အခန်း (၂၃၉)
Vol. 24 Ch. 239
ဓားဆွဲထုတ်သူ ဂူကျဲထူ ဟု အမည်ရသော ထိုအမျိုးသားသည် ထိုင်နေရာမှ ထရပ်ကာ ခြေတစ်လှမ်း လှမ်းလိုက်လျှင် ရထားလုံး၏ဟင်းလင်းပြင်အထက်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူ၏ အကြည့်တို့သည် အဝေးတစ်နေရာရှိ ကိုးထပ်ငရဲဘုံသို့ကျရောက်သွားလေသည်။
"ဟမ့်... ချောက်နက်မိစ္ဆာအိုကြီး... မင်းတို့ကောင်တွေ ဘယ်လိုပရိယာယ်တွေ သုံးနေကြတယ်ဆိုတာ ငါမသိဘူး မထင်နဲ့..."
"မင်းတို့ကောင်တွေ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ထဲဝင်နိုင်တယ် ဆိုရင်ကော ဘာဖြစ်လဲ..."
"ဒီတစ်ခေါက်..သေချာပေါက် ကောင်းကင်ဘုံကို ဝင်ရောက်ပြီး ကောင်းကင်တက်လှမ်းခြင်း တာအိုနဲ့ မိစ္ဆာဓားဆန္ဒကို တစ်ပေါင်းတည်း ဖြစ်အောင် ပေါင်းစပ်ပြမယ်..."
"မင်းလည်း တစ်နေ့ကျရင် ငါဂူကျဲထူရဲ့ လက်ထဲမှာ သေကိုသေရလိမ့်မယ်ကွ..."
"အဲဒီအချိန်ကျရင် မင်းရဲ့ မိစ္ဆာနတ်ဘုရား အမြုတေကို အရှင်လတ်လတ်ဆွဲထုတ်ပြီး မင်းရဲ့ မိစ္ဆာခန္ဓာကိုယ်ကို ငါ့ရဲ့ မိစ္ဆာသတ်ဖြတ်ခြင်းဓားနဲ့ နှစ်ပေါင်း သန်းချီအောင် အပိုင်းပိုင်း မွှန်းပစ်မယ်... အဲဒါမှ ငါ့ရင်ထဲက အာဃာတတွေ ပြေပျောက်မှာ..."
ဂူကျဲထူ၏ မျက်လုံးအစုံ၌ သွေးရောင်အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
ထို့နောက် သူသည် မိစ္ဆာအမှတ်အသားများ ထူထပ်နေသော မိစ္ဆာသောက်သုံးဓားကို ရုတ်တရက် ဆွဲကိုင်လိုက်ကာ ဟင်းလင်းပြင်ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။
"ရွှပ်..."
အနက်ရောင် ဓားအရှိန်အဝါ တစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ ဟင်းလင်းပြင် စကြာဝဠာအတွင်းရှိ ရေတွက်၍မရနိုင်သော ကြယ်ကြီးများ ပျက်စီးသွားကာ ကြယ်စုတန်းများပင် နှစ်ပိုင်းပြတ်သွားရ၏။
ထိုမျှမကသေးဘဲ ဓားအရှိန်အဝါသည်အသစ်စတင် ဖြစ်တည်ခါစ စကြာဝဠာငယ် အချို့ကိုပင်သွားရောက်ထိမှန်သွားရာစကြဝဠာငယ်များအတွင်းရှိ အသစ်မွေးဖွားလာသော သက်ရှိများစွာသည် လုံးဝဥဿုံ ပျောက်ကွယ်သွားရလေသည်။
"စောင့်နေလိုက်စမ်း..."
သူ၏ ကြုံးဝါးသံသည် ဟင်းလင်းပြင်အတွင်း၌ အချိန်အတော်ကြာအောင် ဟိန်းထွက်သွားတော့သည်။
....
