← Chapters

အခန်း (၂၃၇)

Vol. 24 Ch. 237

အခန်း (၂၃၇)

Vol. 24 Ch. 237

လီလီဗီ၏ ရှီမင်အပေါ်ချီးကျူးစကားများကြောင့် ငရဲမိစ္ဆာအရှင်သခင်များမှာ မကျေမနပ် ဖြစ်လာကြသည်။

လီလီဗီကဲ့သို့သော မင်းသမီးတစ်ပါးထံမှ ထိုမျှအထိ ချီးကျူးမှု ရရှိရန်အတွက် ထိုသူသည် မည်မျှအထိ စွမ်းဆောင်နိုင်သနည်း။

ဤငရဲမိစ္ဆာအရှင်သခင်များ၏ အစွမ်းသည် အဆင့် ၂ မိစ္ဆာနတ်ဘုရား အဆင့်၌သာ ရှိကြပြီး မိမိတို့၏ ငရဲဘုံငယ်လေးများတွင် အရှင်သခင်များအဖြစ် မင်းမူနေကြသူများ ဖြစ်သည်။ လီလီဗီကဲ့သို့ ရှီမင်၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း မရှိသလို ရှီမင်သည်သူတို့နှင့်အဆင့်တူချင်းသာဖြစ်ရာ အထင်မကြီးကြချေ။

မူလက လီလီဗီသည် သူတို့အားလုံးကို တန်းတူဆက်ဆံခဲ့သဖြင့် သူတို့အတွက် နေသာထိုင်သာ ရှိခဲ့သော်လည်း ယခုအခါ လူသစ်တစ်ယောက်ကို အထူးတလည် ချီးမွမ်းနေခြင်းကြောင့် စိတ်ထဲတွင် မနှစ်မြို့ ဖြစ်လာကြသည်။

''အစ်ကိုရှီမင်... ဒီဆယ်ယောက်က ငရဲကမ္ဘာငယ်အသီးသီးရဲ့ အရှင်သခင်တွေပါ..."

"နောက်ဆိုရင်လည်း သူတို့ကို ကူညီပေးပါဦးနော်...''

လီလီဗီသည် ပြုံးလျက် ပြောဆိုလိုက်သော်လည်း အသေးစိတ် မိတ်ဆက်ပေးရန် ရည်ရွယ်ချက် မရှိချေ။

ထိုမိစ္ဆာအရှင်သခင်များသည်လည်း ပျင်းရိငြီးငွေ့စွာဖြင့် ဘေးတွင် ရပ်နေကြပြီး မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်ကြသကဲ့သို့ ရှီမင်သည်လည်း မည်သည့် အမူအရာမျှ မပြဘဲ ရပ်နေသည်။ သို့ဖြင့် ပတ်ဝန်းကျင်၏ အခြေအနေမှာ အနည်းငယ် အနေရခက်စရာ ဖြစ်လာ၏။

ထိုအချိန်တွင် မျောက်မိစ္ဆာမျိုးနွယ်မှမိစ္ဆာတစ်ကောင်သည် လီလီဗီအနားသို့ ကပ်လာကာ မျက်နှာလိုမျက်နှာရပြောဆိုလိုက်သည်။

''မင်းသမီး... ခရီးလမ်းမှာ ပင်ပန်းလာမှာပေါ့... ကျွန်တော်တို့ လန်အဆင့် အဆောင်တစ်ခု ငှားထားပါတယ်... မင်းသမီး အဲဒီမှာ ခဏလောက် နားပါဦးလား...''

လန်အဆင့်သည် အဆင့်မြင့် အဆောင်ဖြစ်သဖြင့် ကျယ်ဝန်းလှရာ မိစ္ဆာဆယ်ဂဏန်းခန့် နေထိုင်ရန်မှာ ပြဿနာ မရှိချေ။

'ဟမ့်... မင်းသမီးလို မြင့်မြတ်တဲ့သူက မင်းလို အဆင့်မရှိတဲ့သူနဲ့ ဘယ်လိုလုပ် အတူတူ နေနိုင်မှာလဲ...'

