အခန်း (၂၃၅)
Vol. 24 Ch. 235
ကျုံးရှန်သည် ယခုတစ်ကြိမ်တွင် အချိန်ဆွဲရန်ရည်ရွယ်ချက်မရှိဘဲ အမြန်ဆုံးအဆုံးသတ်ရန် ဆုံးဖြတ်ထားသည်။ သို့နှင့် မိမိနားလည်ထားသောတာအိုကို မထုတ်ဖော်ဘဲ လက်ရှိအချိန်အထိ သူတတ်မြောက်ထားသော စွမ်းအားအကြီးဆုံး နည်းစနစ်ကို အသုံးပြုလိုက်သည်။
လက်မောင်းခြောက်ဖက် စစ်မှန်သောအတ္တကိုယ်ပွားသည် လေထဲသို့ မြင့်မားစွာ ခုန်တက်သွားလျှင် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး လက်မောင်းခြောက်ဖက်လုံးကို နောက်သို့ တစ်ပြိုင်နက် ဆွဲကာအားယူလိုက်သည်။
ကျုံးရှန်၏ မူလခန္ဓာကိုယ်အတွင်းရှိ ရှစ်ရာ့တစ်ဆယ်သန်းသော အမှုန်အမွှားများသည်လည်း လင်းလက်လာကာ ကြယ်တာရာ သန်းပေါင်းများစွာ တောက်ပနေသကဲ့သို့ပင် ဖြစ်၏။ ထို့နောက် လက်သီးခြောက်ခုသည် အစိုင်အခဲအမှောင်ထုနံရံပေါ်သို့ကျရောက်သွားသည်။
လက်မောင်းခြောက်ဖက် နဂါးမဲ့နတ်ဘုရားလက်သီး။
ဤသည်ကား ဒဏ္ဍာရီလာ ခွန်အား၏ အထွတ်အထိပ် လက်သီးပညာ ဖြစ်သည်။ ကျုံးရှန်သည် ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်၏ နတ်ဘုရားစွမ်းရည် အချို့အား နဂါးမဲ့နှလုံးသားကျင့်စဉ်ဖြင့် ဖန်တီးထားသော စစ်မှန်သောအတ္တအမှုန်များနှင့် ပေါင်းစပ်ကာ လက်မောင်းခြောက်ဖက် စစ်မှန်သောအတ္တပုံရိပ်ကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။ လက်သီးချက်ခြောက်ခုမှ ထွက်ပေါ်လာသော စွမ်းအားသည် လက်သီးနှစ်ခု၏စွမ်းအားနှင့်နှိုင်းယှဉ်ပါက လေးဆပို၍တိုးပွားလာသည်။
ထိတ်လန့်ဖွယ်ရာ ထူးခြားဖြစ်ရပ်များ ဖြစ်ပေါ်လာလေသည်။ လက်မောင်းခြောက်ဖက် စစ်မှန်သောအတ္တကိုယ်ပွား၏အနောက်တွင် သူ၏တစ်ကိုယ်တော် စွမ်းအားဖြင့် ကောင်းကင်ဘုံအသီးသီးကို နှိမ်နင်းနေသည့် ပုံရိပ်များပေါ်ပေါက်လာသည်။ ထိုပုံရိပ် ယောင်များကို အစိုင်အခဲဖြစ်နေသည့် အမှောင်ထုအတားအဆီး နံရံပင်လျှင်အပြည့်အဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
ကောင်းကင်အနှံ့ နတ်ဘုရားနှင့် မိစ္ဆာများ၏ သွေးများ စီးကျလာကာ ကြယ်တာရာများ ကြွေလွင့်ပြီး ကုန်းမြေများ ၊ ဟင်းလင်းပြင်များ ပျက်စီးပြိုလဲနေသည့်မြင်ကွင်းများထွက်ပေါ်လာသည်။ ထိုသည်က မည်သူမျှ ယှဉ်ပြိုင်၍ မရသော စွမ်းအားဖြစ်သကဲ့သို့ ဖုံးကွယ်တားဆီးရန် ခက်ခဲသော မြင်ကွင်းလည်း ဖြစ်၏။