ငရဲကိုးထပ် ကုန်းမြေတိုက်ကြီးအတွင်း၌။
ကျုံးရှန် တံခါးပိတ်ကျင့်ကြံနေသည်မှာ ၁၉ ရက်မြောက်နေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ ကောင်းကင်တက်လှမ်းမျှော်စင် ပွင့်လှစ်ရန် တစ်ရက်သာ လိုတော့၏။
သံသရာခြောက်ဘုံ မဟာနေမင်းများ၏အထက် ဟင်းလင်းပြင်မှ အဆုံးမရှိသော ကောင်းကင်တက်လှမ်းမျှော်စင် ဆင်းသက်လာလေသည်။
ထိုမျှော်စင်ကြီးသည် ကိုးထပ်မြောက် ကုန်းမြေတိုက်၏ ကောင်းကင်ထောက်တိုင်ကြီးပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားကာ ထောက်တိုင်နှင့်တစ်ဆက်တည်းဖြစ်သွားသည်။
ကောင်းကင်မျှော်စင်ပွင့်ရန် တစ်ရက်လို သေးသော်လည်း မျှော်စင်ရှိရာနေရာ၌ စောစီးစွာပင် သောင်းနှင့်ချီသော မိစ္ဆာများ ဖြင့်ပြည့်ကျပ်စုဝေးနေပြီဖြစ်သည်။
ထိုငရဲမိစ္ဆာများသည် ပုံသဏ္ဌာန် အမျိုးမျိုး ရှိကြကာ အချို့သည် လူခေါင်းနှင့် သိုးခန္ဓာကိုယ် ရှိပြီး အချို့၌ ကျောကုန်းတွင် အတောင်ပံများ ပါရှိကြသည်။ ထို့အပြင် အချို့မိစ္ဆာများသည် ကိုယ်အထက်ပိုင်းသည် လူသားပုံစံဖြစ်သော်လည်း ကိုယ်အောက်ပိုင်းမှာ အရိုးစုများ ဖြစ်နေကြလေသည်။ ထူးဆန်းလွန်းသဖြင့် စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲသော မိစ္ဆာများလည်းရှိနေသေးပြီး ထိုမိစ္ဆာတစ်ဦးချင်းစီသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။
ထိုအရှိန်အဝါများကြောင့်သူတို့၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ပျက်စီးလိုက်၊ ပြန်လည်ဖြစ်တည်လိုက် ဖြစ်နေသည်။ ထိုမိစ္ဆာများထဲတွင် အစစ်အမှန်မိစ္ဆာနတ်ဘုရားအဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင် အများအပြားပါဝင် နေခြင်းပင် ဖြစ်သည်။
သူတို့သည် ကောင်းကင်တက်လှမ်းမျှော်စင်၏အရှေ့ရှိ နယ်မြေတစ်ခုစီကို အပိုင်စီးထားကြကာ ခန္ဓာကိုယ်ထက်၌ ရှေးဟောင်းဆန်သည့် နက်ရှိုင်းသော ဟင်းလင်းပြင်အငွေ့အသက်များ ဖုံးလွှမ်း နေသည်။
လီလီဗီနှင့် အဖွဲ့သည် သံသရာဧည့်ဂေဟာ၏ တံခါးဝ၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
'မျှော်စင်ပွင့်တဲ့အချိန်က နေ့တစ်ဝက်ပဲ ရှိတာ... အကယ်လို့ လွဲချော်သွားရင် နောက်တစ်ခါ ပွင့်ဖို့ နှစ်ပေါင်း တစ်သန်းလောက် ထပ်စောင့်ရတော့မှာပဲ...'
သူမသည် ဧည့်ဂေဟာ၏အလုပ်သမားလေးကို အကြိမ်ကြိမ် သတင်းပို့ခိုင်းထားသော်လည်း ရှီမင်ဆီမှမည်သည့်တုံ့ပြန်မှုမျှ မရရှိသေးချေ။
"မင်းသမီး... ကျွန်တော်တို့ ဆက်မစောင့်သင့်တော့ဘူးလို့ ထင်တယ်..."
"အရေးကြီးတဲ့ ကိစ္စတွေ နောက်ကျကုန်လိမ့်မယ်..."
"ဟုတ်တယ်... ကောင်းကင်တက်လှမ်းမျှော်စင်ကနှစ်ပေါင်း တစ်သန်းမှ တစ်ခါ ပွင့်တာလေ... အကယ်လို့ လွဲချော်သွားရင် နောက်တစ်ခါ ပွင့်တဲ့အချိန်အထိ ကျွန်တော်တို့ အသက်ရှင်နေပါဦးမလား မသိဘူး..."