ထိုမျောက်မိစ္ဆာသည် လီလီဗီကိုသာ ဖိတ်ခေါ်ပြီး ရှီမင်ကိုမူ လုံးဝ လျစ်လျူရှုထားသည်။

ရှီမင်သည် သူ၏ရှေ့တွင် လီလီဗီအား မျက်နှာလိုမျက်နှာရလုပ်နေကြသော ထိုမိစ္ဆာအရှင်သခင်များကိုစိတ်မရှည်ဖြစ်လာသည်။

သို့နှင့် သခင်ဖြစ်သည့် ကျုံးရှန် ၏အားကိုးဖြင့် အနှီမိစ္ဆာများအား တွင်းထဲက ဖားများ မည်သို့ရှိသည်ကို သိအောင် လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ကျုံးရှန်သည်လည်း ဤကဲ့သို့ ရှုပ်ထွေးသော မိစ္ဆာများကြားတွင် မနေလိုဘဲ တိတ်ဆိတ်သည့် နေရာတစ်ခု၌သာ ကျင့်စဉ်များကို ဆက်လက် လေ့လာလိုသည်။ သူ့၌ ချောက်နက်ငရဲဘုံ နှလုံးသားကျင့်စဉ်အပြင် လေလံပွဲမှ ရရှိထားသော မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်ကို လေ့လာရန် လည်း အချိန်ယူရဦးမည် ဖြစ်၏။

ရှီမင်သည် ကျုံးရှန်၏ ညွှန်ကြားချက်ကို ရရှိလိုက်သည်နှင့် မိစ္ဆာအရှင်သခင်များ၏ ဒေါသတကြီး စိုက်ကြည့်နေသည့် အကြည့်များကို ဂရုမစိုက်ဘဲ သံသရာဧည့်ဂေဟာရှိအလုပ်သမားတစ်ယောက်ကို ခေါ်လိုက်သည်။

''သွား... ငါ့အတွက် မယ်အဆင့် သီးသန့်ခြံဝန်းတစ်ခု ဖွင့်ပေး...''

ထိုသူ၏ ပုံစံမှာ ထူးဆန်းလှပြီး မိစ္ဆာနှင့်မတူဘဲ လူသားနှင့် ပိုတူသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ငရဲဘုံ၏ အငွေ့အသက်များ ပြည့်နှက်နေသည်။ သူသည် ရှီမင်၏ တောင်းဆိုချက်ကို ကြားလိုက်ရလျှင် ခက်ခဲသွားသော အမူအရာ ပေါ်ပေါက်လာသည်။

''အဲ့တာက...အရှင်...''

သူ၏ စကားမဆုံးမီမှာပင် ရှီမင်သည် အထွတ်အထိပ် နတ်ဘုရားမိစ္ဆာကျောက်တုံး နှစ်ရာကို ပစ်ပေးလိုက်သည်။ ရှစ်ထပ်မြောက် ကုန်းမြေတိုက်တွင် ကျုံးရှန်သည် ရှီမင်အား အရေးပေါ် အသုံးပြုရန်အတွက် အထွတ်အထိပ်နတ်ဘုရားမိစ္ဆာကျောက်တုံး တစ်ထောင်ခန့် ပေးထားပြီး ဖြစ်၏။

အထွတ်အထိပ် မိစ္ဆာနတ်ဘုရားကျောက်တုံး နှစ်ရာမှ ထွက်ပေါ်လာသော တောက်ပသည့် အလင်းတန်းများသည် ဧည့်ဂေဟာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

''ငါ့အတွက် မယ်အဆင့် သီးသန့်ခြံဝန်း တစ်ခုကို အခုချက်ချင်း စီစဉ်ပေး..."

"ရက်ပေါင်း နှစ်ဆယ် နေမယ်... ဈေးနှုန်းကို ညှိနှိုင်းလို့ရတယ်... ပိုတာကို မင်းယူထားလိုက်...''

ရှီမင်သည် အေးစက်စွာ ပြောဆိုလိုက်သည်။

သူ ပေးလိုက်သော ပမာဏမှာ ပုံမှန်ထက် ဆယ်ဆခန့် ပိုများနေသဖြင့် ဝန်ထမ်းလေးသည် တံတွေးပင် မျိုချလိုက်မိသည်။

''အရှင်... ခဏလောက် စောင့်ပေးပါ... ကျွန်တော် အတတ်နိုင်ဆုံး ညှိနှိုင်းပေးပါ့မယ်...''

