← Chapters

အခန်း (၂၃၆)

Vol. 24 Ch. 236

အခန်း (၂၃၆)

Vol. 24 Ch. 236

ကိုးထပ်မြောက်ကုန်းမြေတိုက်သည် ကိုးထပ်ငရဲဘုံ၏ နောက်ဆုံးအထပ်ဖြစ်ရာ အဓိကစွမ်းအားအရင်းအမြစ်များ စုဝေးရာနေရာလည်း ဖြစ်သည်။

ဤနေရာ၏ အဆင့်အတန်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက်နှင့် များစွာကွာခြားမှုမရှိချေ။ ကိုးထပ်မြောက်ကုန်းမြေတိုက်ကို အုပ်ချုပ်မင်းမူနေသူသည် ငရဲဘုံ၏ ရှေးဟောင်းမိစ္ဆာအရှင်သခင်ကြီး သုံးဦးအနက် တစ်ဦးဖြစ်သည့် ယမမင်း ပင် ဖြစ်၏။

ဤကုန်း‌မြေတိုက်၏ အဓိက အမှတ်အသားသည် ငရဲဘုံ၏ ဗဟိုချက်ဖြစ်သော သံသရာခြောက်ဘုံ နိယာမပင် ဖြစ်သည်။

ကိုးထပ်မြောက်ကုန်းမြေတိုက်၏ အရပ်မျက်နှာ အနှံ့အပြားတွင် စိမ်းလန်းသော တောင်တန်းများရှိ‌နေပြီး ငှက်ကလေးများ၏သာယာနာပျော်ဖွယ် မြည်တမ်းသံများနှင့်ပန်းပေါင်းစုံတို့၏ ရနံ့များသင်းပျံ့နေသည်။ ထို့ပြင် ကြည်လင်အေးမြသော ရေစီးသံတသွင်သွင်နှင့် ပျော်ရွှင်မြူးထူးစွာကူးခတ်နေသည့် ငါးများဖြင့် ပြည့်နှက်နေကာ ငရဲဘုံ၏မိစ္ဆာအငွေ့အသက်များမရှိဘဲ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ရှိ ထူးခြားဆန်းပြားသောနယ်မြေတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ပင် ဖြစ်သည်။

ထိုထဲတွင်အံ့သြစရာအကောင်းဆုံးသည် ကိုးထပ်မြောက် ကုန်းမြေတိုက်၏ ကောင်းကင်ယံထက်၌ မြင့်မားစွာတည်ရှိနေသည့် နေမင်းခြောက်စင်းပင် ဖြစ်၏။ ထိုနေမင်းများသည် မှန်ချပ်ဝိုင်းကြီးများကဲ့သို့ဝိုင်းစက်နေပြီး နေမင်းတစ်စင်းချင်းစီ၌ မတူညီသော မြင်ကွင်းများကို ဖော်ပြနေသည်။

"သံသရာခြောက်ဘုံ..."

ထိုမြင်ကွင်းများသည် နတ်ပြည်၊ လူ့ပြည်၊ တိရစ္ဆာန်ဘုံ၊ အသူရကယ်ဘုံ၊ ပြိတ္တာဘုံနှင့် ငရဲဘုံတို့မှ ဖြစ်ကြသည်။ သံသရာခြောက်ဘုံဟူသည် လူသားတို့ မသေဆုံးမီ ပြုမူခဲ့သော ကံအကျိုးတရားများအလိုက် မတူညီသော ဘုံများသို့ ရောက်ရှိရခြင်းပင် ဖြစ်၏။

ဤသံသရာခြောက်ဘုံ နိယာမ၏ နက်နဲမှုသည် ငရဲဘုံကြီးတစ်ခုလုံး၏ အနှစ်သာရပင် ဖြစ်သည်။ ထို့ကြောင့် ရှေးယခင်မှ ယနေ့ထိတိုင်အောင် ဗုဒ္ဓ ဗောဓိသကျများနှင့် ရဟန္တာများစွာတို့သည် ငရဲဘုံသို့ လာရောက်ကာ ကျင့်ကြံရန် ရွေးချယ်ခဲ့ကြခြင်းသည် အံ့သြစရာ မဟုတ်တော့ချေ။

