ပုံသာရှိသည့် ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်ထဲမှ နားလည်သဘောပေါက်သွားသော နတ်ဘုရားစွမ်းရည်ပင် ဖြစ်သည်။

အနှီနတ်ဘုရားစွမ်းရည်သည် စစ်မှန်သောအတ္တပုံရိပ်ကို လက်မောင်းခြောက်ဖက် စစ်မှန်သောအတ္တကိုယ်ပွား အဖြစ် ပြောင်းလဲနိုင်ကာ ရှီးရွှယ်ငရဲ၏ မူလစွမ်းအားကို လောင်စာအဖြစ် အသုံးပြုပြီး ငရဲဘုံရှိ အမျိုးမျိုးသော နတ်ဘုရားစွမ်းရည်များနှင့် စွမ်းအားများကို ငရဲသက်ရှိတစ်ကောင်လို အသုံးပြုနိုင်စေသည်။

ရုတ်တရက် လက်မောင်းခြောက်ဖက် စစ်မှန်သောအတ္တကိုယ်ပွား၏ လက်ခြောက်ဖက်သည် လက်သီးဆုပ်လိုက်၏။ သူသည် အပေါ်ရှိပိတ်လှောင်ထားသည့် အစွန်းရောက် ကောင်းကင်ဝါးမြိုခြင်း အမှောင်အစီအရင်၏ အစိုင်အခဲဖြစ်နေသည့်အမှောင်ထု နံရံကို တိုက်ခိုက်တော့မည်ဖြစ်သည်။

All Chapters