လီလီဗီ၏ အဖွဲ့ထဲမှ မိစ္ဆာများသည် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
နှစ်ပေါင်း တစ်သန်းဟူသည်မှာ အလွန်ပင် ရှည်လျားလှသည်။ နတ်ဘုရားအဆင့် ၂ ကျွမ်းကျင်သူများဖြစ်သည့် မိစ္ဆာအရှင်သခင်များပင်လျှင် နှစ်ပေါင်း တစ်သန်းခန့်သာ အသက်ရှည်နိုင်ကြရ သူတို့အများစုသည် ယခုအခွင့်အရေးကို လွဲချော်ပါက နောက်တစ်ကြိမ်တွင် အသက်ရှင်လျက်ရှိနေနိုင်ရန် မသေချာလှချေ။
လီလီဗီသည်မည်သည့်တုန့်ပြန်စကားမျှမဆိုခဲ့ချေ။ သူမသည် ရှီမင်အပေါ် ယုံကြည်မှု ဖြင့်သာ ဆက်လက် စောင့်ဆိုင်းရန် ဆုံးဖြတ်ထားလေသည်။
ထိုအချိန်တွင် မယ်အဆောင်အတွင်းရှိရှီမင် သည်လည်း လီလီဗီ၏ သတင်းစကားများကို အကြိမ်ကြိမ်ရရှိထားသဖြင့် စိုးရိမ်ပူပန်နေသည်။ သို့သော်လည်း သူသည် ကျုံးရှန်၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်ရဲချေ။
ကျုံးရှန်၏ အခန်းပြင်၌သာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ကာစောင့်ဆိုင်းနေရ၏။
ရုတ်တရက် အခန်းတံခါး ပွင့်သွားပြီး ကျုံးရှန် ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများသည် ပိုမိုနက်ရှိုင်း လာကာ မိစ္ဆာနတ်ဘုရားအတုအယောင်အဆင့်ရှိသည့်ရှီမင်ပင် ဖိအားကိုခံစားလိုက်ရသည်။
"သခင်... မျှော်စင်ပွင့်ဖို့တစ်ရက်ပဲ လိုတော့တဲ့အတွက်... ကျွန်တော်တို့ အခုချက်ချင်း မြို့ထဲကို သွားရပါမယ်..."
"ဒီတစ်ခေါက်မှာ မိစ္ဆာအရှင်သခင် အဆင့်ရှိသူ တစ်သိန်းကျော်လောက် မျှော်စင်ထဲ ဝင်ကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်... ကျွန်တော်တို့နောက်ကျသွားရင် အခွင့်အရေးတွေ ဆုံးရှုံးကုန်ပါလိမ့်မယ်..."
ရှီမင်သည် ကျုံးရှန်၏ရှေ့တွင်ဒူးထောက်ကာ ရိုသေစွာ လျှောက်တင်လိုက်သည်။
ကျုံးရှန်၏ မျက်နှာသည် ထိုစကားများကြားသော်လည်း တည်ငြိမ်နေကာ မည်သည့် အလောတကြီး ဖြစ်မှုမျှ မရှိပေ။ သူသည် လက်ဝါးကိုဖြန့်လိုက်လျှင် တောက်ပသော နေမင်းသဏ္ဌာန် အလင်းတန်းများ လှည့်ပတ်နေသည့် စေတီတော်တစ်ဆူပေါ်လာသည်။
"ဒီရတနာကို ငါ အနည်းငယ်ထိန်းချုပ်နိုင်ပြီ...."
"နှမြောစရာ ကောင်းတာက အချိန်သိပ်မရလို့ ဒီစေတီရဲ့ စွမ်းအား တစ်ထောင်ပုံ တစ်ပုံတောင် မထုတ်ဖော်နိုင်သေးတာပဲ..."