ဤနေရာသည် ဗုဒ္ဓတရားတော်များ၏ကျမ်းဂန်များထဲမှ သံသရာတံခါးအဝင်ဝနှင့်ပင်တူညီနေသည်။ သို့ဖြစ်ရာ ငရဲဘုံကို နားလည်သဘောပေါက်ခြင်းသည် ဗုဒ္ဓတရားတော်များ၏ နက်ရှိုင်းသော အနှစ်သာရကို သိမြင်နိုင်ခြင်းပင် ဖြစ်၏။

''ဒဏ္ဍာရီအရ ဒီနေမင်း ခြောက်စင်းက မတူညီတဲ့ ကမ္ဘာကြီး ခြောက်ခုရဲ့ ပုံရိပ်ယောင်တွေပဲဖြစ်တယ်...''

''သံသရာရဲ့ လျှို့ဝှက်ချက်ဆိုတာက အဲဒီ မဟာကမ္ဘာ ခြောက်ခုရဲ့ စွမ်းအားတွေကို အသုံးချခြင်းပေါ့...''

''ကိုးထပ်မြောက် ကုန်းမြေတိုက်ကို အကြိမ်ကြိမ် ရောက်ဖူးပေမဲ့ ဒီနေမင်း ခြောက်စင်းကို မြင်တိုင်း လီလီကိုယ်လီလီတကယ်ကို သေးငယ်လွန်းတယ်လို့ ခံစားနေရတုန်းပဲ...''

လီလီဗီသည် လက်နှစ်ဖက်ကို ယှက်ကာ နေမင်းခြောက်စင်းကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။

သူမ၏ မျက်နှာတွင် ကြည်ညိုလေးစားသော အမူအရာများ ပေါ်ပေါက်နေ၏။

'ဒီသံသရာခြောက်ဘုံနေမင်းတွေက ဒဏ္ဍာရီထဲက မဟာနတ်ဘုရားသတ်ဖြတ်ခြင်း နည်းစနစ် နဲ့တောင် သဘောတရားချင်း ဆင်တူနေသလိုပဲ...'

'အင်း...နှစ်ခုလုံးက တခြားကမ္ဘာတွေနဲ့ ဆက်သွယ်ပြီး စွမ်းအားကို ရယူတာချင်း အတူတူပဲလေ... ဒါပေမဲ့ ဒီသံသရာခြောက်ဘုံက မဟာနတ်ဘုရားသတ်ဖြတ်ခြင်း နည်းစနစ်ကိုတော့ မယှဉ်နိုင်ပါဘူး...'

ကျုံးရှန်သည် စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိ၏။

မဟာနတ်ဘုရားသတ်ဖြတ်ခြင်း နည်းစနစ်သည် ကောင်းကင်တာအိုကို ဖိနှိပ်နိုင်သလို နတ်ဘုရားအားလုံးကို သတ်ဖြတ်ကာ အဆုံးမဲ့သော ကမ္ဘာများ၏ စွမ်းအားကို ရယူနိုင်သည်ဟု ကျော်ကြားသည်။ ထိုနည်းစနစ်သည် နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အခြေခံ နည်းစနစ်များထဲမှ တစ်ခု ဖြစ်လေသည်။ သို့သော်လည်း နဂါးမဲ့နှလုံးသားကျင့်စဉ်မှာမူ လူသားအားလုံး ကျင့်ကြံနိုင်ပြီး ကမ္ဘာလောက၏ စည်းမျဉ်းကန့်သတ်ချက်နိယာမကိုဖောက်ထွက်သူများ ဖြစ်လာနိုင်စေသည်။