မယ်အဆင့် ခြံဝန်းများသည် အမြဲတမ်း လူပြည့်နေလေ့ ရှိသဖြင့် သူသည် လက်ရှိ နေထိုင်သူများကို အခြားအခန်းများနှင့် လဲလှယ်ရန် သွားရောက် ဖျောင်းဖျရဦးမည် ဖြစ်သည်။ သို့သော်လည်း ငွေဖြင့် ဖြေရှင်း၍မရသည့် ကိစ္စဟူ၍ မရှိ‌ပေ။

ရှီမင်သည်လည်း လုံလောက်သည်ထက်ပိုလျှံသောအရေအတွက်ပေးထားသည်ဖြစ်ရာ သူသည် ဝမ်းသာအားရဖြင့် ဖျောင်းဖျရန်ထွက်ခွာသွားသည်။

ဘေးတွင် ရှိနေသော မိစ္ဆာအရှင်သခင်များမှာမူ ထိုဖြစ်ရပ်ကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြလေသည်။ သူတို့သည် ဆယ်ယောက်ပေါင်းငွေဖြင့်ပင် လန်အဆင့်တွင်သာ နေထိုင်နိုင်ကြခြင်း ဖြစ်ရာ ရှီမင်၏ အထွတ်အထိပ်နတ်ဘုရားမိစ္ဆာ ကျောက်တုံး နှစ်ရာကို အလွယ်တကူ ထုတ်ပေးလိုက်ခြင်းသည် သူတို့အတွက် မယုံနိုင်စရာ ဖြစ်နေ၏။

ဘေးတွင်ရပ်ကြည့်နေသည့်လီလီဗီသည် ရှီမင်၏ ကြွယ်ဝမှုကို မြင်တွေ့ဖူးထားသည်ဖြစ်ရာ ရှီမင်တစ်ယောက်အထွတ်အထိပ် နတ်ဘုရားမိစ္ဆာကျောက်တုံးနှစ်ရာ ထုတ်ပေးသည့်မြင်ကွင်းကိုမြင်သောအခါ အံ့သြသင့်ခြင်း မရှိချေ။

မကြာမီမှာပင် သံသရာဧည့်ဂေဟာ၏အလုပ်သမားလေး ပြန်ရောက်လာသည်။

''အရှင်... မယ်အဆင့် သီးသန့်ခြံဝန်းကို စီစဉ်ပြီးပါပြီ... ဒါကတော့ ခြံဝန်းရဲ့ အစီအရင်ထိန်းချုပ်ရေးအမိန့်ပြားပါ..."

"ဒီအမိန့်ပြားနဲ့ ခြံဝန်းထဲက အစီရင်တွေကို ထိန်းချုပ်နိုင်သလို ကျွန်တော်တို့ကိုလည်း အချိန်မရွေး ခေါ်ယူနိုင်ပါတယ်...''

ရှီမင်သည် အမိန့်ပြားကို ယူလိုက်ပြီး လီလီဗီဘက်သို့ လှည့်ကြည့်လိုက်သည်။

''မင်းသမီး... မယ်အဆင့် ခြံဝန်းကို အတူတူ လိုက်ခဲ့ပါ့လား... အဲဒီမှာ ပိုပြီး တိတ်တိတ်ဆိတ်ဆိတ် အနားယူလို့ ရတာပေါ့...''

ရှီမင်၏ ဖိတ်ခေါ်မှုကြောင့် လီလီဗီမှာ ဝေခွဲမရ ဖြစ်သွားသည်။

အကယ်၍ သူမသာရှီမင်နှင့်အတူ လိုက်သွားပါက အခြားသော မိစ္ဆာအရှင်သခင် ဆယ်ဦး၏ မျက်နှာကို ရိုက်လိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်၏။ ထို့ပြင် မလိုက်သွားပါကလည်း ရှီမင်၏ စိတ်ခုခြင်းခံရမည်ကို စိုးရိမ်ရပြန်သည်။

သို့နှင့်ခဏတာမျှ စဉ်းစားပြီးနောက် သူမသည် လန်အဆင့် အခန်းတစ်ခုကိုသာ ထပ်မံ ငှားရမ်းလိုက်ပြီး နှစ်ဖက်လုံးကို ငြင်းပယ်လိုက်သည်။

''လီလီ အားလုံးကို အနှောင့်အယှက် မပေးတော့ပါဘူး..."