"ဒါပေမဲ့ ဒီလောက်နဲ့တင်ကိုတော်တော်စွမ်းနေပါပြီ...မဟာနေမင်း ကောင်းကင်မိစ္ဆာစေတီတော်ဖြစ်တဲ့ ဒီစေတီ ရဲ့ အထပ်တိုင်းမှာ မတူညီတဲ့ စွမ်းအားတွေ ရှိနေပြီး ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေကိုတောင် ချုပ်နှောင်ထားလို့ ရတယ်..."
"အခု ငါ့ရဲ့ စွမ်းအားနဲ့ဆိုရင် နတ်ဘုရားအဆင့် မိစ္ဆာတွေကို ချက်ချင်း အထဲကို ဆွဲသွင်းပြီး ပြန်ထွက်မလာနိုင်အောင် လုပ်ပစ်လို့ ရပြီ..."
ကျုံးရှန်၏ အသံသည် အေးဆေးစွာ ထွက်ပေါ်လာသဖြင့် ရှီမင်သည် ပို၍ပင် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"သခင် အခုလို ထူးကဲတဲ့ ရတနာကို ရရှိတာ ဂုဏ်ယူပါတယ်... မျှော်စင်ထဲမှာ သေချာပေါက် အားလုံးကို အနိုင်ယူနိုင်မှာပါ..."
"ကဲ... ထတော့... ဟို မိစ္ဆာမျိုးနွယ် မင်းသမီးလေး ကစောင့်နေရတာကို အတော်လေး စိတ်ပူနေပုံရတယ်..."
ကျုံးရှန်သည် စေတီတော်ကို သိမ်းဆည်းလိုက်ပြီး ရှီမင်ထွက်ခွာရန် အမိန့်ပေးလိုက်၏။
သူတို့သည် ဂရုခ်ကို ခေါ်ဆောင်ကာ မယ်အဆောင်အတွင်းမှ ထွက်လာခဲ့လျှင် ဂေဟာ၏ဝင်ပေါက်တွင် စောင့်နေသည့် လီလီဗီတို့ကို မြင်တွေ့လိုက်ရသည်။
"မင်းသမီးကို စောင့်ခိုင်းမိတာ တောင်းပန်ပါတယ်..."
"ကျွန်တော် ကျင့်စဉ်အချို့ကို ဆင်ခြင်နေမိတာနဲ့ နည်းနည်း စိတ်နှစ်သွားလို့ပါ..."
ရှီမင်သည် လီလီဗီကိုနှုတ်ဆက်လိုက်၏။
လီလီဗီသည်လည်း ရှီမင်ကို မြင်လိုက်သောအခါ စိတ်အေးသွားလေသည်။
"ရပါတယ်... အစ်ကိုရှီမင် ... အခု ကောင်းကင်ထောက်တိုင်ဆီ သွားကြရအောင်... မျှော်စင်က ဆင်းသက်လာပြီဆိုတော့ တံခါးပွင့်တာနဲ့ လီလီတို့ချက်ချင်း ဝင်ကြမယ်လေ..."
လီလီဗီသည် မည်သည့် မကျေနပ်မှုကိုမျှ ဖော်ပြခြင်း မရှိပေ။
အခြားသော ငရဲမိစ္ဆာအရှင်သခင်များမှာမူ စိတ်ထဲ၌ အလွန် မကျေမနပ် ဖြစ်နေကြသော်လည်း ရှီမင် ပြသခဲ့သော ချမ်းသာကြွယ်ဝမှုကြောင့် ဝင်ပြောရဲခြင်းမရှိ ဖြစ်နေကြသည်။ ငရဲဘုံ၌ အားနည်းသူသည် အားကြီးသူ၏ အစာဖြစ်ရာ ချမ်းသာကြွယ်ဝခြင်းသည်လည်း အစွမ်းထက်ခြင်း တစ်မျိုးပင် ဖြစ်သည်။
"ကောင်းပြီ... အရင်ဆုံး ဂရုခ်အတွက်နေစရာစီစဥ်ပေးလိုက်ဦးမယ်..."
ရှီမင်သည် သံသရာဧည့်ဂေဟာ၏ အလုပ်သမားလေးကို ခေါ်လိုက်သည်။ ရှီမင်ဆီမှ အထွတ်အထိပ်အဆင့် နတ်ဘုရားမိစ္ဆာကျောက်တုံးအမြောက်အမြား ရရှိထားသဖြင့် ထိုအလုပ်သမားလေးသည် အလွန်ပင် ပျာပျာသလဲ ရှိနေ၏။
"အရှင်... ဘာများ ခိုင်းစရာ ရှိပါသလဲ..."