လက်သီးချက်ခြောက်ချက်သည် အမှောင်ထုပိတ်လှောင်ခြင်းအစီအရင်၏အတားအဆီးနံရံပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအတားအဆီးကို အမှုန့်ဖြစ်အောင် ချေဖျက်ပစ်လိုက်ကာ ကျန်ရှိနေသော စွမ်းအားများသည် အမှောင်နတ်ဘုရားငယ်ဆီသို့ တိုက်ရိုက်ဦးတည်တိုးဝင်သွားသည်။
အမှောင်နတ်ဘုရားငယ် အလွန် ထိတ်လန့်သွား၏။ ထိုလက်သီးချက်ခြောက်ချက်သည် သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ခဲသွားစေသကဲ့သို့ ခံစားလိုက်ရသဖြင့် ထွက်ပြေးရန် နတ်ဘုရားစွမ်းရည်ကိုပင် အသုံးမပြုနိုင်တော့ချေ။
'သေစမ်း...ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည် ရှိနေတာလဲ...'
'ဒီဆိတ်ချိုမိစ္ဆာက မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီး တစ်ယောက်လား...'
'မဟုတ်ဘူး... ငါ အသေမခံနိုင်ဘူး...'
"လောကအနန္တ နိယာမပေါင်းစုံ... အဘိဓမ္မာ အမှောင်ထု..."
အမှောင်နတ်ဘုရားငယ်၏ မျက်လုံးများတွင် သွေးကြောများ ယှက်သန်းလာပြီး သူ၏ တစ်ကိုယ်လုံး အမှောင်ထုဖြင့် လွှမ်းခြုံသွားသည်။
သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်ကာ အဋ္ဌမအထပ် ကုန်းမြေတိုက်တစ်ခုလုံးရှိ အမှောင်တာအိုနိယာမများ ကို ဆွဲယူလိုက်သည်။
ဤအပြောင်းအလဲသည် အဋ္ဌမအထပ်ရှိ အစွမ်းထက်မိစ္ဆာအရှင်သခင်များ၏အာရုံကိုဆွဲဆောင်သွားလေသည်။ အရိပ်မိစ္ဆာမြို့တော်အတွင်း၌ အရက်သောက်နေသော အရိပ်မိစ္ဆာအရှင်သခင်သည် ရုတ်တရက် ခွက်ကို ချလိုက်ကာ အဋ္ဌမအထပ်၏ တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
"ဘာဖြစ်တာလဲ... အမှောင် တာအိုနိယာမကို ကျွမ်းကျင်တဲ့ အင်အားကြီးမိစ္ဆာတွေ အသေအလဲ တိုက်ခိုက်နေကြတာလား..."
ထို့နောက်မျက်တောင်တစ်ခက်အတွင်း သူ၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ထိုင်နေရာမှပျောက်ကွယ်သွားသည်။
အမှောင်နတ်ဘုရားငယ်သည် နဂါးမဲ့နတ်ဘုရားလက်သီးနှင့် ထိတွေ့မည့် ဆဲဆဲတွင် ခန္ဓာကိုယ်ကိုယ်အပိုင်းပိုင်း ခွဲထုတ်ကာ အမှောင် တာအိုနိယာမများနှင့် ပေါင်းစပ်ပြီး ဟင်းလင်းပြင်အတွင်း ရောနှောပျံ့နှံ့သွားစေလိုက်သည်။ သို့သော်လည်း ထိုလက်သီးချက်များမှ ပါလာသော အရှိန်အဝါအငွေ့အသက်ဖြင့် တခဏတာထိတွေ့သွားရာ သူ၏ မူလမိစ္ဆာခန္ဓာကိုယ်သည် ထက်ဝက်နီးပါး အရည်ပျော် ပျက်စီးသွားလေသည်။
အကယ်၍ အရေးကြီးသော အချိန်တွင် လျှို့ဝှက်နည်းစနစ်ကို ပြတ်သားစွာ အသုံးမပြုခဲ့ပါက သူသည် ယနေ့တွင် သေချာပေါက် ကျဆုံးသွားပေလိမ့်မည်။
"ဟမ့်... ပြေးတာတော်တော် မြန်သားပဲ..."