ကိုးထပ်မြောက် ကုန်းမြေတိုက်သည် ကြီးမားလွန်းခြင်း မရှိချေ။ ကုန်းမြေတိုက်ဟု ဆိုသော်လည်း ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်၏ စီရင်စုတစ်ခုစာခန့်သာ ရှိပြီး ရှေးဟောင်းမြို့တော်ကြီး တစ်ခုဖြင့်ပါဝင်ဖွဲ့စည်းထားသည်။

မြို့တော်အတွင်းရှိ အဆောက်အဦးများသည် ရှေးဆန်သော အငွေ့အသက်များ ရှိနေပြီး အနီရောင် အမိုးများ၊ အပြာရောင် အုတ်ခဲများနှင့် လှပသော မိုးမခပင်များ ရှိနေသည်။ လမ်းမပေါ်တွင် မိစ္ဆာမျိုးစုံတို့သည် ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေကြပြီး မိမိတို့၏ အရှိန်အဝါများကို ထိန်းချုပ်ထားကြကာ မည်မျှပင် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာဖြစ်ပါစေ ဤနေရာတွင်မူ ပြဿနာရှာရန် မဝံ့ရဲကြချေ။

ယမမင်းသည် မဟာတာအိုအဆင့်ရှိ ကမ္ဘာဦးရတနာ နှစ်ခုကို ပိုင်ဆိုင်ထားပြီး သေခြင်း၊ ရှင်ခြင်းနှင့် သံသရာစွမ်းအား၏ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်ထားသူ ဖြစ်သည်။ ငရဲဘုံအတွင်း၌ သူနှင့် ပတ်သက်သော ဒဏ္ဍာရီများစွာ ကျန်ရှိနေပြီး ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ရှိ သာမန်လူများကြားတွင်ပင် ငရဲဘုံ၏ယမမင်းအကြောင်း ပုံပြင်များစွာ ရှိနေလေသည်။

သူသည် ငရဲဘုံ၏ အရှင်သခင်ဟု လူသိများကာ ငရဲဘုံ၏ ရှေးဟောင်းမိစ္ဆာအရှင်သခင် သုံးဦးထဲမှအခြားသူများဖြစ်သည့်လျန့်ယွီမိစ္ဆာအရှင်နှင့် အမှောင် နတ်ဘုရားတို့ထက်ပင် ပို၍ ကျော်ကြားလေသည်။

ရှီမင်နှင့် လီလီဗီတို့ အဖွဲ့သည် လမ်းမပေါ်တွင် လျှောက်လှမ်းနေကြ၏။

"လီလီရဲ့အဖွဲ့ဝင်တွေက မြို့လယ်ခေါင်က သံသရာဧည့်ဂေဟာ မှာ အခြေချထားတယ်လေ... အခု အဲဒီကို သွားပြီး လူစုကြရင် ဘယ်လိုလဲ..."

လီလီဗီက ဂရုတစိုက် မေးမြန်းလိုက်သည်။

"ကောင်းပြီလေ... လူစုတာပေါ့..."

ရှီမင်သည် ကျုံးရှန်၏ ညွှန်ကြားချက်ကို ရရှိလိုက်သဖြင့် မည်သည့် ကန့်ကွက်မှုမျှ မပြုခဲ့ချေ။ မိမိ၏ လက်ရှိအရာအားလုံးသည် သခင်က ပေးသနားထားခြင်းဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။

ထို့နောက် သူတို့အဖွဲ့သည် လေထဲသို့ ပျံတက်သွားကြပြီး မြို့လယ်ရှိ သံသရာဧည့်ဂေဟာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် ယမမင်း၏ စီးပွားရေး လုပ်ငန်းများထဲမှ တစ်ခုဖြစ်၏။