မင်ယွီသည် ဂရုခ်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
"ဈေးအသက်သာဆုံး အခန်းတစ်ခု ဖွင့်ပေးထားပါ... ဒီသစ်ပင်မိစ္ဆာလေးကို သေချာ ဂရုစိုက်ပေးထားဖို့ လိုတယ်..."
"သူ့ကို မိစ္ဆာမြေအဆီအနှစ်တွေနဲ့ မိစ္ဆာဆေးရည်တွေကို မှန်မှန်ကျွေးပေးပါ.... အကယ်၍ ဒီသစ်ပင်မိစ္ဆာလေး ကြီးလာလို့ အခန်းနဲ့ မဆံ့တော့ရင် မင်း အဆင်ပြေသလို စီစဉ်လိုက်..."
"ငါ ပြန်လာတဲ့အထိ သူ့ကိုသေချာ ဂရုစိုက် ပေးထားမယ်ဆိုရင်... မင်းမျှော်လင့်ထားတာထက်ပိုတဲ့ဆုလာဘ်တွေရစေရမယ်"
ရှီမင်သည် ကျုံးရှန် မှာကြားထားသည့်အတိုင်း အလုပ်သမားလေးကိုပြောကြားလိုက်ပြီးနောက် သိုလှောင်အိတ် တစ်အိတ်ကို ပစ်ပေးလိုက်၏။
အလုပ်သမားလေးသည် သိုလှောင်အိတ်ကိုဖမ်းယူလိုက်ပြီး စစ်ဆေးကြည့်သောအခါ အတွင်း၌ အဆင့်မြင့် မိစ္ဆာကျောက်တုံး ရာနှင့်ချီ ရှိနေသဖြင့် အလွန်ပင် ဝမ်းသာသွားလေသည်။
သို့သော်လည်း ဂရုခ်မှာမူ ဝမ်းနည်းနေပုံ ရ၏။
"ခင်ဗျားတို့ ဂရုခ်ကို မလိုချင်တော့ဘူးလား..."
သစ်ပင်မိစ္ဆာလေးက ဝမ်းနည်းစွာ ပြောလာသည်။ ရှီမင်သည် သူ၏ သစ်ကိုင်းလေးကို ကိုင်ကာ နှစ်သိမ့်လိုက်၏။
"ဘယ်လိုဖြစ်နိုင်မှာလဲ... မျှော်စင်က ပြန်လာတာနဲ့ မင်းကို လာခေါ်မှာပါ..."
ထိုသို့ပြောပြီးနောက်တွင် ဂရုခ်၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော အကြည့်များကို ကျောခိုင်းလိုက်ကာ လီလီဗီတို့နှင့်အတူ သံသရာဧည့်ဂေဟာမှထွက်ခွာလာခဲ့လိုက်သည်။
အချိန်သည် အလွန် တန်ဖိုးရှိလှသလို မျှော်စင်အတွင်းသို့ ဝင်ရောက်မည့် အစီအစဉ်သည်လည်း အလွန် အရေးကြီးလှသည်။ အကယ်၍ နောက်ဆုံးမှ ဝင်ရပါက ပထမအထပ်ရှိ အရင်းအမြစ်များကို ရှာဖွေရာတွင် နောက်ကျသွားနိုင်ချေ ရှိ၏။
လီလီဗီဦးဆောင်သည့် ကျုံးရှန်တို့အဖွဲ့သည် ကိုးထပ်မြောက် ကုန်းမြေတိုက်၏ အလယ်ဗဟိုရှိ ကောင်းကင်ထောက်တိုင်သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် မြေပြင်နှင့် ကောင်းကင်ကို တစ်သားတည်း ဖြစ်အောင် ဆက်သွယ်ထားသော ဧရာမ ကောင်းကင်တက်လှမ်းမျှော်စင်ကြီးကို မြင်လိုက်ရကာ အလွန်ပင် အံ့အားသင့်သွားကြလေတော့သည်။