ကျုံးရှန်သည် အမှောင်နတ်ဘုရားငယ် နောက်သို့လိုက်လံ ဖမ်းဆီးခြင်း မပြုတော့ချေ။
ထိုမိစ္ဆာနှင့် မျှော်စင်တက်သည့်အခါ၌ လည်း ပြန်လည် တွေ့ဆုံမည် ဖြစ်ကြောင်း ကောင်းကင်တာအိုကို တွက်ချက်ကာသိရှိထားပြီး ဖြစ်သည်။ အမှောင်နတ်ဘုရားငယ်ကဲ့သို့ ကံတရားသားတော်များကို ယနေ့ မသတ်နိုင်ဘဲ ဘေးဒုက္ခကို ကျော်ဖြတ်ခွင့် ပေးလိုက်လျှင် သူတို့သည် ပိုမိုကြီးမားသော ကံကောင်းမှုများကို ရရှိကာ အင်အားကြီးမားလာမည်ဖြစ်သည်။
သို့သော်လည်း ထိုသို့ဖြစ်လျှင်ပင် ကျုံးရှန်သည် ဂရုမစိုက်ပေ အင်အားကြီးရန်သူကို နှိမ်နင်းရခြင်းက သူ့အတွက်ပို၍သန်မာလာ စေနိုင်သည်မဟုတ်ပါလော။
သို့နှင့်နောက်တစ်ခါတွေ့သည့်အချိန်ကျမှ အရင်းရော အတိုးပါပေါင်း၍ တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။
ကျုံးရှန်သည် သူ၏ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ယမ်းလိုက်လျှင် လက်မောင်းခြောက်ဖက် စစ်မှန်သောအတ္တပုံရိပ် ပျောက်ကွယ်သွားသည်။ ထို့နောက်လက်တစ်ချက်ဝှေ့ယမ်းကာ တိုက်ပွဲဖြစ်ပွားခဲ့သည့် သဲလွန်စ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ညို့ယူဝိညာဉ် ကြေးမှုန်မှန်ကို ယူဆောင်၍ ရှီမင်နှင့်အတူ ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် အရိပ်မိစ္ဆာအရှင်သခင်သည် အမှောင်ထုကို ဖြတ်ကျော်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့ ရောက်ရှိလာသည်။ သို့သော်ထိုနေရာတွင် ကြီးမားသော ကျင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့ပြီး မိုင်ပေါင်း တစ်သိန်းအတွင်းရှိ အမှောင်စွမ်းအားများ လုံးဝ ပျောက်ကွယ်သွားလေသည်။
သူသည် အတိတ်ကို ကြည့်ရှုခြင်း သို့မဟုတ် အနာဂတ်ကို တွက်ချက်ခြင်း အစရှိသည့် နတ်ဘုရားစွမ်းရည်များကို အသုံးပြုကာ ကောင်းကင်တာအိုမြစ်အတွင်း၌ သဲလွန်စများရှာဖွေကြည့်သော်လည်း မည်သည့်အရာမျှ ရှာမရချေ။
"ထူးဆန်းတယ်... ဒီနေရာမှာ ဘယ်သူ တိုက်ခိုက်သွားတာလဲ..."