"အခု မျှော်စင်တက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ရဦးမှာဆိုတော့ ရက်ပေါင်း နှစ်ဆယ် ကြာမှပဲ ဒီနေရာမှာ ပြန်ဆုံကြတာပေါ့...''

သူမသည် မည်သည့်ဘက်ကိုမျှ မလိုက်ဘဲ ကြားနေအဖြစ်နေရန်သာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

သို့နှင့်ရှီမင်သည်လည်း ကျုံးရှန်နှင့်အတူ မယ်ခြံဝန်းအတွင်းသို့ ဦးတည်ထွက်ခွာလာခဲ့လိုက်သည်။

မယ်ခြံဝန်းသည် ခြံဝန်းဟုဆိုသော်လည်း အကျယ်အဝန်းသည်ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ရှိ သေမျိုးနန်းတော်တစ်ခုနှင့်ပင်နှိုင်းယှဥ်လို့ရနေ၏။ ခြံဝန်းအတွင်းတွင် လူလုပ်ကျောက်တောင်အတုများ၊ ရေကန်ငယ်တစ်ခုနှင့် အနီရောင် ပန်းမန်များစိုက်ပျိုးထားသည်။

မယ်ခြံဝန်းတစ်ခုစီသည် ကန့်သတ်အတားအဆီး အစီအရင်များဖြင့်တည်ဆောက်ထားပြီး တစ်စုံတစ်ယောက်ဝင်ရောက်ကျူးကျော်လာပါက အသိပေးနိုင်သည့်အစီအရင်များလည်းပါဝင်နေသေး သည်။

ဤနေရာသည်ငရဲဘုံ၏ ဗိသုကာတည်ဆောက်ပုံစံမျိုးမဟုတ်ဘဲ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ ဗိသုကာအနုပညာစတိုင်နှင့်ပို၍တူညီလှသည်။ ထိုအသေးစိတ်သတင်းအချက်အလက်များက ယမမင်းတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှအင်အားစုတစ်ခုခုနှင့်အဆက်သွယ်အချို့ရှိနိုင်ကြောင်း ဖော်ပြနေသည်။

ခြံဝန်းအတွင်းသို့ ရောက်ရှိလျှင် ရှီမင်သည် ဂရုခ်အား အစာသွားစားရန် အကြောင်းပြကာတစ်နေရာသို့ထွက်သွားခိုင်းလိုက်သည်။

ဂရုခ်တစ်ယောက်မြင်ကွင်းမှပျောက်ကွယ်သွားပြီးနောက်မှသာ ကျုံးရှန်၏ ရှေ့မှောက်တွင် ဒူးထောက်ချလိုက်၏။

''သခင်... နောက်ထပ် ဘာများ ညွှန်ကြားချင်ပါသေးလဲ...''

ထိုစကားကြားသောအခါ ကျုံးရှန်သည် လက်ခါပြကာ ပြောလိုက်သည်။

''ဘာမှ ထွေထွေထူးထူး မရှိသေးဘူး... ဂရုခ်ကိုသာ သေချာ ဂရုစိုက်ပေးထား..."

"မျှော်စင်ကနေ ထွက်ရင် သူ့ကို ခေါ်ပြီး ငါ့ကို မူလအစကမ္ဘာမှာ စောင့်နေပါ..."

"အဲ့ဒီနောက်တော့...မင်းလည်း ရှီးရွှယ်ငရဲဘုံကို ပြန်သွားလို့ရတယ်...''

ရှီမင်သည် ဦးညွှတ်လျက် ပြန်လည် ဖြေကြားလိုက်သည်။

''သခင်ရဲ့အမိန့်အတိုင်းပါ''

"သခင့်ရဲ့ စွမ်းအားနဲ့ဆိုရင်...သေချာပေါက် မျှော်စင်ရဲ့ ထိပ်ဆုံးအထိ တက်လှမ်းနိုင်မှာပါ...''

All Chapters