သံသရာဟူသော အမည်ကို အသုံးပြုထားခြင်းသည် အမှန်တကယ်ပင် လေးစားဖွယ် ကောင်းလှပြီး ထိုဧည့်ဂေဟာသည် ကိုးထပ်မြောက် ကုန်းမြေတိုက်တွင် အလုံခြုံဆုံး နေရာတစ်ခုဖြစ်သကဲ့သို့ ယမမင်း၏ မျက်နှာပန်းရသော နေရာလည်း ဖြစ်သည်။ မည်သူမျှ ဤနေရာတွင် ပြဿနာမရှာဝံ့ကြချေ။ အကယ်၍ တစ်စုံတစ်ယောက်က သောင်းကျန်းလာပါက ယမမင်းကို မျက်နှာပျက်အောင် လုပ်ခြင်းပင် ဖြစ်ရာ ထိုကဲ့သို့သော အပြစ်မျိုးကို အဆင့် ၃ မိစ္ဆာနတ်ဘုရားများပင် ခံနိုင်ရည်မရှိကြချေ။

သံသရာဧည့်ဂေဟာသည် အလွန် ကျယ်ဝန်းလှသည်။ မြေနေရာအလွန်တန်ဖိုးကြီးလှသော ကိုးထပ်မြောက် ကုန်းမြေတိုက်တွင် ထိုမျှ ကျယ်ဝန်းသော နေရာကို ပိုင်ဆိုင်ထားခြင်း သည် ယမမင်း၏ အကန့်အသတ်မရှိကြွယ်ဝမှုကိုဖော်ပြနေသည်။ ဂေဟာအတွင်းပိုင်း၌ ဥယျာဉ်များ၊ ပြဇာတ်ရုံများနှင့် ဖျော်ဖြေရေး နေရာမျိုးစုံကို တည်ဆောက်ထားပြီး အခန်းငှားခများသည်လည်း အလွန်ပင် ဈေးကြီးလှကာ အဆင့်အတန်း လေးမျိုး ခွဲခြားထားသည်။

မယ် (နှင်းဆီ) အဆင့်သည် ဈေးအကြီးဆုံးအဆင့်ဖြစ်ပြီး ဧည့်ဂေဟာအတွင်း၌ သီးသန့်ခြံဝန်းတစ်ခုကို ပိုင်ဆိုင်နိုင်သည်။ ထိုအဆင့်အ‌ဆောင်များသည်တစ်ရက်လျှင် အထွတ်အထိပ် နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်တုံး ပေးဆောင်ရ၏။

လန် (သစ်ခွ) နှင့် ကျူး (ဝါး) အဆင့်များသည် လှပသော ရှုခင်းများ ရှိသည့် အဆင့်မြင့် အဆောင်များ ဖြစ်ကြပြီး လန်အဆင့်သည် တစ်ညလျှင် အဆင့်မြင့် မိစ္ဆာကျောက်တုံး တစ်သိန်းဖြစ်ကာ ကျူးအဆင့်သည် ငါးသောင်း ဖြစ်သည်။

ကျု (ဂန္ဓမာ) အဆင့်သည် အနိမ့်ဆုံးအဆင့် ဖြစ်သော်လည်း အခန်းအတွင်း၌ လိုအပ်သည်များ အစုံအလင် ရှိနေကာ တစ်ရက်လျှင် မိစ္ဆာကျောက်တုံး တစ်သောင်း ပေးဆောင်ရသည်။

ဧည့်ဂေဟာ၏ အခန်းခများကို နေ့စဉ် ပေးဆောင်ရသော်လည်း အမြဲတမ်း လူပြည့်နေလေ့ရှိရာ ဝင်ငွေရရှိမှုအရဆိုလျှင် ဤနေရာသည် လေးထပ်ကုန်း‌မြေတိုက်၏ ကျောက်လေလံရုံအောက် နိမ့်ကျခြင်း မရှိချေ။