"အမှောင် တာအိုနိယာမတွေ ပေါက်ကွဲသွားတာကနေ ငါ ရောက်လာတဲ့အထိ နှလုံးခုန်သံ နှစ်ကြိမ် သုံးကြိမ်စာပဲ ကြာတာကို... သဲလွန်စ အားလုံးက ဘယ်လိုလုပ် အကုန် အဖျက်ခံလိုက်ရတာလဲ..."
ထိုအချိန်တွင် အဋ္ဌမအထပ် ကုန်းမြေတိုက်၏ အစွန်အဖျား နယ်မြေ၌ အမှောင် တာအိုနိယာမများ တစ်ဖန် ပြန်လည် စုစည်းလာကာ လိမ်ဖယ်နေသော လူသားပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အမှောင်နတ်ဘုရားငယ်ပေါ်လာသည်။
သူ၏ မျက်နှာသည် ဖြူလျော်နေပြီး စွမ်းအားများစွာ ဆုံးရှုံးသွား ကြောင်းသိသာနေသည်။
'ကြောက်စရာ ကောင်းလိုက်တာ... တကယ်ကို ကြောက်စရာ ကောင်းတာပဲ...'
'ငရဲဘုံထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ လက်သီးပညာမျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...'
သူ၏ စိတ်ထဲတွင် ကျုံးရှန်၏ လက်သီးချက်များကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုများ မပြေပျောက်သေးချေ။
သူသည် ယိမ်းထိုးလျက် လမ်းလျှောက်နေရင်းမှ သူ၏ပတ်ဝန်းကျင်သည် အပျက်အစီးများ ဖြင့်ပြည့်နေသည်ကို သတိထားမိလိုက်သည်။ သူ၏ ခြေထောက်အောက်တွင်လည်း ပျက်စီးနေသည့် ယဇ်ပလ္လင်တစ်ခု ရှိနေကာ အမှောင်နိယာမအမှတ်အသားများ ရေးထိုးထားသည်။
သူသည် လက်ကို ဝှေ့ယမ်းကာ အမှောင်စွမ်းအားဖြင့် ယဇ်ပလ္လင်ပေါ်ရှိ ဖုန်မှုန့်များကို ဖယ်ရှားလိုက်ပြီး ထိုအမှတ်အသားများကိုအသေအချာကြည့်ရှုလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများသည် တဖြည်းဖြည်း ကျယ်လာပြီး ယဇ်ပလ္လင်ပေါ်၌ ဝမ်းသာအားရဖြင့် ဒူးထောက်လိုက်သည်။
"ဟားဟားဟားဟား..."
"ဘေးဒုက္ခကနေ မသေရင် ကံကောင်းလာလိမ့်မယ် ဆိုတာ ဒါပဲ..."
"အမှောင်နှလုံးသား ယဇ်ပလ္လင်... ဒါက တကယ်ပဲ အမှောင်နှလုံးသား ယဇ်ပလ္လင်ပဲ..."
"ဒဏ္ဍာရီထဲက အမှောင်နှလုံးသား ယဇ်ပလ္လင်က အဋ္ဌမအထပ် ကုန်းမြေတိုက်မှာ တကယ် ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ..."
"ငါသာ ဒီအမှောင်နှလုံးသားကို ရခဲ့ရင် ငါ အသုံးပြုနိုင်တဲ့ အမှောင်စွမ်းအားက အတိုင်းအဆ မရှိ ဖြစ်လာတော့မှာပဲ..."
အမှောင်နတ်ဘုရားငယ်သည် ပျော်ရွှင်လွန်းသဖြင့် အော်ဟစ်မိလိုက်သည်။
ဤကဲ့သို့သော အထပ်ငယ်လေးတွင် ကြီးမားသော ကံကောင်းမှု ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ချေ။
အမှောင်နှလုံးသား ဆိုသည်မှာ အမှောင်နတ်ဘုရား၏ နှလုံးသားကို သန့်စင်ပြီး သွန်းလုပ်ထားသော ကမ္ဘာဦးရတနာ တစ်ခု ဖြစ်သည်။ ထိုနှလုံးသားသည် အမှောင်ထု၏ စွမ်းအား အရင်းအမြစ် အစပျိုးရာပင် ဖြစ်၏။ အမှောင်နှလုံးသားကို ပိုင်ဆိုင်ပါက အမှောင်စွမ်းအားများကိုအကန့်အသတ်မရှိ သိုလှောင်နိုင်ကာ ထုတ်ယူသုံးနိုင်ပေမည်။
အဋ္ဌမအထပ်ရှိ အမှောင် တာအိုနိယာမများသည် ထိုနှလုံးသားကိုအသုံးပြု၍ တည်ဆောက်ထားခြင်းပင်ဖြစ်သည်။
ထိုအချိန်တွင် ရှီမင်တို့ အဖွဲ့သည် အရိပ်မိစ္ဆာမြို့တော်အတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ကျုံးရှန်သည် သာမန် ဆိတ်ချိုမိစ္ဆာလေးအသွင် ပြန်၍ပြောင်းလဲသွားကာလီလီဗီနှင့် ဂရုခ်သည်လည်း ညို့ယူဝိညာဉ်ကြေးမှုန်မှန်ထဲမှ ထွက်လာလေသည်။
လီလီဗီသည် ရှီမင်တစ်ယောက် အမှောင်နတ်ဘုရားငယ်ကို အနိုင်ယူနိုင်ခဲ့ခြင်းအပေါ် အံ့သြသင့်ခြင်း မရှိတော့ချေ။ ယခုအချိန်တွင် ရှီမင်၏ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာမှာ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီး တစ်ဦး ဖြစ်သည်ဟု တစ်စုံတစ်ယောက်က ပြောလာပါက သူမသည် သေချာပေါက် ယုံကြည်မိပေလိမ့်မည်။
အရိပ်မိစ္ဆာမြို့တော်တွင် လူသွားလူလာ ကျဲပါးလှ၏။ လူတိုင်းသည် ဤနေရာတွင် မနေလိုကြဘဲ ကိုးထပ်မြောက်သို့သာ အမြန်ဆုံး ဦးတည်သွားလာနေကြသည်။ ရှီမင်တို့ အဖွဲ့သည်လည်း ထိုနည်းတူပင် ဖြစ်ပြီး သူတို့သည် ကိုးထပ်မြောက်နှင့် အလွန် နီးကပ်နေပြီ ဖြစ်ရာ အမြန်ဆုံးရောက်ရှိလိုနေကြသည်။
သို့နှင့်အဋ္ဌမအထပ်၏ ဂိတ်တံခါးကို ဖြတ်ကျော်လိုက်ပြီးသောအခါ သူတို့ ခရီးစဉ်၏ နောက်ဆုံးပန်းတိုင် ဖြစ်သည့် ကိုးထပ်မြောက် ကုန်းမြေတိုက်အတွင်းသို့ ရောက်ရှိလာလေသည်။
ကိုးထပ်ငရဲဘုံ၏ ကိုးထပ်မြောက်ကုန်းမြေတိုက်။
ဤအထပ်သည် ကိုးထပ်ငရဲဘုံ၏ နောက်ဆုံးအထပ် ဖြစ်သကဲ့သို့ အမြင့်ဆုံးအထပ်လည်း ဖြစ်သည်။
ကျုံးရှန်နှင့် ရှီမင်တို့သည် ကိုးထပ်မြောက်ကုန်းမြေတိုက်အတွင်းသို့ ခြေချလိုက်သည်နှင့် သူတို့ရှေ့မှောက်ရှိ မှင်သက်ဖွယ် မြင်ကွင်းကြောင့် အံ့သြသင့်သွားကြသည်။ အထူးသဖြင့် ကျုံးရှန်သည်ကောင်းကင်ထက်ရှိ နေမင်း ခြောက်စင်းကို ကြည့်ကာ အတွေးနက်သွားရလေသည်။