လီလီဗီ၏ အဖွဲ့တွင် ငရဲမိစ္ဆာအရှင်သခင်အဆင့်ရှိသူ ဆယ်ဦး ပါဝင်ပြီး သူတို့သည် လီလီဗီထက် တစ်လခန့် စောစီးစွာ ရောက်ရှိနေကြခြင်း ဖြစ်၏။ ထိုမိစ္ဆာများသည် စုပေါင်း၍ လန်အဆင့်ရှိ အခန်းတစ်ခန်းကို ငှားရမ်းထားကြကာ ယခုအချိန်တွင် မျှော်စင်တက်ရန်အတွက် နောက်ဆုံး ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နေကြသည်။

မျှော်စင်အတွင်း၌ အထပ်ပေါင်း တစ်ထောင်တက်နိုင်တိုင်း မိမိတို့၏ ခန္ဓာကိုယ်သည် မူလထက် ပိုမို ကြံ့ခိုင်လာမည် ဖြစ်သကဲ့သို့ ကံကောင်းမှုများကိုလည်း ရှာဖွေနိုင်မည် ဖြစ်သည်။

လီလီဗီသည် ရှီမင်တို့အား ခေါ်ဆောင်ကာ သံသရာဧည့်ဂေဟာအရှေ့သို့ရောက်လာ လေသည်။ သူမသည် ဧည့်ဂေဟာအပြင်ဘက်မှနေ၍ ပန်းရောင် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်လွှင့်လိုက်လျှင် ပန်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဧည့်ဂေဟာ အတွင်းပိုင်းသို့ဝင်ရောက် ပျောက်ကွယ်သွားသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် လီလီဗီ၏ ရှေ့မှောက်သို့ ငရဲမိစ္ဆာမျိုးနွယ်စုအသီးသီးမှငရဲမိစ္တာအရှင်သခင်အဆင့်ရှိ ကျွမ်းကျင်သူ ဆယ်ဦး ရောက်ရှိလာကြသည်။

"မင်းသမီး... ရောက်လာပြီလား..."

"မတွေ့ရတာ တစ်လရှိပြီဆိုပေမဲ့ သုံးနှစ်လောက် ကြာသွားသလိုပဲ..."

"မင်းသမီးရဲ့ မျက်နှာလေးက ကိုးထပ်ကောင်းကင်က နတ်သမီးလေးအတိုင်းပဲ... ကျွန်တော့်ရဲ့ ဝိညာဉ်ထဲမှာ အမြဲ စွဲထင်နေပါတယ်..."

ထိုမိစ္ဆာများသည် လီလီဗီကို ချက်ချင်းပင်ဝိုင်းအုံသွားကာ မြှောက်ပင့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် လီလီဗီမှလွဲ၍ ရှီမင်ကို လုံးဝ ထည့်မတွက်ကြချေ။

ဤသည်ကား စံပြအချောင်သမားများနှင့်အမြှောက်အပင့်ပြုလုပ်လေ့ရှိသူများပင် ဖြစ်သည်။ လီလီဗီအနေဖြင့် အနည်းငယ်မျှ ပရိယာယ်သုံးလိုက်ရုံဖြင့် ဤငရဲမိစ္ဆာအရှင်သခင်များကို သူမ၏ ရုပ်သေးရုပ်များကဲ့သို့ ခိုင်းစေနိုင်မည်မှာ မြင်သာလှသည်။

"ကဲပါ... တော်ကြပါတော့... လီလီလည်း အစ်ကိုတို့ကို သတိရနေတာပါ..."

"အခု လီလီက အားလုံးကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်..."

"သူကတော့ အစ်ကို ရှီမင် ပဲ..."

"သူသာ ကျွန်မတို့အဖွဲ့မှာ ပါရင် အားလုံးကို အထပ်တစ်ထောင်... မဟုတ်ဘူး..အထပ်နှစ်ထောင်အထိ ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်..."

All Chapters